အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို

  အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို စာရေးဆရာ -ဇေယန(ရာမည) " ချွတ် ချွတ် ဂျွတ်" ကောက်လှိုင်းတွေကို နင်းလို့ထွက်လာတဲ့အသံကြောင့် မြ... thumbnail 1 summary

 အောင်မြတ်သာနှင့်ညောင်ပင်ထက်ကအဖိုးအို

စာရေးဆရာ -ဇေယန(ရာမည)
" ချွတ် ချွတ် ဂျွတ်"
ကောက်လှိုင်းတွေကို နင်းလို့ထွက်လာတဲ့အသံကြောင့် မြတ်သူ လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ထိုင်ရာကနေထကာကြည့်ကာ
" ဆုဝေရယ် ကို စောင့်နေတာကြာပြီ.. ဘာလို့အခုမှထွက်လာတာလဲ"
" အို ... အဘက ဒီနေ့မှ မအိပ်ပဲ စကားတွေထိုင်ပြောနေလို့ ထွက်မရဖြစ်နေတာ၊ ဘာလဲ အခုထဲက ညိုငြင်နေပြီလား"
" ဟား ငြိုငြင်စရာလားကွာ... ကို့ ချစ်သူက အရုဏ်တက်မှလာလဲ စောင့်နေမှာ"
မြတ်သူက ဆုဝေရဲ့ ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲပွေ့ပြီး အနမ်းမိုးတွေရွာချပစ်လိုက်တယ်။
" ဟိုးထားဆရာ ... အရှိန်တွေလွန်ကုန်မယ်"
" အာ ဆုဝေကလဲ တစ်ခါတစ်လေမှ တွေ့ရတာကို ဒီလောက်လေးတော့ နမ်းမှာပေါ့"
" တော် နမ်းလွန်းလို့ ကျုပ်ပါးတွေလဲ ချိုင့်ဝင်ကုန်ပါဦးမယ် ဟိဟိ"
ချစ်သူနှစ်ယောက်လဲ အိမ်အနောက်က ကောက်ရိုးပုံဘေးမှာ ချစ်ကြည်နူးနေတဲ့အချိန်
" တောက်" ဆိုတဲ့အသံကြောင့်
မြတ်သူရဲ့ရင်ခွင်ထဲမှီထားတဲ့ ဆုဝေက ဆတ်ခနဲ ရုန်းထွက်ပြီး
"ကို ကြားလိုက်လား တစ်ယောက်ယောက် တောက်ခတ်နေတဲ့အသံလိုပဲ"
" စိတ်ထင်နေတာများလား ..."
မြတ်သူစကားမဆုံးခင်မှာပဲ နောက်တစ်ကြိမ် တောက်ခတ်သံတစ်ချက်ထွက်ပေါ်လာခဲ့တယ်။
" သေချာပါတယ် ကိုရယ်.. တစ်စုံတစ်ယောက်ကို မကျေနပ်လို့ တောက်ခတ်နေတဲ့အသံလိုပဲ"
ဆုဝေက ကြောက်ကြောက်လန့်လန့်နဲ့ အမှောင်ထုထဲကို ကြည့်နေတာမြင်တော့ မြတ်သူတစ်ယောက် သက်ပြင်းရှည်တစ်ချက်ကိုချကာ
" ဘယ်ကောင်တွေ လာနှောက်ယှက်နေလဲမသိပါဘူး... သိလို့ကတော့ မြတ်သူအကြောင်းပြရသေးတာပေါ့"
" ကို သိပ်လဲ ဒေါသမကြီးပါနဲ့ ... ညကြီးသန်းခေါင် လူလဲမမြင်ရပဲ တောက်ခတ်သံပဲကြားနေရတော့ ဆုဝေ မနေရဲတော့ဘူး၊ နောက်မှအေးဆေးတွေ့ကြမယ်နော်"
တုန်လှုပ်ချောက်ခြားနေတဲ့ ဆုဝေကြောင့် မြတ်သူ ခေါင်းကိုအသာယာငြိမ့်ပြီး နှုတ်ဆက်အနမ်းလေးပေးကာ လွှတ်ပေးခဲ့တယ်။
ဆုဝေပြန်သွားတော့ မြတ်သူတစ်ယောက် အသံကြားတဲ့ဘက်ကို အရဲစွန့်သွားပြီးကြည့်လိုက်တော့ သက်ရှိနဲ့တူတာဆိုလို့ ဘာမှမတွေ့ရပဲ တစ်ကိုယ်လုံးမှာရှိတဲ့ ကြက်သီးမွှေးညှင်းတွေထောင်ထလာတာကိုပဲ ခံစားလိုက်ရတယ်။
" ဘယ်ကလေကဝ သရဲကများ ငါတို့ချိန်းတွေ့နေတာကို နှောက်ယှက်နေသလဲမသိပါဘူး... သိလို့ကတော့ နေတဲ့အပင်ကိုပါ ခုတ်လှဲပစ်မယ်"
မြတ်သူလဲ စိတ်ပေါက်ပေါက်နဲ့ ပြောပြီးလှည့်အထွက် ဇက်ပိုးပေါ်ကို အေးစက်စက်အရာတစ်ခု လာထိတာကိုခံစားလိုက်ရတယ်။
" ဘာလဲဟ..."
