ကျွန်မမှားသည်(စ/ဆုံး)

  ကျွန်မမှားသည်(စ/ဆုံး) —————————— ကျွန်မနာမည်ကတော့ သံစဉ်ပါ ကျွန်မဘဝရဲ့အချစ်ရဆုံးသူတစ်ယောက်ရဲ့ လူမဆန်တဲ့လုပ်ရက်ကြောင့် ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့... thumbnail 1 summary

 ကျွန်မမှားသည်(စ/ဆုံး)

——————————
ကျွန်မနာမည်ကတော့ သံစဉ်ပါ
ကျွန်မဘဝရဲ့အချစ်ရဆုံးသူတစ်ယောက်ရဲ့
လူမဆန်တဲ့လုပ်ရက်ကြောင့်

ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ပြစ်တင်မှုကိုခါးစည်းပြီး
ခံခဲ့ရသူပါ။
ဒီအဖြစ်အပျက်မှာကျွန်မမှားခဲ့တာလည်း
ပါတာပေါ့ရှင်

ကျွန်မဘဝထဲကိုသူဝင်လာတဲ့နေ့ကတော့

“ညီမရေ ဒီဆိုင်မှာအမျိုးသားသုံး
ရေမွှေးများရနိုင်မလား”

ရုတ်တရက်ကြားလိုက်သည့်အသံကြောင့်
သံစဉ်နောက်သို့လှည့်ကြည့်လိုက်မိသည်။

မျက်ခုံးကောင်းကောင်း၊အသားညိုညို
ဘော်ဒီခပ်တောင့်တောင် ရုပ်ကလည်း
ညိုချောလေးမို့ ကျွန်မခေတ္တမျှကြောင်
ကြည့်နေမိသည်။

“ညီမ အစ်ကိုမေးတာကြားလားမသိဘူး”

“သြော် ဟုတ်ကဲ့ အစ်ကိုဘာများလိုချင်လို့ပါလဲ”

“ဟုတ် အမျိုးသားသုံးရေမွှေးများရှိလားလို့
မေးတာပါ”

“ဟုတ် ရှိပါတယ်ရှင့်”

“ဒါဖြင့်ရင် အစ်ကို့ကိုပြပါ”

“ဟုတ် အစ်ကိုဒါလေးတွေက အခုအတော်များများယောကျ်ားလေးတွေ
စွတ်နေတဲ့ရေမွှေးလေးတွေပါ
အနံ့ကလည်း အမျိုးစုံရှိပါတယ်ရှင့်”

ထိုအမျိုးသားက ရေမွှေးဘူးများကို
စိတ်ကြိုက်ရွေးနေသည်။

သံစဉ်လည်း ထိုအမျိုးသားကိုမဝံမရဲ
ကြည့်နေမိသည်။

“အစ်ကိုဒါလေးယူမယ်နော် ညီမ
ဘယ်လောက်လဲညီမ”

“ဟုတ် ၃သောင်းပါအစ်ကို”

ထိုအမျိုးသားက ဘောင်းဘီအိတ်ကပ်ထဲက
ပိုက်ဆံအားနှိုက်ယူနေလေသည်။

“ဟာ…သွားပြီ”

“ဘာဖြစ်လို့လဲ အစ်ကို”

အစ်ကိုကြီးက ပိုက်ဆံအားကြည့်ပြီး
တအံ့တသြဖြစ်သွားသည့်အတွက်
သံစဉ်ကမေးလိုက်ခြင်းဖြစ်သည်။

“အစ်ကို့ပိုက်ဆံ ၅၀၀၀ကျကျန်နေခဲ့ပြီထင်တယ်
အခု၂၅၀၀၀ပဲရှိတော့တယ် ဒုက္ခပဲ
ပြန်ယူရအောင်လို့လည်း အဆောင်က
အဝေးကြီးသွားရဦးမှာ
ခက်တာပဲဗျာ”

အစ်ကိုကြီးက ရေမွှေးဘူးအားကြည့်ပြီး
စိတ်ညစ်စွာဖြင့်ညည်းညူနေသည်ကို
မြင်ပြီးသံစဉ်ကသနားမိသွားသည်။

“ဒါဖြင့်ရင် ဒီလိုလုပ်လိုက်ပါလား အစ်ကို
အစ်ကိုကလည်းဒီရေမွှေးဘူးကို
လိုချင်တာမလား လိုနေတဲ့ငွေ၅၀၀၀ကို
ညီမစိုက်ထားပေးမယ်လေ
နောက်မှအစ်ကိုက ညီမကိုပြန်ပေးပေါ့
မဟုတ်ဘူးလား”

“ညီမကဒီကအရောင်းဝန်ထမ်းမလား
ရပါတယ်ညီမရယ် အားနာလို့ပါ”

“ရပါတယ်ရှင့် ညီမကိုအားနာဖို့
မလိုပါဘူးညီမစိုက်ထားပေးနိုင်ပါတယ်”

“ကျေးဇူးတင်ပါတယ် ညီမရယ်
အစ်ကို့ကိုအခုလိုယုံယုံကြည်ကြည်နဲ့ကူညီပေးလို့
မနက်ဖြန် ဒီဆိုင်ကိုအစ်ကိုဆက်ဆက်
လာဖြစ်အောင်လာပေးပါ့မယ်”

“ဟုတ်အစ်ကို ရပါတယ်ရှင့်
ညီမကဒီဆိုင်မှာအမြဲရှိပါတယ်
အချိန်မရွေးလာခဲ့ပါ”

“ဒါဖြင့်ရင် အစ်ကို့ကိုပြန်ခွင့်ပြုပါဦး”

“ဟုတ်ကဲ့ရှင့်”

ဈေးဝယ်ပြီးထွက်သွားသည့်အစ်ကိုကြီးအား
သံစဉ်ကြည့်ကာပြုံးနေမိသည်။

“ဟဲ့ ကောင်မ”

“ဟဲ့ ပလုတ်တုပ် လန့်လိုက်တာ
ခိုင်ဇာရယ် ဘာလဲပြော”

