အောင်မြတ်သာနှင့်သိဒ္ဓိညီနောင်

သစ္စာရှိမှုကိုပါ လျောက်တင်ခဲ့တယ်။ ဆင်ဖြူရှင် မင်းတရားလဲ အဲဒီတော့မှ ကုန်းဘောင်မြို့တည်ခမည်းတော်ရဲ့ သွေးသောက်ရဲဘော် မုဆိုးခြုံဗိုလ်တွန်ကို သတိ... thumbnail 1 summary

သစ္စာရှိမှုကိုပါ လျောက်တင်ခဲ့တယ်။ ဆင်ဖြူရှင် မင်းတရားလဲ အဲဒီတော့မှ ကုန်းဘောင်မြို့တည်ခမည်းတော်ရဲ့ သွေးသောက်ရဲဘော် မုဆိုးခြုံဗိုလ်တွန်ကို သတိရလွမ်းဆွတ်ကာ လျောက်တင်သူ ကလေးနှစ်ယောက်ကို ရွှေအတိပြီးတဲ့ ဂွေနှစ်ခုနဲ့အတူ မျက်စိရှေ့မှာမြင်နေရတဲ့ ဆင်ဝပ်တောင်ကြောကို အပိုင်စားပေးသနားခဲ့တယ်။


ဆင်ဖြူရှင်မင်းတရားကြီးကိုယ်ဝောာ်တိုင် အပိုင်စားပေးခဲ့တဲ့အတွက် သီဟနဲ့ဗလညီအစ်ကိုနှစ်ယောက်လဲ တောင်ကြောတစ်လျောက်မှာ ထင်တိုင်းကျဲပါလေရော။ နှစ်ကာလကြာလာတော့ ဆင်ဝပ်တောင်ကနေ တောင်စောင့်ကလေးနှစ်ယောက် ဂွေလှိမ့်ဆော့ကစားရာ‌တောင် ၊ ဂွေလှိမ့်တောင်ဆိုပြီး ဖြစ်လာခဲ့တယ်။ ဂွေလှိမ့်တောင်ကြောကိုအပိုင်စားရခဲ့တဲ့ ညီနောင်နှစ်ပါးက အတိတ်ဘဝမှာ စိတ်ကြမ်းလူကြမ်းသမားတွေဖြစ်တဲ့အတွက် ဘုရားသံတရားသံကိုကြားရင် အမျိုးမျိုးနှောက်ယှက်ခဲ့ကြတယ်။ ဒါပေမယ့် သူခိုးသူဝှက်ဓါးမြတွေကတော့ ဂွေလှိမ့်တောင်က နတ်သူငယ်နှစ်ယောက်ကို အလွန်ယုံကြည်ကြတယ်။

ဓါးမြမတိုက်ခင်ဖြစ်ဖြစ်၊ တိုက်ရာပါပစ္စည်းကို ခွဲဝေယူတဲ့အခါမှာပဲဖြစ်ဖြစ် ဂွေလှိမ့်တောင်ပေါ်မှာ ပူဇော်ပသပြီး ပြုလုပ်လေ့ရှိကြတယ်။ အနီးအနားတစ်ဝိုက်က ရွာခံတွေကတော့ လပြည့်လကွယ်နေ့တွေဆိုရင် တောင်ကြောတစ်လျောက်မှာ ရွှေရောင်တဝင်းဝင်းလက်နေတဲ့ ဂွေကိုလှိမ့်ပြီး ဆော့ကစား‌နေတဲ့ နတ်သူငယ်နှစ်ပါးကို ‌မြင်တွေ့ရတယ်လို့ ပြောစမှတ်ရှိခဲ့ကြတယ်။

တစ်နေ့မှာတော့ အကြောင်းတိုက်ဆိုင်စွာနဲ့ နတ်သူငယ်နှစ်ပါးနေထိုင်တဲ့ ဂွေလှိမ့်တောင်အနီးကို အောင်မြတ်သာတို့ဆရာတပည့်တွေရောက်ရှိလာခဲ့ကြတယ်။ စရောက်ရောက်ချင်းမှာပဲ တောင်ခြေမှာ လဲကျနေတဲ့ ရသေ့ကိုတွေ့လို့မေးကြည့်တော့ နတ်သူငယ်နှစ်ပါးကစားနေချိန် အရှေ့မှာကန့်လန့်ဖြတ်မိလို့ ကန်ချခံထိတယ်ဆိုတာသိလိုက်ရတယ်။