ရုတ်တရက်မို့ ပခုံပေါ်ကျလာတဲ့အရာကို နောက်လှည့်ကြည့်လိုက်ရာ ဘေးမှာရှိတဲ့ ညောင်ပင်ပေါ်မှာ သပိတ်လောက်ရှိတဲ့ မျက်လုံးနှစ်လုံးက မီးကျီခဲလိုနီရဲနေပြီး လှည်းဘီးလောက်ရှိတဲ့ပါးစပ်ထဲကနေ ချွဲပစ်ပစ်သွားရည်တွေ တစ်တောက်တောက်ကျနေတာကိုမြင်လိုက်ရတယ်။
ညကြီးသန်းခေါင်မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မြတ်သူတစ်ယောက် အသံထွက်အောင်ပင်မအော်နိုင်ပဲ အကြောဆွဲကာ ခွေခနဲသတိလစ်လဲကျသွားခဲ့တယ်။
+++++++
" ဆုဝေ သမီး... အဘအတွက် ရေနွေးတစ်အိုးထည့်လာပေးဦး"
အိမ်ရှေ့ကနေ အော်ပြောလိုက်တဲ့အသံကြောင့် အိပ်ယာကနေ နိုးစပြုနေတဲ့ဆုဝေတစ်ယောက် ကပိုကယိုဖြစ်နေတဲ့ ဆံပင်ကိုထုံးခွေကာ ရေနွေးအိုးတည်ထားတဲ့ အိမ်နောက်ဖေးဘက်ကိုထွက်လာခဲ့လိုက်တယ်။
ထင်းမီးအရှိန်ကြောင့် ဆူပွက်စပြုနေတဲ့ ရေနွေးအိုးကို လက်နှီးစုတ်နဲ့ချကာ အိုးအလွတ်ထဲလောင်းထည့်နေတဲ့အချိန် အိမ်နောက်ဘက်မလှမ်းမကမ်းမှာ လူတွေစုရုံးစုရုံးဖြစ်နေတာကိုမြင်လိုက်ရပေမယ့် အမှုမဲ့အမှတ်မဲ့သဘောထားလိုက်ပြီး ရေနွေးအိုးကိုယူကာ အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။
" အဘ... မနက်အစောကြီးထပြီး ရေနွေးအိုးတည်ထားတာလား"
" အေး ဟုတ်တယ် ... သမီးလဲအိပ်ပျော်နေတာနဲ့ မနှိုးတော့တာလေ"
" ဒီနေ့ ရွာထဲကလူတွေ ဘာဖြစ်နေကြတာလဲ... မနက်အစောကြီး ရုတ်ရုတ်သဲသဲတြွဖေစ်နေပါလား"
" ဒီမနက် အဘတို့ အိမ်အနောက် လယ်ကွင်းစပ်မှာ အလောင်းတစ်လောင်းတွေ့လို့"
" ဟင်... ဘယ်သူ ဘာဖြစ်သွားတာလဲအဘ"
" ရွာတောင်ပိုင်းက ဦးစောမြတ်သား မောင်မြတ်သူ အလောင်းလို့ပြောတာပဲ"
မြတ်သူဆိုတဲ့စကားကြောင့် ဆုဝေ ခေါင်းထဲမိုက်ခနဲဖြစ်သွားပြီး အိမ်နံရံကိုကိုင်ကာထိန်းထားရင်းကနေ
" ကိုမြတ်သူ ကိုမြတ်သူက ဘယ်လိုဖြစ်လို့.... "
" အဘတို့လဲသေချာမသိဘူး... သွားကြည့်တဲ့ရွာသားတွေပြောတာကတော လည်ပင်းကိုတစ်ယောက်ယောက်ကညှစ်သတ်တဲ့ပုံဖြစ်နေတာတဲ့"
" မဖြစ်နိုင်ဘူး... ဟအင်း မဖြစ်နိုင်ဘူး၊ သမီး သွားကြည့်မှဖစ်မယ်"
ဆုဝေက သွေးရူးသွေးတန်းနဲ့ အိမ်ပေါ်ကဆင်းဖို့အလုပ် ရေနွေးကြမ်းသောက်နေကြတဲ့လူတွေက ကမန်းကတမ်းလှမ်းဆွဲပြီး
" အလောင်းက မြို့ကိုယူသွားကြပြီ... သမီး သွားကြည့်လဲ တွေ့ရမှာမဟုတ်တော့ဘူး" လို့ပြောတော့မှ ဆုဝေတစ်ယောက် လှေကားရင်းမှာထိုင်ချကာ ချုံးပွဲချငိုချမိခဲ့တယ်။
အလောင်းစစ်ဆေးချက်အရ လည်ပင်းကိုတင်းကြပ်တဲ့အရာနဲ့ညှစ်ထားတာကြောင့် အသက်ရှုလမ်းကြောင်းပိတ်ပြီးသေတာဆိုပြီးထွက်လာခဲ့တယ်။ ဒီလိုနဲ့ ရွာမှာရှိတဲ့ မသင်္ကာတဲ့သူတွေကို စစ်ဆေးတော့လဲ သက်သေတိတိကျကျမရှိတာကြောင့် အမှုကိုပိတ်ပစ်ခဲ့ရတယ်။
အဲဒီနေ့ကစပြီး ဆုဝေတစ်ယောက် တစ်မှိုင်တစ်ထွေထွေနဲ့ဖြစ်လာသလို အစားလဲဟုတ်တိပတ်တိမစားတာကြောင့် ကိုယ်ခံအားလဲနည်းကာ အပြင်းဖျားပါလေရော။
" ရှပ် ရှပ် ရှပ်..."
" ရှပ် ရှပ် ရှပ်"
ခြေရင်းကနေ လမ်းလျောက်နေတဲ့အသံကြောင့် အိပ်ပျော်လုဆဲဆဲဖြစ်နေတဲ့ ဆုဝေတစ်ယောက် နားထင်ကို လက်နဲ့ဖိကာ ထကြည့်ပေမယ့် ဘာမှမတွေ့။
" ကိုမြတ်သူများလား..."
စိတ်ထဲကနေ မကြာသေးခင်ကမှ ဆုံးသွားတဲ့ ချစ်သူဖြစ်သူအကြောင်းကိုစဉ်းစားလိုက်ချိန်မှာတော့ အိမ်နံရံမှာချိတ်ထားတဲ့ ခမောက်က လေမတိုက်ပဲ ဝုန်းဆိုလွင့်ထွက်သွားတာကိုမြင်လိုက်ရတယ်။
မလှမ်းမကမ်းမှာအိပ်နေတဲ့အဘကတော့ ဖြစ်နေတာတွေကို ဘာမှမသိတဲ့ပုံစံနဲ့အိပ်မောကျနေခဲ့တယ်။
" ဘယ် ဘယ်သူလဲ..."
ဆုဝေက ရှိစုမဲ့စုအားတွေကို စုစည်းပြီးမေးလိုက်တော့ အိမ်အနောက်ဖက်ကနေ လမ်လျောက်လာတဲ့ခြေသံအပြင် ဖျတ်ခနဲ ဖျတ်ခနဲပေါ်လာတဲ့ အရိပ်မဲမဲတစ်ခုကိုမြင်လိုက်ရတယ်။
" ဘယ်သူလဲလို့ ဆုဝေ ကြောက်လာပြီနော်.. "
ကြောက်စိတ်ကြောင့်ငိုသံနဲ့အော်ပြောလိုက်တဲ့အချိန် ခြေရင်းကျူထရံပေါက်ကနေ နီရဲနေတဲ့မျက်လုံးနှစ်လုံးက ပြူးပြီးလာကြည့်နေတာကို မြင်လိုက်ရတယ်။
" အမလေး....."
