အောင်မြတ်သာနှင့်တံငါအတိုက်

  အောင်မြတ်သာနှင့်တံငါအတိုက် " ကျော်ဇံလှ ဝေ့ ကျော်ဇံလှ ... လှေထွက်တော့မယ် အခုထိမနိုးသေးဘူးလားကွ" ခြေတံရှည်တဲအိမ်‌အရှေ့ကနေ အော်ခေါ်... thumbnail 1 summary

 အောင်မြတ်သာနှင့်တံငါအတိုက်


" ကျော်ဇံလှ ဝေ့ ကျော်ဇံလှ ... လှေထွက်တော့မယ် အခုထိမနိုးသေးဘူးလားကွ"

ခြေတံရှည်တဲအိမ်‌အရှေ့ကနေ အော်ခေါ်တဲ့အသံကြောင့် မျက်နှာသစ်နေတဲ့ ကျော်ဇံလှတစ်ယောက် မျက်နှာပေါ်ကရေစက်တွေကို လုံချည်နဲ့သုတ်ရင်း

" မျက်နှာသစ်နေလို့ဟေ့ အခုလာပြီ"

" မင့်မလဲ အလုပ်လုပ်ဖို့ဆို အမြဲစောင့်နေရတော့တာပဲ၊ ဒီနေ့ ငါတို့လှေက ခဝဲကျွန်းဘက်သွားမှာ"

" ခဝဲကျွန်းဟုတ်လား..ဒီလောက်အဝေးကြီးကို "

ကျော်ဇံလှက စိတ်ပျက်လက်ပျက်ဟန်နဲ့ ရေရွတ်ပြီး အိမ်အောက်ကတိုင်မှာချိတ်ထားတဲ့ ဝါးခမောက်ကိုယူကာ လှေဆိပ်ကိုထွက်လာခဲ့လိုက်တယ်။

မနက်ဝေလီဝေလင်းအချိန် အိပ်တန်းကနေ နိုးထလာတဲ့ ကျေးငှက်တွေရဲ့အသံ၊ ကမ်းစပ်ကိုရိုက်ခတ်နေတဲ့ လှိုင်းလုံးတွေရဲ့အသံတွေအပြင် လှေသမားတွေရဲ့ စကားပြောသံ၊ စနောက်ကျီဆယ်သံ၊ ဆဲဆိုသံတွေက ရောထွေးနေခဲ့တယ်။

" လှမျိုးနဲ့ ကျော်ဇံလှ ငါ့အိမ်အောက်မှာ မနေ့ကအသစ်ဝယ်ထားတဲ့ ငါးဖမ်းပိုက်တစ်စုံရှိတယ် သွားယူလာခဲ့ပါဦး"

လှေဦးစီးလဲဖြစ် ပိုင်ရှင်လဲဖြစ်တဲ့ ကိုမြင့်ဆောင်ရဲ့ စကားကြောင့် ကျော်ဇံလှတို့နှစ်ယောက် အိမ်ဘက်ကို ခပ်သုတ်သုတ်ထွက်သွားခဲ့တယ်။

ကိုမြင့်ဆောင်ရဲ့ အိမ်ရှေ့မှာတော့ ငါးခြောက်လှမ်းစင်တွေက နေရာလပ်မရှိအောင်ပြည့်နေခဲ့တယ်။ ကျော်ဇံလှတို့လဲ ငါးခြောက်လှမ်းစင်တွေဘေးမှာ လွတ်နေတဲ့ လမ်းကျဉ်းထဲကနေ အိမ်အောက်ကိုဝင်သွားတဲ့အချိန် အိမ်နောက်ဖေးကနေ ဘုတ်ခနဲ ခုန်ဆင်းလာတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။

" လှမျိုး ဟိုးမှာ လူတစ်ယောက်ခုန်ဆင်းလာပါလား"

ကျော်ဇံလှစကားကြောင့် လှမျိုးက ငါးဖမ်းပိုက်အဟောင်းတွေစုပြုံထားတဲ့စင်အနောက်ကိုဝင်ပုန်းပြီး ပါးစပ်ကိုလက်ညိုးနဲ့တေ့ကာ
" ဒီလူက ငါတို့ရွာသားမဟုတ်ဘူးကွ၊ အိမ်ပေါ်မှာ မသန်းမြ တစ်ယောက်ထဲရှိနေတာမဟုတ်လား"

" ဧကန္တ သူခိုးကပ်တာများလား.."

" သူခိုးကပ်တယ်ပြောရအောင် ဟိုလူကိုယ်မှာ ဘာမှယူသွားတာမတွေ့ဘူး။ ဒီကိစ္စ မင်းနဲ့ငါပဲသိပါစေ၊ ကိုမြင့်ဆောင်သိရင် စိတ်မဖြောင့်ဖြစ်နေလိမ့်မယ် ကြားလား"

လှမျိုးစကားကြောင့် ကျော်ဇံလှလဲ ခေါင်းညိမ့်ပြကာ အိမ်ထရံမှာချိတ်ထားတဲ့ ‌ငါးဖမ်းပိုက်ကို အသာဖြုတ်ယူလိုက်တဲ့အချိန် အိမ်ပေါ်ကနေ ကပိုကရိုဆင်းလာတဲ့ မသန်းမြကိုမြင်လိုက်ရတယ်။

မသန်းမြက အိမ်အောက်ကိုရောက်တော့
ကျော်ဇံလှတို့နှစ်ယောက်ကိုမြင်ပြီး
" ဟဲ့ ပလုပ်တုပ်.. လန့်လိုက်တာဟယ်"

" ဟီး ကိုမြင့်ဆောင်က ငါးဖမ်းပိုက်မေ့ကျန်ခဲ့လို့ လာယူခိုင်းထားလို့ပါ အစ်မ"

" အေးအေး နောက်ဆို ငါ့အိမ်ထဲဝင်ရင် အသံလေး ဘာလေးပေး နင်တို့ကမသိရင် သူခိုးတွေကျနေတာပဲ"

မသန်းမြရဲ့ အလိုမကျတဲ့လေသံကြောင့် ကျော်ဇံလှတို့ ဘာမှပြန်မပြောတော့ပဲ ငါးဖမ်းပိုက်ကို ပခုံးပေါ်တင်ကာ လှေဆိပ်ကိုပြန်လာခဲ့လိုက်တယ်။

လှေဆိပ်ကိုရောက်တော့ အသင့်စောင့်နေတဲ့ ကိုမြဆောင်က ငါးဖမ်းပိုက်ကိုလှမ်းယူကာ လှေဝမ်းထဲပစ်ထည့်လိုက်ပြီး

" ထွက်မယ်ဟေ့ စက်နှိုးလိုက်တော့" လို့စက်ခန်းထဲကလူကိုလှမ်းအော်ပြောလိုက်ပါတော့တယ်။

မကြာခင် တရုတ်အင်ဂျင်သံ တစ်ဂျုံးဂျုံးမြည်နေတဲ့ ငါးဖမ်းလှေတစ်စီးက ဓနိတန်းရွာကနေ တစ်ရွေ့ရွေ့ထွက်သွားပါလေရော။
++++++++

" ပိုက်တွေချပြီးရင် ကျွန်းပြန်ကပ်ပြီး နားကြရအောင်ဟေ့"

ကိုမြဆောင်ရဲ့အသံကြောင့် ကုန်းပတ်ပေါ်မှာ ပိုက်ရှင်းနေတဲ့ ကျော်ဇံလှက

" ဗျို့ ကိုကြီးဆောင် ဒီကျွန်းအနားတစ်ဝိုက်ကို အခြားလှေတွေ တစ်စီးမှမလာကြဘူးနော်"

" သူတို့မလာတော့ မကောင်းဘူးလား။ ငါလဲ ငါးတွေပိုရ မင်းတို့လဲ လုပ်ခများများရတာပေါ့"

" ဒါပေမယ့်..."

ကျော်ဇံလှစကားမဆုံးခင်မှာ
" ဟေ့ကောင် ကျောက်ဆူးကြိုး လာကူဆွဲတင်ဦး" ဆိုတဲ့ လှမျိုးအသံကြောင့် ငါးဖမ်းပိုက်ကိုချကာ လှေဦးထိပ်ကိုထွက်လာခဲ့လိုက်တယ်။

လှမျိုးက ကျောက်ဆူးကြိုးတင်နေရင်း
" ဟေ့ကောင် မင်းက အတော်လျာရှည်တဲ့ကောင်ပဲ၊ သူက ငါတို့အလုပ်ရှင် သူခိုင်းရင် လုပ်ရမှာပဲ။ သူ့လို လူ့ဂွစာကို ဘယ်သူမှ တရားရအောင် မပြောနိုင်ဘူးကွ၊ အဲတော့ သူဘာခိုင်းခိုင်း အဆင်ပြေအောင် လုပ်ပေးလိုက်ကွာ" လို့ပြောလိုက်တော့မှ ကျော်ဇံလှငြိမ်သွားခဲ့တယ်။

ညနေစောင်းတော့ ခဝဲကျွန်းမှာ ကမ်းကပ်ပြီး ချက်ပြုတ်စရာရှိတာချက်ပြုတ်စားသောက်ပြီး တစ်ညတာကို ကုန်လွန်စေခဲ့တယ်။ လှေပေါ်ပါလာတဲ့သူအချို့နဲ့ ကိုမြဆောင်က တောအရက်နဲ့ဇိမ်ကျနေပြီး ကျော်ဇံလှနဲ့ လှမျိုးကတော့ ဓနိရည်အချိုဘူးကိုမော့လိုက် စကားလေးပြောလိုက်လုပ်နေတဲ့အချိန် လှေဦးကို တစ်ခုခုနဲ့လာတိုက်တဲ့အသံကို ကြားလိုက်ရတယ်။

" ဟေ့ကောင် သစ်တုံးတွေများ လှေကိုလာတိုက်နေလားမသိဘူး သွားကြည့်ဦး"

ကျော်ဇံလှလဲ ဓနိရည်အရှိန်နဲ့ ခပ်ထွေထွေဖြစ်နေရာကနေ တစ်ဒုန်းဒုန်းနဲ့အသံမြည်နေတဲ့ နေရာကိုငုံ့ကြည့်လိုက်ရာ တစ်ကိုယ်လုံးအဝတ်အစားမရှိပဲ ပုတ်ပွနေတဲ့အလောင်းတစ်လောင်းကိုမြင်လိုက်ရတယ်။

" လှမျိုး လာကြည့်စမ်း... အလောင်းကြီးကွ"

ကျော်ဇံလှအသံကြောင့် လှမျိုးကမန်းကတမ်းထလာပြီး ငုံ့ကြည့်လိုက်ရာ
" ဟာ အတော်ကိုပုတ်ပွနေတာပဲ .. ဝါးလုံးနဲ့ထိုးထုတ်လိုက်ကွာ"

ကျော်ဇံလှလဲ လှေဝမ်းထဲထည့်ထားတဲ့ ဝါးလုံးကိုယူကာ အလောင်းကောင်ကိုထိုးလိုက်တဲ့အချိန် ရေပေါ်မှာကားယားဖြစ်နေတဲ့လက်တစ်ဖက်က ဝါးလုံးကိုဖြတ်ခနဲလှမ်းကိုင်တာကိုမြင်လိုက်ရတယ်။

" အား အား သ သ သရဲ.."

ငယ်သံပါအောင်အော်တဲ့အသံကြောင့် ကိုမြင့်ဆောင်တို့အဖွဲ့တွေလှေဦးကိုပြေး‌‌လာခဲ့ကြတယ်။

" ဟေ့ ဘာဖြစ်တာလဲ"

" လူ လူသေကောင် မျောလာလို့ ဝါးလုံးနဲ့ထိုးထုတ်တာ ဝါးလုံးကိုလာပြန်ဆွဲလို့"

ကိုမြင့်ဆောင်က ကျော်ဇံလှပြတဲ့နေရာကို ငုံကြည့်လိုက်ရာ

" နင့်မေကလွှား အလောင်းကောင်ဖြစ်ရမှာလား၊ အုန်းတုံးကြီးမျောလာတာဟ၊ ဒီကောင်တော့ ဓနိရည်သောက်ပြီး မူးနေလားမသိဘူး"

ကိုမြင့်ဆောင်စကားကြောင့် လှမျိုးရော၊ ကျော်ဇံလှရော အောက်ကိုငုံ့ကြည့်လိုက်ရာ အလောင်းကောင် မဟုတ်တော့ပဲ အုန်းတုံးဖြစ်နေခဲ့တယ်။

" ‌လှမျိုး ငါစိတ်ထဲထင့်နေတယ်ကွ "

" ဟုတ်တယ် အလောင်ကောင်ဆိုတာ ငါလဲသေချာတွေ့လိုက်တာပဲ၊အခုကျမှ ဘာလို့ အုန်းတုံးဖြစ်သွားတာလဲဆိုတာ စဉ်းစားလို့မရဘူး"

" ဒါကြောင့် ဒီကျွန်းဘက်ကို မလာချင်တာ၊ မနက်ဖြန် ငါးတွေများများရပါစေကွာ၊ ဒါမှပြန်လို့ရမှာ"

ဒီတစ်ခါမှာတော့ ကျော်ဇံလှစကားကို လှမျိုးအနေနဲ့ ဘာမှထပ်မပြောတော့ဘူး ပင်လယ်လေတစ်ဖြူးဖြူးတိုက်ခတ်နေတဲ့ ကုန်ပတ်ပေါ်မှာ လှဲချကာ ကောင်းကင်က ကြယ်တွေကိုကြည့်နေခဲ့လိုက်တယ်။

လေကလဲ တစ်ဖြူးဖြူးနဲ့ဆိုတော့ ဘယ်လိုအိပ်ပျော်သွားမှန်းမသိဖြစ်သွားခဲ့တယ်။ အိပ်ပျော်နေတုန်း လှေရဲ့ဘေးကနေ ကုတ်တွယ်တက်လာတဲ့ အသံကြောင့် လှမျိုး နိုးလာပြီး ချောင်းကြည့်လိုက်ရာ
ရေစိုနေတဲ့ဆံပင်ကို ဖားလျားချပြီး ရှည်လျားတဲ့လက်သည်းကို ဆူးသဖွယ်အသုံးပြုကာကုတ်တက်လာတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

ဒီတစ်ခါမှာတော့ လှမျိုးတစ်ကိုယ်လုံး လှုပ်ရှားမရအောင် ကြောက်စိတ်ကငယ်ထိပ်အထိရောက်သွားခဲ့တယ်။ ဘေးမှာအိပ်နေတဲ့ ကျော်ဇံလှကို ခေါ်နှိုးပြန်တော့လဲ အသံကလည်ချောင်းဝမှာတင် ပျောက်သွားခဲ့တယ်။

လှေပေါ်ကိုတွယ်တက်လာတဲ့မိန်းမက မဲနက်နေတဲ့သွားတွေကိုဖြီးနေအောင်ရယ်ပြီး လှမျိုးရဲ့နှလုံးတည့်တည့်ကို ရှည်ကျနေတဲ့လက်သည်းတွေနဲ့ အားကုန်ထိုးစိုက်လိုက်ပါလေရော။

" အမလေး ကယ်ကြပါဦး"

ကြောက်လန့်တစ်ကြားအော်လိုက်တဲ့အသံကြောင့် ဘေးမှာအိပ်နေတဲ့ ကျော်ဇံလှလန့်နိုးလာပြီး

" ဘာလဲ အိမ်မက်ဆိုးတွေမက်နေတာလား"

" ဟုတ်တယ် အိမ်မက်ထဲမှာ မိန်းမတစ်ယောက်က ငါ့နှလုံးတည့်တည့်ကို လက်သည်းနဲ့ထိုးချလိုက်တာ"

" ဟေ ဟုတ်လား မင်းလဲနင့်လိုပဲမက်နေတာ လှေပေါ်ကို ယောင်္ကျားတစ်ယောက် ကုတ်တွယ်တက်လာပြီး ငါ့ကိုရယ်ပြနေတုန်းရှိသေး မင်းအော်လို့ လန့်နိုးလာတာ"

" အေးကွာ ဒီည ငါတို့နှစ်ယောက် ဘယ်လိုဖြစ်နေလဲမသိပါဘူး "

ကျော်ဇံလှတို့နှစ်ယောက်လဲ ပြန်မအိပ်ကြတော့ပဲ မိုးလင်းတဲ့ထိ ရောက်တတ်ရာရာတွေပြောနေခဲ့ကြတယ်။ နောက်နေ့ ပိုက်ပြန်တင်တော့ ငါးတွေလှေဝမ်းနဲ့အပြည့်နီးပါးရတဲ့အတွက် ပင်လယ်ထဲမှာ ဆက်မနေရတော့ပဲ ရွာကိုပြန်လာခဲ့ရတယ်။

လှေကမ်းကိုကပ်တာနဲ့ နိစ္စဓူဝအလုပ်တွေကို လုပ်ပေးပြီး ပြန်ဖို့အလုပ်
" ကျော်ဇံလှနဲ့ လှမျိုး ဒီည ငါ့အိမ်မှာ ထမင်းစားပြီးမှ ပြန်ကြ၊ နင်တို့အစ်မက လှေသမားတွေကို ထမင်းကျွေးမလို့စီစဉ်ထားတယ်လို့ လာပြောခိုင်းထားတယ်"