အောင်မြတ်သာလဲ ဒီလောက်ဆိုးသွမ်းနေတဲ့ နတ်သူငယ်နှစ်ပါးကို အမြင်မှန်ရအောင်ဆုံးမမှဖြစ်တော့မယ်လို့တွေးတောရင်း တောင်ပေါ်ကို တက်လာခဲ့လိုက်တယ်။ တောင်ပေါ်စတက်တဲ့လမ်းဘေးမှာတော့ နတ်ကွန်းအချို့ကိုမြင်တွေ့လိုက်ရတယ်။ အထဲမှာတော့ သျောင်ပေစူးနဲ့ကလေးနှစ်ယောက်ပုံကို ထွင်းထုထားတဲ့ရုပ်ထုတွေအပြင် ရွှေဆေးချထားတဲ့ သံဂွေသေးသေးလေးတွေကိုလဲမြင်တွေ့လိုက်ရတယ်။

အောင်မြတ်သာ နတ်ကွန်းရှေ့က ထွက်သွားတော့ အထဲမှာရှိနေတဲ့ ရုပ်ထုနှစ်ခုရဲ့မျက်တောင်က တစ်ဖျတ်ဖျတ်ခတ်သွားခဲ့တာကို သက်ခိုင်က အမှတ်မထင်မြင်တွေ့လိုက်ရတယ်။ အောင်မြတ်သာတို့လဲ ရှေ့မှာရှိတဲ့ တောလမ်းအတိုင်းတောင်ပေါ်ကိုဆက်တက်ခဲ့ရာ ဝါးပင်တွေအစီအရီပေါက်ရောက်နေတဲ့ တောင်ခါးပန်းအနားကိုရောက်တော့ ရိပ်ခနဲ ရိပ်ခနဲ ဘေးကနေဖြတ်သွားတဲ့ အရိပ်အယောင်ကို ခံစားလိုက်ရတယ်။

အလွန်ကိုမြန်ဆန်တဲ့အရှိန်ကြောင့် အဝတ်အစားတွေ၊ ဆံပင်တွေလှုပ်ရှားတာသိနေပေမယ့် အကောင်အထည်ကိုမမြင်ခဲ့ရပေ။ အခြေအနေကို ရိပ်စားမိတဲ့ အောင်မြတ်သာက မျက်လုံးကိုစုံမှိတ်ပြီး အာရုံခံကြည့်လိုက်ရာ ရွှေဂွေကိုလှိမ့်ပြီး အနားမှာဆော့ကစားနေတဲ့ နတ်သူငယ်နှစ်ယောက်ကိုမြင်လိုက်ရတယ်။

ရွေအိုရောင်ပိုးသားအင်္ကျီကိုဝတ်ဆင်ထားပြီး ချည်ချောလုံချည်အကွက်ကိုခါးထောင်းကျိုက်ထားတဲ့ ခုနှစ်နှစ်အရွယ်ကလေးနှစ်ယောက်က အောင်မြတ်သာကို တိုက်မလိုလုပ်လိုက် ဘေးကနေရှောင်ထွက်သွားလိုက်နဲ့ စနောက်နေတဲ့အချိန် တောင်ခါးပန်းမှာပေါက်နေတဲ့ ဝါးတစ်ချောင်းက အရှိန်နဲ့ပြေးနေတဲ့ ကလေးနှစ်ယောက်ရဲ့အရှေ့မှာကန့်လန့်ဖြတ်အနေအထားနဲ့ပိတ်လိုက်ပါလေရော။

ဒီတော့မှ ဂွေလှိမ့်နေတဲ့ နတ်သူငယ်နှစ်ယောက်က အောင်မြတ်သာကိုမျက်စောင်းထိုးကြည့်ပြီး
" ဆရာလိုလို ဘိုးတော်လိုလိုနဲ့လူတွေ ဘာကိစ္စကြောင့် ငါတို့တောင်ပေါ်ရောက်လာတာလဲမသိဘူး"လို့ အချင်းချင်းပြောတာကို အောင်မြတ်သာ ကြားလိုက်ရတယ်။

" ဗလ...သူတို့ပုံစံကြည့်ရတာ အကြောက်အလန့်လဲမရှိကြဘူး ... ဒါကြောင့်.."

နတ်သူငယ်နှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဓိပ္ပါယ်ရှိရှိပြုံးကာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ကြတယ်။ အောင်မြတ်သာကတော့ ဘာဆက်ဖြစ်မလဲဆိုပြီး ပတ်ဝန်းကျင်ကို အကဲခတ်နေတုန်း တောင်ကြောတစ်လျောက်ရုတ်တရက် မိုးတွေအုံ့မှိုင်းလာပြီး ကျယ်လောင်တဲ့မိုးခြိမ်းသံတွေထွက်ပေါ်လာခဲ့တယ်။

မိုးခြိမ်းသံတွေနဲ့အတူ လျှပ်စီးတွေတစ်လက်လက် တောက်လာပြီး တောင်ကြောပေါ်ကနေ ကြောက်မက်ဖွယ် ငိုသံရယ်သံတွေထွက်ပေါ်လာခဲ့တယ်။

အောင်မြတ်သာတို့လဲ အခြေအနေကိုသဘောပေါက်တဲ့ဟန်နဲ့ လွယ်အိတ်ထဲမှာလာတဲ့ ဖယောင်းတိုင်ပေါ်မှာ သိမ်ဝင်အပ်နဲ့ အင်းစမတစ်ခုကို ရေးဆွဲပြီး မီးထွန်းလိုက်တယ်ဆိုရင်ပဲ မဲမှောင်နေတဲ့ ကောင်းကင်တစ်ခုလုံး ပြန်လင်းလာပြီး တစ်တောလုံးပုံမှန်အနေအထားအတိုင်းဖြစ်သွားခဲ့တယ်။

မကြာခင် ကျယ်လောင်တဲ့တောက်ခတ်သံ၊ ကြိမ်းဝါးသံတွေနဲ့အတူ အောင်မြတ်သာတစ်ကိုယ်လုံး လှုပ်ရှားလို့မရဖြစ်သွားခဲ့တယ်။

" ဆရာ သတိထားဦး ဒီကလေးတွေ ‌ဒုက္ခပေးပြီထင်တယ်"

သက်ခိုင်က စိုးရိမ်ကြီးစွာနဲ့ပြောတော့ အောင်မြတ်သာက
" စိတ်မပူနဲ့သက်ခိုင် ဒီကလေးတွေကိုလဲ ထိခိုက်အောင်မလုပ်နဲ့... ငါကိစွ ငါဖြေရှင်းမယ်" လို့ပြောပြီး နှုတ်ကနေ ဉုံ ...အစချီတဲ့ဂါထားတစ်ပုဒ်ကို အဆက်မပြတ်ရွတ်ဖတ်နေခဲ့တယ်။

ဂါထာအခေါက်ရေ ကိုးခေါက်တိတိပြည့်တဲ့အချိန်မှာတော့ အောင်မြတ်သာရဲ့ကိုယ်မှာရစ်ပတ်ထားတဲ့အရာက တစ်ဖြေးဖြေးရုပ်လုံးပေါ်လာလို့ကြည့်လိုက်တာ ကနုတ်ပန်းတွေရေးထိုးထားတဲ့ ရွှေရောင်ဂွေနှစ်ခုဖြစ်နေတာမြင်လိုက်ရတယ်။

" လက်စသတ်တော့ ဒင်းတို့က ဆရာကို ရွှေဂွေနဲ့ဖမ်းချုပ်ထားတာကိုး"

သက်ခိုင်က အံ့ဩစွာနဲ့ရေရွတ်ရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အစွန်းထွက်နေတဲ့ တောင်နံရံမှာ ခါးထောက်ပြီး သူတို့ကိုကြည့်နေတဲ့ ကလေးနှစ်ယောက်ကိုမြင်လိုက်ရတယ်။

" ဟေ့ ကလေးတွေ မင်းတို့ကများ ရာရာစစ ငါ့ဆရာကိုဖမ်းထားရဲတယ်ပေါ့လေ တုတ်နဲ့ရိုက်ခံမထိစေချင်ရင် အခုချက်ချင်းဖယ်စမ်း"

သက်ခိုင်စကားကိုကြားတော့ နတ်သူငယ်နှစ်ပါးက လျာထုတ်လိုက် ရယ်မောလိုက်နဲ့ နောက်ပြောင်ရင်း လက်ကိုအပေါ်မြောက်တင်လိုက်ရာ ရွှေဂွေနဲ့ဖမ်းချုပ်ခံထားရတဲ့ အောင်မြတ်သာက လေပေါ်ကိုမြောက်တက်လာခဲ့တယ်။

အောင်မြတ်သာကတော့ ဘာဆက်လုပ်မလဲဆိုကြည့်နေတဲ့အချိန် နတ်သူငယ်နှစ်ပါးက အောင်မြတ်သာကိုဖမ်းချုပ်ထားတဲ့ရွှေဂွေကို အရှိန်နဲ့ဆွဲလှည့်ပြီး ဘေးက တောင်ခါးပန်းနဲ့ရိုက်ချလိုက်ပါလေရော။
"ဖြောင်း....."
" ဟာ...ဟင်"
ရုတ်တရက်မို့ သက်ခိုင်ရော တောက်ရပါ မှင်သက်သွားခဲ့တယ်။ အရှိန်ကပြင်းတဲ့အတွက် တောင်ခါးပန်းကထွက်လာတဲ့ မြေမှုန်တွေကြောင့် အောင်မြတ်သာဘာဖြစ်သွားတယ်ဆိုတာ အသေချာမမြင်ရတဲ့အခြေအနေဖြစ်နေခဲ့တယ်။

" ဟာ ဒီ ကလေးတွေကတော့..."

တောက်ရက ရုတ်တရက်စိတ်တိုသွားပြီး လွယ်အိတ်ထဲမှာပါတဲ့ အချုပ်အင်းနဲ့ပစ်ဖမ်းဖို့အလုပ် တောင်ပေါ်မှာရပ်နေတဲ့ နတ်သူငယ်နှစ်ပါးက သက်ခိုင်နဲ့ တောက်ရကို ထပ်မံဖမ်းဆီးရန် ကြိုးစားခဲ့တယ်။ ဒီတစ်ခါမှာတော့ သက်ခိုင်နဲ့တောက်ရအနားကို ရောက်တာနဲ့ ဓါတ်လိုက်ခံရတဲ့သူတွေလို အနောက်ကိုလွင့်ထွက်သွားခဲ့တယ်။

" ဟင် ဘယ်လိုဖြစ်တာလဲ... တောက်ရ မင်းဘာလုပ်လိုက်သေးလဲ"

" ဘာမှမလုပ်ဘူးလေ သူ့အလိုလိုဖြစ်သွားတာပဲ"
သက်ခိုင်တို့အံ့ဩနေသလို နတ်သူငယ်နှစ်ပါးလဲ အတော်ကြောက်လန့်သွားခဲ့တယ်။ အဲဒီအချိန် အနောက်ကနေ အောင်မြတ်သာ‌ပြန်ပေါ်လာပြီး နတ်သူငယ်နှစ်ပါးရဲ့နားရွက်ကိုဆွဲခေါ်လာခဲ့တယ်။

" ဒီနှစ်ကောင် မလွယ်ဘူးဟေ့ ... ငါက ဘာမှမဖြစ်လောက်ဘူးထင်လို့ ငြိမ်နေလိုက်တာ ..တောင်နံရံနံ့ဆွဲရိုက်တာခံလိုက်ရတယ်"

အောင်မြတ်သာက နတ်သူငယ်နှစ်ပါးရဲ့ နားရွက်ကို မလွှတ်တမ်းဆွဲထားရင်း သက်ခိုင်တို့ကိုလှမ်းပြောလိုက်တယ်။ နတ်သူငယ်နှစ်ပါးကလဲ အောင်မြတ်သာလက်အောက်မှာ ရုန်းကန်အော်ဟစ်ရင်း သူတို့ကိုလွှတ်ပေးဖို့ ပြောနေခဲ့တယ်။

" မင်းတို့နှစ်ကောင်ကို ဒီအတိုင်းတော့ မလွှတ်ပေးနိုင်ဘူး ... ငါပြောတာကိုလက်ခံရင်တော့လွတ်ပေးမယ်"

" ဘာပြောမှာလဲ ပြောဗျာ...."

" ဒီမှာပြောလို့တော့မရဘူး နှစ်ယောက်လုံး ငါ့နောက်လိုက်ခဲ့"

အောင်မြတ်သာစကားအဆုံးမှာ တောင်တန်းတွေ သစ်ပင်ဝါးပင်တွေအားလုံးပျောက်သွားပြီး တစ်ပါးကျောင်းလေးတစ်ကျောင်းပေါ်လာခဲ့တယ်။ တစ်ပါးကျောင်းကို အလွန်မွှေးကြိုင်တဲ့စန္ဒကူးသားနဲ့ဆောက်လုပ်ထားတာမြင်လိုက်ရတယ်။

နတ်သူငယ်နှစ်ပါးလဲ စန္ဓကူးအနံ့ကိုရတော့ ကြမ်းတမ်းနေတဲ့စိတ်တွေပြေပျောက်သွားပြီး မျက်လုံးတွေပါအရောင်ပြောင်းသွားခဲ့တယ်။ အဲဒီတော့မှ အောင်မြတ်သာက ဆွဲထားတဲ့နားရွက်ကို လွှတ်ပေးလိုက်တဲ့အချိန် အထဲကနေ သင်္ကန်းကို ကြည်ညိုဖွယ်ကောင်းအောင်ဝတ်ဆင်ထားတဲ့ ဆရာတော်တစ်ပါးထွက်လာပြီး လက်ထဲက တောင်ဝှေးနဲ့ နတ်သူငယ်နှစ်ပါးရဲ့ခေါင်းကို တို့ကာ
" သင်တို့နှစ်ပါးက ဒီနေ့ဒီအချိန်ကစပြီး ဒီကျောင်းသင်္ခန်းမှာပဲနေရမယ်။ ဒီမှာနေရင် ဆိုးသွမ်းလို့မရဘူး၊ ဆူညံလို့မရဘူး၊ သက်သက်လွတ်စားရမယ်"ဆိုပြီးပြောတော့ အစပိုင်းမှာ မနေချင်တဲ့ပုံပေါက်နေပေမယ့် ဆရာတော်ဘုရားရဲ့ဆုံးမစကားတွေကြောင့် နှစ်ပါးလုံးနေဖို့သဘောတူလိုက်ကြတယ်။

အဲဒီတော့မှ ဆရာတော်က အကြီးကို သိဒ္ဓိသီဟ၊ အငယ်ကို သိဒ္ဓိဗလလို့နာမည်တပ်ပြီး ဂိုဏ်းရဲ့ကျောင်းတော်စောင့်နတ်သူငယ်ဘွဲ့ကို့ပေးအပ်ခဲ့တယ်။

အောင်မြတ်သာလဲ နတ်သူငယ်နှစ်ပါးကိုဆရာတော်ဆီအပ်နှံပြီးတဲ့အချိန် မျက်စိမှိတ်လိုက်ရာ နားထဲမှာ
" ခွေးသားပေါက်တွေမွေးတဲ့လူကိုကယ်တင်ပါ... သူဘာပဲဖြစ်ဖြစ်ကယ်တင်ရမယ်"ဆိုတဲ့အသံကိုကြားလိုက်ရတယ်။

အသံကြားပြီးတာနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ ဘေးမှာ ထိုင်စောင့်နေကြတဲ့ သက်ခိုင်နဲ့ တောက်ရကိုမြင်လိုက်ရတယ်။

" ဆရာ နတ်သူငယ်နှစ်ပါးရဲ့ နားရွက်ကိုဆွဲပြီးခေါ်လာထဲက မလှုပ်တော့တာ ကျွန်တော်တို့စိတ်ပူသွားတာပဲ"

" ဒီကလေးနှစ်ယောက်ကို သင့်တော်တဲ့နေရာမှာ ထားခဲ့ပြီမို့ နောက်ပိုင်းစိတ်အေးရတော့မှာပါ ကဲ ငါတို့အခု အရေးကြီးတဲ့ကိစ္စတစ်ခုလုပ်ရဦးမယ်"

" အရေးကြီးကိစ္စ ဟုတ်လား ဆရာ... ဘာများလဲ"

" ယောင်္ကျားလေးက ကိုယ်ဝန်ဆောင်ပြီး ခွေးသားပေါက်တွေမွေးနေလို့ "

" ဗျာ.... "

" ဟင်...."

++++++++++

စာဖတ်သူတို့ရေ နောက်ဝတ္တုမှာတော့ လူစင်စစ်ကနေ ခွေးသားပေါက်တွေမွေးတဲ့ဖြစ်စဉ်ကို အောင်မြတ်သာတို့ဘယ်လို ကူညီပေးကြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ကဝေပျံအညိုး ဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment