အောင်မြတ်သာနှင့်စတုတ္တမြောက်လက်ရုံးတော်
စာရေးဆရာ -ဇေယန(ရာမည)မနက်ဝေလီဝေလင်းအချိန် လှုပ်လီလှုပ်လဲ့ တိုက်ခတ်နေတဲ့ လေနုညှင်းလေးတွေကြောင့် ညောင်ညိုပင်ကြီးထက်မှာရှိနေကြတဲ့ ညောင်ရွက်နုလေးတွေက ယိမ်းသမတွေယိမ်းကနေသလို ဘေးဘီဝဲယာကိုယိမ်းနွဲ့လှုပ်ရမ်းနေကြတယ်။
ညောင်ညိုပင်ရဲ့အောက်ခြေမှာတော့ အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက်က ငြိမ်သက်စွာထိုင်နေပြီး ရွာအဝင်လမ်းမကြီးကို ငေးကြည့်နေခဲ့ကြတယ်။ အတန်ကြာတော့ မနှေးမမြန်ခြေလှမ်းတွေနဲ့အတူ လမ်းလျောက်လာတဲ့ လူတစ်ယောက်ကိုမြင်လိုပ်ရတာကြောင့် မောင်ကောင်းက ဦးစွာထရပ်လိုက်ပြီး ကိုယ်မှာကပ်နေတဲ့ဖုန်မှုန့်တွေကို လက်ဝါးနဲ့ညှင်သာစွာခါထုတ်လိုက်တယ်။
" ကျုပ်ဖြင့် ဆရာတို့ကိုထွက်သွားပြီတောင်ထင်နေတာ"
ညောင်ညိုပင်နဲ့အတန်သင့်ကွာဝေးတဲ့နေရာကနေ လှမ်းပြောလိုက်တဲ့စကားကြောင့် အောင်မြတ်သာက ယောလွယ်အိတ်ကို ပခုံးစွန်းပေါ်ပင့်တင်လိုက်ပြီး
" မောင်ရင်က ကျုပ်တို့နောက်ကိုဘာကိစ္စနဲ့ လိုက်လာခဲ့တာလဲ"
" အမှန်တိုင်းပြောရရင် ဆရာတို့ရဲ့ ပညာရပ်တွေကိုစိတ်ဝင်စားတာရယ်၊ လူတစ်ဖက်သားကို အမုန်းမပွားစေပဲ ကိစ္စရပ်တွေကိုကူညီဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေကို သဘောကျလို့ လိုက်လာခဲ့တာပါ"
" ကျုပ်တို့လမ်းစဉ်က အမုန်းတရားထက် မေတ္တာတရားကိုသာ ဦးတည်တာမို့ အငြိုးကြီးမားသူတွေ၊ သူတစ်ပါးအပေါ်ယုတ်မာစိတ်ရှိတဲ့သူတွေကို ဝေးဝေးကရှောင်ပါတယ်"
" ကျွန်တော်ဆရာတို့ပညာရပ်ကိုစိတ်ဝင်စားပါတယ်၊ ဒါပေမယ့် ကျွန်တော်တတ်မြောက်ထားတဲ့ပညာက ဆရာတို့လမ်းစဉ်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ဗျာ"
" ဒီမယ်ကောင်လေး... မင်းဘာသာ အတိတ်က ဘယ်လောက်ပဲဆိုးခဲ့မိုက်ခဲ့ပါစေ၊ အခုလက်ရှိအချိန်ကိုအကောင်းဆုံးလုပ်ဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်တို့ဘက်ကလဲ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါတယ်"
" ဒါဆို ကျွန်တော်တတ်မြောက်ထားတဲ့ပညာရပ်တွေကိုစွန့်လွှတ်မယ်ဆိုရင် ဆရာတို့ပညာကိုသင်ပေးမှာလား"
" မင်းက လက်ရှိတတ်မြောက်ထားတဲ့ပညာနဲ့ လူတွေအသက်ကိုသတ်ခဲ့ဖူးလား"
" မသတ်ဘူးပါဘူးဆရာ.."
" သူတစ်ပါးကို မျက်ရည်ပေါက်ကြီးငယ်ကျအောင်ကော မတရားသဖြင့်လုပ်ခဲ့ဖူးလား"
" ဒီလိုမျိုးလဲ မလုပ်ဘူးပါဘူးဆရာ"
" ဒါဖြင့် မင်းမှာ အကုသိုလ်အစွန်းထင်းမရှိဘူးလေ.. ဒါပေမယ့် မင်းအနေနဲ့ လိမ်ညာပြောဆိုခဲ့မယ်ဆိုရင် ကိုယ်ဆိုတဲ့သစ္စာ ကိုယ်ပြန်ထိမယ်ဆိုတာတော့ မှတ်ထားရမယ်"
" ကျွန်တော်အခုပြောနေတဲ့ စကားတွေထဲမှာ မုသားတစ်ခွန်းမှမပါခဲ့ပါဘူးဆရာ... ဒီသစ္စာစကားမှန်ကန်ခဲ့ပါက ကျွန်တော်ဆန့်တန်းထားတဲ့လက်ပေါ်မှာ သက်ရှိသတ္တဝါတစ်ကောင် လာရောက်နားခိုပါစေ"
ခွန်းလှက စိတ်ရောကိုယ်ပါနှစ်ပြီး သစ္စာဆိုလိုက်ရာ ညောင်ညိုပင်အပေါ်ဘက်မှာ နားနေတဲ့ ငှက်တော်တစ်ကောင်က တောင်ပံတစ်ဖျတ်ဖျတ်ခတ်ပြီး လက်မောင်းပေါ်ကိုဆင်းသက်လာခဲ့တယ်။
ဒီအဖြစ်အပျက်ကိုမြင်တော့ အောင်မြတ်သာက သဘောကျစွာပြုံးလိုက်ပြီး
" မင်းက သစ္စာတရားကိုတိုင်တည်တတ်တဲ့လူစားမို့ ငါတို့ပညာနဲ့ကိုက်ညီမှုရှိပါတယ်။ ဒါပေမယ့် ဂိုဏ်းတော်ထဲကိုဝင်မယ်ဆိုရင် ကိုယ့်ထက်အရင်ရောက်ပြီးသားသူတွေကိုတော့ လေးစားရမယ်၊ နောက်တစ်ချက်က အတိတ်ကာလမှာ တတ်မြောက်ခဲ့တဲ့ ပညာရပ်တွေကို ပြန်လည်အသုံးချခြင်းမပြုရဘူး၊ ဒီအချက်အလက်တွေကို မင်းလိုက်နာနိုင်ပါ့မလား"
" သိပ်ကိုလိုက်နာနိုင်တာပေါ့ဆရာရယ်... ကျွန်တော်အနေနဲ့ လက်စားချေချင်တဲ့စိတ်ကြောင့်သာ ဒီပညာတွေကိုသင်ယူခဲ့ပေမယ့် အခြားသူတွေကို စိတ်နဲ့တောင်မကောင်းမကြံခဲ့ဘူးပါဘူး"
" မင်းအနေနဲ့ ငါတို့သွားတဲ့နောက်ကို လိုက်ပါနိုင်ပါ့မလား"
" ကျွန်တော်က မိဘမဲ့တစ်ကောင်ကြွက်ပါဆရာ... ဒီအတွက်တော့ စိတ်မပူပါနဲ့၊ ဆရာတို့ခရောင်းလမ်းသွားရင်တောင် ထပ်ချပ်မကွာလိုက်ပါမယ်"
ခွန်းလှစကားကြောင့် အောင်မြတ်သာက သဘောကျစွာပြုံးလိုက်ပြီး
" ဒါဖြင့်ရင် ငါတို့တွေ ခရီးဆက်ကြတာပေါ့... မောင်ကောင်း မင်းလဲ စကားပြောဖော်မရှိလို့ ပျင်းနေတာမဟုတ်လား၊ နောက်ဆိုမပျင်းရတော့ဘူးပေါ့"
" ဒါပေါ့ဆရာရယ်... ညီလေးတစ်ယောက်တိုးတော့ ကျွန်တော်အတွက်လဲ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ယောက်ရတာပေါ့ဗျာ ဟဲဟဲ"
ခွန်းလှလဲ မောင်ကောင်းစကားကြောင့် ဝမ်းသာသွားပြီး ပါးနှစ်တက်တွန့်သွားတဲ့ထိ ပြုံးရယ်ချလိုက်တယ်။
+++++++
အောင်မြတ်သာတို့လဲ ညောင်ညိုပင်အောက်ကနေ ထွက်လာခဲ့တာ မွန်းတည့်ချိန်ရောက်တော့ ပြိုပျက်လုဆဲဆဲဖြစ်နေတဲ့ အိမ်တစ်လုံးရှေ့ကိုရောက်လာခဲ့တယ်။
" ဆရာ... ဒီအနီးနားပတ်ဝန်းကျင်မှာ လူတွေနေပေမယ့် ဒီအိမ်ပျက်ကြီးနားမှာတော့ လူနေအိမ်တွေမရှိပါလား"
" လူတွေမရှိတော့ ပိုပြီးအေးချမ်းတာပေါ့.. ဒါနဲ့ ဟိုးဘက်လူနေရပ်ကွက်က ဈေးမှာ ကန်တော့ပွဲထိုးဖို့ အုန်းငှက်ပျောတွေသွားဝယ်လာခဲ့ဦး"
အောငမြတ်သာက လွာ်အိတ်ထဲကနေ အသစ်စက်စက် ငွေစက္ကူတွေနှိုက်ယူပြီး မောင်ကောင်းဆီကိုကမ်းပေးလိုက်တယ်။
" ဆရာ ကျွန်တော်လဲအကိုနဲ့လိုက်သွားလိုက်မယ်နော်၊ သူတစ်ယောက်ထဲဆို သယ်ရပြုရနဲ့ ခက်နေမှာစိုးလို့ပါ"
" အေးအေး... ဈေးထဲရောက်ရင် ဦးလွန်းတင်ဆိုင်ဘယ်နားမှာလဲလို့မေးလိုက်၊ သူ့ဆိုင်က အုန်းငှက်ပျောတွေကပိုလတ်တယ်"
မောင်ကောင်းက ဆိုင်နာမည်ပါ တန်းပြောလိုက်တဲ့ ဆရာဖြစ်သူစကားကြောင့် အနည်းငယ် အံ့ဩသွားပေမယ့် ဟန်မပျက်နေလိုက်ပြီး ဈေးရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။
ဈေးထဲရောက်တော့ ဦးလွန်းတင် ဆိုင်ကိုစုံစမ်းပြီးသွားခဲ့ရာ ဈေးအစွန်ဆုံးငှက်ပျောသီးတန်းနားကိုရောက်တော့ " လွန်းတင်-အုန်းသီးငှက်ပျောသီးဆိုင်" ဆိုတဲ့ဆိုင်းဘုတ်ကိုမြင်လိုက်ရတယ်။
မောင်ကောင်းတို့လဲဆိုင်ထဲဝင်သွားပြီး လိုအပ်တဲ့အသီးအနှံတွေယူကာ ငွေချေဖို့ပိုက်ဆံထုတ်ပေးလိုက်တော့ ဦးလွန်းတင်က ငွေစက္ကူကိုကြည့်ပြီး ကတ္တီပါအိတ်ရှုံ့လေးနဲ့ထည့်ထားတဲ့အရာတစ်ခုကို မောင်ကောင်းလက်ထဲထည့်ပေးကာ
" ညနေ ဆိုင်သိမ်းပြီးရင် ကျောင်းကိုလာခဲ့ပါဦးမယ်လို့ မင်းတို့ဆရာကိုပြောလိုက်ဦး"
" ဦးလေးက ဆရာ့ကိုသိလို့လား..."
" အင်း... သိတယ်ပဲဆိုရမှာပေါ့၊ ဒါနဲ့ ဒီကောင်လေးက ဒီညနေ ဂိုဏ်းဝင်မှာမဟုတ်လား"
ခွန်းလှလဲ သူ့ကိုကြည့်ပြီး ဒက်ခနဲပြောလိုက်တဲ့ ဦးလွန်းတင်ရဲ့စကားကြောင့် အံ့အားသင့်သွားပြီး
" ဦးလေးက ဘယ်လိုသိနေတာလဲ"
" ဟား ဟား... မင်းတို့လာဝယ်တဲ့ အရေအတွက်က ဂိုဏ်းဝင်တဲ့အခါ ကန်တော့တဲ့ပွဲအရေအတွက်ဖြစ်နေတာရယ်၊ မင်းကိုယ်ထဲမှာ ဂိုဏ်းစောင့်ပုဂ္ဂိုလ်တွေရဲ့ အငွေ့အသက်မတွေ့တာကြောင့် ခန့်မှန်းပြောလိုက်တာပါ၊ ဒါနဲ့ အခြားအစောင့်တွေတော့ မင်းအနားမှာရှိနေသေးတယ်နော်"
ဦးလွန်းတင်က ဆိုင်ပြင်ဘက်ကို မေးငေါ့ပြပြီးပြောလိုက်တာကြောင့် ခွန်းလှက ယောင်ယောင်အအနဲ့ အပြင်ဘက်ကိုလှည့်ကြည့်မိခဲ့တယ်။
" ကဲကဲ... ညနေမှ ဆုံမယ်ကောင်လေးတို့... ဖြေးဖြေးသွားကြဦး"
ဦးလွန်းတင်က မောင်ကောင်းနဲ့ ခွန်းလှကို နှုတ်ဆက်ပြီး ဆိုင်အပြင်ဘက်ထိလိုက်ပို့ပေးခဲ့တယ်။
+++++++
လက်ရှိတည်းခိုနေတဲ့နေရာရောက်တော့ အောင်မြဆ်သာက ဘုရားကျောင်းဆောင်ကိုသန့်ရှင်းရေးလုပ်ပြီး ယခင်ရှိပြီးသား ဆင်းတုတစ်ဆူကို ပဝါတစ်ထည်နဲ့သုတ်ပေးနေတာကိုမြင်လိုက်ရတယ်။
" ဆရာ ... ဦးလွန်းတင်က ဆရာ့ကိုဒီပစ္စည်းလေးပေးခိုင်းလိုက်တယ်"
မောင်ကောင်းက ကတ္တီပါအိတ်လေးကို ကမ်းပေးလိုက်ရာ အောင်မြတ်သာက ဘုရားဆင်းတုကိုသန့်ရှင်းရေးလုပ်နေရင်းလှမ်းယူကာ ဘေးမှာချထားလိုက်တယ်။
ညနေစောင်းအချိန်ရောက်တော့ အုန်းပွဲကန်တောပွဲတွေကိုသေချာပြင်ဆင်ပြီး ဘုရားကျောင်းဆောင်အရှေ့မှာနေရာချနေတဲ့အချိန် တုတ်ကောက်တစ်ချောင်းကို တဒေါက်ဒေါက်ထောက်ပြီး တက်လာတဲ့ ဦးလွန်းတင်ကိုမြင်လိုက်ရတယ်။
" မတွေ့ရတာ နှစ်ပေါင်းဘယ်လောက်တောင်ရှိသွားပြီလဲဗျာ... ကျုပ်ဖြင့် လမ်းလျောက်ရင် တုတ်ကောက်နဲ့သွားလာနေရပေမယ့် ဆရာကတော့ အရင်တုန်းကအတိုင်း နုပျိုနေတုန်းပါလား"
ဆံပင်တွေဖြူစပြုနေတဲ့ ဦးလွန်းတင်ကတောင် ဆရာလို့ခေါ်လိုက်တာကြောင့် မောင်ကောင်းရော ခွန်းလှပါ မျက်လုံးလေးပြူးပြီးအံ့အားသင့်သွားခဲ့တယ်။
" ဦးလွန်းတင်လဲ ဂိုဏ်းတော်အကျိုးတွေသယ်ပိုးနေတာကြားသိရပါတယ်၊ ဒီနေ့ လူသစ်တစ်ယောက် ဂိုဏ်းဝင်မယ်ဆိုလို့ အသိပေးလိုက်တာ"
" ဆရာပေးတဲ့ငွေစက္ကူမှာ စမတွေပေါ်နေထဲက ကျုပ်ထင်တော့ထင်သား.. ဒါနဲ့ ဒီကောင်လေးရဲ့ ပညာဆက်တွေကိုဖြတ်တောက်ဖို့ ဆေးပြာမှုန့်အချို့ လိုကာမယ်ကာပေးလိုက်သေးတယ်"
" သူတို့လာပေးပါတယ် ... ကဲ... အချိန်လဲ မရှိတာမို့ စလိုက်ကြရအောင်"
အောင်မြတ်သာ စကားဆုံးတာနဲ့ ဦးလွန်းတင်က ဘုရားကျောင်းဆောင်ရှေ့မှာ တူတူထိုင်လိုက်ပြီး ဘုရားဂုဏ်တော်အချို့ကို ဌာန်ကရိုင်းကျကျရွတ်ဖတ်ပူဇော်နေခဲ့တယ်။ အတန်ကြာရွတ်ဖတ်ပြီးတဲ့နောက်မှာတော့ ခွန်းလှဘက်ကိုလည့်ကာ စောင့်ထိန်းရမယ့် စည်းကမ်းချက်တွေကို တစ်ချက်ချင်းရှင်းပြပေးခဲ့ကြတယ်။
" ကဲ.. ဒီလောက်ဆို မင်းလဲသဘောပေါက်သင့်သလောက်ပေါက်ပြီမို့ ကိုယ်ထဲမှာရှိတဲ့ အခြားဂိုဏ်းပညာတွေကို ထုတ်ပစ်တော့မယ်" လို့ပြောကာ ကတ္တီပါအိတ်ထဲမှာထည့်ထားတဲ့ ဆေးပြာမှုန့်ကို ရေနဲ့ဖျော်ပြီးသောက်စေခဲ့တယ်။
ခွန်းလှလဲ ဆေးပြာထည့်ထားတဲ့ရေကိုသောက်ပြီးတာနဲ့ ဝမ်းဗိုက်ထဲကနေ လှိုက်ခနဲ လှိုကခနဲပျို့တက်လာပြီး ပူလောင်လာခဲ့တယ်။
မောင်ကောင်းကတော့ ထွေးခံတစ်လုံးကို ယူပြီး ဘေးကနေထိုးပေးထားတာကြောင့် ခွန်းလှတစ်ယောက်ပျို့တက်တဲ့ဒဏ်ကိုမခံနိုင်ပဲ ဝေါခနဲအန်ချပစ်လိုက်တယ်။
ချွဲပစ်ပစ်အမဲရောင်အရည်တွေက ထွေးအင်တစ်လုံးနဲ့ပြည့်လုနီးနီးဖြစ်တဲ့အချိန်ရောက်မှ ပျို့နေတာတွေသက်သာပြီး လူလဲပေါ့ပါးသွားခဲ့တယ်။
" ကောင်လေး... ထပ်ပြီးအန်ချင်သေးလား"
" မအန်ချင်တော့ပါဘူး အဘ"
" သူ့ကိုယ်ထဲ အခြားပညာတွေမရှိလောက်တော့ဘူးထင်ပါတယ်... ဆရာကိုယ်တိုင်အတည်ပြုစစ်ဆေးပေးပါဦး"
ဦးလွန်းတင်စကားကြောင့် အောင်မြတ်သာက ဦးခေါင်းထက်ကနေ ခြေဖျားအထိ လက်နဲ့စမ်းသပ်လိုက်ပြီး ပေါင်ရင်းအနားကိုရောက်တော့ လက်ကအောက်ဆက်ဆွဲလို့မရတာကြောင့် တောက်တစ်ချက်ခတ်ပြီး ဖိဆွဲလိုက်ရာ ခွန်းလှတစ်ယောက် ထပ်မံပျို့တက်ကာ အညိုရောင်အချွဲအကျိတွေအန်ထွက်လာခဲ့တယ်။
" သူ့ကိုအတော်ချစ်တဲ့ ဆေးစောင့်တွေပဲဗျ... မထွက်ချင်လို့ပေါင်ရင်းနားမှာသွားပုန်းနေကြတယ်"
အောင်မြတ်သာက ဦးလွန်းတင်ကို ပြောလိုက်ပြီး ထပ်မံစစ်လိုက်တော့မှ ယခင်သောက်ထားမြိုထားတဲ့ဆေးတွေအပြင် ပညာတွေပါမရှိတော့တာကိုသိလိုက်ရတယ်။
အဲဒီတော့မှ ဂိုဏ်းဝင်တစ်ယောက်အဖြစ်အသိအမှတ်ပြုဖို့အထက်ဆရာတွေထံခွင့်ပန်ကာ အင်းဆွဲအင်းသောက်ရမယ့်နည်းစနစ်တွေကို အခြေခံကျကျသင်ပေးခဲ့ကြတယ်။
လူကြီးခေါင်းချချိန်လောက်ရောက်တော့ အင်းဆွဲလေ့ကျင့်နေတဲ့ ခွန်းလှရဲ့စိတ်ထဲမှာ အနောက်ကိုလှည့်ကြည့်ချင်တဲ့ဆန္ဒတွေ တဖွားဖွားပေါ်လာခဲ့တယ်။
အောင်မြတ်သာနဲ့ ဦးလွန်းတင်က သူ့အရှေ့မှာထိုင်ကြည့်နေသလို မောင်ကောင်းကလဲ ဘေးမှာထိုင်နေတာကိုမြင်ရပေမယ့် ကျောအနောက်မှာ နောကတစ်ယောက်ရှိနေတယ်ဆိုတဲ့အတွေးက အင်းကွက်ထဲကို စိတ်မရောက်အောင် ပိတ်ပင်တားဆီးနေခဲ့တယ်။
" စိတ်တည်ငြိမ်ပြီး သမထအားကောင်းကောင်းနဲ့ဆွဲတဲ့ စမအက္ခရာတစ်လုံးက စိတ်တည်ငြိမ်မှုမရှိပဲဆွဲတဲ့အင်းကွက်တစ်ရာထက်ပိုအစွမ်းထက်တယ်၊ အခု မင်းစိတ်ထဲဖြစ်နေတဲ့ အတွေးကို ဖယ်ထုတ်ပစ်ဖို့ကြိုးစား၊ ဒါမှသာ ပိုမိုခိုင်မာတဲ့အခြေခံအုတ်မြစ်ကိုတည်ဆောက်နိုင်လိမ့်မယ်"
အောင်မြတ်သာက လေသံအေးအေးနဲ့ အားပေးစကားပြောနေသလို ဦးလွန်းတင်နဲ့မောင်ကောင်းကလဲ စိတ်ကိုတည်ငြိမ်အောင်ထားဖို့ မကြာခဏဆိုသလို သတိပေးနေခဲ့ကြတယ်။
" နောက်လှည့်ကြည့်လိုက် ထူးခြားတာတစ်ခုခုတော့တွေ့မယ်ဆိုတာ အာမခံရဲတယ်"
" မလုပ်နဲ့ ခွန်းလှ ... ဒါက မင်းကို ဖျက်နေတာ၊ အင်းကွက်ထဲမှာပဲစိတ်ကိုနှစ်ထား"
စိတ်ထဲကနေ ဖြစ်ပေါ်နေတဲ့အတွေးနှစ်ခုက သူနိုင်ကိုယ်နိုင်အပြိုင်ကျဲနေသလို ခွန်းလှရဲ့ နဖူးပြင်တွေမှာလဲ ချွေးစတွေ စို့လာခဲ့တယ်။
" အဖျက်သမားကောင် ခပ်ဝေးဝေးသွားစမ်း၊ ဒီလောက်ကတော့ မှုကိုမမှုဘူးဟေ့"
ခွန်းလှလဲ စိတ်ထဲကနေ ကြိမ်းဝါးလိုက်တော့မှ လှည့်ကြည့်ချင်တဲ့စိတ်တွေ ဖျတ်ခနဲပျောက်ကွယ်သွားခဲ့တယ်။ အဲဒီနောက်ပိုင်း အနှောက်အယှက်ကြီးကြီးမားမားတွေမပေါ်လာတော့ပဲ ပထမဆုံးနေ့ရက်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်။
ဒီလိုနဲ့ ကျောင်းပျက်ထဲမှာနေထိုင်ပြီး အင်းဆွဲခြင်း၊ အင်းသောက်ခြင်းအမှုတွေကို နေ့စဉ်ရက်ဆက်ပြုလုပ်ခဲ့ရာ တစ်လလောက်ကြာတော့ အင်းစမစေတီကိုးဆူတိတိကို ဝမ်းဗိုက်ထဲမှာတည်နိုင်ခဲ့တယ်။ တစ်လပြည့်တဲ့ညမှာတော့ ခွန်းလှရဲ့နားထဲမှာ လူနှစ်ယောက်စကားပြောတဲ့အသံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရတယ်။
ဒီအသံက ကျောင်းပျက်အောက်ကနေ လာတာဖြစ်လို့ အင်းဆွဲနေချိန်အနှောက်အယှက်ပေးတာလို့ထင်ခဲ့ပေမယ့် အားလုံးပြီးစီးတဲ့အချိန်ထိ စကားသံက ကြားနေခဲ့တာကြောင့် ဖယောင်းတိုင်မီးကို ကိုင်ကာ ကျောင်းအောက်ကိုဆင်းလာခဲ့လိုက်တယ်။ လှေကားထစ်နားရောက်တော့
" ဒီနေ့ ဈေးထဲက ကောင်တွေ မင်းကို ဝိုင်းကိုက်ကြတယ်မဟုတ်လား"
" ဟုတ်တယ်ကွ... ငါလဲ အစာရလိုရငြား အရဲစွန့်ပြီးသွားကြည့်လိုက်တာ ခြေထောက်နာတာပဲအဖတ်တင်တယ်"
စကားသံက လူနှစ်ယောက်ပြောနေတဲ့အသံဖြစ်ပေမယ့် လူနဲ့တူတာဆိုလို့ ဘာမှမတွေ့ရပဲ ဝဲစွဲနေတဲ့ လမ်းဘေးခွေးနှစ်ကောင် အိပ်နေတာကိုပဲမြင်လိုက်ရတယ်။
" ငါ နားကြားများမှားတာလား... "
ခွန်းလှလဲ စိတ်ထဲဇဝေဇဝါနဲ့ ပြန်တက်ဖို့အလုပ်
" သူငယ်ချင်း ... ငါတို့နေတဲ့ အိမ်ပေါ်မှာ ရှိနေတဲ့သူတွေက လူကောင်းတွေလို့မင်းထင်လား"
" လူကောင်းလား လူဆိုးလားတော့မသိဘူး၊ ဒါပေမယ့် သူတို့ရွတ်နေတဲ့အသံကြောင့် မျက်ပြူးတို့ မွှေးရှည်တို့တောင် မနေရဲပဲ ထွက်ပြေးသွားတာပဲသိတယ်"
ဒီတစ်ခါတော့ ခွန်းလှတစ်ယောက် နားကြားမမှားတော့ပြီမို့ ကျောင်းအောက်မှာ ရှိနေတဲ့ ခွေးနှစ်ကောင်နားကို သစ်ကိုင်းခြောက်နဲ့ ပစ်ပြီးခြောက်လိုက်ရာ
" မင်းပြောတော့ လူကောင်းတွေဆို အခုတော့ ငါတို့နေမရအောင် မောင်းထုတ်နေပြီဟ" ဆိုတဲ့အသံနဲ့အတူ ခွေးနှစ်ကောင်က အမြှီးလေးကုပ်ပြီး အပြင်ဘက်ကိုပြေးထွက်သွားခဲ့တယ်။
ဒီတစ်ခါတော့ အံ့ဩသွားသူက ခွန်းလှကိုယ်တိုင်ပဲ။ ခွေးနှစ်ကောင်အချင်းချင်းပြောတဲ့စကားကို သူနားလည်နေတာဘာကြောင့်လဲဆိုတဲ့အဖြေကိုရဖို့အတွက် ကျောင်းပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။ အပေါ်ရောက်တော့ မိုင်းကိုင်စက္ကူတွေကို စနစ်တကျခေါက်နေတဲ့ အောင်မြတ်သာက
" တစ်လပြည့်တဲ့နေ့မှာ ထူးဆန်းတဲ့ အကြောင်းအရာ တစ်ခုခုနဲ့ကြုံခဲ့ရပြီထင်တယ်"
" ဟုတ်တယ်ဆရာ... ကျွန်တော် ဘယ်လိုဖြစ်ပြီး ခွေးနှစ်ကောင်ပြောတဲ့စကားတွေကို နားလည်နေလဲမသိဘူးဗျာ"
" ဒါက မင်းရဲ့ပါရမီကြောင့် ဖြစ်မှာပါ၊ လူတိုင်းမှာ ကိုယ်နဲ့သင့်လျော်တဲ့ပါရမီတစ်ခုစီတော့ပါတတ်ကြတယ်၊ ဒါကို အသုံးမချတတ်လို့သာ အရာမရောက်ကြတာ"
" ဒါဆို ဘယ်တိရိစ္ဆာန်ပြောတာဖြစ်ဖြစ် ကျွန်တော်ကြားနေရတော့မှာပေါ့"
" ဒီလိုလဲမဟုတ်သေးဘူး... မင်းအခုကြားရတာက ခွေးနှစ်ကောင်ပြောတဲ့စကားနော်"
" ဟုတ်ပါတယ်ဆရာ... ကျွန်တော် တုတ်နဲ့ပစ်လိုက်လို့ သူတို့တောင် စိတ်ဆိုးသွားကြသေးတယ်"
" ဒီပုံအရဆိုရင် ခွေးတွေပြောတဲ့ မာဂဒဘာသာကိုပဲ နားလည်မှာ၊ အခြားတိရိစ္ဆာန်တွေပြောတာကိုတော့ နားလည်မှာမဟုတ်ဘူး"
အောင်မြတ်သာစကားကြောင့် ခွန်းလှက ခေါင်းကိုကုတ်လိုက်ပြီး
" ဆရာတို့ ပညာရပ်က တွေးတောလို့မရအောင် နက်ရှိုင်းတယ်ဆိုတာ ယုံကြည်ခဲ့ပါပြီ၊ ကျွန်တော်လဲ ဒီထက်ပိုကြိုးစားပါ့မယ်"
ခွန်းလှရဲ့ စိတ်အားထက်သန်တဲ့စကားကို အောင်မြတ်သာက ခေါင်းညိတ်ကာ အသိမှတ်ပြုလိုက်ပြီး ကိုယ့်နေရာကိုယ်ဝင်ကာ အိပ်စက်အနားယူခဲ့လိုက်ကြတယ်။
+++++++
နောက်တစ်နေ့မနက်ရောက်တော့ ခွန်းလှက ဈေးထဲသွားပြီး ကြက်ရိုးနဲ့ဆန်ကြမ်းကိုဝယ်ကာ သေချာချက်ပြုတ်နေခဲ့တယ်။
အောင်မြတ်သာကတော့ ခွန်းလှ လုပ်နေတာကို ဘာမှမမေးပေမယ့် မောင်ကောင်းကတော့ မီးဖိုဘေးနားလာထိုင်ပြီး
" ညီလေး... ကြက်ရိုးနဲ့ထမင်းတွေရောပြုတ်ပြီး ဘာလုပ်မလို့လဲ၊ မဟုတ်မှလွဲရော ခေါစာပစ်မလို့လား"
" အာ.. အကိုကြီးကလဲ နောက်ပီဗျာ၊ ကျောင်းအောက်မှာ နေတဲ့ ခွေးတွေကိုကျွေးမလို့ ချက်နေတာပါဗျ"
ခွန်းလှစကားကြောင့် မောင်ကောင်းက သဘောကျစွာရယ်လိုက်ပြီး
" ငါကနောက်လိုက်တာပါ... ဟိုမှာ မင်းပြောတဲ့ကောင်တွေမဟုတ်လား"
" ဒီကောင်တွေ အနံ့ရလို့ စောင့်နေကြတာဖြစ်မယ်၊ တော်တော်လည်တဲ့ကောင်တွေ" လို့ပြောကာ ကြက်ရိုးထမင်းပြုတ်အိုးကို ဆက်တည်နေခဲ့လိုက်တယ်။
နှစ်ရက်သုံးရက်အတွင်း ခွေးနှစ်ကောင်က အောင်မြတ်သာတို့နေတဲ့ ကျောင်းပျက်ရဲ့ တံခါးမှူးတွေလိုဖြစ်လာပြီး အသားအရည်ပါ ပြည့်ဖြိုးလာခဲ့တယ်။
+++++
ဒီလိုနဲ့ တစ်ညမှာတော့ ခွန်းလှနားထဲမှာ
" ကျောင်းအရှေ့သရက်ပင်အောက်မှာ လူတစ်ယောက်ချောင်းကြည့်နေတယ်ကွ" ဆိုတဲ့အသံကိုကြားလိုက်ရတယ်။
ဒီအသံက ကျောင်းအောက်ကနေ လာတဲ့အသံဆိုတာ သိထားတဲ့ခွန်းလှက ကြမ်းပြင်ကိုနားနဲ့ကပ်ပြီး ဘာဆက်ပြေမလဲဆိုတာနားထောင်နေခဲ့လိုက်တယ်။
" ဒီလူအနံ့ကို တစ်ခါမှ မရဘူးဘူးဆိုတော့ လူစိမ်းပဲဖြစ်ရမယ်"
" လူစိမ်းဆိုရင် အနားမလာအောင် ဟောင်ရမယ်လေ"
ခွေးနှစ်ကောင်က အချင်းချင်းပြောနေရာကနေ ကျောင်းရှေ့ဘက်ကို ထွက်လာပြီး သရက်ပင်အောက်ကို ကြည့်ကာ စူးစူးဝါးဝါး ထိုးဟောင်နေတဲ့အသံကြားလိုက်ရတယ်။
ခွန်းလှလဲ ကြားလိုက်ရတဲ့အသံကြောင့် တံခါးပေါက်နားကနေ ချောင်းကြည့်ဖို့အသွား
" သွားမကြည့်နဲ့တော့ ... ဟိုလူက မရှိတော့ဘူး"ဆိုတဲ့အသံကြောင့် လှည့်ကြည့်လိုက်ရာ ပုတီးစိပ်ကာ လမ်းလျောက်နေတဲ့ ဆရာဖြစ်သူကိုမြင်လိုက်ရတယ်။
" ဟိုနှစ်ကောင်တောင် မသိဘူးဆိုတော့ ဒီအရပ်ဒေသကမဟုတ်ဘူးဆိုတာသေချာသလောက်ရှိတယ်ဆရာ"
" မနေ့က ဦးလွန်းပြောတာကတော့ ဈေးထဲမှာ မျက်နှာစိမ်းဧည့်သည်အချို့ကို ဒီရက်ပိုင်းတွေ့နေရတယ်ဆိုတာပဲ"
" သူတို့နဲ့ အခုလာချောင်းကြည့်တဲ့သူက ပတ်သတ်မှုရှိနိုင်တာလားဆရာ"
" ငါတို့နဲ့တော့ပတ်သတ်မှုမရှိနိုင်ပေမယ့် မင်းနဲ့တော့ ရှိကောင်းရှိနိုင်ပါတယ်"
" ဗျာ... ဆရာပြောတာ ကျွန်တော်နားမလည်ဘူး"
" မကြာခင် နားလည်လာမှာမို့ ခေါင်းထဲသိပ်မထည့်နေနဲ့၊ ဒီနေ့ အင်းဆွဲရတာ ဘယ်လိုအခြေအနေရှိလဲ"
" အရင်ကထက်တော့ အများကြီးစိတ်ငြိမ်လာတယ်ဆရာ၊ အင်းဆွဲနေချိန် ပန်းရနံ့တွေလဲရတယ်၊ တစ်ခါတစ်လေ ငိုညဉ်းသံတွေကိုလဲကြားရတယ်"
" အင်း... ဒါကတော့ အနည်းနဲ့အများကြုံရတတ်တာမို့ ဘယ်လိုအာရုံတွေပဲလာလာ ဖျက်ချနိုင်ဖို့အရေးကြီးတယ်၊ အာရုံနောက်ကိုမလိုက်ရင် ဘယ်သူမှ ဒုက္ခပေးလို့မရဘူး"
" ဟုတ်ကဲ့ပါဆရာ... ကျွန်တော်သေချာမှတ်သားထားပါမယ်"
++++++
" ဒီလူက အတော်သဘောကောင်းတာပဲ... အခုလဲ ထမင်းအိုးကိုင်ပြီးလာနေပြီကွ"
" ဟေ့ကောင် စကားမများနေနဲ့... အနားသွားပြီး ပွတ်သပ်ကျီစယ်ပေးရတယ်၊ ဒါမှ သခင်က ငါတို့ကို ပိုချစ် တာ"
ခွေးနှစ်ကောင်က အချင်းချင်း စကားပြောရင်း ခွန်းလှ အနားကို ကပ်လာခဲ့ကြတယ်။
" ဒီနေ့က ကြက်ရိုးသိပ်မရလို့... သည်းခံပေးကြကွာ၊ နောက်နေ့ များများဝယ်ကျွေးမယ်၊ ဒါနဲ့ မင်းတို့နှစ်ကောင် ညဘက်တစ်ခုခုမြင်ရင် အချက်ပေးဦး"
ခွန်းလှစကားကိုကြားတော့ ခွေးနှစ်ကောင်က တအီအီလုပ်ပြီး
" ဒီလူ ငါတို့စကားပြောတတ်တယ်ဟ...သူပြောတာ ငါနားလည်တယ်"
" အေး ငါလဲနားလည်တယ်... လူစိမ်းလာရင် ဟောင်ဖို့သူပြောလိုက်တာမဟုတ်လား"
" ဟိုနှစ်ကောင် ... မင်းတို့ပြောနေတာအကုန်ကြားတယ်၊ ဘာလဲ ငါက မင်းတို့စကားနားမလည်ဘူးထင်ပြီး တိုးတိုးလေးပြောနေကြတာလား"
ခွန်းလှက သာမန်လူတွေလိုပဲပြောလိုက်ပေမယ့် ခွေးနှစ်ကောင်အမြင်မှာတော့ သူတို့စကားကိုပြောတတ်တယ်ထင်ပြီး ခွန်းလှကိုယ်ပေါ်ကိုကုတ်တွယ်တက်ကာ ပွတ်သပ်နမ်းရှုံ့ခဲ့ကြတယ်။
ခဏနေတော့ ထမင်းတစ်အိုးလုံးကိုပြောင်သလင်းခါအောင်စားပြီး ဈေးရှိတဲ့ဘက်ကို အမြှီးလေးနှံ့ကာ ထွက်သွားကြသလို ခွန်းလှကလဲ ကျောင်းပေါ်ကိုပြန်တက်လာခဲ့လိုက်တယ်။
++++++
* ဖျတ် ဖျတ် ဖျတ်"
အင်းဆွဲနေတဲ့မိုင်းကိုင်စက္ကူက လေမတိုက်ပဲ တဖျတ်ဖျတ်ခါယမ်းနေတာကြောင့် ခွန်းလှလဲ ရှေ့ဆက်တက်ရမယ့်အကွက်ကိုမတက်သေးပဲ ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တယ်။
" အာဝု အာဝု... အီ အီ အီ"
ကျောင်းအောက်ကနေ ခပ်မျှင်းမျှင်းလေးထွက်လာတဲ့ ခွေးအော်သံနဲ့အတူ တောက်ခတ်သံ၊ ဖနောင့်ပေါက်သံတွေကိုပါကြားလိုက်ရတယ်။
" ခွန်းလှ... အဲဒီနေရာမှာပဲထိုင်နေ၊ ငါတို့နေတဲ့ကျောင်းထဲကို စက်တွေလွှတ်နေတာ ခံစားမိတယ်မဟုတ်လား"
" ခံစားမိတယ်ဆရာ... ဒီပုံစံအတိုင်းဆို စက်လွှတ်တဲ့သူရဲ့နောက်ကွယ်မှာ စက်ကြိုးဆင်နိုင်တဲ့ ပညာသည်တစ်ယောက်ရှိတာသေချာနေပြီ"
" မဖိတ်ခေါ်ပဲရောက်လာတဲ့ဧည့်သည်က မင်းနဲ့ပတ်သတ်နေမယ်လို့ထင်မိတယ်"
" ကျွန်တော်လဲမသိတော့ဘူးဆရာ... ဒါနဲ့ဘယ်လိုလုပ်ရမလဲဆိုတာပြောပါဦး"
" ဘာမှလုပ်ဖို့တော့မလိုပါဘူး... သူဖြန့်ထားတဲ့စက်တွေကိုဆွဲဖျက်လိုက်ရုံပါပဲ"
အောင်မြတ်သာက ခပ်အေးအေးလေသံနဲ့ပြောပြီး အရပ်လေးမျက်နှာကိုလှည့်ကာ လက်ဝါးစောင်းနဲ့ စက်ဖြတ်ချလိုက်တဲ့အချိန် ကျောင်းအောက်မှာရှိတဲ့ ခွေးနှစ်ကောင်ဆီကနေ ကျယ်လောင်တဲ့ဟောင်သံတွေ ထွက်ပေါ်လာခဲ့တယ်။
မကြာခင် မကျမချမ်းတောက်ခတ်သံတွေနဲ့အတူ သစ်ကိုင်းလှုပ်သံ၊ သစ်ရွက်ကြွေသံတွေကိုပါကြားလိုက်ရတယ်။
" သူတို့က ခွေးနှစ်ကောင်ကို မဟောင်နိုင်အောင် အရင်လုပ်ခဲ့တာပဲ၊ ဒါကြောင့် စက်မဖြတ်ခင်အချိန်ထိ အသံတောင်မထွက်ရဲဘူးလေ"
" သူတို့က ဘယ်သူတွေဖြစ်နိုင်မလဲဆရာ"
" ခန့်မှန်းမိတာကတော့ မင်းရဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့သူလို့ပဲမြင်တယ်၊ သူနဲ့ ဓါးပြဗိုလ်နဲ့က သူငယ်ချင်းလို့ဆိုပေမယ့် အခြားမသိနိုင်တဲ့ ဆက်နွယ်မှုတွေရှိကောင်းရှိနိုင်တယ်"
" ကျွန်တော်ကြောင့် ဓါးပြဗိုလ်ရဲ့သရုပ်မှန်ပေါ်သွားတာကိုမကျေနပ်တာရယ်၊ သူပေးထားတဲ့ပညာတွေကိုစွန့်လွှတ်လိုက်တာရယ်ကြောင့် ဒီအထိလိုက်လာတာဖြစ်နိုင်တယ်နော်"
" သူ့ပညာက သာမန်ပဲရှိတာပါ... ဒါပေမယ့် ခုနက ခံစားမိတဲ့စက်ကြိုးရဲ့နောက်ကွယ်မှာ အခြားတစ်ယောက်ရှိနေသေးတယ်၊ အဲဒီပုဂ္ဂိုလ်က ဒီနယ်တစ်ခွင်လုံးကို စက်ကြိုးဆင်ထားတဲ့ သဘောမှာရှိတယ်"
" ဒီနယ်တစ်ခွင်ကို စက်ကြိုးဆင်နိုင်တဲ့ ပုဂ္ဂိုလ်ဆိုရင်အတော်ထက်မယ့်ထဲမှာပါမှာ"
" ဟုတ်တယ် သူက ရက္ခန္တီ ကြိုးလို့ခေါ်တဲ့ ပညာကြိုးကိုအသုံးပြုပြီး ပညာစက်ဖြန့်ထားတာ၊ ဒီကြိုးက ပညာသည်တွေရဲ့ ကြိုးကြီးပညာခဏ်းမှာ အခြေခံအကျဆုံးပဲ၊ ဒီကြိုးကိုသာ ပေါက်ပေါက်မြောက်မြောက် ကျင့်သုံးနိုင်မယ်ဆိုရင် ဒီနယ်တစ်ခွင်မှာ အပ်ကျတာကအစ သူတို့တွေသိကြတယ်၊ အချို့ဆို ပညာစက်ကို ခဏခဏဖြန့်ရတာ အလုပ်ရှုပ်လို့ ကောင်းကင်မှာ စက်ကြိုးကိုတက်ချိတ်ထားကြတာ၊ အဲလိုချိတ်လိုက်ပြီဆိုရင် သူ့နယ်ထဲကို ဘယ်ဆရာဝင်လာတာကအစ အလိုလိုသိနေကြတယ်လေ၊ ပညာသည်တွေထဲမှာလဲ ဉာဏ်ကိုလွှာပြီးသုံးတတ်တဲ့သူက ပိုပြီးပေါက်မြောက်ကြတယ်"
" ကျွန်တော်က အခုမှပညာသင်အဆင့်ဆိုတော့ သူတို့နဲ့ ယှဉ်ဖို့က ခက်မယ်ထင်တယ်နော်ဆရာ"
" သိပ်လဲစိတ်ပူမနေပါနဲ့.. ငါတို့ပညာက သစ္စာသာတည်နေပါစေ၊ စွမ်းပါတယ်ဆိုတဲ့ပညာသည်တွေအနေနဲ့ မျက်လုံးနဲ့တောင် မော်မကြည့်ရဲဘူး၊ ဘာလို့လဲဆိုတော့ မင်းအခုမြိုထားတဲ့ အင်းစမတွေကြောင့်ပဲ"
" ဆရာ စကားကြားရတာ အားတက်သွားပြီဗျာ၊ ဒါနဲ့ ကျွန်တော်က ဒီကျောင်းပျက်ထဲမှာပဲ ဆက်နေရဦးမှာလား"
" လောလောဆယ်တော့ မောင်ကောင်းနဲ့တူတူ ဆက်နေရဦးမယ်၊ ဒီကြားထဲ ဦးလွန်းတင်လဲ မကြာမကြာလာပေးပါမယ်တဲ့"
" ဆရာက ဘယ်သွားမှာမို့လို့ ... အသေးစိတ်မှာနေတာလဲ"
" တစ်ရက်နှစ်ရက်လောက်ဆိုပြန်လာခဲ့ပါ့မယ်၊ မောင်ကောင်းရေ ခွန်းလှကို သေချာဂရုစိုက်ပေးလိုက်ပါ"
" စိတ်ချပါဆရာ... ဒီတစ်ခါ ပွဲကြီးပွဲကောင်း ကျွန်တော်လွတ်သွားရပီဗျာ"
မောင်ကောင်းက အားမလိုအားမရနဲ့ ပြောလိုက်ပေမယ့် ခွန်းလှကတော့ ဇဝေဇဝါအတွေးတွေနဲ့ ဖြစ်နိုင်တာတွေကိုလိုက်တွေးနေခဲ့မိတယ်။
++++-
မနက်မိုးလင်းလို့ ခွန်းလှ နိုးလာတော့ ဘုရားရှိခိုးနေတဲ့ မောင်ကောင်းတစ်ယောက်ကိုသာမြင်လိုက်ရတယ်။
ကျောင်းအောက်ခြေမှာတော့ ခွေးနှစ်ကောင်က တစ်ကောင်ပေါ်တစ်ကောင်မေးတင်ကာ အိပ်မောကျလျက်။
အောင်မြတ်သာအနေနဲ့ တပည့်တွေကိုထားပြီး ဘာကြောင့်ထွက်သွားတာလဲဆိုတာကိုတော့
" အောင်မြတ်သာနဲ့ နယ်ပိုင်စက်ကြိုး"ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
#မူရင်းရေးသားသောသူများနှင့်
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။
No comments
Post a Comment