လှေကားမှာ သရဲမ ရှိတယ်

အော်ပြောမည်အပြုမှာ မမထံမှ.. " ပိတ်ခဲ့တယ် အမေရေ ၊ ရေပိုက်ခေါင်းကို အဆုံးထိလှည့် ထားခဲ့တယ် " ရေသံဆက်မကြားရ၍ ထင်သည်။ မေမေ ဘာမှ ဆက်မပြ... thumbnail 1 summary


အော်ပြောမည်အပြုမှာ မမထံမှ..

" ပိတ်ခဲ့တယ် အမေရေ ၊
ရေပိုက်ခေါင်းကို အဆုံးထိလှည့်
ထားခဲ့တယ် "

ရေသံဆက်မကြားရ၍ ထင်သည်။
မေမေ ဘာမှ ဆက်မပြောပဲ ဘုရား
ခန်းသို့ ထွက်သွား၏။

သူလည်း ရေချိုးခန်းမှ ထွက်ကာ အဝတ်အစား ဝတ်ရန် ကိုယ့်အခန်း ကိုယ်ပြန်လာသည်။

အခန်းထဲမှာ မမ ရောက်နေသည်။မမ
မှန်ရှေ့မှာ အလှပြင်နေသည်။မမသည် ဤသို့ပင် သူ့အခန်းထဲ ဝင်နေကျ ဖြစ်၏။

သူ အဝတ်အစား အမြန်လဲပြီး မှန်တင်ခုံရှေ့က မမအနီးသွားလိုက်သည်။

မမကို စချင်၍မမ၏ ရှည်လျားသော ဆံပင်ကို ခေါက်တင်ထားသည် နှိပ်ကလစ်
အား အသာဖိညှစ်ပြီး အခန်းထဲမှ ပြေးထွက်ခဲ့သည်။

ဆံစအရှည်ကြီး ပြေကျသွားသည့်အခါမမက အလန့်တကြားနှင့်...

"အံမယ်လေး ဗုဒ္ဓေါ.."

အခန်းထဲမှ မမ၏ အော်သံကို ကြားရ၍ သူ တခစ်ခစ်ရယ်ရင်း တိုက်ခန်းရှေ့သို့ပင် ရောက်လာခဲ့သည်။

မမတော့ စိတ်ဆိုးကျန်နေရစ်မှာပဲဟု တွေးရင်း ရယ်နေမိသည်။မှတ်ပြီလား သူများအခန်းက မှန်ကိုကြည့်ချင်အုံးလေ။

သူ ဦးဋ္ဌေးကျော်တို့အခန်းရှေ့ ရောက်တော့ ဒါန်ပေါက်အိုးကြီး မ,ယူလာသော လူကြီး၂ယောက်ကိုတွေ့၍ ဘေးကပ်ပေးလိုက်၏။

ဘယ်အိမ်ကများ ဆွမ်းကပ်မလို့ ပါလိမ့်ဟု တွေးလိုက်မိသည်။သူ ဒန်ပေါက် သိပ်ကြိုက်သည်မဟုတ်လား။

လှေခါးကို ဆင်းခါနီးမှာ ဆူညံသံအချို့ အောက်ထပ်ဆီမှ ထွက်ပေါ်လာ၍ သူ ရောက်နေသည့်လေးလွှာ ဝရံတာကနေ
မြေပြင်ကို ငုံ့ကြည့်လိုက်သည်။

အောက်တွင် ရဲကားတစ်စီး နှင့် လူနာတင်ယာဉ်တစ်စီးရောက်နေပြီး လူအချို့ စုရုံး စုရုံးနှင့် စပ်စုနေ ကြသည်ကို မြင်တွေ့လိုက်ရသည်။

သူလည်း သိချင်ဇောဖြင့် အပြေး
လေး အောက်သို့ဆင်းလာခဲ့၏။

တတိယအလွှာ အရောက်တွင် သူ တုန့်ကနဲ ရပ်သွားသည်။

တတိယအလွှာကို ရဲအချို့ရောက်နေကြပြီး အခန်းပိုင်ရှင်များကို စစ်မေးနေကြသည်။

သရဲခြောက်သည်ဆိုသော စင်္ကြန်လမ်းဆုံးက အခန်းတံခါးသည်ပွင့်နေပြီး ရဲနှင့်မီးသတ်တပ်ဖွဲ့ဝင်များ အလုပ်ရှုပ်နေကြသည်။

' ကြာပီထင်တယ် အနည်းဆုံး
၅ရက်လောက်တော့ရှိလိမ့်မယ်၊
အပြင်ကို လုံးဝ မထွက်လာဘူးလေ'

ခပ်ဝဝ စွာကျယ်ကျယ် တိုက်ခန်းပိုင်ရှင်အန်တီကြီးက ရဲအရာရှိကို ဖြေနေခြင်း ဖြစ်သည်။သူမကပဲဆက်၍ ...

" သူ့ယောက်ျားက ခပ်ဆိုးဆိုးထဲကနေမှာ ၊ ခဏခဏလည်း ရန်ဖြစ်သံတွေ ကြားရတယ်၊ပန်းကန်ခွဲသံတွေ ထုရိုက်သံတွေလည်း ခဏခဏကြားရတော့
အန်တီတို့က စိတ်ညစ်တယ်ကွယ်။
အဲတာနဲ့ တိုက်တန်းလူကြီးကို အကြောင်းကြားတော့ တိုက်တန်းလူကြီးက လာပြီးသတိပေးသွားပုံရတယ်၊ အဲဒီနောက်
ရန်ဖြစ်သံမကြားရတော့တာ ခုထိပါပဲ.."

စာအုပ်လေးနဲ့ရေးမှတ်နေတဲ့ ရဲအရာရှိက၊

"ဘယ်နှစ်ရက်လောက် ရှိပြီထင်လဲ
အန္တီ "

" ၅ရက်လောက်တော့ ရှိပြီထင်တယ် "

"အင်း အလောင်းအနေအထားကလည်း အသတ်ခံရတာ ၅ရက်လောက်ရှိပြီလို့ သေမှုသေခင်းဆရာဝန်က ခန့်မှန်းထားတာဆိုတော့ ဖြစ်နိုင်ပါတယ်အန်တီ..၊တခြား ဘာထူးခြားတာမျိုးကို
တွေ့ရကြားရသေးလဲ အန်တီ "

အန်တီကြီးက တခဏ စဉ်းစားပြီးမှ

" ည ၈နာရီ ဝန်းကျင်လောက်ဆို၊
အဲဒီအခန်းရှေ့ကို မိန်းကလေးတစ်ယောက် လာတံခါးခေါက်လေ့ရှိသကွဲ့၊
ကောင်မလေးက လန်တန်တန် ပျံတန်တန်ထဲကပဲ။ အတိုအပြတ် လည်ဟိုက်တွေ ဝတ်ထားတယ်။
ဟန်နီကိုရေ ဟန်နီကို လို့ ခေါ်သံကြားရတယ်။ မနေ့ညက ထိကို လာသေးတယ်၊ အခန်းထဲက ဘာမှမဖြေလို့ ပြန်ပြန်သွားတာတော့ မြင်လိုက်ရတာပဲ .."

ထိုအစွန်ဆုံးအခန်းမှ မခံမရပ် နိုင်လောက်အောင် အပုပ်နံ့ထွက်နေသည်ဟု တိုင်ကြားထားခြင်းကြောင့် ရဲများက လာရောက် စုံစမ်းစစ်ဆေးကြရာ အခန်းထဲ၌
အမျိုးသမီးတစ်ဦး သေဆုံးနေသည်
ကို တွေ့ရခြင်းဖြစ်သည်။

အပုပ်နံ့သည် ထိုအမျိုးသမီး၏ရုပ်အ
လောင်းမှ ထွက်ပေါ်နေခြင်းဖြစ်၏။

အောင်ကောင်းကျော် စပ်စုလို့ အားရတော့ အောက်ထပ်သို့ဆင်းလာခဲ့သည်။လှေခါးထစ်တွေနင်းရင်း

"ငါ မနေ့ညက အပုပ်နံ့ရတာ အဲဒါကြောင့်ကိုး။ပြီးတော့ မနေ့က အဲဒီအခန်းရှေ့မှာ မတ်တတ်ရပ်နေတာက သရဲလား ၊အောင်မယ်လေး ငါ ကံကောင်းလို့ပါလား။အပေါ်ကို အပြေးမြန်လို့သာပေါ့
နို့မဟုတ်ရင် မတွေးရဲဘူး "

ဟုတွေးလာခဲ့သည်။

မြေညီထပ်သို့ ရောက်ပြီ။လူနာတင် ကားပေါ်က အလောင်းကို အမှတ်တမဲ့ လှမ်းစပ်စုလိုက်သည်။

အမျိုးသမီးအလောင်းမှန်း သိသာသည်။မီနီစကတ်တိုကြောင့် ပေါင်တံပေါ်နေသည်။

လူနာတင်ကားထွက်တော့မည်ထင်သည်။ကားစက်နှိုးသံကြားရသည်။စပ်စုတတ်သော သူ့ဉာဉ်က လူနာတင်ယာဉ်
တံခါးမပိတ်မှီ ရှေ့တိုးကြည့်လိုက်သည်။

စက်နှိုး၍ ကားအရွေ့မှာ အလောင်း၏ ညာဘက် လက်တစ်ဖက် ဘေးသို့ဘုတ်ကနဲ ပြုတ်ကျလာသည်။

' အောင်မယ်လေး ...'

သူ လန့်ဖြန့်သွားသည်။မလန့်ပဲလားလေ။ထိုပြုတ်ကျသောလက်မှ အသဲနှစ်ထပ်ပုံတက်တူးလေးကို သူ အသေအချာ မြင်လိုက်ရသည်မဟုတ်လား။

လူနာတင်ကားသည် တံခါးပိတ်ကာ ထွက်သွားလေပြီဖြစ်သည်။

အောင်ကောင်းကျော်၏ တစ်ကိုယ်လုံး တုန်ရင်နေသည်။

ကြောက်စိတ်က တစ်ကိုယ်လုံးကို ပျံ့နှံ့လို့နေသည်။ သူ ကားသိမ်း၍ အလုပ်ကပြန်လာတိုင်း လှေခါးမှာ ဆုံတွေ့နေသော မိန်းမချောလေးသည် တစ္ဆေမ သရဲမ ဖြစ်နေ၏။

သူက ထိုသရဲမကို မိန်းမချောလေး ဆိုပြီးတောင် စိတ်ကူးယဉ်နေမိသည်။၅ရက်ဆက်တိုက် တွေ့ခဲ့ရသော မိန်းမချောလေးသည် အပုပ်နံ့ထွက်နေသော သရဲမ၏အလောင်း ဆိုတော့ ...

" ဝေါ့ ...ထွီ "

ပျို့တက်လာသော လေချဉ်က မနေ့ကသောက်ထားသော အရက်နံ့ ချဉ်စူးစူးထွက်လာ၍ အန်ချင်သ
လိုဖြစ်သွား၏။

သူ ထိုနေရာမှ အမြန်ထွက်လာခဲ့သည်။ လမ်းထိပ်ရောက်မှ လေးထပ်တိုက်တန်းကြီးကို ပြန်လှည့်ကြည့်လိုက်ရာ..

သုံးလွှာ၏ စင်္ကြန်လမ်း ဝရံတာမှာ သူ လှေခါးမှာအမြဲဆုံနေကျဖြစ်သောသရဲမဟန်နီကိုသည် အဝေးသို ငေးမျှော်ရင်း
တွေတွေကြီးရပ်နေသည်ကို မြင်တွေ့ လိုက်ရသည်။

အောင်ကောင်းကျော် နောက်လှည့်မကြည့်တော့ပါ။တချိုးတည်းလစ်တော့လေ၏။

.............................
(၃)

ဒီကနေ့ ၊
အိမ်အပြန်လမ်းသည် ခါတိုင်းနှင့် မတူသလိုပင်။ခြောက်သွေ့ တိတ်ဆိပ်လွန်း၏။ မြေညီထပ်က စတိုးဆိုင်လေးတောင် အစောကြီးပိတ်ထားသည်။

သုံးလွှာက လူသတ်မှုသည် ဆူဆူညံရှိတတ်သော ဤလေးထပ်တိုက်တန်းကြီးကို ခြောက်သယောင်းသွားစေသည်။

မြေညီထပ်အရှေ့က ကွက်လပ် ကျယ်မှာ လာရောင်းလေ့ရှိသော ဝက်သားတုတ်ထိုးသည်၊စမူဆာသုပ်သည်၊မုန့်ဟင်းခါးသည်တို့ကို ယနေ့ မတွေ့ရ။

စောစောသိမ်း၍ ပြန်ကြပြီလား မသိချေ။

အောင်ကောင်းကျော်ကတော့ ထုံးစံအတိုင်း ည၈နာရီကျော်မှ ပြန်လာခြင်း ဖြစ်သည်။

လရောင်အောက်မှာ သူနေထိုင်ရာလေး
ထပ်တိုက်တန်းကြီးကို လှမ်းမြင်ရသည်က အရောင်အဆင်း မွဲချာသော ပြိတ္တာကြီးတစ်ကောင် ငုံးစုန်းပစ်ထိုင်နေသလိုပဲဟု သူတွေးနေမိသည်။လေးထပ်တိုက်တန်းကြီး၏ မြေညီထပ် လှေခါး
ကို သူရောက်ပြီ။

သူ နောက်ကို ပြန်လှည့်ကြည့်သည်။ လှေခါး တက်ဖော်တစ်ယောက်လောက်
များ ရလေမလားလို့။

ဒီကနေ့ ဤလှေခါးကို သူတစ်ယောက်တည်း တက်ရမည်ကို မဝန့်မရဲ ဖြစ်နေသည်။သရဲမကို မြင်တွေ့ရမှာ သူ အလွန်ကြောက်လန့်လို့နေပါ၏။

တွေ့နေကျ သုံးလွှာကို တက်သည့် တစ်ဆစ်ချိုးလှေခါးကိုရောက်လျင် ဟူသော
အတွေးက သူ့ရင်အစုံကို တဒုန်းဒုန်း ထုနှက်နေသလို......။

၁၀မိနစ်လောက်သာ သူ စောင့်နေပေမယ့် လှေခါးတက်မည့်သူ တစ်ဦးမျှ ပေါ်မလာချေ။သူ ရပ်စောင့်သည့်နေရာက မီးသီးကျွမ်းနေ၍ မှောင်နေသည်။ကြာကြာလည်း ရပ်မနေရဲ။ထိုကြောင့် ရဲစိတ်မွေးမြူကာ အပေါ်သို့တက်ရန် ဆုံးဖြတ်လိုက်သည်။

ဒုတိယထပ်လှေခါးကို ဖြတ်ကျော်လာခဲ့ပြီ။ထူးခြားမှု မရှိ။အားတက် သွားသည်။သူ ကြောက်ရွံသောတတိယထပ်အလွှာသို့ တက်ရမည့် လှေခါးသို့ ဆက်၍ တက်ခဲ့သည်။

တဆစ်ချိုး လှေခါးအနီးသို့ ရောက်
သည်နှင့် ....

