*သရဲနှင့် အတူနေသူ*

  *သရဲနှင့် အတူနေသူ* ************************************ အချိန်က ညရှစ်နာရီကျော်ပြီ။ ရွာအစွန်မကျတကျ အိမ်တစ်လုံးအတွင်းမှာ ညစာအတွက် ထမင်းပွဲ ပ... thumbnail 1 summary

 *သရဲနှင့် အတူနေသူ*

📖📖📖

************************************

အချိန်က ညရှစ်နာရီကျော်ပြီ။ ရွာအစွန်မကျတကျ
အိမ်တစ်လုံးအတွင်းမှာ ညစာအတွက် ထမင်းပွဲ
ပြင်နေသည်။

"ကဲ …အားလုံး ခူးပြီးပြီ ။ လက်ဆေး…စားလို့ရပြီ။
ဒါက ငါးခူကြော် …ဒါက ငါးပိထောင်း…သရက်သီးနဲ့
ကြော်ထားတာ …ဒါက ငါးပိလိမ္မာချက်၊ တို့စရာ
ကတော့ မြင်တဲ့အတိုင်းပဲ ဘူးရွက်ပြုတ်။
ရှင် ထမင်းစားမြိန်မှာပါ"

ဒေါ်မြင့် …ပါးစပ်က အမျှင်မပြတ်ပြောပြီး
ထမင်းပွဲရှေ့ရောက် ပြင်ဆင်ပေးနေသည်။

ခင်ပွန်းဖြစ်သူ ဦးမိုးထွေးက စကားနည်းလှသည်။
သူ့အတွက် ပြင်ဆင်ပေးသောနေရာမှာ ဝင်ထိုင်ရင်း
ထမင်းကို မြိန်ယှက်စွာ စားနေသည်။

"ဒီနေ့အချိန်မရလို့ အရည်သောက်ဟင်း
မချက်လိုက်ရဘူး။ ဓါတ်ဘူးထဲမှာ ရေနွေးကျိုပြီး
ထည့်ထားတယ်။ ဟင်းရည်သောက် အစား
ရေနွေးသာ သောက်ပေတော့ "

ဦးမိုးထွေးကတော့ ဘာမှပြန်မပြော ထမင်းသာ
ခေါင်းငုံ့စားနေသည်။

"ထမင်းယူမယ်ဆို…ပြော"

ဒေါ်မြင့်ပါးစပ်ကပြော၊ စားလည်းစား၊ လင်ဖြစ်သူအား
ဟင်းခပ်ထည့်ပေးလိုက် ဆက်တိုက်လှုပ်ရှားနေသည်။

"ဟင်…ကိုထွေး…ထမင်းတစ်ပန်းကန်တည်းလား
ထပ်မထည့်တော့ဘူးလား"

ဦးမိုးထွေးက ထမင်းကို လက်စသတ်လိုက်ပြီး
စားထားသော ပန်းကန်ကို လှမ်းပေးလိုက်သည်။

"ကဲ …ဝပြီဆိုရင်လည်း ရေနွေးကြမ်းထည့်သောက်။
ရှင် အိမ်ရှေ့သွားချင်သွား ကျုပ်စားလက်စ
ဆက်စားလိုက်ဦးမယ် သိမ်းဆည်းပြီးမှ လာခဲ့မယ်"

ဦးမိုးထွေးလည်း အိမ်ရှေ့သို့ ဖန်ခွက်နှင့် ရေနွေး
ဓါတ်ဘူးယူကာ ထွက်သွားသည်။ ဒေါ်မြင့် ထမင်းစားရင်း
ကျန်ခဲ့သည်။ ဒေါ်မြင့်က အမြဲနှစ်ပန်းကန်ခန့်
စားသူ ဖြစ်သည်။ ဦးမိုးထွေးကတော့ တစ်ပန်းကန်
သာလျှင် အမြဲစားသည်။ ထမင်းပန်းကန်ထဲ
များများထည့်ပေးလျှင်လည်း အကုန်စားသည်။
နည်းနည်းထည့်ပေးလျှင်လည်း နည်းနည်းပဲစားသည်။

ဟိုယခင်က ယခုကဲ့သို့မဟုတ်၊ ဦးမိုးထွေး
စကားပြောသည်။ အပျော်အပါး အသောက်အစား
လည်းရသည်။ သူ၏အလုပ်က အဝေးပြေး
ကုန်တင်ကားမောင်းသော အလုပ်ကို
လုပ်ကိုင်နေသူ ဖြစ်သည်။ သို့ကြောင့်
အသောက်အစားလည်း ရှိသလို အပျော်အပါး
လည်း ရှိသည်။ ယခုတော့ အခြေအနေက
ပြောင်းသွားပြီ ဖြစ်သည်။

ယခင်ကကဲ့သို့ ကုန်တင်ကားကိုလည်း
မမောင်းတော့ အိမ်မှာပဲ အမြဲနေသည်။
ဇနီးဖြစ်သူက အိမ်ရှေ့မှာ ကုန်စုံဆိုင်လေး
ဖွင့်ထားသည်။ ထိုဝင်ငွေဖြင့် လင်မယားနှစ်ယောက်
တင့်တင့်တယ်တယ် အေးအေးလူလူ
နေထိုင်စားသောက်နိုင်သည်။

သူတို့ အိမ်က ရွာအစွန် မကျတကျပေမယ့်
အိမ်ခြေက သိပ်မကျဲလှ အရောင်းအဝယ်
အိမ်ဖြစ်သဖြင့် လူဝင်လူထွက် အမြဲရှိသည်။
အိမ်နှင့် စျေးဆိုင်က ဆယ်ပေခန့်ကွာသည်။
ဒေါ်မြင့်စျေးရောင်းနေပေမယ့် မိတ်ဆွေမထား။
ရွာသူရွာသားတို့နှင့် ရင်းရင်းနှီးနှီး နေလေ့မရှိ။
အိမ်လည်လာရန် မည်သူ့ကိုမျှ ခေါ်လေ့မရှိ။

စျေးဝယ်လာသူများက ဆိုင်မှာပင် ကိစ္စပြီးပြတ်သဖြင့်
ဝယ်ပြီး ပြန်ကြသည်သာ ဖြစ်သည်။ ဒေါ်မြင့်၏
အိမ်က သုံးပင်နှစ်ခန့် ပျဉ်ကာ၊ သွပ်မိုး၊ ပြတင်းပေါက်ကို
မှန်ဖြင့် ပြုလုပ်ထားသည်။ ခြံအတွင်းမှာလည်း
အရောင်းအဝယ်ပါး၍ အားသည့်အချိန်
ရာသီပင်များ စိုက်ပျိုးထားသည်။

ဘူးသီးပင်၊ ပဲပုဇွန်၊ ပဲတောင့်ရှည်ပင် များကို
စင်ထိုးပြီး တင်ထားသည်။ ရုံးပတီသီးပင်များကို
မြောင်းဖော်ပြီး စိုက်ပျိုးထားသဖြင့် ရာသီစာ
အသီးအနှံကို ခြံထဲမှာပင် ခူးဆွတ်စားသုံးနိုင်သည်။
ဘူးညွှန့်၊ ပဲညွှန့် တို့ကိုလည်း ပိုလျှံ၍ ဆိုင်မှာ
တင်ပြီး ရောင်းရသည်။

ခင်ပွန်းဖြစ်သူက ဇနီးဘာချက်ချက် ဘာမှ ချိုသည်၊
ခါးသည် မပြော။ အိမ်ထဲကနေ အိမ်ပြင်လည်းမထွက်။
ခြံကိစ္စ၊ စျေးရောင်းကိစ္စ သူဘာမှ ဝင်မလုပ်၊
ထမင်းစားချိန်ရောက်မှသာ လက်ဆေးပြီး
ဝင်စားသည်။

