အောင်မြတ်သာနှင့်အာဏာပြင်းစက်အောက်ဘဝဂ်

  အောင်မြတ်သာနှင့်အာဏာပြင်းစက်အောက်ဘဝဂ် ++++++++++++++++++++++++++++++++++ “ သေချင်လို့လား အဆိပ်မစား ကိုးတိုင်ရွာကိုသွားဆိုတဲ့စကားက လွန်ခဲ့တ... thumbnail 1 summary

 အောင်မြတ်သာနှင့်အာဏာပြင်းစက်အောက်ဘဝဂ်

++++++++++++++++++++++++++++++++++

“ သေချင်လို့လား အဆိပ်မစား ကိုးတိုင်ရွာကိုသွားဆိုတဲ့စကားက လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)လောက်အချိန်က အတော်ကိုထင်ရှားခဲ့တာကွ”

အသက်ခြောက်ဆယ်အရွယ် ဖိုးသံခဲက ခြံထွက်ကွမ်းယာကို ခြောက်လုနီးပါရဖြစ်နေတဲ့ ထုံးနဲ့သုတ်လိုက်ပြီး ပါးစပ်ထဲကိုပလုပ်ပလောင်းထိုးထည့်လိုက်တယ်။

“ လွန်ခဲ့တဲ့နှစ်၅၀ဆိုတော့ အတော်ကြာခဲ့ပြီပဲ၊ ဒါပေမယ့် ဘာကြောင့်အဲဒီလိုပြောရတာလဲ အဖိုး”

မြို့ပေါ်မှာ ကောလိပ်တက်နေရာကနေ ကျောင်းပိတ်ရက် အလည်ပြန်ရောက်လာတဲ့ မြေးဖြစ်သူ ပိုင်မိုးရဲ့စကားကြောင့် ဖိုးသံခဲက ကွမ်းတံတွေးကို ထွေးအင်ထဲ ထွေးထုတ်လိုက်ပြီး

“ကိုးတိုင်ရွာဆိုတာက လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ဒေသဖြစ်တဲ့အပြင် လက်နက်ကိုင်အဖွဲ့တွေခိုအောင်းတဲ့နေရာဖြစ်တဲ့အတွက် ဒေသခံမဟုတ်ရင် လက်မခံလိုကြဘူး၊ နောက်ပြီး ငါတို့ရွာမှာက အဆင့်မြင့်ပညာသည်တွေ အများဆုံးရှိကြတာပဲ။ ဒီအကြောင်းကိုပထမဆုံး လက်တွေ့ခံစားလိုက်ရတာက ဗိုလ်ခါးကုန်းလို့ခေါ်တဲ့ ဓါးပြပဲ”

“ ပြောပြပါဦး အဖိုး… ကျွန်တော်က ရွာမှာ သိပ်မနေတော့ ဒီအကြောင်းတွေမသိဘူး”

“ ဗိုလ်ခါးကုန်းဆိုတာ အရင်က လက်နက်ကိုင်အဖွဲ့တစ်ခုကပေါ့ကွာ၊ သူက အဖွဲ့ထဲမှာ စည်းပျက်ကမ်းပျက်နေထိုင်တဲ့အတွက် တာဝန်ရှိသူတွေက အဖွဲ့ထဲကနေ ထုတ်ပစ်လိုက်ကြတယ်။ အဖွဲ့ကနေထွက်ရတော့ သူက အနီးနားမှာရှိတဲ့ လက်ရဲဇက်ရဲလူငယ်တွေကို စည်းရုံးပြီး ဓါးပြအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်။ ဗိုလ်ခါးကုန်းတို့အဖွဲ့ထဲဝင်မယ်ဆိုရင် ကိုယ်မကျေနပ်တဲ့လူရဲ့နာမည်ကို အရင်စာရင်းပေးရတယ်။ ပြီးတော့ အဲဒီလူကို ကိုယ့်လက်နဲ့သေအောင်သတ်နိုင်မှ အဖွဲ့ထဲကိုဝင်ခွင့်ပေးတာ”

“ ဟာ… အတော် ရက်စက်တဲ့ လူတွေပဲဗျာ၊ ဒီလိုအဖွဲ့ကို တာဝန်ရှိသူတွေက မနှိမ်နင်းဘူးလား”

“ မနှိမ်နင်းပဲနဲ့ ဘယ်နေမလဲ ငါ့မြေးရယ်၊ ဗိုလ်ခါးကုန်းတို့အဖွဲ့က သာမန်အချိန်ဆိုရင် ဟိုရွာတစ်ယောက် ဒီရွာတစ်ယောက် ကွဲနေတာ။ ဓါးပြတိုက်မယ့်ရက်ရောက်တော့မှ လူစုပြီးတိုက်ကြတယ်လေ။ နယ်မြေကျွမ်းကျင်တဲ့အပြင် လူငယ်တွေနဲ့ဖွဲ့ထားတာကြောင့် သတင်းအစကိုလိုက်မရဘူးဖြစ်ခဲ့တယ်။ ဗိုလ်ခါးကုန်းတို့အဖွဲ့ ဓါးပြတိုက်ရင် ခွေးဟောင်သံတောင်မှမကြားရအောင် ပိရိလွန်းတယ်။ မနက်ကျမှ ဘယ်ရွာက ဘယ်လောက်ပါသွားတယ်။ ဘယ်သူကို သတ်သွားတယ်ဆိုတာ သိရတာပဲ”

ဖိုးသံခဲစကားကိုကြားတော့ ပိုင်မိုးက သက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး

“ နောက်တော့ အဲဒီအဖွဲ့ဘယ်လိုဖြစ်သွားလဲ အဖိုး”

