အောင်မြတ်သာနှင့်ဂဠုန်နဂါးရေမှာနား

  အောင်မြတ်သာနှင့်ဂဠုန်နဂါးရေမှာနား အဆုံးအစမရှိကျယ်ပြန့်နေတဲ့ပင်လယ်ပြင်ကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေကနေ တစ်ဆင့် ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးကြီ... thumbnail 1 summary

 အောင်မြတ်သာနှင့်ဂဠုန်နဂါးရေမှာနား

အဆုံးအစမရှိကျယ်ပြန့်နေတဲ့ပင်လယ်ပြင်ကနေ တိုက်ခတ်လာတဲ့ လေပြင်းတွေကနေ တစ်ဆင့် ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးကြီးငယ်တွေက ကမ်းခြေအစပ်မှာ သဘာဝအလျောက် ဖြစ်တည် နေတဲ့ ကျောက်ကမူလေးကို အရှိန်အဟုန်ပြင်းစွာဖြင့် လာရောက်ရိုက်ပုတ်တဲ့အသံက တိတ်ဆိတ် နေတဲ့ညချမ်းအချိန်အခါကို ကျော်လွန်ပြီးထွက်လာခဲ့တယ်။
“ ဝုန်း ဝုန်း ဝုန်း”
“ ဖြောင်း ဂလုန်း ဂလုန်း”
ဒေါသကြီးစွာရိုင်းခတ်နေတဲ့ လှိုင်းရိုက်သံတွေနဲ့အတူ “ ဒေါက် ဒေါက် ဒေါက်” ဆိုတဲ့ အသံတစ်ခုက စည်းချက်ညီစွာ ထွက်ပေါ်လာခဲ့တယ်။
“ ဆရာကြီး ဒီနေရာက မုန္ဒနဂါးမင်းနေထိုင်တဲ့ သိုက်နန်းဆိုတာသေချာရဲ့လား”
ယောဂီဝတ်စုံဝတ်ထားပြီး ပုတီးတစ်ကုံးကို လက်မှာပတ်ထားတဲ့ သက်လတ်ပိုင်း လူတစ်ယောက်ရဲ့မေးသံကြောင့် တစ်ခေါင်းလုံးဖြူဖွေးနေတဲ့လူက လက်ထဲမှာကိုင်ထားတဲ့ တောင်ဝှေးကို ကျောက်ကမူပေါ်ကို ဆောင့်ချရင်း
“ သေချာတာပေါ့ သူရရယ် ငါသေချာကြည့်ရှုပြီးပြီ ဆဌမအာရုံအမြင်တွေကလဲ ဒီနေရာကိုပဲ ညွှန်ပြနေတယ် သိပ်မကြာခင် တိကျတဲ့အဖြေတစ်ခုကိုရလာတော့မှာပါ” လို့ပြောရင်း တောင်ပံဖြန့် ထားတဲ့ဂဠုန်ရုပ်ထုပါတဲ့ တောင်ဝှေးကို ကျောက်ကမူပေါ်ကို ထုချလိုက်တယ်။
“ ဒေါက် ဒေါက် ဒေါက်”
“ ခွပ်”
တောင်ဝှေးကိုထောက်ချလိုက်တဲ့အချိန် မြည်လာတဲ့အသံကြောင့် ဆံပင်တွေဖြူနေတဲ့လူက မှိတ်ထားတဲ့မျက်လုံးတွေကို ရုတ်ချည်းဖွင့်လိုက်ပြီး
“ သူတို့လာနေပြီ ငါတို့ရည်မှန်းချက်အကောင်ထည်ပေါ်တော့မယ် ဟားဟားဟား”
“ ဆရာကြီး ဟိုမှာလှိုင်းလုံးကြီးတစ်ခုက ကျွန်တော်တို့ဘက်ကိုရွှေ့လာနေတယ်”
တပည့်ဖြစ်သူစကားကြောင့် တောင်‌ဝှေးကိုင်ထားတဲ့လူက ပင်လယ်ဘက်ကို ကြည့်လိုက်ပြီး
“ ငါ့အမိန့်ကိုအစထဲက မလွန်ဆန်ပဲ လာတွေ့ရမှာ”လို့တီးတိုးရေရွတ်ကာ လှိုင်းလုံးကို စူးစိုက် ကြည့်နေလိုက်တယ်။
ရေလှိုင်းလုံးကြီးက ကမူအနားကိုရောက်တော့ အသက်၁၆နှစ်အရွယ်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီး တောင်ဝှေးကိုင်ထားတဲ့လူရဲ့ခြေရင်းမှာ ဒူးထောက်ထိုင်ချလိုက်တယ်။
“ ရေထဲကနေလူပုံသဏ္ဍာန်ဖြစ်အောင်ပြောင်းလဲနိုင်စွမ်းရှိတယ်ဆိုတော့ သင်ဟာမုန္ဒနဂါးမင်းပဲ ဖြစ်ရမယ်”
“ ဟုတ်ပါတယ်ဆရာ ကျုပ်က မုန္ဒနဂါးမင်းပါ ဆရာက ကျုပ်ကိုခေါ်တာ ဘာအရေးကိစ္စများ ရှိလို့ပါလဲ”
“ ကျုပ်နာမည်က ရွှေမှိုင်းလို့ခေါ်တယ် အခုတော့ သုပဏ္ဏဂဠုန်ဂိုဏ်းရဲ့ အဓိပတိနေရာကို တာဝန်ယူထားရတယ် ကျုပ်ခေါ်ရတဲ့အရေးကိစ္စက ဒီကမူထက်မှာ ကျုပ်တို့ ဂဠုန်ဂိုဏ်းရဲ့ စေတီတစ်ဆူကိုတည်ဖို့ရှိတယ် ဒီအတွက်ကြောင့် ကမူအောက်မှာ တည်ဆောက်ထားတဲ့ သင်တို့ရဲ့သိုက်နန်းကို အခြားနေရာကို ပြောင်းပေးပါ”
ရွှေမှိုင်းဆိုတဲ့ဆရာရဲ့စကားကြောင့် ခြေရင်းမှာ ဒူးထောက်ထိုင်နေတဲ့ နဂါးမင်းက မျက်နှာကို ဘေးတစ်ဘက်စီသို့လွှဲလိုက်ပြီး
“ ဆရာတို့ရဲ့ ပညာကို လေးလဲလေးစားပါတယ် ရိုလဲရိုသေပါတယ် ဒါပေမယ့် ကျုပ်တို့ရဲ့ သိုက်နန်းကိုပြောင်းရွှေ့ဖို့က ဘယ်လိုမှမဖြစ်နိုင်ပါဘူး ဒီကမူအောက်မှာ နေထိုင်ကြတဲ့ မျိုးနွယ်တွေက ကျိုက္ခမီရေလယ်ဘုရားကိုသွားပြီး တစ်နေ့သုံးကြိမ်ဦးခိုက်ကြရပါတယ် မသမာသူတွေမဖျက်စီး နိုင်အောင်လဲ အချိန်ပြည့်အလှည့်ကျစောင့်ကြပ်နေရပါတယ် ဒီအတွက်ကြောင့် ဘယ်လိုမှ ပြောင်းရွှေ့ မပေးနိုင်ပါဘူးဆရာ “
နဂါးမင်းရဲ့စကားကြောင့် ဆရာရွှေမှိုင်းမျက်နှာ ကွက်ခနဲပျက်သွားပြီး
“ သင်တို့ရဲ့တာဝန်တွေကို ကျုပ်လဲနားလည်ပါတယ် ဒါပေမယ့် ဒီနေရာမှာတည်မယ့် စေတီက နောင်တစ်ချိန် ကျုပ်တို့ဂိုဏ်းအတွက်သမိုင်းဝင်မယ့်စေတီတစ်ဆူဖြစ်တဲ့အတွက် သင်တို့ ပူးပေါင်းကူညီပေးမယ်ဆိုယုံကြည်ပါတယ် သင့်အနေနဲ့ ဆုံးဖြတ်ရတာအရမ်းခက်နေရင် မနက်ဖြန် ညသန်းခေါင်းကျုပ်တို့ပြန်လာခဲ့ပါ့မယ် အခုသင်ပြန်လို့ရပါပြီ” လို့ပြောလိုက်တော့ နဂါးမင်းက မနှစ်သက်သောအမူအယာနဲ့ အရိုအသေပေးကာ ပင်လယ်ပြင်အောက်ကို ငုံ့လျှိူးပျောက်ကွယ် သွားခဲ့တယ်။
နဂါးမင်းပျောက်ကွယ်သွားတာနဲ့ ဆရာရွှေမှိုင်းနဲ့တပည့်ဖြစ်သူကလဲ ကမူပေါ်ကနေ ဆင်းကာ အမှောင်ထုထဲကို ဝင်ရောက်ပျောက်ကွယ်သွားခဲ့ကြတယ်။
--------------------------------
ညသန်းခေါင်အချိန်ဖြစ်တဲ့အတွက် သက်ရှိဆိုလို့ ဘုရားလှေကားရင်းမှာ အိပ်ပျော်နေတဲ့ ခွေးတွေကလွဲပြီး ဘယ်သူကိုမှမတွေ့ရတဲ့အချိန် ဘုရားစောင်းတန်းကနေ လူသုံးယောက် လမ်းလျောက်လာခဲ့ကြတယ်။
စောင်းတန်းကိုလှိုင်းရိုက်ပုတ်တဲ့အသံတစ်ချို့ကလွဲပြီး မည်သည့်အသံမှ မကြားရတဲ့အချိန် ငိုရှိုက်သံသဲ့သဲ့က ပင်လယ်ပြင်ဘက်ကနေ လွင့်ပျံလာခဲ့တယ်။
လမ်းလျောက်နေကြတဲ့လူသုံးယောက်က ငိုရှိုက်သံသဲ့သဲ့ကို ကြားလိုက်မိဟန်နဲ့ လျောက်နေ ကြတဲ့ခြေလှမ်းတွေကို ရုတ်တရက်ရပ်လိုက်ပြီး အသံကြားရာဘက်ကို တစ်ချက်မျှလှမ်းမျှော်ကြည့် လိုက်ပြီး ငိုသံကိုဂရုမစိုက်ဟန်နဲ့ ဘုရားစံမြန်းရာကျောင်းဆောင်ဘက်ကို လျောက်လာခဲ့ကြတယ်။ ဘုရားစံမြန်းရာကျောင်းဆောင်ရဲ့ လှေကားဝကိုရောက်တဲ့အချိန်မှာတော့ အလယ်ကနေ လျောက်လာတဲ့ လူငယ်က ပိတ်ထားတဲ့တံခါးကို ထိုးဖောက်ကာအထဲကို ဝင်သွားခဲ့တယ်။ လူငယ်ဝင် ပြီးတာနဲ့ အနောက်မှာကျန်နေတဲ့သူနှစ်ယောက်ကလဲ တံခါးကိုထိုးဖောက်ကာ အထဲကိုလိုက်ဝင် သွားခဲ့တယ်။
အထဲရောက်ချိန်မှာတော့ ရွှေရောင်ဝင်းဝါစွာဖြင့် သပ္ပါယ်နေတဲ့ ကျိုက္ခမီရေလယ်ဘုရားကို ဖူးမြင်လိုက်ရတယ်။ ဘုရားဘေးပတ်ပတ်လည်မှာတော့ အနယ်နယ်အရပ်ရပ်က ကြွရောက်ပြီး တရားအားထုတ်နေကြတဲ့ သူတော်စင်ပုဂ္ဂိုလ်အများအပြားကိုလဲ မြင်လိုက်ရတယ်။ သူတော်စင်တွေ ရဲ့အနောက်မှာတော့ နတ်နဂါးမျိုးနွယ်တွေက ဝတ်ကောင်းစားလှများဝတ်ဆင်ကာ တရား အားထုတ်သူတွေ ခြင်ယင်မသန်းစေရအောင် ယပ်ခပ်ပေးနေတာကိုလဲ အံသြဘနန်းမြင်တွေ့ လိုက်ရတယ်။
လူငယ်သုံးယောက်လဲ ကျိုက္ခမီရေလယ်ဘုရားကို ထိခြင်းငါးပါးနဲ့ ရိုသေစွာကန်တော့ပြီးတဲ့ အချိန်မှာတော့ အနောက်မှာ လာရပ်နေတဲ့ အရိပ်တစ်ခုကို သတိထားမိလိုက်ပြီး အနောက်လှည့်ကြည့် လိုက်တဲ့အချိန်မှာတော့ ပြုံးရွှင်နေတဲ့မျက်နှာထားနဲ့ လူငယ်သုံးယောက်ကိုကြည့်နေတဲ့ လူငယ် တစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ဆရာတို့ဘုရားရှိခိုးတာကို အနှောင့်အယှက်ပေးမိခဲ့ရင် တောင်းပန်ပါတယ် ကျုပ်နာမည်က သုန္ဒလို့ခေါ်ပါတယ် “
ဖော်ရွှေစွာနှုတ်ဆက်စကားဆိုလိုက်တဲ့ သုန္ဒစကားကြောင့် လူငယ်သုံးယောက်ထဲကမှ အလယ်မှာရှိနေတဲ့လူငယ်က
“ ကျုပ်နာမည်က အောင်မြတ်သာပါ ဒီဘက်ဘေးကနှစ်ယောက်က သက်ခိုင်နဲ့ တောက်ရလို့ ခေါ်ပါတယ် “
“ ဆရာတို့နာမည်တွေကို ကြားဖူးနေတာတော့ ကြာပါပြီ လူကိုတော့အခုမှပဲ မြင်ဖူးတော့တယ် ဆရာအောင်မြတ်သာက အောက်လမ်း၊စုန်း၊ကဝေတွေအပြင် ဆိုးသွမ်းရမ်းကားတဲ့ နတ်ဆိုးတွေကိုလဲ လိမ်မာယဉ်ကျေးအောင်ဆုံးမနိုင်သူအဖြစ် ကျော်ကြားသလို ဆရာသက်ခိုင်က တစ်ခါတစ်လေ အရမ်းအေးပြီးသနားတတ်ပေမယ့် အရမ်းဆိုးသွမ်းတဲ့စုန်း၊ကဝေ၊ နတ်ဆိုးတွေကို ခေါင်းမထောင် နိုင်အောင်ပညာပေးတဲ့နေရာမှာ နာမည်ကြီးတယ်နော် အော် ဒီဘက်က ဆရာတောက်ရ အကြောင်း ကိုတော့ ကျုပ်တို့လောကမှာ အတော်များများသိကြတယ် ဒုဌဝတီမြစ်အောက်က နဂါးတွေကို ဆုံးမ ခဲ့တဲ့အကြောင်းကတော့ လူ့ပတ်ဝန်းကျင်စကားအရပြောရရင် ညအိပ်ရာဝင်ပုံပြင်လို ပြောဖြစ်ခဲ့ကြတယ် ဆရာတောက်ရက မွေးရာပါအစွမ်းကြောင့် မြွေနဂါးတွေကို လိုသလိုစေခိုင်း နိုင်တယ်လို့လဲသိထားကြတယ် ကျုပ်သိတာတွေက ကောလဟလတွေတော့ မဟုတ်လောက်ဘူး ထင်ပါတယ်နော်”
အပြုံးချိုချိုနဲ့ တစ်ခွန်းချင်းပြောသွားတဲ့ လူငယ်လေးရဲ့စကားကြောင့် အောင်မြတ်သာတို့ သုံးယောက်လုံး ရယ်လိုက်ကြပြီး
“ သင်ချီးကျူးတာတွေများနေပါပြီ ကျုပ်တို့က သင်ထင်သလောက် မဟုတ်ကြပါဘူး သစ္စာ မေတ္တာ ကျင့်ကြံစွမ်းအားအချို့ကြောင့်သာ မကောင်းမှုပြုနေကြတဲ့သူတွေကို အောင်နိုင်ခဲ့တာပါ တကယ်တော့ ကျုပ်တို့ထက် ပညာစွမ်းမြင့်တဲ့သူတွေ လောကမှာ ရေတွက်မနိုင်အောင် များပြားပါတယ်” လို့ပြောလိုက်တော့ လူငယ်က
“ ပညာရှိတွေများ တယ်လေးစားဖို့ကောင်းလိုက်တာ ကျုပ်လူရွေးတာမှန်ပြီထင်ပါတယ် ဆရာတို့အချိန်ရရင် ကျုပ်စကားအနည်းငယ်ပြောချင်ပါတယ် “လို့ပြောတော့ အောင်မြတ်သာက
“ ရပါတယ် တိတ်ဆိတ်တဲ့နေရာတစ်ခုကိုသွားပြီး ပြောကြတာပေါ့”လို့ပြောလိုက်တယ်။
လူငယ်ကလဲ အောင်မြတ်သာတို့ဆီက ခွင့်ပြုချက်ရပြီမို့ ဘုရားအောက်ခြေက ငါးစားကျွေးတဲ့ နေရာဘက်ကို ထွက်သွားခဲ့တယ်။ အောင်မြတ်သာတို့လဲ လူငယ်အနောက်ကနေ လိုက်သွားပြီး ငါးစာကျွေးတဲ့နေရာကိုရောက်တော့
“ ဆရာတို့ကို ဘာမှမပြောခင် ကျုပ်ရဲ့ဘဝအစစ်အမှန်ကိုပြချင်ပါတယ်” လို့ပြောကာ ရေထဲကို ဝုန်းခနဲခုန်ချသွားခဲ့တယ်။
ရေထဲကျသွားတာနဲ့ ရေအောက်ကနေ ဝဲဂယက်တွေထလာပြီး တစ်ကိုယ်လုံးနီရဲနေတဲ့ နဂါး တစ်ကောင်ရေထဲကနေပေါ်လာခဲ့တယ်။ အောင်မြတ်သာက ရေထဲကနေခေါင်းထောင်ပြီးပေါ်နေတဲ့ နဂါးကိုကြည့်ပြီး
“ သင့်ကိုယုံကြည်ပါတယ် သံသယလဲမဖြစ်မိပါ သင်ပြောချင်တဲ့အကြောင်းအရာတွေကို ပြောခွင့်ပြုပါတယ်” လို့ပြောလိုက်တော့မှ ရေအောက်ထဲကို ပြန်လည်ငုံ့လျှိုးသွားခဲ့တယ်။ ခဏနေတော့ ရေမစိုပဲ ကမ်းစပ်ကနေ အိန္ဒြေရရတက်လာတဲ့ လူငယ်ကိုမြင်လိုက်ရတယ်။ လူငယ်က အောင်မြတ်သာတို့ရှိရာဘက်ကိုလျောက်လာပြီး
“ ဆရာတို့ရောက်လာတော့ ပင်လယ်ဘက်ကနေ ငိုရှိုက်သံတစ်ခုကိုကြားမိလိုက်သေးတယ် မဟုတ်လား”
“ ဟုတ်ပါတယ် ကျုပ်တို့ကြားလိုက်မိတယ် ငိုရှိုက်သံက တစ်ခုခုကိုရည်ညွှန်းတယ်ဆိုတာ သိပေမယ့် ဘုရားကိုအရင်ဦးဆုံးဖူးမျှော်ဖို့ထွက်လာခဲ့မိတယ်”
“ ဒါကဖြစ်သင့်ပါတယ်ဆရာ အခုကျုပ်ပြောချင်တာက ဆရာတို့ကြားတဲ့ ငိုကြွေးသံက ကျုပ်ရဲ့ အကိုတော်မုန္ဒဆီကလာတာပါ ဆရာတို့က သမာသမတ်ကျပြီး မတရားမှုကိုဖြေရှင်းပေးတဲ့ ဆရာတွေ ဖြစ်တဲ့အတွက် ကျုပ်တို့ဆီကိုရောက်အောင် ပင့်ဆောင်ခဲ့တာဖြစ်ပါတယ်”
အောင်မြတ်သာလဲ သုန္ဒပြောတဲ့စကားကိုကြားတော့ ခေါင်းတစ်ဆတ်ဆတ်ငြိမ့်လိုက်ပြီး
“ သင်တို့ကြုံတွေ့နေရတာတွေကို ကျုပ်ကိုပြောနိုင်ပါတယ် မတရားမှုမှန်ရင် ကျုပ်တို့ကူညီ ပေးပါ့မယ်”
“ ကျေးဇူးတင်ပါတယ်ဆရာ ကျုပ်တို့မှာအခုနေရပ်ကနေ ထွက်ခွာရမယ့် အခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ် ကျုပ်တို့ကိုနှင်ထုတ်တဲ့ဆရာကလဲ ပညာစွမ်းအရမ်းထက်တော့ သူ့ကို အာမခံရဲကြဘူးဖြစ်နေတယ် ကျွန်တော်တို့မနက်ဖြန်မှအဖြေမပေးရင် အကိုတော်ကို သူတို့တစ်ခုခု လုပ်ကြလိမ့်မယ်ဆရာ “
သုန္ဒလဲ အောင်မြတ်သာတို့ကိုဖြစ်ကြောင်းကုန်စင်ပြောလိုက်တော့
“ သင်တို့ကိုဘာအတွက်ကြောင့်နှင်ထုတ်ရမှာလဲ သင်တို့က ဝိရူပက္ခနတ်မင်းရဲ့ အမိန့်နဲ့ နေနေရတဲ့သူတွေမဟုတ်ပါလား နတ်မင်းကြီးကိုသဝဏ်လွှာပို့ပြီး အကူအညီတောင်းကြည့်သေးလား”
“ အကိုတော်က လုပ်နိုင်သမျှတွေအကုန်လုပ်ခဲ့ပါတယ် နတ်မင်းကြီးက နတ်သဘင်အစည်း အဝေးသွားနေတဲ့အတွက် ကိုယ်တိုင်တွေ့ခွင့်မရခဲ့ဘူးလို့လဲပြောပါတယ် အခြားနဂါးမင်းတွေကို တိုင်ပင်ကြည့်တော့လဲ အမိန့်ပေးထားတဲ့ ဆရာရဲ့ဂိုဏ်းစောင့်တွေက ကျုပ်တို့မျိုးနွယ်တွေ အလွန်ကြောက်ရတဲ့ ဂဠုန်နတ်တွေဖြစ်နေတာရယ် ကျုပ်တို့မှာလဲ အချိန်က တစ်ရက်ပဲ ကျန်တော့တဲ့အတွက် ဆရာတို့ရဲ့အကူအညီက ကျုပ်တို့မျိုးနွယ်တွေအတွက် အရမ်း အရေးကြီးနေတာဖြစ်ပါတယ်”
“ လက်စသတ်တော့ သင်တို့ကို အမိန့်ပေးထားတဲ့သူက သုပဏ္ဏဂဠုန်ဂိုဏ်းကဖြစ်နေတာကိုး သိပ်လဲစိတ်မပူပါနဲ့ ကျုပ်သူတို့နဲ့တွေ့ပြီး ဆွေးနွေးကြည့်ပါဦးမယ် “
အောင်မြတ်သာစကားကြောင့် သုန္ဒမျက်နှာပြုံးရွှင်သွားပြီး
“ ဆရာတို့ဆွေးနွေးမှုအောင်မြင်ပါစေလို့ ကျုပ်ဆုတောင်းပေးပါတယ် ဆရာတို့လိုအပ်တဲ့ အကူအညီရှိရင် ရေပြင်ကိုပုတ်ပြီးကျုပ်နာမည်ကိုခေါ်လိုက်ပါ”လို့ပြောပြီး ရေအောက်ထဲကို ခုန်ဆင်း သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ သုန္ဒထွက်သွားပြီးတဲ့နောက်မှာတော့ ရေပေါ်မှာပေါ်နေတဲ့ ကျောက်ဆောင်ပေါ်မှာထိုင်လိုက်ပြီး
“ ဒီပြဿနာကတော့ အထက်လမ်းဂိုဏ်းနှစ်ဂိုဏ်းထိပ်တိုက်တွေ့ဆုံမယ့်ပွဲဖြစ်လာနိုင်တယ် “
“ ဆရာ ခုနက သုန္ဒပြောသွားတဲ့ ဂိုဏ်းကို ဆရာသိလား သူတို့နဲ့ရောဆုံဖူးလား”
သက်ခိုင်စကားကြောင့် အောင်မြတ်သာက ရေပြင်ဘက်ကို ငေးကြည့်ပြီး
“ သုပဏ္ဏဂဠုန်ဂိုဏ်းဝင်တွေက အရမ်းလျှို့ဝှက်ကြတယ် သူတို့ဂိုဏ်းဝင်တွေရဲ့ ဂုတ်ပိုးနဲ့ ကျောပြင်တွေမှာ နဂါးတစ်ကောင်ကိုသုတ်ချီနေတဲ့ ဂဠုန်ပုံတွေထိုးထားတတ်ကြတယ် ဂဠုန်ဂိုဏ်းသားတွေက တုတ်ပြီး ဓါးပြီး သေနတ်ပြီးတဲ့ အစီအရင်တွေကိုလဲ တစ်ဖက်ကမ်းခတ် တတ်မြောက်ကြတယ် “
“ ဒါဆို သူတို့ကလဲ အင်းကိုပဲအသုံးပြုတာပေါ့ အချို့တုတ်ပြီး ဓါးပြီးဆေးထိုးတဲ့အခါ အင်းစမတွေကိုအခြေခံပြီး သတ်မှတ်ထားတဲ့စန်းနက္ခမှာ ထိုးကြတာ ကြားဖူးတယ်”
“ ဟုတ်တယ် အင်းစမကို သုံးတဲ့နည်းက ငါတို့နဲ့တူတယ် ဒါပေမယ့် သူတို့က အစားမရှောင် ကြဘူး မြတ်စွာဘုရားရှင်ကိုယ်တိုင် အသားငါးစားသုံးတယ်ဆိုတဲ့အချက်ကို စွဲကိုင်ပြီး သူတို့က အသားစားကြတယ် အခုငါတို့ရင်ဆိုင်ရမယ့် သူက သုပဏ္ဏဂဠုန်ဂိုဏ်းရဲ့ အဓိပတိဖြစ်ဖို့များတယ် သူကထင်ပေါ်ကျော်ကြားမှုကိုခုံမင်တယ် ဒါကြောင့် လူသိများတဲ့နဂါးသိုက်နေရာမှာ ဂဠုန်စေတီ တည်ဖို့အားထုတ်နေတာပဲ ဒီစေတီတည်ပြီးသွားရင် သူ့ကိုလူတွေပိုပြီး အထင်ကြီးအားကိုး လာလိမ့်မယ် ဒါကြောင့် သူတစ်ပါးအသိုက်အမြုံကို ပျက်စီးအောင် လုပ်နေခဲ့တာ”
“ ဆရာပြောတဲ့အတိုင်းဆိုရင် ဒီလူကတကယ်မလွယ်တာပဲ အခုကျွန်တော်တို့ ဘယ်လိုလုပ် ရမလဲ”
“ အကောင်းဆုံးနည်းလမ်းကတော့ သူတို့နဲ့တွေ့ပြီး ဆွေးနွေးကြည့်ရမှာပဲ ဒီညတော့ ဘုရားဖူး တွေတည်းတဲ့ ဇရပ်မှာပဲ အိပ်လိုက်ကြရအောင်”
အောင်မြတ်သာက သက်ခိုင်နဲ့တောက်ရကို မနက်ဖြန်လုပ်မယ့်အစီအစဉ်ကို အကျဉ်းချုံးပြော ပြပြီး ဇရပ်ရှိရာဘက်ကို ထွက်လာခဲ့လိုက်တယ်။ ဇရပ်ပေါ်ရောက်တော့ ဘုရားရှိရာဘက်ကို ခေါင်းပြုပြီး ခေတ္တအိပ်လိုက်ကြတယ်။ အရုဏ်တက်ခါနီးအချိန်ရောက်တော့ အောင်မြတ်သာတို့ ပြန်နိုးလာပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ကာ ဘုရားရှိခိုး တရားထိုင်ဖို့ စင်္ကြန်လမ်းဘက်ကို ထွက်လာတဲ့အချိန် လှေကားပေါ်ကနေ ဆင်းလာတဲ့ လူနှစ်ဦးကိုတွေ့လိုက်ရတယ်။
အောင်မြတ်သာက လှေကားပေါ်ကနေဆင်းလာတဲ့လူနှစ်ဦးကိုမြင်တော့ ရှေ့ဆက်မသွား တော့ပဲရပ်လိုက်ပြီးအကဲခတ်လိုက်တယ်။ လူနှစ်ဦးကလဲ အောင်မြတ်သာတို့သုံးယောက်ကို အကဲစမ်းရင်း ဘုရားစံမြန်းရာကျောင်းဆောင်ပေါ်ကိုတက်သွားခဲ့တယ်။
အောင်မြတ်သာတို့လဲ ဘုရားပေါ်ရောက်တော့ သင့်တင့်တဲ့နေရာမှာထိုင်လိုက်ပြီး ဘုရားရှိခိုး၊ တရားထိုင်တဲ့အမှုကိုပြုလုပ်ခဲ့ကြတယ်။ တရားထိုင်နေတဲ့အချိန် စိတ်တစ်ခုလုံး ပေါ့ပါးနေပြီး သမထ အာရုံကလဲ ကောင်းသထက်ကောင်းလာခဲ့တော့ ဘုရားတစ်ဝိုက်မှာဖြစ်ပျက်နေတဲ့အရာတွေကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့လာခဲ့တယ်။
များမကြာမီ အလွန်ကျယ်လောင်တဲ့ တောင်ပံခတ်သံအချို့ကိုကြားလိုက်ရပြီး မရှေးမနှောင်း မှာပဲ ဘုရားစံမြန်ရာကျောင်းဆောင်အောက်ဘက်မှာ ရုန်းရင်းဆန်ခတ်ပြေးလွှားနေကြတဲ့ ခြေသံတွေ အပြင် ရေထဲကိုခုန်ချနေကြတဲ့အသံတွေကိုပါကြားလိုက်ရတယ်။
အောင်မြတ်သာလဲ ဖြစ်ပျက်နေတဲ့အရာတွေကို အာရုံစူးစိုက်ကြည့်လိုက်တဲ့အချိန် ပင်လယ်ဘက်ကောင်းကင်ကနေ တောင်ပံတစ်ဖြတ်ဖြတ်ခတ်ပြီး ပျံလာတဲ့ ဂဠုန်ငှက်နှစ်ကောင်ကို မြင်လိုက်ရတယ်။ ဘုရားစံမြန်းရာကျောင်းဆောင်အနီးတစ်ဝိုက်မှာ နေထိုင်ကြတဲ့ နဂါးအနွယ်ဝင်တွေ က အဝေးမှာပျံသန်းလာတဲ့ဂဠုန်ငှက်ကိုမြင်တော့ ခြေဦးတည့်ရာထွက်ပြေးကြတဲ့အသံတွေ၊ ကြောက်လန့်တစ်ကြားအော်ဟစ်နေကြတဲ့အသံတွေကိုလဲ ဆူညံစွာကြားလိုက်ရတယ်။
ဂဠုန်ငှက်နှစ်ကောင်က ဘုရားစံမြန်းရာကျောင်းဆောင်အနားတစ်ဝိုက်မှာ ဝေ့ဝိုက်ပျံသန်းပြီး ချိန်မှာတော့ ခန္ဓာကိုယ်ပိုင်းက တစ်ဖြေးဖြေးသေးလာပြီး သိမ်းငှက်တစ်ကောင်အရွယ်လောက် ရောက်တော့ တရားထိုင်နေတဲ့အခန်းထဲကို လေဟုန်စီးကာပျံသန်းလာပြီး မလှမ်းမကမ်းမှာ တရားထိုင်နေကြတဲ့ လူနှစ်ယောက်ရဲ့ ပခုံးပေါ်မှာ ခိုနားနေတာကိုလဲ အာရုံထဲမှာ မြင်လိုက်ရတယ်။
လူတစ်ယောက်နဲ့တစ်ယောက် ရှင်းရှင်းလင်းလင်း မြင်တွေ့ရတဲ့ချိန်အရောက်မှာတော့ အောင်မြတ်သာတို့တရားဖြုတ်လိုက်ကြတယ်။
“ ဆရာ ဟိုလူနှစ်ယောက်က ကျွန်တော်တို့ကိုကြည့်ပြီး ပြုံးနေတယ်”
တောက်ရစကားကြောင့် အောင်မြတ်သာက အနောက်ကိုလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ နံရံထောင့်လေးမှာ ထိုင်ပြီးကြည့်နေတဲ့လူနှစ်ယောက်ကိုတွေ့လိုက်ရတယ်။ အောင်မြတ်သာလဲ ထိုင်နေရာကနေ ထလိုက်ပြီး ကြည့်နေတဲ့လူနှစ်ယောက်ရှိရာဘက်ကို လျောက်လာခဲ့ပြီး အနားရောက် တော့ တစ်ခေါင်းလုံးဖြူဖွေးနေတဲ့လူက နှစ်လိုဖွယ်ပြုံးလိုက်ပြီး
“အင်းတော်ကြီးဂိုဏ်က ဆရာတွေနဲ့ အခုလိုဆုံရမယ်လို့ တစ်ခါမှမတွေးမိဘူး တွေ့ရတာဝမ်းသာပါတယ်”
အောင်မြတ်သာလဲ နှုတ်ဆက်စကားဆိုလာတဲ့ လူကြီးကို သွားတက်လေးပေါ်ရုံ ပြုံးပြလိုက်ပြီး
“ကျုပ်ကလဲ သုပဏ္ဏဂဠုန်ဂိုဏ်းချုပ်ကြီးရွှေမှိုင်းနဲ့ဒီနေရာမှာတွေ့ဆုံရမယ်ဆိုတာ အစထဲက သိပါတယ်” လို့ပြောလိုက်တော့ ဆံဖြူနေတဲ့လူကြီးရဲ့မျက်နှာတစ်ချက်ထဲ ပြောင်းထဲသွားတာ မြင်လိုက်ရတယ်။
“ ဟားဟား ကျုပ်တို့က ပညာနုသေးတော့ ဖြစ်လာမယ့်ကိစ္စတွေကို ကြိုမမြင်နိုင်တဲ့အတွက် နားလည်ပေးပါဗျာ ဒါပေမယ့် ဒီနေ့ကျုပ်တရားထိုင်တော့ အာရုံထဲမှာမြင်ရတဲ့အရာတစ်ခုကို ပြောပြရဦးမယ်”
အောင်မြတ်သာကတော့ ဆရာကြီးရွှေမှိုင်းစကားကို ငြိမ်သက်တဲ့အမူအရာနဲ့ လက်ခံလိုက်ပြီး “ ပြောပါခင်ဗျ ပညာတစ်ခုရလဲ ကျုပ်တို့အတွက်အကျိုးရှိတာပေါ့ဗျာ”
“ ကျုပ်ဒီနေ့မြင်ရတာက ပင်လယ်ပြင်ဘက်ကို ထွက်နေတဲ့ သဘာဝကျောက်အငူပေါ်မှာ ကျုပ်ကစေတီတစ်ဆူတည်နေတာတဲ့ဗျာ စေတီအောက်မှာတော့ ရဟန်းရှင်လူပြည်သူတွေက ဝမ်းသာအားရ သာဓုတွေခေါ်နေကြတာ ဝဋာတစ်ခွင်လုံးဟိန်းထွက်နေပါရောလား”
ဆရာကြီးရွှေမှိုင်းက အောင်မြတ်သာကိုကြည့်ပြီး ခနဲ့တဲ့တဲ့ပြောလိုက်တဲ့စကားအဆုံးမှာ တောက်ရက
“ ဆရာတို့စိတ်မရှိရင် ကျုပ်လဲဒီမနက်မြင်တွေ့ခဲ့ရတာလေးပြောပြချင်လို့ပါ “လို့ပြောလိုက် တော့ ဆရာကြီးရွှေမှိုင်းက
“ ရပါတယ် လူလေး မင်းမြင်ရတာကိုလဲ ပြောနိုင်ပါတယ် “
တောက်ရက ခွင့်ပြုချက်ရတာနဲ့ လက်မှာကိုင်ထားတဲ့ လွယ်အိတ်ကို ခေါင်းလျှိုလိုက်ပြီး
“ ကျုပ်မြင်ရတာက ကိုယ့်အတ္တတစ်ခုထဲကို ကြည့်တဲ့ ဆရာတစ်ယောက်ကြောင့် မိမိတို့ နှစ်ကာလများစွာနေထိုင်ခဲ့တဲ့ အရပ်ဒေသကိုစွန့်လွှတ်ရမယ့် နတ်နဂါးတွေကို ဥပဓိရုပ်ကောင်း ကောင်း လူငယ်တစ်ယောက်က ကူညီပေးနေတာမြင်ခဲ့ရတယ် နောက်ဆုံးမှာ အတ္တသမားဆရာက ပါလာတဲ့လွယ်အိတ်ကိုတောင်မကောက်နိုင်ပဲ လာရာလမ်းအတိုင်းပြန်ပြေးရတယ်တဲ့” လို့ပြောလိုက် တော့ ဆရာကြီးရွှေမှိုင်းဘေးမှာထိုင်နေတဲ့ လူက ရှူးရှူးရှဲရှဲနဲ့ထဖို့အလုပ်မှာ
“ သူရ ပြန်ထိုင်လိုက် ဒီလိုမျိုးအမြင်ရှိတဲ့လူငယ်တွေကို ငါတကယ်သဘောကျတယ် ဒီမှာ ကောင်လေး မင်းရဲ့အမြင်တွေ မှန်ပါစေလို့ မျှော်လင့်ပါတယ်ကွာ “ လို့ပြောပြီး အောင်မြတ်သာတို့ အရှေ့ကနေထွက်သွားခဲ့ကြတယ်။
အောင်မြတ်သာကတော့ ဘာမှဝင်မပြောပဲ ကျောခိုင်းကာထွက်သွားတဲ့ လူနှစ်ယောက်ကိုသာ ကြည့်နေခဲ့တယ်။
“ ဆရာ ဒီလူတွေက ဘာတွေကိုမာန်တက်နေတာလဲမသိပါဘူးဗျာ ကျွန်တော်က ဆရာညှိနှိုင်း ပြီးဖျောင်းဖျမယ်လို့ထင်ထားတာ ဆရာကဘာမှမပြောပဲ တောက်ရကပဲ ဝင်ဆော်လိုက်တာ ဟိုလူ ဖြစ်သွားတဲ့မျက်နှာကိုကြည့်ဦး”
သက်ခိုင်ပြောတဲ့စကားအဆုံးမှာ အောင်မြတ်သာက
“ ငါလဲအစက သူတို့ကိုဖျောင်းဖျပြီး ညှိနှိုင်းဖို့ဆုံးဖြတ်ခဲ့သေးတယ် ဒါပေမယ့်သူတို့က ဘုရားပရဝဏ်အတွင်းမှာတောင် သူတို့ကိုယ်စောင့်ပုဂ္ဂိုလ်တွေကိုခေါ်ပြီး ငါတို့ကိုပါဝါပြတာမြင်တော့ ပြောရမယ့်စကားလုံးတွေပျောက်ရှကုန်တယ် အဲဒီတော့ ဒီညသူတို့နဲ့ရင်ဆိုင်ရုံပဲရှိတော့တယ်” လို့ပြောပြီး ငါးစာကျွေးတဲ့ဘက်ကို ဆင်းသွားခဲ့တယ်။
အောင်မြတ်သာတို့လဲ ငါးစာကျွေးတဲ့ဘက်မှာ ကိုယ်လက်အနည်းငယ်ဆန့်ပြီး ဘုရားပေါ် ပြန်တက်ကာ တစ်နေကုန်နီးပါး တရားထိုင်နေခဲ့ကြတယ်။ ညနေစောင်းခါနီးရောက်တော့မှ တရားဖြုတ်လိုက်ကြပြီး ဘုရားပေါ်ကဆင်းလာတဲ့အချိန် လှေကားဝမှာ စောင့်နေတဲ့ သုန္ဒကို မြင်လိုက်ရတယ်။
“ ဆရာတို့မနက်ကဖြစ်ပျက်ခဲ့တာတွေကျုပ်အားလုံးသိပြီးပါပြီ အခုကျုပ်အနောက်ကိုလိုက်ခဲ့ ကြပါ”လို့ပြောပြီး ရေလယ်ရှင်ဥပဂုတ္တကျောင်းဆောင်သွားတဲ့လမ်းဆီကိုခေါ်သွားခဲ့တယ်။ ရေကျချိန် ဖြစ်နေတဲ့အတွက် ရေလယ်လမ်းက လူသုံးယောက်ဘေးချင်းယှဉ်သွားလို့ရအောင် ကျယ်ဝန်းနေခဲ့ တယ်။ ရှင်ဥပဂုတ္တကျောင်းဆောင်ပေါ်ကိုရောက်တော့ နေလုံးကမိုးကုတ်စက်ဝိုင်းထဲကို ဝင်လုဝင်ဆဲ ဖြစ်နေခဲ့ပြီ။
သုန္ဒက တိုးလျှိုးပျောက်ကွယ်တော့မယ့် နေလုံးကြီးကိုကြည့်ပြီး
“ ဆရာတို့ဒီကျောင်းဆောင်ရဲ့အောက်ခြေကနေသွားရင် ကျောက်အငူကို အချိန်ခဏလေး အတွင်းရောက်သွားပါလိမ့်မယ် “ လို့ပြောကာ ကျောင်းဆောင်အောက်ခြေဆီကိုခေါ်လာခဲ့တယ်။ အောင်မြတ်သာတို့ ကျောင်းဆောင်အောက်ခြေ ရေစပ်နားရောက်တော့ ကျောက်လွှာနှစ်ချပ်က လူတစ်ယောက်ဝင်လို့ရတဲ့အထိ ပွင့်ထွက်လာခဲ့ပြီး အထဲကရေတွေအပြင်ကိုပန်းထွက်လာခဲ့တယ်။
အောင်မြတ်သာတို့လဲ လူတစ်ကိုယ်စာဝင်လို့ရတဲ့အပေါက်ထဲကို ဝင်လိုက်တဲ့အချိန်မှာတော့ အလွန်အေးစိမ့်တဲ့အချမ်းဓါတ်ကိုခံစားလိုက်ရတယ်။ သုန္ဒက အောင်မြတ်သာတို့ကို အရှေ့ကနေ လမ်းပြပြီးခေါ်ဆောင်သွားခဲ့တာ ဆယ်မိနစ်နီးပါးလောက်ကြာတော့ လူတစ်ကိုယ်စာထွက်လို့ရတဲ့ အပေါက်တစ်ခုပေါ်လာခဲ့တယ်။
“ ဆရာ ဒီလမ်းက ဘုရားကိုဆွမ်းကပ်တဲ့အခါ ကျုပ်တို့သုံးတဲ့လမ်းပဲ အရှေ့မှာမြင်နေရတဲ့ လမ်းနှစ်သွယ်ထဲက ဘယ်ဘက်ကလမ်းကိုတက်သွားမယ်ဆိုရင် ကျောက်အငူပေါ်ကို ရောက်သွားလိမ့်မယ် ဆရာတို့ကိုဒီထိပဲလိုက်ပို့ပေးနိုင်တာ ကျုပ်ကိုနားလည်ပေးပါ”
သုန္ဒက အောင်မြတ်သာတို့ကိုတောင်းပန်ကာ နှုတ်ဆက်ပြီး လာရာလမ်းအတိုင်းပြန်ထွက် သွားခဲ့တယ်။ အောင်မြတ်သာလဲ မြင်နေရတဲ့ အပေါက်အပြင်ဘက်ကို ထွက်ဖို့ဟန်ပြင်လိုက်ပြီးမှ ခေတ္တရပ်လိုက်ပြီး “ သက်ခိုင်နဲ့တောက်ရက အပေါ်ကိုချက်ချင်းမတက်လာနဲ့ဦး သူတို့ဘက်ကလက်ဦးခဲ့ရင် ဘေးမှာရှိနေတဲ့အပေါက်ထဲကိုဆင်းပြီး အထဲကအခြေအနေကို ဝင်ကြည့်ပါ”လို့ပြောပြီး အပေါ်ကိုတက်လိုက်တဲ့အချိန်မှာတော့ ရာဇမတ်အဖြူကွက်တွေကာရံထားတဲ့ စည်းထဲကိုရောက်သွား ခဲ့တယ်။ သက်ခိုင်နဲ့ တောက်ရလဲ အပေါ်မှာဖြစ်နေတဲ့အခြေအနေတွေကို အောက်ကနေ မြင်နေရတော့ ချက်ချင်းမတက်သေးပဲ စောင့်ကြည့်နေခဲ့တယ်။
အောင်မြတ်သာကတော့ ကမူထွက်ပေါက်ပတ်ပတ်လည်မှာ ကာရံထားတဲ့ ရာဇမတ်အဖြူကွက်တွေကိုကြည့်ပြီး
“ အခုလို ရာဇမတ်ကွက်အစီအရင်နဲ့ ကြိုဆိုတာကြီးက သိပ်တော့ယဉ်ကျေးရာမရောက် ဘူးလို့ထင်တယ်ဆရာရေ”လို့ပြောလိုက်တော့ ဦးရွှေမှိုင်းက
“ ဘယ်နှယ့်ရှိလဲ ကိုယ့်လူ ငါက ဒီအငူအကြောင်းကို လွန်ခဲ့တဲ့လပေါင်းများစွာထဲက လေ့လာ ထားပြီးသား မင်းတို့ကိုဒီလမ်းကနေခေါ်နိုင်ဖို့ ငါ့လက်အောက်ကိုခိုဝင်လာတဲ့ သုန္ဒရဲ့အကူအညီ အနည်းငယ်ကိုလဲယူရတာပေါ့” လို့ပြောပြီး လက်ခေါက်ကိုမှုတ်လိုက်တဲ့အချိန် ရေအောက်ကနေ ကမူပေါ်ကိုတက်လာတဲ့ သုန္ဒကိုမြင်လိုက်ရတယ်။
“ ဒီကောင် ဒီကောင် အမျိုးနွယ်ကိုသစ္စာဖောက်တဲ့ကောင်ပါလား ငါတို့ကတော့ ယုံကြည်ခဲ့ရတာ”
တောက်ရက သုန္ဒကိုမြင်ပြီး စိတ်တိုကာ အပေါ်ကိုတက်ဖို့အလုပ် သက်ခိုင်က လှမ်းတား လိုက်ပြီး
“တောက်ရ စိတ်ထိန်းစမ်း ဆရာက ငါတို့ထက်ပိုသိလို့ မင်းနဲ့ငါ့ကိုမတက်လာခိုင်းတာ ဒီပုံဆိုရင် ကျန်တဲ့နဂါးမျိုးနွယ်တွေအကုန် အဖမ်းခံထားရပြီထင်တယ် အခုငါတို့လုပ်ရမှာဘာလဲဆိုတာ မင်း သဘောပေါက်မှာပါ” လို့ပြောကာ လွတ်နေတဲ့ကျောက်ဂူပေါက်ထဲကို ဝင်သွားခဲ့ကြတယ်။
အောင်မြတ်သာကတော့ ကြိုတင်ပြင်ဆင်ထားတဲ့ သုန္ဒရဲ့အကြံအစည်တွေကိုကြည့်ပြီး
“ မင်းအကြံတွေက တကယ်ကိုပိရိပါတယ် တော်လဲတော်ပါတယ် ဒါပေမယ့် မင်းမှာဟာကွက် တွေရှိနေတယ် ဘုရားမုဒ်ဦးဝညောင်ပင်မှာစောင့်ကြပ်တဲ့အဘိုးက မင်းကိုငါ့အကြောင်း ပြောပြတယ်ဆိုထဲက ငါရိပ်မိနေခဲ့တာ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအပင်မှာစောင့်တဲ့အဘိုးက ဝစီပိတ်တရားအားထုတ်နေတာ မင်းတို့တစ်သက်လောက်ရှိပြီ “လို့ပြောပြီး လွယ်အိတ် ထဲမှာထည့်ထားတဲ့ ကျွန်းနက်နဂါးရုပ်လေးကို ထုတ်ယူကာ ရေထဲပစ်ချလိုက်တယ်ဆိုရင်ပဲ ပင်လယ်ပြင်ထဲကနေ မီးတောင်ပေါက်ကွဲသလို ရေပွက်ကြီးတွေ ထလာပြီး ထန်းပင်လုံးလောက်ရှိတဲ့ ရွှေရောင်နဂါးတစ်ကောင် ပေါ်လာခဲ့တယ်။