"ကဲ …ကိုထွေး စျေးဆိုင်ကို နားစွင့်ထားဦး၊
ကျုပ် ညစာအတွက် ခြံထဲမှာ ဟင်းသီးဟင်းရွက်
ဆင်းခူးလိုက်ဦးမယ် ၊ လူလာရင် အချက်ပေးလိုက်"

ဒေါ်မြင့်က ပြောပြောဆိုဆို ခြံထဲဆင်းသွားသည်
ထိုအချိန်ထိ စျေးဝယ်သူတစ်ယောက်မှ ရောက်မလာ၊
ဒေါ်မြင့် ပဲပုဇွန်အနည်းငယ်နှင့် ဘူးညွှန့် အနည်းငယ်
ခူးပြီး ပြန်လာခဲ့သည်။ ထမင်းက ချက်စရာမလို၊
မနက်ကတည်းက ချက်ထားသော ထမင်းညစာ
အတွက် ကျန်သေးသည်။

မနက်က ချက်စားသော ဝက်သားဟင်းက
ကိုထွေးတစ်ယောက်စာသာ ကျန်တော့သဖြင့်
သူ့အတွက် ပဲပုဇွန်သီးကြော်စားမည်။
ဘူးညွှန့်နှင့် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းထည့်ပြီး
အရည်သောက်တစ်ခွက် ချက်မည်ဖြစ်သည်။

သူတို့ရွာမှ လျှပ်စစ်မီး ရရှိခဲ့သည်မှာ
သုံးနှစ်ခန့် ရှိပြီ။ သို့ကြောင့် ထမင်းဟင်းချက်ရာမှာ
လျှပ်စစ်မီးကိုသာ အသုံးပြုကြသည်။

ပဲသီးကြော်ပြီးသည်နှင့် ဘူးညွှန့်အရည်သောက်ဟင်းအိုး
တည်ထားပြီး ဆိုင်ထဲပြန်ဝင်လာပြီး မီးဖိုကိစ္စ
လက်စဖြတ်လိုက်သည်။ မီးဖိုကိစ္စလည်းပြီးပြီ။
ချစ်လင် ကိုထွေးအတွက် ရေနွေးတစ်အိုးတည်ပြီး
ဓါတ်ဘူးအတွင်း ထည့်ပေးလိုက်သော ဆိုင်ထိုင်ရန်
ထွက်လာခဲ့သည်။

ဆိုင်မှာ စထိုင်ဖြစ်တော့ သုံးနာရီခွဲကျော်ပြီ။
ထိုအချိန်နောက်ပိုင်း ထမင်းဟင်းချက်ပြုတ်ချိန်
ရောက်လာသဖြင့် စျေးဝယ်သူများ တစ်ယောက်စ
နှစ်ယောက်စ ရောက်လာကြတော့သည်။
ညရှစ်နာရီရောက်သည်နှင့် ဆိုင်သိမ်းပြီး
အိမ်ထဲပြန်ဝင်လာခဲ့သည်။

"ကိုထွေး ထမင်းဆာပြီလား၊ ခဏနေရင်
စားရတော့မယ် ပန်းကန်တွေ ဆေးလိုက်ဦးမယ်။
ပျင်းရင် မီးဖိုခန်းထဲ လာခဲ့လေ…ထမင်းစားခုံမှာ
ထိုင်နေပေါ့။ ထမင်းထည့်ပြီးရင် တစ်ခါတည်း
ဝင်စားလိုက်၊ လာမယ်ဆိုရင် ဓါတ်ဘူးနဲ့
ရေနွေးပန်းကန်ယူခဲ့၊ ခဏနေဦးနော်
ဟင်းချိုရေဆူအောင် ပြန်တည်လိုက်ဦးမယ်၊
ဘူးညွန့်နုနုလေးတွေ နူးတာနဲ့ စားလို့ရပြီ"

ဒေါ်မြင့် ထမင်းခူးပြီး ဦးမိုးထွေးကိုပန်းကန်
လှမ်းပေးလိုက်သည်။ တစ်ပန်းကန်ပြီး
တစ်ပန်းကန် လှမ်းပေးနေသည်။
ထိုအချိန် ရွာထဲမှ ဒေါ်မြင့်မိတ်ဆွေ ဒေါ်တင်စိန်
အိမ်ထဲကို ဝင်လာသည်။ လွန်ခဲ့သော
နှစ်ရက်က ကုန်ခြောက်အကြွေးဝယ်ထားသည်။

ဒီနေ့ ဆိုင်မပိတ်ခင် ပိုက်ဆံပေးမည်ဟု
ကတိထားပြီး ယူသွားခြင်းဖြစ်သည်။
အပြင်မှပြန်ရောက်ချိန် နောက်ကျသဖြင့်
ဆိုင်သိမ်းချိန် မမှီလိုက်။ သို့ကြောင့်
ကတိမပျက်ချင်သဖြင့် အိမ်ထဲဝင်ပေးမည်ဟု
အကြံရပြီး ခြံတံခါးဖွင့်ကာ အထဲဝင်လိုက်သည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီး ဒေါ်မြင့်အား
အသံပြုပြီးခေါ်လိုက်မည်ဟု ပြင်လိုက်စဉ်
အိမ်ထဲမှ စကားသံကြား၍ အသံမပြုတော့ဘဲ
ခြေဖွပြီး ဝင်လာခဲ့သည်။ ဒေါ်မြင့်အိမ်
မီးဖိုက အိမ်ဘေးဆောင်ကပ်ဖြစ်သည်။
မှန်ပြတင်း မမှီတမှီကို ခြေဖျားတောက်ပြီး
ကြည့်လိုက်မိသည်။

"ဟင် …ဘယ်လိုပါလိမ့်"

အတွင်းက အသံကို နားစွင့်ပြီး အကဲခတ်လိုက်သည်။

"အင့် ဒီမှာ ဟင်းပန်ကန်ကမ်းယူပါဦး"

ဒေါ်မြင့်က ဟင်းပန်းကန်ကို ကမ်းပေးလိုက်သည်။
ဦးမိုးထွေးက ဟင်းပန်းကန်ကို လှမ်းယူပြီး ခုံပေါ်
ညင်သာစွာ ချထားလိုက်သည်။

"ဟင်…ဘယ်လိုပါလိမ့်"

"ကဲ…စားလို့ရပြီ "

ဒေါ်မြင့်လည်း စားပွဲမှာ ဝင်ထိုင်လိုက်သည်။
ဟင်းပန်းကန်ထဲမှ ဟင်းဇွန်းခပ်ပြီး လင်ဖြစ်သူ
ပန်းကန်အတွင်း ဦးချပေးလိုက်သည်။

"လက်မဆေးချင်ဘူးလား၊ မဆေးချင်လည်း
ဇွန်းနဲ့ ခပ်စား ဇွန်းတစ်ချောင်း ယူပေးမယ်"

ဒေါ်မြင့်က နောက်ဘက်သို့လှည့်၍ ဇွန်းတစ်ချောင်းကို
လှမ်းယူလိုက်ပြီး ရှေ့သို့ ကမ်းပေးလိုက်သည်။
ဦးမိုးထွေးက ဇွန်းကို လှမ်းယူလိုက်ပြီး ထမင်းကို
ခပ်စားသည်။ ဟင်းပန်းကန်ထဲမှာ ရှိသော
ဇွန်းနှင့် ဟင်းခပ်ယူလိုက်၊ ထမင်းပန်းကန်ထဲက
ဇွန်းနှင့် ထမင်းကို ခပ်ယူလိုက် မှန်မှန်စားနေသည်။

ဒေါ်တင်စိန် မိမိမျက်လုံးကို ပွတ်ကြည့်လိုက်သည်။

အမြင်မှားနေသည်မဟုတ်၊ ဒေါ်မြင့်ရှေ့မှာ မြင်နေရသော
မြင်ကွင်းက ဒေါ်တင်စိန်အတွက် အထူးအဆန်းဖြစ်နေသည်

"ဘယ်လိုလဲ…မမြင်ရှေ့မှာ ဘယ်သူမှမရှိဘဲ
ဘယ်က ဘယ်လိုဇွန်းတွေ မြောက်မြောက်လာနေရတာလဲ။
ဟော ဓါတ်ဘူးထဲက ရေနွေးကို လူမတွေ့ရဘဲ
ငှဲ့နေတယ် …ဟင်…ဟို…လူမတွေ့ရဘဲ သောက်နေပြီ…"

ဒေါ်မြင့်အိမ်မှ …ဒေါ်တင်စိန်လည်း ခြေဖွနင်းပြီး
နောက်ကြောင်း ပြန်လှည့်ခဲ့သည်။ ဒေါ်မြင့်တို့
ကတော့ ထမင်းစားကောင်းတုန်းရှိသေးသည်။

XXXXX

ဒေါ်မြင့်တွင် လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က
ယောင်္ကျားဖြစ်သူ ဦးမိုးထွေးတစ်ယောက် ဒရိုင်ဘာ
အလုပ်နှင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။
အဝေးပြေးယာဉ်မောင်း ဖြစ်သဖြင့် တစ်ခေါက်ထွက်လျှင်
အနည်းဆုံး ငါးရက်ခန့်ကြာသည်။ နယ်စပ်ဘက်သို့
ထွက်လျှင် ဆယ်ရက် ဆယ့်ငါးရက်ခန့်ကြတတ်သည်။

တစ်ခေါက်ထွက်ပြီး ပြန်လာလျှင် အိမ်မှာ
နှစ်ရက်သုံးရက်နေရသည်။ ကုန်ကားပိုင်ရှင်လည်း
ကုန်အဆင့်ဆင့်ရှာထားသည်။ ထိုအခါ ကုန်ကို
ကားပေါ်တင်ပြီးသည်နှင့် ပြန်ထွက်ရသည်။
ကားတခေါက် ပြန်လာသည့်အခါ ဒေါ်မြင့်အတွက်
စျေးဖိုးလောက်ငအောင် ပေးခဲ့သည်။

ဒေါ်မြင့်က ထိုပိုက်ဆံကို အိမ်စျေးဆိုင်မှာ ထည့်ရင်းပြီး
သူက ခြံထွက်အသီးအနှံများဖြင့်သာ ချက်ပြုတ်
စားသောက်ခဲ့သည်။ သူတို့က ငယ်လင်မယား
အိမ်ထောင်သက် ငါးနှစ်ကျော်ခဲ့ပေမယ့်
သားသမီးမထွန်းကားခဲ့။ သို့ဖြင့် သူတို့၏
အိမ်ထောင်သက် (၆)နှစ်အရောက်မှာ
သာယာသော အိမ်ထောင်ရေးကို မုန်တိုင်း
တစ်ခု ဝင်ရောက်လာ တိုက်ခတ်ခဲ့သည်။

အကြောင်းကတော့ သူကားမောင်းသွားရသည့်
ခရီးမှာ လမ်းကြုံလိုက်နေသော အမျိုးသမီးတစ်ယောက်နှင့်
ကိုမိုးထွေးတို့ ငြိစွန်းခဲ့သည်။ ထိုအမျိုးသမီးနှင့်
ခရီးလမ်းတစ်လျှောက် သွားအတူ လာအတူ
နေအတူ ဖြစ်လာခဲ့သည်။ ထိုကဲ့သို့ သွားလာ
နေထိုင်ကြသည့်အကြောင်းကို ကားမောင်းသမား
အသိမိတ်ဆွေများ၏ ဇနီးမယားတို့က
တဆင့် မမြင့်နားမှာ မကြာခဏ ကြားလာရသည်။

တစ်ကြိမ်မဟုတ် မကြာခဏ ကြားရဖန်များလာသဖြင့်
ယောင်္ကျားဖြစ်သူ ပြန်လာတိုင်း ကားမောင်းအလုပ်ကို
စွန့်လွှတ်ပြီး အိမ်မှာပင် အိမ်ဆိုင်လေးတိုးချဲ့၍
လင်မယားနှစ်ယောက် စျေးရောင်းစားရန်
ဖျောင်းဖျပြောဆိုခဲ့သည်။ ကိုမိုးထွေးက
ဇနီးသည် စကားကို နားမထောင်ခဲ့၊ ထိုအချိန်က
ကိုမိုးထွေး၏အသက် (၃၅)နှစ် မမြင့်အသက်(၃၃)နှစ်
သာ ရှိသေးသည်။

မမြင့်က ကားမောင်းအလုပ်ကို စွန့်လွှတ်ရန်
ငိုယိုတောင်းပန်ပြောဆိုခဲ့သော်လည်း အကြောင်း
ထူးမလာဘဲ အခြေအနေက ပိုတင်းမာလာသည်။

"မင်း စိတ်ဆင်းရဲလည်း ခံမနေပါနဲ့တော့ကွာ၊
ကျုပ်ကိုသာ ကွာရှင်းလက်မှတ်ထိုးပေးပါ

"မဖြစ်ဘူး ရှင်နဲ့ ကျုပ် ဒီလောက်ပေါင်းသင်းလာပြီးမှ
ရှင်အပေါ် ကျုပ်…ဘာမှမကောင်းတာ မလုပ်ဘူး၊
ကွယ်ရာမှာလည်း မဖောက်ပြားဘူး ၊ လက်မှတ်လည်း
မထိုးပေးနိုင်ဘူး"

"မင်းပြောခဲ့သလိုပဲ ၊ ဒီလောက် မင်းနဲ့ ပေါင်းသင်းတာ
ကြာခဲ့ပေမယ့် ငါ့အတွက် သားသမီးတစ်ယောက်တောင်
မမွေးပေးနိုင်ဘူး"

"ဒါကတော့ ရှင်ချို့ယွင်းချက်လား၊ ကျမချို့ယွင်းချက်လား
ဘယ်သူသိနိုင်မလဲ"

"အိုကွာ …ငါမင်းကို မပေါင်းနိုင်တော့ဘူး၊
နောက်တစ်ခေါက် ပြန်လာရင် အဖြူအမည်း
သဲသဲကွဲကွဲ သိချင်တယ် "

"ရှင်ဘက်က ဒီလောက် ခါးခါးသီးသီးဖြစ်နေမှာတော့
ရှင့်ကို ဆက်ပေါင်းနေလည်း အိမ်ထောင်ရေး
အဆင်ပြေမှ မဟုတ်ဘူး။ တစ်လလောက်တော့
အချိန်ပေးပါ ၊ ကျုပ်…စိတ်အေးလက်အေး
စဉ်းစားပါရစေ"

ကိုမိုးထွေးလည်း အိမ်မှာ တစ်ညအိပ်ပြီး
ကားပြန်ထွက်သွားသည်။ ထို့နောက်
တစ်လနီးပါးကြာသည်နှင့် ကိုမိုးထွေး
ပြန်ရောက်လာသည်။ ကိုမိုးထွေး ရောက်လာသည်နှင့်
အိမ်မှာ စားကောင်းသောက်ကောင်းဖွယ်များ
စီစဉ်ပေးထားသည်။

သူနှင့် လမ်းခွဲမည်ဟူ၍ ဆုံးဖြတ်ပြီးပါက
ကျေနပ်စွာ လက်မှတ်ထိုးပေးမည်ဟု
ပြောဆို အယုံသွင်းထားသည်။