“ အင်း… တစ်ရက်မှာတော့ သူတို့အဖွဲ့တွေ အဖိုးတို့ရွာထဲက ဆေးဆရာကြီးဦးမှိုင်းလုံအိမ်ကို ဓါးပြဝင်တိုက်ခဲ့တယ်။ ဦးမှိုင်းလုံဆိုတာက ရွာစဉ်လှည့်ပြီး ဆေးလိုက်ကုနေတဲ့ ဗိန္နောဆရာလို့ပဲ သိထားကြတာ။ အဲဒီညက ဓါးပြတိုက်တဲ့ထဲပါတဲ့ လူတစ်ယောက်ပြောပြတာကတော့ ဦးမှိုင်းလုံကို သေနတ်နဲ့ချိန်ထားတဲ့ ဗိုလ်ခါးကုန်းရဲ့ ဂုတ်ပေါ်ကို ထုပ်တန်းကနေ ကျလာတဲ့ မဲမဲကောင်တစ်ကောင်က မလွတ်တမ်းကိုက်ခဲထားတာလို့ပြောတယ်။ အဲလိုဖြစ်နေတာမြင်တော့ ဦးမှိုင်းလုံက ထိုင်ရာကနေမထပဲ ကြမ်းကို လက်ဝါးနဲ့ တစ်ဖျောင်းဖျောင်းမြည်အောင် ပုတ်လိုက်တာ နံရံတွေ ကြမ်းပြင်တွေကြားထဲကနေ အမွှေးစုတ်ဖွားနဲ့လက်တွေထွက်လာပြီး ဓါးပြတွေကို ပြေးမရအောင် ဖမ်းချုပ်ထားကြတာတဲ့။ အဲဒီထဲကမှ ငသန်းအောင် ဆိုတဲ့ ဓါးပြတစ်ယောက်ပဲ ငယ်သံပါအောင် အော်ပြီးလွတ်လာခဲ့တယ်။ သူတစ်ယောက်ထဲလွတ်လာခဲ့ပေမယ့် စိတ်ကပုံမှန်မဟုတ်တော့ပဲ တစ်ခါတစ်လေ စိတ်ငြိမ်တဲ့အခါမှ ဒီအကြောင်းတွေကို ပြောပြတတ်တာ”

“ ဒါဆို ဗိုလ်ခါးကုန်းတို့အဖွဲ့ တစ်ဖွဲ့လုံး အဖမ်းခံလိုက်ရတာပေါ့”

“ ဘယ်ဟုတ်မလဲ ငါ့မြေးရ… တစ်ဖွဲ့လုံး ဆေးဆရာကြီးအိမ်မှာ အသတ်ခံလိုက်ရတာ”

“ ဗျာ…”

“ တာဝန်ရှိသူတွေ လာစစ်ဆေးတော့ လည်ပင်းနဲ့ ဝမ်းဗိုက်တွေ ပေါက်ပြဲပြီးသေနေတဲ့ အလောင်းတွေကိုတွေ့တာပဲ။ ဦးမှိုင်းလုံကတော့ အလောင်းတွေကြားထဲမှာ ဟန်မပျက်ထိုင်ပြီး ဆေးပြင်းလိပ်တောင် သောက်နေသေးတယ်တဲ့”

“ ဒါဆို ဦးမှိုင်းလုံရော အဖမ်းခံလိုက်ရသေးလား”

“ အဖိုးတို့ရွာက အစိုးရအုပ်ချုပ်ရေးနဲ့ အလှမ်းဝေးတဲ့ရွာဖြစ်တဲ့အတွက် တော်ရုံပြဿနာဆိုရင် လက်နက်ကိုင်ခေါင်းဆောင်တွေကပဲ ဖြေရှင်းပေးကြတယ်။ ဒီကိစ္စမှာလဲ နာမည်ကြီး ဓါးပြတစ်ဖွဲ့လုံးကိုသေအောင် လုပ်ခဲ့တာကြောင့် ဦးမှိုင်းလုံကို ဘာမှအပြစ်မပေးပဲ ဂုဏ်ပြုဆုတောင်ပေးခဲ့ကြသေးတာ”

“ အဲဒီလူကြီးက အတော်သွေးအေးတာပဲနော်”

“ ဒါတင်ဘယ်ကဦးမလဲ ငါ့မြေးရ.. အဖိုးတို့ လူပျိုပေါက်အရွယ်မှာတင် ရွာကိုလာလည်တဲ့ မြို့က ဧည့်သည်တစ်ယောက်အရှင်လတ်လတ် သွေးပွက်ပွက်အန်ပြီး သေသေးတာ”

“ ဟင်…”

“ မင်းသိချင်နေပြန်ပီမလား… အဖိုးပြောပြပေးမယ်။ အရင်က အဖိုးတို့ဘက်မှာ ငှက်ဖျားရောဂါတွေပေါတဲ့အတွက် မြို့ပေါ်မှာရှိတဲ့ ကျန်းမာရေးဌာနက ဆရာလေးနှစ်ယောက် ရွာထဲကိုဆေးလာဖြန်းပေးကြတယ်။ ရွာကလူတွေကလဲ ဆေးလာဖြန်းတဲ့ ဆရာတွေကို ကောင်းကောင်းမွန်မွန် ဧည့်ခံကြတာပေါ့။ ဖြစ်ချင်တော့ သူတို့လာတဲ့နေ့မှာပဲ တည်းတဲ့အိမ်မှာရှိတဲ့ နွားက ရုတ်တရက်သေသွားတာကြောင့် လတ်လတ်ဆတ်ဆတ် အသားကို ချက်ပြုတ်ပြီး ညစာကျွေးခဲ့တယ်။ အဲဒီထိ ပြဿနာမရှိသေးဘူး။ ပြဿနာက ဆေးလာဖြန်းတဲ့ လူနှစ်ယောက်ထဲက ဘတင်ဆိုတဲ့လူက အရမ်းအစားကျူးတဲ့အပြင် မူးလာရင် ပါးစပ်ကနေ ထွက်ရာတွေလျောက်ပြောရာကနေ စတာပဲ”

“ သူက ဘယ်လိုတွေများပြောခဲ့လို့လဲ”

“ အဲဒီညက အဖိုးတို့က ကာလသားတွေဆိုတော့ ဧည့်သည်တွေနဲ့ စကားစမြည်ပြောရင်း ကောက်ညှင်းချက်အရက်ကို အမဲသားကြော်နဲ့မြည်းနေခဲ့တယ်။ အဲဒီမှာ စကားပြောနေရင်း ဘတင်ဆိုတဲ့လူက ခေတ်ပညာတတ်ပီပီ စုန်းတွေ ကဝေတွေ အောက်လမ်းတွေဆိုတာ တကယ်မရှိကြောင်းနဲ့ လူကြီးတွေက ကလေးတွေကြောက်အောင် ခြောက်လှန့်ထားတာလို့ ပြောပါလေရော။ အဲဒီမှာ ဆေးဆရာကြီးဦးမှိုင်းလုံက စကားကိုထွက်ရာမပြောဖို့နဲ့ စည်းထားဖို့ ဝင်ပြောရာကနေ ဦးမှိုင်းလုံနဲ့ ဘတင် စကားအခြေအတင်ဖြစ်ရာကနေ အော်ကြီးဟစ်ကျယ်တွေ ဖြစ်လာခဲ့တယ်။ ဘတင်ကလဲ မူးလာရင် အတော်ရစ်တဲ့ကောင်၊ ဦးမှိုင်းလုံကလဲ တစ်ဇောက်ကမ်းဆိုတော့ အဲဒီပွဲက တော်ရုံနဲ့ဖြေမရတော့ဘူး။ ဘတင်နဲ့အတူပါလာတဲ့ လူကတော့ သူ့လူ စကားကျွံနေတာကိုသိလို့ ဦးမှိုင်းလုံကိုဖျောင်းဖျတောင်းပန်ခဲ့ပေမယ့် ဟိုက ဘာမှပြန်မပြောပဲ အံကိုကြိတ် ဖနောင့်နဲ့မြေကြီးကို ပေါက်ပြီး ကမူးရှူးထိုးပြန်သွားခဲ့တယ်။ အဲဒီကနေ ဘယ်လောက်မှမကြာဘူး ဘတင်တစ်ယောက် ပါးစပ်ထဲကနေ သွေးခဲတွေ ပွက်ခနဲ ပွက်ခနဲ အန်ပြီး အဲနေရာမှာတင် သေသွားခဲ့တာ”

