မိသားစုထမင်းဝိုင်း
လမ်းလျှောက်ရန် ပြင်နေသော ဦးလှဖေကို သမီးဖြစ်သူက
“အဖေ ပြန်လာရင် တစ်ခုခုဝယ်ခဲ့ပါလား မနက်စာအတွက်” ဟု မှာလိုက်သည်။
ဦးလှဖေက လမ်းလျှောက်ပြန်တိုင်း ဈေးထဲကို တစ်ပတ်ပတ်လေ့ရှိသည်။ ဟိုကြည့်သည်ကြည့် စားချင်တာလေး တွေဝယ်ကာ ပြန်လာတတ်သည်။
ဈေးကိုမရောက်မီ လက်ဖက်ရည်ဆိုင်ရှေ့ကို အရောက်တွင်
“ဆရာကြီး” ဟု ဆိုင်ထဲက ခေါ်သံကြားလိုက်သောကြောင့် ကြည့်လိုက်ရာ လမ်းထဲက မောင်အုန်းရွှေဖြစ်နေ သည်။
“ဟေ့ မောင်အုန်းရွှေ လက်ဖက်ရည်လာသောက်တာလား”
“ဟုတ်ကဲ့ ဆရာကြီး ... လက်ဖက်ရည်သောက်ပါဦး”
“ငါ လက်ဖက်ရည်မှ မသောက်တာ”
“ဒါဆိုလည်း တစ်ခုခုစားပါလားဆရာကြီးရယ်”
“မစားတော့ပါဘူးကွာ ... မနက်စာက အိမ်ရောက်မှ စားနေကျမို့လို့ပါ”
“လာပါဆရာကြီးရယ် ကြုံတုန်းလေးမို့လို့ တစ်ခုခုကျွေးပါရစေ”
“အေးကွယ် အီကြာကွေး တစ်ချောင်းပဲစားမယ်”
ဦးလှဖေက သူခေါ်ရာနောက်ကို လိုက်သွားသည်။ ဆိုင်ထဲက မှောင်နေသဖြင့် အထဲတွင် ဝိုင်းတစ်ဝိုင်းနှင့် မောင်အုန်းရွှေ မိသားစု ထိုင်နေသည်ကို မတွေ့ဘဲဖြစ်နေသည်။ အထဲတွင် မောင်အုန်းရွှေ၊ သူ့ဇနီးနှင့် သားသမီး သုံးယောက်ထိုင်နေကြသည်။ သူတို့ စားထားသည့် ပန်းကန်တွေကလည်း စားပွဲပေါ်တွင် ပုံနေသည်။
“ဆရာကြီး တစ်ခုခုမှာပါ”
“မမှာတော့ပါဘူးကွာ”
“ဆရာကြီး စောစောကပဲ အီကြားကွေးစားချင်တယ်ဆို”
မောင်အုန်းရွှေက အီကြာကွေးပန်းကန်ကို တစ်နေရာမှ သွားယူလာပြီး ဦးလှဖေရှေ့ချပေးကာ
“စားပါဆရာကြီး ပူပူလေးပါ” ဟု ဆိုလိုက်သည်။
ဦလှဖေကလည်း အီကြာကွေးတစ်ချောင်းကို စားရင်း
“မောင်အုန်းရွှေတို့ ဒီလိုပဲ ဆိုင်ထိုင်နေကျလား”
“ဟုတ်ကဲ့ ဆရာကြီး ကျွန်တော် အလုပ်မသွားခင် ဒီမှာ မိသားစု စားသောက်ပြီး လမ်းခွဲကြတာပဲ”
“ဪ”
မောင်အုန်းရွှေသည် ပန်းရန်ဆရာတစ်ယောက်ဖြစ်သည်။ ဦးလှဖေအိမ်တွင်အုတ်ကန်တစ်ကန် လုပ်စဉ်က သူနှင့်ခေါ်လုပ်ခြင်းဖြစ်သည်။ စေတနာပါပါနှင့် လုပ်ကိုင်ပေးတတ်သောကြောင့် အရပ်ထဲတွင် သူသည် အလုပ်နှင့် လက်မပြတ်လောက်အောင်ပင်။ ယခုလည်း ကွက်သစ်ဘက်တွင် တိုက်တစ်လုံးကို တာဝန်ယူပြီး ဆောက်ပေးနေသည်ဟုဆိုသည်။
ဦးလှဖေက အီကြာကွေးစားပြီး ရေနွေးကြမ်းသောက်သည်။ မောင်အုန်းရွှေက
“ရှင်းမယ်ဟေ့” ဟု အော်လိုက်သည်။
စားပွဲထိုးလေးတစ်ယောက် ရောက်လာပြီး စားထားသည်တို့ကို တွက်ချက်သည်။
“တစ်သောင်း ငါးထောင့် နှစ်ရာ”
ဦးလှဖေက မျက်လုံးပြူးသွားသည်။ မောင်အုန်းရွှေက သူ့အိတ်ထဲမှ တစ်သောင်းတန်း နှစ်ရွက်ကိုထုတ်ပြီး ပေးလိုက်သည်။
“မောင်အုန်းရွှေ”
“ဟုတ်ကဲ့ဆရာကြီး”
“ငါကွယ် စားရတာအားနာလိုက်တာ”
“ဘာဖြစ်လို့လဲခင်ဗျာ”
“တစ်သောင်းကျော်ကြီးတောင်ဆိုတော့ ... ငါစားတဲ့ အီကြာကွေးဖိုးလေး ငါ့ဘာသာ ပေးပါရစေကွယ်”
“ဆရာကြီးနှယ် အီကြာကွေးတစ်ချောင်းဖိုးလောက်နဲ့ ကျွန်တော် မွဲမသွားပါဘူး”
“ဒီလိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူးကွယ်။ လက်ဖက်ရည်ဆိုင်မှာ တစ်မနက်တည်းကို တစ်သောင်းကျော် လောက် သုံးလိုက်ရတာဆိုတော့ အားနာလို့ပါ”
“ဆရာကြီးရယ်ကိုယ်ရှာတာ စားဖို့ မဟုတ်လား”
“ဟုတ်တော့ ဟုတ်ပါတယ်ကွယ် ... ဒါပေမဲ့ မောင်အုန်းရွှေအိမ်မှာ စီးပွားရှာတာ ဘယ်နှယောက်လဲ”
“ကျွန်တော်တစ်ယောက်တည်းပဲ ဆရာကြီး”
“မင်းတစ်ယောက်တည်း ဝင်ငွေနဲ့ ရပ်တည်နေကြတာပေါ့နော်”
“ဟုတ်ကဲ့”
“အေးကွယ် ... သားအရင်းလို ချစ်လို့ပြောတာလို့ မှတ်ပါ။ တကယ်လို့ မောင်အုန်းရွှေသာ မရှာနိုင်ရင် ဘာဖြစ်မလဲ ဆိုတာကို ကြိုတွေးထားဖို့ပြောချင်တာပါ။ မုန့်ကျွေးလို့ ကျေးဇူးတင်ပါတယ်ကွယ်။ သွားလိုက်ပါဦးမယ်။ ကျန်းမာ၊ ချမ်းသာပါစေကွယ်”
ဦးလှဖေက ဆိုင်အပြင်ကိုထွက်ကာ ဈေးထဲကို ဝင်လာသည်။
သူက ကုန်စိမ်းဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လိုက်ပြီး
“ပန်းဂေါ်ဖီတစ်ပွင့် ဘယ်လောက်လဲ” ဟုမေးလိုက်သည်။
“၇၀၀ နဲ့ပဲယူပါ”
ဦးလှဖေက ပန်းဂေါ်ဖီတစ်ပွင့် ဝယ်လိုက်သည်။ ထို့နောက် ဈေးထိပ်မှာ ကြက်ဥတစ်လုံး ဝယ်လိုက်သည်။ ကြက်ဥက တစ်လုံး ၃၀၀ ကျပ်ဖြစ်သည်။
လမ်းလျှောက်ပြီး အပြန် အိမ်ကိုရောက်သော် ဝယ်လာသည့် ပန်းဂေါ်ဖီနှင့် ကြက်ဥကို သမီးလက်ထဲထည့်လိုက် သည်။
“သမီးရေ ပန်းဂေါ်ဖီလေးကြော်ပါကွယ်” ဟုလည်း ပြောလိုက်သည်။
ခြေလက်တွေဆေးပြီး ဦးလှဖေသည် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ မြေးတွေကလည်း အိပ်ရာက နိုးလာပြီး
“ဘိုးဘိုးကြီး ဒီမနက် ဘာဝယ်ခဲ့လဲ” ဟု မေးသည်။
“ဒီမနက်တော့ ပန်းဂေါ်ဖီကြော်လေးနဲ့ စားကြမယ်”
“နေဦး မေမေ့ကို ငါးပိရည်ကောင်းကောင်း ဖျော်ခိုင်းလိုက်ဦးမယ်”
“ထမင်းဝိုင်းချလေကွယ် ... မင်းတို့မေမေကို ဝိုင်းကူလိုက်ကြ”
ဦးလှဖေ၊ သူ့သားမက်၊ သမီးနှင့် မြေးလေးနှစ်ယောက်တို့ ထမင်းဝိုင်းတွင် ဝိုင်းထိုင်လိုက်ကြသည်။
“ဟား ... ငါးပိရည်နံ့လေးက မွှေးနေတာပဲဟေ့”
“ကဲ အားလုံး စားလို့ရပြီ”
သူတို့ မိသားစုလေး၏ နံနက်စာ ထမင်းဝိုင်းလေးမှာ ပျော်စရာ ကောင်းလှသည်။ ပန်းဂေါ်ဖီကြော်အတွက် ကုန်ကျစရိတ်က ဆီဖိုးမပါ ကြက်ဥနှင့်ပေါင်းမှ ၁၀၀၀ ကျပ်သာဖြစ်သည်။