အပြုံးမပျက်ဘဲ ဧည့်ခံကျွေးမွေးသည်။
ပြီးခဲ့သောအခေါက်က စကားများ
ရန်ဖြစ်ခဲ့သည်ကို ဘာမှမဖြစ်ခဲ့သလို
ပြောဆိုဆက်ဆံခဲ့သည်။ သူ့ နောက်ဆုံး
နှုတ်ဆက်သည့် အနေနှင့် ကျွေးမွေးတာပါ။
သူစိတ်ချမ်းသာအောင် အားရပါးရ စားပါဟူ၍
ပြောဆိုထားသဖြင့် ကိုမိုးထွေးလည်း
ဇနီးဖြစ်သူအပေါ် အထင်မှား အမြင်မှား
မရှိဘဲ ကျွေးသမျှ စားပြီးနေခဲ့သည်။

ဒုတိယညအတွက် ညစာအား ကိုမိုးထွေး
ကြိုက်သော ဝက်သားကို မနက်ကတည်းက
မှာပြီး အကောင်းဆုံး ချက်ထားသည်။
နောက်ရက်ရောက်လျှင် ဒေါ်မြင့်လက်မှတ်
ထိုးပေးမည်ဟု ကတိပေးထားသည်။

ဝက်သားဟင်းက မနက်စာ ညစာအတွက်
လုံလုံလောက်လောက် ချက်ထားသဖြင့်
ကိုမိုးထွေးအတွက်တော့ အကြိုက်ဖြစ်နေသည်။
ညစာစားသောအခါ ဝက်သားဟင်းကို
တစ်နေ့လုံးနှပ်ထားသဖြင့် နူးအိသည့်အတွက်
ကိုမိုးထွေးလည်း တခြား ဟင်းခွက်ကို
မနှိုက်တော့ဘဲ၊ ဝက်သားဟင်းကိုသာ
ဆက်တိုက်နှိုက်စားနေသည်။

ဟင်းပန်းကန်တစ်ဝက်အရောက်မှာ
ကိုမိုးထွေး ခေါင်းငိုက်စိုက်ကျသွားတော့သည်။
ထိုအချိန်မှစ၍ ကိုမိုးထွေးတစ်ယောက်
လူ့လောကထဲမှာရော၊ မမြင့်ထံပါးကပါ
ထာဝရထွက်ခွါသွားရပြီဖြစ်သည်။

မမြင့်က အသက်ကင်းမဲ့နေသော
ကိုမိုးထွေးကို ရှေ့မှာထား၍ ထမင်းကို
အစားအသောက်မပျက် ဆက်၍ စားနေသည်။

"ကဲ…ကျုပ်အနားက ရှင်ဘယ်မှာသွားလို့မရတော့ဘူး
မဟုတ်လား။ နောက်ကို ဟိုကောင်မဆီ သွားမယ်
ဆိုတဲ့စကား ပြောလို့လည်း မရတော့ဘူး။
ကဲ…အခုအချိန်ကစပြီး ကျမအနားမှာပဲနေတော့။
ရှင်စားချင်တာ ကျုပ် အကုန်ချက်ကျွေးမယ်။
ရှင် ဘာမှ လုပ်စရာမလိုတော့ဘူး "

မမြင့်က ပြောရင်း ထမင်းကို ပြီးသည်အထိ
စားနေသည်။ ထမင်းစားပြီးသည်နှင့် စားသောက်ပြီးသော
ပန်းကန်များကို သိမ်းဆည်းနေသည်။
ဝက်သားလက်ကျန်များကို အိုးအတွင်းပြန်၍
ထည့်လိုက်သည်။ နောက်နေ့မှ ကျင်းတူးပြီး
မြေမြှုပ်ပစ်ရန် စိတ်ကူးကာ ပြန်သိမ်း
ထားလိုက်ခြင်းဖြစ်သည်။

အားလုံး သိမ်းဆည်းပြီးသည်နှင့် အသက်ကင်းမဲ့နေသော
ကိုမိုးထွေး၏ခန္ဓာကိုယ်အား လက်နှစ်ဖက်ကိုဆွဲ၍
အိမ်အနောက်ဘက် သစ်ပင်ကြီးအောက်သို့
တဖြည်းဖြည်း ဆွဲယူသွားသည်။

လွန်ခဲ့သော သုံးရက်မတိုင်ခင် ကိုမိုးထွေး
ပြန်လာမည့်ရက်ကို မှန်း၍ အိမ်အနောက်ဘက်
သစ်ပင်ခြေရင်းမှာ အနက်လေးပေ၊ အရှည်
ခြောက်ပေရှိ ကျင်းတစ်ကျင်းကို ကြိုတင်၍
ဒေါ်မြင့် တူးထားခဲ့သည်။

ကျင်းအပေါ်မှာ သစ်ကိုင်းများ ဖုံးအုပ်ထားသည်။
ခြံနောက်ဘက်သို့ မမြင့်တစ်ယောက်မှလွဲ၍
မည်သူလော။ ကိုမိုးထွေးလည်း အိမ်သာတက်သည်မှ
လွဲ၍ ခြံအတွင်း မမြင့် မည့်သည်အပင်များ
စိုက်ထားသနည်းဟူ၍ လိုက်၍မကြည့်ဘူး
ခြံအတွင်း တစ်ခေါက်မှ လမ်းမလျှောက်ဘူး။

ကျင်းနားသို့ အသက်ကင်းမဲ့နေသော
အလောင်းရောက်သည့်နှင့် သစ်ကိုင်းများကို
ဖယ်လိုက်ပြီး ကိုမိုးထွေးကို မြှုပ်ထားလိုက်သည်။

"ကဲ…ရှင် ကျုပ်နဲ့ပဲ နေတော့ ဘယ်မှမသွားရဘူး
ရှင်စားချိန် ရောက်ရင် ကျုပ်ကျွေးမယ်"

ထိုသို့ ပြောဆိုပြီး မြေဖို့ကာ သစ်ကိုင်းများကို
ဖုံးအုပ်၍ အိမ်သို့ ပြန်လာခဲ့သည်။
ရက်တွေ ကြာလာခဲ့သည် ။ ကိုမိုးထွေး
ကားထွက်သွားလျှင် ရက်ကြာတတ်ပြီး
ပြန်လာလျှင်လည်း အိမ်မှာ နှစ်ညသုံးညခန့်သာ
နေတတ်သဖြင့် မည်သူကမှ ဂရုတစိုက်
မရှိကြ။ လမှသည် နှစ်ကြာလာ၍
ရင်းနှီးသူအချို့က မေးလာသောအခါ
ကားမောင်းသည့် အလုပ်ထက် ကောင်းသော
ဝင်ငွေရသည့် မလေးရှားမှာ အလုပ်သွား
လုပ်နေသည်ဟု ပြောသည်။

အခြေအနေကောင်းမှသာ ပြန်လာလိမ့်မည်ဟု
ပြောကာ သတင်းလွှင့်ထားသဖြင့် မည်သူမျှ
စိတ်ဝင်တစား မမေးမြန်းကြတော့။ ကိုမိုးထွေး
သေဆုံးသွားခဲ့သည်မှာ ဆယ်နှစ်နီးပါးရှိခဲ့ပြီ။
မမြင့်မှသည် ဒေါ်မြင့်အဖြစ်သို့ ကူးပြောင်းလာခဲ့သည်။

အချို့က စပ်စုကြသေးသည်။

"ဦးမိုးထွေးတစ်ယောက် မလေးရှားမှာ အလုပ်သွားလ
လုပ်နေတာ အတော်ကြာပြီနော် ပြန်မလာသေးဘူးလား"

"ဟိုမှာပဲ အိမ်ထောင်ကျနေပြီလား မသိဘူး။
သူသွားပြီးကတည်းက တစ်ခါမှ ငွေမပို့ဘူး"

