ဘွားမယ်စိန်နှင့်အောက်လမ်းဘိုးဟန် (စဆုံး)

 ဘွားမယ်စိန်နှင့်အောက်လမ်းဘိုးဟန်


"ဘိုးဟန်ရှိလားဗျို့... "

" ဝင်ခဲ့ကြလေကွာ...ဘယ်သူတွေတုန်း"

ဘိုးဟန်၏အမည်ကိုအော်ခေါ်၍
ခြံဝိုင်းအတွင်းသို့ဝင်လာသည်က
အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးကြီးတစ်ဦးတို့ဖြစ်သည်။

"ကဲ...ပြော...ဘာကိစ္စရှိလို့လဲ"

"ဟို...ဆရာဘိုးဟန်ဘယ်မှာလဲဗျ...။ကျုပ်တို့က
ဆရာနဲ့တွေ့ချင်လို့"

ဘိုးဟန်၏တပည့်ဖြစ်သူသံတိုင်အား
အမျိုးသားကမေးလေသောအခါ၌
သံတိုင်က မျက်နှာထားခပ်တင်းတင်းဖြင့်...

"ကျုပ်ဆရာမရှိဘူး...၊တောထဲဆေးမြစ်သွားရှာတယ်...။
ခင်ဗျာတို့လာရင်းကိစ္စကိုသာပြော ကျုပ်ကုနိုင်တယ်...။
ကျုပ်ကဆရာဘိုးဟန်ရဲ့တပည့်ပါ....ဘာလဲ ခင်ဗျားတို့က ကျုပ်ကိုအထင်သေးကြတာလား"

"အာ...အဲ့လိုမဟုတ်ပါဘူးကွာ...။ ကဲပါ...ပြောပါ့မယ်...
ဒီလိုဟေ့...ဒီကငါ့​အစ်မ နာမည်က မခင်ကြီးလို့ခေါ်တယ်။
သူကတစ်ဖက်ရွာမှာနေတာ...
အစ်မ ခင်ဗျားဖြစ်တာတွေကို သံတိုင်ကိုပြောပြလိုက်လေဗျာ"

"သြော်...အေး..အေး...ဒီလိုပါ ကွယ်...၊အစ်မကနေ့ပိုင်းဆိုလူကောင်းပါ....ညဘက်ဆိုရင် ဗိုက်တွေနာလွန်းလို့ လူးလှိမ့်အော်ဟစ်နေရတာ...။ ရောဂါကြောင့်ထင်ပြီး
သမားစုံအောင်လည်းလိုက်ကုသပြီးပါပြီ။
ဒါပေမယ်လို့အခုထက်ထိ ညဘက်ဆို
ဗိုက်ကအောင့်နေတုန်းပဲကွယ်...
အဲ့တာကြောင့် ဆရာဘိုးဟန်နဲ့လာကုရတာပါ"

"ဒါလေးများ ဗျာ...လာ အိမ်ပေါ်တက်ကြ...
ကျုပ်စီရင်ပေးပါ့မယ်"

ဘိုးဟန်၏တပည့် သံတိုင်သည် တတ်ကျွမ်းသမျှဖြင့်
ကုသပေးတော့သည်။

ကုသသူတို့ကလည်း သံတိုင်ကုသမှုကို မငြင်းဆန်ကြပေ။

"တောက်...ခွေးကောင် သံတိုင် မင်းက ငါမရှိတုန်း
ငါ့နေရာယူတယ်ပေါ့လေ ဟုတ်သလား"

ဘိုးဟန်ပြန်ရောက်လာသောအခါ သံတိုင်အား စိတ်တိုနေခဲ့တော့သည်။
သံတိုင်ကလည်း ဆရာဖြစ်သူအား...

"ဆရာရယ်...ကျုပ်လည်း
ဆရာခရီးထွက်တာကြာတာမို့...အသုံးကပြတ်နေတာဗျ။ ဒါနဲ့ တစ်ဖက်ရွာက ပိုက်ဆံရှိမိန်းမကြီးကို ဟိုကောင် ငနက်ကျော်ကိုလွှတ်ပြီး လုပ်ခိုင်းလိုက်ရတာပါ"

"အေး...ရှိစေတော့...ငါမရှိတုန်း နောက်ကိုဒါမျိုးထပ်မလုပ်လေနဲ့။ ငနက်ကျော်ကိုလည်း မင်းနေရာတကာမခိုင်းနဲ့ ကြားလား"

"ဟုတ်ကဲ့ဆရာ...။ကျုပ် နောက်မလုပ်တော့ပါဘူး"