“အမယ် အမယ်ကောင်မ ငါမသိရင်
ခက်မယ်နော် ဟွန်းဟွန်း ညည်းဟိုအစ်ကိုကြီးကို
ဘာလို့အခုလိုကူညီလိုက်တာလဲဆိုတာ’

“ငါက သဘောရိုးနဲ့ကူညီလိုက်တာပါဟာ
နင်ကလည်းတမျိုးတွေထင်မနေစမ်းပါနဲ့”

“ဟင်.မထင်လို့ရမလား ညည်းက
ငါတို့လိုသူငယ်ချင်းအချင်းချင်းတွေတောင်
ပိုက်ဆံချေးဖူးလို့လား
အခုတစ်ခါမှမမြင်ဖူးတဲ့ သူကိုကြတော့
ငွေ၅၀၀၀တောင်ကူညီပေးလိုက်တာကို
ကြည့်လေ”

“နင်ကလည်းဟာ ဘာမှန်းမသိဘူး
ငါကစေတနာနဲ့ကူညီတာပါလို့ပြောနေတာပဲ
ဟာကိုဇွတ်တွေလာကောနေတယ်”

“ငါကညည်းအတွက်ပြောတာပါအေ
ကောင်မပြောလိုက်ရင် နှုတ်ခမ်းက
ရှေ့ကိုတစ်တောင်လောက်ထော်နေပြီ
လာ ထမင်းသွားစားကြမယ်”

“ကောင်းတယ် လာ”

ညနေ၆နာရီကျော်မှဆိုင်သိမ်းပြီး
အိမ်သို့သူငယ်ချင်း၂ယောက်အတူတူ
ပြန်လာခဲ့ကြသည်။

“ခိုင်ဇာ ခဏလေးနော် အမေ့အတွက်
ဆေးဝင်ဝယ်ချင်လို့ ”

“အေးအေး ဝယ်လေ”

ခိုင်ဇာလည်းဆေးဆိုင်နှင့်မလှမ်းမဝေးတွင်
ရပ်ပြီးသံစဉ်အားစောင့်နေလိုက်သည်။

ခဏခန့်ကြာမှ ဆေးဆိုင်အတွင်းမှ သံစဉ်
ပြန်ထွက်လာသည်။

“ဘာဆေးတွေလဲဟဲ့”

“အမေ့အတွက် အားဆေးတွေပါဟာ
အမေကအခုတလော အားနည်းနေလို့ဟ
ဒါကြောင့်ဝယ်လာခဲ့တာ’

“နင့်မလည်းအရွယ်နဲ့မလိုက်
အိမ်ရဲ့ဒဏ်တွေခံနေရတာပဲနော်
ငါတော့နင့်ကိုကြည့်ပြီး တစ်ခါတလေ
စိတ်မောတယ်သိလား”

“ဘဝဆိုတာဒီလိုပါပဲသူငယ်ချင်းရယ်
အမြဲတမ်းကြီးတော့ ဘယ်အဆင်ပြေနေပါ့မလဲ”

“နင့်အစ်ကိုဖိုးနောင်ကလည်း အလုပ်တော့
လုပ်ပါရဲ့ သူလုပ်တဲ့လုပ်အားခက
သူအရက်သောက်တာနဲ့တင်ကုန်နေတာ
အိမ်အတွက်ခေါင်းထဲတောင်မထည့်ဘူး
သူလုပ်ချင်ရာလုပ်နေတော့တာပဲ”

“ဟုတ်တယ်ဟ သူသာအိမ်အပေါ်
သိတတ်ရင်ငါအသက်ရှူချောင်သေးတာ
ပေါ့ဟာ
ကဲ စကားပြောကောင်းနေကြတာ
ငါ့အိမ်ရှေ့တောင်ရောက်နေပြီ
မနက်ဖြန်မှတွေ့မယ် သူငယ်ချင်း”

“အေးအေး ငါသွားပြီ”

“အင်းအင်း”

သံစဉ်လည်း ခိုင်ဇာအားနှုတ်ဆက်ပြီး
အိမ်ထဲဝင်လာခဲ့သည်။

“သမီးတောင်ပြန်လာပါပေါ့လား”

“ဟုတ်တယ် အဖေ ဒါနဲ့အမေရော”

“ရှိပါ့ဗျာ ရှိပါ့အိမ်ထဲမှာ”

“အမေရေ အမေ ရော့ဒီမှာ အမေ့အတွက်
အားဆေးတွေ ဝယ်လာခဲ့တယ်”

“ဟယ် ပိုက်ဆံတွေအကုန်ခံပြီး
ဝယ်မလာပါနဲ့ငါ့သမီးရယ် အမေနေကောင်းပါ
တယ်”

“အမေကလည်း ငွေဆိုတာမသေမချင်းရှာလို့ရတယ်
လူတစ်ယောက်အသက်ကအစားရှာမရဘူး
အမေရဲ့”

“အေးပါ အေးပါ မိဘအပေါ်သိတတ်တဲ့
ငါ့သမီးလေး ကျန်းမာပါစေ ချမ်းသာပါစေကွယ်
ကဲ ကဲ ခဏနားလိုက်ဦး ပြီးမှရေမိုးချိုးပြီး
တို့မိသားစုတွေ ထမင်းစားကြတာပေါ့
ညည်းအစ်ကိုကတော့ ထုံးစံအတိုင်း
အရက်ဆိုင်မှာရောက်နေရောပေါ့
သူ့စောင့်နေရင်ထမင်းစားရမှာမဟုတ်ဘူး”

“ဟုတ်အမေ”

သံစဉ်လည်းတအောင့်နားပြီးနောက်
ရေချိုးလိုက်သည်။

မိခင်ဖြစ်သူကတော့ သံစဉ်ရေချိုးနေခိုက်
ထမင်းပွဲအားပြင်ဆင်နေလေသည်။

သံစဉ်လည်းရေချိုးပြီးရော အားလုံးအဆင်သင့်
ဖြစ်နေခဲ့သည်။

“သမီးကြိုက်တဲ့ဟင်းလေးချက်ထားတယ်
စားငါ့သမီးလေး”

“ဟုတ်အမေ”

“သမီးအလုပ်ထဲမှာအဆင်ပြေရဲ့လား”

“ပြေပါတယ် အဖေ ”

