“အရီးဝင်း...ဘွားအိမ်မှာရှိလား...”
“ဟဲ့...ဖိုးပိန်...လာ...လာ...လာ..ဝင်ခဲ့ကောင်လေး”
ဖိုးပိန်ဆိုသည့် အရပ်ရှည်ရှည် ကောင်လေးတစ်ဦး
ခြံဝိုင်းထဲသို့ဝင်လာခဲ့သည်။
ဒေါ်ဝင်းကတော့ ကွပ်ပျစ်ခင်းပေါ်တွင်
မြေပဲတောင့်များခွာနေခဲ့၏။
သမီးဖြစ်သောနန်းကြိုင်လေးကလည်းဒေါ်ဝင်းနှင့်အတူ
ကူညီပေးနေရှာသည်။
“ဖိုးပိန်...ချွေးတွေနဲ့ပါလားဟဲ့...
ဘာတွေများအရေးကြီးနေတာတုန်း”
“ဘွားကော အိမ်မှာမရှိဘူးလားအရီး...”
“နင့်အဘွားက ရွာရှေ့ပိုင်းခဏသွားတယ်...
ဘာဖြစ်လို့လဲဟဲ့”
“ဟိုဗျာ...ဆရာတော်ဘုရားကခေါ်ခိုင်းလိုက်လို့ပါ...
ကျုပ်ဖြင့်ဘွားရှိမယ်ထင်ပြီး အပြေးလာခဲ့ရတာအရီးရဲ့...”
“ဒါဆို ဖိုးပိန်ကဘုန်းကြီးကျောင်းမှာနေနေတာလား”
“ဟုတ်တယ်အရီး...အမေကစာလေးဘာလေးရေးတတ်အောင်ဆိုပြီးဘုန်းကြီးကျောင်းကိုပို့ထားတာလေ...
မကြာသေးပါဘူးဗျာ...”
“သြော်...အေးပါဟယ်...အရီးကအခုမှသိတာ...
ဒါနဲ့ ဆရာတော်ဘုရားကဘာအရေးတကြီးကိစ္စရှိလို့
မင်းအဘွားကိုခေါ်ခိုင်းရတာလဲ”
“ကျောင်းမှာဧည့်သည်တွေရောက်နေတယ်ဗျ...
ကြည့်ရတာသူတို့နဲ့ဘွားကိုတွေ့ပေးချင်ပုံရတယ်...”
“အေးဟယ်...ဒါဆိုရင်လည်း ဖိုးပိန်
ကျောင်းကိုပြန်နှင့်လိုက်လေ...
အရီး မင်းအဘွားကိုသွားပြောပေးမယ်...”
“ဟုတ်ကဲ့အရီး... ဒါဆိုကျုပ်ပြန်နှင့်မယ်နော်...”
“အေး...အေး...အေး......”
ဖိုးပိန်ပြန်သွားလေတော့ ဘွားမယ်စိန်ကို
ဒေါ်ဝင်းသွားရှာရသည်။
ဘွားမယ်စိန်ကိုတွေ့သည်နှင့်...
“အမေ...”
“ဟေ...ဒီထိဘာလိုက်လုပ်တာတုန်းညည်းက...”
စကားကောင်းနေသော ဘွားမယ်စိန်သည်
ဒေါ်ဝင်း၏ခေါ်သံကြောင့် ပြန်မေးလိုက်သည်။
“ဆရာတော်ဘုရားက အမေ့ကို
သူ့ကျောင်းလာခဲ့ဖို့ ဖိုးပိန်နဲ့ခေါ်ခိုင်းလိုက်တယ်...
အဲ့တာကျုပ်က အမေသိအောင်လို့
လာပြောပေးတာလေ...
ဖိုးပိန်ကိုတော့ပြန်နှင့်ခိုင်းလိုက်ပြီ”
“သြော်...အေး...အေး...ဒါဆိုရင်လည်း
အမေသွားလိုက်ပါ့မယ်အေ”
“ဟုတ်ကဲ့...ဒါဆိုရင်ကျုပ်ပြန်တော့မယ်အမေ...”
ဒေါ်ဝင်းလည်းအိမ်သို့ပြန်သွားသည်။
ဘွားမယ်စိန်လည်း အသိမိတ်ဆွေများကိုနှုတ်ဆက်၍
ဘုန်းကြီးကျောင်းသို့ ထွက်လာခဲ့တော့၏။
ဘုန်းကြီးကျောင်းသို့ရောက်တော့ ဆရာတော်ဘုရားနှင့်
ဧည့်သည်များကိုဘွားမယ်စိန်တွေ့လိုက်သည်။
ဧည့်သည်များက ဘွားမယ်စိန်ကိုစူးစမ်းသယောင်ကြည့်နေကြ၏။
ဘွားမယ်စိန်သည်ထိုသူတို့ အကြည့်များကိုဂရုမစိုက်ဘဲ
ဆရာတော်ဘုရားကိုအရင်ဦးဆုံးကန်တော့လိုက်တော့သည်။
ပြီးနောက်တော့ဆရာတော်မှ...
“ဒကာမကြီး...ဒါဘုန်းဘုန်းဧည့်သည်တွေပါ”
“တင်ပါ့ဘုရား...တပည့်တော်ကိုအလောကြီး
အခေါ်ပါးလိုက်တာကဘာကြောင်းများရှိလို့လဲဘုရား”
“အင်း...အကြောင်းကတော့
ဒီကဒကာကြီးဦးဖိုးကြွယ်တို့အရေးပါပဲဒကာမကြီးရယ်...
ဒကာတို့ကိုလည်းဘုန်းဘုန်းပြောထားတယ်မလား
အဲ့သည်ပြောထားတဲ့ဘွားမယ်စိန်ဆိုတာ
ဟောသည်က ဒကာမကြီးပဲကွဲ့...
ဒါကြောင့်ဒကာတို့အခက်အခဲများကို
ဒကာမကြီးနားလည်အောင်ပြောပြလိုက်ပါဦး”
“တင်ပါ့ဘုရား”
အသက်ငါးဆယ်ကျော်လူကြီးသည် ဦးဖိုးကြွယ်ဖြစ်သည်။
ကျန်တစ်ဦးကအသက်အားဖြင့်သုံးဆယ်ကျော်အရွယ်ရှိ
အမျိုးသားတစ်ဦးပင်။
ထိုသူသည်က ဦးဖိုးကြွယ်၏သားဖြစ်ဟန်တူသည်။
ဦးဖိုးကြွယ်သည်က သူ၏အခက်အခဲများကိုမပြောမီ
ဘွားမယ်စိန်ကို အထင်သေးဟန်မျက်လုံးဖြင့်
တစ်ချက်ကြည့်လိုက်သည်။
ထိုအကြည့်ကိုဘွားမယ်စိန်က ဂရုမပြုဘဲ
ရေနွေးကိုသာငှဲ့၍သောက်နေလိုက်သည်။
“ကျုပ်က မြို့မှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်...
ကျုပ်ဆိုင်က မြို့ဂတ်အရာရှိတွေအားပေးနေကြ
ဆိုင်ကြီးတစ်ဆိုင်ပေါ့ဗျာ...”
ဟုအစချီကာပြောလေတော့...
“အင်း...အခုဖြေရှင်းရမှာကမောင်ရင့်ရဲ့
ကြွယ်ဝမှုအခက်အခဲများလား...
ဒါဆိုရင်လည်းမောင်ရင့်ရဲ့မြို့ဂတ်ကအကောင်တွေကိုပဲ
ဖြေရှင်းခိုင်းရမှာလေကွယ်...
ဟင်း...ဟင်း...ဟင်း...မောင်ရင်တစ်ယောက်
နေရာများမှားရောက်လာခဲ့သလားကွဲ့”
ဘွားမယ်စိန်၏စကားကြောင့် ဦးဖိုးကြွယ်တို့သားအဖ မျက်နှာပျက်သွားကြ၏။
ဘွားမယ်စိန်ကတော့ ရေနွေးအသောက်မပျက်သလို
ဆရာတော်ဘုရားကလည်း ကျေနပ်အပြုံးပြုံးနေလေသည်။
“ဒကာကြီးတို့က ကျုပ်တို့ဒကာမကြီးကိုမှ
သွားစမ်းတာကိုးကွဲ့...
ကဲ...ကဲ... ဒကာမကြီးလက်ကိုအပ်ခဲ့ပြီ...
ဒကာမကြီးပဲစီစဉ်ပေးလိုက်ပါတော့...”
“တင်ပါ့ဘုရား”
ဆရာတော်ဘုရားသည်နေရာမှထွက်သွားလေသည်။
ကျန်ရစ်ခဲ့သော ဦးဖိုးကြွယ်တို့သားအဖမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြသဖြင့်...
“ကဲ...ပြော...မောင်ရင့်မှာ
ဘယ်လိုအခက်အခဲတွေမျရှိနေတာတုန်း”
ဘွားမယ်စိန်အမေးကြောင့်...
“ဟုတ်ကဲ့...ကျုပ်တို့လည်းမဖြစ်သာတဲ့အဆုံးလာခဲ့ရတာပါ...
အခု ကျုပ်တို့အသစ်ဖွင့်တဲ့ စားသောက်ဆိုင်မှာ
သရဲရှိနေလို့ပါဗျာ...”
“ပြောပါဦး..သရဲကဘယ်လိုတွေများဒုက္ခပေးလို့လဲ”
ထိုစဉ်...
“ဘွားမယ်စိန်ရှိလားဗျို့.......အရေးကြီးလို့ပါ”
ဟုသောအော်ခေါ်သံသည် ကျောင်းအပြင်မှ
ထွက်ပေါ်လာခြင်းဖြစ်၏။
ဘွားမယ်စိန်လည်းခေါ်သံကြောင့်
ကျောင်းအပြင်ကိုကြည့်လေတော့
လူစိမ်းတစ်ဦးဖြစ်နေလေသည်။
ကျောင်းအပြင်ကို ဘွားမယ်စိန်ထွက်လာခဲ့တော့ လူစိမ်း၏အနောက်မှရောက်လာသော လူတစ်စုကို
ဘွားမယ်စိန်တွေ့လိုက်ရ၏။
ထိူလူစုထဲ၌ မောင်တိုးနဲ့မောင်အုန်းသည် လူစိမ်းတစ်ဦးကို
တွဲကူကာခေါ်လာကြသည်။
“ဘာဖြစ်ကြတာလဲ”
ဘွားမယ်စိန်မေးလေတော့ အစောကလူစိမ်းမှ...
“ကျုပ်တို့ကခရီးသွားတွေပါ...
လမ်းမှာကျုပ်ညီလေး
နေမထိထိုင်မသာဖြစ်ပြီးအော်ဟစ်နေလို့ ကျုပ်တို့
အတော်ဒုက္ခရောက်နေကြတာ...
အဲ့တာ ပရောဂဆရာရှာရင်းအဘွားဆီကို
ရောက်လာကြတာပါ”
“လာကြ...လာကြ...ဟိုအရှေ့က ကွပ်ပျစ်မှာလူမမာကိုချလိုက်”
ကပ္ပိယကြီးက မန်ကျည်းပင်အောက်ရှိကွပ်ပျစ်ခင်းကို
ခေါ်သွားလေသည်။
ဘွားမယ်စိန်လည်း လူနာကိုကြည့်လေတော့
လူနာအမျိုးသားသည် ဝမ်းဗိုက်ကို လက်ဖြင့်ဖိကိုင်ရင်း
နာကျဉ်နေသယောင်ဖြင့်ညည်းညူနေရှာသည်။
“အမယ်လေး...အထဲကကုပ်ခြစ်နေတယ်ဗျ...
နာလိုက်တာ....အမယ်လေးလေး...နာလိုက်တာဗျာ.....”
“ဘွားရယ်...လုပ်ပါဦးဗျာ...ကျုပ်ညီလေးကိုကယ်ပေးပါဦး”
“ကြက်...ကြက်ကြီးကျုပ်ဗိုက်ထဲမှာအော်နေတယ်...
ကြက်ကြီးကျုပ်ဗိုက်ထဲရောက်နေတယ်...
အမယ်လေးကုပ်တယ်ဗျ...နာလိုက်တာ....အား”
လူနာအမျိုးသားမှာချွေးစေးများပင်
ပျံကာအော်ဟစ်နေရှာသည်။
လူနာ၏ဝမ်းဗိုက်ကိုဘွားမယ်စိန်သူ၏လက်ဖြင့်ထိလိုက်သည်။
ပြီးနောက်လူနာကိုတစ်ချက်စိုက်ကြည့်ပြီး...
“ခရီးသွားတွေဆိုတော့ အမှားတစ်ခုခုများလုပ်ခဲ့ကြသေးလား”
“ကျုပ်တို့ဘာအမှားမှမလုပ်မိပါဘူးဗျာ...
အဲ့တာကတော့သေချာပါတယ်...”
ဟုပြန်ငြင်းကြလေသည်။
“ကဲ...ဒါဆိုရင် နောက်ဆုံးကြက်သားဟင်းနဲ့
ထမင်းကိုဘယ်မှာစားခဲ့ကြတာလဲ”
ဘွားမယ်စိန်မေးလေတော့ ပြန်စဉ်းစားကုန်ကြသည်။
“အဲ့...အဲ့တာက...ကျုပ်တို့အဒေါ်ရွာက မချိုဆိုတဲ့
မိန်းမအိမ်မှာဗျ...
သူကကျုပ်တို့ပြန်ခါနီးသူ့အိမ်မှာအတင်းခေါ်
ထမင်းကျွေးတာမို့ကျုပ်တို့လည်း
အားနာနာနဲ့စားခဲ့ကြသေးတယ်။
ကျုပ်ကသားသားလွတ်သမားဆိုတော့
ဟင်းတော့မစားခဲ့မိဘူးဘွားရဲ့...
အငယ်ကောင်ကသာအဲ့ဟင်းစားခဲ့တာဗျ”
“အင်း...ဒါဆို မိချိုဆိုတဲ့ကောင်မက
သူဘာကောင်မလဲဆိုတာပြလိုက်တာပဲ...
ကဲပါလေ သေရာပါမယ့်ဒဏ်ရာမဟုတ်တော့
ဘွားကုပေးလိုက်မယ်...ဒါပေမယ့်
ဒီကိစ္စကိုဒီမှာပဲထားလိုက်ကြနော်...”
“ဘွားကုသပေးမယ်ဆိုတာနဲ့တင်ကျေနပ်ပါပြီဗျာ...
စိတ်ချပါကျုပ်တို့သူ့ကိုလည်းသွားပြီး
ရန်မဆောင်ပါဘူးဘွားရယ်”
ဟုပြောလေမှ...
“ကဲ...ရေတစ်ခွက်ခပ်ပေး...”
ဘွားမယ်စိန်ကရေတစ်ခွက်တောင်းလေတော့
မောင်တိုးကအမြန်သွားခပ်ပေးသည်။
ရေခွက်ရတော့ ဘွားမယ်စိန်သည် ရေခွက်ကိုကိုင်ကာ
မန်းမှုတ်ရွတ်ဆိုလေသည်။
ရွတ်ဆိုပြီးလေမှ...
“ရော့...ကောင်လေး...သောက်ချလိုက်...
ခံစားနေရတဲ့ဝေဒနာတွေဟောသည်ရေနဲ့
အတူမြောပါသွားလိမ့်မယ်...
သောက်...သောက်...ရဲရဲသာသောက်လိုက်”
ဘွားမယ်စိန်မန်းမှုတ်ပေးထားသောရေကိုသောက်လိုက်အပြီး
လူနာ၏မျက်နှာသည်ပြုံးလာခဲ့၏။
ပြီးနောက်...
“ကျုပ်သက်သာသွားပြီ...
အစ်ကိုကျုပ်ဘာမှမဖြစ်တော့ဘူးဗျ...”
ဟုဝမ်းသာတကြီးပြောလေတော့ သူ၏အစ်ကိုဖြစ်သူကော...
မောင်တိုးတို့လူစုပါ ဝမ်းသာကုန်ကြသည်။
ထိုအခါ ခရီးသွားညီအစ်ကိုနှစ်ယောက်မှာ
ဘွားမယ်စိန်ကိုလက်အုပ်ချီ၍ ရှစ်ခိုးကြလေသည်။
“သွားလမ်းသာလို့လာလမ်းဖြောင့်ပါစေ...
ဘေးရန်အပေါင်းလည်း...ကင်းစေ...ရှင်းစေသော်...”
ဟု..ဘွားမယ်စိန်ကဆုပြန်ပေးလိုက်၏။
ထိုအဖြစ်ကို ကျောင်းဆောင်ပေါ်မှလှမ်းကြည့်နေသော
ဦးဖိုးကြွယ်တို့သားအဖမှာအတော်အံ့သြနေဟန်တူသည်။
ဘွားမယ်စိန်ကိုလည်းအထင်ကြီးလေးစားစိတ်များ
တဖွားဖွားဝင်ကုန်ကြ၏။
“ကဲ...ဧည့်သည်တွေဆိုတော့
မင်းတို့လည်းနားကြဦးကွာ...
မောင်တိုးရေ...လိုတာစီစဉ်ပေးလိုက် ငါ့တူက”
“ဟုတ်ကဲ့ကပ္ပိယကြီး...”
ကပ္ပိယကြီးက ဧည့်သည်ညီအစ်ကို တို့အား
မောင်တိုးလက်သို့အပ်ခဲ့တော့သည်။
“ဒါဆိုရင်နားလိုက်ကြဦး...
ဘွား ဟိုက ဧည့်သည်တွေဆီသွားလိုက်ဦးမယ်”
ဟု...ဆိုကာ ဘွားမယ်စိန်သည် ဧည့်သည်များရှိရာ
ကျောင်းဆောင်ပေါ်သို့ လာခဲ့တော့သည်။
ဦးဖိုးကြွယ်တို့ကလည်း နေရာ၌ပြန်ထိုင်နေကြ၏။
ဘွားမယ်စိန်ရောက်လာလေတော့...
“ကဲ...ဒါဆို စကားလေးဆက်ကြတာပေါ့ကွယ်...”
ဟု...ဘွားမယ်စိန်ပြောလေတော့ ဦးဖိုးကြွယ်မှ...
“ကျုပ်လာရင်းကိစ္စလေးမပြောခင်ဘွားကို
ကျုပ်တောင်းပန်ချင်ပါတယ်ဗျာ...
ပထမက ကျုပ်စိတ်ထဲမှာ ဘွားရဲ့ပညာကို
အထင်သေးမိပါတယ်...ဒါကျုပ်ဝန်ခံတာပါ...။
အစောကလူနာကိုဘွားကုသပေးတဲ့မြင်ကွင်းကိုမြင်တော့
ကျုပ်ကြက်သီးတဖြန်းဖြန်းထပြီးအတော်အံ့သြမိသွားရတယ်...
ဘွားကိုလည်းအတော်လေးစားမိပါတယ်ဗျာ...”
“ရပါတယ်မောင်ရင်ရယ်...
လူဆိုတဲ့သဘောက ရုပ်ရည်နဲ့ငွေကြေးအပေါ်မှာပဲ
အထင်ကြီးတဲ့အမျိုးကိုးကွဲ့...
ဟောသည်က အသက်ကြီးကြီးခါးကုန်းကုန်း
မယ်ကြီးအိုကြီးကိုအထင်မကြီးနိုင်ကြတာ မမှားပါဘူးကွယ်...။
ကဲ...ဒီတော့အချိန်ဆွဲမနေဘဲဲ
မောင်ရင်ပြောစရာရှိတာကိုသာပြောပေတော့မောင်ရင်”
“ဟုတ်ကဲ့...ကျုပ်အဖြစ်ကဒီလိုပါဗျာ.......”
ဦးဖိုးကြွယ်သည်မြို့၌နာမည်ရှိသော သူဌေးတစ်ဦးဖြစ်သည်။
သူပိုင်ဆိုင်သော စားသောက်ဆိုင်မှာလည်း
မြို့ဂတ်မှပုလိပ်အရာရှိများက အဝင်အထွက်မပြတ်ပေ။
ပုလိပ်အရာရှိများနှင့်ဖက်လဲတကင်းနေသော
ဦးဖိုးကြွယ်၏ပိုင်ဆိုင်မှုကလည်းမနည်းမနှောဖြစ်သည်။
ထိုသို့ကြွယ်ဝသောဦးဖိုးကြွယ်သည်
မြို့စွန်ကြသော လမ်းမတန်းပေါ်ရှိခြံကျယ်ကြီးတစ်ခုကို
ဝယ်ယူလိုက်သည်။
အများပြောသောသရဲခြောက်သည်ဆိုသောစကားကို
ဦးဖိုးကြွယ်က ဂရုမစိုက်ခဲ့။
ဝယ်ပြီးနောက်ပိုင်း
ထိုခြံကျယ်ကြီးအတွင်းရှိသစ်ပင်များကိုရှင်းလင်းခိုင်းကာ
ဆိုင်သစ်ဆောက်ဖို့ အလုပ်သမားများကိုခိုင်းတော့၏။
“သူဌေး...ကျုပ်တို့အလုပ်သမားထဲကတစ်ယောက်
သစ်ပင်ခုတ်ရင်းသစ်ကိုင်းကျိုးကျလို့ဆုံးသွားရှာပြီသူဌေး...”
“ဘာကွ...တောက်...
မင်းသေချာမဦးစီးဘူးလားငသောင်း”
“ကျုပ်တို့လည်းသေချာလုပ်တာပါသူဌေးရာ
ခြံကိုကခိုက်နေတာဗျ”
“တော်စမ်းပါကွာ...မဟုတ်တာတွေ...။
ရော့...ဒါကသေတဲ့အလုပ်သမားအတွက်လျော်ကြေး
သူ့မိသားစုကိုသာ ပေးလိုက်...”
သူဌေးဖြစ်သူစကားကိုမလွန်ဆန်ရဲသော လူယုံတော်
ငသောင်းလည်းပြောသည့်အတိုင်းလုပ်ရလေသည်။
သစ်ပင်များအကုန်ရှင်းလင်းပြီးချိန်၌...
“သူဌေး...ခြံတော့ရှင်းပြီးပါပြီ...ဒါပေမယ့်...
ခြံအနောက်ထောင့်မှာ ရေတွင်းတစ်တွင်းရှိနေသေးတယ်...
အဲ့တာကိုရောဘာလုပ်ရမလဲ”
“ရေတွင်းကတော့နေပါစေကွာ...
ခြံရှင်းပြီးရင်တော့ မင်းအလုပ်သမားတွေသေချာရွေးပြီး
ဆိုင်နေရာစပြီးဆောက်တော့”
“ဟုတ်ကဲ့သူဌေး...”
ဦးဖိုးကြွယ်၏ဆိုင်သစ်ကြီးကိုစတင်တည်ဆောက်တော့၏။
စားသောက်ဆိုင်ဆိုသော်လည်း
ညအိပ်ညနေလူတည်းခိုနိုင်ဖို့အတွက်ပါ ကျယ်ကျယ်ဝန်းဝန်းတည်ဆောက်နေခြင်းပင်။
ဆောက်လုပ်နေစဉ်ရက်ပိုင်းအတွင်းလည်း
အလုပ်သမားနှစ်ဦးခိုက်ရန်ဖြစ်ပွားပြီး
တစ်ဦးကသေ၊ တစ်ဦးကထောင်ကျဖြစ်သွားသေး၏။
“သူဌေး...ကျုပ်တို့အလုပ်သမားတွေ
ညဘက်အဲ့သည်ခြံထဲမှာမအိပ်ရဲကြဘူးဗျ...
အတော်အခြောက်အလန့်ကြမ်းတယ်ဆိုပဲသူဌေး..
ဒါကြောင့်ကျုပ်တို့တစ်ခုခုလုပ်ပေးမှကောင်းမယ်ဗျ...
မဟုတ်ရင်ဆိုင်ဖွင့်ရင်တောင်
ကျုပ်တို့အတွက်အခက်အခဲဖြစ်လာနိုင်တယ်သူဌေးရဲ့”
“ဟကောင်ငသောင်းရ...မင်းခေါ်တဲ့ကောင်တွေက
ညဆိုသောက်စားပြီးမြင်ချင်တာမြင်နေကြတာနေမှာပေါ့...
ငါဒါမျိုးတွေကိုအယုံအကြည်မရှိဘူး...
ဘာမှလည်းလုပ်မပေးနိုင်ဘူးကွာ”
သူဌေးဦးဖိုးကြွယ်ကြောင့်ငသောင်းခေါင်းကိုက်နေရသည်။
အလုပ်သမားများကလည်း ညဘက်ဆိုလည်း
အိပ်နေရင်းခြေထောက်ဆွဲချကြောင်း...
တစ်ခါတစ်ရံဘယ်ကလာမှန်းမသိသော
လောက်စာလုံးများဖြင့်အထုခံရကြောင်း...
အိပ်ကောင်းလုလု့အချိန်ဆို
ငိုသံယိုသံများကြားရကြောင်းများကိုပါ
သူ့အားပြောလေတော့ ငသောင်းခမျာ
သူဌေးဖြစ်သူကိုပြောပြရခြင်းဖြစ်သည်။
သူဌေးဖြစ်သူကပြော၍မရသည့်အဆုံး၌...
“ဒါဆိုသူဌေး...ကျုပ်တစ်ခုတော့ပြောမယ်ဗျာ”
“အေး...ပြော...”
“ဆိုင်ကလည်းတစ်ဝက်လောက်ပြီးပြီဆိုတော့..
ကျုပ်နဲ့အတူအစ်ကိုလေးကိုပါ အလုပ်သမားတွေ
ကြီးကြပ်ဖို့ခေါ်ချင်တယ်ဗျာ...အဲ့တာကလည်း
သူဌေးခွင့်ပြုမှပါ...”
“အေး...ငါ့သားကလည်းဘာအလုပ်မှမရှိတဲ့အကောင်ဆိုတော့
မင်းပြောတာမဆိုးဘူးငသောင်း...။
အေး...အေး....ဖြစ်စေရမယ်ကွာ...”
သူဌေးဖြစ်သူကသဘောတူ၍
ငသောင်းဝမ်းသာသွားသည်။
ထိုသို့သူဌေးဦးဖိုးကြွယ်ရဲ့သား
ကိုကြွယ်ဝနှင့်ငသောင်းတို့လည်းဆောက်လက်စ
စားသောက်ဆိုင်၌ ညအိပ်ညနေ သွားဦးစီးကြသည်။
ပထမဦးဆုံးည၌ ငသောင်းနှင့်ကိုကြွယ်ဝသည်
ယာယီတဲလေးအတွင်း၌ အိပ်ကြ၏။
ထိုသို့အိပ်နေစဉ်ကိုကြွယ်ဝ၏ ခြေထောက်ကို
လက်ဖြင့်ပုတ်နိုးခံလိုက်ရတော့ ကိုကြွယ်ဝလည်းနိုးလာခဲ့၏။
နံဘေးကြည့်တော့ငသောင်းမှာက တတခေါခေါဖြင့်
အိပ်မောကျနေသည်။
သူ၏ခြေရင်းကိုကြည့်လိုက်တော့ အခန်းထဲမှ လှစ်ခနဲ
ထွက်သွားသော ပုံရိပ်တစ်ခုကို ကိုကြွယ်ဝမြင်လိုက်ရသည်။
မျက်နှာကိုလက်ဖြင့်ပွတ်သပ်လိုက်ပြီး ကုတင်ပေါ်မှဆင်းကာ
ပုဆိုးကိုခပ်တင်းတင်းပြင်ဝတ်လိုက်သည်။
ပြီးနောက်အဆောင်အဖြစ်ထားသော ဓာတ်မီးကိုယူ၍
တဲအပြင်သို့ထွက်လာခဲ့၏။
လကသာနေတော့ ဆောက်လက်စ အဆောက်အဦးကို
လည်းကောင်း၊မလှမ်းမကမ်းရှိအလုပ်သမားများ
အိပ်ပျော်နေကြသောနေရာကိုလည်းကောင်း
ကိုကြွယ်ဝလင်းလင်းထင်းထင်းမြင်ရသည်။
ထိုသို့ဟိုသည်ကြည့်နေရင်း အရိပ်တစ်ခုကိုမြင်လိုက်မိတော့
ကြွယ်ဝဓာတ်မီးဖြင့် လှမ်းထိုးကြည့်လိုက်လေသောအခါ
ထိုအရိပ်သည်နေရာမှဖြတ်ခနဲပျောက်ကွယ်သွား၏။
ရုတ်တရက်အဖြစ်အပျက်ကြောင့်
ကိုကြွယ်ဝအတော်လန့်သွားသည်။
ချက်ချင်းတဲအတွင်းသို့ပြန်ဝင်လာပြီးတံခါးကိုပိတ်လိုက်၏။
ပြီးနောက်ငသောင်းအိပ်နေသောကုတင်ပေါ်သို့တက်ကာ
ဟိုသည်ကိုကြည့်၍ကြောက်လန့်နေမိသည်။
စောစောကသူမြင်လိုက်သောအရိပ်သည်က
ဘောင်းဘီအနီလေးဝတ်ထားသော ကလေးငယ်တစ်ဦးဖြစ်၏။
ကျောပေးအနေအထားမို့မျက်နှာကိုသူမမြင်ခဲ့။
မျက်နှာကိုသာမြင်မိလျှင်ဒီထက်ပိုပြီး
ကြောက်လန့်မိမှာမလွဲပေ။
ထိုသို့အတွေးများဖြင့် ငသောင်းဘေးတွင်လှဲချလိုက်သည်။
ပြီးနောက်မျက်ခွံများလေးလာကာ
တဖြေးဖြေးအိပ်ပျော်သွားတော့၏။
အိပ်ပျော်နေစဉ်သူ၏ဝမ်းဗိုက်အပေါ်တွင်လေးလံသောအရာတစ်ခု ဖိထားသည်ဟုခံစားမိကာ နိုးလာခဲ့သည်။
မျက်လုံးများဝါးနေ၍လက်ဖြင့်ပွတ်ကာကြည့်လေတော့...
“အွန့်.......အွန့်......”
အလန့်တကြားအော်မိသော်လည်းပါးစပ်မှအသံမထွက်။
တစ်ခုခုကပါးစပ်အားပိတ်ထားသယောင်ဖြစ်နေခဲ့သည်။
ကိုကြွယ်ဝ မှာသူ၏ဗိုက်ပေါ်ခွတက်ထားသော
မျက်လုံးနီနီ နဖူးကဟက်တက်ကွဲနေသော
ကလေးငယ်တစ် ဦးကို မျက်လုံးအပြူးသားကြည့်နေခဲ့သည်။
ကြောက်စရာကောင်းသောထိုကလေးငယ်သည်
အပေါ်ပိုင်းဗလာဖြစ်ပြီးအောက်ပိုင်း၌ဘောင်းဘီအနီရောင်လေးကိုဝတ်ဆင်လို့ထား၏။
သူ့အား ထိုကလေးငယ်ကပြုံး၍
ကြည့်နေခြင်းမှာအတော်သွေးပျက်စရာကောင်းနေခဲ့သည်။
နံဘေးအိပ်နေသော ငသောင်းကိုအကူအညီတောင်းဖို့
ကိုကြွယ်ဝကြိုးစားပါသော်လည်းပါးစပ်မှအော်မရသည့်အပြင်
လက်များခြေထောက်များကပါ လေးလံပြီးလှုပ်ရှား၍မရခဲ့။
“မင်းကဒီနေရာရဲ့ခေါင်းဆောင်လား...”
ကလေးသရဲ၏ခြောက်ကပ်ကပ်အသံကြီးမှာ
ကြားရသူအဖို့အတော်ခြောက်ခြားစရာကောင်းသည်။
ခန္ဓာကိုယ် လှုပ်ရှားမရသည့်အဆုံးကိုကြွယ်ဝမျက်လုံးကို
မှိတ်၍ဟုတ်ကြောင်းပြောရသည်။
ထိုအခါ...
“ဟိုအကောင်တွေကိုဒီနေရာက
ထွက်သွားဖို့ငါသတိပေးထားတာကြာပြီ...
ဒါကိုဒင်းတို့ကငါ့ကိုမခန့်ပေါက်လုပ်ကြတာ...
မင်းသိထားရမှာက...
ဒါကငါ့နေရာကွ...ငါ့နေရာ...ငါပိုင်တဲ့နေရာကို
မင်းတို့တစ်ယောက်မှမလာကြနဲ့...အကုန်သတ်ပစ်မယ်”
ဟု..ခြောက်ကပ်ကပ်အက်ကွဲကွဲအသံကြီးဖြင့်အော်ဟစ်ပြောနေရင်းမှ ကလေးသရဲ၏ပါးစပ်ကြီးသည်
ကျယ်လွန်းမက ကျယ်လာခဲ့ပြီးပါးစပ်အတွင်းမှ
အမည်းရောင် အရည်များကျဆင်းလာချိန်မှာတော့...
“အား...........”
ဟုသော အော်သံကြီးသည်ကိုကြွယ်ဝထံမှ
ထွက်ပေါ်လာခဲ့တော့၏။
နောက်တစ်နေ့၌…
“အဖေ...ကျုပ်...ကျုပ်တို့တစ်ခုခုလုပ်မှဖြစ်တော့မယ်...”
“ဘာကိုတစ်ခုခုလုပ်ရမှာလဲငါက...
နောက်ပြီး...မင်းပုံစံကဘာဖြစ်နေတာလဲ...”
ကိုကြွယ်ဝတစ်ယောက်အလွန်ကြောက်လန့်နေသည်။
ညက အိမ်မက်လိုလို...တကယ်လိုလိုဖြင့်ကြုံခဲ့ရသော
မကောင်းဆိုးဝါးလေးကိုအရမ်းကြောက်နေမိ၏။
မနက်ရောက်တော့ငသောင်းကိုအကျိူးအကြောင်း
ပြောပြလေတော့ ငသောင်းကဦးဖိုးကြွယ်ကိုပြောပြဖို့ရန် တိုက်တွန်းခဲ့သည်။
“ကျုပ်တို့အခုလက်ရှိခြံသစ်မှာ သရဲတကယ်ရှိတယ်အဖေ...
ပြီးတော့အဲ့သရဲကအရမ်းကြောက်စရာကောင်းတယ်”
“ဟေ...”
ဦးဖိုးကြွယ်သည်သားဖြစ်သူ၏စကားကြောင့်အံ့သြသွားသည်။
တဖန် မျက်မှောင်ကိုကျုံ့လိုက်ပြီး သားဖြစ်သူ
ကိုကြွယ်ဝကိုအကဲခတ်ဟန်လုပ်နေလေတော့...
“အဖေ...ကျုပ်မညာဘူး...ညက.ကျူပ်တကယ်တွေ့ခဲ့တာ...
ကျုပ်တို့အဲ့နေရာမှာဆက်ပြီး ဆိုင်ဆောက်နေဦးမယ်ဆိုရင်
သူက ကျုပ်တို့ကိုတကယ်သတ်မယ့်ပုံဗျ”
“နေပါဦးကြွယ်ဝရဲ့...မင်း သရဲကိုတကယ်မြင်ခဲ့တာလား”
ဦးဖိုးကြွယ်အမေးကြောင့် ကိုကြွယ်ဝ ခေါင်းကိုညိတ်ပြသည်။
“ဒီလိုဆိုသရဲက မင်းကိုဘာပြောတုန်း”
“သူ့နေရာမှာကျုပ်တို့ကိုမနေဖို့...ထွက်သွားကြဖို့ပြောတယ်ဗျ”
“ဟ...သူ့နေရာလို့ပြောရအောင် ငါကအရင်ခြံပိုင်ရှင်ဆီက
ငွေပေးပြီးဝယ်ထားတာလေကွာ...အလကားသရဲ...
ဖိုးကြွယ်ကိုဒါမျိုး လာစမ်းလို့မရဘူးကွ”
“ဟာဗျာ...အဖေကလည်း သရဲကအတော်ကြမ်းတဲ့ပုံဗျ...
အဲ့သည်ခြံကိုစလုပ်တော့ကျုပ်တို့အလုပ်သမားတွေထဲလည်း
သေတဲ့သူကသေ၊ထောင်ကျသူက ကျနဲ့
ဒါတွေကိုအဖေလည်းသိတာပဲဗျာ...
ကြည့်ရတာတော့ သရဲက ကျုပ်တို့တွေကို
ဘာမှဆက်မလုပ်နိုင်အောင်ဒုက္ခပေးမယ့်ပုံပဲအဖေရဲ့........”
ဦးကြွယ်ဝ အတော်စိတ်ရှုပ်လာသည်။
ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်း ငြိမ်သွားခဲ့၏။
ခဏကြာမှသားဖြစ်သူကိုကြည့်၍...
“ဒီလိုဆိုရင်လည်း ဒီသရဲကိုနိုင်မယ့်ဆရာကို
အဖေတို့ရှာကြရမှာပေါ့ကွာ...
မင်းသဘောကရောဘယ်လိုရှိသလဲငါ့သားရဲ့”
“ရှာတာကတော့ရှာရမှာပဲအဖေ...
ဒါပေမယ့် ခဲနဲ့ပေါက်ရမယ့်အရာကို
ပန်းနဲ့သွားမပေါက်မိအောင်တော့
ကျုပ်တို့သေချာစဉ်းစားရမယ်...
ဘာလို့ဆိုရင် ဒီသရဲကိုအမှန်တကယ်နိုင်တဲ့
ဆရာဖြစ်မှပိုကောင်းမှာလေ...
အဲ့သည်လိုမှမဟုတ်ရင်သရဲက ပိုပြီးကြမ်းလာနိုင်တယ်အဖေ”
“အေးလေ...ဒါကတော့မင်းကောငါကော
သေချာစုံစမ်းကြရမှာပေါ့ကွာ...”
ထိုသို့ဖြင့်ဦးဖိုးကြွယ်တို့သားအဖလည်း
ဆောက်လက်စ ဆိုင်ကိုခဏရပ်နားလိုက်ပြီး
သရဲကိုရှင်းလင်းနိုင်မည့်
အထက်လမ်းဆရာတစ်ယောက်ကိုရှာဖွေကြတော့၏။
“အဲ့သည်လိုနဲ့ကျုပ်တို့လည်းတစ်ယောက်ကောင်းနိုးနိုးနဲ့
စုံစမ်းရင်းကနေ...ဘွားရဲ့အကြောင်းတွေသိခဲ့ရတာပါ...
စုံစမ်းသမျှထဲမှာတော့ဘွားကအတော်ထက်တယ်လို့
သတင်းကြီးတယ်လေ...ဒါကြောင့်ကျုပ်တို့လည်းဟောသည်
သောင်ထွန်းရွာကိုရောက်လာခဲ့ကြတာပါပဲဗျာ”
ဟု... ဦးဖိုးကြွယ်ကပြောလေတော့ ဘွားမယ်စိန်သည်
ကျောင်းသားလေးချပေးထားသော
လက်ဖက်အုပ်ကိုကိုင်၍ လက်ဖက်တစ်ဇွန်းခပ်စားလိုက်၏။
ရေနွေးသောက်ပြီးလေတော့...
“ဒီလိုဆိုရင် ဘွားက မောင်ရင်တို့နေတဲ့
မြို့ဆီကိုလိုက်ခဲ့ရမှာပေါ့”
“ဟုတ်ပါတယ်ခင်ဗျာ...ဒီအတွက်လည်းမပူပါနဲ့...
ဘွားအတွက်ကျုပ်တို့အားလုံးပြင်ဆင်ပေးမှာပါ”
“ဒါတွေမပူပါဘူးကွယ်...အကူအညီလာတောင်းကြတာဆိုတော့
ဟောသည်အဘွားကြီးကလည်းဟန်မဆောင်တတ်ပါဘူး...
ကူညီဖို့အသင့်ပါပဲကွယ်......”
ဘွားမယ်စိန်စကားကြောင့်ဦးဖိုးကြွယ်နှင့်ကိုကြွယ်ဝတို့သားအဖမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍
ပြုံးသွားကြသည်။
“ဒီလိုကူညီပေးမယ်ဆိုတော့လည်း
ကျုပ်တို့တကယ်ဝမ်းသာရပါတယ်ဗျာ...”
ထိုသို့ဖြင့်ဘွားမယ်စိန်လည်းမောင်တိုး...မောင်အုန်းတို့ကို
အဖော်ခေါ်၍ ဦးဖိုးကြွယ်တို့၏မြို့သို့ရောက်လာခဲ့ကြသည်။
မြို့သို့ရောက်တော့ ဦးဖိုးကြွယ်ကသူ၏နေအိမ်၌
ကျွေးမွေးဧည့်ခံလေသည်။
“ကဲ...မောင်ကြွယ်ဝရေ...မင်းအဖေကိုလည်းပြောလိုက်ပါဦး..
ဘွားတို့မြို့ရောက်နေတာလည်းတစ်ရက်ကျော်ပြီဆိုတော့...
မောင်ရင်တို့ဆိုင်သစ်ဆောက်နေတဲ့
ခြံဆီကို ဘွားတို့ကိုခေါ်သွားဖို့သင့်ပြီကွဲ့”
“ဒီလိုဆိုရင်ကျုပ်ပြောလိုက်ပါ့ဘွားရဲ့”
“အေး...အေး...အေး.....”
နောက်တစ်ရက်ညနေ၌ ကိုကြွယ်ဝနှင့်ငသောင်းတို့က
ဘွားမယ်စိန်တို့ကို သရဲခြောက်ပါသည်ဆိုသော
ခြံဆီသို့လိုက်ပို့ပေးသည်။
ခြံသို့ရောက်တော့ ဘွားမယ်စိန်သည်
ခြံဝိုင်းအတွင်းမဝင်သေးခင် သူ၏မျက်လုံးများဖြင့်
စူးစိုက်ကာ ကြည့်နေခဲ့သည်။
ဘွားမယ်စိန်၏အသွင်သည်က အရပ်ရှည်ရှည်...
ဇရာကြောင့်ခါးမှာကုန်းနေပြီး လက်ဆွဲတော်
တောင်းဝှေးကြီးကိုမြေ၌ထောက်ထားသည်မှာလည်း
အတော်မာန်ပါလှပေသည်။
အသက်ခြောက်ဆယ်ကျော်...ခုနှစ်ဆယ်နီးနီးရှိပြီဖြစ်သော
ဘွားမယ်စိန်သည် ဇရာကြောင့်အိုမင်းပါသော်လည်း
သူ၏မျက်လုံးများမှာတော့
လွန်စွာတောက်ပစူးရှနေခဲ့သည်။
“ကဲ...ဝင်ကြတာပေါ့...”
ဟုပြောကာရှေ့ဆုံးမှဘွားမယ်စိန်ဝင်လိုက်သည်။
မောင်တိုးတို့လေးယောက်က
ဘွားမယ်စိန်၏အနောက်မှလိုက်ပါလာကြ၏။
ဘွားမယ်စိန်သည်ခြံဝိုင်းအတွင်း
မျက်စိကိုဝှေ့ဝိုက်ကာကြည့်လိုက်ပြီး...
“ဒီခြံထဲမှာ ဝိညာဥ်တွေတော်တော်များနေတယ်
မောင်ကြွယ်ဝရဲ့...မောင်ရင်တို့ရဲ့မြေကမသန့်ဘူး...
ဒါကြောင့် ဆိုင်ဆောက်ချင်ရင်
ဒါတွေကိုအကုန်ဖယ်ရှားမှရလိမ့်မယ်”
ဘွားမယ်စိန်၏စကားကြောင့်ကိုကြွယ်ဝနှင့်ငသောင်းတို့
မျက်လုံးပြူးသွားသည်။
“ဒါ...ဒါဆိုလည်း ဘွားပဲစီစဉ်ပေးပါဗျာ”
“အေးပါကွယ်...ဘွားပဲစီစဉ်ပေးမှာပါ”
မိုးသည်တဖြေးဖြေးချုပ်စပြုလာလေပြီ။
ခြံဝိုင်းအတွင်း၌ အမှောင်ထုကျရောက်နေသည်မို့
မောင်တိုး...မောင်အုန်းတို့က ထင်းခြောက်များကို
မီးမွှေးထား၍အလင်းရနေခဲ့၏။
ကိုကြွယ်ဝတို့ကအောက်လင်းဓာတ်မီးများယူပေးပါမည်ပြောပါသော်လည်း...
“တော်ပါပြီကွယ်...ရပါတယ်
အလင်းကအဲ့သည်လောက်မလိုပါဘူး”
ဟု...ဘွားမယ်စိန်ကငြင်းလိုက်သည်။
မိုချုပ်လာသည်နှင့်...
“ကဲ...မောင်ရင်တို့အားလုံးသေချာနားထောင်ကြ...
အခုဘွားက မောင်ရင်တို့ကို စည်းဝိုင်းထဲမှာပဲနေခိုင်းမှာ...
အဲ့သည်တော့ဘွားမပြောမခြင်းစည်းဝိုင်းထဲကနေ
တစ်ဖဝါးမှမခွာကြပါနဲ့...
ဒါတွေကိုမောင်တိုးတို့ကကြုံဖူး၊သိဖူးကြပေမယ့်...
မောင်ကြွယ်ဝတို့ကတော့စိမ်းနေလိမ့်မယ်ကွဲ့...
ဒါပေမယ့်ဘာမှကြောက်စရာမရှိဘူး...
ဘွားပြောသလိုပဲစည်းဝိုင်းထဲမှာနေပေးရင်အားလုံးအန္တရာယ်ကင်းပါလိမ့်မယ်”
“ဟုတ်ကဲ့ပါဘွား”
ဘွားမယ်စိန်သည် ကိုကြွယ်ဝတို့ကိုသေချာပြောပြီးနောက်
သူတို့၏ဘေးပတ်ပတ်လည်းအား
သူ၏တောင်ဝှေးဖြင့် စည်းဝိုင်းတစ်ခုဝိုင်းပေးလိုက်လေသည်။
စည်းဝိုင်းဝိုင်းပြီးနောက် သူတို့နှင့်ခြောက်ပေအကွာ၌ရှိသော
မြေပေါ်တွင်ဖယောင်းတိုင်သုံးတိုင်ကိုထွန်း၍
တင်ပုလ္လင်ခွေကာထိုင်နေတော့၏။
တင်ပုလ္လင်ခွေပြီးတောင်ဝှေးကြီးကိုလက်တစ်ဖက်ဖြင့်ကိုင်၍
မြေပေါ်ထောက်ထားသောဘွားမယ်စိန်သည်
မျက်လုံးများကိုမှိတ်၍ ဂါထာကိုရွတ်ဆိုနေခဲ့သည်။
ထိုစဥ် မောင်တိုးတို့၏စည်းဝိုင်းဘေးပတ်ပတ်လည်၌
အဖြူရောင်အငွေ့များပေါ်ထွက်လာခဲ့သည်။
ကိုကြွယ်ဝနဲ့ငသောင်းမှာက လန့်နေကြလေပြီ။
အဖြူရောင်အငွေ့တို့သည် တစတစ လူတို့၏ပုံသဏ္ဍန်များအဖြစ်ပီပြင်လာခဲ့သည်။
စည်းဝိုင်းဘေးပတ်ပတ်လည်၌ သွားလာနေကြသော
ပုံပန်း သဏ္ဍန်တို့ကိုကြည့်၍ကိုကြွယ်ဝတို့ကြောက်လန့်
နေသည်ကိုသိသောမောင်တိုးက...
“အစ်ကို...ခင်ဗျားမကြောက်နဲ့ဗျ...
ဒင်းတို့က ကျုပ်တို့ကိုအပြင်ကနေပဲခြောက်လို့ရမှာ...
စည်းဝိုင်းထဲသူတို့မဝင်ရဲဘူး...ဒါကြောင့်မကြောက်ကြပါနဲ့
စိတ်ကိုလျော့ကြပါ...”
ဟုပြောလေမှ ကိုကြွယ်ဝတို့လည်းအားရှိသွားကြသည်။
ထိုစဉ်ဘွားမယ်စိန်ကမျက်လုံးပွင့်လာခဲ့ပြီး ...
“ငါတွေ့ချင်တာနင်တို့မဟုတ်ဘူး..
နင်တို့ရဲ့ခေါင်းဆောင်ကိုဟဲ့...
တောက်...သွားလိုက်ကြစမ်း...”
“ဒုတ်...”
ဟုပြော၍တောင်ဝှေးကိုမြေပေါ်ဆောင့်ချလိုက်လေတော့
ကိုကြယ်ဝတို့ကိုခြောက်လန့်နေသော သဏ္ဍန်တို့မှာ
ဖျောက်ခနဲ ပျောက်ကွယ်သွားကြသည်။
၎င်းတို့ပျောက်ကွယ်သွားချိန်၌...
လေများတဝေါဝေါတိုက်ခတ်လာပြီး
ဘွားမယ်စိန်ထွန်းထားသော
ဖယောင်းတိုင်များမီးငြိမ်းကုန်သည်။
ဘွားမယ်စိန်၏အရှေ့တည့်တည့်၌လည်း
ဘောင်းဘီအနီလေးဝတ်ထားသော
ကလေးငယ်တစ်ဦးရောက်ရှိနေခဲ့သည်။
သို့သော်ဘွားမယ်စိန်နှင့်အတန်ငယ်ကွာဝေးနေ၏။
“သြော်...သြော်...သြော်...
ကောင်လေး...
နင်ကဒီနေရာရဲ့ခေါင်းဆောင်ပေါ့လေ”
ဟုဘွားမယ်စိန်ကမေးလိုက်၏။
သို့သော်ပြန်လည်မဖြေဘဲ ဘွားမယ်စိန်ကိုစိုက်ကြည့်ပြီး
သူ၏ကလေးပုံစံသည်တဖြေးဖြေးပြောင်းလဲလာကာ
အမွှေးအမည်းများဖုံးလွှမ်းနေသောကြောက်မက်ဖွယ်
သတ္တဝါကြီးပုံစံသို့ပြောင်းလဲသွားခဲ့သည်။
ပြီးနောက်ဒေါသတကြီးဖြင့်ဘွားမယ်စိန်ထံသို့
အပြေးဝင်လာလေတော့...ဘွားမယ်စိန်သည်တောင်ဝှေးကို
ထိုသတ္တဝါကြီးထံညွှန်ထားပြီးဂါထာများရွတ်ဆိုလိုက်လေတော့
အပြေးဝင်လာသောသတ္တဝါကြီးအား
တစ်စုံတစ်ခုက အရှိန်ပြင်းပြင်း
ဆောင့်တွန်းလိုက်သလို
အနောက်သို့ဝုန်းခနဲလဲကျသွားလေသည်။
အထိနာသော်လည်းဒေါသတကြီးဖြင့်ကုန်းထကာ
ဘွားမယ်စိန်ထံအပြေးခုန်အုပ်ဖို့ကြိုးစားလေတော့...
“ငါ...ဘွားမယ်စိန်တဲ့ဟေ့..
သတ္တိရှိတဲ့အကောင်လာလိုက်စမ်းဟဲ့...”
ဟု ပြောလိုက်ပြီးသူ၏
တောင်ဝှေးကြီးကိုမြေပေါ်ဆောင့်ချလိုက်သည်။
ပြီးနောက်ခုန်အုပ်ဖို့ကြိုးစားနေသော
သတ္တဝါကြီးအား သူ၏တောင်ဝှေးဖြင့်
အသင့်ရိုက်ချလိုက်လေတော့
တောင်ဝှေး၏အစွမ်း...ဘွားမယ်စိန်၏ပညာပေါင်း၍
သတ္တဝာကြီးမှာမြေပေါ်သို့ဝုန်းခနဲပစ်ကျသွားတော့သည်။
ယခုအခါတော့အတော်အထိနာသွားကာ
မြေပေါ်မှပြန်ပင်မထနိုင်ခဲ့။
သတ္တဝါကြီးလဲနေသောနေရာကို
ဘွားမယ်စိန်သွားကြည့်လေတော့ သတ္တဝါကြီးသည်
တစ်စတစ်စဘောင်းဘီအနီရောင်ဝတ်ထားသော ကလေးငယ်၏
ပုံစံကိုပြောင်းလဲသွားသည်။
ထိုအရာကိုဘွားမယ်စိန်ကြည့်ရင်း...
“ကောင်လေး...နင်ကအတော်နှစ်ချို့နေတဲ့
တစ္ဆေတစ်ကောင်ပါလား...
ဒါပေမယ့် နင့်ရဲ့အရိုးကိုဒီနေရာမှာတစ်ယောက်ယောက်ကချုပ်ထားပြီး စီရင်ထားတယ်ဆိုတာ
ငါ့ပညာနဲ့သိခဲ့တယ်...
ဒါကြောင့်နင့်ဘက်ကရန်မူလာရင်လည်း
နင်ပဲအထိနာလိမ့်မယ်......”
ဟု...ဘွားမယ်စိန်ကပြောလိုက်လေတော့ ကလေးငယ်သည်
မျက်လုံးပွင့်လာခဲ့ပြီး အားရှိသမျှလေးဖြင့်
ထကာထိုင်လိုက်သည်။
ထိုင်နေရင်းဘွားမယ်စိန်ကိုမော့ကြည့်၍...
“ကျုပ်ရဲအရိုးကို ခင်ဗျားတို့ရှာပြီး
ဖယ်ရှားပေးနိုင်ရင်သိပ်ကောင်းမယ်ဗျာ...
ဒါဆိုရင်ကျုပ်လည်းဒီနေရာမှာ
ဘယ့်သူ့ကိုမှရန်မပြုနိုင်တော့ဘူးပေါ့...”
“နင့်ရဲ့အရိုးရှိနေတဲ့နေရာကိုနင်ကိုယ်တိုင်တောင်
မသိဘူးမလား”
“ကျုပ်မသိဘူး...”
“ဒါဆိုရင်နင့်ရဲ့အရိုးကို ငါတို့ဘက်က
ရအောင်ရှာပြီးဖယ်ရှားပေးမယ်...
ဒါပေမယ်လို့နင့်ဘက်ကလည်းနင့်ရဲ့
အပေါင်းအပါတွေကိုခေါ်ပြီးတော့
လူတွေနဲ့ဝေးရာမှာနေပေးရလိမ့်မယ်..ဘယ့်နဲ့တုန်း”
ဟုပြောလေတော့ကလေးငယ်သည်စဉ်းစားသယောင်ဖြင့်...
“အင်း....ဒီလိုဆိုရင်ကျုပ်သဘောတူတယ်...
စိတ်ချလိုက်ပါ...ကျုပ်အရိုးကိုရှာနေချိန်မှာလည်း
ဘယ်သူ့ကိုမှကျုပ်ရန်မပြုပါဘူး”
“နင့်ဘက်ကတိတည်ဖို့ပဲလိုလိမ့်မယ်...
မဟုတ်ရင်ဘွားမယ်စိန်ဆိုတဲ့
ငါကလည်းခွင့်လွှတ်ပေးမှာမဟုတ်ဘူး....”
“စိတ်ချပါ........”
ကလေးငယ်သည်နေရာမှထ၍မတ်တပ်ရပ်လိုက်ပြီး
တစ်စတစ်စပျောက်ကွယ်သွားခဲ့သည်။
ထိုအခါမှမောင်တိုးတို့ကိုစည်းဝိုင်းအတွင်းမှထွက်စေပြီး
ဦးဖိုးကြွယ်၏နေအိမ်သို့ပြန်လာခဲ့ကြသည်။
ကိုကြွယ်ဝကဦးဖိုးကြွယ်ကိုလည်း
အကျိုးအကြောင်းရှင်းပြလေတော့ဦးဖိုးကြွယ်မှာ
အတော်အံ့သြသွားလေသည်။
“ဒါဆိုရင်ကျုပ်တို့ဘယ်လိုဆက်လုပ်မလဲဘွား...
ကျုပ်အလုပ်သမားတွေကိုခေါ်ပြီး
မြေကြီးထဲအကုန်လှန်တူးပြီးရှာခိုင်းရမလား”
ဟုဦးဖိုးကြွယ်ကမေးလေတော့ဘွားမယ်စိန်ခေါင်းခါလိုက်ပြီး...
“အဲ့သည်လောက်မလိုပါဘူး...
မနက်ကျရင်သာ အလုပ်သမားသုံးယောက်လောက်ခေါ်ပြီး
ခြံထဲကရေတွင်းဟောင်းထဲကိုဆင်းရလိမ့်မယ်”
“ရေတွင်းထဲ...ရေတွင်းထဲဘာလုပ်ဖို့လဲဘွားရဲ့”
“ဘာလုပ်ရမှာလဲကွဲ့...အဲ့သည်ကလေးတစ္ဆေရဲ့
အရိုးကအခြားမှာမဟုတ်ဘူး....
အဲ့သည်ရေတွင်းထဲမှာပဲရှိနေတာလေ...”
“ဗျာ.......”
ဦးဖိုးကြွယ်တို့အားလုံးအံ့သြသံများတပြိုင်နက်ထဲ
ထွက်လာခဲ့ကြသည်။
ဘွားမယ်စိန်၏ပညာကိုလည်းယခင်ထက်ပို၍
လေးစားသွားလေသည်။
“ဒီလိုကွဲ့...အဲ့သည်ကလေးတစ္ဆေရဲ့အရိုးနဲ့အတူကျောက်ခဲတစ်လုံးကိုဂုန်နီအိတ်တစ်ခုထဲထည့်ပြီး
ပစ်ချထားတာ...အဲ့သည်တော့
ရေငုပ်ကျွမ်းတဲ့လူပဲရှာရလိမ့်မယ်...”
“အဲ့သည်လူကတော့ရှာလို့ရပါတယ်ဘွားရဲ့...
ဒါပေမယ့် အဲ့သည်တစ္ဆေကိုဘာကြောင့်
ကျုပ်ခြံထဲမှာ လူတွေနေလို့မရအောင်ခြောက်လန့်ဖို့
ဘယ်သူကများစီရင်ထားခဲ့သလဲဆိုတာတော့
ကျုပ်သိချင်မိတယ်ဗျာ...”
“ဒါကတော့ နှစ်ကာလတွေလည်းအတော်ကြာပြီ
ပိုင်ရှင်အဆက်ဆက်လည်းပြောင်းခဲ့ပြီဆိုတော့...
ပြောဖို့မလိုတော့ပါဘူးကွယ်...
အဓိကကအခုမောင်ရင့်လက်ထပ်မှာရှင်းလိုက်နိုင်ရင်
ရပြီပဲမဟုတ်ဘူးလား”
“အဲ့တာတော့ဟုတ်ပါတယ်...ဒါပေမယ့်”
“ဒါပေမယ့်မနေနဲ့ ...
မနက်ဖြန်အရေးကိုသာသေချာအောင်လုပ်ကွဲ့”
“ဟုတ်ကဲ့ပါဘွား”
နောက်တစ်နေ့နံနက်ရောက်တော့ ဦးဖိုးကြွယ်တို့သားအဖ
ကိုယ်တိုင်ခြံသို့သွားကာ ရေတွင်းထဲသို့
ရေငုပ်နိုင်သောအလုပ်သမားများကိုခေါ်၍
ရှာစေတော့သည်။
နေ့ခင်းအချိန်ရောက်မှ ဘွားမယ်စိန်ပြောလိုက်သည့်
အရိုးအိတ်ကိုတွေ့လေတော့ ဘွားမယ်စိန်တို့ကို
အပြေးသွားခေါ်ကြ၏။
ဘွားမယ်စိန်လည်းခြံသို့လိုက်လာပြီး
အရိုးအိတ်ကိုသေချာကြည့်သည်။
ပြီးနောက်အရိုးများကိုထုတ်ခိုင်းလိုက်တော့
အရိုးများကို ကြိုးတစ်ချောင်းဖြင့်သေချာစည်းနှောင်ထားသည်ကိုတွေ့လိုက်ရ၏။
“တွေ့သလားကွဲ့...ဒီတစ္ဆေလေးကိုဒီနေရာကနေ
ထွက်မသွားနိုင်အောင်သူ့အရိုးတွေကို
စီရင်ထားတဲ့ကြိုးနဲ့သေချာချည်ထားခဲ့တာ...
ကဲ...ကဲ...အခုရေနံဆီသွားယူကြ....”
ဘွားမယ်စိန်သည်
ရေနံဆီရသည်နှင့် အရိုးများကိုရေနံဆီများလောင်းချပြီး
မီးရှို့လိုက်လေသည်။
မီးများတောက်လောင်နေသော
အရိုးများကိုကြည့်ရင်း....
“ကဲ...အသင်လွတ်လပ်ပြီမို့သွားလိုရာသို့သွားပါတော့...”
ဟုဘွားမယ်စိန်ကပြောလိုက်သည်။
ပြီးနောက် ရေတစ်ပုံးတောင်းလိုက်ပြီး
ထိုရေများကိုသူ၏လက်ဖြင့်မွှေ၍ဂါထာများရွတ်လေသည်။
ဂါထာရွတ်ပြီးလေတော့...
“မောင်ကြွယ်ဝ..ဒီရေကိုခြံထဲနေရာအနှံ့လိုက်ဖြန်းလိုက်...”
ဟုခိုင်းလိုက်၏။
အားလုံးပြီးစီးလေတော့...
“အခုဆိုရင်မောင်ရင်တို့ခြံထဲမှာ
ဘာအနှောက်အယှက်မှမရှိတော့ဘူး...
ဒါပေမယ့်ဆိုင်သစ်ဖွင့်လို့ရှိရင်ရဟန်းသံဃာများပင့်ပြီး
ပရိတ်ရွတ်ကြဦး...
မြင်အပ်မမြင်အပ်အပေါင်းကိုလည်း
အမျှအတန်းပေးဝေလိုက်ကြ...”
“ဟုတ်ကဲ့ပါဘွား..အခုလိုအစအဆုံးကူညီပေးတဲ့အတွက်
ကျုပ်တို့တကယ်ကျေးဇူးတင်ပါတယ်ဗျာ...
ကျုပ်တို့အိမ်မှာဘွားတို့တစ်သက်လုံးနေနိုင်ပါတယ်...
နောက်ပြီးအလိုရှိရာလည်းပြောပါဗျာ...
ကျုပ်တို့ဘက်ကအကုန်လုပ်ပေးပါ့မယ်”
“ဒါတွေမလိုပါဘူး...မောင်ရင်တို့
အကူအညီတောင်းလို့သာ
ဘွားဘက်ကတတ်နိုင်တာကူညီပေးတာပါ...
ဘွားတို့လည်းမနက်ဖြန်ဆိုရွာပြန်ကြတော့မှာ...
မောင်ရင်တို့လည်ဆိုင်ကိစ္စနဲ့အလုပ်များကြတော့မှာပဲလေ”
“ရပါတယ်ဗျာ..ကျုပ်တို့အလုပ်ကအလုပ်သမားတွေကို
ခိုင်းယုံတင်ပါပဲဘွားရဲ့”
ရွာသို့ပြန်မည့်နေ့၌...
ဘွားမယ်စိန်တို့ကိုကျေးဇူးတင်၍ ဦးဖိုးကြွယ်က
လက်ဆောင်များနှင့်ငွေကြေးများကိုပါကန်တော့ပါသော်လည်း
ဘွားမယ်စိန်ကငွေကြေးကိုလက်မခံခဲ့။
ထိုအခါမောင်တိုးနဲ့မောင်အုန်းကိုသာမုန့်ဖိုးများပေးလိုက်ကြ၏။
တစ္ဆေလေးသည်လည်း
ဘယ်အရပ်သို့ရောက်နေပြီမသိတော့ပေ။
သေချာသည်ကဦးဖိုးကြွယ်၏ခြံအတွင်း၌မရှိတော့ခြင်းပင်။
သို့သော်သင်တို့အိမ်ခြံဝန်းအတွင်း၌
ဘောင်းဘီအနီဖြင့်ကလေးငယ်တစ်ဦးကိုတွေ့ခဲ့ပါက...............။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)
No comments
Post a Comment