ဆုဝေက ကြောက်လန့်တကြားအော်လိုက်ပေမယ့် အဘက အိပ်မွေ့ချခံထားရတဲ့သူပမာ မလှုပ်မယှက်အိပ်ပျော်နေဆဲ။
" ဆုဝေ တကယ်ကြောက်လို့ပါ မခြောက်လှန့်ပါနဲ့တော့ တောင်းပန်ပါတယ်"
ဆုဝေရဲ့စကားသံအဆုံးမှာ အိမ်ခေါင်းရင်းထရံနားကနေ
" နင်အခုလို မစားမသောက်ပဲနေရင် ငါပြန်ခေါ်သွားမှာနော်... ရည်စားထပ်ထားဖို့လဲ စိတ်မကူးနဲ့ နင့်အနားကိုကပ်တဲ့သူတွေအကုန်လုံးကို သတ်ပစ်မယ်" ဆိုပြီးပြောတဲ့အသံကို ထင်ထင်ရှားရှားကြားလိုက်ရတယ်။
ခဏနေတော့ အသံဗလံတွေအားလုံး ငြိမ်သက်သွားပြီး အရာအားလုံး ပုံမှန်အတိုင်းဖြစ်သွားခဲ့တယ်။ ဆုဝေလဲ ပထမဆုံးအကြိမ်မို့ အတော်ကြောက်လန့်သွားပေမယ့် ငါ့စိတ်ထဲထင်နေတောဖြစ်မှာပါလို့တွေးကာ ကျန်းမာရေးကိုဂရုမစိုက်ပဲ ဖြစ်သလိုဆက်နေခဲ့တယ်။
ဒုတိယနေ့ရောက်တော့ ညသန်းခေါင်အချိန်ရောက်တာနဲ့ ခွေးတွေက လယ်ကွင်းဘက်ကနေ ထိုးပြီးအူပါလေရော။ ခွေးအူသံကြားပြီးမကြာခင် အိမ်ထဲမှာ လမ်းလျောက်နေတဲ့အသံတွေအပြင် အရိပ်မဲမဲတစ်ခု ဖြတ်သွားဖြတ်လာလုပ်နေတာတွေကိုမြင်လာခဲ့တယ်။ ဆုဝေ ကြောက်လန့်လို့အော်လိုက်ရင် ခဏငြိမ်သွားပေမယ့် မကြာခင် အသံတွေရော အနံ့တွေပါထပ်ပေးလာခဲ့တယ်။
အဲဒီတော့မှ ဆုဝေတစ်ယောက် မနေ့ညက ကြားခဲ့တာတွေကိုသတိရပြီး
" ကျန်းမာအောင်နေပါ့မယ် အစားလဲစားပါမယ်... ချစ်သူရည်းစားလဲမထားတော့ပါဘူး" လို့ပြောလိုက်တော့မှ ဖြစ်ပေါ်နေတဲ့အရာအားလုံး ပျောက်ကွယ်သွားခဲ့တယ်။
ဆုဝေလဲ ထူးထူးဆန်းဆန်းကြုံခဲ့ရတဲ့ဖြစ်ရပ်ကြောင့် ရည်းစားသနာထားဖို့ကို အတွေးနဲ့တောင်မတွေးရဲအောင်ဖြစ်ခဲ့ရတယ်။ တစ်ခါတစ်လေ နေမကောင်းဖြစ်တဲ့အချိန်တွေဆိုရင် အိမ်အနောက်ဘက် ညောင်ပင်ပေါ်ကနေ အဖိုးအိုတစ်ယောက်ဆင်းလာပြီး သူ့ကိုလာကြည့်နေတဲ့ပုံစံအိမ်မက်မျိုးတြွမေင်မက်ခဲ့တယ်။
ဒီလိုနဲ့ သုံးနှစ်လောက်ကြာတော့ ဆုဝေရဲ့ရင်ထဲမှာ ပုန်းကွယ်နေတဲ့ ချစ်ခြင်းမေတ္တာတွေတစ်ဖန်ပြန်လည်နိုးထအောင် လုပ်တဲ့သူတစ်ယောက်ပေါ်လာခဲ့တယ်။
သူ့နာမည်က " ခွန်းမောင်"
ခွန်းမောင်က ဆုဝေထက် အသက်သုံးနှစ်လောက်ငယ်ပြီး ငယ်ငယ်ထဲက ဖခင်ဇာတိဖြစ်တဲ့ မြို့ပေါ်မှာ ကျောင်းသွားတက်နေရလို့ ရွာကိုသိပ်မရောက်ဖြစ်ခဲ့ဘူး။
ခွန်းမောင်က မြို့မှာကျောင်းနေခဲ့တဲ့သူပီပီ ဝတ်စားတတ်တော့ ရွာမှာရှိတဲ့အပျိုဖြန်းလေးတွေကအစ အပျိုကြီးတွေအဆုံး ခွန်းမောင်ကို စိတ်ဝင်စားကြပေမယ့် မြို့ကြီးသားတစ်ဖြစ်လဲ ခွန်းမောင်က ရွာကမိန်းကလေးတွေကို သာမန်စကားပြောဆိုတာထက်မပိုခဲ့ဘူး။
တစ်နေ့မှာတော့ ဆုဝေတစ်ယောက် ဟိုဘက်ရွာမှာ စပါးကြွေးတောင်းပြီးပြန်လာတဲ့အချိန် ရွာပြင်လမ်းကနေ ဖုန်းတထောင်းထောင်းထအောင် မောင်းလာတဲ့ ဆိုင်ကယ်တစ်စီးကိုမြင်လိုက်ရတယ်။ ဆိုင်ကယ်က သူ့ဘေးနားရောက်တော့ ရုတ်တရက်အရှိန်လျော့လိုက်တဲ့အတွက် ခြေမျက်စိလောက်ထိရှိနေတဲ့ ဖုန်တွေနဲ့လုံးထွေးပြီး ဆိုင်ကယ်ရောလူရော လဲကျသွားခဲ့တယ်။
" ဟဲ့ ဟဲ့ ဘယ်လိုဖြစ်ရတာလဲ.."
ဆုဝေက ဖုန်းတောထဲ လဲကျသွားတဲ့သူကို ပြေးထူလိုက်ရာ ရွာမှာတစ်ခါမှမမြင်ဖူးတဲ့သူဖြစ်နေတာကြောင့် ဒီကောင်လေးက ခွန်းမောင် ဖြစ်မယ်လို့တွေးမိခဲ့တယ်။
" ရတယ် ... မကြီး. ဖုန်တောထဲလဲတာဆိုတော့ အင်္ကျီတွေပေသွားတာလောက်ပဲရှိတာပါ"
" မင်းက ဘယ်လိုဖြစ်လို့ ဒီနားရောက်မှ အရှိန်လျော့လိုက်တာလဲ"
ဆုဝေစကားကြောင့် ဖုန်တွေနဲ့ပေလူးနေတဲ့ ကောင်လေးက
" ကျွန်တော်အရှိန်နဲ့မောင်းရင် မကြီးကို ဖုန်းတွေစင်သွားမှာပေါ့... ဒါကြောင့်အရှိန်လျော့လိုက်တာ"
စကားပြောယဉ်ကျေးပြီး ပြုံးရွှင်တဲ့မျက်နှာထားရှိတဲ့ ကောင်လေးစကားကြောင့် ဆုဝေတစ်ယောက် မထင်မှတ်ပဲ ပြုံးမိခဲ့တယ်။
" ဘာမှမဖြစ်ရင်လဲ ပြီးတာပါပဲ... တစ်ခုခုဖြစ်ရင် ရွာကလူတွေက ငါ့ကိုပဲပြောကြမှာ"
" စိတ်ချပါဗျ... ကျွန်တော် ဒီအကြောင်းတွေပြန်မပြောပါဘူး။ ဒါနဲ့ မကြီးက ဘယ်အပိုင်းမှာနေတာလဲ"
" ဘာလဲ လာလည်မလို့လား.. တို့အိမ်က ဧည့်သည်လက်မခံဘူးနော်"
ဆုဝေက ရင်ထဲကမပါတဲ့ စကားလုံးတွေနဲ့ ပြောပြီးခြေလှမ်းကျဲကြီးတွေနဲ့ ရွာထဲကိုဝင်လာခဲ့လိုက်တယ်။
++++
နောက်တစ်နေ့ မနက်ရောက်တော့ ဆုဝေတို့အိမ်ကို ခွန်းမောင်တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလာခဲ့တယ်။ သူ့ဘေးမှာတော့ ဆုဝေရဲ့ မောင်တစ်ဝမ်းကွဲ ကောင်စံက သူမသိတဲ့ပုံစံနဲ့ တောင်ကြည့်မြောက်ကြည်လုပ်နေခဲ့တယ်။
" ဧည့်သည်ကို အိမ်ပေါ်တက်ပါလို့ မခေါ်တော့ဘူးလား"
စကားသွက်လှတဲ့ ခွန်းမောင်ကြောင့် ဆုဝေ မတတ်သာတော့ပဲ
" အိမ်ပေါ်တက်ကြပါရှင့်" လို့ပြောကာ ကောင်းစံကို မျက်စောင်းထိုးလှမ်းကြည့်လိုက်တယ်။
ကောင်းစံကတော့ ရယ်ကျဲကျဲလုပ်ပြီး အနားကပ်လာကာ
" ခွန်းမောင်က အစ်မတို့အိမ်သွားမယ်ဆိုပြီး တဂျီဂျီလုပ်နေတာကြောင့်ခေါ်လာခဲ့တာ" လို့ပြောပြီး ခွန်းမောင်ဘေးမှာသွားထိုင်နေခဲ့တယ်။
အဲဒီနေ့ကစပြီး ခွန်းမောင်တစ်ယောက် ဆုဝေတို့အိမ်ရှေ့မှာ လမ်းသလားပါလေရော။ ဆုဝေလဲ သံယောဇဉ်မတွယ်မိအောင် ထိန်းထားပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခွန်းမောင်အပေါ် သံယောဇဉ်ရှိသယောင်ဖြစ်လာခဲ့တယ်။
ဒီတစ်ခါတော့ ဆုဝေတစ်ယောက် ခွန်းမောင်ကို အရင်တစ်ယောက်လိုမဖြစ်စေချင်တဲ့အတွက် ခံစားချက်တွေကိုထုတ်မပြပဲ ကွယ်ဖွက်ထားခဲ့တယ်။ ခွန်းမောင်ကလဲ ဆုဝေမှ ဆုဝေဖြစ်နေတဲ့အပြင် မိဘစုံညီနဲ့တောင်းရမ်းမယ်တကဲကဲလုပ်နေလို့ ချော့တစ်ခါ ခြောက်တစ်လှည့် ပြောရတဲ့အခြေအနေဖြစ်လာခဲ့တယ်။
++++++++++
" ကောင်းစံ... မင်း အစ်မက ငါ့ကိုမချစ်သလိုပဲကွ"
ရွာပြင်စေတီပေါ်မှာ သန့်ရှင်းရေးလုပ်နေရင်းပြောလိုက်တဲ့ ခွန်းမောင်စကားကြောင့် အမှိုက်တွေကို တောင်းထဲထည့်နေတဲ့ ကောင်းစံက
" မင်းအပေါ်သူစိတ်ဝင်စားလို့ အရေးတယူလုပ်နေတာပေါ့ ငတုံးရ... ဒါလေးတောင်မသိဘူးလား"
" ဟီး ဟုတ်လား... မင်းပြောမှပဲ အားတက်သွားပြီကွာ"
ခွန်းမောင်က ကောင်းစံစကားကို သဘောတွေ့ဟန်နဲ့ ရယ်ကျဲကျဲလုပ်ပြီး စေတီပေါ်က အညစ်အကြေးတွေကို အဝတ်ကြမ်းနဲ့သုတ်သင်နေလိုက်တယ်။ အဲဒီအချိန် ယောဂီဝတ်စုံဆင်တူဝတ်ထားတဲ့ လူနှစ်ယောက် စေတီပေါ်တက်လာပြီး တနင်္ဂနွေထောင့်နဲ့ တနင်္လာထောင့်မှာကိုယ်စီထိုင်ကာ ဘုရားဦးချနေတာကိုမြင်လိုက်ရတယ်။
ခွန်းမောင်တို့လဲ ဘုရားဖူးတွေရောက်လာတော့ စကားဆက်မပြောကြတော့ပဲ ကိုယ့်အလုပ်ကိုပြီးစီးအောင် လုပ်နေခဲ့လိုက်တယ်။
" မောင်ရင်တို့က စေတီမှာလုပ်အားပေး လုပ်နေကြတာလား"
အရပ်မြင့်မြင့် ဥပဓိရုပ်ကောင်းကောင်းလူရဲ့စကားကြောင့် ခွန်းမောင်က အမှိုက်တောင်းကို အောက်ချလိုက်ပြီး
" ဟုတ်ပါတယ်ဗျ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက် အလုပ်မရှိတာနဲ့ ကုသိုလ်ရအောင် သန့်ရှင်းရေးလာလုပ်နေကြတာပါ"
" သာဓု သာဓု သာဓု ... မောင်ရင်တို့ ပြုခဲ့တဲ့ကုသိုလ်ကို ချီးမြောက်တဲ့အနေနဲ့ အဆောင်လက်ဖွဲ့တစ်ခုစီ ပေးချင်ပါတယ်"
" ကောင်းတဲ့အဆောင်လက်ဖွဲ့ဆိုရင်တော့ ကျွန်တော်တို့လက်ခံပါမယ်"
ခွန်းမောင်စကားကိုကြားတော့ ယောဂီဝတ်လူနှစ်ယောက်က နှစ်လိုဖွယ်ပြုံးလိုက်ပြီး
" မောင်ရင်တို့လို ဘာသာရေးသိတတ်တဲ့လူငယ်တွေကို မကောင်းတဲ့အဆောင်ပေးရင် ပေးတဲ့သူက ငရဲအိုးတိုက်ရိုက်ဆင်းသွားရမှာပေါ့၊ ကဲ လာကြ လာကြ"လို့ပြောကာ နီညိုရောင်လွယ်အိတ်ထဲကနေ ကြေးပြားနဲ့လိပ်ထားတဲ့ လက်ပတ်နှစ်ခုကိုထုတ်ယူပြီး ကမ်းပေးခဲ့တယ်။
" ဒါက ဘယ်လိုဆောင်ရမလဲဗျ"
" ဒီအဆောင်လေးကို ညာဘက်လက်မောင်းရင်းမှာ ပတ်ထားရင် မကောင်းတဲ့အရာတွေမှန်သမျှ အနားကပ်မရပဲ ရှောင်ခွာသွားကြလိမ့်မယ်၊ မောင်ရင်တို့အနေနဲ့ စောင့်ထိန်းရမှာက အရက်သေစာသောက်စားခြင်း၊ မီးနေသည်အိမ်ကိုသွားလာခြင်း၊ ယုတ်ညံ့တဲ့နေရာတွေအောက်ကို မဝင်မိစေဖို့ပဲ"
" စိတ်ချပါဗျ ကျွန်တော်တို့နှစ်ယောက်က အဲလိုအရာတွေနဲ့ကင်းပါတယ်၊ ဟုတ်တယ်မလား ကောင်းစံ"
ခွန်းမောင်စကားကြောင့် ကောင်းစံက ခေါင်းကို တွင်တွင်ငြိမ့်ရင်း ဟုတ်မှန်ကြောင်းထောက်ခံခဲ့တယ်။
" ဆရာတို့နှစ်ယောက်က ဒီစေတီမှာ တစ်ပတ်လောက် အဓိဌာန်ဝင်မှာဆိုတော့ နောက်အားတဲ့အချိန် အလည်လာခဲ့ကြပါဦး"
" ဟုတ်ဗျ ကျွန်တော်တို့ တစ်ရက်ခြားတစ်ခါလောက် လာခဲ့ပါမယ်၊ ဆရာတို့အနေနဲ့ အခြားလိုအပ်တာရှိလဲ အချိန်မရွေးပြောပါ"
သွက်လက်ဖော်ရွေတဲ့ ခွန်းမောင်က ယောဂီဝတ်လူနှစ်ယောက်ကို လောကွတ်ပြုပြီး ရွာထဲကို ပြန်လာခဲ့လိုက်တယ်။ သူတို့နှစ်ယောက်ရဲ့ ညာဘက်လက်မောင်းမှာတော့ ကြေးပြားအဆောင်တွေက တင်းကျပ်လျက်။
" မကြီးဆုဝေ... ဗျို့ မကြီးဆုဝေ"
အိမ်အောက်ကနေ အော်ခေါ်နေတဲ့ အသံကြောင့် ရေချိုးပြီးလို့သနပ်ခါးခြောက်အောင် ယပ်ခပ်နေတဲ့ ဆုဝေတစ်ယောက် အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။
" ဟော ဘယ်သူများလဲလို့ ခွန်းမောင်ပါလား၊ ပြောပါဦး ဘာအရေးကိစ္စရှိလို့လဲ"
" ဟာဗျာ အရေးကိစ္စရှိမှလာရမှာလား... ဒီတိုင်းလာလို့ကောမရဘူးလား"
" အမလေး ကိုယ်တော်ချောရယ် ဒီတိုင်းလဲရပါတယ်... ဆိုစမ်းပါဦး ဘာများဖြစ်လို့ ရောက်လာတာလဲ"
" ကောင်းစံက မကြီးတို့အိမ်လာခဲ့ဆိုလို့ လာခဲ့တာ၊ ဒီကောင်မရှိဘူးလား"
" ကောင်းစံက သူ့အိမ်မှာပေါ့... သူ့ကိုတွေ့ချင်ရင် သူ့အိမ်သွားလေ"
ဆုဝေစကားကိုကြားတော့ ခွန်းမောင်က မကျေနပ်တဲ့မျက်နှာပေးနဲ့ကြည့်ပြီး အိမ်ပေါ်ကို ဖြတ်ခနဲတက်လာခဲ့လိုက်တယ်။
" ခွန်းမောင် အိမ်မှာ အဘလဲမရှိဘူး... ခုလိုနှစ်ယောက်ထဲရှိနေတာ မသင့်တော်ပါဘူးလေ"
" ဘာလဲ မကြီးဆုဝေက ဘေးလူတွေပြောမှာကြောက်နေတာလား၊ ခွန်းမောင်ကတော့ ဒါတွေကိုမကြောက်ဘူးနော်.. "
" အဲလိုလဲမဟုတ်ဘူးလေ မင်းနဲ့ ငါနဲ့က ဘာပတ်သတ်မှုမှရှိတာမဟုတ်ပဲ ခုလိုမျိုး..."
ဆုဝေစကားမဆုံးခင်မှာပဲ ခွန်းမောင်က ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ဆုဝေရဲ့လက်နှစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီး
" မ ကို ကျွန်တော်ချစ်တယ်ဗျာ.. ကျွန်တော်က မကိုပဲ လက်ထပ်မှာ၊ ကျွန်တော်အချစ်ကို လက်ခံပေးပါလား"
" အို... ဒီလိုမျိုးလက်ရဲဇက်ရဲလုပ်တာ အစ်မမကြိုက်ဘူး... လက်ကိုဖယ်စမ်း"
" မဖယ်ဘူး ... မ ကျွန်တော်ကိုချစ်တယ်လို့ပြောမှ ဖယ်မယ်၊ မ ဘာလို့ ကိုယ့်ခံစားချက်ကို ဖုံးကွယ်ချင်ရတာလဲ၊ မ မှာ သတ္တိမရှိဘူးလား"
ခွန်းမောင်စကားက ဆုဝေရဲ့အရှိုက်တည့်တည့်ကိုထိသွားသလိုဖြစ်သွားခဲ့တယ်။
" မဟုတ်ဘူး ခွန်းမောင် .. အစ်မကြောင့် ဘယ်သူမှ ထိခိုက်တာမဖြစ်ချင်ဘူး.. "
" ကျွန်တော်ယောင်္ကျားပါဗျ... မ အတွက်​ဆို ဘာဖြစ်ဖြစ်ရင်ဆိုင်ရဲတယ်။ မ ကျွန်တော်ကို ချစ်တယ်မဟုတ်လား"
ကလေးတစ်ယောက်လို ပူဆာနေတဲ့ ခွန်းမောင်ရဲ့ စကားတွေအောက်မှာ ဆုဝေရဲ့ထိန်းချုပ်နိုင်စွမ်းတွေ လျော့ကျသွားပြီး
" အင်း... မင်းကို ချစ်ပါတယ်"
" ဟား... ပျော်လိုက်တာဗျာ၊ မနက်ဖြန် လူကြီးစုံရာနဲ့ လာစေ့စပ်ထားမယ်နော်"
" အာ... ဒီကောင်လေးကတော့ အဲလိုချက်ချင်းစီစဉ်လို့မရဘူးလေ၊ မင်းအနေနဲ့ အစ်မပြောတာကို နားထောင်မှ နောက်တစ်ဆင့်တက်ဖို့ စဉ်းစားပေးမယ်"
" ဒါဆိုလဲ ကျွန်တော်ဘာလုပ်ရမလဲ ပြော"
" ညကြီးသန်းခေါင် အစ်မဆီလာလည်တာမျိုး မလုပ်ဖို့ ကတိပေး"
" ဟင် ... "
" ကတိပေးလို့ပြောနေတယ်လေ"
" ဟုတ်ပါပြီ ကတိပေးတယ်... ကျွန်တော်တွေ့ချင်ရင် နေ့ဘက်ပဲ လာမယ်"
ခွန်းမောင်စကားကြောင့် ဆုဝေ အနည်းငယ်စိတ်ချသွားပြီး ခေါင်းညိမ့်ပြလိုက်တယ်။
+++++++
" ကောင်းစံ... ဒီည မင်းအစ်မတို့အိမ်နား ဂစ်တာသွားတီးရအောင်"
" ဟေ့ကောင် ဒါတော့ မရဘူး... ငါ့အစ်မကို သွားပိုးတာ ငါလိုက်လို့သင့်တော်ပါ့မလားကွ"
" မင်းကလဲ အချင်းချင်း ဈေးကိုင်နေပြန်ပြီ၊ မကြာပါဘူးကွ တစ်ပုဒ်နှစ်ပုဒ်လောက်ပဲ တီးမှာပါ"
" ဒီကောင်ကတော့ ခက်ပြီကွာ... မင်းကဘယ်နားသွားတီးမလို့လဲ"
" အိမ်ရှေ့မှာတီးရတာ လူသွားလူလာများတော့ အဆင်မပြေဘူးကွ...ဒါကြောင့် အိမ်အနောက် လယ်ကွင်းတွေဘက်သွားတီးရအောင်"
" ဖြစ်ပါ့မလားကွ.. အဲဘက်က ညဆိုရင် လူပြတ်တယ်"
" မင်း ယောင်္ကျားမဟုတ်ဘူးလား... ဒီလောက်လေးကို သတ္တိကြောင်ရတယ်လို့"
ခွန်းမောင်ရဲ့ စကားကြောင့် ကောင်းစံ ရှူးရှူးရှဲရှဲဖြစ်သွားပြီး
" ဒါဆိုလဲသွားမယ်ကွာ မင်းအဲလိုပြောတာတော့မခံဘူး"
" ဟဲဟဲ ဒီလိုမှပေါ့ကွ"
++++++
ညဦးပိုင်းအချိန်ရောက်တော့ ခွန်းမောင်တို့ နှစ်ယောက်ဂစ်တာတစ်လက်ကို ယူကာ ဆုဝေတို့အိမ်အနောက်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
" ခွန်းမောင် ဒီနားကပဲ တီးကွာ... ညောင်ပင်ရှိတဲ့ဘက်တော့မသွားနဲ့"
" အေးပါကွ.. ငါလဲ ဒီနားကပဲ တီးမှာပါ"
ခွန်းမောင်က ကန်သင်းရိုးပေါ်ထိုင်လိုက်ပြီး ဂစ်တာကို ကြိုးညှိလိုက် အသံစမ်းလိုက်လုပ်နေခဲ့တယ်။
" မင်းဟာက ကြိုးညှိ မိုးလင်း ဖိုးလမင်းဖြစ်တော့မယ်၊ တီးစရာရြှိမန်မြန်တီးပါဟ"
" နေစမ်းပါဦး ဂစ်တာဆိုတာ ကြိုးမညီရင် တီးမကောင်းဘူးကွ... ဒါတွေကို မင်းတို့နားမလည်ပါဘူး"
သူငယ်ချင်းနှစ်ယောက် စကားများနေတဲ့အချိန် ညောင်ပင်ပေါ်ပေါ်ကနေ ပုတ်လောက်နီးပါးရှိတဲ့ အကောင်တစ်ကောင် ဇောက်ထိုးဆင်းလာခဲ့တယ်။ မကြာမီ လူဝံလိုလိုမဲမဲအကောင်က ခွန်းမောင်တို့အနားကိုရောက်လာပြီး လည်ပင်းမှာပတ်ထားတဲ့ လျာကို ဆန့်ထုတ်ကာ အနားကိုကပ်သွားတဲ့အချိန် ပြင်းထန်တဲ့တွန်းကန်အားတစ်ခုကြောင့် အနားမရောက်ခင်မှာပဲ ဝါးတစ်ပြန်စာလောက်ကိုလွင့်ထွက်သွားခဲ့တယ်။
" ချွတ် ချွတ် ဂျွတ် ... ဝရုန်း ဝုန်း"
လူမရှိတဲ့လယ်ကွင်းဘက်ကနေ ကြားလိုက်ရတဲ့အသံကြောင့် ခွန်းမောင်တို့နှစ်ယောက် ဂစ်တာကိုဘေးချပြီးကြည့်လိုက်တော့ ကောက်လှိုင်းတွေကြားထဲမှာ အထင်းသားပေါ်နေတဲ့ စွတ်ကြောင်းတစ်ခုကိုလရောင်အောက်မှာအထင်းသားမြင်လိုက်ရတယ်။
" ဟေ့ကောင် ငါကြောက်လာပြီဟ... ဘာမှမမြင်ရပဲ စွတ်ကြောင်းကြီးပေါ်လာတာ သွေးရိုးသားရိုးတော့မဟုတ်ဘူးနော်"
ဒီတစ်ခါတော့ ခွန်းမောင်တစ်ယောက် ကောင်းစံစကားကို မပယ်ရှားရဲတော့ပဲ ဂစ်တာကိုကိုင်ကာ တစ်ချိုးထဲလစ်ပြေးကြပါလေရော။
+++++++
" တောက်စ်.... အဟင်းအဟင်း"
အိမ်ထရံနားကနေ ကြားလိုက်ရတဲ့ တောက်ခတ်သံကြောင့် အိပ်ပျော်နေတဲ့ ဆုဝေ လန့်နိုးလာခဲ့တယ်။
" ရှပ် ရှပ် ရှပ်... "
ခြေသံတွေက အိမ်ထဲမှာ လျောက်သွားနေသလို ကြားလိုက်ရတော့ အိပ်နေရာကနေ ငုတ်တုတ်ထိုင်လိုက်ပြီး မီးအိမ်ကိုအရှိန်မြှင့်တင်လိုက်တယ်။
" ဘယ်သူလဲ..."
" ဝုန်း... ဒုန်း... ခလွမ်း"
စကားသံအဆုံးမှာ အိမ်နောက်ဘေးဘက်ကနေ အိုးခွက်ပန်းကန်တွေကျကွဲတဲ့အသံကို တစ်ဆက်ထဲကြားလိုက်ရတယ်။
ဒီတစ်ခါတော့ ဆုဝေမကြောက်တော့ပဲ ဖြတ်သွားဖြတ်လာလုပ်ပြနေတဲ့ အရိပ်မဲမဲကြီးကိုကြည့်ကာ
" ထပ်မနှောက်ယှက်ပါနဲ့တော့ ဆုဝေ တောင်းပန်ပါတယ်... ဆုဝေသူ့ကိုတကယ်ချစ်တာပါ၊ အခုလိုလုပ်နေတာတွေကိုရပ်တန်းကရပ်ပါတော့"လို့တီးတိုးပြောဆိုလိုက်တယ်။
ဒါပေမယ့် အဲလိုပြောလေ ဖျတ်ခနဲဖျတ်ခနဲပေါ်လာတဲ့ အရိပ်မဲမဲကြီးဆီကနေ အံကြိတ်သံ တောက်ခတ်သံတွေအပြင် မပီမပြင်ဝါးတဝါးပြောဆိုသံတွေ ထွက်ျပ်ါလာတာကိုသတိထားမိခဲ့တယ်။ ဒီလိုနဲ့ တစ်ညလုံး အိပ်မရအောင် သောင်းကျန်းပြီး အရုဏ်တက်ချိန်ရောက်တော့ ခေါင်းရင်းထရံပေါက်နားကနေ
" နင့်အကောင် လက်မောင်းမှာ ပတ်ထားတဲ့အဆောင်ကို ချွတ်ခိုင်းလိုက်" ဆိုတဲ့အသံနဲ့အတူ မြင်နေကြားနေရတာတွေရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။
နောက်နေ့မနက်ရောက်တော့ ဆုဝေလဲ အဘကိုအကျိုးအကြောင်းပြောပြပြီး ကောင်းစံနဲ့ ခွန်းမောင်ကို ခေါ်ခိုင်းကာ လက်မောင်းကိုကြည့်လိုက်တော့ အနီရောင်ပိုးကြိုးနဲ့ကျစ်ထားတဲ့ အဆောင်လက်ဖွဲ့တစ်ခုကိုမြင်လိုက်ရတယ်။
" ခွန်းမောင် ... အစ်မကိုမှန်မှန်ပြောစမ်း၊ ညက မင်းတို့ဘယ်သွားကြသေးလဲ"
" ဘယ်မှမသွားပါဘူး ဘာဖြစ်လို့လဲ"
" အစ်မက လိမ်တာကိုအမုန်းဆုံးပဲနော် နောက်တစ်ခေါက်ထပ်မေးမယ်.. ညကဘယ်သွားကြသေးလဲ"
ဒီတစ်ခါတော့ ခွန်းမောင် မညာဝံ့တော့ပဲ ညကအကြောင်းအရာတွေကို ပြောပြလိုက်တယ်။
" ကံသီပေလို့ပေါ့ကွယ်... ညကနင်တို့အသက်ကို ဒီအဆောင်လက်ဖွဲ့က ကယ်လိုက်တာ၊ ဒါကို နင်တို့ဘယ်က ရခဲ့တာလဲ"
" ရွာပြင်စေတီမှာ အဓိဌာန်ဝင်နေတဲ့ ဆရာတွေပေးထားတာ ၊ ဘာဖြစ်လို့လဲ"
" မင်း အစ်မကို တကယ်ချစ်လား"
ဆုဝေရဲ့ စကားကြောင့် ခွန်းမောင် ဆွံ့အသွားပြီး
" ရုတ်တရက်ကြီး ဘာလို့မေးတာလဲ"
" မေးတာကို ဖြေစမ်းပါ... အစ်မကို တကယ်ချစ်တာလားလို့"
" ချစ်တာပေါ့ဗျ... မ ကသာခွင့်ပြုရင် ချက်ချင်းလက်ထပ်ယူမှာ"
" ကောင်းပြီ ဒါဖြင့်ရင် ရွာပြင်စေတီမှာရှိနေတဲ့ဆရာဆီလိုက်ပို့ပေး၊ ကောင်းစံ မင်းလဲအတူလိုက်ခဲ့"
ဆုဝေရဲ့ ဆိုင်းမဆင့်ဗုံမဆင့်စကားကြောင့် ခွန်းမောင်တို့ ကြောင်အအဖြစ်ကာ ရွာပြင်စေတီဘက်ကိုထွက်လာခဲ့လိုက်တယ်။ စေတီရောက်တော့ စင်္ကြန်လျောက်နေတဲ့ ဆရာနှစ်ယောက်နဲ့ ဆုံတဲ့အတွက် ဆုဝေက သူဖြစ်ပျက်နေတဲ့အရာတွေကို ဖွင့်ပြောကာ အကူအညီတောင်းခံခဲ့တယ်။
" အမိ ပြောတဲ့ပုံအရ အဲဒီပုဂ္ဂိုလ်က အိမ်ထဲထိတောင် ဝင်ထွက်လို့ရတယ်ဆိုတော့ သူနဲ့အမိကြားထဲမှာ ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုရှိကိုရှိရမယ်"
" ဒါတော့ ကျွန်မလဲ တကယ်မသိတာပါ.. အခုလာရတာကလဲ ဆရာတို့အစွမ်းကိုယုံကြည်လို့လာခဲ့တာပါ"
" ကောင်းပြီလေ ကာယကံရှင်ကိုယ်တိုင်က တောင်းဆိုလာတော့လဲ ကျုပ်တို့လိုက်ပြီး ဖြေရှင်းပေးပါမယ်... မောင်ကောင်းရေ လိုအပ်တာတွေယူလာခဲ့ပါဦး"
သျောင်တစ်စောင်းထုံးထားတဲ့ဆရာရဲ့စကားကြောင့် မောင်ကောင်းဆိုသူက နီညိုရောင်လွယ်အိတ်ကိုယူလာပေးခဲ့တယ်။
ခွန်းမောင်နဲ့ကောင်းစံတို့လဲ မျက်စိသူငယ်နားသူငယ်နဲ့ ဆရာနှစ်ယောက်အနောက်ကနေ ယောင်ပေပေလိုက်လာခဲ့ကြတယ်။
++++++
ဆရာနှစ်ယောက်ကလဲ ခြံဝရောက်တာနဲ့ လွယ်အိတ်ထဲပါလာတဲ့ အင်းတစ်ချပ်ကိုထုတ်ကာ ကပ်လိုက်ပြီး အိမ်ပေါ်ကိုတက်လာခဲ့လိုက်တယ်။
" ခုချိန်ကစပြီး ကာယကံရှင် တွေ့ကြုံနေရတဲ့ ဖြစ်စဉ်ကိုကုသတော့မှာဖြစ်လို့ အိမ်ထောင်ဦးစီး အဘအနေနဲ့ ကြည်ကြည်ဖြူဖြူခွင့်ပြုမပြုလေးသိချင်ပါတယ်"
" ခွင့်ပြုပါတယ် ဆရာ... သမီး စိတ်ချမ်းသာဖို့ဆို ဘာဖြစ်ဖြစ်ခွင့်ပြုပါတယ်"
ဆရာနှစ်ယောက်လဲ ခွင့်ပြုချက်ရပြီမို့ ဘုရားကျောင်းဆောင်ပေါ်မှာ ဖယောင်းတိုင်ထွန်းပြီး ဆံပင်ကိုသျောင်ထုံးလိုထုံးထားတဲ့ဆရာက
" ဘုရားငါးဆူတို့၏အမိန့်... အထက်ဆရာကြီးများ၏အာဏာ၊ သမ္မာဒေဝနတ်ကောင်းနတ်မြတ်တို့၏ ကြည့်ရှုစောင်မမှုဖြင့် ကာယကံရှင်မိန်းကလေးကို နှောက်ယှက်ခြောက်လှန့်နေသော ပုဂ္ဂိုလ်အား ဆင့်ခေါ်လိုက်သည်... ဤအမိန့်ကိုကြားသည်နှင့် ချက်ချင်းကျုပ်ရှေ့ရောက်ရှိစေ... အာခံပြီးပေကပ်နေပါက ငရဲမီးနဲ့လောင်မြိုက်ခံရသလို ပူလောင်စေသား" လို့ပြောပြီးကြမ်းကိုလက်ဝါးနဲ့ပုတ်လိုက်ရာ အရှေ့မှာထိုင်နေတဲ့ ဆုဝေတစ်ယောက် ကတုန်ကယင်ဖြစ်လာပြီး မျက်လုံးတွေနီလာခဲ့တယ်။
" ရောက်ပြီဆိုရင် ဘုရားကို ဦးတိုက်.."
အမိန့်စကားသံအဆုံးမှာ ဆုဝေတစ်ဖြစ်လဲ အစွဲကောင်က ဘုရားကိုဦးတိုက်ကာ တဟင်းဟင်းနဲ့ ညီးတွားနေခဲ့တယ်။
" သင် ဘယ်သူလဲ... ဘာကြောင့် ဒီကလေးမကို နှောက်ယှက်နေရတယ်ဆိုတာပြောပါ"
" ငါ့နာမည်က ဖိုးသံခဲ ... ဒီကလေးမက အတိတ်ဘဝမှာ ငါ့သမီးဖြစ်ခဲ့ဖူးတယ်.. သူအိမ်ထောင်ပြုရင် ငါ့ဆီစိတ်မလည်တော့မှာစိုးလို့ အခုလိုလုပ်တာ"
ဆုဝေဆီကနေ ယောင်္ကျားသံကြီးထွက်လာတော့ ခွန်းမောင်၊ ကောင်းစံနဲ့ အဘပါ အံ့ဩသွားခဲ့တယ်။
" သင် နဲ့ သူက ဘဝခြားနေပြီလေ... အခုလိုမျိုးလုပ်လို့ဘယ်ရတော့မလဲ၊ သူ့ဘဝသူ လွတ်လပ်စွာရွေးချယ်ခွင့်ပြုပါစေ"
" မရဘူး... ငါ့သမီးကိုပေးတုန်းက ကလေးမွေးပြီးရင် ငါ့ကိုအိမ်ထဲဝင်ထွက်ခွင့်ပြုမယ်လို့ ဒီလင်မယားကတိပေးထားတာ... ကလေးလဲမွေးပြီးရော သူ့မိန်းမက ကတိဖျက်ပြီး ငါ့ကိုအိမ်ထဲပေးမဝင်ဖို့ကြိုးစားလို့ သတ်ပစ်ခဲ့တာ"
" ဟုတ်လား အဘ အဲလိုကတိပေးခဲ့ဖူးတာလား"
" အဲဒါက အိမ်နောက်က ညောင်ပင်မှာရုက္ခစိုးရှိတယ်ဆိုပြီးသတင်းကြီးလို့ လင်မယားနှစ်ယောက် ကလေးဆုပန်ခဲ့တာ၊ သူပြောသလို ခွင့်ပြုခဲ့တယ်ဆိုတာတော့ အဘလဲမသိခဲ့ဘူး"
" နင်မသိပေမယ့် နင့်မိန်းမသိတယ် ၊ ငါ့ကို လိမ်လည်လှည့်ဖျားဖို့မကြိုးစားနဲ့... နင့်ကိုပါအသေသတ်ပစ်မှာ"
" တယ် ... ဆရာတွေရှေ့မှာတောင် လူအသက်ကိုသတ်မယ်လို့ပြောရဲတဲ့သူ အခုချက်ချင်း အင်းစောင့်တွေက ပြောတဲ့ပါးစပ်ကို မီးမြိုက်ကြစမ်း"
ဆရာဖြစ်သူပြောလိုက်တဲ့စကားအဆုံးမှာ ဝင်ပူးနေတဲ့သူက သူ့ပါးစပ်သူလက်နဲ့ရိုက်ပြီး
" အမလေး ပူလှချည်ရဲ့... ပါးစပ်တစ်ခုလုံး မီးတွေစွဲနေပြီ မလုပ်ပါနဲ့တော့ ထပ်မပြောတော့ပါဘူး" လို့ပြောကာ ရုန်းကန်နေခဲ့တယ်။
" အင်းစောင့်တွေ မီးစကိုပြန်သိမ်းထား... ကဲ အခု သင့်အနေနဲ့ နောက်ထပ်မနှောက်ယှက်တော့ဘူးလို့ ကတိပေးရင် ပြန်လွှတ်ပေးမယ်"
" ငါကတိပေးရင် သမီးဆီလာလို့မရတော့ဘူးပေါ့... အမလေး အဖြစ်ဆိုးလှချည်ရဲ့ကွယ်.. ငါ့သမီးကို ငါချစ်လို့ စောင့်ရှောက်တာကို ဒင်းတို့က ဆရာတွေနဲ့ခေါ်ပြီးနှိပ်စက်ကြတာပါလား အဟီးအဟီး"
" သင်ချစ်တာက အရမ်းအစွန်းရောက်လွန်းတယ်... သင့် သမီးကိုချစ်တယ်ဆိုရင် သူရဲ့ဆန္ဒကို လိုက်လျောပေးလိုက်ပါ... သင်အနေနဲ့ သူ့အနားမှာနေလို့ရအောင် ကျုပ်တို့ကူညီပေးမယ်"
" ဟင် တကယ်ပြောတာလား ကျုပ်သမီးအနားမှာ နေခွင့်ရမယ်ဆိုတာ သေချာလား"
" ကျုပ်တို့က ကတိသစ္စာနဲ့ အလုပ်လုပ်နေသူမို့ မုသားကို ဟာသလိုတောင်မပြောဘူး.. သင်အနေနဲ့ ကာယကံရှင်အပြင် အခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မနှောက်ယှက်တော့ပါဘူးလို့ ကတိပေးနိုင်သလား"
" ကတိပေးတယ် ကျုပ်ကိုသမီးအနားမှာပဲ ထားပေးပါ... သူနဲ့မခွဲဘူးဆိုရင် ဘယ်သူကိုမှ ဒုက္ခမပေးတော့ဘူး"
" ကောင်းပြီး ဒါဆို သင်အနေနဲ့ သစ္စာရေသောက်ပါ"
" သောက်ပါ့မယ် ကျုပ် သောက်ပါမယ်"
အဲဒီတော့မှ ဆရာဖြစ်သူက သစ္စာရေတိုက်ကာ နောက်နှောင် ဘယ်သူကိုမှဒုက္ခမပေးဖို့ ဆုံးမကာ ထွက်ခွာခွင့်ပေးခဲ့တယ်။
အဲဒီနောက်ပိုင်း ဆုဝေအနေနဲ့ အသံတွေအရိပ်တွေကိုမကြားမမြင်ရတော့ပဲ ခွန်းမောင်နဲ့ပျော်ရွှင်စွာလက်တွဲသွားနိုင်ခဲ့တယ်။ ဆုဝေနဲ့ ခွန်းမောင်တို့ အိမ်ထောင်ကျပြီး နှစ်နှစ်ကြာတော့ ပထမဆုံးသားဦးလေးကို မွေးဖွားခဲ့တယ်။
ကောင်းစံနဲ့ အဘဖြစ်သူကတော့ ဒီကလေးက ညောင်ပင်မှာနေတဲ့ဖိုးသံခဲဝင်စားတာလို့ တစ်ထစ်ချယုံကြည်ခဲ့ကြတယ်။
ခွန်းမောင်နဲ့ ကောင်းစံတို့ရဲ့လက်မောင်းမှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဆရာနှစ်ယောက်ပေးသွားတဲ့ အဆောင်ကြေးပြားလက်ပတ်ကတော့ အစဉ်အမြဲနေရာယူလျက်....။
အောင်မြတ်သာတို့ဆရာတပည့်နှစ်ယောက်လဲ ခွန်းမောင်တို့လင်မယားပေါင်းဖက်နိုင်အောင် ကူညီပေးပြီးတဲ့နောက်မှာ ကျို့ဒုံဆိုတဲ့ ရွာမကျ မြို့မကျနေရာလေးတစ်ခုကိုရောက်လာခဲ့တယ်။
အရက်ပုလင်းကိုမြေကြီးပေါ်လောင်းချရင် အရက်က မြေကိုမထိပဲ လေထဲမှာတင်ပျောက်သွားလောက်အောင် ကြမ်းတမ်းတဲ့ကျို့ဒုံမြို့မှာ ဆရာတပည့်နှစ်ယောက်ဘယ်လိုတွေ လက်စွမ်းပြမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်အခေါင်းစင်ပေါ်ကကျတ်တစ္ဆေဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
စာရေးဆရာ-ဇေယန(ရာမည)အားလေးစားလျက်မေတ္တာဖြင့်မျှဝေသည်။🙏🙏🙏
🔰(Like & Share လေးနဲ့အား ပေးသွားခဲ့ကြပါ)🔰

No comments

Post a Comment