ဘန်ကောက် သို့သွား တောလား”

  ဘန်ကောက် သို့သွား တောလား” (ထိုင်းနိုင်ငံကို ပွဲစားနဲ့ အောက်လမ်းကနေ သွားခဲ့တဲ့ အတွေ့အကြုံ) February 27, 2023 ဘန်ကောက် ကို အောက်လမ်းက လာမယ်ဆ... thumbnail 1 summary

 ဘန်ကောက် သို့သွား တောလား”

(ထိုင်းနိုင်ငံကို ပွဲစားနဲ့ အောက်လမ်းကနေ သွားခဲ့တဲ့ အတွေ့အကြုံ)
February 27, 2023
ဘန်ကောက် ကို အောက်လမ်းက လာမယ်ဆိုရင် ပွဲစားတွေနဲ့ ဆက်သွယ်ရပါတယ် ။
ပွဲစားတွေထဲမှာလည်း မြန်မာပြည်မှာနေတဲ့ပွဲစားရှိသလို ထိုင်းမှာနေတဲ့ ပွဲစားတွေလည်းရှိပါတယ် ။ ပွဲစားတွေအလျောက် လမ်းကြောင်းတွေလည်းများစွာတော့ရှိကြပါတယ်။
ရိုးရိုးအောက်လမ်း ရှိသလို Vip အောက်လမ်းဆိုပြီးရှိပါတယ် ။ Vip အောက်လမ်းကတော့ နာရီဝက်လောက်ပဲ လမ်းလျောက်ရပြီး ကားနဲ့ဒါရိုက် ပို့ဆောင်ပေးတာပါတယ် တဲ့ ။
အဲ့ဒီထဲမှာမှ ကျွန်တော်က ထိုင်းမှာနေတဲ့ ပွဲစားနဲ့ဆက်သွယ်ပြီး မြဝတီမြို့ကနေ Vip လမ်းကြောင်းကိုရွေးချယ်ပြီး Vip ကြေး(ဘတ် ၂၂၀၀၀) ကို ဘန်ကောက်ရောက် ငွေချေနဲ့ သဘောတူပြီး ဘန်ကောက်ကို တက်ခဲ့တာပါ ။
(ကျွန်တော်တက်တဲ့အချိန်က ဘတ်စျေးက ၁၁၀၀ ကို မြန်မာငွေ ၁ သိန်းပါ ။ ဘတ် ၂၂၀၀၀ ဆို မြန်မာငွေ သိန်း ၂၀ ကျပ်ဖြစ်ရမှာပါ ။)
အဲ့ဒီလိုနဲ့ ကိုယ်နေထိုင်ရာမြို့ကနေ မြဝတီကိုကားစီးလာရပါတယ် ။ မြဝတီမြို့ကိုရောက်တော့မြဝတီမြို့က ပွဲစားတစ်ဦးရဲ့အိမ်မှာ တစ်ညအိပ်ရပါတယ် ။
အဲ့ဒီ မြဝတီပွဲစား က ပွဲစားခ ပိုက်ဆံတောင်းတော့တာပါပဲ ။ ကျွန်တော်နဲ့ ပြောထားတဲ့ ထိုင်းကပွဲစားက ဘန်ကောက်ရောက်မှ ငွေချေရမယ်လို့ပြောထားတာ ။ အခုသူကတောင်းတယ် ။ ဒါနဲ့ ထိုင်းကပွဲစားနဲ့စကားပေးပြောတော့ ကားသမားတွေက ချက်ချင်းပေးရမယ် တောင်းလို့ပါ ။ လမ်းပြတွေက အကြွေးမရလိုပါ ကျွန်မတို့ကိုမယုံလို့လားဘာလားနဲ့ ဆိုပြီး ပြောကြတာနဲ့ ကိုယ်လည်း လမ်းခုလတ်လည်းရောက်နေပြီဆိုတော့ အိမ်ကိုအကြောင်းကြားပြီးငွေလွှဲခိုင်းရပါတယ် ။
ဒါနဲ့ ပြောထားတဲ့ ပွဲစားခ ဘတ် ၂၂၀၀၀ ဆိုတော့ မြန်မာငွေနဲ့ ဘယ်လောက်လဲမေးတော့ (ဘတ် ၁၁၀၀ စျေးကို ၂၂သိန်းပါတဲ့) ကိုယ်သွားမယ့်လမ်းအဆင်ပြေဖို့
ပေးခဲ့ရပါတယ်ဗျာ ။