" ဒါဖြင့်လဲ စားရချည်သေးတာပေါ့ဗျာ"

ဒီလိုနဲ့ ကိုမြင့်ဆောင်အိမ်ကိုရောက်တော့ မသန်းမြချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကို စားသောက်ပြီး ကိုယ်နေတဲ့နေရာဆီကို အသီးသီးပြန်လာခဲ့ကြတယ်။

နောက်တစ်နေ့မနက်ရောက်တော့ ဖမ်းမိလာတဲ့ငါးတွေကို ငါးပိငါးခြောက်လုပ်တဲ့သူကလုပ် ဈေးကိုပို့မယ့်သူကပို့နဲ့ လှမျိုးတို့အလုပ်ရှုပ်နေခဲ့တယ်။ နေ့လည်လောက်ရောက်တော့ ကိုမြင့်ဆောင် တစ်ယောက်မျက်နှာမကြည်မသာနဲ့ အလုပ်လုပ်တဲ့နေရာကိုရောက်ချလာခဲ့တယ်။

" မင်းတို့နှစ်ယောက် ဒီညနေ အားလား"

" အားပါတယ် ဘာဖြစ်လို့လဲ"

" ငါစိတ်ညစ်စရာနည်းနည်းရှိနေလို့ ဒီညနေ ဟိုဘက်ရွာမှာအရက်သွားသောက်မလို့ မင်းတို့နှစ်ယောက်လိုက်ခဲ့ပါလား"

လှမျိုးတို့လဲ အလုပ်ရှင်ခေါ်တဲ့အတွက် ငြင်းလို့မကောင်းတာကြောင့် လိုက်ခဲ့မယ်ဆိုပြီးပြောခဲ့ကြတယ်။

အဲဒီနေ့ညက ကိုမြင့်ဆောင်တစ်ယောက် အတော်မူးသွားသလို လှမျိုးတို့နှစ်ယောက်လဲ ရုပ်ဆိုးသူ ချောတဲ့အဆင့်ထိရောက်ကုန်ကြတယ်။

" ကိုကြီးဆောင် အခုတစ်လော မျက်နှာလဲမကောင်းဘူး စီးပွားရေးအဆင်မပြေလို့လား"

" စီးပွားရေးကအဆင်ပြေပါတယ် အဆင်မပြေတာက အိမ်ထောင်ရေးကွ"

" ဟာ ဘယ်လိုဖြစ်ပြီး အိမ်ထောင်ရေးကအဆင်မပြေတာလဲ "

" မင်းတို့အစ်မက ငါ့ကိုဆို အနားကိုအကပ်မခံတာ ၊ အိမ်ထောင်သက် ငါးနှစ်အတွင်း ကလေးတစ်ယောက်မှမရတာကိုပဲကြည့်တော့ကွာ"

" ကလေးကတော့ ယူသင့်တယ်အကိုကြီးရ။ သားသမီးဆိုတာ အိမ်ထောင်တစ်ခုကိုတည်မြဲစေမယ့်ကြိုးပဲမဟုတ်လား"

" မင်းတို့ပြောကြည့်စမ်း ငါ့မှာ ဘာချို့ယွင်းချက်ရှိတယ်လို့ထင်လဲ"

" ဟာ အကိုကြီးက ငွေကြေးလဲပြည့်စုံတယ်၊ ကျန်းမာသန်စွမ်းတာကလဲ အသက်ငါးဆယ်အရွယ်လို့တောင်မထင်ရပါဘူး"

" ငါ့မှာချစ်ခြင်းမေတ္တာငတ်တဲ့ချို့ယွင်းချက်တစ်ခုရှိတယ်ကွ၊ တကယ်တော့ ငါက အချစ်ကိုလုယူခဲ့တာ"

" ဘယ်လို... အချစ်ကိုလုယူခဲ့တာ ဟုတ်လား"

" မသန်းမြက ငါ့ကိုမချစ်ပဲယူခဲ့တာ၊ ငါက အိမ်ထောင်ကျသွားရင် ငါ့ကိုပြန်ချစ်မှာပဲဆိုတဲ့အတွေးနဲ့ သူ့မိဘတွေနဲ့ပေါင်းပြီးကြံခဲ့တာ၊ အခုတော့ အချစ်မပါတဲ့အိမ်ထောင်ရေးကို လက်တွေ့ခံစားနေရပြီ"

" ဒါဆို မသန်းမြက အကိုကြီးအပေါ်မချစ်ပဲလက်ထပ်ခဲ့တာပေါ့"

" ဟုတ်တယ် သူ့ချစ်သူက မြို့ပေါ်တက်ပြီး အလုပ်သွားလုပ်ရင်း မတော်တဆဆုံးသွားတယ်ဆိုလားပဲ၊ သူ့အိမ်ကလဲ ငါကျေးဇူးမကင်းတာကြောင့် သူတို့သမီးနဲ့ငါ့ကို သဘောတူခဲ့တာ၊ မသန်းမြနဲ့ ငါနဲ့က ဆယ်နှစ်လောက်ကွာတယ်လေ"

" ဒါနဲ့ အကိုကြီးကိုပြောစရာတစ်ခုရှိတယ်၊ အစကတော့ ပြောသင့်မပြောသင့်စဉ်းစားခဲ့သေးတယ်။ ဒါပေမယ့် အကိုကြီးအခုလိုခံစားနေရတာမြင်တော့ စိတ်ထဲမကောင်းလို့ ပြောပြပါရစေ"

မူးရင်ကျွဲခိုးပေါ်ဆိုတဲ့စကားအတိုင်း လှမျိုးတို့မြင်ခဲ့ရတဲ့အကြောင်းကို ပြောပြလိုက်တော့ ကိုမြင့်ဆောင် က

" အဲဒီလူပုံစံငါ့ကိုပြောစမ်း သူဘယ်လိုပုံလဲ"

" ကျွန်တော်တို့မြင်လိုက်ရတာတော့ အသားကခပ်လတ်လတ်၊ အရပ်မြင့်မြင့်၊ လက်ဖျံမှာ ဆေးမှင်ကြောင်ရုပ်တစ်ခုထိုးထားတယ်၊ ရုတ်တရက်မြင်လိုက်ရတာမို့ အဲလောက်ပဲမှတ်မိတယ်ဗျ"

လှမျိုးစကားကိုကြားတော့ ကိုမြင့်ဆောင်က အရက်ခွက်ကိုတစ်ကျိုက်ထဲမော့ချပြီး

" လက်စသတ်တော့ ဒီမိန်းမက ငါ့နောက်ကွယ်မှာ အခြားတစ်ယောက်နဲ့ဖောက်ပြန်နေတာကိုး၊ ဒါကြောင့် ဒီရက်ပိုင်း ငါ့ကိုအလုပ်လုပ်ဖို့ပဲ အမြဲပြောနေတာ"

" ကျွန်တော်တို့က လင်မယားပြဿနာတက်အောင် ပြောတာမဟုတ်ဘူးနော်၊ အကိုကြီးခံစားနေရတဲ့ပြဿနာအရင်းမြစ်ကိုဖော်လို့ရအောင်ပြောပြတာပါ"

" မင်းတို့ပြောပြတာ ကျေးဇူးတင်ပါတယ်။ ငါလဲ အခုလိုသိရတော့ ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မှာပေါ့"

ကိုမြင့်ဆောင်တို့သုံးယောက်လဲ အဲဒီညက အိမ်မပြန်နိုင်ပဲ ဆိုင်မှာအိပ်ရတဲ့အဆင့်ထိဖြစ်သွားခဲ့တယ်။ မနက်အမူးပြေလို့ အိမ်ပြန်ရောက်တော့

" မနက်ဖြန် ငါတို့ခဝဲကျွန်းကို ထပ်သွားမယ်လို့ ရွာထဲသတင်းလွှင့်လိုက် ညကမင်းတို့ပြောတဲ့ကိစ္စကို လက်ပူးလက်ကြပ်မိအောင် ဖမ်းရမယ်"

လှမျိုးတို့လဲ ကိုယ်ကတဲ့ဇာတ် ကိုယ်နိုင်အောင်လုပ်ရတော့မှာမို့ ကိုမြင့်ဆောင်ပြောတဲ့အတိုင်း ရွာထဲမှာ အော်ချက်ထုတ်ပါလေရော။