“ ဒါဆို ဘတင် ဆိုတဲ့လူသေတာ ဦးမှိုင်းလုံကြောင့်ပေါ့”

“ ဘတင်ရဲ့ အလောင်ကို စစ်ဆေးကြည့်တော့ အစာအိမ်သွေးကြောပေါက်ပြီးသေတာလို့ပြောတာပဲ။ ဒါပေမယ့် အဖိုးတို့ကတော့ ဒါက ဦးမှိုင်းလုံ စနက်မကင်းဘူးလို့ တွေးခဲ့ကြတာပေါ့။ အဲဒီကနေ ဦးမှိုင်းလုံနဲ့ စကားပြောရင် အချေအတင်မဖြစ်အောင် သတိထားပြောခဲ့ကြတယ်”

“ ဒါကြောင့် အဖိုးတို့ရွာဆိုရင် ဧည့်သည်တွေလာဖို့ကြောက်ကြတာကိုး”

“ ဟုတ်တယ် ငါ့မြေး… အခုတော့ ဒါတွေမရှိတော့ပါဘူး။ ရွာကလဲ တိုးတက်လာတဲ့အပြင် လမ်းပန်းဆက်သွယ်ရေးကလဲ အတန်သင့်ကောင်းလာတဲ့အတွက် ရွာသားတွေ အတော်များများ မျက်စိပွင့် နားပွင့်လာခဲ့ကြတယ်လေ”

“ ဒါမယ့်ဗျာ အဖိုးတို့ရွာက အခုထိ အလေးအပင်သွားတဲ့အခါ ခြုံတိုးနေကြတာတော့ မဟုတ်သေးဘူးနော်”

“ ငယ်ငယ်ထဲက အလေးသွားချင်ရင် တွေ့ရာခြုံတိုးကြတဲ့အကျင့်က အခုထိ အရှင်းပျောက်အောင် ပြောမရသေးပါဘူး မြေးရာ”

ပိုင်မိုးလဲ အဖိုးဖြစ်သူကို သိချင်တာတွေ မေးပြီးချိန်မှာတော့ ည၉နာရီထိုးသွားတာကြောင့် စကားစကိုဖြတ်ပြီး အိပ်ဖို့အတွက်ပြင်ဆင်ခဲ့တယ်။

နောက်တစ်နေ့ မနက်ရောက်တော့ ရွာထဲမှာ လူတွေစုရုံး စုရုံးဖြစ်နေတဲ့အတွက် သွားကြည့်တဲ့အချိန်

“ ဟေ့ ပိုင်မိုး… လာလေကွာ”

ငယ်ငယ်က ကစားဖော်ကစားဖက်ဖြစ်တဲ့ တာပိန်က လက်ယက်ခေါ်တာကြောင့် အနားကပ်ပြီးကြည့်လိုက်ရာ ခါးစောင်းလောက်ရှိတဲ့ ဆံပင်ကိုဖြေချထားပြီး တစ်ငိုငိုတရီရီလုပ်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ တာပိန်… ဒီအမျိုးသမီးက ဘာဖြစ်တာလဲ”

“ သရဲဝင်ပူးနေတယ်ပြောတာပဲ.. လူကြီးတွေမေးတော့လဲ ဘာမှမပြောပဲ တဟင်းဟင်းနဲ့ ညဉ်းနေတာ”

“ ဒီတိုင်းထားလို့တော့ဘယ်ရမလဲ… တတ်သိနားလည်တဲ့သူ တစ်ယောက်ယောက်ကိုတော့ ခေါ်ရမှာပေါ့”

“ ခုနကပဲ အစ််မမြင့်ကြည်ရဲ့ အကို ဆေးဆရာသွားပင့်ဖို့ထွက်သွားတယ်။ ခဏနေဆိုပြန်ရောက်လာမှာပါ”

တာပိန်စကားကြောင့် ပိုင်မိုးလဲ ရီလိုက်ငိုလိုက်ဖြစ်နေတဲ့ မိန်းမကို စိတ်ဝင်တစားစောင့်ကြည့်နေလိုက်တယ်။ ခဏနေတော့ ကာယကံရှင်ရဲ့အကိုဖြစ်သူပြန်လာပြီး သူ့အနောက်မှာတော့ အင်မတန်မှကြည့်လို့ကောင်းတဲ့ အရပ်အမောင်း၊ မျက်နှာသွင်ပြင်နဲ့လူတစ်ယောက်ပါလာခဲ့တယ်။

“ တာပိန် … အခုပါလာတဲ့ ဆရာက နင်တို့ရွာကလားဟ”

“ အဲ… ငါလဲမသိဘူးရော၊ ဒီဆရာကို တစ်ခါမမြင်ဖူးပါဘူး။ ဘာဖြစ်လို့လဲ”

“ ဘာမှမဟုတ်ပါဘူး… ဒီလူကြီးဥပဓိရုပ်က မြို့မှာဆို အတော်စန်းပွင့်မှာကွ၊ ငါကြည့်ဖူးတဲ့ နိုင်ငံခြားရုပ်ရှင်တွေထဲက မင်းသားတွေတောင် သူ့လောက်အချိုးစားမကျဘူး”

တာပိန်က ပိုင်မိုးစကားကို မျက်ခုံးလေးတွန့်ပြကာ ထောက်ခံလိုက်ပြီး ညဉ်းညူနေတဲ့ အစ်မမြင့်ကြည်ကို ကြည့်နေလိုက်တယ်။

“ မြင့်စိန်… ပယောဂကုတဲ့ဆရာပင့်လာပါဆိုတာကို ဘယ်သူ့ခေါ်ခဲ့တာတုန်း”

“ ဟာ အရီးစန်းကြည်ကလဲ ပယောဂဆရာသွားပင့်တာပဲဗျ၊ ဆရာက မြို့ပေါ်ဆေးကုတက်သွားတယ်ဆိုလို့ ပင့်မရပဲ အပြန်မှာ ဒီလူနဲ့တွေ့လို့ ခေါ်လာတာဗျ”