ဟူ၍ မေးသူများကို စကားပြတ်ပြောခဲ့သည်။
ထိုအချိန်က ယောင်္ကျားအတော်များများ
ထိုင်း၊ မလေးရှား၊ စင်္ကာပူတိုင်းပြည်များသို့
ထွက်ပြီး အလုပ်လုပ်ကိုင်နေကြသော
အချိန်ဖြစ်၍ မည်သူမှ စပ်စပ်စုစုမရှိကြ။

ဒါပေမဲ့ ဒေါ်မြင့်အတွက်ကတော့ အထီးကျန်မဟုတ်ပါ။
ဦးမိုးထွေး၏ ဝိညာဉ်ကတော့ သူခေါ်ထားသည့်
အတိုင်း သူနှင့်အတူ ရှိနေပါသည်။စားချိန်တန်စား
အိပ်ချိန်တန်အိပ်သည်။ အိမ်တွင်းမှ အသေးစား
အကူအညီများ လုပ်ပေးနိုင်သည်။ ဘယ်သူမှ
မမြင်ကြပေမယ့် ဒေါ်မြင့်ကတော့ ဦးမိုးထွေးကို
လူအတိုင်းပင် မြင်နေရသည်။

XXXXXX

ဒေါ်တင်စိန်ဦးဆောင်၍ ဦးမျိုးမြင့်၊ ဦးခင်အောင်တို့
သုံးယောက် ညရှစ်နာရီကျော်သည်နှင့် ဒေါ်မြင့်၏
ခြံအတွင်းသို့ ဝင်နေကြသည်။ ဒေါ်မြင့်ဆိုင်ပိတ်ပြီး
အိမ်ထဲဝင်သွားသည့် အချိန်ကို အပြင်မှာ
စောင့်ကြည့်နေကြပြီး ဒေါ်မြင့် အိမ်ထဲဝင်သွားမှ
ခြံထဲလိုက်ဝင်ခဲ့သည်။

ထိုအချိန်ဆိုလျှင် ဒေါ်မြင့် ထမင်းစားချိန်ဖြစ်သည်။
သူတို့ ပြတင်းပေါက်မှ ချောင်းကြည့်ကြသည်။
ဒေါ်မြင့် ခူးခပ်ပေးနေသည်ကို ဦးမိုးထွေးက
ပန်းကန်များယူပြီး စားပွဲဝိုင်းပေါ် ချပေးနေသည်။

ဒေါ်မြင့်ကိုသာ သူတို့က မြင်ရသည်။
ဒေါ်မြင့်၏လက်မှ လွတ်သွားသော ပန်းကန်က၊
ထမင်းစား စားပွဲပေါ် ရောက်သွားသည်။
တစ်ပန်းကန်ပြီး တစ်ပန်းကန်ရောက်သွားသည်။

"ကိုထွေး ရေနွေးဓါတ်ဘူး မယူခဲ့ဘူးလား
သွား ယူလိုက်ဦး ဖန်ခွက်ပါ ယူခဲ့"

ဓါတ်ဘူးနှင့် ဖန်ခွက်က အိမ်ရှေ့မှနေ၍
ထမင်းစားပွဲရှိရာသို့ လေထဲမှ တရွေ့ရွေ့လာနေသည်ကို
တွေ့လိုက်ကြရသည်။ ဓါတ်ဘူးယူလာသူကို
မတွေ့ကြရ။ ဓါတ်ဘူးနှင့် ဖန်ခွက်က
စားပွဲပေါ်သို့ ညင်သာစွာ ရောက်ရှိလာသည်။

ဓါတ်ဘူးအဖုံးဖွင့်ပြီး ဖန်ခွက်ထဲသို့ ရေနွေးငှဲ့ထည့်ကာ
ထမင်း မစားခင် ရေနွေးတစ်ခွက်အား မော့သောက်
နေသည်ကို လူမမြင်ရဘဲ တွေ့ကြရသည်။
ထို့နောက် ဒေါ်မြင့်က လူမရှိသော သူ့ဘေးက
ထမင်းပန်းကန်ထဲသို့ ဟင်းခပ်ထည့်ပေးနေသည်ကို
တွေ့ရသည်။

"ကဲ…ကိုထွေးစား၊ ဒီနေ့တော့ ငါးခြောက်နဲ့
ပဲသီး ဆီပြန် ရောချက်ထားတယ်။ နောက်နေ့မှ
ရှင်ကြိုက်တဲ့ ဝက်သားဝယ်ချက်ကျွေးမယ်၊
ဒီမှာ ပဲသီးနုနု တို့စရာ၊ အပြုတ်လည်းရှိတယ်၊
ငါးပိရည်စပ်စပ်လေးနဲ့ ရှင်ထမင်းမြိန်မှာပါ"

ဒေါ်မြင့်က ပြောရင်း ဘေးမှာ ပန်းကန်းထဲသို့
ဟင်းများ ခပ်ထည့်ပေးနေသည်။ ထိုပန်းကန်မှာ
လူမရှိဘဲ ထမင်းလက်တစ်ဆုပ်စာ အပေါ်
မြောက်သွားပြီး လေထဲပျောက်သွားသည်။
ကြည့်နေသူတို့အံ့သြနေကြသည်။

"ဒါဆို သူ့ယောင်္ကျား မလေးရှားသွာတာ မဟုတ်ဘူးပေါ့"

"သူသေသွားလို့ သရဲဖြစ်ပြီး သူ့အိမ်မှာ
နေထိုင်စားသောက်နေတာဖြစ်မယ်"

"ကဲ လာ ပြန်ကြမယ်…တို့ကို တွေ့သွားလို့
မဖြစ်ဘူး "

ဒေါ်မြင့်၏ ခြံအတွင်းမှ ဒေါ်တင်စိန်တို့
သုံးယောက် အပြင်သို့ ခြေဖွနင်းရင်း
ပြန်ထွက်လာခဲ့ကြသည်။ဦးမျိုးမြင့်၊
ဦးခင်အောင်၊ ဒေါ်တင်စိန်တို့ ဒေါ်မြင့်၏
ခြံထဲမှာ စကားပြောချင်သော်လည်း
မျိုသိပ်ထားရသည့်အတွက် ခြံပြင်
ရောက်သည်နှင့် မြင်တွေ့ခဲ့သော
အကြောင်းအရာများကို တစ်ယောက်တစ်မျိုး
ဝေဖန်နေကြသည်။

"ဒေါ်မြင့် …သရဲမွေးထားတာပဲ

"သူမို့ မကြောက်မလန့် သရဲတစ်ကောင်နဲ့
နှစ်ရှည်လများ နေနိုင်တယ် "

"သူ့ယောင်္ကျားက ဘယ်အချိန်က သေတာလဲ၊
မလေးရှားမှာသေပြီး ဝိညာဉ်ရောက်လာတာများလား"

ဒေါ်မြင့်အိမ်ကအကြောင်းကို ဒေါ်တင်စိန်ကလည်း
ရွာထဲမှာ ဖောက်သည်ချသည်။ ဒေါ်မြင့် မသိပေမဲ့
ဒေါ်တင်စိန်၊ ဦးမျိုးမြင့်နှင့် ဦးခင်အောင်တို့ကြောင့်
တစ်ရွာလုံး ဦးမိုးထွေး မကျွတ်မလွတ်ဘဲ
သရဲဖြစ်ကာ ဒေါ်မြင့်နှင့်အတူနေကြာင်း
သိကုန်ကြသည်။ အချို့က သွားကြည့်ရန်
တိုင်ပင်ကြသည်။ အချို့ကတော့ ဆိုင်မှာ
စျေးဝယ်ရင်း မသိမသာ အကဲခတ်ကြသည်။