မနက်ကြတော့ နယ်စပ်ပို့မယ့် ပွဲစားအိမ်က ကားနဲ့လာကြိုပါတယ် ။ အဲ့ဒီအိမ်မှာ လူစုပါတယ်။ လူအယောက် (၃ဝ) ပြည့်တော့ ညနေမှောင်ရီပျိုးစအချိန် (၆) နာရီလောက်မှာ ကားနဲ့ နယ်စပ်ကိုပို့ပါတယ် ။
ဇာတ်လမ်းတစ်ခုက
အဲ့မှာစတွေ့တာပါပဲ ။
ပွဲစားနဲ့ ပြောထားတာက VIP လမ်းနဲ့
တက်မှာ ။ ငွေကလည်း VIP ကြေး ဘတ် 22000 (မြန်မာငွေ ၂၂ သိန်း) ပေးထားတာပါ ။ ဒါပေမယ့် အခု VIP စာရင်းထဲ ကိုယ်မပါဘူး ။ ဒါနဲ့ပွဲစားကို ဖုန်းဆက်မေးတော့ ခဏနေအုံး ကျွန်မမေးအုံးမယ်ဆိုပြီး ပျောက်သွားလိုက်တာ ဖုန်းကိုပေါ်မလာတော့ဘူး ။ ကားကလည်းထွက်ပြီဆိုတော့ ရှိတဲ့ကားနဲ့မလိုက်ရင်လည်း ပိုက်ဆံက ဆုံးအုံးမယ် ။ မထူးဘူးဆိုပြီး မှီရာကားနဲ့လိုက်ရတော့တာပေါ့ ။
ကား ကလည်း မြဝတီမြို့ကနေ မြောက်ဖက်ကို တောလမ်းအတိုင်း ကားကို ဒုန်းစိုင်းမောင်းတာကို ၁ နာရီကျော်ကြာစီးရပါတယ်။ တောလမ်းဆိုတဲ့အတိုင်း လမ်းကြမ်းပါတယ် ။ မိုးတွင်းဘက်ဆိုတော့လယ်ကွင်းတွေ တောင်ကုန်းတွေထဲကနေရွံ့ထဲ ဗွက်ထဲတွေကနေ မောင်းရတာပါ ။ လူကတော့ ကားထဲမှာ ကိုင်ဆောင့်နေသလိုပါပဲ ။ နယ်စပ်ကို ရောက်တော့ ည ၇ နာရီခွဲလောက်ရှိပါပြီ ။ အဲ့ဒီနယ်စပ်စခန်းမှာပဲ လူရေတွက်ပြီး လူအဖွဲ့ခွဲပါတယ် ။
လက်ဖျံမှာ A အဖွဲ့ ၊ B အဖွဲ့၊ K အဖွဲ့ဆိုပြီး ဆော့ပင်နဲ့ရေးပြီး အဖွဲ့ခွဲပါတယ် ။ တစ်ဖွဲ့ကို ၄၈ ယောက်၊ ၅၀ ယောက်စီလောက်ရှိပါတယ် ။ ကျွန်တော်တို့အဖွဲ့ကတော့ B အဖွဲ့ ၄၈ ယောက်ပါပါတယ် ။
အဖွဲ့ခွဲပြီးတာနဲ့ သောင်ရင်းမြစ်ကို လှေနဲ့ကူးပါတယ် ။ ထိုင်းဘက်ကမ်းရောက်တာနဲ့ ပြောင်းခင်း ထဲက လှည်းလမ်းအတိုင်း ညဘက်မှောင်မှောင်မဲမဲ လမ်းလျှောက်ရပါတယ် ။ ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်တပ်ရဲကင်းတွေရှိတော့ ဖုန်းမီးလေးတောင်ဖွင့်ထွန်းလို့မရပါဘူး ။ ခါးကုန်းပြီး မြန်မြန်ပြေးသွားကြရတော့ ချော်လဲတဲ့သူလဲ၊ ခိုက်မိတဲ့သူခိုက်မိနဲ့ အသံတွေထွက်တာပေါ့ ။ အဲ့တော့ ကင်းတဲဘက်ကနေ ဓာတ်မီးအကြီးကြီးတွေနဲ့လှမ်းထိုးကြည့်တယ်။