“ သူကရော ပယောဂ ကုတတ်တယ်တဲ့လား”

“ ကျုပ်က ပယောဂအနည်းအကျဉ်းကုတတ်ပါတယ်။ လူနာလဲ ဝင်ပူးနေတာကြာလို့ထင်တယ် အတော်အားနည်းနေပြီဗျ။ ဖြစ်နိုင်ရင် ပူးကပ်နေတဲ့ ပုဂ္ဂိုလ်ကို အရင်ထုတ်ခွင့်ပြုပါ”

ပိုင်မိုးလဲ အကြောက်အလန့်မရှိပဲ စကားတစ်လုံးချင်းပြောနေတဲ့ မျက်နှာစိမ်းနဲ့လူကိုကြည့်ပြီး စိတ်ထဲကနေ “ အတော်စကားပြောတည်ငြိမ်တဲ့လူပဲ”လို့ချီးကျူးလိုက်တယ်။

“ လူနာကို ဝင်ပူးနေတာက ယောင်္ကျားလေးတစ်ယောက်ပဲ”

“ ဟင်… ဆရာက ဘယ်လိုသိတာလဲ”

မြင့်စိန်ရဲ့စကားကြောင့် မျက်နှာစိမ်းဧည့်သည်က

“ သူထိုင်နေတဲ့ပုံက မိန်းကလေးတစ်ယောက်နေထိုင်ပုံနဲ့မတူတဲ့အပြင် ညဉ်းညူသံတွေမှာလဲ ယောင်္ကျားသံပါနေတာကို သတိထားမိလို့ပါ၊ ဒါကတော့ အစွဲထုတ်ပြီးရင် သိရမှာပါ။ လောလောဆယ် ကျုပ်ကို ရေသန့်သန့်တစ်ခွက်လောက်ပေးလို့ရမလားဗျ”

“ ဟုတ်ကဲ့ … ရပါတယ် ရပါတယ်”

အရီးစန်းကြည် ရေသွားယူနေတုန်း မျက်နှာစိမ်းလူက ဘုရားကျောင်းဆောင်ဘက်ကိုလှည့်ပြီး ဖယောင်းတိုင်မီးပူဇော်ကာ နှုတ်ကနေ အကြောင်းအရာတစ်ခုကို တီးတိုးရွတ်ဖတ်နေခဲ့တယ်။ ခဏနေတော့ လူနာဘက်ကိုလှည့်ပြီး အရီးစန်းကြည်ချထားပေးတဲ့ ရေခွက်ကိုလက်ဝါးနဲ့အုပ်ကာ

“ ကျုပ်အရှေ့မှာရှိနေတဲ့ မိန်းကလေးကိုယ်ထဲ ဝင်ရောက်ပူးကပ်နေတဲ့ ပုဂ္ဂိုလ်အနေနဲ့ ခေတ္တခဏထွက်ခွါပေးဖို့ မေတ္တာရပ်ခံပါတယ်။ သင့်အနေနဲ့ ပြောချင်တာရှိရင် ငါးမိနစ်အတွင်း ပြောဖို့ ခွင့်ပြုပါတယ်။ အချိန်ပြည့်ရင်တော့ ကိုယ်ထဲမှာ တစ်စက္ကန့်မှနေလို့မရအောင် ပူလောင်ပါစေ” လို့ပြောကာ ရေခွက်ထဲကနေကို လက်ညိုးနဲ့စွတ်ပြီး ကာယကံရှင်မျက်နှာကို တောက်လိုက်တယ်။

“ ကဲ … နှုတ်ဖွင့်စေ၊ စကားပြောမရအောင် ပိတ်ပင်တားဆီးထားတဲ့ အနှောက်အယှက်တွေရှိရင်လဲ ဆိုင်ရာပိုင်ရာက တစ်မဟုတ်ချင်း ဖွင့်ပေးစေ” လို့ပြောလိုက်တဲ့အချိန်

“ ငါသူ့ကို သဘောကျတယ်… ဒါကြောင့် သူ့ကိုယ်ထဲကိုဝင်ပူးပြီးလိုက်လာတာ”

ယောင်္ကျားအသံဩဩကြီးနဲ့ပြောလိုက်တာကြောင့် အရှေ့မှာထိုင်နေတဲ့ ဆရာကလွဲပြီး ကျန်တဲ့သူတွေအကုန်လုံး အံ့ဩကုန်တယ်။

“ တယ်… ဘဝချင်းခြားနေတာ ဘယ်လိုသဘောကျလို့ရမလဲ။ နောက်ထပ်ပြောချင်တာဘာရှိသေးလဲ”

“ ဘာမှမရှိတော့ဘူး သူ့ကို သဘောကျလို့ပဲ လိုက်လာတာ”

“ ဒါဆို သင်က ဘယ်ကနေ လိုက်လာတာလဲ”

“ အိမ်အနောက် ဒညင်းပင်ပေါ်မှာငါနေတယ်။ ဒီအမျိုးသမီး နေ့စဉ်နေ့တိုင်း အပင်အောက်မှာ အဝတ်လာလှမ်းတာမြင်ပြီး သဘောကျလို့ လိုက်လာတာ”

“ သင့်မှာ ငဘောကျပိုင်ခွင့်ရှိတယ်၊ ဒါပေမယ့် ပူးကပ်ခွင့်မရှိဘူး..နှောက်ယှက်ခွင့်မရှိဘူး၊ ဒါကြောင့် ကိုယ်နေတဲ့ အပင်ဆီ အခုချက်ချင်းပြန်သွားပါ”

“ အဲဒီအပင်မှာ ငါနေတာမဟုတ်ဘူး… ငါ့ကို အပင်ကနေ ဘယ်မှသွားလို့မရအောင် လုပ်ထားတာ”

ဝမ်းခေါင်းသံနဲ့ပြောလိုက်တာကြောင့် ပိုင်မိုးအပြင် ကြည့်နေတဲ့သူတွေအားလုံး စိတ်ဝင်စားသွားကြပေမယ့် လူနာအရှေ့မှာထိုင်နေတဲ့ လူကတော့ ပုံမှန်မျက်နှာထားနဲ့ တစ်ခုခုကို အလေးအနက်တွေးဟန်ပြုပြီး

“ သင်က လူ့ဘဝတုန်းက ဘယ်ရွာမှာနေခဲ့တာလဲ”

“ ငါက ဒီရွာမှာပဲနေခဲ့တာ…”

“ ဒါဆို သင့်နာမည် ဘယ်လိုခေါ်လဲ”

“ ငါ့နာမည်က ပေါက်ကျော်လို့ခေါ်တယ်”