ထို့နောက်ပိုင်းမှစ၍ ဒေါ်မြင့်ဆိုင် အရောင်းအဝယ်
လူစည်းကားလာသည်။ ဒေါ်မြင့်ကလည်း
ခါတိုင်းထက် နှစ်ဆခန့် ရောင်းအားတက်လာသဖြင့်
စိတ်ထဲထူးဆန်းနေသည်။

စျေးလာဝယ်ကြသူများကလည်း စကားမရှိ
စကားရှာပြီး လျှောက်ပြောနေသလို မျက်လုံးများ
ကလည်း ဂနာမငြိမ် တစ်ဆိုင်လုံး မျက်စိ
လျှောက်ကစားနေသည်။ ဆိုင်အတွင်း ကြည့်ရုံ
အားမရသေး။ အိမ်ထဲကိုပါ လှမ်းကြည့်
တတ်ကြသေးသည်။

"ဟင် ဒီလူတွေရဲ့ အကြည့်ကို ငါတယ်သင်္ကာချင်ဘူး၊
အိမ်မှာ ကိုထွေးရှိနေတာကို သိတဲ့လူများ
ရှိနေပြီးလားပဲ"

ထို့နောက်ပိုင်း ပိပိရိရိ နေနိုင်သမျှနေရန် ဆုံးဖြတ်လိုက်
သည်။ ဒါပေမဲ့ ရွာထဲမှာ ထိုသတင်းကို စိတ်ဝင်စားမှုက
လျော့မသွားခဲ့ပါပေ။ တစ်နေ့ တစ်နေ့ ဒေါ်တင်စိန်၏
အိမ်၊ ဦးခင်မောင်၏အိမ်၊ ဦးမျိုးမြင့်တို့၏ အိမ်မှာ
နေ့စဉ် လူစည်ကားလျက်ရှိတော့သည်။

XxXXXX

တစ်ရက် ဦးခင်အောင်မျက်စိက အိမ်ရှေ့မှ
ဖြတ်သွားကြသော လူသုံးယောက်ကို
လှမ်းမြင်လိုက်သည်။ ထိုအခါ အနီးမှာ ထိုင်နေသော
ထွေးညွန့် ဆိုသည့် လူငယ်အား…

"ထွေးညွန့် သူတို့နောက် အမြန်လိုက်စမ်း၊
ဆရာတို့ကို သတင်းတစ်ခုပေးချင်လို့ ဟိုအိမ်ကို
ခဏလောက်လိုက်ခဲ့ပါဆိုပြီး ငါ့အိမ်ကို ခေါ်ခဲ့
…သွား မြန်မြန်"

အသက် ဆယ့်ရှစ်နှစ်ခန့်ရှိသော ထွေးညွန့်လည်း
သွက်လက်စွာ အိမ်ပေါ်ကဆင်းပြီး ဦးခင်အောင်
ခိုင်းသည့်အတိုင်း အမီပြေးလိုက်သည်။

"ဆရာတို့ ဆရာတို့ ခဏေလာက္"

နောက်မှ အသံကြားသဖြင့် လျှောက်နေသော
ခြေလှမ်းတို့ တုံ့ရပ်သွားကာ နောက်သို့
လှမ်းကြည့်လိုက်သည်။

"ဆရာတို့ကို ဟိုအိမ်က ဦးလေးကြီးက
သတင်းတစ်ခု ပေးချင်လို့ အိမ်ကို ခဏလောက်
ဝင်ခဲ့ပါတဲ့ "

သူတို့လည်း လူငယ်ခေါ်ရာ လိုက်ခဲ့သည်။
အိမ်ပေါ်သို့ တက်လာခဲ့သည်။

"ထိုင်ပါ ဆရာတို့ "

"သတင်းပေးစရာရှိတယ်ဆိုလို့ လိုက်ခဲ့တာ
ပြောပါ …ကျတော်က အမှုလိုက်နယ်ထိန်း
ဒုရဲအုပ်ဝင်းကိုပါ "

"ဒီလိုပါဆရာ …ကျတော်တို့ရွာမှာ သရဲနှင့်
အတူတူနေတဲ့ ဒေါ်မြင့်အကြောင်း ပြောချင်လို့ပါ"

"သရဲ …သရဲ…ဘာလဲ …ကျုပ်တို့က
သရဲဖမ်းပေးရမှာလား"

"အဲ့ဒီလိုတော့ မဟုတ်ပါဘူးဆရာ၊ ကျတော်ပြောမယ်
စကားတော့ ခဏလောက်သည်းခံပြီး ဆုံးအောင်
နားထောင်ပေးပါ "

"အင်း…ပြော"

"ဒီအမျိုးသမီးရဲ့ယောင်္ကျားက အရင်ကုန်တင်ကား
ဒရိုင်ဘာပါ။ သူကားမောင်းထွက်သွားရင် ဝေးရင်
ဝေးသလို နီးရင် နီးသလို အိမ်ကို တစ်ပတ်ဆယ်ရက်
ပြန်မလာဘူး။ ကားပြန်ဝင်လာရင် အိမ်မှာ နှစ်ညသုံးည
အိပ်တယ်၊ ပြီးရင် ကားပြန်ထွက်တယ်၊ ဒီလိုနေရာက
သူ့အိမ်ကို သူ့ယောင်္ကျား အဝင်အထွက်
မလုပ်တာ နှစ်နဲ့ချီ ကြာပြီ လူတွေ သတိထားမိလို့
မေးတော့ မလေးရှားမှာ အလုပ်သွားလုပ်နေတယ်တဲ့၊
အဲဒီ့လို ပြောပြီး မလေးရှားသွားတဲ့ ယောင်္ကျားက
ပြန်မလာတော့ဘူး၊ ပစ္စည်းပို့တာ မကြားရဘူး။
ငွေလည်းမပို့ဘူး"

"ခင်ဗျားတို့ မသိတဲ့အချိန် ငွေနဲ့ ပစ္စည်း
ရောက်ချင်ရောက်မှာပေါ့။ တစ်ခေါက်နှစ်ခေါက်လည်း
ပြန်လာချင်ပြန်လာမှာပေါ့"

"အဲဒီလို မဖြစ်နိုင်ပါဘူး၊ သူက စျေးဆိုင်ဖွင့်ထားတာ
လူဝင် လူထွက်ရှိတာ သိနိုင်တာပေါ့။ တစ်အိမ်နဲ့
တစ်အိမ် အဝေးကြီးလည်း မဟုတ်ဘူး။ တစ်ယောက်
မဟုတ်တစ်ယောက် သိနိုင်တယ်ဆရာ"

"အင်း…ခင်ဗျားတို့ သူ့ကို ဘယ်လိုမသင်္ကာဖြစ်လို့လဲ၊
သူနဲ့သရဲ အတူနေတဲ့ အကြောင်း ရှင်းအောင်ပြောပါ"

