ဘွားမယ်စိန်နှင့် ကံကြမ္မာအလှည့်အပြောင်း (စဆုံး)

 ဘွားမယ်စိန်နှင့် ကံကြမ္မာအလှည့်အပြောင်း


ဘွားမယ်စိန်တို့မြို့သို့ရောက်လာခဲ့ကြသည်။
မောင်သိန်းဖေရဲ့အိမ်ဆီသို့ တန်းမသွားဖြစ်ဘဲ
ကျောက်ပွဲစားကြီး ဦးစိန်ကြည်ရဲ့နေအိမ်ဆီသို့သာ သွားရောက်၍တည်းခိုခဲ့ကြ၏။
မြို့၌ ဘွားမယ်စိန်တည်းခိုဖို့ရန်အိမ်များက
ပေါလှသော်လည်းထိုသူတို့ရဲ့အိမ်ဆီသို့မတည်းခိုဘဲ
ပွဲစားကြီးဦးစိန်ကြည်ရဲ့အိမ်သို့သာ ရောက်လာခဲ့ကြသည်။
ဘွားမယ်စိန်တို့ရောက်လာ၍ဦးစိန်ကြည်မှာအတော်ပင်
ဝမ်းသာနေခဲ့သည်။

"အမေကြီးတို့ရောက်လာတော့
ကျုပ်ဖြင့်ဝမ်းသာလိုက်တာခင်ဗျာ....
ထိုင်ကြပါအမေကြီး...အဘလည်းထိုင်ပါခင်ဗျ..."

အကြောင်းသေချာမသိသေးသော ဦးစိန်ကြည်မှာ
မောင်သိန်းဖေအား လူကြီးတစ်ယောက်ကဲ့သို့
ရိုသေစွာဆက်ဆံနေ၍ မောင်သိန်းဖေမှာပင်
အနေခက်ရှာသည်။

"သမီးရေ....သမီးမြတ်ရေ....လာပါဦးသမီးရဲ့"

ဦးစိန်ကြည်ရဲ့သမီးဖြစ်သူ ရောက်လာခဲ့သည်။

"အမေကြီး...ဒါ ကျုပ်သမီးဗျ...
သမီး...ဒါဖေဖေပြောပြခဲ့တဲ့...ဖေဖေတို့ရဲ့
ကျေးဇူးရှင်လေ...အမေကြီးကြောင့်သာ
ဖေဖေအသက်ဘေးက လွတ်ခဲ့ရတာသမီးရဲ့"

"ဟုတ်ကဲ့...သမီးနာမည်က မြတ်သူဇာလို့
ခေါ်ပါတယ်ရှင့်"

မြတ်သူဇာလေးကလည်းဖော်ရွေလှသည်။
မြတ်သူဇာသည် ရှင်ညိုထက်ငယ်ပုံရ၏။
ဦးစိန်ကြည်ခမျာဇနီးသည်မရှိသည့်နောက်
သမီးဖြစ်သူနဲ့သာနှစ်ယောက်ထဲနေပုံရပေသည်။

"မောင်စိန်ကြည်...ဘွားတို့က ကိစ္စရှိလို့လာကြတာကွဲ့...
အဲ့တာမောင်ရင့်အိမ်မှာပဲ တည်းချင်လို့ပါကွယ်"

"ဘယ်နရက်တည်းတည်းပါဗျာ...
အမေကြီးတို့စိတ်ကြိုက်သာနေကြပါ...
ကျုပ်က အမေကြီးကို အခုလို ဧည့်ဝတ်ကျေချင်နေတာကြာပြီဗျ...အခုတော့ ကျုပ်စိတ်တိုင်းကျ ဖြစ်ပြီးပေါ့ဗျာ..."

"ကျေးဇူးပါကွယ်"

"ပြောစရာလားအမေကြီးရာ...
ကျုပ်ကတောင်ကျေးဇူးတင်ရမှာပါ...
မောင်​စိုးရေ...ဟေ့မောင်စိုး..."

"ခင်ဗျာ သူဌေး..."

"ဒီက မောင်ရင်တွေအတွက် အခန်းလေးပြင်ပေးထားစမ်းကွာ...အမေကြီးတို့ကိုတော့အပေါ်ထပ်
ဘုရားခန်းဘေးကအခန်းကိုပြင်ပေးလိုက်ကွဲ့...
ကြားသလား"

"ဟုတ်ကဲ့သူဌေး"

"သမီးကတော့ အမေကြီးတို့အတွက်
မတင်မြကို အစားအသောက်စီစဥ်ခိုင်းထားဦး...
ဘာမှလိုအပ်တာမရှိစေနဲ့နော်သမီး"

"ဟုတ်ကဲ့ပါဖေဖေ"

ဘွားမယ်စိန်တို့အားလုံးအတွက် နေဖို့စားဖို့
ပြင်ဆင်ပေးဖို့လည်း ဦးစိန်ကြည်ကိုယ်တိုင်
သေချာမှာကြားနေခဲ့သည်။

"သိန်းဖေ...လာ...သွားကြစို့...ငါတို့ကသုံးယောက်တစ်ခန်းနေကြမှာကွ"

"သွားကြတာပေါ့"

မောင်တိုးတို့က ဦးစိန်ကြည်၏တပည့်ဖြစ်သူအနောက်သို့
လိုက်သွားခဲ့ကြသည်။

"အမေကြီး...မောင်တိုးတို့ကဘယ်လို​ဖြစ်ကုန်ကြတာလဲဗျ...ကျုပ်ဘုရားတည်တုန်းကတောင် သူတို့ပဲဦးဆောင်ကူညီကြတာပါ...အခုမှဘယ်လိုပုံစံတွေပေါက်ကုန်ကြရ
တာလည်းဗျာ..."

ဦးစိန်ကြည်က အဘအရွယ်ဖြစ်သူကိုမောင်တိုးတို့က
မလေးမစားခေါ်သည်ဟု ထင်မြင်သွားဟန်ရသည်။
ဘွားမယ်စိန်ကပြုံး၍...

"မောင်ရင်ထင်သလိုမဟုတ်ပါဘူးကွယ်...
တကယ်က မောင်သိန်းဖေ က မောင်ရင်အခုမြင်နေရသလို အသက်အရွယ်ကြီးရင့်တဲ့သူမဟုတ်ဘူး...
ကောင်လေးက လိပ်ပြာချင်းလဲ ခံထားရလို့ပါကွယ်..."

"ခင်ဗျာ...လိပ်ပြာချင်းလဲခံရတယ်..."

"ဟုတ်တယ်ကွဲ့...သူ့ကိုလိပ်ပြာလဲတဲ့သူက
အခုမောင်ရင်မြင်ရတဲ့အဘိုးကြီးပဲ...
အဲ့သည်အဘိုးကြီးရဲ့လိပ်ပြာကသာ မောင်သိန်းဖေရဲ့
ကိုယ်ထဲမှာရောက်နေခဲ့တာကွဲ့"

"သြော်...လောကကြီးကလည်းအတော်ထူးဆန်းတာပဲဗျ...ကိုယ်သိကိုယ်မြင်နေရတာတွေထက်...
မသိ မသိမြင်ရတာတွေကလည်း အများသားပါလား
အမေကြီးရယ်..."

"အေးကွယ်...ဘွားတို့လည်း မောင်သိန်းဖေကိစ္စကို
ကူညီပေးနိုင်ဖို့အတွက် ဒီမြို့ကိုလိုက်လာကြရတာကွဲ့..."

"ဒါဆို မောင်သိန်းဖေကဒီမြို့ကပေါ့"

"ဟုတ်တာပေါ့ကွယ်...
သူပြောတာတော့ ဒီမြို့မှာ သူဌေးလေးမောင်သိန်းဖေဆိုရင် တော်တော်များများသိကြတယ်တဲ့လေ..."

"သူဌေးလေး မောင်သိန်းဖေ...ကျုပ်သိတယ်ခင်ဗျ...
ဒီကလေးက ဦးသိန်းနဲ့ဒေါ်မိမိလေးတို့သားထင်ပါရဲ့...
မိဘတွေဆုံးပါးသွားတော့ရှိသမျှအမွေတွေရပြီး
သူဌေးလေးဆိုပြီးနာမည်ကျော်နေတာခင်ဗျ..."