ပေါက်ကျော်ဆိုတဲ့အသံကြောင့် လာကြည့်နေတဲ့သူတွေထဲက အသက်ကြီးပိုင်းလူကြီးတွေရှေ့ကိုတိုးလာပြီး

“ ပေါက်ကျော်ဆိုတာ ကိုယ့်ကိုကိုယ် ကြိုးဆွဲချပြီး သေသွားတဲ့တစ်ယောက်လား”

“ ဟုတ်တယ်… အဲဒါငါပဲ”

“ ဟာ … ပေါက်ကျော် နင် ဘယ်လိုဖြစ်လို့ အခုထိမကျွတ်လွတ်သေးတာလဲ”

“ ငါသေတဲ့အချိန်မှာ အလောင်းကို လာဝိုင်းသယ်ပေးတဲ့ လူတွေထဲက တစ်ယောက်က ငါ့ဆံပင်ကိုနှုတ် ပညာနဲ့စီရင်ပြီး ခိုင်းစားခဲ့တာ။ ငါ့ကိုဒီအပင်မှာချုပ်ထားတဲ့အချိန် နှုတ်ကနေဘာမှပြောမရအောင် ပိတ်ထားခဲ့တယ်။အခုတော့ ဒီဆရာအမိန့်ကြောင့် ပြောခွင့်ရခဲ့တာ”

“ ပေါက်ကျော်ဆိုတာက ဘယ်သူလဲ”

“ ဒီလိုပါဆရာ လွန်ခဲ့တဲ့ နှစ်ပေါင်း၂၀လောက်က ပေါက်ကျော် မြစ်ဆိပ်မှာရေချိုးနေတုန်း သူငယ်ချင်းတွေက ဘေးမှာချထားတဲ့အဝတ်တွေကို ဖွက်ထားတာကြောင့် ရှက်ပြီး ကိုယ့်ကိုကိုယ်ကြိုးဆွဲချသတ်သေခဲ့တဲ့သူပါ”

“ ဟုတ်ပီ ဒီကိစ္စတွေရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနိုင်တာမို့ ကျုပ်တို့စကားအနည်းငယ်ပြောဖို့လိုလာပြီ။ ကာယကံရှင်ကလဲ ပင်ပန်းနေတဲ့အတွက် သူ့ကိုယ်ထဲမှာရှိနေတဲ့အစွဲကို ခေတ္တထုတ်ထားရလိမ့်မယ်”

ဆရာဖြစ်သူက စကားပြောပြီးတာနဲ့ ဘယ်ဘက်လက်ဝါးကို ဝင်ပူးနေတဲ့ ကာယကံရှင်ရဲ့ခေါင်းပေါ်မှာရွယ်မိုးလိုက်ပြီး

“ အခုကစပြီး ဆိုင်ရာပိုင်ရာတွေက ဝင်ပူးစီးကပ်နေတဲ့ အစွဲကို ကျုပ်မခေါ်မချင်း ပြန်မလွှတ်ပဲ ထိန်းသိမ်းထားပေးပါ” လို့ပြောပြီး ခေါင်းပေါ်ကနေသပ်ချလိုက်ရာ ဝင်ပူးနေတဲ့ ကာယကံရှင်အမျိုးသမီးက အရုပ်ကြိုးပြတ်လဲကျသွားခဲ့တယ်။

အဲဒီအချိန်

“ ဆရာ… ဆရာ” ဆိုတဲ့ခေါ်သံနဲ့အတူ ယောဂီအင်္ကျီကိုဝတ်ထားပြီး ကပြာကယာပြေးလာနေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။

“ သူက ကျုပ်တပည့်ပါ.. အိမ်ပေါ်ပေးတက်လို့ရပါတယ်”

ပိုင်မိုးလဲ အိမ်ပေါ်တက်သွားတဲ့သူနဲ့အတူ မယောင်မလည်လိုက်သွားပြီး လွတ်နေတဲ့နေရာမှာထိုင်ကာ အခြေအနေကို အကဲခတ်နေခဲ့တယ်။

“ ဆရာ ဒီရွာပတ်ဝန်းကျင်မှာရှိတဲ့ ခြုံတွေအကုန်လုံးမှာ …”

စကားသံက ကောင်းခန်းရောက်ခါနီးမှ တိုးသွားသဖြင့် ပိုင်မိုးတစ်ယောက် မခံချိမခံသာဖြစ်သွားခဲ့တယ်။ ဘုရားကျောင်းဆောင်ရှေ့မှာထိုင်နေတဲ့ ဆရာတပည့်နှစ်ယောက် တီးတိုးပြောနေရာကနေ ရွာသားတွေဘက်ကိုလှည့်ပြီး

“ ပြဿနာက ကျုပ်တို့ထင်ထားတာထက်ကို ပိုပြီးဆိုးမယ့် အခြေအနေရှိနေတယ်။ ရွာခံတွေအနေနဲ့ အကောင်းကြီးကနေ ရုတ်တရက် မူးဝေတာတို့ ဖျားနာတာတို့ သွေးလေခြောက်ချားတာတို့ဖြစ်တတ်လား”

“ အမြဲတမ်း မဟုတ်ပေမယ့် တစ်ခါတစ်ရံတော့ဖြစ်တတ်တယ်ဆရာ၊ ဘာများဖြစ်လို့ပါလဲ”

“ အဲလိုဖြစ်ရင် ဘယ်သူနဲ့ပြပြီးကုလဲ”

“ ရွာမှာက ဆေးဆရာကောင်းကောင်းမရှိတော့ ညနေနေဝင်ရီတရောချိန်ဖြစ်ရင် ခေါစာပစ်ပြီး တောင်းပန်လိုက်တာပဲဆရာ”

“ အဲလို ပစ်လိုက်ရင်ကော ရောဂါတွေက ပျောက်ကင်းသွားလား”

“ ပျောက်တာပေါ့ဆရာ… ခေါစာပစ်လိုက်ရင် ရောဂါတွေက ယူပစ်သလိုပျောက်သွားတာ”

“ ဒါဖြင့်ရင် ကျုပ်တို့ ရွာပတ်ဝန်းကျင်ဘက်ကို လှည့်ကြည့်လိုက်ပါဦးမယ်”

ဆရာတပည့်နှစ်ယောက် အိမ်ပေါ်ကဆင်းသွားတာမြင်တော့ ပိုင်မိုးက အနောက်ကနေ မယောင်မလည်နဲ့လိုက်သွားခဲ့တယ်။ ရွာအနောက်ဘက် ခြုံတောဘက်ကိုရောက်တော့ ရှေ့ကသွားနေတဲ့ ဆရာနှစ်ယောက်က အနောက်ကိုလှည့်ကြည့်ပြီး