"လွန်ခဲ့တဲ့ ဆယ်ရက်လောက်က ဒေါ်တင်စိန်
ကြွေးဆပ်မယ်ဆိုပြီး သွားတာ။ ဆိုင်ပိတ်သွားလို့
အိမ်ထဲဝင်လိုက်သွားတယ်၊ ဒေါ်တင်စိန်လည်း
လှမ်းခေါ်မယ်ပြင်တုန်း မီးဖိုထဲမှာ စကားသံ
ကြားလို့ ပြတင်းပေါက်က ချောင်းကြည့်လိုက်တော့မှ
အဖြစ်မှန်ကို သိရတယ်။ သူ့ရှေ့မှာ ထိုင်နေတဲ့
သရဲက ရှိနေတယ်။ ဒေါ်မြင့်က သူ့ယောင်္ကျား
နာမည်ခေါ်ပြီး သူရှေ့မှာ ချထားတဲ့ ပန်းကန်ထဲ
လှမ်းပြီး ဟင်းတွေ ထည့်ပေးတယ်။
ဒေါ်မြင့်ရဲ့ ရှေ့ကလူကို မတွေ့ရဘဲ၊
ဇွန်းနဲ့ ဟင်းတွေ ခပ်နေတယ်။ထမင်းတွေ
နှိုက်စားတယ်၊ဓါတ်ဘူးထဲက ရေနွေးငှဲ့
သောက်တယ်။ တစ်မျိုးပြီး တစ်မျိုး လူမရှိဘဲ
မျက်လှည့်ပြသလို ပစ္စည်းတွေ မြောက်မြောက်
မြင်ရတယ်။ ဒေါ်မြင့်ခြံထဲက ပြန်ထွက်လာပြီး
ကျတော်တို့ကို ပြောပြလို့ နောက်ည၊
သွားချောင်းကြည့်ကြတယ်ဆရာ။
သူ့ယောင်္ကျားရဲ့ နာမည်ကိုခေါ်ပြီး
ထမင်းစားခိုင်းတယ်၊ သူ့ရှေ့မှာ
လူတစ်ယောက်ရှိနေသလိုပဲ ကျနော်တို့လည်း
လူမမြင်ရဘဲ ဟင်းခပ်တာရော၊ ဟင်းချို
ခပ်သောက်တာရော၊ ထမင်းလုတ်ပါ
ပါးစပ်ထဲသွင်းတာရော၊ ဓါတ်ဘူးထဲက
ရေနွေးငှဲ့သောက်တာရော အားလုံး
ထူးထူးဆန်းဆန်းတွေ မြင်ရတယ် "

"အင်း…နည်းနည်းတော့ စိတ်ဝင်စားသွားပြီ"

"ဟုတ်ပါတယ်ဆရာ၊ ကျနော့်အထင် သူ့ယောင်္ကျားဟာ
တကယ်ဘဲ မလေးရှားသွားတာလား၊ မလေးရှားမှာ
သေသွားတာလား၊ သူ့အိမ်မှာသာ သေသွားတယ်
ဆိုရင် အပြင်ကို ဘာကြောင့် သတင်းမပေါက်ကြား
တာလဲ၊ နည်းနည်းစိတ်ဝင်စားမိလို့ ဆရာတို့ကို
ခေါ်တိုင်ပင်တာ"

"ခင်ဗျားတို့ ပြောမှာပဲ စဉ်းစားမိတယ်။သူ့အိမ်မှာ
သေသွားတာလား၊ ဒီလိုဟာမျိုးက အစိမ်းသေ,သေမှ
သရဲကို ခေါ်ထားလို့ရတာ၊ တစ်ခါက အမှုမပေါ်လို့
ပယောဂအကြောင်း နားလည်တဲ့ ဆရာတစ်ယောက်နဲ့
ဝိညာဉ်ခေါ်ပြီး အမှုကို ဖော်ထုတ်ဖူးတယ်။အဲဒီ့
ဆရာက ပြောတယ်။ သဘာဝအတိုင်း ဝဋ်နာ
ကံနာနဲ့ သေချိန်တန်လို့သေတဲ့ ဝိညာဉ်တွေကို
ခေါ်ထားလို့ မလွယ်ဘူး ခိုင်းစားလို့လည်း
မရဘူးတဲ့။ ဒါပေမဲ့ အစိမ်းသေ၊ သေတဲ့
ဝိညာဉ်တွေကိုတော့ ခေါ်ထားလို့ရတယ်
ခိုင်းစားလို့လည်း ရတယ်။ မေးလို့ မြန်းလို့လည်း
လွယ်တယ်လို့ အဲဒီပယောဂဆရာက ပြောဖူးတယ်"

"ဒါဆို ဒီလူ ကားအက်ဆီးဒင့်ဖြစ်ပြီး အစိမ်းသေ,
သေခဲ့တာလား၊ ဒါမှမဟုတ် လင်မယား စကားများ
ရန်ဖြစ်ပြီး သေခဲ့တာလား စဉ်းစားစရာပဲ"

"ဒီအချိန် သွားလို့ မသင့်တော်ဘူး။ စစ်လို့ မေးလို့ရမှာ
မဟုတ်ဘူး။ အဲဒီ့ကိစ္စသိရအောင် ခင်ဗျားတို့ပြောတဲ့
ထမင်းစားချိန် ကျုပ်တို့ ခင်ဗျားတို့အိမ်ကို လာခဲ့မယ်"

"ဟုတ်ကဲ့ ဆရာတို့လာရင် ခုနှစ်နာရီခွဲမတိုင်ခင်
အရောက်လာခဲ့ပါ၊ သူက ညရှစ်နာရီဆို
ဆိုင်ပိတ်ပြီး အိမ်ထဲဝင်တာနဲ့ ထမင်းစားဖို့ပြင်တာ"

"သိပြီ…ကျနော်တို့ ကိစ္စလေးတစ်ခုရှိလို့
ရွာထဲ သွားလိုက်ပါဦးမယ်၊ညလာခဲ့မယ်
အပြင်လူ ဘယ်သူမှ ခေါ်မထားပါနဲ့။
ကျတော်တို့လာမယ့်အကြောင်းလည်း
ဘယ်သူ့မှ ပြောမထားပါနဲ့ "

"ဟုတ်ကဲ့ စိတ်ချပါဆရာ ကျနော်စောင့်နေပါ့မယ်"

ဒုရဲအုပ်နှင့် သူ့ရဲဘော်နှစ်ယောက် အိမ်ပေါ်မှ
နှုတ်ဆက်ပြီး ဆင်းသွားကြတော့သည်။

XXXXX

ဒေါ်မြင့် …ဒေါ်မြင့် …ကျနော်တို့ရဲ့တပ်ဖွဲ့ဝင်တွေပါ
မေးစရာရှိလို့ တံခါးဖွင့်ပေးပါ"

"ဟင်"

ဒေါ်မြင့်က ဦးမိုးထွေးစားနေသော ပန်းကန်များကို
ဖွက်ရန် အကြံနှင့် အတင်းလိုက်သိမ်းနေသည်။

"နေပါ ဒေါ်မြင့်၊ ကျတော်တို့ မြင်ပြီးပါပြီ
အဲဒီအတိုင်းထားလိုက်ပါ "

အပြင်မှာ အတိအကျပြောနေသည့်အသံကြောင့်
ဒေါ်မြင့်လည်း ပန်းကန်ကိုင်နေသော လက်က
နောက်သို့ တွန့်သွားသည်။ ဒေါ်မြင့်အသံကြား
ရာသို့ မျက်လုံးအကြည့်က ရောက်သွားသည်။
မှန်ပြတင်းပေါက်မှ ကြည့်နေကြသော လူနှစ်ယောက်
သုံးယောက်ခန့်ကို အရိပ်မည်းမည်းများအဖြစ်
မြင်ရသည်။ ဒေါ်မြင့် အားမတန် မာန်လျော့၍
ထိုင်ရာက ထသွားပြီး အိမ်ရှေ့တံခါးကို
ဖွင့်ပေးလိုက်သည်။

ရဲတပ်ဖွဲ့ဝင်သုံးယောက်နှင့် ရွာလူကြီး ရွာသား
နှစ်ယောက်အားလုံး ခြောက်ယောက် အိမ်ပေါ်
တက်လာကြသည်။

"ကဲ…ဒေါ်မြင့်နဲ့အတူ ဒေါ်မြင့်ယောင်္ကျား ဦးမိုးထွေးရဲ့
ဝိညာဉ်အတူရှိနေတာ ကျနော်တို့ သိပြီးပြီ။
အဲဒီ့အကြောင်း ရှင်းပြစေချင်တယ်"

"မ…မ…ရှိပါဘူး"

"ဒီကိစ္စကို ရွာသားတွေသိတာ ဆယ်ရက်ကျော်ပြီ။
ရွာသားတစ်ယောက်မဟုတ်ဘူး။ တစ်ရွာလုံး
သိနေနေကြတယ်။ ခင်ဗျားနဲ့အတူ ထမင်းစားနေတာ
ကိုလည်း ရွာသားတွေ တွေ့ပြီးကြသလို
စောစောကလည်း ကျတော်တို့ တွေ့လိုက်ပြီးပါပြီ"

"ခင်ဗျား…မျက်လှည့်ပညာတတ်လား"

"မ…မတတ်ပါဘူးရှင့် "

"ဒါဆို စောစောက ထမင်းကျွေး ဟင်းခပ်ဇွန်းတွေ
ခပ်လိုက် စားလိုက် အပေါ်မြောက်သွားလိုက်၊
အဲဒီကိစ္စ ခင်ဗျား ဘယ်လို ဖြေရှင်းမလဲ"

"ဟို…ဟို …ဆရာတို့ အမြင်မှားတာပါ"

"ခင်ဗျား…အမှန်ပြောသင့်ပြီ။ ခင်ဗျားယောင်္ကျား
သေသွားပြီး မဟုတ်လား"

"မ…မသေပါဘူး …သူ မလေးရှားမှာပါ"

"ဒေါ်မြင့် …ကျုပ်တို့က မသေချာဘဲ မလာဘူး။
ခင်ဗျား ပါးစပ်က ကိုထွေး စားပါ…ကိုထွေး
ဘာယူဦးမလဲ ဆိုတာ ဘယ်သူ့ကို ပြောတာလဲ"

ထိုအချိန်မှာပင် သူတို့ရှေ့သို့ ဓါတ်ဘူးနှင့်
ရေနွေးပန်းကန် နှစ်ချပ်ထပ်လျက် လူမမြင်ရဘဲ
လာချသည်ကို အားလုံးတွေ့လိုက်ရသည်
အားလုံး မျက်လုံးပြူးသွားသည်။
ဒေါ်မြင့်လည်း မျက်လုံးပြူးသွားသည်။
မျက်လုံးပြူးပုံခြင်းမတူ အပြင်မှရောက်လာသူများက
အံ့သြ၍ မျက်လုံးပြူးခြင်း ဖြစ်သည်။
ဒေါ်မြင့်ကတော့ ခြေတုန်လက်တုန်နှင့်
အမှားမှားအယွင်းယွင်းဖြစ်ကာ
မျက်လုံးပြူးသွားခြင်းပင်ဖြစ်သည်

"အခု ဓါတ်ဘူးလာချတဲ့ သူဟာ
ဦးမိုးထွေးဆိုရင် ခင်ဗျားအတွက်
ထူးခြားမှုရှိရင် ကျုပ်တို့ကို ပြစေချင်တယ်"

ဒုရဲအုပ်က ပြောလိုက်သည်။ ခဏနေတော့
သူတို့အနီးရှိ ပျဉ်ထရံမှာ ချိတ်ထားသည့်
ကြက်မွေးတံမြက်စည်းက အိမ်ရှေ့တံခါးပေါက်မှ
တဖြည်းဖြည်း အပြင်သို့ ထွက်သွားသည်ကို
အတိုင်းသားမြင်နေရသည်။သူတို့အားလုံး
နောက်မှ လိုက်ခဲ့သည်။

"ဒေါ်မြင့် …ခင်ဗျားလည်း လိုက်ခဲ့ပါ "

ဒုရဲအုပ်က ခေါ်သဖြင့် ဒေါ်မြင့် ခြေလှမ်းလေးကန်စွာနှင့်
နောက်က လိုက်ခဲ့သည်။ ကြက်မွေးတံမြက်စည်းက
သူတို့ရှေ့ကနေပြီး ဖြည်းဖြည်းချင်း ခြံနောက်ဘက်သို့
ရွေ့လျားနေသည်။ အမှောင်ထဲမှာ ရဲတပ်ဖွဲ့ဝင်
တစ်ယောက်က ဓါတ်မီးနှင့် ထိုးပြသည်။

ရွာသားတစ်ယောက်ကလည်း ဓါတ်မီးပါသည်။
ရုံးပတီပင်များကြားမှ နောက်ဘက်သို့ ဆက်ရွေ့
လျားနေသေးသည်။ ကုက္ကိုပင်နှင့် မန်ကျည်းပင်ကြား
ရောက်တော့ ကြက်မွေးတံမြက်စည်းက
ဆက်မသွားတော့။

ထိုစဉ်မှာပဲ ကြက်မွေးကို ကိုင်ပြီး မြေကြီးကို
ခြစ်သည့် ပုံစံမျိုး ကြက်မွေးတံမြက်စည်းက
ငါးပေခြောက်ပေခန့် အဝိုင်းတစ်ခု ခြစ်ပြသည်။

"ဒီနေရာက ထူးခြားတဲ့ပုံပဲ "

"ဒေါ်မြင့် …အမှန်အတိုင်းပြောပါ။
ဒီမြေကြီးအောက်မှာ ဘာရှိလဲ"

"ဟို…ဟို …"

"ကဲ…အမှန်အတိုင်းပြောဖို့ သင့်ပြီ။ ကျုပ်တို့
ဒီမြေကြီးကို တူးကြည့်ရတော့မယ် "

"ကဲ…လာကြ အိမ်ထဲသွားကြမယ်။ဒေါ်မြင့်…
ခင်ဗျားလည်း အမှန်အတိုင်းပြော။ ဒီနေရာကို
ဦးခင်အောင်တို့ ရွာက လူငယ်သုံးလေးယောက်
လောက် ခေါ်ပြီး တူးခိုင်းပါ "

"အခု ညပိုင်းလားဆရာ"

"ဟုတ်ပါတယ်…အဖြေကို တစ်ခါတည်း
အားလုံးသိသွားကြရတာပေါ့"

"အခု ရွာထဲမှာ သွားခေါ်ပြီး တူးခိုင်းလိုက်ပါ့မယ်"

ဦးခင်အောင်က လူငယ်များခေါ်ရန် ရွာထဲ
ခဏ ထွက်သွားသည်။

ဒေါ်မြင့်နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ
အိမ်ပေါ်တက်ခဲ့ကြသည်။
မကြာခင်မှာပင် ဒေါ်မြင့်လည်း
သူနှင့် သူ၏ယောင်္ကျား ဆက်ဆံရေး
မပြေလည်မှုများကို ပြောပြသည်။

သူနှင့်ကွာရှင်းဖို့ အတင်းအကျပ် တောင်းဆိုသည်။
သူ့ယောင်္ကျားကို သူ မစွန့်လွတ်နိုင်တဲ့အတွက်
အဆိပ်ခပ် သတ်ဖြတ်ခဲ့သည့်အကြောင်း
ပြောပြလေတော့သည်။

ထို့နောက် အလောင်းကို သစ်ပင်အောက်မှာ
မြှုပ်လိုက်ပြီး ဝိညာဉ်ကိုခေါ်ကာ သူနှင့်အတူတူ
နေစေခဲ့သည့် အကြောင်းကိုလည်း ဖြောင့်ချက်ပေးသည်။
ရွာသားများလည်း အရိုးကျနေပြီ ဖြစ်သော
ဦးမိုးထွေး၏ အလောင်းကို မြေအောက်ထဲမှာ
တူးဖော်တွေ့ရှိလိုက်ပါတော့သည်။

သရဲနှင့် အတူ ရာသက်ပန်နေမည်ဟု
စိတ်ကူးထားသော ဒေါ်မြင့်တစ်ယောက်
သူ၏မကောင်းမှုဒဏ်ကြောင့် ထောင်နန်းစံ
သွားရလေတော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်းအားလေးစားလျက်

ပြီးပါပြီ

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

No comments

Post a Comment