" ဒေါက် ဒေါက် ဒေါက် "

တတိယထပ်မှ ဆင်းလာသောဒေါက်ဖိနပ်သံကို စ၍ကြားရပါပြီ။

တိတ်ဆိပ်သော လှေခါးမှာ ထိုဒေါက်ဖိနပ်သံက တစ်ချက်ချင်း စီးချက်ညီညီဖြင့် သူ့ရင်ကို လာမှန်နေသည်။

ကြောက်စိတ်က တက်လက်စ လှေခါးထစ်ပေါ်မှာ သူ့ ခြေတို့ ရပ်တန့်သွားစေသည်။

ရင်တွေ တဒိတ်ဒိတ် ခုန်လာ၏။
ခြေဖျားလက်ဖျားတို့ စတင် အေးလာပါသည်။

ဒေါက်ဖိနပ်သံသည် တဖြေးဖြေး နီးကပ်လာသည်။တစ်ဆစ်ချိုးလှေခါးခုံပေါ်သို့ ရှည်မျောမျော အရိပ်မည်းကြီး ကျလာသည်ကိုသူ မြင်လိုက်ရသည်။

ထိုအရိပ်ပိုင်ရှင်သည် သူ့မြင်ကွင်းထဲသို့
ဘွားကနဲပေါ်လာပါပြီ။

ဝမ်းကွာတ ဂျင်းဘောင်းဘီတိုပြတ်ပြတ်နှင့်တီရှပ်ခပ်ကြပ်ကြပ်ဝတ်ထားသော ကောင်မလေး။

သူ ဆုံတွေ့နေကျ သရဲမ။သူ ပါးစပ်ဟောင်းလောင်းဖြင့် ကြောင်တောင်တောင် ငေးနေစဉ်မှာပဲ၊

သူ့ ရှေ့တည့်တည့် တွင် ကောင်မလေးက ရပ်လိုက်ပြီး

" အစ်ကို မီးခြစ်ပါရင် ခဏလောက်ငှားပေးနော် .."

ချိုအီအီ ရေမွှေးနံ့နဲ့အတူ ရှတတအသံလေး။အောင်ကောင်းကျော် ကြောက်ကြောက်လန့်လန့်ဖြင့် အိတ်ထောင်ထဲက ဂက်စ်မီးခြစ်ကို ကတုန်ကရင် နှိုက်ယူနေသည်။

အရေးထဲ မီးခြစ်က နှိုက်ယူမရ။နှိုက်ရ၍ မီးခြစ်ကို ပေးမည်အလုပ်မှာ သူ့အနောက်မှ လက်တစ်ချောင်း ထွက်လာပြီး...

' ထောင် ' (မီးခြစ်ဖုံးဖွင့်သံ)

' ထောက်! '(မီးခြစ်ဘီးလှည့်သံ)

မီးတောက်နေသော ဇစ်ပိုမီးခြစ် တစ်လုံးကို ပေးလိုက်သောလက်။

ထိုလက်သည် သူ့ကျောမကို ဖောက်၍ ရင်ဘတ်မှ ထိုးထွက်လာခြင်းဖြစ်သည်။

သူ အံဩနေမိသည်။

သူ့ကိုယ်ကို ဖောက်ထွက်လာသော ထိုလက်ကြောင့် သူ့မှာ နာကျင်ခြင်းအလျဉ်းမရှိချေ။

သူ အံသြမှင်သက်နေစဉ်မှာပဲ သူမက စီးကရက်ကို မီးတို့ပြီးသွားပြီ။

လက်ကြားညှပ်၍ ဟန်ပါပါဖြင့် စီးကရက်ကို ဖွာရှိုက်လိုက်သည်။

သူမ၏လက်ကို ကြည့်မိတော့ အသဲနှစ်ထပ်ပုံ တက်တူးလေးကို မြင်ရပြန်သည်။ သူ အံသြနေဆဲ။

ဇစ်ပိုမီးခြစ်ပေးသူက

' မင်းက သုံးလွှာက ဟန်နီကိုနဲ့ ဘယ်လို ပတ်သက်တာလဲ..'

" အော် ကျွန်မက ဟန်နီကိုနဲ့ အရမ်းချစ်တဲ့ သူငယ်ချင်းပါ၊အရင်က အဆောင်တစ်ခုမှာ အတူနေဖူးတယ်လေ။
ညီအစ်မရင်းတွေလိုပါပဲ..။ သွားအတူတူ စားအတူတူပဲပေါ့၊ ဟန်နီ ယောက်ကျားရသွားမှ တစ်နေရာစီ ခွဲနေကြတာလေ။ ကျမတို့က သိပ်ချစ်ကြတာရှင့်၊ တက်တူးတောင် လက်မှာ ပုံစံတူ ထိုးထားကြတာလေ ဟင်းဟင်း "

ထိုသို့ပြောပြီး စီးကရက်သောက်သော မိန်းမ သည် လှေခါးကို နင်း၍ အောက်ထပ်သို့ ဆင်းသွားသည်။

ဇစ်ပိုမီးခြစ်ပေးသော လူသည်လည်း သူ့
ကိုယ်ကို ထွင်းဖောက်၍ အပေါ်ထပ်သို့ တက်သွားလေပြီ။

နှစ်ဦးစလုံးသည် သူ့အား လုံးဝ အရေး
မစိုက်ကြပေ။

အဖြစ်အပျက်တို့က မယုံနိုင်စရာ ကောင်းလွန်းလှ၍ သူ အလွန် အံအားသင့်နေမိသည်။

သွေးရူးသွေးတန်းနဲ့ လေးလွှာသို့ ပြေး
တက်လာခဲ့မိသည်။

သူ့တိုက်ခန်းသို့ မရောက်မှီ၊ဦးဋ္ဌေးကျော် ၏ အခန်းရှေ့က ဖြတ်အပြေးမှာ အမွှေးစုပ်ဖွား ခွေးလေးက မိမိရရ လှမ်းဟောင်ပြန်သည်။

သူ့အခန်းရှေ့ရောက်တော့...
မေမေ နဲ့ မမ အနီးတွင် ဧည့်သည် အချို့ ထိုင်စကားပြောနေကြသည်။

" အင်း ဘာလိုလိုနဲ့၊ ကောင်းကောင်း ဆုံးတာ တစ်လပြည့်သွားပြီနော် မမ "

ထိုစကားကို ဆိုလိုက်သူက သူနဲ့ရွယ်တူ၊ ဦးဋ္ဌေးကျော်၏သမီး မီးမီးဆိုသူဖြစ်သည်။

မီးမီးက သူ့အား မေမေခေါ်သလို ကောင်းကောင်းဟု ခေါ်တတ်သည်။

မီးမီးစကားကို မမကဖြေသည်။

" အင်း အဲဒါကြောင့်၊
ဒီမနက် မောင်လေးအတွက် တစ်လပြည့် ရက်လည်ဆွမ်းကပ်တာလေ မီးမီးရဲ့။ဒန်ပေါက်ဆိုင်ကပဲ အော်ဒါမှာပြီးကပ်လိုက်တယ်ကွယ်။ သူက ဒါန်ပေါက် သိပ်ကြိုက်တာကွယ့် ....'

သူ အခန်းဝမှာ အရုပ်ကြိုးပြတ် လဲကျသွားသည်။မနက်က လမ်းမှာ သူရှောင်ပေးခဲ့သော ဒါန်ပေါက်က သူ့အတွက် ရက်လည်ဆွမ်းကပ်တာတဲ့။

သူ မှတ်မိသွားပြီ။လွန်ခဲ့သော တစ်လက သူ ကားအက်စီးဒင့်ဖြစ်ကာ ဆုံးပါးသွားပြီပဲ။

တကယ်တော့ သူသည် မကျွတ်မလွတ်ပဲ သွားနေကျ လာနေကျ သူ၏ တိုက်ခန်းကို ဝင်လိုက်ထွက်လိုက် လုပ်နေသော ဝိဉာဉ်တစ်ကောင်ပဲပေါ့။

မမက မီးမီးအနားတိုးကပ်ရင်း ဖွဖွလေး ပြောသည်။

' ငါ့မောင်လေးက မကျွတ်ဘူး၊
မနက်က သူ့အခန်းထဲ ငါ အလှပြင်နေတော့ ငါ့ နောက်ကနေ ညှပ်ထားတဲ့ ကလစ်ကိုဆွဲဖြုတ်သွားတယ် ...
ငါဖြင့် လန့်လွန်းလို့ ထတောင် အော်မိတယ် '

မီးမီးက ကြက်သီးထသွားဟန်ဖြင့်၊

" ဟုတ်မယ်မမ အရင်က...
ကောင်းကောင်း သမီးတို့အခန်းရှေ့ကဖြတ်တိုင်း ဂျက်ကီက နုတ်ဆက်နေကျလေ၊ကောင်းကောင်း သေပြီးတော့လည်း သူ အိမ်ပြန်ချိန်၊ည ၈နာရီကျော်လောက်ဆို ဂျက်ကီက ထွက်ဟောင်တတ်တယ် မမရဲ့.."

သူ ဆက်ပြီး နားမထောင်လိုတော့ပါ။ဝမ်းနည်းခြင်း ယူကြုံးမရဖြစ်ခြင်း၊အမှန်တရားကို လက်မခံလိုခြင်းတို့ကြောင့် ပြေးထွက်လာခဲ့သည်။

ပြေးဆင်းလာရင်း တတိယထပ်
စင်္ကြန်လမ်းချိုးကို ရောက်တော့ ဖြူလျော်လျော် ဖွေးထေးထေးမျက်နှာတစ်ခုက သူ့အား ဆီးကြိုစိုက်ကြည့်နေသည်။

သူ ကြက်သီးများပင် ထသွားသည်။

သူ ထိုမျက်နှာကို ကောင်းစွာ မှတ်မိနေပါသည်။ထိုမျက်နှာ ဖွေးဖွေးကြီးသည် စင်္ကြန်လမ်းမှာ သူ့လိုပဲ မကျွတ်မလွတ်သေးတဲ့ တစ္ဆေတစ်ကောင်ပဲပေါ့။

တစ္ဆေတစ်ကောင်သည် ပြုံးတတ်ပါသလား။ အကယ်၍ ပြုံးတတ်သည်ဆိုခဲ့ပါလျင် 'သူ' ထိုမျက်နှာဖွေးထေးထေးနှင့် တစ္ဆေမကို ပြုံးပြ နုတ်ဆက်ရင်း မိတ်ဖွဲ့ရလိမ့်ဦးမည်။

လေးထပ်တိုက်ကြီးမှာ နေကြတဲ့ လူတွေက ပြောကြတယ်။

ညဘက်ဆိုရင်တဲ့ ၃လွှာက စင်္ကြန်လမ်းမှာ သရဲအရမ်းခြောက်ပါသတဲ့လေ။တီးတိုး စကားပြောသံကြားရသလို ၊ ငိုရှိုက်သံသဲ့သဲ့လေးလည်း ကြားရတတ်ပါသတဲ့။

လေးလွှာက လူအချို့သည် ညဘက်ဆိုလျင် ဒန်ပေါက်ပါဆယ် ဆွဲမလာရဲကြချေ။ တစ္ဆေသည် ဒန်ပေါက်နံ့ရလျင် နောက်မှ ခြေသံ တရှပ်ရှပ်ပေး၍ လိုက်လာတတ်ပါသည်တဲ့။

လူတွေ အပြောများကြတာကတော့ လေးထပ်တိုက်တန်း၏ လှေကားမှာ သရဲ ခြောက်ပါသတဲ့လေ...........။

ပြီးပါပြီ

ပီပီ မန္တလေး

No comments

Post a Comment