"ဖြစ်နိုင်တယ်ကွဲ့...တော်နေမှ မောင်သိန်းဖေနဲ့
မောင်စိန်ကြည်တို့စကားပြောကြည့်ကြပေါ့ကွယ်...
နောက်ပြီး ဘွားတို့တွေ​ မောင်စိန်ကြည်ဆီက
အကူအညီတောင်းချင်သေးတယ်ကွဲ့"

"ပြောပါအမေကြီး...ကျုပ်ကူညီနိုင်တာဆို
ကူညီပေးဖို့အသင့်ပါပဲခင်ဗျာ..."

"ညကျမှ အားလုံးစုံတဲ့အချိန်ပြောကြတာပေါ့
မောင်စိန်ကြည်"

"ဟုတ်ကဲ့အမေကြီး"

ဦးစိန်ကြည်က...ဘွားမယ်စိန်တို့ကို အပေါ်ထပ်ဘုရားခန်းအနီးရှိ အခန်းတစ်ခု၌ နေရာစီစဥ်ပေးသလို...
မောင်တိုးတို့အတွက်အောက်ထပ်ရှိအခန်းတစ်ခုကိုစီစဥ်လို့​ပေးထားသည်။

"ဘုရားခန်းနဲ့နီးတော့ အမေကြီး တို့အတွက်အဆင်
ပြေတာပေါ့ခင်ဗျာ...ကျုပ်တို့အိမ်မှာလည်း
ကျုပ်ရယ်...သမီးရယ်...အစောက မောင်စိုးနဲ့
အိမ်အကူအဒေါ်ကြီးပဲရှိတယ်...လိုအပ်တာရှိရင်လည်းအားမနာကြနဲ့ဦးနော် အမေကြီး..."

"အေးပါကွယ်...အခုလို နေဖို့ထိုင်ဖို့ စီစဥ်ပေးတာတင်
ဘွားတို့အတွက်အဆင်ပြေလှပါတယ်...
ကျေးဇူးလည်းတင်ပါတယ်မောင်စိန်ကြည်"

"ကျေးဇူးစကားမဆိုပါနဲ့အမေကြီးရယ်...
အခုကျုပ်လုပ်ပေးနေတာတွေက အမေကြီး
ကျုပ်ကိုကူညီပေးခဲ့တာထက်စာရင် ဘာမှမမဟုတ်သေးပါဘူးခင်ဗျာ..."

ဘွားမယ်စိန်နဲ့ရှင်ညိုတို့က ဦးစိန်ကြည်နဲ့
စကားဆက်ပြောနေကြသည်။
ခဏကြာတော့ ထမင်းပွဲအသင့်ဖြစ်ကြောင်း မြတ်သူဇာက
လာပြောလေသည်။
ဘွားမယ်စိန်တို့ထမင်းစားကြတော့ ထမင်းဝိုင်း၌
ဟင်းများက ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးထာတာကို
တွေ့ကြရသည်။

"ဒီကနေ့တော့ အိမ်ရှိတာလေးတွေနဲ့
ပြင်ဆင်ပေးထားရတာပါရှင်...
နောက်ရက်တွေကျ သေချာပြင်ဆင်ပေးပါ့မယ်နော်..."

"အခုကိုအတော် ပြည့်စုံနေပါပြီသမီးရယ်...
ကျေးဇူးတင်ပါတယ်..."

"ရပါတယ်အဘွားရယ်...သုံးဆောင်ကြပါရှင်...
ကျွန်မတို့ကိုအားမနာကြပါနဲ့နော်...
ကိုယ့်အိမ်လိုပဲသဘောထားပြီးသုံးဆောင်ကြပါရှင်..."

မြတ်သူဇာက ထိုမျှသာပြောပြီး ထမင်းဝိုင်း၌
လိုအပ်တာမရှိအောင် ကြည့်ရှု့ပေးပြီး ထွက်သွားတော့၏။
အိမ်ရှင်အနားရှိလျှင်စားရတာ မလွတ်လပ်မည်ကို
သိဟန်လည်းရရှာသည်။

ညသို့ရောက်လေတော့ ဘွားမယ်စိန်တို့မှာ
ဦးစိန်ကြည်တို့သားအဖနဲ့ စကားပြောနေခဲ့သည်။

"မောင်သိန်းဖေကတော့ ကျုပ်ကိုမသိနိုင်ဘူးဗျ..."

"ဟုတ်ကဲ့ဦးလေး...တစ်မြို့ထဲနေပြီး
အခုလို အကူအညီတောင်းချိန်မှ သိရတယ်ခင်ဗျာ...
အားလည်းနာမိပါတယ်"

"အိုကွယ်...ဒါကအားနာစရာမှမဟုတ်တာမောင်ရင်ရဲ့...
ကျုပ်ကတော့ ကိုယ်နိုင်တာဆို ကူညီပေးဖို့
အသင့်ပါပဲလေ..."

ဦးစိန်ကြည်စကားကို မောင်သိန်းဖေက ခေါင်းညိတ်သည်။

"ဘွားကတော့ ဒီတိုင်း နင်လားငါလားဆိုပြီး
ထိပ်တိုက်မတွေ့ချင်သေးဘူးကွယ်...
မောင်ရင်နဲ့ လိပ်ပြာလဲတဲ့သူက ဘယ်သူ၊ဘယ်ဝါ
ဘယ်လိုပညာတွေရှိတယ်ဆိုတာ သိချင်သေးတယ်"

"ဒါဆို အမေကြီးက ဘယ်လိုများစဥ်းစားထားမိသေးလဲဗျ..."

"ဒီလိုကွဲ့မောင်သိန်းဖေရဲ့...
ဘွားကတော့ မောင့်ရင့်အိမ်ဆီကို သွားပြီး
အဲ့သည်လူကို အကဲခတ်စေချင်သေးတယ်...
ပြောရရင် စောင့်ကြည့်ခိုင်းတာမျိုးပေါ့ကွယ်..."

"အမေကြီးပြောတာလည်းဟုတ်ပါတယ်...
ဒါပေမယ့် ဒီလူ က ကျုပ်ကိုသိနေမှာဆိုတော့
မလွယ်လောက်ဘူးနော်အမေကြီး"

မောင်သိန်းဖေ စကားကို ဘွားမယ်စိန်က ပြုံးလေသည်။

"ဘွားက မောင်ရင့်ကို မလွှတ်ပါဘူးကွယ်...
ဘွားရဲ့သားမောင်တိုးနဲ့မောင်အုန်းကို လွှတ်မှာပါကွဲ့..."

"ခင်ဗျာ...ဖြစ်ပါ့မလားအမေကြီးရဲ့"

"ဒါကတော့ မောင်စိန်ကြည်ဆီက အကူအညီကိုပဲ
ယူရတော့မှာပေါ့ကွယ်..."

"ကျုပ်ဘယ်လိုများ ကူညီရမှာလဲ အမေကြီး"

"အင်း...ဘွားပြောတာကို အားလုံးသေချာနားထောင်ကြပါ...မောင်စိန်ကြည်နဲ့မောင်သိန်းဖေတို့က အခုမှခင်မင်ကြတာမဟုတ်ဘဲ ဟိုးအရင်ကတည်းက တူလိုသားလို
ခင်မင်ခဲ့ကြတဲ့သူတွေလို့ပဲ မှတ်ထားကြ...
အဲ့သည်လို ခင်မင်နေစဥ် မောင်သိန်းဖေက
သူ့အတွက် ဘေးနားမှာလူယုံတစ်ယောက်လိုအပ်တယ်လို့
ပြောဖူးလို့ မောင်စိန်ကြည်ကမောင်တိုးကို
သွားပို့ပေးရလိမ့်မယ်...နောက်ပြီး မောင်အုန်းကိုတော့
အိမ်မှာ ခိုင်းဖို့ ဆိုပြီးအတူခေါ်သွားကွဲ့...
ဒါပေမယ့် မောင်သိန်းဖေအတုက ငြင်းလာခဲ့ရင်လည်း
မောင်စိန်ကြည်အနေနဲ့မတွန့်မဆုတ်ဘဲ
ရဲရဲတင်းတင်းစကားကိုပြောပြီးမရမက
ထားခဲ့ရလိမ့်မယ်..."

ဟု...ဘွားမယ်စိန်ကပြောတော့ ဦးစိန်ကြည်မှာ သူ၏
နဖူးမှချွေးများကို လက်ဖြင့်သုတ်လိုက်ပြီး သက်ပြင်းချရှာသည်။

"ဖြစ်ပါ့မလားအမေကြီးရယ်...
ဦးစိန်ကြည်ကြည့်ရတာ အဲ့သည်ဘိုးတော်ကို ကြောက်နေပုံရတယ်ခင်ဗျ"

မောင်သိန်းဖေက ဦးစိန်ကြည်အမူအရာကိုကြည့်၍
ဝင်ပြောပေးရှာသည်။

"အေးလေ...မောင်စိန်ကြည် မလုပ်ရဲရင်တော့ဖြင့်
တခြားနည်းလမ်းကို စဥ်းစားရသေးတာပေါ့..."

ဘွားမယ်စိန်က ပြောတော့ အားလုံးငြိမ်ကျသွားခဲ့သည်။
ဦးစိန်ကြည်က သက်ပြင်းချ၍...

"ကျုပ်ကူညီပေးပါ့မယ်အမေကြီး...
ဒါပေမယ့် ဟိုဘက်က လက်မခံရင်တော့
ကျုပ်လည်း ဘာမှမတတ်နိုင်ဘူးဆိုတာ
ကြိုပြောထားပါရစေဗျာ..."

ဘွားမယ်စိန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။

"မောင်ရင်ပြောတာမအောင်ရင်တော့
အသာပဲ ပြန်လာခဲ့ပါကွယ်...
နောက်ပြီး မောင်ရင်တို့သားအဖကို ဘာမှမထိခိုက်စေရဘူးဆိုတာလည်း ဘွားဘက်ကအာမခံပါတယ်..."

"အမေကြီးက ကျုပ်တို့အိမ်မှာပဲ နေဦးမှာမဟုတ်လား...
အမေကြီးနေနေသေးသ၍ကတော့
ကျုပ်စိတ်အေးပါတယ်ဗျာ..."

"နေရမှာပေါ့ကွယ်..."

ထိုသို့ဖြင့် ဘွားမယ်စိန်တို့ရဲ့ စကားဝိုင်းလည်း
ပြီးသွားခဲ့သည်။
ကိုယ်စီလူခွဲ၍ ကိုယ့်အခန်းဆီသို့ပြန်လာခဲ့ကြ၏။
ဘွားမယ်စိန်က ဘုရားခန်း၌ ပုတီးစိပ်တရားထိုင်နေချိန်
ရှင်ညိုသည် အောက်ထပ်သို့ ပြန်ဆင်းလာခဲ့လေသည်။

"ဒေါက်...ဒေါက်..."

"ဘယ်သူလဲ"

"ကျုပ်ပါကိုကြီးတိုး"

"ရှင်ညိုလား...အေး...အေး...ငါတို့လာပြီ"

မောင်တိုး၊မောင်အုန်းနဲ့ မောင်သိန်းဖေတို့ အခန်းအပြင်သို့
ထွက်လာခဲ့ကြသည်။

"ကျုပ်တို့ ခြံထဲဆင်းပြီး စကားပြောကြရအောင်"

"သြော်...အေး...အေး..."

ခြံထဲသို့ဆင်းလာတော့ ညကအတော်ပင်
နက်နေပြီဖြစ်သည်။
မှောင်မိုက်နေသော ပတ်ဝန်းကျင်၌အလင်းရောင်ဆို၍ လရောင်ရဲ့အလင်းမှိန်မှိန်လေးသာရှိနေခဲ့၏။
သို့သော်ဦးစိန်ကြည်၏နှစ်ထပ်အိမ်ကြီးအတွင်း၌
မီးအိမ်လေးများထွန်းထားသည်ကြောင့် လုံးဝအမှောင်ကျ
မနေခဲ့ပေ။

"ရှင်ညို...မအိပ်သေးဘူးလားဟ"

"ကျုပ် ကိုကြီးတိုးတို့ကို မှာစရာရှိနေလို့...
မနက်ကျရင် ဒီစကားတွေမပြောလိုက်ရမှာလည်း
စိုးလို့လေ..."

"ဘာစကားတွေလဲရှင်ညို"

"ဒီလိုတော့်...မနက်ကျရင် ကိုကြီးတိုးတို့ကို
ဟိုဘိုးတော်က လက်ခံပြီးခေါ်ထားတဲ့အခါ
သူ့အခြေအနေကို စောင့်ကြည့်ပြီး သတင်းပြန်ပို့မယ့်သူက
လိုသေးတယ်လေ..."

"ဒါတော့စိတ်မပူနဲ့ညီမ...
ကျုပ်တပည့် မောင်အေး ကို ပြောခိုင်းဖို့ အမေကြီးနဲ့
အစောကတည်းကပြောထားပြီးပါပြီ..."

"ဒါကို ကျုပ်သိပါတယ်...
ဒါပေမယ့်လို့ ကျုပ်တို့ထင်မထားတာမျိုးဖြစ်နေရင်လည်း
ကိုကြီးတိုးတို့က ဒုက္ခရောက်ကြမှာလေ...
ဒီတော့ ကျုပ်ပြောမယ်ကိုကြီးတိုး..
စရောက်ရောက်ခြင်းတော့ မောင်အေးကို
ဘာမှမပြောလေနဲ့ဦး သူတို့အားလုံးရဲ့
အခြေအနေကိုကြည့်ပြီးမှ ပြောသင့်မ​ပြောသင့်ဆုံးဖြတ်ပေါ့...ဒါနဲ့ ကိုသိန်းဖေတို့အိမ်မှာ ထမင်းချက်ရှိလား"

"ရှိတာပေါ့ညီမ..."

"ဒါဆိုရင်တော့ အိမ်သန့်ရှင်းရေးအတွက်
မိန်းကလေးတစ်ယောက်ကို ခေါ်ဖို့လိုတယ်လို့ပြောပြီး ကျုပ်ကိုပါအရခေါ်ပေတော့ကိုကြီးတိုး...ကျုပ်ရောက်လာမှ အခြေအနေကိုလေ့လာကြတာပေါ့..."

"ဖြစ်ပါ့မလားရှင်ညို...ဘွားက နင့်ကိုထည့်ပါ့မလား"

"ဖြစ်ပါတယ်ကိုကြီးတိုးရယ်...ကျုပ်အဘွားကို
သေချာပြောပြထားပါ့မယ်"

"အေးဟာ...ဒါဆိုလည်း ငါတို့အလုပ်ရသွားရင်
သေချာပြောကြည့်ပါ့မယ်..."

"နောက်ပြီး အအိပ်အစားဂရုစိုက်ကြဦးနော်...
ငြို့ခံရရင်လည်း ငြို့ခံရသူလို့ ဟန်ဆောင်ဖို့မမေ့ကြနဲ့...
ကျုပ်ပေးလိုက်မယ့်ဟောသည် ကြိုးလေးတွေကိုလည်း
လက်မောင်းမှသေချာဝတ်ထားကြဦး..."

ရှင်ညိုက ချည်မန်းကြိုးများအား မောင်တိုးတို့ကိုပေးသည်။

"ဒီချည်မန်းကြိုးတွေ သူမမြင်အောင်လည်း
အင်္ကျီနဲ့သေချာ ဖုံးထားကြဦး...
ဒါက လုံးဝမြင်လို့မရဘူးနော်ကိုကြီးတိုးတို့"

"အေးပါရှင်ညို...ငါတို့ကိုစိတ်ချပါ..."

မောင်တိုးတို့မှာ ညီမဖြစ်သူ ရှင်ညိုပြောသမျှကို
ခေါင်းလေးတွေညိတ်ကြသည်။

"ဒါဆို ကျုပ်အပေါ်ပြန်တက်တော့မယ်...
အစစအရာရာဂရုစိုက်ကြနော်..."

ဟု...မှာ၍ ရှင်ညို အိမ်ထဲသို့ပြန်ဝင်ကာ
အပေါ်ထပ်ဆီသို့ တက်သွားတော့သည်။

"ကိုကြီးတိုးတို့...ကိုကြီးအုန်းတို့များ...
စိတ်ပူပေးတဲ့ ညီမအလိမ္မာလေးရထားကြတာပဲဗျ"

"မောင်သိန်းဖေရေ...
ကျုပ်တို့ညီမက လိမ္မာယုံတင်မကဘူး...
ပညာပိုင်းမှာလည်း အတော်ထက်မြက်တဲ့သူဗျ...
ငါ့ညီ မကြာခင်သိရပါလိမ့်မယ်...
ကဲ...လာကြတော့အခန်းထဲပြန်ဝင်ပြီး အိပ်ကြတာပေါ့.."

မောင်အုန်းက မောင်သိန်းဖေကို ပုခုံးမှဖက်၍
အိမ်ထဲသို့ ခေါ်သွားတော့သည်။

နောက်တစ်နေ့နံနက်သို့ရောက်တော့...

"ကဲ...ဘွားရေ...ကျုပ်တို့သွားတော့မယ်ဗျာ"

"မောင်ရင်တို့တတွေ ဘွားပြောတာကိုမမေ့ကြနဲ့ကွဲ့...
ဂရုစိုက်ကြဦးနော်..."

"ဟုတ်ကဲ့ဘွား"

နံနက်စာစားပြီးသည့်နောက် ဦးစိန်ကြည်နဲ့မောင်တိုး၊မောင်အုန်းတို့သည် ဘွားမယ်စိန်တို့ကို နှုတ်ဆက်၍
ထွက်သွားကြတော့၏။

"အိမ်ရှင်တို့...ဗျို့...အိမ်ရှင်တို့..."

အိမ်အရှေ့ဆီမီခေါ်သံကြောင့် မောင်အေး အပြေးထွက်လာခဲ့သည်။

"ဘယ်သူတွေလဲဗျ"

"အေး...မင်းတို့သူဌေးလေး မောင်သိန်းဖေရှိလားကွဲ့...
ကျုပ် ဦးစိန်ကြည်ပါ..."

"သူဌေးလေးကအပေါ်ထပ်မှာ ရှိတယ်ဗျ...
ကျုပ်သွားခေါ်ပေးပါ့မယ်...အရင်ဝင်ကြပါဦး"

"အေး...အေး...အေး"

ဦးစိန်ကြည်က မျက်နှာထားတည်တည်ဖြင့်
မောင်အေးနောက်သို့ လိုက်လာခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကလည်း လွယ်အိတ်လေး
ကိုယ်စီဖြင့် ဦးစိန်ကြည်၏အနောက်မှလိုက်ခဲ့ကြ၏။

"ထိုင်ကြပါဦးခင်ဗျာ...
ကျုပ်သူဌေးလေးကို သွားခေါ်ပေးပါ့မယ်"

မောင်အေးထွက်သွားတော့ ဦးစိန်ကြည်တို့လည်း
ဘေးဘယ်ညာကိုအကဲခတ်နေခဲ့ကြ၏။

"ဘယ်သူတွေများပါလိမ့်"

မောင်သိန်းဖေ အတု ထွက်လာခဲ့သည်။

"ဟေ့မောင်သိန်းဖေ...မောင်ရင်က အတော်စိမ်းကားနေတာပဲကွဲ့...ကျုပ်ဦးစိန်ကြည်ပါမောင်ရင်ရဲ့..."

ဟု...ဦးစိန်ကြည်ကပြောတော့ မောင်သိန်းဖေ
မျက်နှာပျက်သွားသည်။

"ဟုတ်ကဲ့ဦးစိန်ကြည်...ကျုပ်ဆီလာတာ
ဘာအကြောင်းများရှိလို့လဲ"

"မောင်ရင်က လူငယ်မပီသလိုက်တာကွယ်...
အတော်မေ့တတ်တဲ့ပုံပဲ...မောင်ရင်ပဲ ကျုပ်ကို
ယုံကြည်ရတဲ့သူတစ်ယောက်လောက်
ခိုင်းဖို့လိုချင်တယ်ဆို..."

"ခင်ဗျာ...ကျုပ်က ပြောထားတာလား"

"အေးလေကွယ်...ဒီမှာကျုပ်က မောင်ရင်ခိုင်းဖို့အတွက်
အတော်ကိုရိုးသားတဲ့ ဒီကလေးတွေကို ခေါ်လာပေးတာ..."

မောင်သိန်းဖေက ဦးစိန်ကြည်စကားကြောင့်
မောင်တိုးနဲ့မောင်အုန်းကို သေချာကြည့်လေသည်။
မောင်သိန်း၏အကြည့်ကို မောင်တိုးနဲ့မောင်အုန်းက
မျက်နှာတစ်ချက်မပျက်ဘဲ ပြုံး၍ ကြည့်ကြ၏။

မောင်သိန်းဖေက ခေါင်းညိတ်၍...

"ကောင်းပြီလေ...ကျူပ်ပြောထားတာဆိုရင်လည်း
ထားခဲ့လိုက်ပါ...ကျုပ်ခိုင်းလို့ရတာပေါ့ဗျာ..."

"အေးကွယ်...ဒီလိုဆိုတော့လည်း
ကျုပ်ထားခဲ့ပါ့မယ်...ဒီကလေးတွေကရိုးသားပြီး
လူအေးလေးတွေမလို့ ဘာပြဿနာမှမရှိနိုင်ဘူးလို့
ကျုပ်ယုံပါတယ်...ဒါပေမယ့် သူတို့နဲ့ပတ်သတ်လို့တစ်ခုခုတစ်စုံတစ်ရာဖြစ်လာရင်လည်း ကျုပ်ကိုပဲပြောပေးပါကွယ်..."

"ဟုတ်ကဲ့ပါဦးစိန်ကြည်...
ကျုပ်လက်ထဲမှာစိတ်ချလက်ချသာထားခဲ့လိုက်ပါ...
မောင်အေး...မောင်အေးရေ..."

"ဗျာ...သူဌေးလေး..."

"ဒီက အစ်ကိုတွေအတွက် နေရာလေးစီစဥ်ပေးလိုက်ကွဲ့...
နောက်ပြီး ကျုပ်အတွက်လုပ်ပေးရမယ့်တာဝန်တွေကိုလည်း သေချာပြောပြထားလိုက်..."

"ဟုတ်ကဲ့သူဌေးလေး..."

မောင်အေးက မောင်တိုးတို့ကိုခေါ်သွားလေတော့
ဦးစိန်ကြည်ကိုနှုတ်ဆက်၍ လိုက်သွားခဲ့ကြသည်။
မောင်တိုးတို့မရှိတော့၍ တစ်ယောက်ထဲမနေဝံ့သော
ဦးစိန်ကြည်မှာ...

"လာရင်းကိစ္စလည်းပြီးပြီဆိုတော့ ကျုပ်ပြန်လိုက်ဦးမယ်
မောင်သိန်းဖေ..."

"ဟုတ်ကဲ့...နောက်များလည်း အလည်အပတ်ဝင်ခဲ့ပါဦး
ဦးစိန်ကြည်..."