တောလမ်းအတိုင်း ၁ နာရီလောက်လမ်းလျောက်ပြီးတော့ ပြောင်းခင်း ထဲက ပြောင်းဖူး တွေထားတဲ့ ဂိုဒေါင်အဟောင်း ထဲမှာ ပုန်းနေရပါတယ် ။ တိတ်ဆိတ်စွာနေရပါတယ် ။ မီးဆိုလို့ ဖုန်းမီးတောင် ဖွင့်လို့မရပါဘူး ။ စကားလည်း မပြော အသံလည်းမထွက်ရပါဘူး ။ အသံ ဒါမှမဟုတ် မီးအလင်းရောင်မြင်ရင် ထိုင်းရဲ ကသိပြီး လာဖမ်းမှာလေ ။ အဲ့ဒါကြောင့် အမှောင်ထဲမှာ စမ်းပြီသာနေရပါတယ် ။
အဲ့လိုနဲ့ ပြောင်းဖူးဂိုဒေါင်ဟောင်းထဲကနေ ည ၁၁ နာရီလောက်ကြတော့ လမ်းရှင်းပြီဆိုတာနဲ့ တစ်ခါ ခြေလျင်ဆက်လျောက် ။ မိုးတွင်းဘက်ဆိုတော့ မိုးဖွဲတွေကကျ လမ်းကလည်း မြေလမ်းဆိုတော့ ကွန်ဒေါင်းကားတွေသွားထားတာ ရွှံ့စနယ်တွေနဲ့ဆိုတော့ ဖိနပ်နဲ့ ချော်ချွတ်နေလို့ ဖိနပ်ချွတ်ပြီးကိုသွားရပါတယ် ။ ၁ နာရီလောက်ကြာလမ်းလျောက်ပြီးတော့ ကြံတွေ ထားတဲ့ ကြံဂိုဒေါင် အဟောင်းထဲဝင်ပုန်းနေရပါတယ် ။
ယခင်လိုပဲ မီမထွန်းရ အသံမထွက်ရပါပဲ ။ ကြံဂိုဒေါင်ထဲမှာမှောင်မှောင်မဲမဲ ခြတောင်ပို့တွေကြားထဲ စမ်းပြီး ထိုင်တဲ့သူကထိုင် လျောင်းသူကလျောင်းပေါ့ ။ မြွေကင်းဆိုတာလည်း ကြောက်ရမှန်းမသိတော့ပါဘူး ။ ခြင်ကတော့ ပေါချက် ။ ဒီလောက် လူအများကို အုံလိုက်သင်းလိုက် ကိုက်လိုက်တာ ။
ညသန်းခေါင်ယံ (၁၂) နာရီထိုးပြီးလောက်အချိန်ကျတော့ ဘေးပတ် အစောကစီးလာတဲ့ deliver ကားပေါ်ကဆင်း မိုးတွေရွာတဲ့ကြားက နောက်ထပ် တောင်တက်ကား ပေါ်ပြောင်းတက်စီး ။
ကား က အမိုး မပါတော့ မိုးရွာထဲ စီးရတာပေါ့ ။ တောင်တက်ကားကလည်း အပြေးမောင်းတော့ လေကတိုက် မိုးကရွာ နဲ့ ချမ်းတုန်နေတာပဲ ။ အဲ့လိုနဲ့ တစ်တောင်တက် တစ်တောင်ဆင်း တောင်အထပ်ထပ်စီးလာတာ မနက် (၅) နာရီရောက်တော့ ချိုမြောင်တစ်ခုမှာ ချပေးပါတယ် ။ အဲ့နေရာမှာပဲ တောင်ပေါ်ဆန် ထမင်းထုပ်နဲ့ ဟင်းရည်တစ်ထုပ်စီဝေပေးလို့ မိုးရေထဲ မတ်တပ် ထမင်းစားရပါတယ် ။
ထမင်း စားပြီးတာနဲ့ ခြေလျင်တောင်တက် လမ်းလျောက် ရတော့တာပါပဲ ။ မှောင်မှောင်မဲမဲထဲ တောင်တက်လိုက်ရတာ လမ်းတွေကချော်တော့ ပစ်ပစ်လဲတာ ခဏခဏပဲ ။ ကျွတ်တွေကတွယ် ခြင်တွေကကိုက်နဲ့ ။ တောင်တက်ရတဲ့အလုံးရေကတော့ မရေတွက်နိုင်အောင်ပဲ ။ တစ်တောင်ထက် တစ်တောင်မြင့်သွားလိုက်တာများ သူဘေးမှာ ချောက်ကမ်းပါးအနက်ကြီးတွေပဲ ရှိတော့တယ် ။ အဲ့လိုနဲ့ အတက်ဆို လေးဘက်ကုန်းတက် အဆင်းဆို ဟိုအပင်ဆွဲ ဒီအပင်ဆွဲနဲ့
