မြို့သစ်တွင် တာဝန်ကျစဉ်ကဖြစ်သည်။ ပြန်လည်ထူထောင်ပြီးစ ရပ်ကွက်တွေကလည်း လမ်းတွေ မခင်းရသေး။ ရွှံ့ထဲ ဗွက်ထဲတွင် သွားလာနေရသည်။
ယနေ့ဆိုလျှင် လှမောင် ကျောင်းမလာတာ သုံးရက်ရှိသွားပြီ။
“ကြည်လွင် … လှမောင် ဘာဖြစ်လို့ ကျောင်းမတက်သလဲ”
“သားလည်း မသိဘူး ဆရာကြီး … မနက်ဆို အစောကြီး ထွက်သွားတယ်။ ညလည်း ညဉ့်နက်မှ ပြန်လာတယ်”
အိမ်နီးနားချင်းဖြစ်သူတောင် ဘာမှန်းမသိလျှင် လိုက်ရုံမှတစ်ပါး အခြားမရှိ။ ထို့ကြောင့် လက်စွဲတော် စက်ဘီးလေးနှင့် သူတို့နေသည့် ကုန်းဘက်ကို နေ့ခင်း ကျောင်းဆင်းချိန်တွင်ထွက်ခဲ့ရသည်။
ဇေယျာလမ်းဟု ဆိုင်းဘုတ်လေးကိုတွေ့သည်။ ထိုလမ်းထဲကို စက်ဘီးချိုးကွေ့လိုက်သည်။ မြေနီ ဂဝံလမ်းဖြစ် နေသောကြောင့် ဗွက်မရှိ တော်သေးသည်။ နတ်စင်လေးနှင့် တစ်အိမ်ကျော်ဟု လမ်းညွှန်လိုက်သည်။ နတ်စင်တော့တွေ့ပြီ။
လက်ကောက်တွေ ဆွဲကြိုးတွေနှင့် ပုံဆိုးဆိုးမိန်းမကြီးတစ်ယောက်၊ ခေါက်ထီးဆောင်းပြီး အိပဲ့အိပဲ့နှင့် သွားနေသည်။
“အဒေါ် ဦးစိုးအောင်တို့ အိမ်က ဘယ်မှာလဲခင်ဗျာ”
“ဟိုတန်းလျားပဲ … ညာဘက်အစွန်ခန်း”
မိန်းမကြီးက လက်ကောက်သံ တချွင်ချွင်မြည်အောင် လက်ကိုရမ်းပြပြီး ပြောလိုက်သည်။
အိမ်ဟုသာဆိုသည် တန်းလျားတစ်ခုဖြစ်သည်။ သုံးခန်းတွဲ တဲတန်းလျားရှေ့တွင် အဝတ်တွေက လွင့်နေသည်။ ရေစည်တွေကလည်း ထောင်ထားသည်။ လမ်းညွှန်ပြသည့် မိန်းမကြီးကပင်
“ကိုစိုးအောင် … ဒီမှာ ဧည့်သည်” ဟု အသံပြဲကြီးနှင့် အော်လိုက်သည်။
ကျွန်တော်က စက်ဘီးကို ဒေါက်ထောက်နေချိန်တွင် အထဲမှ
“အဟွတ် … အဟွတ် … ဘယ်သူလဲ” ဟုမေးသံကြားလိုက်ရသည်။
အဒေါ်ကြီးက ကျွန်တော့်ထက်ဦးအောင် တဲရှေ့တွင် သွားရပ်လိုက်ပြီး
“ကဲ … ဘယ်လိုလဲ … ဒီနေ့ ၁၂ ရက်တောင် ရှိသွားပြီ။ အိမ်လခ ဘယ်မှာလဲ”
“မနီလား …”
အိမ်ထဲက လူတစ်ယောက်ထွက်လာသည်။ ခါးကိုင်းကိုင်းနှင့် စစ်အနွေးထည်ကြီးဝတ်ထားသည်။ သူက ချောင်းတွေ အဆက်မပြတ်ဆိုးလိုက်ပြီး
“မနီ … ပေးပါ့မယ် … ငါလည်း နေမကောင်းလို့ အလုပ်မသွားနိုင်လို့ပါ”
“အဲဒါတွေ ကျွန်မကို ပြောမနေနဲ့ … အိမ်လခ ဘယ်မှာလဲ … ၁၅ ရက်နေ့မှ မပေးနိုင်ရင် ဆင်းတော့။ ရှင့်ကို အစောကြီးကတည်းက ပြောထားပြီးသား။ အိမ်လခကို လကုန်ပြီး တစ်ပတ်ပဲစောင့်မယ်ဆိုတာ။ မပေးနိုင်ရင် ဆင်းတော့။ အိမ်ငှားတွေက လက်လိုရှုပ်နေတာ”
“မနီ … မနက်ဖြန်လာပေးပါ့မယ်”
“အေးနော် … ရှင်မနက်ဖြန်မှ လာမပေးလို့ကတော့ ၁၅ ရက်နေ့ လာပြီး ဆွဲချပစ်မှာ”
မိန်းမကြီးက ပြောပြီး နှုတ်ခမ်းစူကာ ထွက်သွားသည်။ ကျွန်တော်က ခါးလေးကိုင်းပြီး ချောင်းဆိုးနေသည့် ဦးစိုးအောင်ကို
“လှမောင်တို့အဖေလား”
“ဟုတ်ကဲ့ … ဘာကိစ္စလဲဗျာ”
“လှမောင်ကျောင်းမတက်လို့ လိုက်လာတာ … ကျွန်တော် သူ့ဆရာပါ”
“ဆရာကြီး … အားနာလိုက်တာဗျာ … ကန်တော့ပါရဲ့ … သားလေးလှမောင် အလုပ်သွားနေပါတယ်ဗျာ။ ကျွန်တော့်နေရာကို သူမဝင်ပေးထားရင် ကျွန်တော် အလုပ်ပြုတ်ပါလိမ့်မယ်ဆရာကြီး။ နေမကောင်းလို့ အလုပ်မဆင်းနိုင်တာကြောင့် သားလေးက ကျွန်တော့်နေရာမှာ ပန်းရန်သွားလုပ်ပေးနေတာပါ။ ကျွန်တော် အလုပ်ဆင်းပါတော့မယ်။ ကျောင်းပြန်လွှတ်ပေးပါ့မယ်”
အဖြစ်အပျက် အနေအထားတွေကို မြင်ပြီးဖြစ်နေသဖြင့် ပြောစရာစကားမရှိတော့။ ထို့ကြောင့်
“အေးဗျာ … စာမေးပွဲတွေ နီးနေလို့ပါ … ဘာများဖြစ်နေသလဲလို့ လိုက်လာတာပါ”
“အားနာလိုက်တာ ဆရာကြီးရယ်”
“သူ့အလုပ်ဆိုက်က ဘယ်နားမှာလဲ”
“ဒီကုန်းကျော်ရင် ထိပ်ဆုံးကတိုက်ပဲဆရာကြီး”
ကျွန်တော်က စက်ဘီးလေးဖြင့် သူညွှန်သည့် နေရာကို ထပ်ထွက်ခဲ့သည်။ ကုန်းထိပ်တိုက်က ဆောက်လုပ်ဆဲ ဖြစ်သည်။ တိုက်ဘေးနံရံကို အချောကိုင်နေသည့် လှမောင်ကို ကျွန်တော် အဝေးကြီးကတည်းက တွေ့နေရ သည်။ သူက ကျွန်တော့်ကို ကျောခိုင်းထားသဖြင့်မမြင်။ ကျွန်တော်က ခြံဝင်းထဲ စက်ဘီးကို ဝင်လိုက်ပြီး
“ကလင် … ကလင် … ကလင်” ဟု ဘဲလ်ကိုတီးလိုက်ရာ လှမောင်က အောက်ကို ငုံ့ကြည့်သည်
“ဟာ … ဆရာကြီး”
“အေး … ဆင်းခဲ့ဦး”
လှမောင်က တိုက်ပေါ်ငြမ်းမှ ကုပ်တွယ်ပြီး ဆင်းခဲ့သည်။
“ဆရာကြီး … သား …”
“ငါ မင်းအိမ်ကို ရောက်ခဲ့ပြီးပြီ … သုံးရက်တောင်ဆိုတော့ လိုက်လာခဲ့တာပေါ့ … ဘာများဖြစ်နေသလဲလို့ … မင်းက ဘယ်ဆိုးလို့လဲ … ပန်းရန်တွေဘာတွေလည်း ရတာပဲလား”
“ဟုတ်ကဲ့ ဆရာကြီး … အဖေသင်ပေးထားတာ … သားကို ရက်ပိုင်းလေး ခွင့်ပြုပေးပါ ဆရာကြီး။ အိမ်လခ လိုနေလို့ပါ။ အဖေ့ကို ဆေးဘိုးလည်း ရှာနေရတယ်”
“အေး … ဆရာနားလည်တယ်။ ဒါပေမဲ့ ပြန်လာနိုင်တဲ့ရက်မှာ မင်း အလုပ်တွေ အများကြီး လုပ်ရမယ်။ မင်းက စာတော်ပါတယ်။ ငါက မဖြေဖြစ်မှာပဲ စိုးရိမ်တာ။ မင်းက ဖြေရင်အောင်မယ်ဆိုတာ သိတယ်။ ဒါကြောင့် ကျောင်း ပြန်တက်နိုင်အောင် မြန်မြန်လုပ်ကွာ”
“ဆရာကြီး”
“ဘာလဲကွ”
“သားမှာ နောက်နှစ်အတွက် ကျောင်းဆက်တက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး ထင်ပါတယ်”
“ဘာဖြစ်လို့လဲကွ”
“အဖေ့ကျန်းမာရေးက မကောင်းဘူး။ သားတို့ တောကိုလည်း မပြန်ချင်တော့ဘူး။ အဲဒါ …”
“ပညာတစ်ပိုင်းတစ်စနဲ့တော့ ကျောင်းမထွက်စေချင်ဘူးကွာ … ဆယ်တန်းလေးတော့ အောင်အောင် ဖြေသွား စေချင်တယ်”
“ဆရာကြီးပဲပြောတယ်နော် … ပညာတတ်ရင် ထမင်း မငတ်ဘူးလို့”
“အေးလေ”
“သားလည်း အဲဒီလိုဖြစ်စေချင်တာပဲ … ဒါပေမဲ့ ဆရာကြီးရယ် ကျောင်းလာဖို့ထက် အလုပ်ထွက်လုပ်မှ ထမင်း စားဖို့၊ နေဖို့က ပိုပြီး အဆင်ပြေမှာမို့ပါ”
ကျွန်တော် ဘာဆက်ပြောရမှန်းမသိ။ သို့သော် တစ်ခုတော့ ပြောလိုက်သည်
“လှမောင် … ဆရာဆိုလိုတဲ့ ပညာတတ်ရင်ဆိုတာ ကျောင်းစာတတ်တာ တစ်ခုတည်းကို ပြောတာ မဟုတ်ပါဘူး။ မင်းက ခုဆိုရင် … မင်းအဖေ လက်တွေ့သင်ပေးထားတဲ့ ပညာနဲ့ ထမင်းစားနိုင်အောင် လုပ်နိုင် တာပဲမဟုတ်လား။ ဒါပေမဲ့ ပညာက အခြေခံပဲကွ။ ပညာအခြေခံရှိမှာ ရှေ့ဆက်ပြီး တိုးတက်မယ်။ ပညာအခြေခံ နည်းတော့ မင်းဘဝတစ်လျှောက်လုံး ပန်းရန်ဘဝနဲ့ သွားမှာပေါ့။ ပညာရှိတော့ ကန်ထရိုက်လေးဘာလေးလည်း ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။ ကျောင်းထွက်ဖို့တော့ ဆုံးဖြတ်ချက် မစောနဲ့ဦးကွာ … ကျောင်းလာပါဦး … ဆရာ မင်းကို ပြောစရာတွေရှိပါတယ်”
“ဟုတ်ကဲ့ပါဆရာကြီး”
ကျွန်တော်သည် အဖြေမရှိသော ပုစ္ဆာကို ဆက်မတွက်ပြတော့။ စိတ်ထဲတွင် မကောင်းစွာဖြင့် စက်ဘီးလေးကို တစ်ကုန်းကဆင်းလိုက်၊ နောက်တစ်ကုန်းထပ်တက်လိုက်လုပ်ပြီး ရေငတ်လာသဖြင့် ကုန်းထိပ်က လက်ဖက်ရည် ဆိုင်ထဲကို ဝင်လိုက်သည်။
“ပေါ့ကျတစ်ခွက်”
“နင့်အဖေက သောက်ဆံသာမရှိတာ … အပြောက ရွှေမန်း”
ကျွန်တော်က ဒီအသံကြားဖူးသည်ဆိုပြီး လှည့်ကြည့်လိုက်သည်။
လှမောင်တို့ တဲရှေ့တွင် တွေ့ခဲ့သည့် ရွှေလက်ကောက်များရှင် မိန်းမကြီး ဖြစ်နေသည်။
“ကဲ … ဘယ်လိုလဲ … နင်ကရော နင့်အဖေ … အိမ်လခ စိုက်ပြီးပေးဖို့များ အစီအစဉ်မရှိဘူးလား”
“ဘာဆိုင်လို့လဲ … ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ”
“နင်က သူ့သားပဲလေ”
“ကျွန်တော်က အိမ်ခွဲနေတာ ကြာပြီ … သူတို့နဲ့ မဆိုင်တော့ဘူး”
“အေးနော် … ငါပြောထားမယ် … ၁၅ ရက်နေ့ရောက်လို့ နင့်အဖေ အိမ်လခ မပေးနိုင်ရင် ငါက ဆွဲချမှာ”
ကျွန်တော်က ဆိုင်ထဲကို လျှောက်ကြည့်နေမိသည်။ ဆိုင်နံရံတွင် ဘွဲ့ရဓာတ်ပုံတစ်ပုံကို တွေ့ရသည်။ ဆိုင်ရှင် ကောင်လေး။ ထိုပုံဘေးတွင် လက်ထပ်စဉ်က ရိုက်ထားဟန်တူသော ဇနီးမောင်နှံပုံကို တွေ့ရသည်။ သူပဲဖြစ်သည်။ ဆိုင်ကလည်း သားသားနားနား။ တီဗီနှင့် ကက်ဆက်နှင့် ဆောင်းဘောက်စ်တွေနှင့်ဖြစ်သည်။
“နင့်ဟယ် … လခလေး နှစ်သောင်းလောက် စိုက်ပေးလိုက်ပါလား … ငါ မောင်းချရင် လူကြားမကောင်း သူကြားမကောင်းဖြစ်ကုန်ဦးမယ်”
“ဒေါ်နီ … ကျွန်တော် ပြောပြီးပြီ … ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူးလို့ … ခင်ဗျား ကြိုက်တာလုပ် … ကျုပ်ကို လာမပြောနေနဲ့”
ကျွန်တော်က လက်ဖက်ရည်ကို ကုန်အောင်မော့ပြီး ပိုက်ဆံရှင်းကာ ထွက်လာသည်။
“အရှင်ဘုရား … ဤသူငယ်သည် လှမောင်၏ အစ်ကို … ဦးစိုးအောင်၏ သား မဖြစ်ပါစေနှင့်” ဟုဆုတောင်း လိုက်မိသည်။
တင်ညွန့်
၂၁.၁၀.၂၀၁၈
No comments
Post a Comment