“အေးအေး ကောင်းတယ် စေတနာပါပါလုပ်
ငါ့သမီး စေတနာကောင်းရင် ကံကောင်းမယ်
သမီး”

“ဟုတ် သမီးစေတနာထားပြီး
လုပ်နေပါတယ်”

မိသားစုထမင်းဝိုင်းလေးပြီးခဲ့သည်။

သံစဉ်လည်း မိခင်ဖြစ်သူအား နင်းနှိပ်ပေးပြီး
အိပ်ရာဝင်ခဲ့သည်။

ည၁၀နာရီကျော်တော့ အိမ်ရှေ့မှခြံတံခါးခေါက်သံကြောင့် သံစဉ်နိုးလာ
ခဲ့သည်။

သံစဉ်သိလိုက်သည် ယခုအချိန်တံခါးလာခေါက်သူမှာ
အစ်ကိုဖြစ်သူကလွဲ၍မည်သူမှမရှိပေ။

သံစဉ်လည်းအိပ်ရာထဲမှထလာပြီး
အိမ်ရှေ့တံခါးအားဖွင့်ပေးလိုက်သည်။

“ညီမလေး မအိပ်သေးဘူးလား”

“အိပ်ပြီ အစ်ကိုပြန်လာမှန်းသိလို့
လာဖွင့်ပေးတာ အစ်ကိုလည်းနော်
ဒီအရက်တွေပဲနေ့တိုင်းသောက်နေတော့တာပဲ
မြန်မြန်သေချင်လို့လား”

“အစ်ကို့မှာ အဖော်ဆိုလို့ဒီအရက်ပဲရှိတာပါ
ငါ့ညီမရယ် ဒါကြောင့်သူ့ကိုစွဲစွဲလန်းလန်း
ဖြစ်နေတာ”

“တော်ပြီအိမ်ထဲဝင်တော့ အစ်ကိုညဉ့်နက်လှပြီ”

သံစဉ်လည်းအစ်ကိုဖြစ်သူအားအိမ်ထဲ
ခေါ်ခဲ့ပြီးနောက် အိပ်ရာထဲပြန်ဝင်ခဲ့တော့သည်။

===============

ယနေ့ သံစဉ်တစ်ယောက် ဆိုင်တွင်ဝယ်ယူသူ
များပြားနေသဖြင့် အလုပ်ရှုပ်နေသည်။

“ညီမလေး ညီမ”

နောက်မှခေါ်သံကြောင့် သံစဉ်လှည့်ကြည့်လိုက်သည်။

“သြော် အစ်ကိုပါလား”

“ဟုတ်တယ် ညီမ အစ်ကိုညီမယူက
ချေးထားတဲ့ငွေ၅၀၀၀ကိုလာပေးတာပါ”

“ဟုတ်ကဲ့ ကျေးဇူးပါအစ်ကို”

“ဘယ်ကလာ အစ်ကိုကသာကျေးဇူးတင်ရမှာပါ
ညီမသာမကူညီရင် အစ်ကိုလိုချင်တဲ့ရေမွှေးဘူးလေး
ဘယ်ရပါ့မလဲ”

“ဟုတ် နောက်လည်းလာအားပေးပါဦးရှင့်”

“အားပေးမှာပါ အစ်ကို့ကိုသွားခွင့်ပြုပါဦး ညီမ”

“ဟုတ်ကဲ့ အစ်ကို”

အစ်ကိုကြီးကငွေ၅၀၀၀အားပေးပြီး
ဆိုင်အပြင်သို့ထွက်သွားလေသည်။

သံစဉ်လည်း ထိုအစ်ကိုကြီးပေးသွားသည့်
၅၀၀၀တန်အား အမှတ်တရသိမ်းရန်အတွက်
သူ၏ပိုက်ဆံနဲ့လဲကာ ဆိုင်ရှင်အားပေးလိုက်သည်။

တစ်နေ့ သံစဉ်တစ်ယောက် မြို့ ထဲဈေးသွားဝယ်စဉ်

“ဟာ ညီမလေး တစ်ယောက်တည်းလား”

“ဟာ အစ်ကိုမတွေ့တာတောင်ကြာပြီ
နေကောင်းရဲ့လား”

“ကောင်းပါ့ဗျာ ကောင်းပါ့ ဒါနဲ့ညီမအားလား”

“ဟုတ်ညီမဒီနေ့အားပါတယ်”

“အားရင် အစ်ကိုညီမလေးကို ကော်ဖီလိုက်တိုက်ပါရစေ”

“မလုပ်ပါနဲ့အစ်ကိုရယ် အားနာစရာကြီး”

“လာပါ ကိုယ့်ကိုကူညီဖူးတဲ့သူကို
အစ်ကို့ဘက်ကပြန်တုံ့ပြန်တဲ့အနေနဲ့
တိုက်ပါရစေ လာပါ”

“ဟုတ် ဟုတ်ကဲ့”

သံစဉ်လည်း ထိုအစ်ကိုကြီးက အတင်းခေါ်
သဖြင့်ကော်ဖီဆိုင်ထဲဝင်လာခဲ့ကြသည်။

“အစ်ကိုတို့ဘာမှာမလဲခင်ဗျ”

“ကော်ဖီ၂ခွက်လောက်”

“ဟုတ်ကဲ့ ခဏနေရင်ရပါမယ်ခင်ဗျ”

“ဒါနဲ့ ညီမကိုလူသာရင်းနီးနေတာ
နာမည်လည်းအခုထိမသိရသေးဘူး”

“ဟုတ် ညီမနာမည်သံစဉ်ပါ”

“သြော် သံစဉ်တဲ့လား အစ်ကို့နာမည်လည်း
မှတ်ထားဦး ကိုဖြိုးပါ”

“ကိုဖြိုးက ဒီမြို့ ကမဟုတ်ဘူးထင်တယ်”

“ဟုတ်တယ် ကိုဖြိုးက နယ်ကလာပြီး
ဒီမှာအလုပ်လာလုပ်တာ ညီမကရော
ဒီမြို့ ကလား”

“အင်း…ဟုတ်တယ် ညီမလေးက
ဒီမှာပဲမွေးဒီမှာပဲကြီးတာလေ”

“ရော့ ဒါကအစ်ကို့ဖုန်းနံပါတ်
ညီမအကူအညီလိုရင် အချိန်မရွေးဆက်လိုက်ပါ”

“ဟုတ်ကဲ့ အစ်ကို ညီမအကူအညီလိုတဲ့အခါ
ဆက်လိုက်ပါ့မယ်”

“ညီမလေးနံပါတ်လေး ဖြစ်နိုင်ရင်
အစ်ကို့ကိုပေးလို့ရမလား”

“ဟုတ်ရပါတယ်ရှင့်”

သံစဉ်လည်း ကိုဖြိုးအားဖုန်းနံပါတ်ပြန်လည်
ပေးလိုက်သည်။

ကိုဖြိုးနဲ့သံစဉ်တို့ကော်ဖီဆိုင်တွင်
နာရီဝက်ခန့်ထိုင်ပြီးမှ နှုတ်ဆက်ကာပြန်လာခဲ့
ကြသည်။

အဲဒီနေ့က သံစဉ်ဘဝမှာပျော်ခဲ့ရတယ်ဆိုရင်
မမှားဘူးပေါ့ရှင် ကိုယ်တစ်ဖက်သက်စိတ်ဝင်စား
နေရတဲ့လူတစ်ယောက်နဲ့ ကော်ဖီဆိုင်မှာ
အတူထိုင်ခဲ့ရသလို
သူ့ရဲ့ဖုန်းနံပါတ်လည်းရခဲ့တာလည်း
ပါတာပေါ့ရှင်

အဲဒီနောက်ပိုင်း သူနဲ့ကျွန်မညတိုင်းလိုလို
ဖုန်းတွေပြောဖြစ်ခဲ့ကြတယ်
မကြာခဏတွေ့ဖြစ်ခဲ့ကြတယ်
ကျွန်မသူငယ်ချင်းခိုင်ဇာလည်းကျွန်မနဲ့အတူပါတာပေါ့ရှင်

တစ်နေ့ရောက်တော့ ကိုဖြိုးဆီကနေ
အမျှော်လင့်ဆုံးစကားတစ်ခွန်းကို
ကျွန်မကြားလိုက်ရတယ်

“သံစဉ်”

“ရှင် ကိုဖြိုး”

“သံစဉ်ကို ကိုယ် ချစ်တယ်…”

“ရှင်…”

ကျွန်မလေ အံ့သြလွန်းလို့ဘာပြောရမှန်းမသိအောင်
ကြောင်ပြီးရပ်နေခဲ့မိတယ်

“သံစဉ် ကိုယ်ပြောတာကိုကြားရဲ့လားဟင်”

“ဟုတ် ကြား ကြားပါတယ်”

“သံစဉ်ကိုယ့်အချစ်ကိုစဉ်းစားပေးနိုင်မလား”

“အ အယ်သံစဉ် စဉ်းစားပါရစေ”

“ရပါတယ် သံစဉ် အချိန်ယူပြီးသေချာ
စဉ်းစားပါ ကိုဖြိုးသံစဉ်ဆီက အဖြေကို
စောင့်နေပါ့မယ်”

အဲဒီနေ့က ကျွန်မလေပျော်လွန်းလို့
အိပ်လို့တောင်မပျော်ခဲ့ဘူး
ပြန်တွေးလိုက်တိုင်းပြုံးမိတာပေါ့
ခိုင်ဇာကိုလည်းပြောပြလိုက်တယ်

သူကလည်းကျွန်မပြောတာတွေနားထောင်ပြီး
ပြုံးနေတာပေါ့

ကိုဖြိုးက ချစ်ခွင့်ပန်ပြီးတဲ့နောက်ပိုင်း
သံစဉ်အလုပ်လုပ်တဲ့ဆိုင်ရှေ့ကို
အိမ်ပြန်ချိန်တိုင်းလာပြီးစောင့်နေတတ်တယ်
သံစဉ်ကိုလည်းအိမ်အနားထိရောက်အောင်
လိုက်ပို့ပေးတယ်
တစ်ခါတလေ ကိုဖြိုးနဲ့ရပ်ပြီးစကားတွေပြောမိတော့
အိမ်ပြန်ချိန်တွေတောင်နောက်ကျခဲ့ရတယ်

ဒါကိုပဲကျွန်မသာယာနေမိခဲ့တယ်
ကိုဖြိုးရဲ့ အပြုံးတွေ အပြောတွေအောက်မှာ
ကျွန်မနစ်ရင်းနစ်ရင်း ဆုံးဆုံးမြုပ်ခဲ့ရတာပေါ့ရှင်

၁လလောက်နေတော့ ကျွန်မကိုဖြိုးကို
အဖြေပေးလိုက်တယ်

“ကိုဖြိုးကို သံစဉ်ချစ်တယ်”

“တကယ် ပြောနေတာလားသံစဉ်”

“အင်း…တကယ်ပေါ့ကိုဖြိုးရယ်
သံစဉ်ကနောက်စရာလား”

“ဟာ…ဝမ်းသာလိုက်တာသံစဉ်ရယ်
ကိုဖြိုးဘဝမှာဒီနေ့ဟာအပျော်ဆုံးပဲ”

“ဟာ ကိုဖြိုး အတင်းကြီးမဖက်နဲ့လေ
လူတွေမြင်ကုန်ပါဦးမယ်”

“sorry ပါသံစဉ်ရယ် ကိုဖြိုးပျော်လွန်းလို့
သတိလက်လွန်ဖြစ်သွားတယ်ကွာ”

အဲ့ဒီနေ့ကတည်းက ကျွန်မတို့၂ယောက်
ချစ်သူတွေဖြစ်ခဲ့ကြတယ် အရယ်အပြုံးမရှိတဲ့
ကျွန်မလည်း ကိုဖြိုးနဲ့တွေ့မှ ပျော်ရွှင်ခဲ့ရတယ်

ကိုဖြိုးကို ကျွန်မဘဝရဲ့လက်တွဲဖော်အဖြစ်
ရွေးချယ်နိုင်ခဲ့လို့ ကျွန်မ အရမ်းပျော်ခဲ့တယ်

ဒီလိုနဲ့ ကျွန်မနဲ့ကိုဖြိုးတို့ ချစ်သူသက်တမ်း
၁လကနေ၂လ ၂လကနေ ၃လထိ
ရောက်လာခဲ့ကြတယ် ကိုဖြိုးက သံစဉ်ကို
အစစအရာရာဂရုစိုက်ပြီးကြင်နာပြခဲ့တယ်

ချစ်သူသက်တမ်း၆လပြည့်တဲ့နေ့မှာ
ကိုဖြိုးဆီကနေ စကားတစ်ခွန်းကို
ထူးဆန်းစွာကြားခဲ့ရတယ်

“သံစဉ် အစ်ကို့ကိုချစ်လား”

“ဘယ်လိုမေးလိုက်ပါလိမ့် ကိုယ်ရယ်
ချစ်တာပေါ့ ထာဝရအဆုံးထိ
ချစ်နေမှာ”

“ဒါဖြင့်ရင် ကိုဖြိုးတောင်းဆိုတာကို
လိုက်လျောပေးပါလားကွာ နော်”

“ကိုဖြိုးက ဘာကိုတောင်းဆိုချင်တာလဲ
ပြောလေ”

“ကိုယ်တောင်းဆိုချင်တာက ဟို”

ကိုဖြိုးရဲ့ အကြည့်တွေကိုကျွန်မနားလည်
လိုက်တယ် သူဘာကိုတောင်းဆိုနေသလဲ
ဆိုတာ ကိုပေါ့

ကျွန်မလည်းကိုဖြိုးရဲ့ဆန္ဒကိုရူးရူးမိုက်မိုက်
လိုက်လျောမိခဲ့တယ်

ကျွန်မဘဝရဲ့ အချစ်ဦးဆိုတော့
ကျွန်မအချစ်ရူးရူးခဲ့တာပေါ့ရှင်

၁ပတ်လောက်နေတော့ ကိုဖြိုးက
ကျွန်မဆီဖုန်းဆက်တယ် သူအလုပ်ကိစ္စနဲ့
နယ်ကိုခဏပြန်မယ်လို့ပြောတယ်

သိပ်မကြာပါဘူးလို့ ကျွန်မကိုဖုန်းထဲကနေ
ပြောခဲ့တယ် သူပြောသမျှခေါင်းညိတ်ပြီး
ယုံမိခဲ့တယ်

ရက်တွေကသာတဖြည်းဖြည်းကြာလာခဲ့တယ်
ကိုဖြိုးပြန်ရောက်မလာသေး
အလုပ်တွေမပြီးသေးလို့မလာနိုင်သေးလို့ပါ
ဆိုတဲ့စကားကိုသာထပ်ခါတလဲလဲ
ပြောနေခဲ့တယ်။

အဲ့ဒီလိုပြောပြီးနောက်မကြာခင်မှာပဲ
သူ့ဆီကိုဖုန်းဆက်သွယ်လို့ မရတော့ဘူး
အကြိမ်ကြိမ်ဖုန်းခေါ်ကြည့်ခဲ့တယ်
ဆက်သွယ်၍မရနိုင်ပါဆိုတဲ့
အသံကိုသာထပ်ခါတလဲလဲကြားနေခဲ့ရတယ်

ကျွန်မလည်း အတွေးပေါင်းများစွာနဲ့
ညစဉ်ညတိုင်းငိုကျွေးခဲ့ရတယ်
===============

ဒီကနေ့ သံစဉ်အလုပ်လုပ်ရသည်မှာ
နေလို့မကောင်းပေ အခုရက်ပိုင်း
တစ်ကိုယ်လုံးနုံးချိပြီး ဘာမှလည်းမသယ်ချင်
ဘာမှလည်းမစားချင်အောင်ဖြစ်နေသည်။

“ဝေါ့ အော့ ထွီ”

“အား ငါ့ရင်ထဲမကောင်းလိုက်တာ
ခိုင်ဇာရယ် နေလို့မကောင်းဘူး”

“ဘောစိကို ခွင့်တောင်းပြီးပြန်ကြမလား
ဆေးခန်းလည်းဝင်ပြကြည့်ရအောင်”

“အင်းအင်း”

အဲဒီနေ့က ဆိုင်ပိုင်ရှင်ဆီမှာခွင့်ယူပြီး
ခိုင်ဇာနဲ့အတူပြန်လာခဲ့ကြတယ်
အိမ်မပြန်ခင်ဆေးခန်းကိုအရင်ဝင်ခဲ့တယ်

ဆရာဝန်က သံစဉ်အားစစ်ဆေးကြည့်ခဲ့ရာ

“ညီမ အတွက်တော့ပျော်စရာသတင်းကောင်းပဲ”

“ရှင်…ဆရာ ဘာကိုပြောတာလဲရှင့်”

“ဟုတ်တယ် အခုညီမမှာ ကိုယ်ဝန်ရှိနေပြီကွဲ့”

“ရှင် တ တကယ်ပြောနေတာလားဆရာ”

“တကယ်ပေ့ါ ညီမရဲ့ ညီမမှာ ကိုယ်ဝန်
ရှိနေပြီ”

ဆရာဝန်ဆီကစကားကိုကြားလိုက်တော့
ကျွန်မနားထဲမိုးကြိုးပစ်သလို ထူပူသွားခဲ့ရတယ်

ဆေးခန်းကနေအိမ်အပြန်လမ်းမှာ
ကျွန်မထိုင်ပြီးငိုနေခဲ့တယ်

“သံစဉ် နင်ဘာဖြစ်လို့ငိုနေတာလဲ
ဘာဖြစ်လို့ဒီလောက်ငိုနေရတာလဲဟ
ငါ့ကိုလည်းပြောပါဦး”

“ခိုင် ခိုင်ဇာ ငါ့မှာကိုယ်ဝန်ရှိနေပြီတဲ့”

“ဘာ…ဘာပြောတယ် နင့်မှာ
ကိုယ်ဝန်ရှိနေပြီဟုတ်လား နင် နင်ဘယ်သူနဲ့ရတာလဲ ကိုဖြိုးနဲ့လား”