ဖင်ချော ဆင်းရတာတွေလည်း မနည်းဘူး ။
အဲ့လိုနဲ့ မိုးလင်းလို့ ရောက်တော့မယ်ထင်နေတာ နောက်ထပ်တောင်တွေ ဆက်တက်ရတာ နွံတွေဗွက်တွေ ထဲပါရုံးပြီး သွားရပါတယ် ။ သောက်စရာ ရေလည်းကုန် စားဖို့ယူလာတဲ့
မုန့်တွေလည်းကုန် ကုန်နဲ့၊ လူတွေလည်းနုံး ခြေတွေလည်းကုန်နဲ့ ၊
ဟိုနား နား ဒီနား နားနဲ့ နေ့ ၁၂ နာရီလည်း တောင်တက်တုန်း နေ့ ၁ နာရီခွဲတော့မှ တောင်ထိပ်မှာ နွံ့တွေ ဗွက်တွေထဲမောင်းလို့ရတဲ့ တောက်တက်ကားတွေလာကြိုပါတယ် ။ အဲ့ဒီကားတွေနဲ့ တောင်ထိပ်ကနေဆင်းလာတာ ၁ နာရီကျော်လောက်ကြာတော့ ဥယျာဉ်လို တောထဲမှာ ဆင်းရတယ် ။ ညနေ ၃ နာရီလောက်တော့ရှိပြီပေါ့ ။ မိုးကရွာ ကျွတ်ကကိုက်နဲ့ ထိုင်လို့တောင်မရ မိုးရေထဲမတ်တပ်ရပ်နေကြရပြန်ရော ။
နာရီဝက်လောက်ကြာတော့ ထမင်းထုပ်နဲ့ ဟင်းရည်တစ်ထုပ်စီ လာပေးလို့ မတ်တပ်ပဲ ထမင်းစားလိုက်ရတယ် ။ ထမင်းစားပြီးတာနဲ့ နောက်ထပ် ကားပြောင်းစီးရပါတယ် ။
ဒီတစ်ခါ ကားကတော့ လူနှစ်ယောက် ထပ်စီးရတာပါ ။ ကိုယ်ကအောက်ကဖြစ်နေပြန်ရော ။ ကိုယ့်အပေါ်မှာ လူတစ်ယောက် ။ အဲ့လူအပေါ်မှာ ကျောပိုးအိပ် ထပ်တင်ပြီး စီးရတာ ။
၂ နာရီခွဲကြာစီးရတယ် ။ တစ်နေကုန်လမ်းလျောက် တောင်တက်ထားရလို့ ညောင်းကိုက်နေတဲ့ခြေထောက်တွေဟာ လှုပ်မရ ယှက်မရနဲ့ အပေါ်ကဖိထားလိုက်တော့ လူဟာလေ ဒုက္ခခံစားရတာများ ငရဲကျသလားအောင့်မေ့ရတယ် ။ အခုစဉ်းစားရင် အခုခံစားရတယ် ။
အဲ့လိုနဲ့ စီးလာတာ ည ၇ နာရီလောက်မှာ မြို့တစ်မြို့ရဲ့အပြင် အမှိုက်တွေပစ်ထားတဲ့နေရာမှာ ချထားခဲ့ပါတယ် ။ အဲ့ အမှိုက်တော ထဲမှာ မိုးရွာ ခြင်ကိုက် နဲ့ဆိုတော့ ရှိသမျှ ခြောက်နေတဲ့ အဝတ်အစားတွေ ခင်းခြုံနဲ့ လူ ၄၈ ယောက်လုံးဟာ စုပြီးငြိမ်နေရတာ ။ အသံလည်းမထွက်ရဲ ။ မီးလည်း မဖွင့်ရဲ ။ ဖုန်းလည်းမပြောရဲနဲ့ ငုတ်တုတ်ထိုင်ငြိမ်နေပြီး နောက်ထပ်လာကြိုမယ့် ကားကိုစောင့်နေရပါတယ် ။ ည ၉ နာရီထိုးတော့မှ ကားပက်လက်တွေနဲ့လာကြိုပါတယ် ။
ဒီတခါ ကားစီးရတာကတော့ ကားပေါ်မှာ ကန့်လန့်အနေအထား တုံးလုံးလှဲ ဘေးစောင်းကွေးပြီး တစ်ယောက် နဲ့တစ်ယောက် ပြောင်းပြန်အိပ်ပြီး အပေါ်က ပိုက်ကွန်အုပ်ပြီး စီးရတာပါ ။ အဲ့သလိုနဲ့စီးသွားရတာ တစ်ညလုံးပဲ ။ မနက် (၄) နာရီထိုးတော့ ဘန်ကောက်မြို့နဲ့ အတော်လှမ်းလှမ်း ကားလမ်းဘေး ကွင်းပြင်းကြီးထဲမှာလာချပါတယ် ။ အဲ့နေရာမှာပဲ ဘန်ကောက်မြို့ထဲဝင်ပြီး လိုက်ပို့ပေးမယ့် ကားတွေကလည်း စောင့်နေပါပြီ ။
ကွင်းထဲမှာ ခြင် ကလည်း ရက်ရက်စက်စက်ကိုက်တာ အငြိမ်တချက် မနေရဘူးဗျာ ။
အဲ့လိုနဲ့ ကွင်းထဲမှာ မြို့တူရာ၊ မြို့ချင်းနီးရာလူတွေရွေးပါတယ် ။ ၁၅ ယောက် တစ်စီးနဲ့
မှန်လုံကား ပေါ်တင်ပြီး ဘန်ကောက်မြို့ ထဲ သူ့လိပ်စာနဲ့သူ တစ်ဦးချင်း သွားမယ့်မြို့အလိုက် ကားတွေခွဲပြီးလိုက်ပို့ပါတယ်။
ကိုယ်နဲ့ ချိတ်ထားတဲ့ အခန်း ရောက် မှပဲ ရေမိုးချိုးပြီး နားရတော့တယ် ။ ကျွန်တော်ကတော့ နေ့လည်နာရီပြန် ၁ ချက်မှ ကိုယ်နေမယ့်အဆောင်ကိုရောက်ပါတယ် ။ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲလိုက်တာမှ ပြောကို မပြောချင်တော့ပါဘူး ။
သွားရတာက မြဝတီက စထွက်ချိန်ဆို (၂) ညအိပ် (၂) ရက်ကြာပါတယ် ။ ကိုယ့်ရွာက လာတဲ့ရက်နဲ့ဆို ၃ ရက် ၃ ည ကြာမှ ဘန်ကောက်ရောက်ပါတယ် ။ ဒါက လမ်းကြောင်းရှင်းလို့ပါ ။ လမ်းကြောင်းမရှင်းရင် (၁) ပတ်၊ ရက် (၂၀) လောက်အထိ တောထဲနေရတယ်လို့ ပြောကြပါတယ် ။
ဒါနဲ့ ကိုယ့် ပွဲစားက ဘန်ကောက် မှာနေတာဆိုတော့ ဘန်ကောက် ရောက်လို့ ပွဲစားကို VIP ကိစ္စမေးတော့ ကျွန်မ VIP ဆိုတာ အစ်ကိုတို့ပြောမှ သိတာတဲ့ ။ VIP အကြောင်းပြောတာလည်းသူ ။ VIP ဆိုပြီး လမ်းလျှောက်စရာမဘူး ကားနဲ့ ဒါရိုက်အရောက်ပို့မယ်ဆိုပြီး ပိုက်ဆံပိုတောင်းတာလည်း သူ ။ အခု VIP ကို သူမသိဘူးတဲ့။ အဲ့လိုပွဲစားတွေလည်းရှိတယ်နော် အငြင်းမပွားချင်တာနဲ့ ဪ.. ဟုတ်လားလို့ပဲ ပြောလိုက်ပါတော့တယ် ။
အောက်လမ်း က လာတာဆိုတော့ အထောက်အထား ကမရှိ၊ ထိုင်းစကား က မတတ်၊ လူခံကလည်းမရှိဆိုတော့ ထိုင်းနိုင်ငံရောက်ပြီဆိုကတည်းက သူများ ပြုသမျှ နုရတော့တာပါပဲ ။ ဒါကတော့ ဘန်ကောက်သို့သွား တောလားပဲဖြစ်ပါတယ် ။
သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်ကို ဗဟုသုတအဖြစ်တင်ပြလိုက်ပါတယ်။

No comments

Post a Comment