“ ဆရာကြီး ကျုပ်ကိုကယ်ပါဦး အကိုတော်စန္ဒ အကိုတော်စန္ဒ ပြန်ရောက်လာပြီ သူကျုပ်ကို သတ်တော့မယ်”
သုန္ဒက ရေထဲကနေပေါ်လာတဲ့ ရွှေရောင်နဂါးကြီးကိုကြည့်ပြီးမျက်စိမျက်နှာပျက်ကာ ဦးရွှေမှိုင်းအနောက်ကို တိုးကပ်လိုက်တယ်။
ဦးရွှေမှိုင်းကလဲ အခြေအနေကိုသဘောပေါက်တဲ့ဟန်နဲ့ လက်ထဲကိုင်ထားတဲ့ တောင်ဝှေးကို စန္ဒနဂါးရဲ့မျက်လုံးအရှေ့တည့်တည့်ကို ထောင်ပြရင်း
“ ဂဠုန်မင်းရာဇာ ကျုပ်အရှေ့မှာရှိနေတဲ့ နဂါးကိုသုတ်ချီပြီး ဆုံးမပေးတော်မူပါ” လို့ပြောလိုက် ရင်ပဲ ကောင်းကင်တစ်ခွင် လျှပ်စီးလျှပ်နွယ်တွေ တစ်လက်လက်ထလာပြီး ငွေရောင်တစ်ဖိတ်ဖိတ် တောက်နေတဲ့ ဧရာမဂဠုန်ကြီးတစ်ကောင်ပေါ်လာခဲ့တယ်။
ဧရာမဂဠုန်ကြီးက စန္ဒနဂါးကို သုတ်ချီရန် ကောင်းကင်ကနေ ပျံဆင်းလာတဲ့အချိန် အောင်မြတ်သာက ရေပြင်ပေါ်မှာ အင်းစမငါးကွက်ကိုရေးဆွဲကာ ရေပြင်ကို လက်နဲ့သပ်ချ လိုက်တဲ့အချိန်စန္ဒနဂါးမင်းဘေးပတ်လည်ကနေ အလွှာငါးထပ်ပါတဲ့ရေတံတိုင်းကြီး တစ်ခုပေါ်ပေါက် လာခဲ့တယ်။
ဦးရွှေမှိုင်းလဲ အောင်မြတ်သာရဲ့ နှုတ်မိန့်အစွမ်းကိုမြင်လိုက်ရတော့ အထင်မသေးရဲတော့ပဲ ယောဂီလွယ်အိတ်ထဲကနေ လက်တစ်ဆစ်လောက်ရှိတဲ့ အရုပ်ငါးရုပ်ကို ထုတ်ယူလိုက်ပြီး
“ ချပ်ဝတ်တန်ဆာအစုံဆင်ရင်ထားတဲ့ ဂဠုန်စစ်သူကြီးငါးပါး ငါ၏အရှေ့သို့ရောက်ပြီး နှောက်ယှက်ဟန့်တားသူနှင့်အပေါင်းအပါများအား ရှင်းလင်းသုတ်သင်စေ အထက်လမ်းဆရာဖြစ်တဲ့ သူတွေရဲ့အသက်ကိုတော့ ထိခိုက်အောင်မလုပ်ရ” လို့ပြောပြီး လက်ထဲက အရုပ်ငါးရုပ်ကို ကောင်းကင်ပေါ်ပစ်တင်လိုက်တဲ့အခါ ရွှေရောင်ချပ်ဝတ်တန်ဆာအစုံ အလင်ဝတ်ဆင်ထားတဲ့ ဂဠုန်မင်းငါးပါးပေါ်လာပြီး အောင်မြတ်သာရဲ့ ရေတံတိုင်းကို ဖောက်ထွက်ဖို့ ကြိုးစားခဲ့ကြတယ်။
စန္ဒနဂါးကတော့ ရေတံတိုင်းထဲကနေ သူ့ဆီရောက်လာမယ့် ဂဠုန်မင်းတွေကိုကြည့်ပြီး ကြောက်လန့်တစ်ကြားဖြစ်နေတဲ့အချိန် ရေတံတိုင်းရဲ့ပထမအလွှာက ပေါက်ထွက်သွားခဲ့တယ်။
“ဆရာ ဟိုငှက်လိုလို လူလိုလိုကောင်တွေက အတော်ကြမ်းတာပဲ ကျွန်တော်တို့ဘာဆက် လုပ်ရမလဲ”
တောက်ရရဲ့စိုးရိမ်တစ်ကြီးအော်ပြောတဲ့အသံကြောင့် အောင်မြတ်သာက တံတိုင်းထဲမှာ ရှိနေတဲ့ စန္ဒနဂါးဘေးကို ရှစ်ကွက်အင်း လေးကွက်ပစ်ထည့်လိုက်တယ်။ ရှစ်ကွက်အင်းစာရွက်က ရေတံတိုင်းကိုဖြတ်ကျော်ပြီး ရေပေါ်ကိုကျတာနဲ့ ရွှေရောင်လေးနဲ့မြှားကိုကိုင်ဆောင်ထားတဲ့ အင်းစောင့်ပုဂ္ဂိုလ်လေးယောက်ပေါ်လာပြီး ရေတံတိုင်းကိုဖြိုဖျက်နေတဲ့ ဂဠုန်စစ်သူကြီးငါးပါးကို စတင်တိုက်ခိုက်ပါလေရော။
“ ချွင် ချလွင်
ရွှီး ရွှပ် ချလွင်”
လေးသည်တော်အင်းစောင့်တွေပစ်လိုက်တဲ့ မြှားချက်တွေက ဂဠုန်စစ်သူကြီးငါးပါးဝတ် ထားတဲ့ သံချပ်ဝတ်ကိုမထိုးဖောက်နိုင်ပဲ ဘေးကိုချော်ချော်ထွက်သွားခဲ့တယ်။
ဦးရွှေမှိုင်းကလဲ ဂဠုန်စစ်သူကြီးတွေထဲက သုံးပါးကို ရေတံတိုင်းကိုဆက်ဖောက်ခိုင်းပြီး ကျန် နှစ်ပါးကို အောင်မြတ်သာတို့ကို တိုက်ခိုက်ရန် စေလွှတ်ခဲ့တယ်။
အောင်မြတ်သာကလဲ သူတို့ဆီကို ဝင်လာတဲ့ ဂဠုန်စစ်သူကြီးသုံးပါးကို အချုပ်အင်းနဲ့ ပစ်ပေါက်ပြီးထိန်းချုပ်ထားတဲ့အချိန် သက်ခိုင်နဲ့ တောက်ရက သူတို့ရဲ့အင်းတွေကို အသုံးပြုကာ ကမူအောက်မှာဖမ်းဆီးခံထားရတဲ့ မုန္ဒနဂါးမင်းနဲ့ အပေါင်းအပါတွေကို လွှတ်ပေးနိုင်ဖို့ကြိုးစား ခဲ့ကြတယ်။
ဦးရွှေမှိုင်းနဲ့ အောင်မြတ်သာတို့လဲ တစ်ယောက်ပညာကို တစ်ယောက်ကချေဖျက်ရင်း တိုက်လာခဲ့တာ ညသန်းခေါင်အချိန်ကိုရောက်လာသည့်တိုင် အနိုင်အရှုံးမပေါ်ဖြစ်နေခဲ့တယ်။ အဲဒီ အချိန် ပင်လယ်ပြင်ဆီကနေ မျက်စိကြိမ်းစပ်မတတ်အလင်းရောင်တန်းတွေထွက်ပေါ်လာခဲ့တယ်။ ဂဠုန်စစ်သူကြီးငါးပါးလဲ အလင်းရောင်တန်းတွေလာတဲ့ဘက်ကို ကြည့်လိုက်တဲ့အချိန်မှာတော့ ပါးစပ်အဟောင်းသားနဲ့ အံ့အားသင့်သွားပြီး လက်ထဲမှာကိုင်ထားတဲ့လက်နက်တွေကို ရေထဲပစ်ချ လိုက်ပါလေရော။
ဦးရွှေမှိုင်းလဲ တစ်ခါမှမကြုံဖူးတဲ့ဖြစ်ရပ်ကြောင့် အလင်းရောင်တန်းရှိတဲ့ဘက်ကို သေချာကြည့် လိုက်ရာ အရောင်တစ်ဖိတ်ဖိတ်တောက်နေတဲ့ ကြေးပြဿဒ်နဲ့အတူ သင်္ကန်းပရိက္ခရာအစုံအလင် လွယ်ထားတဲ့ရဟန်းတစ်ပါးရဲ့ပုံကို မှိန်ပြပြဖူးမြင်လိုက်ရတယ်။
“ ဒါ ဒါ တောင်သမုဒ္ဒရာမှာ ကြေးပြသာဒ်နဲ့သီတင်းသုံးနေတဲ့ ရှင်ဥပဂုတ္တကိုယ်တော်ပဲ ငါအိမ်မက်များမက်နေတာလား”
ဦးရွှေမှိုင်းနဲ့ သူ့တပည့်လဲ ဝမ်းပန်းတစ်သာနဲ့ ကြေးပြသာဒ်ပေါ်လာတဲ့ဘက်ကို လက်အုပ်ချီကာ အကြိမ်ပေါင်းများစွာကန်တော့နေတဲ့အချိန်
“ ချစ်သားတို့ ကိုယ်တတ်မြောက်ထားတဲ့ပညာကို သူတစ်ပါးမျက်ရည်ကြီးငယ်ကျအောင် မလုပ်ဖို့ အထက်လမ်းဆရာကြီးတွေဆုံးမထားခဲ့ကြတယ်မဟုတ်ပါလား အခုအဘယ်လိုကြောင့် သူတစ်ပါးစိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်အောင် လုပ်ဆောင်နေကြတာလဲ အသိနဲ့သတိကို ကပ်ထားကြပါ”ဆိုတဲ့အသံကိုရှင်းလင်းပြတ်သားစွာ ကြားလိုက်ရတယ်။
ဦးရွှေမှိုင်းလဲ တစ်ခါမှမကြုံဖူးတဲ့ ဖြစ်ရပ်ကိုကြုံတွေ့လိုက်ရတဲ့အတွက် သူလုပ်နေတဲ့ လမ်းစဉ်ကမှားနေမှန်းသိမြင်သွားခဲ့ပြီး
“တပည့်တော်မှားပြီအရှင်ဘုရား တပည့်တော်လမ်းမှားကိုလျောက်မိပြီ အခုလုပ်ဆောင်ခဲ့တာ တွေကို ခွင့်လွှတ်ပေးပါ”လို့အော်ပြောရင်း ပင်လယ်ဘက်ကို မိုးလင်းတဲ့အချိန်ထိ ဦးချနေခဲ့တယ်။
“ ဆရာ ဆရာ သတိထားပါဦး “
တပည့်ဖြစ်သူ သူရ ရဲ့လှုပ်နှိုးနေတဲ့အသံကြောင့် ဦးရွှေမှိုင်း သတိပြန်ဝင်လာပြီး
“ ငါဘာဖြစ်သွားတာလဲ ညကပညာပြိုင်နေရင်း ရှင်ဥပဂုတ္တကိုယ်တော်မြတ်ကို ဖူးမြင်လိုက်ရတယ် အဲဒီနောက်ပိုင်း ငါဘာမှမသိတော့ပါလား “ လို့ရေရွတ်ကာ ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ တစ်ခါမှမရောက်ဖူးတဲ့ နေရာတစ်ခုကိုရောက်နေခဲ့တယ်။
“ ဆရာကို ကျွန်တော်မေးမလို့ပဲ ကျွန်တော်လဲဒီကိုဘယ်လိုရောက်လာမှန်းမသိဘူး ကျွန်တော်သတိထားမိတဲ့အချိန် ပင်လယ်ဘက်ကနေ အလင်းတန်းတစ်ခုမြင်လိုက်ရတယ် အဲဒီနောက်ပိုင်း ဘာဆိုဘာမှမသိတော့ပဲ သတိလစ်သွားခဲ့တာပဲ”
ဦးရွှေမှိုင်းတို့ဆရာတပည့်လဲ ပင်လယ်ကမ်းစပ်ကနေ ရုတ်တရက်ဆိုသလို တောကြီးမျက်မည်း ထဲရောက်ရှိသွားခဲ့တာကို စဉ်းစားမရဖြစ်နေတဲ့အချိန် အောင်မြတ်သာတို့ကတော့ သစ္စာဖောက်ခဲ့တဲ့ သုန္ဒကို မုန္ဒနဂါးမင်းလက်ထဲပြန်အပ်ပေးကာ အခြားတစ်နေရာဆီကို ခရီးဆက်နေခဲ့ပြီဖြစ်ပါတယ်။
-----------------------------
“ တောက်ရ ဒီတစ်ခါမင်းတော်တယ်ကွာ “
သက်ခိုင်စကားကြောင့် တောက်ရက ရယ်ကျဲကျဲလုပ်ပြီး
“ ကျွန်တော်လဲ မုန္ဒနဂါးမင်းကို ချုပ်နှောင်ထားတဲ့ အစီအရင်ကို ဖယ်ပေးပြီးတဲ့အချိန် ကမူပေါ်ကိုတက်မယ့်လမ်းတစ်ခုကိုတွေ့ခဲ့တာ ကျွန်တော်လဲ ဆရာ့ကိုကူညီဖို့ အပေါ်တက်ဖို့အလုပ် မုန္ဒနဂါးမင်းက ကျောက်နဂါးမျက်လုံးနှစ်လုံးပေးခဲ့တယ် အဲဒီမျက်လုံးနဲ့ အကြည့်ချင်းဆုံရင် သူ့စိတ်ထဲဖြစ်ချင်နေတဲ့အရာကို တကယ်ဖြစ်သလိုခံစားရတယ်ဆိုလို့ ဦးရွှေမှိုင်းနဲ့ သူ့တပည့် အနောက်ကနေ အသာလေးကပ်ပြီး မျက်လုံးတည့်တည့်ကို တည်ပေးလိုက်တာ ဘာတွေမြင်လဲမသိဘူး ဖင်ဘူးတောင်းထောင်ပြီး ဦးအကြိမ်ကြိမ်ချနေတာ ဆရာအမြင်ပဲ သူ့တပည့်ကလဲ ကြောက်လန့်တစ်ကြားအော်ပြီး သတိလစ်သွားတာ မုန္ဒနဂါးမင်းအကူအညီနဲ့ တောထဲ သွားပစ်ထားတာတောင် သူတို့မသိကြဘူး ဒါနဲ့ ဆရာက ဘာဖြစ်လို့ ဦးရွှေမှိုင်းကို အနိုင်မတိုက်တာလဲမသိဘူးနော်”
“ အထက်လမ်းဆရာတွေဆိုတာ ပြိုင်ဘက်မှမဟုတ်တာ ဒါကြောင့် ဆရာက သူ့ကိုအချိန်ဆွဲထားတာ ဦးရွှေမှိုင်းကလဲ တကယ်ကိုတော်တဲ့ဆရာတစ်ယောက်ပဲ မုန္ဒနဂါးမင်း မကူညီရင် ဘာတွေဆက်ဖြစ်မလဲဆိုတာ ငါလဲမခန့်မှန်းတတ်တော့ဘူး”
သက်ခိုင်နဲ့တောက်ရစကားကိုကြားတော့ အောင်မြတ်သာက
“ ဦးရွှေမှိုင်းရဲ့စိတ်က မောက်မာတယ်ထင်ရပေမယ့် တကယ်တမ်း ကြင်နာမှုရှိတာ မြင်လိုက်ရတယ် သူ့ရဲ့လွဲမှားတဲ့အယူအဆကြောင့် အခုလိုဒဏ်ခတ်ထားတာခံရပေမယ့် မကြာခင်မှာ သူ့ပညာတွေပြန်ရအောင် ငါတို့ပြန်ကူညီကြရဦးမယ်ထင်ပါတယ်” လို့ပြောရင်း ထွက်လာခဲ့ကြတယ်။
ဦးရွှေမှိုင်းတို့ကတော့ ဟောင်သဇာတောအလယ်မှာ အပြစ်ဒဏ်ကိုကျလို့ကျမှန်းမသိ နေရစ်ခဲ့ရတော့တယ်။ နောက်ဝတ္တုမှာတော့ အောင်မြတ်သာက ဦးရွှေမှိုင်းနဲ့သူ့တပည့်ကို လာပြန်ခေါ် တဲ့အချိန် ဘယ်လိုအခက်အခဲ အနှောင့်အယှက်တွေကြုံရမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ကျွန်းပြန်ကြီးရွှေမှိုင်းဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment