သွေး


တင်ညွန့်
မောင်နှမနှစ်ယောက် နီးတကျက်ကျက်ဆိုသလိုဖြစ်သည်။ အစ်မဖြစ်သူက မောင်လေးကို အနိုင်ယူချင်။ မောင်ဖြစ်သူကလည်း ဆတ်ဆတ်ထိမခံ။ သူတို့နှစ်ယောက် မကြာခဏ ရန်ဖြစ်တတ်ကြသဖြင့် မေမေက စိတ်ညစ်ရသည်။

တစ်နေ့တွင် အစ်မဆေးရုံတက်ရသည်။ အရေးပေါ်သွေးလိုသည်။ သွေးရှာသော်လည်း အမျိုးအစားတူ ဘယ်မှာမှ ရှာမရသောကြောင့် စိတ်ညစ်နေကြရသည်။

နောက်ဆုံး ဆေးရုံအပြင်တွင် ကစားနေသည့် မောင်ဖြစ်သူကို သွေးစစ်ဆေးကြည့်ရန် မိခင်က ဆရာဝန်ထံ ခေါ်လာသည်။

“အလို အံ့အားသင့်စရာပဲ … သွေးချင်းတူတယ်”

“ဒါပေမဲ့ ကလေးကို အရင်ဆုံး မေးကြည့်ပါဦး”

မိခင်က သားလေးကို သူ့အစ်မနားသို့ ခေါ်လာပြီး

“သားလေးရေ … မမမှာ သွေးလိုနေတယ်။ သားလေးနဲ့ မမက သွေးချင်းတူတယ်။ ဒါကြောင့် သားလေးက မမကို သွေးလှူလိုက်ရင် မမ အသက်ရှင်လိမ့်မယ်”

“သားက မလှူဘူးဆိုရင်ကော”

“မမ သေသွားနိုင်တယ်သား”

သားငယ်က ပြတင်းပေါက်အပြင်ကို ထွက်ပြီး ငေးလိုက်သည်။ ပြီးတော့မှ သူ့အစ်မအနားကို ပြန်လာပြီး

“သား … လှူမယ်လေ” ဟုပြောလိုက်သည်။

ဆရာဝန်နှင့် ဆရာမများ အလုပ်ရှုပ်ကုန်ကြသည်။ မောင်နှမနှစ်ဦးကို ကုတင်ချင်းယှဉ်ပြီး သွေးကူးပြောင်း ခြင်းကိုလုပ်ဆောင်ကြသည်။ အစ်မဖြစ်သူ၏ မျက်နှာက တဖြည်းဖြည်း ပန်းနုရောင် သန်းလာသည်။ ဆရာဝန်ရော၊ သူနာပြုတွေပါပျော်ကြသည်။ မိခင်ကား ပြောဖွယ်ရာမရှိ မျက်ရည်တွေ တွင်တွင်ကျလာသည်။

ဆရာဝန်က

“သားရေ … ပြီးတော့မယ်နော် … မင်းမမ အခြေအနေကောင်းလာပါပြီ”

“ဟုတ်လား … ဒါဆိုရင် သားကရော … ဘယ်တော့ အသက်ထွက်မှာလဲဟင်”

ကလေး၏ စကားကို ကြားလိုက်ရသည့်အခါတွင် ဆရာဝန်က ပါးစပ်လေး အဟောင်းသားဖြစ်သွားသည်။ မိခင်က သားလေး၏ လက်ကိုကိုင်ပြီး ချုံးချကာ ငိုကြွေးသည်။

သားလေးစိတ်ထဲတွင် သူ့သွေးကို အစ်မဖြစ်သူအား ပေးလိုက်လျှင် သေမည်ဟုထင်နေသည်။

သူသေမည်ထင်ပြီး အစ်မအတွက် ဆုံးဖြတ်ချက်ကို ချခဲ့သည့် မောင်လေးအား အစ်မဖြစ်သူက မျက်ရည်တွေ ကြားက ငေးပြီးကြည့်နေမိသည်။

(Blood ကို မြန်မာမှုပြုပါသည်)

တင်ညွန့်

၉.၆.၂၀၁၇

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)