ဘိုးဟန်ကို ထိန်ကုန်းရွာရှိလူများက အထက်လမ်းဆရာတစ်ယောက်ဟုသိရှိထားကြသည်။
နာမကျန်းကိစ္စများ...ပရောဂါကိစ္စများဖြစ်ပါက
ဘိုးဟန်ကိုပဲအားထားကြသည်။
အမှန်၌ ဘိုးဟန်သည် အောက်လမ်းဆရာတစ်ဦးဖြစ်၏။
ကျန်ရပ်ရွာများသို့လှည့်လည်ကာ
သူ၏အတတ်ဖြင့် ပြုစားခြင်း၊လူသတ်ခြင်းအလုပ်များအား
အခကြေးငွေယူကာလုပ်ဆောင်ပေးတတ်သူဖြစ်သည်။
မသူတော်များလောက၌လည်း ဘိုးဟန်သည်
အောက်လမ်းဆရာတစ်ဦးအဖြစ်နာမည်ကြီးပေသည်။

"ဆရာဘိုးဟန်ရှိလားဗျ...ဆရာဘိုးဟန်"

"အေး...ရှိတယ် ဝင်လာလေကွာ...မောင်တင်အောင်ရယ်"

တင်အောင်သည် ထိန်ကုန်းရွာသား၊
သူဌေးသားတစ်ဦးပင်ဖြစ်သည်။
တင်အောင်သည်ကား ဘိုးဟန်နှင့်ခင်မင်နေသူဖြစ်သည်။
ငွေပေါပေါသုံးနိုင်သော တင်အောင်သည် ဘိုးဟန်ကို အမြဲပေးကမ်းတတ်သည်။
ထိုအချက်ကြောင့် ဘိုးဟန်ကလည်း တင်အောင်အား သဘောကျနေခဲ့လေသည်။

"ဆရာဘိုးဟန်... တနေ့က ခရီးထွက်တယ်ဆိုဗျ"

"ဟုတ်ပါ့ တင်အောင်ရာ...။
ဆရာလည်းသွားရမယ့်ခရီးကိုအလောကြီးနေလို့
မောင်ရင့်ကိုတောင်မပြောမိဘူး။ ဒါနဲ့ဆရာကိုမောင်ရင်လာရှာသေးတယ်ဆို...ဘာကိစ္စများအရေးကြီးလို့တုန်း ပြောပါဦး"

ဘိုးဟန်နှင့်တင်အောင် တို့ အိမ်ရှေ့ခန်း၌
စကားပြောနေကြသည်။
တင်အောင်ကလည်း ဘိုးဟန်ကိုပြောစရာရှိဟန်တူ၏။
ဘိုးဟန်ကိုကြည့်၍...

"ကျုပ်...ဆရာကိုအပူကပ်စရာရှိတယ်ဗျာ..."

"ဟေ...ဘာများတုန်း...။အထူးအဆန်းပါလားကွ"

ဘိုးဟန်အံ့သြနေသည်။
သူကိုအမြဲပေးကမ်းတတ်သော တင်အောင်တစ်ယောက် မည်သည်ကိုအပူကပ်ချင်မှန်းသူစဥ်းစားမရခဲ့။
ဘိုးဟန် သူ၏ အဆီတဝင်းဝင်းမျက်နှာကြီးနှင့် မျက်ခုံးကိုတွန့်ချိုးကာ စဥ်းစားနေတုန်း တင်အောင်က...

"အခြားမဟုတ်ဘူးဆရာ...ကျုပ် တစ်ဖက်ရွာက
ကောင်မလေးတစ်ယောက်ကိုသဘောအကျကြီးကျနေလို့ပါ"

တင်အောင်၏စကားကိုကြားသောအခါ ဘိုးဟန်သည်
ခပ်ပြုံးပြုံးမျက်နှာဘေးဖြင့်...

"ဒါများတင်အောင်ရာ...
မင်းလည်းပိုက်ဆံရှိသူဌေးသားပေပဲ...
အဲ့တော့ တစ်ဖက်ကျေနပ်အောင်တင်တောင်းပြလိုက်ပေါ့ကွာ"

ဘိုးဟန်၏စကားကို တင်အောင်က ခေါင်းတသွင်သွင်ခါပြီး...

"မရဘူးဆရာ...ကောင်မလေးက
ကျုပ်ကိုအသေငြင်းထားတာ။
ဒါမို့ ကျုပ်လည်းဘာမှမတတ်သာဘူးဖြစ်နေတာ...
သူ့မိဘများကလည်း ငွေရှင်ကြေးရှင်တွေပဲဗျ"

တင်အောင်၏မျက်နှာသည်စိတ်ပျက်နေပုံပင်။

"ဒါဆို ဆရာက မင်းကိုဘာလုပ်ပေးရမှာတုန်း..."

"ဟိုဗျာ...ကျုပ်ကို ဆရာတပည့်ကပြောတယ် ဆရာက ပီယဆေးတွေဘာတွေဖော်တတ်တယ်တဲ့။
သူကဆရာဆီကိုပြောကြည့်ဆိုလို့ အဲ့တာနဲ့
ဆရာကိုကျုပ်ကိစ္စလေး
အဆင်ပြေအောင်လို့အကူအညီ​တောင်းချင်တာပါဗျာ"

"အင်း...ဟိုခွေးကောင် သံတိုင်ကတော့ သောက်စရာရရင်အကုန်ပြောတော့တာပဲ... နေပါစေ...
ဒီကောင်တော့ပြန်လာရင်အတွေ့ပဲ"

"ဆရာရယ်...ကျုပ်အကြောင်းလည်း ဆရာသိတာပဲဟာကို...။စိတ်ချပါဗျာ ဆရာကိုမထိခိုက်စေရပါဘူး"

ဘိုးဟန်သည် တင်အောင်၏မျက်နှာအားသေချာစိုက်ကြည့်၏။
တင်အောင်သိရှိသွားသော ကိစ္စကြောင့် မိမိ၏အကြောင်းအား အများသိသွားမည်ကိုမလိုလားပေ။
သို့သော်လည်း တင်အောင်သည် မိမိကို
အားကိုးယုံကြည်နေသူဖြစ်ပြန်သည်။
ထို့ကြောင့်...

"အေးလေ...မင်းကိုဆရာယုံပါတယ်ကွာ...။ဒီကိစ္စမင်းကိုဆရာကူညီပေးရင် မင်းဘက်ကလည်းဆရာကို
ကျေးဇူးဆပ်ရမယ်နော့"

"ပြောပါဆရာ...။ကျုပ်အရေးသာအောင်မြင်လို့ကတော့
ဆရာလိုချင်တာပြောလိုက်စမ်းပါ။
ကျုပ်ကျေးဇူးဆပ်ဖို့ အသင့်ပဲဗျာ"

"ကြိုက်ပြီလေ...မောင်ရင်ရဲ့...။ဒီလိုကွ မင်းရဲ့ကိစ္စကိုဆရာကူညီပေးဖို့ မင်းဘက်က ဆရာ့ကို နွားတစ်ရှည်းပေးရလိမ့်မယ်"

"အိုဗျာ...နွားများ ယူစမ်းပါဆရာရယ်...
ကျုပ်အဘခြံမှာပေါသဗျာ...
ကျုပ်ယူချင်သပဆိုယူလို့ရပါတယ်..."

"အေးကွာ...ဒါဆိုလည်း မောင်ရင်ကိစ္စအောင်မြင်ပြီလို့
သာမှတ်ပေတော့"

ဘိုးဟန်သည်မိမိလိုချင်တာကိုရမည်မို့
ဝမ်းသာတကြီးပြောလေသည်။
တင်အောင်ကလည်း ကျေနပ်နေ၏။

ထိုသို့ဖြင့် သူတို့နှစ်ဦး၏ကိစ္စသည်
အဆင်ပြေသွားတော့လေသည်။
ဘိုးဟန်က တင်အောင်အတွက်အစီအရင်များ
စတင်လုပ်ဆောင်ပေးတော့သည်။
တင်အောင်ကိုလည်း သူ့ပညာဖြင့်ကောင်မလေးချစ်ခင်နိုင်ဖို့ကောင်မလေး၏အမည်ကအစ
အသေးစိပ်စုံစမ်းခိုင်းတော့သည်။
တင်အောင်တစ်ယောက်ကလည်း ဘိုးဟန်ပြောသမျှကိုလုပ်ဆောင်ပေးတော့၏။

*********************************

"ဘွားရေ...ဘွား...ကျုပ်မောင်အုန်းပါဗျ"

"အေး...ဝင်ခဲ့ကြလေ ဘွားရှိတယ်မောင်ရင်"

မောင်အုန်းတို့ခြံဝိုင်းထဲသို့ဝင်လာကြသည်။
မောင်အုန်းနှင့်အတူ အသက်ခပ်လတ်လတ်ပိုင်းထဲကအမျိုးသားတစ်ယောက်လည်းပါလာခဲ့၏။
ထိုလူ၏ ရုပ်သွင်ကို ဘွားမယ်စိန်အကဲခတ်ရင်း...

"လာကြ...ကွပ်ပျစ်မှာထိုင်ကြဦး...။
ဘာအရေးရှိလို့တုန်းမောင်အုန်းရဲ့...
ဧည်သည်လည်းပါလာတာပဲ"

"ဟုတ်တယ်ဘွားရဲ့...။ဒါကျုပ်အစ်ကိုဝမ်းကွဲ
ကိုမောင်သစ်တဲ့ဗျ...၊ကိုသစ် ဝင်ထိုင်ဗျာ"

မောင်အုန်းသည် သူ၏ဝမ်းကွဲအစ်ကိုနှင့်ဘွားမယ်စိန်အား
မိတ်ဆက်ပေးလေသည်။

"အေးကွယ်...မောင်ရင်က ဘယ်ဇာတိကတုန်း"

ဟု...မောင်သစ်ဆိုသူအားမေးလေသောအခါ

"ကျုပ်က အရှေ့ပဲနွယ်ကုန်းရွာကပါ...။
ကျုပ်အမေနဲ့ဒီမောင်အုန်းအမေနဲ့က
ညီအစ်မအရင်းတွေပါဘွား"

"သြော်...အေးကွယ်...အေး...အေး...။
ဒါနဲ့ ဘွားဆီလာရင်းကိစ္စကရော..."

ဘွားမယ်စိန်သည်အချိန်မဆွဲချင်သူပင်။
လာရင်းကိစ္စအားမေးလေတော့ မောင်သစ်ဆိုသူက သူ၏မျက်နှာထက်ရှိသောချွေးများကို လက်ကိုင်ပုဝါဖြင့်
သုတ်ဖယ်ရင်း...

"ကျုပ် လာတဲ့အ​ကြောင်းက ကျုပ်ညီမကြောင့်ပါ"

"ဟေ...မောင်ရင် ညီမကဘာဖြစ်တာလဲ"

"ကျုပ်ညီမက ရိုးရိုးအေးအေး မိဘစကားမပယ်ရှားတတ်တဲ့မိန်းကလေးပါဘွား...။သို့ပေမယ့်
ဒီကလေးမထူးဆန်းလာလို့ပါ"

"ဘယ်လိုများထူးဆန်းတာလဲ မောင်ရင်"

"ဒီလိုဗျ...ကျုပ်ညီမကို တစ်ဖက်ထိန်ကုန်းရွာက
သူဌေးသားတင်အောင်ကအသေအလဲကြိုက်ရှာတာ...
သူကြိုက်ပေမယ်လို့ ကျုပ်ညီမက
ဒင်းကိုလည်ပြန်တောင်မကြည့်ရှာဘူး...။
ကျုပ်ညီမအကြောင်း
ကျုပ်ကအရိပ်တကြည့်ကြည့်နေသူဆိုတော့ သိတာပေါ့ဗျာ။
ကျုပ်ညီမ တင်အောင်ကိုလုံးဝစိတ်မဝင်စားဘူး။
အဲ့လိုနဲ့နေရင်းဗျာ...ကျုပ်ညီမတစ်ယောက် တင်အောင်ကို တားမရဆီးမရဖြစ်အောင်ကြိုက်တော့တာပဲ...
ကျုပ်တို့လည်း ရုတ်တရက်ဆိုတော့မသိဘူးပေါ့...။
ကျုပ်ညီမ တင်အောင်က်ိုကြိုက်ပုံက
စွဲစွဲလမ်းလမ်းကိုဖြစ်နေတော့တာ...
နေ့ရှိသ၍ တင်အောင်ဆီသွားဖို့ပဲဒင်းကပြောနေခဲ့တာ...။
ကျုပ်နဲ့မိဘများကလည်း ဒီကိစ္စကမရိုးဘူးထင်လို့
ညီမဖြစ်သူကို အခန်းပိတ်ထားရတယ်ဗျာ...။
ဘွားအကြောင်းကို
မောင်အုန်းကကျုပ်တို့ဆီလာရင်းပြောပြထားဖူးလို့
ကျုပ်လည်း ဒီကိုချက်ချင်းထွက်လာခဲ့ရတာပဲဘွားရယ်........."

"အင်း.........။ကလေးမရဲ့အဖြစ်ကလည်း
သနားစရာပါလား...."

"ဟုတ်တယ်...ကျုပ်လည်း
ညီမလေးဒီလိုဖြစ်နေတာကိုမကြည့်ရက်ဘူး...။
တင်အောင်ဆိုတဲ့ကောင်ကိုသာ ပြေးသတ်လိုက်ချင်တယ်ဗျာ"

"သူ့စရိတ်နဲ့သူသွားမှာပါမောင်ရင်ရယ်...ကဲ...
ဒါဆိုဘွား မောင်ရင့်ရွာကိုလိုက်ပြီး
စစ်ဆေးကုသပေးပါ့မယ်...
ဒါမျိုးကအချိန်ဆွဲနေလို့မကောင်းဘူးလေ"

"ကျေးဇူးကြီးပါတယ်ဘွားရယ်...။
ဒါဖြင့် ကျုပ်မောင်အုန်းအိမ်မှာလှည်းချွတ်ထားခဲ့တယ်ဗျ...
လှည်းယူပြီးတာနဲ့ကျုပ်တို့လာခေါ်ပါ့မယ်..."

"အေးကွယ်...ဘွားစောင့်နေပါ့မယ်"

ထိုသို့ဖြင့် မောင်အုန်းနှင့်မောင်သစ်တို့ပြန်သွားကြ​တော့သည်။
ဘွားမယ်စိန်က ယူစရာရှိသည်များပြင်ဆင်ကာ ဒေါ်ဝင်းအား...

"မိဝင်း...အမေမရှိတုန်းအိမ်ကိုဂရုစိုက်နော်...။
ညည်းတို့သားအမိရွာထဲလည်မနေကြနဲ့ဦး"

"ဟုတ်ကဲ့ပါ အမေရယ်...။ကျုပ်တို့ကိုစိတ်ချစမ်းပါတော်၊
အမေသာလမ်းခရီးမှာဂရုစိုက်ဦး"

"အေးပါအေ........."

အချိန်ခဏကြာသောအခါ မောင်အုန်းနှင့်သူ၏အစ်ကိုဝမ်းကွဲ မောင်သစ်တို့သည် လှည်းဖြင့်ရောက်ချလာကြတော့သည်။
ဘွားမယ်စိန်လည်း သူ၏တောင်ဝှေးတစ်ချောင်း၊
ချည်လွယ်အိတ်တစ်လုံးဖြင့် ထိုခရီးကိုလိုက်ပါလာခဲ့ရှာ၏။

အရှေ့ပဲနွယ်ကုန်းရွာသည် သောင်ထွန်းရွာ၏အရှေ့ဘက်၌တည်ရှိသည်။
ပဲနွယ်ကုန်းရွာက သောင်ထွန်းရွာ၏အနီးအနားရွာများကဲ့သ်ို့မဟုတ်...။
မြေပိုင်၊နွားပိုင် ၊ခြံပိုင်များနေထိုင်ကြသော သူဌေးရွာဆန်လှ၏။
ထိုရွာသို့ဘွားမယ်စိန်တို့ရောက်လာကြချိန်၌
မောင်သစ်၏မိဘများက ဘွားမယ်စိန်ကို
တလေးတစားဖြင့်ကြိုဆိုကြရှာသည်။
ခရီးမော၍ ပင်ပန်းနေမှာဆိုးသော​ကြောင့်
စားသောက်ဖွယ်ရများပြင်ဆင်ကျွေးမွေးကြလေသည်။
ဘွားမယ်စိန်ကလည်း ခဏမျှနားပြီး...

"မောင်ရင်တို့... ကလေးမကိုဘယ်မှာထားထားကြတာလဲ"

ဟုမေးလေသောအခါ...

"နေပါဦးဘွားရယ်...ခဏနားပါဦး။
ခရီးထွက်လာရတာ
ပင်ပန်းထားတာကိုတော်..."

မောင်သစ်၏မိခင်က ပြောရှာသည်။

"ရပါတယ်အေ...ဘွားနားတာကနောက်ထားပါ...။
ကဲ...မောင်သစ် မောင်ရင့်နှမအခန်းကိုသာလိုက်ပို့ပေတော့..."

"ဟုတ်ကဲ့ဘွား..."

မောင်သစ်သူတို့မိသားစုနေထိုင်သော
နှစ်ထပ်ပျဥ်ထောင်အိမ်မဲကြီး၏အပေါ်ထပ်သို့
ဘွားမယ်စိန်အားခေါ်သွားလေသည်။
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုထောက်၊
ချည်လွယ်အိတ်ကြီးကိုလွယ်ဖြင့်
မောင်သစ်နောက်မှလိုက်ပါလာခဲ့သည်။
ဘွားမယ်စိန်၏နောက်တွင်ဖြင့် မောင်အုန်းနှင့် မောင်သစ်၏မိဘဆွေမျိုးများပါရှိကြသည်။

မောင်သစ်သည်.အပေါ်ထပ်ရှိထောင့်ကျသောအခန်းတစ်ခုရှေ့တွင်ရပ်လိုက်ပြီး အခန်းတံခါးအား
ခတ်ထားသော သော့ကို ဖွင့်ပေး၏။
ထိုသို့ဖွင့်အပြီး အခန်းထဲဝင်ဖို့ပြင်နေစဥ်...

"ဟဲ့..."

"အမလေး...ပြေးတော့မယ်"

တံခါးဖွင့်ဖွင့်ခြင်း
မောင်သစ်အားတွန်းဖယ်၍ ပြေးထွက်ဖို့ဟန်ပြင်နေသောမိန်းကလေးကြောင့်အားလုံးအထိတ်တလန့်ဖြစ်ကုန်ကြတော့သည်။
ထိုစဥ်မှာပင် ဘွားမယ်စိန်သည် မိန်းကလေး၏ခေါင်းအား သူ၏လက်ဖြင့် အမိအရဖိကိုင်လိုက်ပြီး သူ၏နှုတ်မှ ဂါထာအချို့အား ရွတ်ဆိုလိုက်တော့သည်။
ဘွားမယ်စိန်ရွတ်ဆိုနေချိန် ပြေးဖို့ပြင်နေသောမိန်းကလေးသည်
ချက်ချင်းဆိုသလို ကြမ်းပေါ်သို့ပြိုလဲကျသွားတော့၏။
မိန်းကလေးလဲကျသွားသောအခါဘွားမယ်စိန်မှ...

"ကဲ..ကလေးမလေးကိုသယ်လာခဲ့ကြတော့..."

