အိုပယ်

---------- “ကိုဘခင် ... တော့ ... ကိုဘခင်” “ဟေ ... ဘာလဲကွာ ... ဒီမှာ စာဖတ်နေတယ်” အိမ်ရှေ့ ဝရန်တာတွင် ပက်လက် ကုလားထိုင်လေးတစ်လုံးချကာ အေးဆေးစွ... thumbnail 1 summary


----------
“ကိုဘခင် ... တော့ ... ကိုဘခင်”

“ဟေ ... ဘာလဲကွာ ... ဒီမှာ စာဖတ်နေတယ်”

အိမ်ရှေ့ ဝရန်တာတွင် ပက်လက် ကုလားထိုင်လေးတစ်လုံးချကာ အေးဆေးစွာ စာဖတ်နေသော အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးဘခင်က သူဇနီးဖြစ်သူကို ပြန်ဖြေလိုက်ခြင်းဖြစ်သည်။

“ရှင့်မှာလည်း တစ်နေ့ တစ်နေ့ အလုပ်မရှိ စာတွေချည်း ဖတ်နေတော့တာကိုး”

“အလိုကွယ် ... ငါက စာတွေချည်း ဖတ်မနေလို့ ဘာများလုပ်ရမှာလဲ ပြောစမ်းပါဦး”

“ဒီမှာ အပိုတွေ ပြောမနေနဲ့ ... ဒီနေ့ ဘယ်သူတွေလာမယ်ဆိုတာ ရှင်သိတယ်မဟုတ်လား”

“သိတယ် ... သိတယ်”

“ကိုယ့်သမီးလေးကို လာတောင်းကြမှာတော့ ... အဲဒီလာတောင်းမယ့် သူတွေကလည်း ဂုဏ်သရေရှိ ချမ်းသာတဲ့ လူကြီး လူကောင်းတွေ”

“အလိုဗျာ ... သူတို့က လူကြီးလူကောင်းတွေဆိုတော့ ငါတို့က ဘာဖြစ်ကုန်ပြီလဲ”

“ရှင်ဟာလေ အဲဒီလို လျှာရှည်တတ်လို့ စိတ်မချနိုင်တာ”

“ပြောစရာရှိတာတော့ ပြောရမှာပဲကွယ်”

ထိုစဉ် သမီးဖြစ်သူကက သူ့မိခင်ဘက်က စစ်ကူဝင်တော့သည်။

“အဖေ့ကို အဲဒါပြောချင်တာ။ အဖေက ဟိုဘက်က စကားလာမြန်းရင် မဆိုင်တာတွေ ဝင်ဝင်ပြီးထောက် တတ်တော့ တစ်ဖက်လူတွေမှာ စိတ်ညစ်စရာတွေ ဖြစ်ကုန်မှာပေါ့”

“ဟဲ့ ငါက မဆိုင်တာတွေ ဆိုင်တာတွေ လျှောက်ပြောနေရအောင် အရူးလား”

“အဖေရယ် အဲဒီလိုတော့ မဟုတ်ပါဘူး။ သူတို့ စကားလာမြန်းရင် တတ်နိုင်သမျှ ဘာမှ မပြောဘဲ နေပေးပါ။ သမီး တောင်းပန်ပါတယ်”

“နင်က ငါ့သမီးလေ ... ငါက နင့်အဖေ ... အဖေနေရာက အဖေတစ်ယောက်အနေနဲ့ အဖေစကားတော့ ပြောသင့်တာတွေ ပြောရမှာပဲ”

“ဒီမှာ ... ကိုဘခင် ... သမီးလေးကို တင်တောင်းမယ့် ကိစ္စတွေ၊ မင်္ဂလာဆောင်မယ့်ကိစ္စတွေ ပြောလာရင် ရှင် လုံးဝ ဝင်မပြောပါနဲ့”

“ဟဲ့ သမီးကို တင်တောင်းတဲ့စကား ပြောလာရင် ငါက လက်မခံနိုင်ဘူး ... ဝင်ပြောမှာပဲကွယ့်။ ဘယ့်နှယ် လူကွယ့် ... ရောင်းကုန်လား။ ငါ့သမီးကို လက်ထပ်ချင်ရင် ဘယ်လောက်နဲ့တင်တောင်းလို့ ပြောရမှာ ဟိုးခေတ် မင်းတို့ငါတို့ခေတ်မှာ ကျန်ခဲ့ပြီ။ မင်းကိုတောင် မင်းမိဘတွေက တင်တောင်းခိုင်းတာ ငါက ကျောင်းဆရာမို့လို့ တင်မတောင်းနိုင်လို့ ဗိုက်ကြီးမှ ပြန်အပ်ခဲ့ရတာ။ တစ်ဖက်သားကို ကိုယ်ချင်းစာမှပေါ့”

“ကိုဘခင် ရှင်က ကျောင်းဆရာ လူမွဲ ... ခု သမီးကို လာတင်တောင်းမှာက သူဌေးတွေတော့”

“ဌေး ... ဌေးကွယ် ... ဘယ်ရွေ့ဘယ်မျှတင်တောင်းရမယ်ဆိုတာကြီးကို မင်းပါးစပ်ကြီးနဲ့ ပြောထွက်မှာ ငါအံ့ဩ တယ်”

“ရှင် ပါးစပ်ပိတ်တော့ ... ရှင့်ကို အဲဒီလို လျှာရှည်လွန်းလို့ အမြင်ကပ်တာ။ ဒီမှာ ရှင်းရှင်းပြောထားမယ်။ ဒီနေ့ပွဲမှာတော့ ရှင်တစ်ခွန်းဝင်ပြောကြည့် ကျွန်မနဲ့အတွေ့ပဲ”

“ဪ နောက်ဆုံးတော့ ငါ့ကို လူရာမသွင်းချင်ကြတာကိုး”

“မဟုတ်ဘူး အဖေ ... အဖေက စိတ်ထင်တာတွေ ဝင်ဝင်ပြောတတ်လို့ စိုးရိမ်နေတာ”

“ဒါပဲနော် ... ရေမိုးချိုး ... အဝတ်အစားတွေလဲ။ ၁၁ နာရီလောက်ဆိုရင် ရောက်လာကြတော့မှာ။ တတ်နိုင်သမျှ ရှင့်ပါးစပ်ကို ပိတ်ထား ... ဒါပဲ”

တစ်အိမ်လုံး အလုပ်တွေရှုပ်နေကြသည်။ ဦးဘခင်က ထသွားပြီး ရေချိုးသည်။ ထို့နောက် အဝတ်အစားလဲကာ ခြံထဲဆင်းခဲ့သည်။

“ဪ နောက်ဆုံးတော့လည်း အိုပယ်ကြီးပါလား”

ခြံထဲကို ကားနှစ်စီးဝင်လာသည်။ ဒေါ်တင်မေက အပြင်ကိုအပြေးလေးထွက်လာပြီး ကြိုသည်။ ဧည့်ခန်းထဲတွင် အားလုံး ထိုင်ပြီးသောအခါ ကောင်လေးဘက်က ဖခင်ဖြစ်သူက

“ဆရာကြီးကို မမြင်ပါလား” ဟု မေးလိုက်သည်။

ဒေါ်တင်မေက ထိုအချိန်မှ သတိရကာ

“ဟဲ့ သမီး နင့်အဖေရော”

“စောစောက ခြံထဲမှာ တွေ့နေသေးတယ်”

“ဟဲ့ သားကြီး ... နင့်အဖေကို သွားခေါ်”

သားဖြစ်သူက ပြန်လာသည်။

“ဟဲ့ နင့်အဖေရော”

“ခြံထဲမှာ မရှိဘူးအမေ”

“ဟာ ဒီကိုဘခင်က ဘယ်များ သွားနေပါလိမ့်”

သူတို့ ကော်ဖီနှင့် မုန့်များ စားသောက်ပြီးချိန်အထိ ဦးဘခင်တစ်ယောက် ပေါ်မလာ။

ကောင်လေးဘက်က မိခင်ဖြစ်သူက

“ဘယ်လိုလုပ်ကြမလဲ ... ဆရာကြီး ဘယ်မှာလဲ”

“အို ... သူမရှိလည်း ကျွန်မတို့ချည်း ပြောကြရအောင်”

“ဘယ်ဖြစ်မလဲခင်ဗျာ ... ကျွန်တော်တို့က ဆရာကြီး ဦးဘခင်ရဲ့ တပည့်ဟောင်းတွေပါ။ ခုလို အစ်မကြီး သမီးနဲ့ ကျွန်တော့်သားလေးကို သဘောတူတယ်ဆိုတာလည်း ဆရာကြီး ဦးဘခင်ရဲ့ သမီးဖြစ်နေလို့ပါ။ ဆရာကြီး ကြောင့် ကျွန်တော်တို့ဟာ ဒီလိုဘဝမျိုးတွေရောက်ပြီး တင့်တောင့်တင့်တယ် နေနိုင်ကြတာပါ။ ဆရာကြီးဆီက ဆုံးမစကားတွေနဲ့ လမ်းညွှန်ချက်တွေအတိုင်း ကျွန်တော်တို့ လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားကြတာ။ ဆရာကြီး ပြန်လာအောင် စောင့်ကြတာပေါ့ခင်ဗျာ”

ဦးဘခင်ကားပေါ်မလာ။ ဒေါ်တင်မေက

“အားနာလိုက်တာရှင်"

“အားမနာပါနဲ့ခင်ဗျာ ... ကျွန်တော်တို့ စောင့်နိုင်ပါတယ်”

တစ်နာရီခန့်ကြာမှ သားဖြစ်သူနှင့်အတူ ဦးဘခင်က ပြန်ရောက်လာသည်။

“ကိုဘခင် ရှင် ဘယ်သွားနေတာလဲ ... ဒီမှာ ဧည့်သည်တွေ အားနာစရာ”

“ငါမပါလည်း မင်းက စီစဉ်တတ်ပါတယ်ကွယ် လုပ်ကြပါ”

“ဆရာကြီး”

ကောင်လေးဘက်က လင်မယားနှစ်ယောက်စလုံး ထိုင်နေသည့် ဆရာကြီး ဦးဘခင် ခြေထောက်ကို ဦးခိုက်ကာ ကန်တော့ကြသည်။

“ဟဲ့ ... မလုပ်ကြပါနဲ့ ... အဲဒီလို မလုပ်ပါနဲ့”

“ဆရာကြီး သားတို့ကို မမှတ်မိဘူးလား”

“ဘယ်သူတွေများလဲ”

“ဆရာကြီး ပဲခူးမှာတာဝန်ကျတုန်းက ဆိုးလွန်းလို့ ကျောင်းထုတ်ခံရတဲ့ ခင်မောင်စိန်ဆိုတာကို မှတ်မိ သေးလား”

“အလို စိန်ဂေါ်လီဂိုဏ်းက လမ်းသရဲ ခင်မောင်စိန်လား”

“ဟုတ်ကဲ့ ဆရာကြီး။ အဲဒီတုန်းကသာ ဆရာကြီးက ကျောင်းအုပ်နဲ့ အတိုက်အခံလုပ်ပြီး ကျွန်တော့်ကို ပြန်လက်မခံခဲ့ရင် ဒီလိုအနေအထားမျိုးကို ရောက်လာမှာ မဟုတ်ဘူးဆရာကြီးရယ်။ သူကလည်း ဆရာကြီး တပည့်ပဲ။ ကျောင်းရှေ့က ဘိန်းမုန့်ရောင်းတဲ့ ဒေါ်တလုတ်သမီးပေါ့”

“ဟေ ... ဟုတ်လား။ အေးကွယ် ဆရာလည်း မင်းတို့က လူကြီးပုံတွေ ပေါ်လာတော့ ဘယ်မှတ်မိပါ့မလဲ။ ဒါနဲ့ ခု ငါ့သမီးကို လာတောင်းတာ”

“ကျွန်တော်တို့ရဲ့ သားလေးပါဆရာကြီး။ သားလေးက ဆရာကြီးနာမည်ကို ပြောလိုက်ကတည်းက အဲဒါ ငါ့ဆရာကြီး သဘောမတူစရာ ဘာမှ မရှိဘူးဆိုပြီး ပြောလိုက်တာ”

“ဟုတ်လား ... ကဲ ကဲ ပြောကြ ... ပြောကြ”

“ဘာမှ ပြောစရာမရှိပါဘူး။ ဒီမင်္ဂလာပွဲကို ဆရာကြီးစိတ်တိုင်းကျ ကြိုက်သလိုသာ ပြောပါ။ ကြိုက်သလိုသာ စီမံပါဆရာကြီးရယ်”

“ဒါက ဒီလိုရှိသကွယ် ...”

“ဆရာကြီး ဘယ်လိုပဲရှိရှိ ... ဆရာကြီး စီမံတဲ့အတိုင်း သမီးတို့ လိုက်နာမယ်”

ဦးဘခင်ကို ပါးစပ်ကြီးအဟောင်းသားနှင့် ကြည့်နေသူတို့မှာ ဒေါ်တင်မေနှင့် သူ့သမီးဖြစ်သည်ကို ပြောစရာ လိုမည်ပင်မထင်။

#တင်ညွန့်

No comments

Post a Comment