"အေးကွယ်...ကျုပ်အလုပ်အားရင် ဝင်ခဲ့ပါ့မယ်"

ဦးစိန်ကြည်က မောင်သိန်းဖေအတုရှေ့မှ
ထပြန်လာခဲ့တော့သည်။
မောင်တိုးနဲ့မောင်အုန်းကို မောင်အေးက သေချာသင်ပြပေး၏။
မောင်တိုးကို မောင်သိန်းဖေရဲ့ အနီးကပ်နေသူအဖြစ်
လုပ်ရမည့်တာဝန်များကိုပြောပြသလို...
မောင်အုန်းအား သူနဲ့အတူလုပ်ကိုင်ရမည်တို့အား ပြောပြပေးရှာသည်။
ပထမနေ့၌တော့ မောင်သိန်းဖေအတု၏ လှုပ်ရှားမှုကို
စောင့်မကြည့်နိုင်ဘဲ အလုပ်တာဝန်များဖြင့်သာ
အချိန်ကုန်သွားခဲ့ရသည်။
အိပ်ရသည်ကလည်း အလုပ်သမားများနေသော
အခန်း၌ အိပ်ကြရ၏။
အခန်းထဲ၌ မောင်အေး၊မောင်တိုး၊မောင်အုန်းတို့
သုံးယောက်သာရှိသည်။
ထမင်းချက်အဒေါ်ကြီးမှာလည်း မနက်အစောလာ၍
ညနေဆိုလျှင် ပြန်သွားတတ်ကြောင်း မောင်တိုးတို့
သိခဲ့ကြရသည်။

"ဟေ့...မောင်အေး..."

"ခင်ဗျာ..."

မောင်သိန်းဖေက ထိုင်ခုံ၌ ထိုင်နေစဥ် မောင်အေးကို
လှမ်းခေါ်လေသည်။
နံဘေး၌ရှိသော မောင်တိုးက မောင်သိန်းဖေ၏
ဗီရိုအတွင်းရှိအဝတ်အစားများကိုသေချာစီထည့်
နေခဲ့သည်။

"ငါမင်းကိုမေးဦးမယ်မောင်အေးရဲ့..."

"ဟုတ်ကဲ့သူဌေးလေး...မေးပါ..."

မောင်သိန်းဖေရဲ့ အမူအရာကို မောင်တိုးက
အကဲခတ်နေခဲ့သည်။

"ကျုပ်လက်ထဲ ပိုက်ဆံအတော်နည်းနေပြီမောင်အေးရဲ့...
ကျုပ်ဦးကြီးဆိုတဲ့သူကို သွားခေါ်ပေးစမ်းကွယ်...
ဒီကနေ့တော့ သူနဲ့တွေ့မှကိုဖြစ်လိမ့်မယ်..."

"ဦးမင်းထိန်ကို ကျုပ်က ခေါ်ပေးရမှာလား
သူဌေးလေး"

"အေးလေ...ဘာများဖြစ်လို့လဲမောင်အေး"

"​သြော်...တခြားမဟုတ်ရပါခင်ဗျာ...
ခါတိုင်းဆိုရင် သူဌေးလေးက ဦးမင်းထိန်တို့အိမ်ဆီကို
သွားနေကြမလို့ပါ..."

"ကျုပ်မသွားချင်လို့ပေါ့မောင်အေးရယ်...
ကျုပ်ခိုင်းတာလုပ်စမ်းပါကွဲ့...
ကြားသလား"

မောင်သိန်းဖေက မျက်တောင့်နီကြီးဖြင့် မောင်အေးကို
စိုက်ကြည့်၍ ပြောလိုက်ရာ မောင်အေးက ဖြည်းညှင်းစွာ
ခေါင်းကိုညိတ်ပြီး အနားမှထွက်သွားတော့သည်။
မောင်အေးရဲ့ပုံစံက မူမမှန်တာကို မောင်တိုးသတိထားမိလိုက်၏။

"မောင်တိုး"

"ခင်​ဗျာ...သူဌေးလေး..."

"ဒီကိုလာစမ်းကွဲ့..."

"ဟုတ်ကဲ့..."

မောင်တိုးလည်း မောင်သိန်းဖေအနားသို့
သွားလိုက်သည်။
မောင်သိန်းဖေအရှေ့၌ ရိုကျိူးဟန်ဖြင့် မတ်တပ်ရပ်နေရာ
မောင်သိန်းဖေက မောင်တိုးကို သေချာအကဲခတ်နေ၏။

"ကျုပ်...မောင်ရင့်ကိုတော့သဘောကျတယ်...
ဒီကနေကစပြီး မောင်ရင်က ကျုပ်တပည့်ဖြစ်သွားပြီ..
ဒီအိမ်မှာ ကျုပ်ကို ရန်မူမယ့်သူ...
ဒုက္ခပေးမယ့်သူရှိလာရင် မောင်ရင် ကျုပ်ကို ကာကွယ်ပေးရလိမ့်မယ်...ကြားသလားကွဲ့"

ဟု...အမိန့်ပေးသံဖြင့်ပြောလိုက်ရာ မောင်တိုးကလည်း
စောစော မောင်အေးရဲ့အမူအရာအတိုင်းလုပ်၍...

"ဟုတ်ကဲ့ပါ သူဌေးလေး"

ဟု...ပြောလိုက်ရ၏။
ထိုအခါ မောင်သိန်းဖေမှာ သဘောတွေ့ဟန်ဖြင့်
ပြုံး၍နေတော့သည်။

"ကဲ...ကဲ...သွား...သွား...လုပ်စရာဆက်လုပ်ချေတော့"

ဟု...ထပ်ပြောလေမှ မောင်တိုးလည်း
လုပ်ကိုင်စရာရှိသည်များ ဆက်လုပ်နေခဲ့တော့သည်။
ညသို့ရောက်တော့ မောင်တိုးနဲ့မောင်အုန်းလည်း
မောင်အေးအိပ်လောက်သည့်အချိန်ကို စောင့်၍
တိုင်ပင်ကြရ၏။

"ကိုကြီးအုန်း...ဒီလူက မောင်အေးကို ရော...
ကျုပ်ကိုရော သူ့ပညာနဲ့ စိတ်ညှိ့ပြီးခိုင်းနေတာဗျ...
ကျုပ်ကိုသူ့ပညာတွေ မသက်ရောက်နိုင်ဘူးဆိုတာတော့
သူမသိရှာဘူး..."

"အေး..ဒီလိုဆိုရင်တော့ငါတို့ ပိုပြီး
သတိကြီးရတော့မယ်ကွ...ဒီလူက သာမာန်လူတစ်ယောက်
တော့မဟုတ်နိုင်ဘူး...ငါတော့ကွာ...ရှင်ညိုကိုသာ
အမြန်ခေါ်လိုက်ချင်တော့တယ်..."

"သိပ်မလောနဲ့ကိုကြီးအုန်းရဲ့...
မနက်ကတောင် သူ့လက်ထဲငွေမရှိတော့လို့...
မောင်သိန်းဖေရဲ့ ဦးကြီးကိုသွားခေါ်ခိုင်းနေတာ...
ကြည့်ရတာ ဦးကြီးဖြစ်သူကိုလည်း အခုထိ
တွေ့ဖူးဟန်မရဘူးဗျ..."

"အင်း...ဒီအိမ်မှာနေတာကြာလာလေလေ...
ငါတော့ စိတ်ပိုပြီးပူလေပဲကွာ...
မင်းလည်း ​သတိနဲ့နေဦး...ငါတို့ကို
သူရိပ်မိ မသွားဖို့က အရေးကြီးတယ်..."

"ကျုပ်ကိုစိတ်ချစမ်းပါဗျာ...
မနက်က ကျုပ်ဟန်ဆောင်လိုက်တာတောင်
သူ့ခမျာအတော်သဘောကျသွားပုံရတယ်ဗျ..."

"အေး..ကြောင်ကြာကြာရေမငုပ်နိုင်မှာပဲစိုးတာ
မောင်တိုးရ... "

မောင်အုန်းက ရှေ့ကိုကြိုတွေးပြီးစိတ်ပူနေရှာသည်။
သူတို့နံဘေး၌ ဘွားမယ်စိန်နဲ့ရှင်ညိုတို့ မပါ၍
ပိုပြီး အားငယ်ပုံလည်းရသည်။

နောက်တစ်နေ့နံနက်၌ မောင်သိန်းဖေ၏
ဦးကြီးတော်စပ်သူ ဦးမင်းထိန်တစ်ယောက်အိမ်သို့ရောက်လာခဲ့သည်။

"မောင်သိန်းဖေ..."

ဦးမင်းထိန်က မောင်သိန်းဖေနဲ့ မျက်နှာချင်းဆိုင်ခုံတွင်
ဝင်ထိုင်ရင်း တူဖြစ်သူကို ခေါ်လိုက်၏။
မောင်သိန်းဖေက ဦးကြီးဖြစ်သူကို ကြည့်၍...

"ကျုပ်ဦးကြီးတို့များ အခုမှပဲပေါ်လာတော့တယ်"

ဟု...ပြောလေရာ...

"အမယ်...မင်းက ပြောင်းပြန်တွေ ပြောနေပြန်ပြီ...
ခါတိုင်းဆိုရင် မင်းပဲ ငါ့အိမ်ဝင်ထွက်နေတာ
မဟုတ်ဖူးလား..ကဲပါ...မနေ့က မောင်အေး လာခေါ်တယ်...
ဦးကြီးလည်းမအားတာနဲ့မလိုက်ခဲ့ရတာ...
ဘာကိစ္စရှိသလဲဆိုတာပြောစမ်းပါဦးကွဲ့..."

ဟု...ဦးကြီးဖြစ်သူ ဦးမင်းထိန်က ပြန်၍ပြောလေသည်။

"ကျုပ်ကို ပိုက်ဆံပေးစမ်းပါဦး ဦးကြီးရဲ့...
ကျုပ်လက်ထဲရှိတာကလည်း အတော်နည်းနေပြီဗျ"

"ဟေ...မင်းကဘာအရေးတကြီးရှိလို့ငွေလိုနေရတာလဲ
မောင်သိန်းဖေရဲ့"

"ဟာဗျာ...ကျုပ်ငွေကို ကျုပ်တောင်းတာ..
ဦးကြီးကို နေရာတကာရှင်းပြနေရဦးမှာလား...
ဒီလိုဆို ကျုပ်လုပ်ငန်းတွေကို ကျုပ်ဆီပဲ
ပြန်ယူတော့မယ်ဗျာ..."

ဦးမင်းထိန်မှာ တူဖြစ်သူ၏ အမူအရာနဲ့
အပြောအဆိုများကို ကြည့်၍ အံ့သြနေခဲ့သည်။

"မင်းကြည့်ရတာ တစ်ခုခုတော့ဖြစ်နေပုံပဲ...
ဦးကြီးလာလာပေးတဲ့ အမြတ်တွေနဲ့တင်
မင်းလက်ထဲ ငွေတော်တော်ရှိနေရမှာပါ...
ပြောစမ်းပါဦးကွယ်...ငါ့တူမှာဘာများ
အခက်အခဲရှိနေတာလည်း..."

မောင်သိန်းဖေက မျက်တောင့်နီကြီးဖြင့် စိုက်ကြည့်၍...

"ကျုပ်တောင်းရင်ပေး...ကျုပ်ခိုင်းရင်လုပ်...
ဒါခင်ဗျားအလုပ်ပဲ"

ဟု...အမိန့်ပေးသံဖြင့် ပြောလိုက်ရာ ဦးမင်းထိန်မှာ
ချက်ချင်းပင် မောင်သိန်းဖေ၏အမိန့်ကို နာခံသူတစ်ယောက်ပုံစံ ပြောင်းသွားခဲ့သည်။

"သွား...ကျုပ်လိုချင်တဲ့ပိုက်ဆံတွေကို သွားပြန်ယူချေ"

ဦးမင်းထိန်၌ ငွေမပါလာသည်ကို မောင်သိန်းဖေသိရာ
ချက်ချင်း ဦးမင်းထိန်ကို အမိန့်ပေးလေတော့
ထိုင်ရာမှ ငေါက်ကနဲထထွက်သွားတော့၏။

မလှမ်းမကမ်း၌ ချောင်းမြောင်းကြည့်နေကြသော
မောင်တိုးနဲ့မောင်အုန်းမှာ ယခုအဖြစ်အပျက်ကြောင့်
ပို၍ ရင်ထိတ်လာခဲ့ကြသည်။

"အစ်ကိုကြီး..."

ထိုစဥ် အိမ်ထဲဝင်လာသူတစ်ယောက်ကို
မောင်တိုးတိုတွေ့လိုက်ကြ၏။

"ဟော...မောင်ဆွေမဟုတ်လား..."

"ဟုတ်ပါရဲ့...ကျုပ်လည်း အစ်ကိုကြီးလိုပဲ
နေရာလဲလိုက်ပြီဗျ...ကြည့်စမ်းပါဦး...
ဘယ့်နဲ့ရှိသလဲ"

မောင်ဆွေဟု ခေါ်သော လူရွယ်သည် ကျန်းမာသန်စွမ်းသော လူတစ်​ယောက်ဖြစ်၏။
ဗလခပ်တောင့်တောင့်ဖြင့် အသားညိုပြီး
ရုပ်သွင်မှာက ကြည့်ပျော်ရှု့ပျော် ရွက်ကြမ်းရည်ကျိုသာ ရှိသူဖြစ်သည်။

"ဘယ်ဆိုးလဲ...ငါ့ညီက သားကောင်ရှာတတ်သားပဲကွဲ့"

"ဟော...အစ်ကိုညီက အစ်ကို့ထက်မသာပေမယ့်
မညံ့ပါဘူးဗျာ.... ဒါပေမယ့် ဒီလူကဆင်းရဲတယ်အစ်ကိုကြီးရဲ့...ကျုပ်တော့ လူရွေးမှားသွားတယ်ဗျာ"

"အစ်ကိုကြီးကောင်လည်းဘာထူးသလဲ...
သူဌေးလေးသာပြောတယ်...
လုပ်ငန်းမှန်သမျှက သူ့ဦးကြီးဆီမှာ...
ငွေဆိုတာလည်း လက်ဖြန့်တောင်းနေရတဲ့သူကွဲ့"

"ဒီလိုဆို...ကျုပ်တို့ ညီအစ်ကိုတော့ လူရွေးတွေ
မှားကုန်ကြပြီဗျာ"

မောင်သိန်းဖေက သူ့ရဲ့ညီဖြစ်ဟန်တူသော
မောင်ဆွေဆိုသူနှင့် စကားပြောနေခဲ့သည်။

"ဒါထက်...ကျုပ်တို့ပြောတာတွေ ဒီအိမ်ကလူတွေ
ကြားကုန်ရင်အခက်သားဗျ"

"ဘာမှမပူနဲ့ငါ့ညီ...ဒီအိမ်တစ်အိမ်လုံးက အစ်ကိုကြီး ရဲ့လက်အောက်မှာပါကွယ်"

"ဒီလိုဆိုတော်ပါသေးတယ်...
ကျုပ်အစ်ကိုကြီးက သိပ်ကိုထက်မြက်လွန်းပါတယ်ဗျာ..."

ညီအစ်ကိုနှစ်ယောက် သဘောကျစွာဖြင့်
တဟားဟားရယ်မောနေခဲ့သည်။

"ကျုပ်ကတော့လေ...အရင်တုန်းကစိတ်နဲ့ဆို
မိန်းမချော...မိန်းမလှတွေကို ယူချင်ပြီ...
ခက်တာက ငွေက ပြစရာကို မရှိနေတာဗျ"

"ဒါများကွယ်...အစ်ကိုကြီးပြောမယ်...
ဒီတစ်လ ဒီမှာနေထိုင်ပြီးရင် ဒီလူ့မှာရှိသမျှစီးပွားတွေကို
ရောင်းချပြီး အစ်ကိုကြီးတို့ ညီအစ်ကို နေရာပြောင်းကြတာပေါ့...ဒီမှာဆက်နေရင်လည်း တစ်ယောက်မဟုတ်
တစ်​​ယောက်က ဝင်နှောက်ယှက်ခံရနိုင်တယ်ငါ့ညီရဲ့"

"အစ်ကိုကြီးပြောတာကျုပ်လက်ခံပါတယ်...
ကဲဗျာ...ကျုပ်လည်း ဒီအိမ်မှာပဲလာနေတော့မယ်"

"ညီလေးရှိတော့ အစ်ကိုကြီးအားဖြစ်တာပေါ့ကွယ်"

ညီအစ်ကိုနှစ်ယောက် စကားပြောနေစဥ်
ဦးမင်းထိန်ပြန်ရောက်လာခဲ့သည်။
ဦးမင်းထိန်၏နံဘေး၌ မိန်းကလေးတစ်ယောက်လည်း
အတူပါလာခဲ့၏။
ဦးမင်းထိန်ကို မောင်သိန်းဖေကကြည့်နေစဥ်...
မောင်ဆွေကတော့ မိန်းကလေးကိုသာကြည့်နေခဲ့သည်။

"ငွေတွေပါလာပြီလား..."

"ဟုတ်ကဲ့"

"ဒါဆိုလည်း ကျုပ်ကိုပေး"

ဦးမင်းထိန်ပေးသော ငွေများက်ို ကြည့်၍
မောင်သိန်းဖေနှာခေါင်းရှုံ့သည်။

"ခင်ဗျားမှာငွေက ဒါပဲရှိတာလား"

"ဟုတ်ပါတယ်...လုပ်ငန်းတွေထဲ ငွေရင်းထားရလို့ပါ..."

"မဟုတ်သေးပါဘူး...
ကဲ...ကဲ...ဒါနဲ့သူကဘယ်သူလဲ"

"ဒါက ကျုပ်သမီးပါ...
နာမည်က ရှင်ညိုလို့ခေါ်ပါတယ်"

"သမီး...ဟုတ်လား...ဒါဆို ဒီမ်ိန်းကလေးကို
ကျုပ်တို့ဆီထားခဲ့ရမယ်"

"ဘယ်လိုရှင့်...ကျုပ်ကဘာလို့နေခဲ့ရမှာလဲ"

မောင်ဆွေရဲ့စကားကြောင့် ရှင်ညိုက ပြန်ပြောလေရာ
မောင်ဆွေသည် ရှင်ညိုကို မျက်တောင့်နီကြီးဖြင့်
ကြည့်၍ ညှိ့ယူတော့သည်။
ရှင်ညိုလည်းမျက်နှာအမူအရာချက်ချင်းပြောင်းလဲသွား၏။

"ကျုပ်တို့ဒီကနေထွက်သွားတာနဲ့
မင်းကိုပါအရခေါ်သွားမယ်...အခုတော့
ကျုပ်တို့အိမ်မှာ လိုအပ်တာတွေကူညီပေးပေါ့"

ဟု...မောင်ဆွေကပြောတော့ ရှင်ညိုက ခေါင်းကိုညိတ်လိုက်လေသည်။

မောင်သိန်းဖေနဲ့ မောင်ဆွေတို့က အတော်ပင်
ပျော်ရွှင်ဟန်ဖြင့် ပြုံးနေခဲ့ကြ၏။
ဦးမင်းထိန်ကို လည်း...

"ကျုပ်ရဲ့လုပ်ငန်းတွေကို အမြန်ဆုံးရတဲ့စျေးနဲ့
ပြန်ရောင်းပေးပါ...ရတဲ့ငွေတွေကိုလည်း ကျုပ်လက်ထဲ
အကုန်ပေးရမယ်..."

ဟု...မောင်သိန်းဖေက အမိန့်ပေးလိုက်တော့သည်။
ပြီးနောက် ဦးမင်းထိန်ကို ပြန်ခိုင်းတော့၏။

"မောင်တိုး...ဟေ့မောင်တိုး"

"ခင်ဗျာ..."

နာမည်ခေါ်သံကြောင့် ချောင်းကြည့်နေရာမှ မီးဖိုထဲသို့
အမြန်ပြေးပြီး မောင်တိုးခင်ဗျာ ထူးသံပေးရသည်။

"လာစမ်းဦး ဒီကို..."

"ဟုတ်ကဲ့သူဌေးလေး...ကျုပ်ရောက်ပါပြီ..."

"ဒီကလေးမကိုအခန်းတစ်ခန်းစီစဥ်ပေးလိုက်...
မင်းကိုကျုပ်မှာထားမယ်...သူက ကျုပ်ညီယူမယ့်မိန်းကလေးပဲ...သူ့ကိုဘယ်သူမှ မထိပါးအောင်
မင်းကာကွယ်ရမယ်...နောက်ပြီး မောင်ဆွေ
မင်းကိုလည်းကျုပ်မှာထားရဦးမယ်...
ကျုပ်တို့အစီအစဥ်တွေ မအောင်မြင်ခင်အထိ
ဒီမိန်းကလေးကို မထိလေနဲ့...
ကျုပ်တို့ တွေဒီခန္ဓာကိုယ်နဲ့အသားကျဖို့
အရင်ကြိုးစားရဦးမယ်..."

"စိတ်ချပါအစ်ကိုကြီး"

မောင်တိုးက ရှင်ညိုကို ခေါ်သွားသည်။
ရှင်ညိုအတွက် အောက်ထပ်၌ အခန်းတစ်ခု စီစဥ်ပေးရင်း
နှစ်ယောက်သား အသံမထွက်ဘဲ မျက်နှာအမူအရာ...
လက်ဟန်ခြေဟန်ဖြင့် စကားပြောနေခဲ့ကြသည်။
သို့သော် ရိပ်မိသွားမည်ကိုစိုးရိမ်ပြီး အခန်းထဲမှ
မောင်တိုးပြန်ထွက်လာခဲ့တော့၏။

တစ်ဖက်ရှိ ဦးစိန်ကြည်၏နေအိမ်၌..
ဦးစိန်ကြည်...ဦးမင်းထိန်နဲ့ ဘွားမယ်စိန်တို့တွေ့ဆုံနေခဲ့ကြသည်။သူတို့၏နံဘေး၌ မောင်သိန်းဖေကလည်းထိုင်နေခဲ့သည်။

"ကျုပ်ဖြင့် ကြောက်လိုက်တာဗျာ...
အမေကြီးတို့ ကျုပ်ဆီကြိုပြီးရှင်းပြ...ပြောပြ
ထားလို့သာပဲတော်တော့တယ်...
ကျုပ်ဟန်ဆောင်နေတာများ သူသိသွားမလားလို့
စိုးရိမ်လိုက်ရတာဗျာ..."

ဟု...ဦးမင်းထိန်ကပြောလေသည်။

"အေးကွယ်...အခုဆို သူ့တို့အိမ်ကို
ဘွားရဲ့သားတွေကော သမီးကော ရောက်သွားကြပြီဆိုတော့...ဒီကောင်တွေရဲ့ ဇစ်မြစ်ကို ဘွားတို့ရှာရတော့မှာပဲ...
နောက်ပြီး မောင်မင်းထိန်ပြောတာ သူ့အိမ်မှာနောက်ထပ်လူတစ်​ယောက်တွေ့ခဲ့တယ်ဆိုတာလေး
ပြောပါဦးကွဲ့"

"အဲ့သည်ကောင်လေးကို ကျုပ်မြင်ဖူးတယ်ဗျ...
သူက အမေကိုလုပ်ကျွေးနေတဲ့သားလိမ္မာလေးပါ...
ငွေကြေးကတော့ အတော်ကို ချို့တဲ့သူဗျ..."

"ဒါဆို ဒီကောင်လေးအိမ်ဆီကို မောင်မင်းထိန်နဲ့
မောင်စိန်ကြည်တို့ သွားလေ့လာကြချေကွဲ့...
လိပ်ပြာချင်းလဲ လိုက်ပြီဆိုရင် ကောင်လေးက
အဲ့သည်မှာပဲ ရှိနေလိမ့်မယ်...
တကယ်လို့တွေ့ခဲ့ရင်လည်း သေချာရှင်းပြပြီး
ခေါ်လာခဲ့ပါကွယ်..."

"ဟုတ်ကဲ့အမေကြီး..."

ဘွားမယ်စိန်က ဦးမင်းထိန်နဲ့ ဦးစိန်ကြည်တို့ကို
ကောင်လေးရဲ့ အိမ်ဆီသို့ လွှတ်လိုက်သည်။
မောင်သိန်းဖေခမျာ သူ့အကြောင်းတွေရိပ်မိပြီး
အစီအစဥ်ပျက်သွားမည်စိုးတာကြောင့် ဦးစိန်ကြည်၏
အိမ်ထဲ၌ သာ ဘွားမယ်စိန်နဲ့အတူ နေခဲ့ရလေသည်။

"ကျုပ်မိတ်ဆွေပြောပြတာ...ဒီအိမ်ထင်တယ်ဗျ"

တဲအိမ်လေး၏အရှေ့၌ ဦးမင်းထိန်နဲ့
ဦးစိန်ကြည်တို့ရောက်လာခဲ့သည်။

"ဗျို့...အိမ်ရှင်တို့...အိမ်ရှင်တို့ ရှိကြလားခင်ဗျ"

ဦးစိန်ကြည်က အသံပေးလိုက်တော့
မိန်းမကြီးတစ်ယောက် တဲအပြင်သို့ထွက်လာခဲ့သည်။
မိန်းမကြီးရဲ့ ခန္ဓာကိုယ်မှာ သေးသွယ်လှပြီး
ဆံပင်များကလည်းအဖြူတစ်ဝက် အမည်းတစ်ဝက်ဖြင့်
ဖြစ်လို့နေခဲ့သည်။

"ဘယ်သူနဲ့များတွေ့ချင်လို့လဲ..."

"ကျုပ်တို့ ဒီအိမ်မှာနေတဲ့ကောင်လေးနဲ့တွေ့ချင်လို့ပါ..."

ဟု...ပြောသောအခါ မိန်းမကြီး၏မျက်နှာဟာ
ညိုးငယ်၍သွားသည်။

"ကျုပ်သားက နေထိုင်မကောင်းဖြစ်နေတော့
ဘယ်သူနဲ့မှတွေ့ချင်ပုံမရဘူး..."

"ခဏလေးပါအစ်မကြီးရဲ့...
ကျုပ်တို့က အစ်မကြီးသားကို ကူညီပေးချင်လို့
လာကြတာပါ...ကျုပ်တို့ကို အစ်မကြီးသားနဲ့တွေ့ခွင့်လေးပေးပါခင်ဗျာ..."

"ဒါဆိုလည်း ဝင်တွေ့ကြပါ...
အကြာကြီးတော့တွေ့လို့ရမယ်မထင်ဘူး...
ကျုပ်ကလည်းသူများအိမ် အဝတ်လျှော်ဖို့အတွက်
သွားရဦးမယ်..."

မိန်းမကြီးစကားကို ဦးစိန်ကြည်တို့ခေါင်းညိတ်လိုက်သည်။
မိန်းမကြီးက တဲအိမ်လေးထဲသို့ ဝင်စေ၏။
တဲအိမ်လေးထဲ၌ ပစ္စည်းဟူ၍ များများစားစားပင်မရှိလှ။
ဖျာကြမ်းတစ်ခုပေါ်၌ သူတို့အား ကျောခိုင်းလျက်
ထိုင်နေသော လူတစ်ယောက်။

"မောင်ရင်...ကျုပ်က ဦးစိန်ကြည်ပါ...
ကျုပ်တို့မောင်ရင့်ကို ကူညီီဖို့လာခဲ့ကြတာပါကွယ်"

ဦးစိန်ကြည်က အသံပေးလိုက်တော့ တစ်ဖက်လူမှာ
လှုပ်ရှားလာခဲ့သည်။

"ကျုပ်နာမည်ကတော့ ဦးမင်းထိန်ပါ...
ကျုပ်ကိုတော့မောင်ရင်သိနိုင်လောက်ပါတယ်"

"ဦးမင်းထိန်"

ဦးမင်းထိန်နာမည်ကြားသည်နှင့် လှည့်ကြည့်လာရှာသည်။
ဦးမင်းထိန်တို့မှာ.မြင်လိုက်ရသော ရုပ်သွင်ကြောင့်
အလွန်သနားသွားကြရှာသည်။

"ကျုပ်သားလေးခမျာ ရုတ်တရက်ကြီးအခုလို
ပြောင်းလဲ သွားရှာတာပါရှင်...
သူ့ခမျာ ဒီပုံစံကြီးကြောင့် အိမ်ထဲကနေကို မထွက်ဝံ့ဖြစ်နေရှာတာပါ..."

မိန်းမကြီးက ဝမ်းနည်းဟန်ဖြင့် ပြောပြရှာသည်။

"မောင်ရင့်နာမည်က ဘယ်လိုများခေါ်သလဲကွဲ့"

"ကျုပ်နာမည်က ဗလပါခင်ဗျာ..."

"အေးကွယ်...မောင်ဗလ လိုပဲ ကျုပ်တူလည်း
အခုလိုအဖြစ်မျိုးနဲ့ကြုံနေရတယ်ကွဲ့...
ကျုပ်တို့လည်း သူအရင်လိုပြန်ဖြစ်ဖို့အတွက်
ကြိုးစားနေကြပါတယ်...
အဲ့တာ မောင်ဗလကိုလည်း ကျုပ်တူလိုမျိုး
ဖြစ်အောင် လုပ်ခဲ့တယ်ဆိုတာသိလို့...
ကျုပ်တို့က လာခေါ်ရတာပါ..."

"ဒါဆို ကျုပ်အခုလိုဖြစ်ရတဲ့အကြောင်းအရင်းကို
ဦးတို့သိကြတယ်ပေါ့..."

မောင်ဗလက ဝမ်းသာအားရမေးသည်။

"သိတာပေါ့ကွယ်...
တကယ်က မောင်ရင်နဲ့ ကျုပ်ရဲ့တူက
လိပ်ပြာလဲခံရတာကွဲ့..."

"လိပ်ပြာလဲခံရတယ်"

"ဟုတ်တယ်...အခုမောင်ရင်ဖြစ်နေတဲ့ရုပ်သွင်နဲ့
လူက မောင်ရင့်ရဲ့ ခန္ဓာကိုယ်ကို အသုံးပြုနေပြီကွဲ့...
ကဲပါလေ...ဒါတွေကို ချက်ချင်းရှင်းပြလို့
မောင်ရင်နားမလည်နိုင်ဘူး...
ကျုပ်တို့နဲ့သာအတူလိုက်ခဲ့လိုက်ပါကွယ်..."

မောင်ဗလ အဖြစ်တလဲ အဘိုးအိုသည်
သူ၏မိခင်ကြီးကိုကြည့်၍...

"ကျုပ်လိုက်တာက ဟုတ်ပါပြီ...
ကျုပ်အမေကိုရော ခေါ်လာခဲ့လို့ရမလားခင်ဗျာ...
ကျုပ်အမေ မပါပဲတော့ ဘယ်မှမလိုက်နိုင်လို့ပါ"

ဟု...ပြောရှာသည်။
ဦးစိန်ကြည်တို့မှာ မိခင်အပေါ် သိတတ်လှသော
မောင်ဗလကိုကြည့်၍ ပီတိဖြစ်နေကြသည်။

"ခေါ်ခဲ့ပါကွယ်...
ကျုပ်အိမ်က ကျယ်ပါတယ်...မောင်ရင်တို့သားအမိ
နေလို့ရပါတယ်ကွယ်"

ဟု...ပြောလေတော့ မောင်ဗလမှာ အတော်ပင်ဝမ်းသာသွားခဲ့သည်။
ထိုသို့ ဖြင့် မောင်ဗလနဲ့မိခင်ဖြစ်သူတို့သည် ဦးစိန်ကြည်၏
နေအိမ်ဆီသို့ လိုက်လာခဲ့တော့၏။
ဦးစိန်ကြည်၏နေအိမ်၌ ဘွားမယ်စိန်နှင့်တွေ့ဆုံလေမှ
သူတို့ရဲ့အဖြစ်ကိုနားလည်သွားရှာသည်။
မောင်ဗလနှင့် မောင်သိန်းဖေတို့မှာလည်း အဖြစ်ချင်းတူ၍
နှစ်ယောက်မှာ အတော်ပင်ရင်းနှီးသွားခဲ့ကြလေသည်။

ဇာတ်လမ်းလေးကို ဤမျှနှင့်ရပ်နားလိုက်ပါတယ်...။
ဆက်၍လည်း ရေးသားပေးဦးမှာဖြစ်တာကြောင့်
အချိန်လေးပေးပြီး အားပေးကြပါဦးလို့ပြောပါရစေရှင်...။

ယဥ်မင်း(ကန့်ဘလူ)

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)