ဟု...ပြောလိုက်တော့သည်။

မိန်းကလေးအား မောင်အုန်းနှင့်မောင်သစ်တို့က
အိမ်ဦးခန်းသို့သယ်ယူလာခဲ့ကြသည်။
ပြီးနောက်
ဘွားမယ်စိန်ပြောကြားသည်များကိုနားထောင်ရင်း
ပြင်ဆင်ပေးကြ၏။

ဘွားမယ်စိန်တစ်ယောက် မိန်းကလေး၏ နဖူးကိုစမ်းလိုက် လက်ကိုစမ်းလိုက် ဂါထာများရွတ်လိုက်ဖြင့် အလုပ်များနေခဲ့သည်။
ပြီးလေမှမောင်သစ်တို့ရှိရာသို့ကြည့်၍...

"ကလေးမကိုပြုစားထားတာ...ဒီတော့
ဘွားပြုစားတဲ့သူကိုခေါ်မယ် မောင်ရင်တို့ဘေးကနေ
အသာကြည့်ပေတော့ကွယ်........."

"ဟုတ်ကဲ့..."

ဖြေသူကဖြေ ခေါင်းငြိမ့်သူကငြိမ့်ဖြင့် ဘွားမယ်စိန်မှာကြားသည်ကိုနားထောင်ကြလေသည်။

ဘွားမယ်စိန်သည် မိန်းကလေး၏အရှေ့
နှစ်ပေသာသာအကွာသို့ဆုတ်ခွာပြီး မိန့်မိန့်ကြီးထိုင်၍...

"ဟဲ့...ဒီမိန်းကလေးကိုပြုစားထားတဲ့ကောင် မယ်စိန်ခေါ်နေတယ် ချက်ချင်းလာခဲ့...."

"အင်း...မလာဘူးလားဟေ့...
မယ်စိန်အကြောင်းသိသွားမယ်နော်"

ဘွားမယ်စိန်အသံသည် မာ၏။ ပြတ်သား၏။
သူ၏တောင်ဝှေးကြီးကိုလည်းလက်တစ်ဖက်၌ကိုင်ကာ ကြမ်း၌ထောက်ထား၏။
ထိုအသွင်ကိုမောင်အုန်းတို့လူတစ်စုငေးမောကြည့်နေကြသည်။

ဘွားမယ်စိန်အသံတိတ်သွားပြီးခဏကြာတော့ ​
လဲလျောင်း-နေသောမိန်းကလေးသည် မျက်လုံးများပွင့်လာ၏။
သူ၏မျက်လုံးများသည်က လူသာမာန်တို့နှင့်မတူဘဲ နီမြန်း၍နေသည်။
သူ၏အသွင်သည် မာန်ဖီနေသောခွေးတစ်ကောင်ကဲ့သို့
ဒေါသတကြီးဖြစ်နေ၏။
ဘွားမယ်စိန်သည် ထိုမိန်းကလေး၏
အရှေ့၌ထိုင်နေသော်လည်း
အကွာအဝေးမှာ နှစ်ပေသာသာကွာ၏။

မိန်းကလေးသည် လဲလျောင်းနေရာမှဒေါသတကြီးအသွင်ဖြင့် ကုန်း၍ထသည်။
သူ၏ခါးကြီးကို ကုန်း လက်ကြီးနှစ်ဖက်ကိုကြမ်းပြင်၌ထောက်ပြီး ဘွားမယ်စိန်အား ဒေါသတကြီးမော့ကြည့်၏။
သူ၏သွားများကိုလည်း အသံမြည်အောင်ကြိတ်၍နေသည်။

"ဟဲ့...ဒီကလေးမကို ပြုစားရအောင်
နင်ကဘယ်သူတုန်း..."

ဘွားမယ်စိန်မေးသော အခါ...

"နင်က ဘာမို့ ငါကဖြေရမှာတုန်း..."

"အမယ်..အလာကြီးပါလားဟဲ့..."

"ဟားးး....ဟားးး...ဟားးး...ဟားး...ဟားး......ဟားး..."

ဘွားမယ်စိန်၏စကားကိုတစ်ဖက်က
ဟားတိုက်ရယ်မောနေသည်။
ထိုရယ်သံသည် မိန်းကလေး၏အသံမဟုတ် ယောကျာ်းရင့်မာကြီး၏အသံပင်ဖြစ်သည်။
ထိုအသံကြီးနှင့်ထိုမိန်းကလေးကို ဘွားမယ်စိန်မှလွဲ၍
ဘေးရှိကြည့်နေကြသူများက ကြောက်ရွံ့နေကြသည်။

"ဟဲ့...နာနာဘဝအကောင်...နင့်အဆင့်လောက်ကိုငါမမေးဘူး...။နင့်ကိုခိုင်းတဲ့အကောင်ကိုလာခိုင်းလိုက်...
ငါဒင်းနဲ့ပဲရှင်းချင်တယ်..."

ဘွားမယ်စိန်စကားကြောင့် မိန်းကလေးသည်
အံ့သြသွားပုံရသည်။
ခဏမျှတိတ်ဆိတ်သွား၏။

"ကဲ...နင်က နင့်ဆရာကို မခေါ်ရင်ငါခေါ်ရမလား...
အေး...မယ်စိန်အကြောင်းပြပြီးမှ ဆက်ပြောကြတာပေါ့"

ထိုမျှသာပြောလိုက်ပြီး ဘွားမယ်စိန်သည် သူ၏အိတ်အတွင်းယူဆောင်လာသော လူအရိုးခေါင်းတစ်ခု နှင့် ဝါးအသေးလေးသုံးချောင်းအား ထုတ်ယူလိုက်သည်။
မောင်သစ်တို့ထံမှအစောပိုင်းကပင် တောင်းယူထားသော
လင်ဗန်းတစ်ချပ် ကိုချ၍ ဝါးအသေးလေးများအား ဖိုခနောက်သဖွယ်တည်၍ အရိုးခေါင်းကို ထိုအပေါ်၌တည်တော့သည်။

ထိုအရိုးခေါင်းအတွင်းသို့သူယူဆောင်လာသော
ပရိတ်ရေပုလင်းမှရေတချို့အားလောင်းထည့်တော့သည်။
ပြီးလေတော့ သူ၏ အိတ်အတွင်းမှစာရွက်လေတစ်ရွက်ကို မီးရှို့၍ ထိုအရိုးခွံကြီးအားအပူပေးလိုက်ပြန်သည်။
ကြာလေတော့ အရိုးခွံအတွင်းမှရေများက
တပွက်ပွက်ဖြင့် ဆူပွက်၍လာတော့သည်။
ထိုသို့ဆူပွက်နေသည်နှင့်အတူ...

"အမလေး ပူလှချည့်ရဲ့ဗျ...၊လောင်လှချည်ရဲ့ဗျ "

ဟုအော်ဟစ်တော့သည်။

ထိုသို့အော်ဟစ်နေသည်က်ိုကြည့်နေခဲ့သော ဘွားမယ်စိန်က...

"နင့်ဆရာကိုခေါ်လိုက်...ဒါဆိုနင်သက်သာမယ်..."

"အမလေးဗျ.......အမလေး ဘွားရဲ့ ကျုပ်ကြောက်ပါပြီဗျ.... "

"ဟဲ့...နင်ဘယ်သူတုန်း..."

အသံပြောင်းသွား၍ ဘွားမယ်စိန်မေးသောအခါ

"ကျုပ်...ကျုပ်ပါ...သူ့ဆရာပါ....အမလေးဗျ......"

"အေး...နင့်အတတ်နင်ပြန်သိမ်းပေးတော့...တပည့်နောက်ပါး
ပုန်းကွယ်နေလို့ မယ်စိန်လက်က
လွှတ်မယ်လိုထင်နေသလား...ဟဲ့"

"ကျုပ် ပြန်ဖယ်ပေးပါ့မယ်ဗျာ....ကျုပ်ဖယ်ပေးပါ့မယ်...
ကျုပ်ဂတိပေးပါတယ်..."

"မယုံဘူးဟဲ့...နင်ငါ့ကိုသစ္စာရေသောက်ပြ...
ဒါမှနင့်ကိုငါလွှတ်ပေးမယ်..."

"ကျုပ်....မခံစားနိုင်လို့ပါဗျာ...ကျုပ် သောက်ပါ့မယ်..."

"အေး နင့်နာမည်ကအစငါသိတယ်ဟဲ့...
ပေးကြစမ်းရေတစ်ခွက်"

ဘွားမယ်စိန်မောင်အုန်းတို့အားရေခွက်တောင်းလိုက်သည်။ရေခွက်ရသော် မိန်းကလေးအားပေးစေပြီး...

"လိုက်ဆို...ကျွန်ူပ်သည် ဤမိန်းကလေးအား ပြုစားထားသမျှကို ဖယ်ရှားပေးပါ့မယ်...နောက်နောင်များလည်း ဤမိန်းကလေးနှင့် သူတပါးအပေါ်၌ဘယ်သောအခါမှ မိမိပညာကိုအသုံးချ၍မလုပ်ဆောင်တော့ပါ...ဤသစ္စာစကားမမှန်ကန်ပါက...သွေးပွက်ပွက်အန်၍သေပါစေ...။သေပြီးသောအခါ၌လည်း ငရဲသို့လားရပါစေ........."

မိန်းကလေး၌ ပူးကပ်ထားသောအရာသည်
ဘွားမယ်စိန်စကားအတိုင်း သစ္စာကျိန်ဆိုလိုသည်။
သစ္စာကျိန်ဆိုအပြီး ရေခွက်အားတွန့်ဆုတ်တွန့်ဆုတ်​သောက်ဖို့ရန်တွေဝေနေလေရာ...

"ဒုန်း........"

"ဟဲ့...သောက်လေ.........."

ဘွားမယ်စိန်သည်တောင်ဝှေးအားဆောင့်ချလိုက်ကာ
ခိုင်းစေလိုက်ခြင်းကြောင့် မိန်းကလေးသည် ရေခွက်အားကြောက်လန့်တကြားမော့သောက်ရှာတော့သည်။

သစ္စာရေသောက်ပြီးလေမှ...

"ကဲ...ကိုယ်ဘာလုပ်လုပ်သစ္စာရေသောက်ထားတယ်ဆိုတာ
မမေ့လေနဲ့...။သွားပေတော့လိုရာကို......."

ဟု...ဘွားမယ်စိန်ကပြောလိုက်တော့လေသည်။
ဘွားမယ်စိန်စကားဆုံးသောအခါ မိန်းမပျိုသည် ကြမ်းပေါ်သို့လဲကျသွားတော့၏။

"ကလေးမကို ထူလိုက်ကြပါဦး...။ရော့...မောင်အုန်း
ဘွားရဲ့ ပရိတ်ရေလေးတိုက်ပေး...
မကြာခင်သတိရလာလိမ့်မယ်...
သတိလည်လာရင်လည်းက​လေးမကို နားပါစေဦး... "

"ဟုတ်ကဲ့ဘွား..."

မောင်သစ်တို့မိသားစုသည် ဘွားမယ်စိန်အားကျေးဇူးအလွန်တင်ကြ၏။
ဘွားမယ်စိန်အား ဧည့်ဝတ်ကျေပွန်ကြလေသည်။
မိန်းမပျိုလည်းသက်သာလာသည်မို့ အားလုံးဝမ်းသာမဆုံးကြ။

ထိုမျှနှင့်မပြီးသေး ထိန်ကုန်းရွာရှိဘိုးဟန်တစ်ယောက်လည်း ထိုအရပ်၌မရှိတော့ကြောင့်...
ထိုအရပ်မှဝေးရာသို့ထွက်သွားပြီဖြစ်ကြောင်းကိုလည်း သူ၏တပည့် သံတိုင်၏အပြောကြောင့် အားလုံးသိရှိသွားသည်။

"မသိဘူဟေ့..ပူတယ် လောင်တယ်အော်သံတွေသူ့အခန်းကထွက်နေတာပဲ...ငါနဲ့တွေ့တော့ သူ့မျက်နှာတွေလက်တွေမှာမီးလောင်ဖုကြီးတွေထနေတာ...။
ငါ့ကိုမြင်တော့ သံတိုင်မင်းလည်းနေခဲ့တော့
ငနက်ကျော်လည်း ငါလွှတ်လိုက်ပြီ
ငါလည်းဒီရွာမှာမနေတော့ဘူးဆိုပြီး
ထွက်သွားတော့တာပဲကွာ....."

ဟု...သံတိုင်အ​ပြောသည်
ပဲနွယ်ကုန်းနှင့်ထိန်ကုန်းနှစ်ရွာ၌ ပျံ့နှံ့၍နေတော့၏။
တင်အောင်တစ်ယောက်လည်း မိမိကိုယ်ကိုစိတ်မလုံ၍
ရွာထဲ၌မျက်နှာမပြနိုင်ဖြစ်နေသည်။

ဘွားမယ်စိန်သည်...ကိစ္စများအေးသွားပြီး
မောင်သစ်ညီမဖြစ်သူလည်းသက်သာလေပြီမို့
မိမိ၏ရွာသို့ပြန်ဖို့ရန်ပြင်ဆင်လေသည်။
သို့သော် မောင်သစ်မိဘများကတားဆီးကြ၏။
မပြန်သေးဘဲ စိတ်အေးလက်အေးနေဖို့်ရန်ဝိုင်းဝန်း
ပြောကြပါသော်လည်း ဘွားမယ်စိန်ကလက်မခံပေ။
ပြီး​နောက်ငွေအသပြာများကန်တော့သောအခါ၌လည်း
ဘွားမယ်စိန်ကငြင်းဆန်ပြန်၏။
နောက်ဆုံး၌ ဆန်နှင့်ပဲများကိုသာလက်ဆောင်အဖြစ်
ပေးကြလေမှ ဘွားမယ်စိန် လက်ခံတော့လေသည်။

ရွာသို့အပြန်လမ်း၌....

"ဘွား ဒီတစ်ခါကုတဲ့နည်းကျုပ်တစ်ခုမှမမြင်ဖူးဘူးဗျာ"

မောင်အုန်းကမေးလေသာအခါ...

"အင်း...ဒီလူအရိုးခေါင်းရယ် တစူးဝါးတွေရယ်က
အမြဲတစေမသုံးဖြစ်ပါဘူးကွယ်...ဒါကအောက်လမ်းနည်း....
ယုတ်ညံ့သူတွေကိုပညာပေးဖို့သာ ဘွားသုံးရတာပါ"

ဟု...ဘွားမယ်စိန်ကပြောပြလိုက်တော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)