“ မင်းက ဘာလို့ အနောက်ကနေ လိုက်လာတာလဲ”

“ ဟို ဟို ဆရာတို့ ဘာလုပ်မယ်ဆိုတာ သိချင်လို့ လိုက်ခဲ့တာပါ။ နောက်ပြီး ဒီလိုကိစ္စတွေကို အဖိုးပြောပြလို့ စိတ်ဝင်စားနေတာကြာပြီဗျ”

“ ဒါနဲ့ မင်းက ကြောက်တတ်လား”

“ ကြောက်တတ်တယ်လို့တော့ မဟုတ်ဘူးပေါ့ဆရာရယ်။ ဒါမယ့် ရုတ်တရက်ဘွားခနဲတွေ့ရင်တော့ နည်းနည်းလန့်တာတော့ရှိတယ်လေ”

“ မင်းမကြောက်တတ်ဘူးဆိုရင် ဒီရွာက ဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာပြပေးမလို့ပါ။ မောင်ကောင်း သူ့မျက်လုံးကို နတ်ဆေးပြာ နည်းနည်းတို့ပေးလိုက်”

ဆရာဖြစ်တဲ့သူစကားကြောင့် မောင်ကောင်းဆိုသူက လွယ်အိတ်ထဲမှာပါလာတဲ့ ကျုတ်ဘူးလေးကိုထုတ်လိုက်ပြီး အထဲမှာရှိတဲ့ပြာကိုယူကာ ပိုင်မိုးရဲ့ မျက်လုံးအိမ်ကိုတို့ပေးလိုက်တယ်။

ဆေးပြာတို့ပီးတာနဲ့ ပိုင်မိုးရဲ့ မျက်လုံးတွေ ပူထူလာခဲ့တာကြောင့် လက်နဲ့အုပ်ပြီးမှိတ်လိုက်တဲ့အချိန်

“ မျက်လုံးကိုမဖွင့်နဲ့ဦး… ငါတို့ကဖွင့်ဆိုမှဖွင့်ကြည့်” ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

ကွမ်းတစ်ယာညက်လောက်ကြာတော့

“ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့”ဆိုပြီးပြောတာကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်ကြည့်လိုက်ရာ အနီးနားမှာရှိတဲ့ ခြုံပုတ်တွေထဲမှာ မဲမဲကျုတ်ကျုတ်အကောင်တွေရှိနေတာကိုမြင်လိုက်ရတယ်။

“ ခြုံပုတ်တွေထဲမှာ ဘာကောင်တွေ ရှိနေတာလဲ ၊ သူတို့ကိုယ်မှာ ဝက်မွှေးတွေလို အမွှေးကြမ်းကြီးတွေလဲ ပေါက်နေပါလား”

“ မင်းမြင်တဲ့အရာတွေက နာနာဘာဝတွေပဲ၊ နားလည်အောင်ပြောရရင် ဟိုးအရင်ခေတ်ထဲက ရွာမှာရှိတဲ့ ပညာသည်က တောစပ်နေရာမှာ အမှတ်အသားလုပ်ပြီး သရဲတွေမွေးထားခဲ့တာပဲ။ သူတို့က နေဝင်ရီတရောအချိန်မှာ ရွာပြင်ထွက်ပြီး အလေးစွန့်တဲ့သူတွေဆီကို ဝင်ရောက်ပူးကပ်ပြီး ဖျားနာမူးဝေအောင် လုပ်တတ်ကြတယ်။ အဲလိုဖြစ်ရင် အပိုင်စားလိုက် နေရာပေးထားတဲ့ ပညာသည်တွေက သူ့အပိုင်နဲ့သူ လူနာတွေကို ကုသပြီး အခကြေးငွေတွေရယူခဲ့တာပဲ”

“ ဒါဆို ကြိုးဆွဲချသေသွားတဲ့လူကရော သူ့ကို ဘယ်သူက ချုပ်နှောင်ထားတာလဲဆရာ၊ နောက်ပြီး ဒါတွေက နှစ်
ပေါင်းများစွာ ကြာနေပီဆိုတော့ ဘယ်လိုရှင်းထုတ်လို့ရလဲ အရမ်းသိချင်နေပြီ”

“ မင်းကသိချင်တာတွေ အရမ်းများနေပါလား… အင်းပေါ့လေ ခေတ်လူငယ်တစ်ယောက်အနေနဲ့ ဒီလောကကို အသေးစိတ်ဘယ်သိပါ့မလဲ။ ဒါနဲ့ မင်းရဲ့ လျာမှာ အမဲရောင်အစက်အပျောက်တွေ ရှိတယ်မဟုတ်လား”

“ ဟင် ဒါကို ဘယ်လိုသိတာလဲ… “

“ ခုနက မင်းစကားပြောတဲ့အချိန် အမှတ်မထင်တွေ့လိုက်လို့မေးတာပါ”

“ ဟုတ်ပါတယ်… ဒါပေမယ့် ကျွန်တော်က မြွေဆိပ်တော့ မနိုင်ဘူးနော်။ ငယ်ငယ်က မြွေပေါက်ခံထိပြီး သေမလိုတောင်ဖြစ်ခဲ့သေးတာ”

“ ဒါတွေထားလိုက်ပါ… အခု မင်းသိချင်နေတဲ့ အကြောင်းအရာတွေကိုမြင်ရတော့မှာမို့ မျက်လုံးကိုရေဆေးလိုက်ပါဦး”

ပိုင်မိုးလဲ သူ့ကိုကမ်းပေးတဲ့ ရေဘူးထဲကရေနဲ့ မျက်နှာသစ်လိုက်ပြီးချိန်မှာတော့ ခြုံပုတ်တွေထဲမှာ ပုန်းအောင်းနေတဲ့ နာနာဘာဝတွေကို မတွေ့ရတော့ဘူး။

ရွာထဲပြန်ရောက်တော့ ဆရာနှစ်ယောက်က ပေါက်ကျော်
ဝင်ပူးထားတဲ့ အမျိုးသမီးကိုခေါ်ပြီး အမိန့်ပြန်လိုက်ရာ
ချက်ချင်းဆိုသလို ဝင်ချလာခဲ့တယ်။

“ သင်ကို ဒီလိုချုပ်နှောင်ထားတာ ဘယ်သူလဲ”

“ မသိဘူး… သူက ငါ့ဆံပင်ကို သစ်စေးနဲ့ ကပ်ပြီး မန်ကျီးပင်ထဲမှာထည့်ထားခဲ့တာ။ သူက ငါ့ကိုခိုင်းစရာရာရှိရင် လာခေါ်ပြီးခိုင်းတယ်။ ဒါပေမယ့် သူ့မျက်နှာကိုမမြင်ရဘူး။ အသံပဲကြားရတာ”