ဦးလှဖေက ပြုံးလိုက်သည်။
သူ့ကိုကြည့်နေသည့် သမီးက
“အဖေ ဘာပြုံးတာလဲ” ဟုမေးလိုက်သည်
ဦးလှဖေက စောစောက လက်ဖက်ရည်ဆိုင်တွင် မောင်းအုန်းရွှေတိုနှင့် အတူထိုင်ခဲ့ပြီး လက်ဖက်ရည်တစ်ဝိုင်း ရှင်းရသည့် ကုန်ကျစရိတ်ကို ပြောပြလိုက်သည်။
“အဖေ ... သူတို့က အလုပ်လေး ရှိနေလို့ကတော့အပြင်မှာပဲ စားနေကြတာ။ မိုးတွင်းအလုပ်မရှိဘူးဆိုရင် ရပ်ကွက်ထဲ ဟိုအိမ်မှာ ဆန်လိုက်ချေး၊ ဆီလိုက်ချေးနဲ့ သိပ်ပြီး စိတ်ပျက်ဖို့ကောင်းတာပဲ”
“ဥစ္စာဖြို ... စားဖိုကတဲ့ကွယ့် မှတ်ထားကြ။ စားဖိုချောင်ကို လုံအောင် မထိန်းနိုင်လို့ကတော့ မွဲပြီးရင်း မွဲနေ တော့မှာပဲ။ အိမ်တစ်အိမ်မှာ မိသားစု ဝဝလင်လင်နဲ့ အာဟာရရှိရှိ စားနိုင် သောက်နိုင်အောင် စီမံဖို့ကလည်း အရေးကြီးသကွယ်။ ခုနေ လက်ဖက်ရည်ဆိုင်ကို တစ်ယောက်တည်း ထိုင်တာတောင် လက်ဖက်ရည် တစ်ခွက် ၁၀၀၀၊ အီကြာကွေး တစ်ချောင်း ၅၀၀ နဲ့တွက် အနည်းဆုံး ၁၅၀၀ ကုန်နေပြီ။ အဲဒီ ၁၅၀၀ ကို အိမ်အတွက် ရည်စူးပြီး တစ်ခုခုဝယ်လိုက်တော့ တစ်မိသားစုလုံး ဝဝလင်လင်လည်းစားရ၊ အာဟာရလည်း ပြည့်တာပေါ့”
“သမီးတို့ကတော့ အိမ်မှာ ငါးပိရည်နဲ့ ဒီလိုစားရတာပဲကြိုက်တယ်”
“ဟုတ်တယ် သားလည်း ပန်းဂေါ်ဖီကြော်ကြိုက်တယ်”
“ဘာပြောပြောပါအဖေရယ် ... ဒီလို စားနိုင်နေနိုင်အောင် အဖေက အကွက်ချစီစဉ်ပေးခဲ့လို့ သမီးတို့ ခုလို ပုံစံကျနေတာပါအဖေ”
“အဖေက လခစားဘဝနဲ့ သမီးတို့ကို ပျိုးထောင်လာရတာ။ စနစ်တကျနဲ့ စီမံခန့်ခွဲပြီး မစားတတ်ခဲ့ရင် ခုလို ကိုယ်ပိုင်အိမ်နဲ့ ခြံနဲ့ နေနိုင်မှာတောင်မဟုတ်ဘူးကွယ်။ တရုတ်လိုရှာ၊ ကုလားလိုသုံး၊ မြန်မာတွေလို မဖြုန်းနဲ့ဆိုတာ အလကားစကားမှ မဟုတ်တာ။ အဖေက သုံးတာကို ဘယ်လောက်ကုန်ကုန် မနှမြောဘူးကွယ့်။ ဖြုန်းတာလိုမျိုး ဖြစ်နေရင်တော့ သိပ်နှမြောတာ”
“ဘိုးဘိုးကြီး”
“ဗျာ”
“ဟိုတစ်နေ့က သမီးကို ဈေးထဲမှာ မုန့်ဟင်းခါးကျွေးတာကရော”
“ဘိုးဘိုးမေးမယ် ... သမီးလေး။ ဘိုးဘိုး အဲဒီလို အပြင်မှာ မုန့်လိုက်ကျွေးတာ တစ်နှစ်မှာ ဘယ်နှကြိမ်လောက် ကြုံဖူးသလဲ”
“အင်း ... သမီးမှတ်မိသလောက်တော့ ဒီတစ်ခါပဲ”
“အေးကွယ့် တစ်နှစ်မှာ တစ်ခါလောက် မြေးလေးအတွက် ဘိုးဘိုးက အကုန်ခံတာကို သုံးတာလို့ခေါ်မလား ... ဖြုန်းတာလို့ ခေါ်မလား”
“သုံးတာလဲ မဟုတ်ဘူး ... ဖြုန်းတာလဲ မဟုတ်ဘူး”
“ဟေ ဒါဆိုရင် ဘာလဲကွယ်”
“ချစ်တာ”
[တင်ညွန့်]
၂၃.၃.၂၀၂၄
Comments
Post a Comment