“ဟုတ် ဟုတ်တယ်ဟာ အခုငါဘယ်လို
လုပ်ရမလဲမသိဘူး အိမ်ကသိရင်
ငါ့ကိုသတ်တော့မှာပဲ အီး ဟီး ဟီး”

“နင်တော်တော်မိုက်လိုက်တာ သံစဉ်ရယ်
ဘာလို့အခုလိုအလွယ်ပုံလိုက်ရတာလဲ
အခုကိုဖြိုးက နယ်မှာအလုပ်သွားလုပ်နေတယ်ဆိုတာ
သူလုပ်ထားတဲ့တာဝန်ကို သူရှောင်နေတာပဲ
ဖြစ်မယ် အလကားလူ
မိန်းကလေးတစ်ယောက်ကို တကယ်မယူချင်ပဲ
အာသာဖြေယုံသက်သက်လုပ်သွားတာ
လူမပီသတဲ့ကောင်”

“တော်ပါတော့ သူငယ်ချင်းရယ်
ငါရှက်လွန်းလို့သေတော့မယ်
ငါ ငါဘယ်လိုလုပ်ရမလဲဟင် ခိုင်ဇာ
ငါဘယ်လိုလုပ်ရမလဲ”

“ဖြစ်လာမှာတော့ဟာ ရင်ဆိုင်ရတော့မှာပေါ့
လာမယ့်ဘေးပြေးတွေ့ရုံပဲရှိတော့တယ်
လာဘာမှမကြောက်နဲ့ ငါနင့်အနားမှာ
ရှိတယ်”

“ဖြစ်ပါ့မလား သူငယ်ချင်းရယ်”

“လာစမ်းပါဟာ နင်ဒီလိုပျော့ညံ့နေလို့
ပြီးမလား လာခဲ့ ကိုဖြိုးအလုပ်လုပ်တဲ့
နေရာကိုသွားစုံးစမ်းရမယ်
သူဘယ်မှာအလုပ်လုပ်နေသလဲဆိုတာ”

ခိုင်ဇာနဲ့ကျွန်မ ကိုဖြိုးအလုပ်လုပ်ခဲ့တဲ့
နေရာကိုရောက်လာခဲ့ကြတယ်

“ညီမတို့ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ”

“ဟုတ်အစ်ကို ဒီမှာအလုပ်လုပ်တဲ့
ကိုဖြိုးအကြောင်းသိချင်လို့ပါ”

“သူကအလုပ်ထွက်သွားတာကြာပြီဗျ
ညီမတို့ကသူနဲ့ပတ်သက်လို့လဲမသိဘူး”

“ညီမတို့က သူ့မိတ်ဆွေတွေပါ
အခုသူဘယ်ကိုပြောင်းသွားတာလဲဆိုတာ
သိခွင့်ရမလားရှင့်”

“သိရင်တော့ ကျွန်တော်လည်းပြောပြချင်ပါတယ်
ဒါပေမယ့် ကိုဖြိုးက
ရေငုံနှုတ်ပိတ်နေတတ်တဲ့သူဗျ
ကျွန်တော်တို့လည်း သူ့အကြောင်းထဲထဲဝင်ဝင်
ဘာမှမသိဘူးဗျ သူကရုတ်တရက်ကြီး
အလုပ်ကနေထွက်သွားတော့
ကျွန်တော်တောင်အံ့သြနေမိတာ
ညီမတို့သူ့ကို ဖုန်းဆက်ကြည့်ပါလား”

“ဟုတ် မဆက်တော့ပါဘူး
ကျေးဇူးပါရှင့်”

ခိုင်ဇာနဲ့ကျွန်မအပြင်ကိုပြန်ထွက်လာခဲ့ကြတယ်
ကျွန်မဘာကိုမှမမြင်ရတော့လောက်အောင်
ငိုကျွေးနေမိတယ် ရင်ထဲမှာလည်းပူလောင်လွန်းလို့သေမတတ်
ခံစားနေရတယ်

ကိုဖြိုးကိုသတ်ချင်တဲ့စိတ်တွေတဖွားဖွား
ဖြစ်ပေါ်နေတာတော့အမှန်ပဲ
ဒါပေမယ့် ပြန်စဉ်းစားကြည့်ရင်လည်း
ကျွန်မကအယုံလွယ်လို့ပုံခဲ့မိတာကိုး
ကျွန်မအမှားပဲပေါ့ရှင်

ခိုင်ဇာကကျွန်မကိုအိမ်အထိလိုက်ပို့ပေးတယ်

“ဘာဖြစ်လာတာလဲ သမီး
နေမကောင်းလို့လား”

“ဟုတ်တယ်အန်တီ သံစဉ်နေမကောင်းလို့
ပြန်လာတာပါ”

“ဟုတ်လား သမီးဘယ်နှယ့်နေသေးလဲ
ဆေးခန်းသွားပြကြမယ်လေ”

“မလိုတော့ပါဘူးအမေ သမီးဆေးခန်းပြခဲ့ပြီးပါပြီ”

“ဆရာဝန်ကဘာဖြစ်တာတဲ့လည်း”

အဖေကပါဝင်မေးလိုက်တယ် အဖေ့ဘေးမှာလည်း
အစ်ကိုကကျွန်မကိုကြည့်နေတယ်

ကျွန်မလည်းခေါင်းကိုမော့ပြီး အမှန်အတိုင်း
ဝန်ခံလိုက်တယ်

“သမီးမှာကိုယ်ဝန်ရှိနေပြီတဲ့”

“ဘာ”

“ဟင်…”

“ဘယ်လို”

“ဟုတ်တယ် သမီးမှာသမီးချစ်သူနဲ့ရတဲ့
ကိုယ်ဝန်ရှိနေပြီ”

“နင့်ကောင်လေးကမသိဘူးလားဟဲ့”

“သူသမီးကိုပစ်ထားခဲ့ပြီး အဝေးကို
ထွက်သွားပြီ အမေ”

“အမယ်လေး မြတ်စွာဘုရား”

“ဘာပြောတယ် မိသံစဉ် ညည်းကောင်က
ညည်းကိုခြေတော်တင်ပြီးမှ အဝေးကို
ထွက်သွားတယ် ဟုတ်လား ဒီကောင်က
ခေါင်းရှောင်တဲ့သဘောလား
ငါအဲ့ဒီကောင်ကိုသ.တ်မယ်
သ.တ်ရမှကျေနပ်မယ် အဲ့ကောင်နေတဲ့
နေရာကို နင်သိလား”

“ညီမလေးလည်း သူဘယ်ကိုထွက်သွားလဲမသိလို့အဝေးကို
ထွက်သွားပြီလို့ပြောတာပေါ့ အစ်ကိုကလည်း
အီး ဟီး ဟီး”

ကျွန်မအော်ဟစ်ပြီးငိုနေခဲ့တယ်
ခိုင်ဇာကကျွန်မလက်မောင်းကို
ကိုင်ပြီးမငိုဖို့အတွက်အားပေးနေရှာတယ်

အဖေကတော့ ငူငူကြီးထိုင်နေပြီး
ဘာမှမပြောတော့ဘူး

အမေကတော့ရှက်လို့ငိုနေလေရဲ့
အစ်ကိုကတော့ ကျွန်မကိုသတ်တော့မယ်
အလားစိုက်ကြည့်နေတယ်

“လူကြားလို့တောင်မကောင်းဘူး
သံစဉ်ရယ် ညည်းဗိုက်ထဲကကလေးကို
လင်ကောင်မပေါ်ပဲ ညည်းဘယ်လိုမွေးမလဲ
ပတ်ဝန်းကျင်က ငါတို့ကိုဘယ်လို
ပြောကြမလည်းညည်းမစဉ်းစားမိဘူးလား
မိသံစဉ်”

“အမေပြောတာမှန်တယ် နင်ဒီကလေးကို
ဘယ်လိုမွေးမလဲ ပတ်ဝန်းကျင်မသိခင်
နင်ဒီကလေးကိုဖျက်ချပစ်လိုက် မိသံစဉ်”

အစ်ကိုကရက်စက်တဲ့စကားလုံးတွေနဲ့
ကျွန်မကလေးကိုအတင်းဖျက်ချခိုင်းနေခဲ့တယ်

“ကလေးကိုဖျက်မချရဘူး ဖျက်ချခွင့်မပေးနိုင်ဘူး”

“ဟင်”

“ဗျာ”

ရုတ်တရက်အဖေ့ဆီက ထွက်လာတဲ့စကားသံကိုကြားပြီး
ကျွန်မရော အားလုံးအံ့သြသွားကြတယ်

“အဖေဘယ်လိုပြောလိုက်တာလဲ
ပတ်ဝန်းကျင်ကိုဘယ်လိုမျက်နှာပြရမှာလဲ
အဖေ”

“ငါ့သမီး ညည်းဗိုက်ထဲကကလေးကို
ညည်းရအောင်မွေးရမယ် ဘာမှအပြစ်မရှိတဲ့
ကလေးကို အဖေ အထိအပါးမခံနိုင်ဘူး
လူမပီသစွာခေါင်းရှောင်သွားတဲ့ကောင်ရဲ့
သွေးသားဆိုပြီး ထိခိုက်အောင်မလုပ်သင့်ဘူး
သမီးမှာသာမိခင်စိတ်ရှိရင်
ဒီကလေးအတွက်သေချာစဉ်းစားပါ”

အဖေပြောတဲ့စကားတွေကို ကျွန်မကြားရလေ
ကိုဖြိုးဆိုတဲ့လူကို သ.တ်ချင်လောက်အောင်
မုန်းလေဖြစ်နေခဲ့တယ်

အဖေ့ရဲ့ အားပေးစကားတွေကြောင့်
အဖေ့ရဲ့ အကြံဉာဏ်ကြောင့်
ကျွန်မကိုယ်ဝန်မရင့်မာခင်မှာ
အဖေ့အမျိုးတွေရှိတဲ့ နယ်ကိုပြန်ပြီးကလေးမွေးခဲ့ရတယ်
အဖေ့အမျိုးတွေကလည်း ကျွန်မအပေါ်
ကောင်းကြရှာတယ် ဘာမဆိုလိုလေသေးမရှိ
ပြုစုစောင့်ရှောက်ဖေးမကြတယ်

မွေးဖွားတဲ့နေ့မှာလည်း ဆေးရုံအထိ
လိုက်ပြီးဂရုတစိုက်နဲ့လုပ်ကိုင်ပေးခဲ့ကြတယ်

ကျွန်မဗိုက်ထဲက ကလေးလေးကို
ကောင်းကောင်းမွန်မွန်နဲ့ကျွန်မမွေးနိုင်ခဲ့တယ်

==============

အခုဆိုရင် ကျွန်မသားလေးတောင် ၄နှစ်ကျော်ခဲ့ပါပြီ ကျွန်မသားလေးရဲ့မျက်နှာကို
ကျွန်မအမေ အဖေ နဲ့အစ်ကို့ကိုကျွန်မပြချင်တယ်

ဒါကြောင့် ကျွန်မမိဘတွေအိမ်ကို
ပြန်လာခဲ့တယ်

“အမေ”

“ဟင်…သမီးလေး သမီးလေးပြန်လာပြီ
ဖေကြီးရေ ဖေကြီးဒီမှာသမီးပြန်လာပြီတော့်”

“ဟေ ဟုတ်လား”

“ဟင်…ညီမလေးပြန်လာပြီဆိုပါလား”

အိမ်ထဲကနေပြေးထွက်လာတဲ့ အဖေ့ကို
မြင်ပြီးကျွန်မမျက်ရည်ပါကျမိတယ်
အမေဆိုလည်း ကျွန်မကိုမြင်ပြီး
မျက်ရည်တွေကျလို့ပေါ့ရှင်
ကျွန်မကိုမမြင်ရတာ နှစ်တွေအတော်ကြာခဲ့ပြီလေ

နယ်မှာအလုပ်တစ်ခုကိုဝင်လုပ်ရင်း
အိမ်ကိုထောက်ပံ့နေရပေမယ့်
လူချင်းမတွေ့ခဲ့ကြတာကြာပြီလေ

အစ်ကိုကလည်း အရက်မသောက်တော့ပဲနဲ့
အိမ်ကိုအလုပ် လုပ်ပြီးပိုက်ဆံအပ်နေပြီတဲ့လေ

ဒီသတင်းတွေကြားတော့ ကျွန်မပျော်မိတာပေါ့
အခုလိုကိုယ့်မိသားစုလေးရှိတဲ့ အိမ်ကို
ပြန်လာခဲ့ရတော့ ပိုပြီးပျော်မိတာပေါ့ရှင်

“သမီး ဒါအမေ့မြေးလေးလား
ဖုန်းထဲကနေအသံသာကြားခဲ့ရတယ်
မျက်နှာလေးကချစ်စရာလေး
ဖေကြီးကြည့်ပါဦး ကျုပ်တို့မြေးလေး
ဘယ်လောက်ချစ်စရာကောင်းသလဲ”

“ဟုတ်ပါ့ကွာ ငါတို့မြေးကြီးက
ဖွေးဖွေးတုတ်တုတ်ကြီးနဲ့ ချစ်စရာကြီးကွာ”

အဖေနဲ့အမေက သားလေးကိုပွေ့ချီပြီး
တရှုံ့ရှုံ့နမ်းနေကြတာပေါ့ရှင်

“သြော် အမေ အစ်ကိုရော”

“သမီး အစ်ကိုအိမ်ထဲမှာရှိတယ်
သမီးသွားနှုတ်ဆက်လိုက်ဦး”

“ဟုတ်အမေ”

“အစ်ကိုရေ အစ်ကို”

ကျွန်မနောင်ကနေ အဖေနဲ့အမေပါ သူတို့မြေးလေးကိုပွေ့ချီပြီး
လိုက်လာကြတယ်

“ဘာလာလုပ်တာလဲ ”

အစ်ကိုက ဘုဆက်ဆက်နဲ့ကျွန်မကိုပြောတယ်

“အိမ်ကိုလွမ်းလို့ ပြန်လာတာပေါ့အစ်ကိုကလည်း”

“ဘာလို့အခုမှပြန်လာတာလဲ
အစ်ကို ညီမလေးကို ဘယ်လောက်သတိရနေသလည်းဆိုတာ
နင်မသိဘူးလား”

အစ်ကိုက ပြောပြီးမျက်ရည်တွေနဲ့
ကျွန်မကိုကြည့်နေတယ် ကျွန်မလည်း
အစ်ကိုငိုနေတာကိုကြည့်ပြီး
မျက်ရည်တွေကအလိုလိုကျလာတယ်

မောင်နှမ၂ယောက် ဖက်နေမိကြတယ်
ဘေးကအဖေနဲ့အမေကလည်း
ပြုံးပြီးကြည့်နေကြတယ်

“ဒါ ငါ့တူလေးလား”

“ဟုတ်တယ် အဲ့ဒါညီမသားလေ
နာမည်က ဇွဲနိုင်တဲ့ ”

“ချစ်စရာလေးကွာ ငါ့တူက
သူ့အဖေသာမြင်ရင် ဘယ်လိုနေမလည်း
မသိဘူး ငါကတော့ အူတွေယားပြီး
ကိုက်ချင်လာပြီ ပါးပြင်ကြီးတွေက
ဖောင်းကားနေတာပဲ”

အစ်ကိုပါးစပ်ကထွက်လာတဲ့
စကားကြောင့် ကျွန်မမေ့ထားတဲ့ အတိတ်က
လူတစ်ယောက်ကိုပြန်ပြီးအမှတ်ရလိုက်မိတယ်

ကျွန်မကို အာသာပြေရုံသက်သက်သာ
အသုံးချသွားတဲ့လူတစ်ယောက်ကို
ကျွန်မတွယ်ငြိမနေတော့တာကြာပါပြီ
မေ့ထားခဲ့တာလည်းကြာပါပြီ

ဒီဇာတ်လမ်းကိုဖတ်နေတဲ့မိန်းကလေးတွေ
အနေနဲ့ ကိုယ့်ချစ်သူဘက်က
ကိုယ့်ရဲ့ဘဝ(ခန္ဓာကိုယ်)ကိုတောင်းဆိုလာတဲ့အခါ
အလွယ်လေးမပုံမိပါစေနဲ့
အလွယ်လေးမယုံမိပါစေနဲ့

ယောကျ်ားလေးများအနေနဲ့လည်း
ကိုယ့်ချစ်သူကိုတကယ်ချစ်ရင်
တကယ်တန်ဖိုးထားတယ်ရင် သမီးရည်းစားဘဝမှာ
ကိုယ့်ချစ်သူကောင်မလေးကို
ထဘီလှန်ပေးဖို့ ဘယ်တော့မှမတောင်းဆိုမိပါစေနဲ့

ကိုယ်ကျူးလွန်ပြီးမှ တာဝန်မယူရဲတဲ့ယောကျ်ားတစ်ယောက်
မဖြစ်အောင်နေပါ ကိုယ့်ကြောင့် မိန်းကလေးတစ်ယောက်ရဲ့ဘဝကို
မပျက်စီးပါစေနဲ့ရှင်

စိတ်အလိုကိုလိုက်ခဲ့မိလို့
ကျွန်မမှားသည်။

အယုံလွယ်လို့ မှားခဲ့ရတဲ့ ကျွန်မကိုသင်ခန်းစာယူကြပါ
ကျွန်မမှားခဲ့တဲ့ အမှားမျိုးမမှားရအောင်
ထိန်းသိမ်းနိုင်ကြပါစေ အမျိုးသမီးတို့ရေ

ချစ်ကြတဲ့ချစ်သူများအားလုံး
တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန်
တန်းဖိုးထားတတ်ကြပါစေလို့
ဆုတောင်းရင်း…

ပြီးပါပြီ… #အောင်ဓူဝံ

လက်မလေးတွေနှိပ်ပြီး share သွားကြဦးနော်

ဤဇာတ်လမ်းသည်စိတ်ကူးသက်သက်သာဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်ကိုမှရည်ရွယ်
ပြီးရေးထားခြင်းမဟုတ်ပေ။

No comments

Post a Comment