“ ဒါဆို သင့်လိုပဲ အခြားဘယ်သူတွေကို ခိုင်းထားသေးလဲ”

“ သူမွေးထားတာတွေကများလို့ ဘယ်နေရာတွေမှာရှိလဲ ငါမသိဘူး”

“ ဒါဖြင့် သူခိုင်းစေပြုစားတာခံရတဲ့ သူတွေထဲက တစ်ယောက်ယောက်ကိုများသိထားလား”

“ မသိဘူး… “

“ ဒါဖြင့် မင်းခဏဖယ်လိုက်ပြီး… မင်းကိုဒီလိုဖြစ်အောင်ပြုစားထားတဲ့သူဝင်လာခဲ့”

ဆရာဖြစ်သူက ကြမ်းကိုလက်နဲ့ပုတ်ပြီး ဆင့်ခေါ်လိုက်ပေမယ့် ဝင်ပူးနေတဲ့သူက ထွက်မသွားပဲ တဟင်းဟင်းနဲ့ ညဉ်းညူနေတာမြင်တော့ ဆရာတွေရော ပရိတ်သတ်တွေပါ အံ့အားသင့်သွားခဲ့တယ်။

“ ဆရာ ဘယ်လိုဖြစ်တာလဲ.. အစွဲက လုံးဝကိုမဝင်လာပါလား”

တပည့်ဖြစ်သူပြောတဲ့စကားကိုကြားတော့ ဆရာဖြစ်သူက မျက်လုံးကိုမှိတ်ပြီး တစ်ခုခုကို အာရုံခံနေသလို လုပ်နေခဲ့တယ်။ ပြီးတာနဲ့ ချက်ချင်းဆိုသလို ရွာသားတွေကိုကြည့်ပြီး

“ ကန်တော့ပွဲ သုံးပွဲ အခုချက်ချင်းလိုတယ်။ ဒါမှသာ ရွာသူရွာသားတွေမှာ စွဲကပ်နေတဲ့ ပယောဂတွေအားလုံးကို ဖယ်ထုတ်လို့ရမယ်”

“ ဘယ်လို … ဟင်… ရွာသားတွေ အားလုံးမှာ ပယောဂရှိနေတယ်ဟုတ်လားဆရာ”

ရွာခံတွေမေးတဲ့စကားကြောင့် ဆရာဖြစ်သူက ခေါင်းကိုဖြေးညှင်းစွာငြိမ့်ပြီး

“ လူတိုင်းမဟုတ်ပေမယ့် အတော်များများမှာ ပယောဂအစွဲတွေ့နေရတယ်။ ဒီပယောဂအစွဲကို ဖယ်ထုတ်ဖို့လုပ်လို့ရပေမယ့် ရွာပတ်ဝန်းကျင်မှာ စီရင်ထားတဲ့ ကိစ္စတွေကိုတော့ ကာယကံရှင်ကိုခေါ်သွင်းပြီးမှ လုပ်လို့ရတာမို့ ပွဲပြင်ခိုင်းရခြင်းဖြစ်တယ်”

“ ဒါဖြင့် ခဏတော့ စောင့်ပေးပါဗျာ။ ကျုပ်တို့အခုပဲ လုပ်လိုက်ပါ့မယ်”

နာရီဝက်လောက်ကြာတော့ အုန်းသီး ငှက်ပျောသီးတွေပါတဲ့ ကန်တော့ပွဲသုံးပွဲရောက်လာခဲ့တယ်။

ပိုင်မိုးလဲ ကန်တော့ပွဲတွေကို ကူသယ်ပေးပြီးချိန်မှာတော့ ဆရာဖြစ်သူက ကန်တော့ပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းလိုက်ပြီး

“ ဘုရားငါးဆူတို့ရဲ့အမိန့်၊ အထက်ဆရာကြီးများအာဏာဖြင့် ငရဲသနင်း ယမမင်းကြားစေသိစေသတည်း… ကိုးတိုင်ရွာ တွင်းရွာပြင် ခြုံနွယ်ပိတ်ပေါင်းတွေမှာ အစီရင်တွေထည့်သွင်းထားပြီး ရွာသားတွေကို ပြုစားထားတဲ့ အပြစ်သားအနေနဲ့ အသင်၏ထိန်းချုပ်မှုအောက်တွင်ရှိနေပါက ယခုချက်ချင်း အစွဲကြီးသူ၏ကိုယ်ထဲသို့ဝင်ရောက်ပူးကပ်ပါစေသား” လို့အမိန့်ပြန်လိုက်ရာ မိနစ်အနည်းငယ်အတွင်းမှာပဲ အသက်ရှစ်ဆယ်အရွယ်မိန်းမကြီးတစ်ယောက် ထဘီစွန်တောင်စွဲကာ အိမ်ပေါ်ပြေးတက်လာတာကိုမြင်လိုက်ရတယ်။

“ ဟိတ် သင်ဘယ်သူလဲ…”

“ ငါ ငါနာမည် မှိုင်းလုံ”

အဖွားကြီးဆီကနေ ထွက်လာတဲ့ ယောင်္ကျားသံကြောင့် ရွာခံတွေအားလုံး အံ့အားသင့်သွားခဲ့သလို မှိုင်းလုံဆိုတဲ့နာမည်ကြောင့် ရှေ့မှီနောက်မှီလူကြီးတွေကြားထဲ ကြွက်စိကြွက်စိအသံတွေထွက်ပေါ်လာခဲ့တယ်။

“ သင်က သေဆုံးပြီးသားမဟုတ်လား… “

“ ဟုတ်တယ်”

“ အခုသင်ဘယ်ဘုံဘဝမှာရောက်နေတာလဲ”

“ ငါက ငရဲကြီးရှစ်ထပ်ရဲ့ စတုတ္တအထပ်မှာ အပြစ်ကြွေးတွေကိုပေးဆပ်နေတယ်”

“ သင့်ကိုလိုက်ပို့ပေးတဲ့ ငရဲတမန်တော်တွေလဲ လုပ်ဆောင်ရမယ့် တာဝန်တွေရှိနေတာမို့ ကျုပ်မေးတာကိုအမှန်တိုင်းဖြေပါ။ သင့်အနေနဲ့ လိမ်လည်ထွက်ခဲ့ရင် တမန်တော်တွေက မုသာဝါဒကံအတွက် အပြစ်ဒဏ်ကိုထပ်တိုးရေးမှတ်စေ”

ပိုင်မိုးလဲ မမြင်ဖူးမကြားဖူးတာတွေ ကြားလိုက်မြင်လိုက်ရတာကြောင့် ဆရာဖြစ်သူကို အထင်ကြီးလေးစားသွားပြီး ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်နေခဲ့တယ်။