နောက်တစ်နေ့မနက်ရောက်တော့ လှေထွက်ဟန်ပြပြီး သုံးရွာကျော်လောက်ရောက်တော့ ကိုမြင့်ဆောင်၊ လှမျိုး၊ ကျော်ဇံလှတို့သုံးယောက်ဆင်းနေခဲ့ကြတယ်။

ညဘက်မှောင်စပျိုးတဲ့အချိန်ရောက်တော့ ရွာကိုပြန်ဝင်လာခဲ့ကြပြီး လူခြေတိတ်ချိန်ကိုစောင့်ဆိုင်းနေခဲ့ကြတယ်။

"ဒီအချိန်ရွာထဲကလူတွေ အိပ်လောက်ပြီထင်တယ်။ ငါတို့အခြေအနေကိုသွားကြည့်ရအောင်"

ကိုမြင့်ဆောင်က အမှောင်ထုကို အားယူပြီးသူ့အိမ်ရှိတဲ့ဘက်ကို ချဉ်းကပ်လာခဲ့တယ်။

မီးရောင်မှိန်မှိန်လေးထွန်းထားတဲ့ ကိုမြင့်ဆောင်အိမ်နားကိုရောက်တော့
" မင်းတို့နှစ်ယောက်က အိမ်အောက်ကနေစောင့်နေ တစ်ယောက်ယောက်ပြေးဆင်းလာတာတွေ့ရင် အပီသာရိုက်ချပစ်ကွာ ကြားလား"

" စိတ်ချ ဒီကောင်မပြေးနိုင်အောင်ကို လုပ်မှာ"

ကိုမြင့်ဆောင်လဲ လက်ထဲမှာ တုတ်တစ်ချောင်းကိုကိုင်ပြီး အိမ်နောက်ဖေးကနေ အသာတက်သွားခဲ့တယ်။ ခဏကြာတော့ အိမ်ပေါ်ကနေ ကိုမြင့်ဆောင်ရဲ့ ဒေါသတစ်ကြီးအော်ဟစ်သံနဲ့အတူ လူတစ်ယောက် ပြူတင်းပေါက်နေ ခုန်ချလာတာကိုမြင်လိုက်ရတယ်။

လှမျိုးတို့နှစ်ယောက်လဲ ခုန်ချလာတဲ့သူရဲ့ခြေထောက်ကို လှော်တက်နဲ့ အားကုန်ရိုက်ချလိုက်ရာ
" ဖြောင်း"ဆိုတဲ့အော်သံတစ်ချက်နဲ့အတူ လှော်တက် ထက်ပိုင်းကျိုးသွားခဲ့တယ်။

ရိုက်ခံထိတဲ့သူက ရုတ်တရက်လဲကျသွားပြီး ချက်ချင်းဆိုသလို ကုန်းထကာ ထော့နင်းထော့နင်းနဲ့ အမှောင်ထဲကို ဝင်ပြေးသွားခဲ့တယ်။

အိမ်ပေါ်မှာလဲ ကိုမြင့်ဆောင်ရဲ့ ဒေါသတစ်ကြီးအော်ဟစ်သံတွေအပြင် မသန်းမြရဲ့ ငိုသံအချို့ထွက်လာခဲ့တယ်။

လှမျိုးတို့လဲ လွန်လွန်ကျူးကျူးတွေဖြစ်မှာစိုးတဲ့အတွက် အိမ်ပေါ်တက်ပြီး ကိုမြင့်ဆောင်ကိုဆွဲတဲ့အချိန် မသန်းမြက ငိုကြီးချက်မနဲ့ လှမျိုးတို့ကို ကြည့်ကာ

" ဒါတွေအားလုံးက နင်တို့လက်ချက်မဟုတ်လား"

" ခွေးမ နင့်ပါးစပ်ကိုပိတ်ထား ဖောက်ပြန်တဲ့ကောင်မက သူများကိုဘာမှပြောစရာမလိုဘူး"

" အေး ငါဖောက်ပြန်တယ် ဘာဖြစ်လဲ နင်မကျေနပ်ရင် ငါနဲ့မပေါင်းနဲ့ "

" ဟာ ဒီမိန်းမတော့.."

ကိုမြင့်ဆောင်က မသန်းမြကို ရိုက်မလို့လုပ်တဲ့အချိန် လှမျိုးတို့က အတင်းဝင်ဆွဲပြီး
"ကိုမြင့်ဆောင် စိတ်ထိန်းပါဦး ဟေ့ကောင် ကျော်ဇံလှ လက်ထဲကတုတ်ကိုယူလေကွာ"

" ဒီအမျိုးယုတ်မကို ငါကိုယ်တိုင်သတ်မှာ လင်ကြီးငုတ်တုတ်ရှိလျက်နဲ့ ဖောက်ပြန်ရတယ်လို့ကွာ ထွီ"

ကိုမြင့်ဆောင်က ဒေါသတစ်ကြီးအော်ဟစ်သောင်းကျန်းရင်း လှမျိုးတို့နောက်ကို ပါသွားခဲ့တယ်။

ဒီကိစ္စတွေဖြစ်ပြီး မသန်းမြလဲ သူ့မိဘတွေရှိတဲ့ရွာကို ညတွင်းချင်းဆင်းပြေးသွားခဲ့တယ်။ ကိုမြင့်ဆောင်ကတော့ အံတစ်ကြိတ်ကြိတ်နဲ့ သတ်မယ်ဖြတ်မယ်လုပ်နေလို့ လှမျိုးတို့အပါအဝင် ရွာထဲက လူကြီးတွေပါဝိုင်းဝန်းဖျောင်းဖျခဲ့ရတယ်။

တစ်နေ့မှာတော့ ကိုမြင့်ဆောင်က အိမ်ရှေ့ကွပ်ပြစ်မှာ အရက်သောက်ရင်း အိမ်ရှေ့ကဖြတ်သွားတဲ့ ဖိုးကတုံးကိုမြင်တော့

" ‌ဟေ့ ဖိုးကတုံး လှမျိုးတို့ ကျော်ဇံလှတို့ကို မတွေ့တာ နှစ်ရက်လောက်ရှိပြီ အားရင် ငါ့အိမ်လာခဲ့ဦးလို့ ပြောပေးစမ်းပါဦးကွာ"

" အော် ဒီနှစ်ကောင် သွေးစုနာတွေပေါက်ပြီး ဖျားနေကြတာ ကိုမြင့်ဆောင် မသိဘူးလား"

" အေး ငါ မသိလိုက်ဘူး ညကျရင် သတင်းမေးသွားလိုက်ပါဦးမယ်"

+++++++

ညဘက်ရောက်တော့ ငါးခြောက်ငါးခြမ်းတွေယူပြီး လှမျိုးတို့ရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ လမ်းလျောက်နေရင်း ကျောဘက်ကနေ စူးခနဲ ဖြစ်လာလို့ လက်ပြန်ကုတ်လိုက်တဲ့အချိန် ချွဲပြစ်ပြစ်အရည်တွေက အင်္ကျီမှာပေနေတာသတိထားမိခဲ့တယ်။ ဒါပေမယ့် အမှုမဲ့အမှတ်မဲ့နဲ့ သတိမထား‌မိပဲ လှမျိုးတို့အိမ်ကို ရောက်လာခဲ့တယ်။

အိမ်ပေါ်ကိုရောက်တော့ အပေါ်ဝတ်အင်္ကျီကိုချွတ်ထားပြီး တိုင်ကိုမှီကာထိုင်နေတဲ့ လှမျိုးကိုတွေ့လိုက်ရတယ်။

" ဖြူအိ နင့်ယောင်္ကျားက ဘယ်လိုဖြစ်တာလဲ"

" မနေ့က ကျောကုန်းမှာ သွေးစုနာလိုလို အနာစိမ်းလိုလိုပေါက်ရာကနေ အညှော်မိပြီးဖျားသွားတာ ကိုကြီးဆောင်ရေ"

" အေးအေး သတိထားဦး ဒီမှာ နင်တို့အတွက် ငါးခြောက်တွေယူလာတယ်၊ အော်ဒါနဲ့ ကျော်ဇံလှ တစ်ယောက်လဲ ဖျားနေတယ်ပြောတယ်"

" ဟုတ်တယ် သူကတော့ ဗိုက်အောင့်ပြီး အိပ်ယာကမထနိုင်ဖြစ်နေတာ "

" ဒါဖြင့်လဲ ဂရုစိုက်ဦး ငါ ကျော်ဇံလှကိုသွားကြည့်လိုက်ဦးမယ်"

ကိုမြင့်ဆောင်က လှမျိုးတို့လင်မယားကို နှုတ်ဆက်ပြီး ကျော်ဇံလှအိမ်ရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။

" ဟေ့ ကျော်ဇံလှ နေမကောင်းဘူးဆို"

ကိုမြင့်ဆောင်အသံကြောင့် ကျော်ဇံလှမိန်းမ ထွက်လာပြီး
" ဟုတ်တယ် ဗိုက်အောင့်ပြီး အစာမဝင်လို့ မနက်ဖြန် မြို့ပေါ်ကဆေးခန်းသွားပြကြည့်မလို့လေ"

" အေးအေး ဒီမှာ နင်တို့အတွက် ငါးခြောက်တွေယူလာပေးတာ နင့်ယောင်္ကျားကိုလဲဂရုစိုက်လိုက်ဦး၊ ငါအိမ်ပေါ်မတက်တော့ဘူးနော်"

" ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် "

ကိုမြင့်ဆောင်လဲ အိမ်ပြန်ရောက်တော့ ကျောဘက်ကနေ ရွစိရွစိဖြစ်နေတာကိုမသင်္ကာလို့ အင်္ကျီခွိတ်ကြည့်လိုက်ရာ အနာရည်တွေ ရွှဲရွှဲစိုနေတဲ့ မီးလောင်ဖုလို အနာတစ်ခုကိုမြင်လိုက်ရတယ်။

" ဟင် ငါက နေရင်းထိုင်ရင်း ဘယ်လိုဖြစ်လို့ သွေးစုနာပေါက်နေရတာလဲ"

တစ်ယောက်ထဲတီးတိုးရေရွတ်ရင်း အဝတ်အစားလဲ နေတဲ့အချိန်
" ကိုမြင့်ဆောင် ဗျို့ကိုမြင့်ဆောင်"ဆိုတဲ့အသံက အိမ်ရှေ့ကနေ ထွက်လာခဲ့တယ်။

" ဟေ့ ဘယ်သူလဲကွ"

" ကျွန်တော်ပါ မြင့်သိန်းပါ "

" အေး မြင့်သိန်း ဘာကိစ္စရှိလို့လဲ"

ကိုမြင့်ဆောင်က အိမ်ရှေ့ကိုထွက်လာရင်း ပြောလိုက်တော့ မြင့်သိန်းက

" ဒီဧည့်သည်တွေက ကိုမြင့်ဆောင်နဲ့ တွေ့ချင်တယ်ဆိုလို့ လာပို့ပေးတာ"

" ဧည့်သည် ဟုတ်လား ..."

ကိုမြင့်ဆောင်က အိမ်အောက်မှာရပ်နေတဲ့ လူသုံးယောက်ကိုကြည့်ပြီး ဇဝေဇဝါဖြစ်နေတဲ့အချိန်
" ဒီက အကိုနဲ့ ကျွန်တော်တို့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မြို့ပေါ်က ဈေးတန်းမှာဆုံဖူးတယ်လေ။ ကျွန်တော်တို့သောက်တဲ့ မန်ကျီးရည်ဖိုးတောင် စိုက်ပေးခဲ့သေးတယ်မဟုတ်လားဗျ"

" အော် မှတ်မိပြီ မှတ်မိပြီ ယောဂီဝတ်စုံနဲ့လူသုံးယောက်မဟုတ်လား။ ရုတ်တရက်ဆိုတော့ မမှတ်မိဘူးဖြစ်သွားလို့ပါ အိမ်ပေါ်တက်ကြပါဦး"

ဧည့်သည်တွေအိမ်ပေါ်ကိုရောက်တော့ ကိုမြင့်ဆောင်က
" ဘယ်လိုဖြစ်ပြီး ရွာဘက်ကိုရောက်လာတာလဲ"

" မြို့ပေါ်မှာတုန်းက စကားစပ်မိရင်း အကိုက ဒီရွာမှနေတယ်ဆိုလို့လေ၊ ကျုပ်တို့ကလဲ လတ်တလော အလုပ်သိပ်မရှိတာနဲ့ ရွာဘက်မှာ ဆေးကုဖို့ရှိလိုရှိငြားထွက်လာခဲ့ကြတာ"

" ဒါဆို မင်းတို့က ဆေးဆရာတွေပေါ့ "

" အဲလိုပြောရတော့မှာထက် ဟိုစပ်စပ်ဒီစပ်စပ်လို့ပြောတာပိုမှန်မယ်ထင်တယ် ဟက်ဟက်"

" ဟားဟားဟား နေပါဦး မင်းနာမည်က ဘာပါလိမ့် ပါးစပ်ဖျားမှာတင်မေ့နေတာ"

" ကျုပ်နာမည်က အောင်မြတ်သာလေ"

" အေး ဟုတ်တယ် ဟုတ်တယ် နာမည်ကိုရုတ်တရက်စဉ်းစားမရဖြစ်နေတာ၊ ကျုပ်လဲ အခုပဲ ကျောကုန်းမှာ သွေးစုနာလိုလို‌ အနာစိမ်းလိုလိုပေါက်နေလို့ သန့်ရှင်းရေးလုပ်နေတာ"

" ဟုတ်လား ကျုပ်ကိုပြပါဦး တတ်သလောက်လေး ကြည့်ပေးပါရစေ"

အောင်မြတ်သားကားကြောင့် ကိုမြင့်ဆောင်က အင်္ကျီကိုချွတ်ပြီးကျောကိုပြလိုက်တဲ့အချိန်

" ဒိအနာက မကြာခင်ကောင်းသွားပါလိမ့်မယ်၊ ဒီညတော့ ကျုပ်တို့လူးဆေးနဲ့သောက်ဆေးပေးလိုက်ပါမယ်"

" ဒီညကျုပ်လဲ သောက်ဖို့ဆေးမရှိဖြစ်နေတာနဲ့ အတော်ပဲဗျို့"

အောင်မြတ်သာတို့လဲ လွယ်အိတ်ထဲမှာပါတဲ့ ပြာမျုန့်အနည်းငယ်ကို နှမ်းဆီနဲ့ရောနယ်ပြီး ကိုမြင့်ဆောင် ကျောက အနာတွေပေါ်မှာအုံထားပေးလိုက်တယ်။ အိပ်ခါနီးရောက်တော့ ရေနဲ့ပြာမှုန့်အနည်းငယ်တိုက်လိုက်ရာ မကြာခင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။

ကိုမြင့်ဆောင် အိပ်ပျော်သွားတော့ အောင်မြတ်သာတို့သုံးယောက်က ဖိုခနောက်ဆိုင်ထိုင်ပြီး
" ဆေးလူးပေးတဲ့အချိန် အနာကနေ ပိုးလောက်တစ်ကောင်လို ထွက်လာတဲ့အရာကိုမြင်တယ်မဟုတ်လား"

" ဟုတ်တယ်ဆရာ ဒီပညာက သာမန်အဆင့်တော့မဟုတ်ဘူးလို့ထင်တယ်"

" ဒီညမှ လက္ခဏာစပြတဲ့သဘောဖြစ်လို့ ထိန်းလို့ရနိုင်သေးတယ်၊ ဆေးပြာမှုန့်ဒဏ်ကိုမခံနိုင်တဲ့ အချိန် ကိုယ်ထဲက အရာတွေအားလုံး အပြင်ကိုထွက်ကျလာလိမ့်မယ်။ ဒါကိုငါတို့က သတိထားစောင့်‌ကြည့်နေဖို့ကအရေးကြီးတယ်"

အောင်မြတ်သာစကားအဆုံးမှာပဲ အိပ်ပျော်နေတဲ့ ကိုမြင့်ဆောင် တစ်ယောက် ဗိုက်ကိုလက်နဲ့ဖိပြီး
" အား ဗိုက်ထဲမှာ ရစ်ပြီးအန်ချင်သလိုလို ဖြစ်နေတယ်၊ ကျောဘက်ကနေလဲ အပ်နဲ့ထိုးသလို စူးပြီးအောင့်နေပါလား" လို့အော်ပါလေရော။

အောင်မြတ်သာတို့လဲ ကိုမြင့်ဆောင်ကို ထိုင်ခိုင်းပြီး အင်္ကျီချွတ်ကြည့်လိုက်ရာ အနာပေါက်ထဲကနေ ငါးမြှားချိတ်လိုဆူးတွေ ထွက်လာတာမြင်လိုက်ရတယ်။

" ဟာ တံငါအတိုက်ပါလား သက်ခိုင် ရေတစ်ခွက်ယူပြီး ငယ်ထိပ်ပေါ်တင်ထား၊ တောက်ရက ဇလုံတစ်လုံးသွားယူ"

အောင်မြတ်သာစကားကြောင့် သက်ခိုင်နဲ့ တောက်ရတို့ ရေနဲ့ဇလုံအမြန်ယူလာတဲ့အချိန်
" တောက်ရ ဇလုံထဲကို ပေးအန်လိုက်"

တောက်ရလဲ ကိုမြင့်ဆောင် ပါးစပ်နားကို ဇလုံတေ့လိုက်တဲ့အချိန် ဝေါခနဲ ဝေါခနဲအန်ချပါလေရော။ သုံးမိနစ်လောက်အန်ပြီးလို့ကြည့်လိုက်ရာ ဇလုံထဲမှာ မဲညစ်ညစ်အန်ဖတ်တွေအပြင် လက်သည်းခွံလောက်ရှိတဲ့ ငါးပေါက်တွေ တွန့်လူးနေတာမြင်လိုက်ရတယ်။

" ကိုမြင့်ဆောင် ခင်ဗျားအခုဖြစ်နေတာ ပယောဂဗျ။ မကျေနပ်တဲ့သူတစ်ယောက်ယောက်က ခင်ဗျားစားမယ့်အစာထဲ အပင်းထည့်ပြီးတိုက်ထားတာ"

" အခုမှ ဗိုက်ထဲပေါ့သွားတယ်၊ လူလဲနေလို့ထိုင်လို့ကောင်းလာတယ်၊ ခင်ဗျားတို့ရောက်လာတာ ကျုပ်အတွက်အတော်ပဲဖြစ်သွားတာ၊ ဒါတွေဘယ်သူလုပ်လဲဆိုတာ ကျုပ်သိတယ်"

" ဘယ်သူလုပ်တယ်မလုပ်ဘူးဆိုတာ နောက်မှပြော အခုလောလောဆယ် ကိုယ်ထဲကမကောင်းတဲ့ဟာတွေကုန်စင်အောင် ဒီရေမန်းကိုသောက်ချလိုက်၊ ဒါဆိုခင်ဗျားရောဂါအရှင်းပျောက်ပြီ"

ကိုမြင့်ဆောင်လဲ ရေမန်းကိုတစ်ကြိုက်ထဲမော့သောက်ပြီးချိန်မှာတော့ ထပ်မံပျို့တက်လာပြီး ညိုညစ်ညစ်အရည်တွေထပ်အန်ပါလေရော။ သုံးခါလောက်ပျို့အန်ပြီးချိန်မှာတော့ အောင်မြတ်သာက

" ဒီလောက်ဆို အပင်းတွေမရှိတော့ဘူး၊ ‌ဒါနဲ့ ခင်ဗျားကို ဝေဒနာခံစားပြီးသေအောင်ကို လုပ်ထားတာနော် တကယ်ကြောက်ဖို့ကောင်းတယ်"

"ဒီပုံဆိုရင် ကျုပ်တပည့်နှစ်ယောက်ဖြစ်နေတာလဲ သူများလုပ်ထားတာပေါ့"

" ဟင် ဘယ်သူတွေထပ်ဖြစ်နေလို့လဲ"

" ကျုပ်တပည့်နှစ်ယောက်ပါ သူတို့ဖြစ်နေတာ သုံးရက်လောက်ရှိပြီ၊ သူတို့က ကျုပ်ထက်ဆိုးတယ် အခုဆို အိပ်ယာထဲကတောင် မထနိုင်တော့ဘူး"

" ဟာ ဒါဆို အချိန်ဆွဲနေလို့ ဘယ်ရမလဲ ညတွင်းချင်းသွားကြည့်မှဖြစ်တော့မယ်"

အောင်မြတ်သာစကားကြောင့် ကိုမြင့်ဆောင်က အပေါ်အင်္ကျီကောက်ဝတ်လိုက်ပြီး
" ဟေ့ ငါးခြောက်စင်မှာ အိပ်နေတဲ့ကောင်တွေ ခဏလာကြဦး" လို့အော်ခေါ်လိုက်ရာ အပေါ်အင်္ကျီဗလာကျင်းနဲ့ဆေးလိပ်ဖွာနေတဲ့သူအချို့ပြေးလာခဲ့ကြတယ်။

" သူဌေး ဘာဖြစ်လို့လဲ"

" မင်းတို့က ခုချက်ချင်း လှမျိုးနဲ့ ကျော်ဇံလှတို့ အိမ်ကိုသွားပြီး ဆေးကုဖို့အတွက်ဆရာခေါ်လာခဲ့တယ်လို့ပြောလိုက်။ ဖြစ်နိုင်ရင် ကျော်ဇံလှကို လှမျိုးတို့အိမ်ကိုခေါ်သွားလိုက်ကွာ"

" ဟုတ်ကဲ့ ကျွန်တော်တို့အခုချက်ချင်း သွားပြောလိုက်ပါမယ်"

လှေလုပ်သားတွေထွက်သွားတဲ့အချိန်မှာတော့ အောင်မြတ်သာက လိုအပ်တဲ့အင်းစမတွေကို ချက်ချင်းရေးဆွဲပြီး လူမမာတွေရှိတဲ့ဘက်ကို ထွက်လာခဲ့လိုက်တယ်။

ကိုမြင့်ဆောင်ကတော့ အရှေ့ကနေ ဓါတ်မီးတစ်ကားကားနဲ့သွားနေပြီး အောင်မြတ်သာတို့ကတော့ အနောက်ကနေလိုက်လာခဲ့ကြတယ်။ ဆယ်မိနစ်လောက်ကြာတော့ အောက်လင်းမီးတွေ ထွန်းထားတဲ့ အိမ်တစ်အိမ်ရှေ့ကိုရောက်လာခဲ့တယ်။

လှေလုပ်သားတွေရဲ့ ဆော်ဩမှုကြောင့် အိမ်နီးနားချင်းတွေအားလုံး စုရုံးစုရုံးနဲ့ အခြေအနေကိုအကဲခတ်နေကြတယ်။

" မိသားစုဝင်တွေကလွဲပြီး ကျန်တဲ့သူတွေ အိမ်အောက်မှာပြနေပေးကြပါ"

အောင်မြတ်သာစကားကြောင့် အိမ်ပေါ်မှာရှိတဲ့သူအချို့ အောက်ကိုဆင်းသွားခဲ့ကြတယ်။ အိမ်ပေါ်မှာတော့ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ လူမမာနှစ်ယောက်နဲ့ မိသားစုဝင်တွေသာကျန်နေခဲ့တယ်။

သက်ခိုင်နဲ့ တောက်ရက လူနာတွေရဲ့အနောက်မှာ ထိုင်လိုက်ပြီး အောင်မြတ်သာကတော့ လူနာနှစ်ယောက်ရဲ့အလယ်မှာထိုင်ကာ

" အခုချိန်ကစပြီး ဤအိမ်ပရဝဏ်အတွင်းသို့ ငါ့၏အမိန့်တစ်စုံတစ်ရာမရပဲ မည်သည့်ပုဂ္ဂိုလ်အစွဲမှ ဝင်ရောက်ခြင်းမပြုစေရ" လို့အဓိဌာန်ကာ ငါးပါးသီလခံယူခြင်း၊ အထက်ဆရာများထံခွင့်ပန်ခြင်းတွေကိုဆောင်ရွက်ခဲ့တယ်။ အားလုံးပြီးစီးတဲ့အခါမှ လူနာတွေဘက်ကိုလှည့်ပြီး

" လူနာတွေကို အပေါ်ဝတ်အင်္ကျီချွတ်ပေးလိုက်ပါဦး"

သက်ခိုင်နဲ့တောက်ရလဲ လူနာနှစ်ယောက်ရဲ့အင်္ကျီတွေကိုချွတ်လိုက်ရာ ယောင်ကိုင်းနေတဲ့ အနာစိမ်းလိုအဖုတွေကိုမြင်လိုက်ရတယ်။

အောင်မြတ်သာကတော့ လူနာတွေရဲ့အခြေအနေကိုကြည့်ပြီး
" ကျုပ်ကတော့ ဘိသိတ်မြောက်သလို စီကာပတ်ကုံးမပြောတတ်တော့ ဗွင်းဗွင်းနဲ့ရှင်းရှင်းပဲပြောမယ်။ ဒီလူနာနှစ်ယောက်ကို နာကျင်ခံစားရအောင် ပြုလုပ်ထားတဲ့သူ အခုချက်ချင်း ကျုပ်အရှေ့ရောက်စေ၊ ကျုပ်အမိန့်သည် အထက်ဘဝဂ် အောက်အဝီစိတိုင်အောင်ပျံ့နှံ့ပြီး သင်တို့ပုန်းအောင်းစရာ မြူတစ်မှုန်စာပင်မကျန်စေရ" လို့ပြောကာ မျက်လုံးစုံမှိတ်ပြီး တင်ပလ္လင်ခွေထိုင်နေလိုက်တယ်။

ခဏနေတော့ ကျော်ဇံလှ တစ်ကိုယ်လုံး အဖျားတက်သလို တစ်ဆတ်ဆတ်တုန်လာပြီး
" ငါ့ကိုခေါ်တာ ဘာကိစ္စလဲ ပြောစရာရှိတာမြန်မြန်ပြော"

" အသံက ဘယ်လိုဖြစ်တာလဲ ဒါ ကျော်ဇံလှအသံမှမဟုတ်တာ"

ကြွက်စိကြွက်စိနဲ့ထွက်လာတဲ့ အိမ်သားတွေရဲ့အသံကြောင့် အောင်မြတ်သာမျက်လုံးဖွင့်ကြည့်ပြီး

" ရောက်လာပြီဆိုတော့ မေးမြန်းရတာပေါ့၊ ဒီလူနှစ်ယောက်က သင့်အပေါ်ဘာတွေများလုပ်ခဲ့လို့ အခုလိုပညာမျိုးနဲ့ပြုစားရတာလဲ"

" နှစ်ယောက်မဟုတ်ဘူး သုံးယောက်ကိုလုပ်ထားတာ၊ ဟိုးမှာထိုင်နေတဲ့လူကို နင်တို့ပဲကုပေးလိုက်တာမဟုတ်လား"

" အေး ဟုတ်တယ် ဒီလူနှစ်ယောက်ကိုလဲ ကုပေးလို့ရတယ်။ ဒါပေမယ့် ဘာကြောင့်လုပ်ရတယ်ဆိုတာ သိချင်တာကြောင့် သင့်ကိုခေါ်လိုက်ရတာပဲ"

" ငါမပြောနိုင်ဘူး ဒီလူတွေကို ငါ့ပညာနဲ့ပြုစားတာသိရရင်တော်ပြီပေါ့"

" ကဲ ကဲ မပြောနိုင်ဘူးဆိုရင်တော့ သင့်ပညာတွေအကုန် ဖျက်စီးရလိမ့်မယ်"

အောင်မြတ်သာစကားကြောင့် အစွဲကောင်က ရုတ်တရက်ငြိမ်သွားပြီး

" နင်ပညာကစွမ်းတာ ငါသိတယ်၊ ဒီတော့ အခုလုပ်ထားတဲ့အရာတွေကိုပြန်နှုတ်ပေးမယ်၊ ငါ့ကိုဒီကနေ ပြန်ခွင့်ပြုနိုင်မလား"

" ဟက်ဟက် ဒိလိုတော့ဘယ်ရမလဲ ၊ သင့်ကိုဒီတိုင်းလွှတ်လိုက်ရင်နောက်လူတွေကို ထပ်ပြီး ဒုက္ခပေးနေဦးမှာမဟုတ်လား"

" ‌ဒါဆို နင်တို့ဘယ်လိုဖြစ်ချင်တာလဲ"

" ဂိုဏ်းနတ်တွေကိုခေါ်ပြီး မရိုက်ခိုင်းခင် ဒီလူနှစ်ယောက်ရဲ့ကိုယ်မှာရှိတဲ့အရာတွေအားလုံး ထုတ်ပေးပါ"

" အချိန်တွေလွန်ကုန်ပြီ နှုတ်လို့မရတော့ဘူး၊ နင်တို့လူတွေမကြာခင်သေရတော့မယ်"

" စကားကောင်းပြောမရရင် အမိန့်အာဏာကိုသုံးပြီး လုပ်ရတာပေါ့၊ ကြိုးပိုင် ကြိမ်ပိုင်တွေ ဒီအောက်လမ်းမိစ္ဆာကောင်ကို မလှုပ်နိုင်အောင် တုပ်ထားလိုက်ကြစမ်း"

အောင်မြတ်သာအမိန့်စကားကြောင့် ကျော်ဇံလှရဲ့လက်တွေအနောက်ကိုပူးကပ်သွားပြီး ကြိုးနဲ့ချည်ထားတဲ့ဟန်ဖြစ်သွားခဲ့တယ်။

" အရှုံးပေးပါပြီ မပြောမချင်း လည်မြိုကိုလှံနဲ့ထောက်ပြီး ပါးစပ်ထဲကို မီးခဲတွေလောင်းထည့်စမ်း၊ ခြေဖဝါးကို ဓါးပိုင်တွေက အစိပ်စိပ်အမြွှာမြွှာခွဲပြီး မီးကင်ကြ၊ ကျောပြင်ကို ဆူးခက်တစ်ထောင်ပါနဲ့ ကြိမ်နဲ့မရပ်မနားရိုက်ကြ"

အောင်မြတ်သာစကားအဆုံးမှာ ကျောကိုကော့ပြီး အသံနက်နဲ့အော်ဟစ်လူးလှိမ့်နေတဲ့ ကျော်ဇံလှကိုမြင်လိုက်ရတယ်။ သေလောက်အောင် နာကျင်နေပေမယ့် အရှုံးပေးပါပြီဆိုတဲ့စကားတော့ထွက်မလာခဲ့ဘူး။

" ဒီမိစ္ဆာကောင် အတော်အကြောမာပါလား၊ အင်းစောင့်ဘီလူးညီနောင် အခုချက်ချင်းလာပြီး ဦးခေါင်းကိုရှစ်စိပ်ကွဲအောင်ထုနှက်ကြစမ်း၊ ကွဲကြေသွားတဲ့ဦးခေါင်းတွေက ကျုပ်အမိန့်မပြန်မချင်း မူလပုံစံပြန်ဖြစ်စေ"

ဒိတစ်ခါမှာတော့ ကျော်ဇံလှတစ်ယောက် မျက်ဖြူလန်ပြီး ဆန့်တငင်ငင်ဖြစ်လာကာ

" အထက်လမ်းဆရာသူတော်ကောင်းကြီးတွေက အခုလိုနှိပ်စက်လို့ရတယ်တဲ့ အမလေး သေပါပြီဗျာ နာလှပါပြီ လွှတ်ပေးပါတော့"

" ပညာတွေပြန်နှုတ်မလား တစ်ညလုံးဒီတိုင်းနေမလား၊ ကျုပ်တို့ကတော့ ပြန်မနှုတ်မချင်း နောက်ရက်ကူးချင်ကူးသွားပါစေ ဒီတိုင်းလွှတ်ထားပေးမှာ"

" အားနည်းသူကိုအနိုင်ကျင့်နေကြပါလား အမလေး နာလှချည်ရဲ့ ခေါင်းတွေလဲ ကြေမွနေပါပြီ "

" အေး သင်တို့ကို မေတ္တာနဲ့ပြောတာကို လက်မခံတော့လဲ ဒီလိုလုပ်ပေးရတာပေါ့၊ ကဲ အိမ်ရှင်တွေ အိပ်ချင်တဲ့သူရှိရင် အိပ်ကြတော့၊ ဒီကောင်ကို မနက်မိုးလင်းတဲ့ထိ ထုရိုက်ခိုင်းထားတော့မယ်"

အောင်မြတ်သာစကားအဆုံးမှာ ကျော်ဇံလှက
" အရှုံးပေးတယ် အရှုံးပေးပါတယ် ဘာမေးမေးအမှန်တိုင်းဖြေပါတော့မယ် ထုရိုက်နေတာကိုရပ်ပေးပါတော့"

" ကဲကဲ အားလုံးခဏရပ်ပြီး ဒီမိစ္ဆာကောင်စကားကို နားထောင်ကြည့်ရအောင်၊ မင်းကိုဘယ်သူခိုင်းတာလဲ ပြောစမ်း၊ လိမ်ပြောတာနဲ့ ပါးစပ်ကိုမီးမြိုက်ပစ်မယ်"

" မလိမ်ရဲတော့ပါဘူး အမှန်တိုင်းပြောပါမယ် သူတို့ကို သတ်နိုင်ရင် ရွှေငါးကျပ်သားပေးမယ်ပြောလို့ လုပ်ရတာပါ"

" ဘယ်သူကပေးမယ်ပြောတာလဲ ပြောစမ်း"

" လူကိုတော့မတွေ့ဖူးပါဘူး၊ ကြားလူနဲ့လာပြောခိုင်းတာပါ၊ ဒါကြောင့်ကျုပ်လဲ အပင်းဆေးကို စီရင်ပြီး သူတို့စားမယ့်ထမင်းထဲထည့်ခိုင်းခဲ့တာပါ၊ အပင်းက ကိုယ်ထဲရောက်တဲ့အခါ လိုအပ်တဲ့အချိန် ထကြွသောင်းကျန်းအောင်လုပ်လို့ရပါတယ်"

" ဒါဆိုရင် သူတို့ကိုယ်ထဲအပင်းရောက်နေတာ ကြာပီပေါ့"

" ဟုတ်ပါတယ် ဒါပေမယ့် လွန်ခဲ့တဲ့တစ်ပတ်လောက်က အရင်တစ်ခါလာတဲ့လူပြန်ရောက်လာပြီး အပင်းတွေထကြွဖို့လုပ်ခိုင်းခဲ့ပါတယ်၊ လုပ်ခိုင်းတဲ့အခါမှာလဲ တနင်္လာသားနဲ့ ဗုဒ္ဓဟူးသားကို အသေလုပ်ခိုင်းပြီး ကြာသပတေးသားကိုတော့ နာတာရှည်ဖြစ်အောင် ခိုင်းခဲ့ပါတယ်"

" တယ် အတော်ပက်စက်တဲ့အကြံပါလား၊ သင်ကလဲ တံစိုးလက်ဆောင်ရတာနဲ့ ငရဲကိုမကြောက်ပဲ အခုလိုအမှုကိုကျူးလွန်ရဲတာ အံ့ဩမိတယ်၊ အခုချက်ချင်း အပင်းတွေအတိုက်တွေအားလုံးကို ကုန်စင်အောင်ထုတ်စမ်း၊ အပ်တစ်ပေါက်စာကျန်ခဲ့လို့တောင်မရဘူး ကြားလား"

" ဒီနှစ်ယောက်ကို ပညာကုန်တိုက်ထားတာဖြစ်လို့ ပြန်နှုတ်ဖို့မဖြစ်နိုင်ပါဘူး"

" ဒါဖြင့်လဲ သင့်ပညာတွေအားလုံး ကျုပ်ဆီကိုလှူခဲ့ရမယ်၊ ဒီပညာရပ်တွေကိုသုံးပြီး နောက်တစ်ကြိမ်ထပ်ကျူးလွန်တာနဲ့ သွေးပွက်ပွက်အန်ပြီး သေပါစေလို့ ကျိန်ဆိုရဲလား"

အောင်မြတ်သာစကားကို ဘာမှပြန်မဖြေပဲ အင်တင်တင်လုပ်နေတာနဲ့ ဟိန်းဟောက်ပြီးပြောတော့မှ သစ္စာရေသောက်ကာ လှူသွားခဲ့တယ်။

" အခုသင်မထုတ်နိုင်တဲ့ပညာတွေကို ကျုပ်ထုတ်ပြမယ်၊ သက်ခိုင် ငါ့ကိုရေတစ်ခွက်ပေး"

အောင်မြတ်သာလဲ သက်ခိုင်ကမ်းပေးတဲ့ရေကို လက်ညိုးနဲ့တို့ပြီး ဂါထာတစ်ခုကိုရွတ်ဖတ်လိုက်ရာ ခွက်ထဲကရေတွေက ရေနွေးပွက်သလို ဆူပွက်လာခဲ့တယ်။

" ရော့ လူနာတွေကို ရေမန်းတိုက်လိုက် ၊ ပြီးတာနဲ့ သူတို့ကိုယ်ထဲကနေ ဘာတွေထွက်လာလဲဆိုတာ မြင်ရလိမ့်မယ်၊ မိစ္ဆာကောင်ကိုတော့ ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တွေက ပြန်မရအောင်ချုပ်ထားကြဦး"

အောင်မြတ်သာစကားအဆုံးမှာ သက်ခိုင်က လူနာတွေရဲ့ပါးစပ်ထဲကိုရေမန်းတိုက်လိုက်ရာ အနာစိမ်းလိုဖြစ်နေတဲ့ အဖုတွေထဲကနေ သွေးပုတ်တွေနဲ့ရောနေတဲ့ ငါးမြှားချိတ်တွေအချောင်းလိုက်ထွက်လာတာကို မြင်လိုက်ရတယ်။ ရှိသမျှ အနာဖုတွေထဲကနေ ထွက်လာတဲ့ ငါးမြှားချိတ်တွေက သွေးပုတ်တွေနဲ့ရောကာ ကြမ်းပြင်ပေါ် တစ်ဖြုတ်ဖြုတ်ပြုတ်ကျပီးတာနဲ့ လူနာနှစ်ယောက်က တစ်ဝေါဝေါနဲ့ထိုးအန်ပါလေရော။

ဒိတစ်ခါတော့ ပါးစပ်ထဲကနေ အရိအချွဲတွေနဲ့အတူ တစ်ဖျတ်ဖျတ်ခုန်နေတဲ့ ငါးအရှင်တွေထွက်လာခဲ့တယ်။

ကြောက်မက်ဖွယ်မြင်ကွင်းကြောင့် အိမ်သားတွေအကုန်လုံး ပြင်းစွာထိတ်လန့်သွားတာမြင်တော့

" သိပ်လဲမကြောက်ကြပါနဲ့ ဒါတွေကုန်တာနဲ့ အကောင်းပကတိပြန်ဖြစ်ပါပြီ၊ သက်ခိုင်နဲ့တောက်ရက ထွက်လာတဲ့အပင်းတွေကို ဖိုခနောက်ဆိုင်အင်းကွက်ထဲမှာပဲ မီးရှို့လိုက်ပါ၊ အစွဲကောင်ကတော့ ကိုယ့်နေရာကိုယ်ပြန်ပြီး အမှားကိုပြန်ဆင်ခြင်နေပေတော့" လို့ပြောလိုက်တော့မှ ကျော်ဇံလှတစ်ယောက် ပျော့ခွေကာ လဲကျသွားခဲ့တယ်။

အောင်မြတ်သာတို့ ကုသပွဲအပြီးမှာတော့ ကိုမြင့်ဆောင်က လက်သီးဆုပ်ကာ
" ဘယ်သူ့လက်ချက်ဆိုတာ ကျုပ်သိတယ် တောက် အကြံပက်စက်လိုက်ကြတာကွာ"လို့ပြောတော့ အောင်မြတ်သာက

" ဒေါသနဲ့ လက်စားချေလို့ရော ဘာထူးမှာလဲ ၊ သူ့လုပ်ရပ်ကို ကိုယ်သိထားတဲ့အတွက် နောက်ထပ်မပတ်သတ်တာက အကောင်းဆုံးနည်းလမ်းမဟုတ်လား"

" ကျုပ်ခံပြင်းလွန်းလို့ပါဗျာ... "

" မကောင်းတာလုပ်တဲ့သူဟာ ဘယ်သူမှမသိတောင် ကိုယ့်စိတ်ကိုယ်သိနေတာပဲမဟုတ်လား၊ ဒါကြောင့် သူ့စိတ်က သူ့ကိုတစ်သက်လုံးပြန်ခြောက်လှန့်နေလိမ့်မယ်၊ ဒါက သဘာဝရဲ့ ဒဏ်ခတ်ခြင်းပဲ"

" ခင်ဗျားတို့ ပညာရပ်တွေကတော့တကယ်အံ့မခန်းပါပဲဗျာ မနက်ကျမှ သိချင်တာတွေသေချာမေးပါဦးမယ်၊ အခုတော့ ညလဲနက်ပြီဆိုတော့ နားလိုက်ကြပါဦး"

ကိုမြင့်ဆောင် စကားကို အောင်မြတ်သာက ခေါင်းညိမ့်ပြပြီး အိပ်ယာပေါ်ကိုလှဲချလိုက်တယ်။

မနက်ရောက်လို့ ကိုမြင့်ဆောင် နိုးလာတော့ ဧည့်သည်သုံးယောက်လုံးကို မတွေ့ပဲ ဘုရားကျောင်းဆောင်ပေါ်မှာ ရေးထားတဲ့ စာလေးတစ်စောင်ကိုသာမြင်လိုက်ရတယ်။

စာထဲမှာက
" မန်ကျီးရည်တစ်ခွက်ဖိုးတော့ ကျေပြီလို့ထင်ပါတယ်"

++++++++++

ဒီအကြောင်းအရာတွေပြီးဆုံးလို့ သုံးလလောက်အကြာမှာတော့ အခြောက်အလှန့်ကြမ်းတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဘိုတဲတစ်ခုကို အောင်မြတ်သာတို့ရောက်ခဲ့ကြတယ်။

အင်္ဂလိပ်ခေတ်က အရေးပိုင်မင်းနေခဲ့တဲ့ ဘိုတဲမှာ ရှိနေတဲ့ အစောင့်အကြောင်းကိုတော့ အောင်မြတ်သာနှင့် ဘိုတဲစောင့်မောင်ဂျော်နီဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)
#ညမဖတ်ရ

No comments

Post a Comment