“ ပြောမယ် ပြောပါမယ် မလိမ်ရဲပါဘူး…. ငါက လူဘဝတုန်းက ဆေးပညာကိုခုတုံးလုပ်ပြီး အောက်လမ်းအတတ်တွေနဲ့လူတွေကိုပြုစားခဲ့ပါတယ်။ ငါမွေးထားတဲ့ သရဲတွေကို ရွာအတွင်းအပြင်နေရာအနှံ့မှာ ထားခဲ့သလို အစိမ်းသေသေတဲ့လူတွေကိုလဲ ခိုင်းစေခဲ့ပါတယ်”

“ ဟုတ်ပြီ ဒါဆိုရင် သင်စီရင်ခဲ့တဲ့ အဓိကနေရာတွေကိုပြောပါ၊ ပြီးတာနဲ့ ရွာခံလူတွေရဲ့ကိုယ်မှာ ကျန်ရှိနေတဲ့ စက်ကြွင်းစက်ကျန်တွေအားလုံးကို ပြန်ယူသွားပါ၊ မောင်ကောင်းနဲ့ ရွာခံလူတွေက သူပြောတဲ့နေရာတွေကို စာရွက်နဲ့လိုက်မှတ်ထားပေးပါ”

ဆရာဖြစ်သူစကားအဆုံးမှာ ဝင်ပူးနေတဲ့သူက အစီအရင်တွေလုပ်ထားတဲ့နေရာတွေကို တစ်ခုချင်းပြောပြခဲ့တယ်။ အားလုံးကုန်တာနဲ့ လာကြည့်ကြတဲ့လူတွေရော ရွာမှာရှိတဲ့သူတွေအားလုံးရဲ့ဦးခေါင်း၊ ဝမ်းဗိုက်၊ ခြေထောက်တွေထဲကနေ လေတွေရွှေ့လျားသလိုဖြစ်ကာ အပြင်ဘက်ကို တိုးထွက်သွားခဲ့တယ်။

ဆရာဖြစ်သူကလဲ စက်တွေအားလုံးကုန်စင်မစင် စစ်ဆေးမေးမြန်းပီး ကုန်စင်တာသေချာပီဆိုမှ မူလအပြစ်ဒဏ်ကျခံတဲ့နေရာဆီကိုပြန်လွှတ်စေခဲ့တယ်။

ဆရာဖြစ်သူအနေနဲ့ အစီအရင်နေရာတွေကို ရွာသားတွေနဲ့အတူ လိုက်ပါပြီး ပြာချထားတဲ့အင်းတွေကိုပက်ဖြန်းပေးပြီး အန္တရာယ်ကင်းအောင် စီမံပေးခဲ့သလို ပေါက်ကျော်ကို ချုပ်နှောင်ထားတဲ့ မန်ကျီးပင်ထဲက အစီအရင်ကိုလဲ ပျက်စီးအောင်ပြုလုပ်ပေးခဲ့တယ်။

ဆရာနှစ်ယောက်လဲ ရွာမှာတစ်ပတ်လောက်နေပြီး အခြားသူတွေပြုစားထားတဲ့ ပယောဂအကြွင်းအကျန်တွေကိုလဲ ထပ်မံကုသပေးခဲ့တယ်။ ဆရာနှစ်ယောက် ရွာကနေ ပြန်ထွက်သွားတဲ့နေ့မှာတော့ ပိုင်မိုးတစ်ယောက် အိမ််မက်တစ် ခုကိုမြင်မက်ခဲ့တယ်။

အိမ်မက်ထဲမှာ သူဘွဲ့ယူနေတဲ့အချိန် ဆရာနှစ်ယောက်ရောက်လာပြီး ယောဂီဝတ်စုံတစ်ထည်ကမ်းပေးခဲ့တယ်။ ပိုင်မိုးကလဲ သူ့ကိုကမ်းပေးတဲ့ ယောဂီဝတ်စုံကို ယူလိုက်ချိန်မှာတော့ ပါးစပ်အတွင်းကနေ ပြိုးခနဲပျက်ခနဲ အရောင်တွေထွက်လာပြီး အနီးနားမှာရှိတဲ့ သစ်ပင်ကြီးငယ်တွေဆီကနေ ဝမ်းသာအားရ အော်ဟစ်သံတွေထွက်ပေါ်လာခဲ့တယ်။
++++++

လရောင်က မှိန်ပြပြသာနေပေမယ့် မြေနီလမ်းတစ်ခုလုံးကို ကောင်းစွာမြင်ရအောင် အလင်းပြပေးနေခဲ့တယ်။ အဲဒီအချိန် ရုတ်တရက်ပြိုကျလာတဲ့ ကျီးသံနဲ့အတူ လူနှစ်ယောက်ရဲ့ခြေသံက တိတ်ဆိတ်နေတဲ့ ညအချိန်မှာ ကျယ်လောက်စွာထွက်ပေါ်လာခဲ့တယ်။

“ မောင်ကောင်း…. “

“ဗျာ …ဆရာ”

“ ဒီရက်ပိုင်း ငါကမင်းအနားမှာရှိမှာမဟုတ်လို့ ကိုယ်လုပ်ရမယ့်အလုပ်ကို စိတ်ဝင်တစားလုပ်ဖို့လိုလိမ့်မယ်”

“ဟင်… ဒါဆို ဆရာက ဘယ်သွားမှာလဲ”

“ ငါကို ဖိတ်ထားတဲ့သူတစ်ယောက်ဆီသွားရမှာ။ ဒါကြောင့် မင်းအနေနဲ့ ငါမရှိတဲ့အချိန် မြို့အဝင်စေတီမှာ ၇ရက်အဓိဌာန်ဝင်နေဖို့လိုမယ်။ အဓိဌာန်ပြီးတဲ့အချိန် ငါပြန်လာခဲ့မယ်”

“ ဆရာသွားတဲ့အချိန် ကျွန်တော်ဆီ ဘယ်လိုစမ်းသပ်မှုတွေလာဦးမလဲမသိပါဘူးဗျာ..”

မောင်ကောင်းရဲ့ ညဉ်းညူသံနဲ့အတူ မိန်းမတစ်ယောက်ရဲ့ ရယ်သံတစ်ခုကပ်ပါလာခဲ့တယ်။

ဒီရယ်သံရဲ့ နောက်ဆက်တွဲကိုတော့ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်က လွဲပြီး ဘယ်သူသိနိုင်ဦးမှာလဲ။

ရယ်သံရဲ့ အကြောင်းသိချင်ကြတဲ့ စာဖတ်သူတွေအနေနဲ့ အောင်မြတ်သာနှင့် သမာဓိပျက်ကုန်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment