သူတော်ငတေ ၏ ဖဲမှော် (စ-ဆုံး)

 သူတော်ငတေ ၏ ဖဲမှော် (စ-ဆုံး)

ဝေယံလင်းခေါင်

တစ်နေ့တွင် ကျွန်ုပ်တို့ ရွာ၌ ကလေးတစ်ယောက် ၏ အမေ ၊ အဖေ များဖြစ်ကြသော ထွန်းလှဦး နှင့် မြသင်တို့ လင်မယား အကြီးအကျယ် ရန်ဖြစ်ကြသည် ။ ရန်ဖြစ်ရသော အကြောင်းရင်းမှာ ထွန်းလှဦးသည် စပါး ရောင်းရငွေ ငါးရာနှင့် မြသင်လက်ကောက် တစ်ကွင်း ကို ဖဲရှုံးပစ်၍ ဖြစ်သည် ။ စပါးသိမ်းပြီးချိန် ၊ လယ်သမားတွေ အလုပ်နားချိန်တွင် ကျွန်ုပ်တို့ ဆီ၌ ဖဲဝိုင်းတွေကလည်း ပေါသည် ။ ထွန်းလှဦးမှာ ငယ်စဉ်ကပင် ဖဲ ဆိုလျှင် ထမင်းမေ့ဟင်းမေ့ ဝါသနာကြီးသူ ဖြစ်သည် ။ ဤသည်ကို တစ်ရွာလုံး သိဖြစ်သဖြင့် ထွန်းလှဦး နှင့် မြသင် တို့ ရည်ငံနေကြသည်ကို သိကတည်းက မြသင် တို့ မိဘမောင်ဖား ဆွေမျိုးများ အားလုံးက ဝိုင်းဖျက်ကြသည် ။ မြသင် တို့ မိဘများနှင့် စာလျှင် ထွန်းလှဦး မိဘများမှာ စပါးပင် ဝမ်းစာ မဖူလုံသဖြင့် သူ့ သမီး နှင့် မပေးစားနိုင်ကြောင်း မြသင်အမေ ၊ အဖေ တို့က လည်း အပြတ် ပြောထားသည် ။ မြသင် ကိုလည်း ထွန်းလှဦး အား ယူလျှင် အမွေဖြတ်မည် ဟု သူ့ အဖေ က ကြိမ်းထား၏ ။

သို့သော်...

“ သွေးငင်ကြမ္မာ ဝါသနာကြောင့် ဆရာမိဘ ဆိုဆုံးမလည်း ချစ်စထုံးနှောင် ပျော်ရအောင် ”

ဟု မြသင် ထွန်းလှဦး နောက် လိုက်ပြေးသွားသည် ။ မိဘများမှာ ဘယ်လိုမှ မတတ်နိုင်ကြ ။ ထွန်းလှဦး က နာမည် နှင့် လိုက်အောင် ရုပ်တော့ ရှိသည် ။ မြသင် မှာ အကျည်းတန် မဟုတ်သော်လည်း ရွက်ကြမ်းရေကျို သာ ။ သည်လိုနှင့် နောက်ဆုံးမှာ မြသင် မိဘများ က သမီး နှင့် သမက် ကို တောင်းဆိုး ပလုံးဆိုး လို ပစ်မထားရက်ကြသဖြင့် မင်္ဂလာဆောင်ပေးပြီး အိမ်ပေါ် ခေါ်တင်ထားသည် ။ ဘာမှ မရှိသော ထွန်းလှဦး ကို ယောက္ခမများ နှင့် ဒိုးတူပေါင်ဖက် အတူလုပ်ကိုင်စားသောက်နေကြရန် သူ့ မိဘများကလည်း ပြောထားကြသည် ။

ထွန်းလှဦး မှာ အလုပ်ကတော့ မဆိုး ၊ သို့သော် ဖဲရိုက်တတ်သော ဝါသနာကိုမူ ယောက္ခမ အိမ် ရောက်လာသော်လည်း မစွန့် ။ စပါးပေါ်ချိန် ငွေပေါ်ချိန် ရောက်လျှင် ထွန်းလှဦး ဖဲဝိုင်းကို ရောက်သွားပြီ ။ မြသင် က သူ့ မိဘမောင်ဖားများ မသိအောင် ထွန်းလှဦး ဖဲကြွေးတွေကို ကြိတ်ပြီး လိုက်ဆပ်ရသော အခြေအနေ ဖြစ်လာသည် ။ သည်လိုနှင့် မိဘမောင်ဖားများ က သိသွားကြရာ ကြာလျှင် သမီးယောက်ဖတွေ ဓားပွဲတုတ်ပွဲ ဖြစ်ကြမှာ စိုး၍ မြသင် မိဘများ က နွားတစ်ရှဉ်း ၊ လယ်နှစ်ပြင် ကို ပေး၍ အိမ်ခွဲ ဆင်းခိုင်းလိုက်သည် ။

ထိုအထိလည်း ထွန်းလှဦး ကား ဖဲကစားဝါသနာကို မစွန့် ။ ကလေးတစ်ယောက် ရသည်ထိ ဖဲကစား ကောင်းတုန်း ။ သူ့ မိဘအိမ်မှာ နေစဉ်က ဘာမှ မရှိသော ထွန်းလှဦးမှာ ယခု ယောက္ခမပေးထားသော လယ် နှင့် နွား နှင့် ဖြစ်လာသောအခါ ပို၍ပင် ကစားလာသည် ။ ထို့ကြောင့် တတိတိနှင့် မြသင် ၏ မိဘ အမွေအနှစ် လက်ကောက် ၊ နားကွင်းများပင် ဟိုလူ့ဆီ ရောက်လိုက် ၊ သည်လူ့ဆီ ရောက်လိုက် အိမ်ပြန်ပါလာလိုက်နှင့် ရပ်လည်ရွာလည် နေသည် ။

ဤနွေ ဤနှစ် မြသင် သိချိန်မှာ ထွန်းလှဦးက မတန်မဆ နှင့် လယ်တစ်ပြင် ကို ပေါင်ထားသည့် အပြင် မြသင် ၏ လက်ကောက်နှစ်ကွင်း မှ ကျန်တစ်ကွင်း ကို ဖဲသွား ကစားရန် အတင်း လာတောင်းနေရင်းက သတ်ကြပုတ်ကြ နှင့် လင်မယား နှစ်ယောက် အကြီးအကျယ် ရန်ဖြစ်နေကြသည် ။ သူတို့လင်မယားမှာ မကြာခဏ ဤသို့ပင် ရန်ဖြစ်နေကျမို့ အိမ်နီးနားချင်းများကလည်း ဂရု မစိုက်ကြတော့ ။ သူ့တို့လင်မယား ရန်ဖြစ်ကြပြီ ဆိုလျှင် အိမ်နီးနား ကလေးများလောက်သာ ဝိုင်းအုံကြည့်နေတတ်ကြသည် ။

သို့သော် ယနေ့ပွဲကတော့ ပို ကြမ်းသည် ။ မြသင် ကလည်း ငယ်ကျိုးငယ်နာတွေ ဖော်ကာ မကြားဝံ့မနာသာ ဆဲဆို၏ ။ ထွန်းလှဦးအသံကိုတော့ သိပ်ပြီး ကျယ်ကျယ်လောင်လောင် မကြားကြရ ။ သူက သူ့အပြစ် နှင့် သူ မို့ လူကြားသူကြား ကြမ်းကြမ်းတမ်းတမ်း မဆဲ မဆိုရဲ ။ လှေမျော လှေနှင့် လိုက် ၊ ငွေမျော ငွေနှင့်လိုက် ရမည် ဟုသာ ပထမ ချော့ တောင်း၏ ။ သူ့ ကို စိတ်မချ၍ သေတ္တာထဲ၌ပင် ထည့် မထားရဲသော လက်ကောက်တစ်ဖက်ကို မြသင် ကလည်း ထင်းခွေ ၊ ရေခပ် ၊ ဟင်းရွက်ခူး သွားရာ၌ပင် ကိုယ် နှင့် မကွာ ဝတ်ထားရရာ ယခု ထွန်းလှဦး က အတင်း လာချွတ်သောအခါ ခံသတ်ပြီး အကြီးအကျယ် ရန်ဖြစ်နေကြလေသည် ။

ထိုအချိန်တွင် ဘယ်တော ၊ ဘယ်တောင် က ဆေးမြစ် ၊ ဆေးပင် ရှာပြီး ပြန်လာသည် မသိသော သူတော်ငတေ သည် ဆေးမြစ် ၊ ဆေးပင် တစ်စည်း နှင့် မြသင် နှင့် ထွန်းလှဦး တို့ လင်မယား ရန်ဖြစ်နေကြသော အိမ်ရှေ့ ရောက်လာသည် ။

“ ဟဲ့ .. ဘယ်မိမဆုံးမ ဖမဆုံးမ သားသမီးတွေလဲကွ ၊ ရပ်ထဲရွာထဲ မကြားဝံ့မနာသာ ဘာဖြစ်လို့ ဒီလောက်တောင် ရပ်ထဲရွာထဲမှာ ဆဲဆို အော်ဟစ်နေကြတာတုန်း ”

သူတော်ငတေ က သူတို့ အိမ်ရှေ့လမ်းမမှာ လာရပ်ပြီး အော်လိုက်တော့ လူကြီးတစ်ယောက် အသံကို ကြားသဖြင့် မြသင် အသံ ချက်ချင်း တိတ်သွား၏ ။ ထွန်းလှဦး ကလည်း ဘယ်က ဘယ်လို ရောက်လာမှန်းမသိသော သူတော်ငတေ ကို အံ့သြမှင်တက်မိပြီး ငေးကြည့်နေသည် ။

“ ဟို.. အိမ်ထဲက မိမဆုံးမ ဖမဆုံးမဟာတွေ ။ ငါ မေးနေတယ် ။ ရပ်ထဲရွာထဲ ဘာဖြစ်လို့ အယုတ္တအနတ္တတွေ ဆဲဆိုနေ ... ”

သူတော်ငတေ စကား မဆုံးမီပင် မြသင် သည် အူယားဖားယား အိမ်ထဲက ပြေးထွက်လာပြီး သူတော်ငတေ ကို ပုဆိန်ပေါက် ထိုင်ရှိခိုးကာ ရှိုက်ကြီးတငင်နှင့်

“ ဟို ... ”

“ ဟဲ့ ... ကလေးမ ”

မြသင် ၏ ပါးစပ်ကို သူတော်ငတေ ပင် ရုတ်တရက် လန့်သွားပုံရ၏ ။

“ ကန်တော့ပါဘုရား ။ တပည့်တော်မ ဦးဦးတူမ ပါ ။ ဦးလူမောင် သမီးကြီး ပါ ။ ဟိုခွေးသား က တပည့်တော်မ ကို မတရား နှိပ်စက်ပြီး လက်ထဲက လက်ကောက် ကို ဖဲသွားရိုက်ဖို့ အတင်း လာလုနေလို့ ဆဲမိ ဆိုမိ... ”

“ ဘယ်က ခွေးသားတုန်း ”

“ တပည့်တော်မ ယောက်ျား ပါ ”

“ သေလိုက် ”

သူတော်ငတေ အော်ပစ်လိုက်၏ ။

အမှန်က မြသင် မှာ သူတော်ငတေ နှင့် ဆွေရိပ်မျိုးရိပ် မကင်းသူဖြစ်ရာ သူတို့လင်မယား ရန်ဖြစ်နေကြသည်ကို အရေးတယူ လာမေးဖော်ရသဖြင့် အားကိုးတကြီးနှင့် ငိုယိုကာ သူတော်ငတေ ကို လျှောက်ကြားနေခြင်း ဖြစ်သည် ။

“ ဒီကောင် တပည့်တော်မကို အမျိုးမျိုး နှိပ်စက်လွန်းလို့ပါ ။ စပါးရောင်းရငွေလည်း ကုန်ပြီ ။ လယ်တစ်ပြင်ကိုလည်း ပေါင်ထားတယ် ကြားတယ် ။ ခု တပည့်တော်မ လက်ကောက် တစ်ဖက် ကိုပါ အတင်း ဖဲသွားရိုက်မလို့ လာလုနေပါတယ် ။ တပည့်တော်မ နဲ့ ဒင်း ညားတုန်းက ဒင်းမှာ ဘာပါလို့လဲ ။ ဟီး... ဟင့်... ဟင်း.. ပြောလိုက်ရရင် မကောင်း ... ”

“ ဟဲ .. နေစမ်းပါဦး ၊ ငါ့ တူမယောက်ျား က ဒီလောက် ဆိုးလို့လား ”

“ ရပ်သိရွာသိပါ ဦး ။ အခု လယ်ပေါင်တာ မောင်ကြီးတို့ မသိသေးလို့ ။ သိရင် ဇက်ကို ဓားနဲ့ လာပိုင်းကြမှာ ။ သူ့ မိဘဆီက ဘာ တစ်မွေး အမွေပါ ... ”

“ ဟာ... တော်စမ်းဟာ ”

မြသင် ပါးစပ် ကို သူတော်ငတေ ပင် စိတ်ညစ်သွားပုံ ရသည် ။

“ အင်း ... မင်း က ငါ့တူမ နဲ့ အကြောင်းပါနေတော့လည်း ငါ့တူ ပဲ ပေါ့ကွာ ။ လာစမ်းပါဦး ။ ဘဘ မေးပါ့မယ် ”

သူ့ မိန်းမ က သူတော်ငတေ ရှေ့၌ပင် ဆဲဆိုပြောပြနေသည်ကို တစ်ချိန်လုံး ငြိမ်ကုပ်ကာ တစ်ခွန်းပင် ဝင်မပြောဘဲ မတ်တတ်ကြီး သစ်ငုတ် လုပ်နေသော ထွန်းလှဦး အား သူတော်ငတေ က ချိုချိုသာသာ လေသံနှင့် ခေါ်လိုက်သောအခါ မဝံ့မရဲ နှင့် သူတော်ငတေ ရှိရာသို့ လျှောက်လာ၏ ။

သို့သော် အနားရောက်မှ သူ့တူမကို နှိပ်စက်ရကောင်းလား ၊ ဖဲရိုက်ရကောင်းလား ဟု သူတော်ငတေ က သူ့ ကို ပါးရိုက်လေမလား ၊ နားရင်းတီးလေမလား ဟူသော စိုးရွံ့စိတ်နှင့် အနားကို မကပ်ရဲသေး ။ လက်တစ်ဖက်ကမ်း မမီ သာသာ၌သာ မျက်နှာငယ်လေး နှင့် ရပ်နေသည် ။

“ မင်း ဟာ ဘယ်လောက်တောင် ဖဲရှုံးထားလို့ ကိုယ့် မိန်းမလက်ကောက် ကို လာလုရတာလဲ ”

“ လု ... လုတာ မ.. မဟုတ်ပါဘူး ဦးဦး ”

သူ က မြသင် ခေါ်သလို လိုက်ခေါ်ပြီးပြောစဉ် မြသင် ပါးစပ် က ဟလာပြန်၏ ။

“ နင် လာလုတာ မဟုတ်ဘူး ဟုတ်လား ။ ဒီမှာကြည့်စမ်း ၊ ငါ့ လက်မှာ ခုထိ အညိုအမည်းရာ ထင်နေသေးတာကော ဒါ နင် မလုရင် ဖြစ်မ ... ”

“ ဟဲ့... ကလေးမ ၊ တော်လို့ ဦး ပြောနေတယ် မဟုတ်လား ”

ဒေါသ ပေါက်ကွဲနေသဖြင့် သူ့ ပါးစပ်သူ ထိန်းမရ ဖြစ်နေသော မြသင် ကို သူတော်ငတေ က အော်လိုက်ရပြန်သည် ။

“ ကဲ... ဒါတွေ နင်တို့ ခွန်းကြီးခွန်းငယ် ဘာမှ မပြောကြနဲ့တော့ ။ ပြီးတာတွေ ပြီးပြီ ။ ငါ့တူ ၊ ငါ့တူမ တွေ ဒီလောက်တောင် ဖဲရှုံးနေတယ် ဆိုတော့ ဦးဦး လည်း ဘယ် စိတ်ကောင်းမလဲ ။ သွေး ဆိုတာ စကားပြောတယ် ဟ ။ ဒီတော့ ဟေ့ကောင်... ဖဲသမား ”

“ မှန်ပါ့ဘုရား ”

“ မင်း နောက်ဆို ဖဲရိုက်တိုင်းနိုင်အောင် ဦးဦးက မင်း ကို မဲမှော် သွင်းပေးမယ် ။ ဘယ့်နှယ်လဲ ”

“ ဟာ သိပ်ကောင်းပါတယ် ဘဘရယ် ။ ကျွန် ... ကျွန်တော်တို့ကို မစပါ ။ ကျွန်တော် အရင်း ပြန်ရရင်တောင် တော်ပါပြီ ။ အရင်းသာ ပြန်ရရင် နောက်ကိုလည်း ဖဲ မရိုက်တော့ပါဘူးလို့ ဘဘ ကို ကတိပေးပါတယ် ။ ကျွန်တော်တို့ကို မစပါ ”

သူတော်ငတေ အား ဤတစ်ခါ ပုဆိန်ပေါက် ထိုင် ရှိခိုးလိုက်သူမှာတော့ ထွန်းလှဦး ပင် ဖြစ်သည် ။ သူတော်ငတေ အား ဆွေမျိုးဟူသော သဘောနှင့် မြသင် ခေါ်သလို ဦးဦး ပင် မဟုတ်တော့ဘဲ ကျောင်းက ကလေးများခေါ်သလို ဘဘ ပင် ဖြစ်သွား၏ ။ ဤသည်ကို သူတော်ငတေ ကတော့ မဲ့ပြုံး ပြုံးကာ ထွန်းလှဦး ကို စူးစူးစိုက်စိုက်ကြည့်နေသည် ။

“ ကဲ... ဖဲရိုက်တိုင်း နိုင်တဲ့ ဖဲမှော်တတ်ချင်ရင် ဦးဦး နဲ့ ခုလိုက်ခဲ့ ”

“ မှန်ပါ့ဘုရား ”

ဟုပြောကာ ထွန်းလှဦး သည် သူတော်ငတေနောက် ချက်ချင်းပင် လိုက်လာလေသည် ။

“ ကိုယ့်တူ ၊ ကိုယ့်သား ဆိုတော့ မင်း ကို ဦးဦးက မဲမှော် သွင်းပေးမယ် ။ ဒါပေမယ့် ဦးဦးကို မင်း ကတိ တစ်ခုတော့ ပေးရမယ် ”

သူတော်ငတေ က ထွန်းလှဦး ကို လမ်း၌ပင် မေး၏ ။

“ ဟုတ်ကဲ့ပါ ၊ ပေးပါ့မယ် ဘာ ကတိလဲ ဦး ”

“ တခြား မဟုတ်ပါဘူးကွာ ။ ဒီဖဲမှော်ဆိုတာ တစ်ခါ သွင်းရင် အောင်မြင်အောင် ကို သွင်းရတယ် ။ လူတစ်ယောက် ကို တစ်ခါ သွင်းလို့ မအောင်မြင်ရင် နောက်တစ်ခါသွင်းလို့ မရတော့ဘူး ။ နတ် နဲ့ စုန်း နဲ့ လုပ်ရတဲ့ အလုပ် ဆိုတော့ တစ်ခါတည်းနဲ့ အောင်မြင်အောင်ကို လုပ်ရတယ် ။ မအောင်မြင်လို့ အဲဒီ လူကို နောက်တစ်ခါ မဲမှော် သွင်းရင်တော့ သွင်းတဲ့ လူရော အသွင်းခံရတဲ့ လူရော သေဖို့သာ ပြင်ပေတော့ ။ အဲဒါကြောင့် အရေးကြီးလို့ ငါ့တူ ကို ဦးဦး က ကတိတောင်းရတာ ။ မင်း ကြောင့် ငါ တော့ အသေ မခံနိုင်ဘူးနော် ”

“ စိတ်ချပါ ဦးဦး ၊ ကျွန်တော် ဦးဦး ညွှန်ကြားတဲ့အတိုင်း တစ်သဝေမတိမ်း လိုက်နာပါ့မယ် ။ လုပ်ပါ့မယ်လို့ သစ္စာရေတိုက်ရင်လည်း သောက်ပြီး လုပ်ပါ့မယ် ။ ကျွန်တော့်ကို ဦးဦး ပြောတဲ့ ဖဲရိုက်တိုင်း နိုင်တဲ့ ဖဲမှော်သာ သွင်းပေးပါ ခင်ဗျား ။ ဦးဦး ကျေးဇူးကိုလည်း တစ်သက် မမေ့ပါဘူး ခင်ဗျာ ။ ဦးဦး ကိုလည်း ကျွန်တော် လုပ်ကျွေးပါရစေ ”

ထွန်းလှဦးမှာ ပင်ကိုက ထုံထုံထိုင်းထိုင်းနှင့် စကားကိုလည်း လေးလုံးကွဲအောင် မပြောတတ်သော်လည်း ယခု ဖဲရှုံး၍ မိန်းမဆီမှာ အဆဲခံရ ၊ ယောက်ဖများကလည်း လယ်တစ်ပြင် ပေါင်ထားတာသာသိလျှင် လာပြီးများ အသေသတ်ကြမလား ဟူသော သောကအပူ က ရင်ထဲ မီးတောက်နေလေရာ ယခု ကယ်တင်ရှင်ကြီး သူတော်ငတေ က သူ့ ကို မဲမှော်သွင်းပေးမည်ဆိုသောအခါ ထကပစ်ချင်လောက်အောင် ဝမ်းသာသွားပြီး နှုတ် ကလည်း ပေါက်ပေါက်ဖောက် သလို သူတော်ငတေ ကို ကတိပေး စကားများ တစ်လမ်းလုံး အကြိမ်ကြိမ်အခါခါ ပြောလာလေသည် ။

“ ကောင်းပါပြီ ၊ ကောင်းပါပြီ မင်း ငါ့ကို ပေးရမယ့်ကတိကတော့ တကယ်လို့ ငါက မဲမှော်သွင်းပေးတာ မတော်တဆ မအောင်မြင်ရင် ၊ မအောင်မြင်ရင် ဆိုတာ မင်းဘက်က ချို့ယွင်းရင် ပြောတာနော် ”

“ စိတ်ချပါ ဦးဦး ၊ ကျွန်တော့် ဘက်က ချို့ကို မချို့ယွင်းစေရပါဘူး ။ ဦးဦး ညွှန်ကြားသလို အောင်မြင်အောင်ကို အသက်စွန့်ပြီး လုပ်ပါ့မယ် ”

“ အေး ဟ... ဦး ကလည်း ဒါမျိုးမှ ကြိုက်တာကွ ။ ယောက်ျား ပဲ အောင်မြင်အောင်ကို လုပ်ရမှာပေါ့ မဟုတ်ဘူးလား ”

“ မှန်ပါ့ဦးဦး ”

“ ငါ့အကြောင်းတော့ ငါ့တူလည်း ကြားပြီးသားပါ ။ ဦး က ဘာလုပ်လုပ် အောင်မြင်အောင် ကို လုပ်လာတာ ။ အဲဒါကြောင့်လည်း အောင်မြင်လာတာ ။ ခု ငါ့တူ ကိုလည်း ဦး အောင်မြင်စေချင်လို့ ပြောတာနော် ”

“ မှန်ပါ့ ဦးဦး ”

“ မင်း ကြောက်တတ်လား ”

“ ဘယ်လိုဟာကိုလဲ ဘဘ ”

သူတော်ငတေ က ရုတ်တရက် “ ကြောက်တတ်လား ” ဟု အမှတ်မထင် ပြောလိုက်သည်ကို ထွန်းလှဦး က ဘာကိုမှန်း မသိသဖြင့် ပြန်မေးသည် ။

“ ဖဲမှော် ဆိုတာက နတ် နဲ့ စုန်း နဲ့ သွင်းရတဲ့အလုပ် ။ လူ သိသွားရင်လည်း စည်း ပေါက်ပြီး မင်း ရော ငါ ရော ဒုက္ခရောက်မယ့်ဘအလုပ် ။ မင်း လည်း နောက် ဖဲသွားရိုက်ရင် ဘယ်တော့မှ မနိုင်တော့ဘူး ဖြစ်သွားမယ့် အလုပ်မျိုး ဆိုတော့ တစ္ဆေ ၊ သရဲ ၊ ပြိတ္တာ ဆိုတဲ့ နာနာဘာဝ တွေကို မင်း ကြောက်တတ်လားလို့ မေးတာ ”

“ မကြောက်တတ်ပါဘူး ဦးဦး ၊ ကျွန်တော် တစ္ဆေ ၊ သရဲတွေ ကို လုံးဝကို မကြောက်တတ်ပါဘူး ”

အမှန်က ထွန်းလှဦး ၏ ပင်ကိုမှာ စိတ်မခိုင်သူ ဖြစ်သဖြင့် တစ္ဆေ ၊ သရဲ ဆိုသည်ကို အလွန် ကြောက်တတ်သူ ဖြစ်သည် ။ သို့သော် ယခု ဖဲရှုံး၍ ကိုးကွယ်ရာ မရ ဖြစ်နေ၍သာ မကြောက်တတ်ဟု ပြောလိုက်ခြင်း ဖြစ်သည် ။

"အေး ... ဒါမှ ငါ့တူ ကွ ၊ ငတေ့တူ ကွ ။ မင်း ဖဲမှော် အောင်ကို အောင်ရမယ် ”

ဟု သူတော်ငတေ က အားတက်သရော ပြောကာ ထွန်းလှဦး ဖဲမှော် အောင်စေ ၊ ပေါက်စေရန် လိုအပ်သည်များကို သူ့ ဖိုရုံ အခန်းထဲ ခေါ် သွင်း၍ နှစ်ယောက်ချင်း ညွှန်ကြားလိုက်လေသည် ။

ဖဲရှုံး၍ စိတ်ညစ်စိတ်ဓာတ် ကျနေသော ထွန်းလှဦး ၊ ယခုတော့ ဘာ တက်ကြွနေသလဲ မမေးနှင့် ။ သူ့ဦးလေး သူတော်ငတေ ညွှန်ကြားလိုက်သည့် အတိုင်း ပထမဦးဆုံး မင်းရွာ ကို ပြေးသည် ။ အင်္ကျီဆိုင်တွင် လွယ်အိတ် အသစ်ကလေး တစ်လုံးဝယ်သည် ။ ပြီးတော့ ကာကာကြီးဆိုင် က ဖဲ တစ်ထုပ် ၊ အယောင်းမတို့ ဆိုင်က ရေနံဆီမီးခွက် တစ်လုံး ၊ နောက်ဆုံးမှာ ဈေးအဆုံးနား ဦးမြဇံသာ တို့ ထွေရာကမာအရောင်းဆိုင်မှ သပေါ့ဖျာ အသစ်ကျပ်ချွတ် တစ်ချပ် နှင့် ဥတုသုံးပါးခံသော သစ်သားမီးခြစ် နတ်သမီးတံဆိပ် တစ်ဘူး ဝယ်ကာ မိမိရွာသို့ ပြန်လာသည် ။

သူတော်ငတေ က မည်သူ တစ်ဦးတစ်ယောက် ကိုမှ မပြောရ ၊ အသိမပေးရဘူး ဟု မှာထားသဖြင့် နေဝင်မိုးချုပ်စ အခြေအနေ အချိန်အခါကို စောင့်နေရသည် ။ ရွာသူရွာသားများ ရွာတွင်း ၊ ရွာပြင် အသွားအလာ ၊ အဝင်အထွက် စဲသော ညဦးကာလ၌ ထွန်းလှဦး သည် နတ်မောက်တောင် ဟု ခေါ်ကြသော ရွာရှင်နတ်မကြီး ဘုံဗိမာန် ခရေပင် အောက်သို့ လာသည် ။ အိတ်ထောင် ထဲက ဝေလာကတုံးတံဆိပ်ပါ ကြေးနီပြားတစ်ပြား ကို ခရေပင်ကြီး သစ်ခေါင်းထဲ ရိုရိုသေသေ လက်နှစ်ဖက် နှင့် မြှောက်ပြီး ထည့်ချလိုက်၏ ။ ပြီးတော့ တိုင်တည် ဆုတောင်းသည် ။

“ ရွာရှင်မကြီး အမေကြီး ခင်ဗျား ၊ သားတော်မောင် အမိုက်အမဲ ငထွန်းလှဦး ဖဲရှုံးလို့ ရွှေ ၊ ငွေ ၊ လယ်ယာ ကုန်ဆုံးနေပါပြီ ။ ထို့ကြောင့် အရှင်မကြီး မေတ္တာတော် နှင့် ရွာသင်္ချိုင်း ကို ယနေ့ည သွား၍ ဖဲမှော်သွင်းခွင့် ပြုပါ ။ ဖဲမှော်သွင်းပြီး၍ သားတော်မောင် ပြန်လာသောအခါ သချိုင်းထဲမှ တစ္ဆေ ၊ သရဲများ သားတော်မောင် ကို နှောင့်ယှက်ရန် လိုက်လာပါက ဟန့်တား မောင်းလွှတ်ပေးပါ ။ ရွာတွင်း ၊ ရွာပြင် အစဉ်အလာ စည်းများ နှင့် တားဆီး ဖယ်ရှားပေးပါ ။ ပူဇော်ပါသည် ၊ ပသပါသည် အရှင် ရွာပိုင် အမေကြီး ခင်ဗျား ။ သားတော် ကို ကူညီစောင်မပေးတော်မူပါ ။ ဥုံ . . ဟရီ ၊ ဟရီ အောင်စေသတည်း ။ အောင်ပါစေသတည်း အရှင် ရွာရှင်မကြီး အမေ ခင်ဗျား ”

ထိုသို့ တိုင်တည်ဆုတောင်းကာ ထွန်းလှဦး ရွာသို့ ပြန်ဝင်လာသည် ။ ည သက်ကြီးခေါင်းချချိန် ရောက်သောအခါ သူတော်ငတေ ညွှန်ကြားထားသည့် အတိုင်း လွယ်အိတ်ကလေး တစ်လုံး ၊ ဖဲတစ်ဖုံ ၊ ဖျာတစ်ချပ် ၊ ဆီမီးခွက်တစ်လုံး ၊ သစ်သားမီးခြစ်တစ်ဘူး နှင့် ရွာသင်္ချိုင်းကုန်းသို့ တိတ်တဆိတ် ထွက်လာလေသည် ။

သင်္ချိုင်းကုန်း သို့ ရောက်သောအခါ လောလောလတ်လတ် လူသေ မြှုပ်ထားသော နေရာကို မှောင်ကြီးမည်းကြီးထဲ လိုက်ရှာသည် ။ လူသေမြှုပ်ရာ တစ်ခုကို တွေ့သောအခါ ထိုနေရာ ခေါင်းရင်း၌ ဖျာသစ် ကို ခင်းသည် ။ ဆီမီးခွက် ကို ထွန်းညှိသည် ။ လွယ်အိတ်ထဲမှ ဖဲဖုံအသစ်ကို ထုတ်ကာ တစ်ချက် ၊ နှစ်ချက် ဘုတ်ဘုတ်ဘက်ဘက် ရိုက်ပြီး ကိုးမီးဖဲ ကစားရန် ငါးအိမ်စာ ဖဲဆယ့်ငါးရွက် ကို ဖဲဖုံ ထဲမှ ထုတ်ပြီး ဖဲ ဆင်လိုက်၏ ။ မိမိ မှာ ဒိုင် ကိုင်ရမည့်သူ ဖြစ်ရာ တစ်သုံးလုံး ကို ဦးဆုံး ရွေးထုတ်သည် ။ ပြီးတော့ ကင်းသုံးလုံး ၊ ကွင်းသုံးလုံး ၊ ဂျက်ကုလားသုံးကောင် ၊ စပိတ် ၊ ညှင်း ၊ ဗိန်း ဆယ်ဖဲ သုံးချ ပ်စီကို ကုလားဖန် ထိုးကာ ဖဲ ဆင်လိုက်သည် ။ ပြီးမှ...

“ ကဲ... သင်္ချိုင်းထဲက ဖဲကစားချင်တဲ့ လူတွေ လာကြ ၊ လာကြ ။ နောက်ကျရင် ထိုးအိမ် မရလိုက်လို့ ကပ်ထိုး ကိုးကျပေမယ့် အလျော်မရ ဖြစ်ကုန်မယ် ။ မြန်မြန် လာကြ ။ ထွန်းလှဦး ဒိုင် ကိုင်မယ် ။ လာကြ ... လာကြ ။ မြန်မြန် အိမ်လာ ယူကြ ၊ လာ ထိုးကြ ၊ ကိုးမီးကိုင်မယ် ၊ ငါးအိမ်ပဲ ။ အိမ် ရအောင် မြန်မြန် လာကြ ”

ထွန်းလှဦး သည် ပြောပြောဆိုဆို နှင့် ဖဲဖုံ ကို ဘက်ဘက် ဘက်ဘက် ရိုက်ကာ အိမ်ခေါ်လိုက်သည် ။ ရုတ်တရက်မူ သူ “ ဟိုက် ” ခနဲ ဖြစ်သွား၏ ။ သူတော်ငတေ ညွှန်ကြားချက် အတိုင်း ဖဲရှုံးစိတ်ညစ်ကာ လုပ်ရသော်လည်း အစကမူ မယုံတစ်ဝက် ယုံတစ်ဝက်သာ ။ ယခု ဖဲ ကို ကုလားဖန်ထိုးပြီး ခေါ်လိုက်ရာ အောင်မယ်လေး. . လေး ၊ သင်္ချိုင်းထဲ မှ ဖဲကစားကြမည့် တစ္ဆေ ၊ သရဲများ ၏ လက်မည်းကြီးများမှာ သူ့ ရှေ့ဖျာပေါ်တွင် ပြုတ်ပြုတ်စီလာကြသည် ။ မျက်နှာ ကို မကြည့်ရ ဟု သူတော်ငတေ က မှာလိုက်၍သာ ခေါင်း ငုံ့ပြီး ဖဲချပ်တွေကို ငါးအိမ် ပစ်ပေးနေရသော်လည်း လက် က တုန်နေပြီ ။ သို့သော် ဖဲမှော် မအောင်မြင်လျှင် မင်း ရော ငါ ပါ ဒုက္ခလှလှကြီး ရောက်မယ် ဟု မှာလိုက်သော သူတော်ငတေ ၏ စကားကို ကြားယောင်ကာ စိတ်အားတင်းလိုက်သည် ။

“ အိမ်ယူကြ ၊ ကစားကြမှာတော့ ဟုတ်ပြီ ။ ဘယ်မှာလဲ မင်းတို့ ပိုက်ဆံ ၊ တစ်ပြားတစ်စေ့မှ မမြင်... မမြင်ပါလား ”

သူတော်ငတေ မှာလိုက်သည့်အတိုင်း လက်ချည်း ဖြစ်နေသဖြင့် ထိုးငွေ ပိုက်ဆံကို မေးလိုက်သည် ။ ချက်ချင်းပင် မတ်စေ့တွေ ဖျာပေါ်ဘက ထိုးအိမ်နေရာများ သို့ ရွှင်ရွှင်ရွှန်းရွှန်း နှင့် ကျလာကြသည် ။ ဤမတ်စေ့တွေမှာ လူသေရာ ၌ ကူးတို့ခထည့်ပေးလိုက်ကြသော လူသေပါးစပ် ထဲမှ မတ်စေ့များပါလား ဟု တွေးမိလိုက်သောအခါ တစ်ကိုယ်လုံးမှာ ကြက်သီးဖြန်းဖြန်း ထလာပြန်သည် ။ သို့သော် ဖဲမှော်သာ အောင်လာလျှင် ဟူသော စိတ်နှင့်

“ ဖဲ ပစ်မယ် ၊ ဖဲ ပစ်မယ် ။ လက်ရှောင် ၊ လက်ရှောင်ကြ ”

ဟု ပြောပြီး ကျန် ဖဲနှစ်ချပ် ကို ဆက်ပစ်ပေးလိုက်သည် ။

ထွန်းလှဦး ၏ တစ်ကိုယ်လုံးမှာ ဇောချွေးတွေ ပြန်ကာ ရင်ထဲကလည်း ကတုန်ကယင် ဖြစ်လာပြီ ။

“ ကဲ ... လှန်ကြစမ်း ၊ တင်စမ်း ။ ကင်းသုံးလုံး ၊ တယ်ဟုတ်ပါလား ။ ဟ ... ဒီမှာလည်း ကင်းသုံးကောင် ၊ ဒီမှာလည်း ဂျက်သုံးချက် ၊ ဆယ်မုန်း ဘူအောက် ၊ တစ်ယောက် မကျန် စားတယ် ။ ဒီမှာ တွေ့လား ၊ တစ်သုံးလုံး ။ အကုန်ကျုံး ၊ အကုန်စား ။ ဟား .. ဟား .. ဟား ”

ဖဲချပ် နှင့် မတ်စေ့တွေ ကိုပါ သိမ်း၍ တဟားဟား ဟန်လုပ် ရယ်နေရသော်လည်း စိတ်ထဲကမူ အကြောက်ကြီး ကြောက်လာကာ ရှေ့က တစ္ဆေ ၊ သရဲ ၊ သချိုင်းစောင့်တွေ ၏ လက် မည်းမည်းကြီးများ ကိုပင် စေ့စေ့ မကြည့်ရဲ ဖြစ်လာသည် ။

သို့သော် ကိုးမီး ကစားရန် နောက် နှစ်ခါပင် ကျန် နေသေးသဖြင့် စိတ်အားတင်းကာ ဖဲဖုံ ကို ဒုတိယအချီအတွက် ဖဲ ဆင်ရန် ကုလားဖန် ထိုးလိုက်ရပြန်သည် ။

“ ကဲ... ထိုးကြ ၊ ထိုးကြ ။ ကိုယ်ထိုးမှ ကိုယ်ရ ၊ ထွန်းလှဦး ဖဲ ကတော့ ဟဲ... ဟဲ... ဟီး... ”

အမှန်မှာ ထွန်းလှဦး သည် အကြောက်လွန်ကာ ပြောရိုးပြောစဉ်ကိုပင် သတိမရ ဖြစ်သွားပြီး ...

“ ဟဲ... ဟဲ... ဟီး.. ဟီး ” လုပ်ပစ်လိုက်ရ၏ ။

သည်လိုနှင့် ဒုတိယအချီ ကစားကြပြန်သည် ။

ထွန်းလှဦး က ကိုးသုံးလုံး ၊ ကျန်ထိုးသား တစ္ဆေ ၊ သရဲများမှာ ရှစ်သုံးလုံး ၊ ခုနစ်သုံးလုံး ၊ ခြောက်သုံးလုံး နှင့် ဝိုင်းသိမ်း အကုန်စားလိုက်ပြန်သည် ။

“ ဖတ် .. ဖတ် ၊ ဖတ် ... ဖတ် ။ ကဲ .. တွေး မနေနဲ့ ၊ ငေး မနေနဲ့ ။ ယောက်ျားစစ် သုံးခါတဲ့ ။ ဟဲ... ဟဲ.. ဟီး ၊ ဟီး.. လာ.. ထိုးကြ ၊ ထိုးကြ ။ ကိုယ်ထိုးမှ ကိုယ်ရ ။ ထွန်းလှဦး ဖဲကတော့ ဟင် .. အင်း ... အဲ .. အဲ ၊ ဟီး ... ဟီး ... ဟဲ ... ဟဲ ”

ဤ အချီသည် သုံးကြိမ်သုံးခါ ရှိပြီမို့ သူတော်ငတေ မှာလိုက်သည့်အတိုင်း ပွဲသိမ်းရတော့မည် ။ ဤအချီသည် အရေးအကြီးဆုံး အချီ ။ နောက်ဆုံးအချီ ။ တကယ် သရဲ ၊ တစ္ဆေတွေ နှင့် ထိပ်တိုက် တွေ့ရမှာက ဤ အချီပါလား ဟူသော အတွေး ဝင်လာသောအခါ ထွန်းလှဦး ရင်ထဲ စပါးကြိတ်ဆုံကြီး နှင့် လာ မွှေ့ နေသလို တဒိန်းဒိန်း တဒိတ်ဒိတ် ခုန်လာကာ “ ထွန်းလှဦး ဖဲကတော့ ၊ ထွန်းလှဦးဖဲကတော့ ” နှင့် ရှေ့ဆက် မရဘဲ အကြောက်ပြေ ဟဲ .. ဟဲ ... ဟီး ... ဟီး ရယ်ကာ ဆင်ထားသော ဖဲတစ်ချပ် ကို တစ်အိမ် တစ်ချပ်စီ ပစ်ချထားလိုက်ပြီး လူသေကောင် ပါးစပ်ထဲက နှိုက်ယူလာကြသော တစ္ဆေ ၊ သရဲများ ဆီက ငွေကို ကြေးတောင်းလိုက်ရာ ပထမ ၊ ဒုတိယ အချီများ ကဲ့သို့ပင် မတ်စေ့များ ဖြိုးဖြိုးဖြောက်ဖြောက် ကျလာကြသည် ။

“ ကဲ ပြီး .. ပြီး . . ပြီးကြပြီလား ၊ ပြီးရင် လက်ရှောင် ”

ချွမ်ချွမ်းချပ်ချပ်နှင့် ကျန် ဖဲနှစ်ချပ်ကို အိမ်စေ့ ပစ်ပေးလိုက်သည် ။ ထို ထိုးသား သရဲ ၊ တစ္ဆေများ က သူ့ ဖါ သူ ကောက်သွားကြပြီ ။ ထွန်းလှဦး သူ့ ဖဲ သူ ဆင်ထားကာ အမှားအယွင်းဖြစ် ၊ မဖြစ် ဆီမီးခွက် မီးရောင်ထဲ ကာ ကြည့်လိုက်၏ ။ ကွင်း ၊ ကင်း ကုလားနှစ်ကောင် နှင့် စပိတ်ဖူး ကိုး တစ်ချပ် ။

သည်အထိ အမှားအယွင်း မရှိ ။ သူ ဆင်ထားသည့်အတိုင်း ကွက်တိ ကို ဖြစ်နေပြီ ။ သူ့ဦး ဦးသူတော် က မှာလိုက်သည်မှာ နောက်ဆုံး အချိန်၌ ထိုးအိမ် ပင်တိုင် မရကြသော သရဲ ၊ တစ္ဆေ တွေ ဝင် နှောင့်တတ်သည် ။ ဒိုင်ဖဲ ကို ကြားညှပ်၍ မလိုဖဲ ၊ မနိုင်ဖဲ ထည့်ပေးတတ်သည် ။ ထို့ကြောင့် နောက်ဆုံး အချီ ဖဲဆင် ၊ ဖဲပေး က အစ သတိထားရမည် ။ ဖဲ သုံးချပ်စီ ပစ်ပေးပြီးသည်နှင့် တစ္ဆေ ၊ သရဲ ထိုးသားများ မရိပ်မိအောင် ဖဲဖုံ ကို လွယ်အိတ်ထဲ မသိမသာ တစ်ခါတည်းကို ထည့်ထားရမည်ဟု မှာလိုက်သဖြင့် ယခု ဖဲဖုံ ထဲက လက်ကျန် ဖဲချပ်များကို လွယ်အိတ်ထဲ ထည့်ထားပြီးပြီ ။ ဖဲဆင် ထားတာလည်း မှန်နေပြီ ။ ထို့ကြောင့် နောက်ဆုံး ပွဲသိမ်းရန် တစ္ဆေ ၊ သရဲများ လက်ထဲရှိ ဖဲများ ကို ချခိုင်း ၊ လှန်ပြခိုင်းလိုက်သည် ။

“ ကဲ... အားလုံး လှန် ၊ အားလုံး ချ ၊ အမြင်ပြကြစမ်း ။ ဟုတ်ပြီ ”

လက်ထိပ်အိမ် က ကွင်းနှစ်လုံး နဲ့ ရှစ်ဖဲတစ်ချပ် ၊ လတ် ၊ သုံး ၊ ငါး ၊ နှစ် ၊ ထိုးသားများ ၏ ဖဲ ကို လက် နှင့် မသိမသာ ကောက်သိမ်းသောအခါ သူ့ လက် နှင့် ရင်ထဲမှာ နတ်ကျ သလို တုန်လာသည် ။ သို့သော် သူ့ ဆင်ဖဲ က တစ်အိမ်တလေ မှ အမှားအယွင်း မရှိသဖြင့် အောင်ပြီ ဟု တွေးလိုက်ကာ စိတ်ရော ကိုယ်လက်ကိုပါ ထိန်းကာ ...

“ ကဲ... ဒိုင်ဖဲ ပြမယ် ၊ တစ်ကိုယ်ရှောင် ၊ အိုအောင်မဆင်းရဲ ၊ ဖောင်း ”

ကုလားနှစ်ကောင် နှင့် ကိုးဖဲချပ် ကို အပေါ်ဆုံး တင်ကာ သူ ရိုက်ချလိုက်သော ဖဲရိုက်သံသည် သင်္ချိုင်းကုန်း တစ်ခုလုံးကို ပဲ့တင်ထပ်သွားလေသလား ထင်လိုက်ရသည် ။ ဆယ်နှစ်ကျော်ကျော် ဖဲမှန်း ငွေမှန်း သိတတ်စကပင် ဖဲရိုက်လာသော သူ့ ဖဲ စိန်ခေါ် ရိုက်ချလိုက်သံလောက် ကျယ်လောင်လှသော အသံကို သူ တစ်ခါမှ မကြုံဖူး ၊ မကြားစဖူး ဟုလည်း ထင်လိုက်၏ ။ သူ့ဖဲ စိန်ခေါ် ရိုက်ချလိုက်သံ တစ်ချက်သည် သူ့ နားထဲ မိုးကြိုးပစ် ခံလိုက်ရသလို ဆူညံသွားသည် ။ ချက်ချင်းပင် တစ်ကိုယ်လုံးမှာလည်း ထူပူသွား၏ ။ သို့သော် သူ၏ အောင်မြင်မှု ကို သူ က ယုံကြည်စိတ်ချစွာပင်...

“ အားလုံး စားတယ် ၊ တစ်ရှောင်ကိုး တစ်မိုးစာ ”

ဟု အော်လိုက်ကာ ဖဲချပ်များ နှင့် သရဲ ၊ တစ္ဆေများ ဆီက ရသော မတ်စေ့များကို ကမန်းကတန်း လွယ်အိတ်ထဲ သိမ်းကျုံးထည့်ကာ မီးခွက် ကို ဝူးခနဲ မှုတ်ပစ်လိုက်၏ ။ ပွဲသိမ်းသွားပြီ ၊ အောင်ပြီ ။

မီးခွက် မှုတ်လိုက်သည်နှင့် သင်္ချိုင်းကုန်းတစ်ခုလုံး မှောင်မည်းသွားသည် ။ ထွန်းလှဦး ဖျာလိပ်ပြီး နံတောင်ကြား ညှပ်လိုက်ချိန်တွင် လက်ပေါင်း များစွာက သူ့ ကို ဆွဲကြသည် ။

“ နေပါဦး ။ တစ်လက် ၊ နှစ်လက် ဒိုင်ကိုင်ပါဦး ။ ကျုပ်တို့ ငွေတွေ အများကြီး ရှိပါသေးတယ် ။ ပွဲမသိမ်းပါနဲ့ဦး ”

ဆိုသော လူကြီးသံ ၊ လူလတ်သံ ၊ ကလေးသံ ၊ မိန်းမသံ ၊ သေခါနီး လူမမာ အသံများလို မပီမသ ငိုသလို ၊ ရှိုက်သလို ၊ ရယ်သလို ၊ အော်သလို အသံမျိုးစုံကလည်း ချက်ချင်း ပေါ်လာသည် ။

အသံသေး အသံကြောင်များနှင့်အတူ ဖဲဆက်ကစားကြရန် နောက် က လိုက်ဆွဲကြသည် ။

“ တစ္ဆေ ၊ သရဲတွေ က ဘယ်လောက်ပဲ လိုက်ဆွဲ လိုက်ဆွဲ အရေးကြီးတာက မင်း ရွာ အရောက်ပြေးလာနိုင်ဖို့ပဲ ။ ရွာနား ရောက်လာရင် မင်း ကို ရွာရှင်မ က အကူအညီ ပေးလိမ့်မယ် ။ သင်္ချိုင်းကုန်း က လိုက်လာတဲ့ သရဲ ၊ တစ္ဆေတွေ ကို ရွာရှင်မက သူ့ ရွာထဲ အဝင်ခံမှာ မဟုတ်ဘူး ။ ဒီတော့ သင်္ချိုင်းကုန်း က လိုက်လာတဲ့ သရဲ ၊ တစ္ဆေတွေ သူ့ နေရာ သူ ပြန် သွားကြလိမ့်မယ် ။ မင်း ရွာထဲ ရောက်ရင် ဖဲမှော် အောင်ပြီ ။ ဘယ်နေရာမှာ သွား ကစား ကစား မင်းပါးစပ်က ထွက်တိုင်း တစ်သုံးလုံး ဆို တစ်သုံးလုံး ၊ ကုလားသုံးကောင်ဆို ကုလားသုံးကောင် ” ဟု သူတော်ငတေ ၏ မှာစကားကြောင့် ထွန်းလှဦး ရွာထဲ ရောက်ရန်သာ ပြေးလာနေသည် ။

သို့သော် ဖဲ ဆက် ကစားချင်ကြသေး၍ သင်္ချိုင်းကုန်း က လိုက်လာသော သရဲ တစ္ဆေများ သည် သူ့ ကို အတင်း နောက်ကနေ လိုက်ဆွဲကြ၏ ။ ကြောက်စရာ မပီမသအသံကြီးများနှင့် “ နေပါဦး ။ တစ်လက် ၊ နှစ်လက်လောက် ကစားပါရစေဦး ” ဆိုကာ နောက်က နေပြီး ဖျာ နှင့် လွယ်အိတ် ကို အတင်း ဆွဲလုနေကြသည် ။ ထွန်းလှဦး ကလည်း...

“ တော်ပြီ ၊ တော်ပြီ မကစားတော့ဘူး ”

ဟုသာ တွင်တွင် ပြောပြီး ရွာ ဘက်သို့သာ ပြေးလာသည် ။

သည်လိုနှင့် သရဲ ၊ တစ္ဆေတွေ က နောက်ကနေ လိုက်ဆွဲ ထွန်းလှဦး က ရုန်းပြေး နှင့် ပထမဦးဆုံး သူရဲ ၊ တစ္ဆေတွေ လက်ထဲ ဖျာပါသွား၏ ။ နောက် ဖဲထုပ် ထည့်လာသော လွယ်အိတ် ကိုပါ အတင်း နောက်က လှမ်းဆွဲ ထားကြပြန်သည် ။ သို့သော် သူ့ ဦးလေးသူတော်ငတေ မှာလိုက်သလို ထွန်းလှဦး ကား နောက်သို့ လုံးဝ လှည့် မကြည့် ။ သရဲ ၊ တစ္ဆေတွေ လက်မှ လွတ်အောင် သူ ကား ရွာဘက် သို့သာ ရုန်းကန် ပြေးနေရသည် ။

အတင့်ရဲသော သရဲ ၊ တစ္ဆေများ ကလည်း လွယ်အိတ် နှင့် ဖျာ ကို ရသွားကြသော်လည်း မကျေနပ်ကြသေးဘဲ ပုဆိုး ကို အတင်း ဆွဲထားကြပြန်သည် ။ ထွန်းလှဦး မှာ ဘာပဲဖြစ်ဖြစ် ရွာ ကို ပြန်ရောက်ရေးသာ အရေးအကြီးဆုံး အချိန် ဖြစ်နေသဖြင့် ရွာဘက်ကိုသာ ပြေးနိုင်ရန် ရုန်းကန်နေရသည် ။ သည်လိုနှင့် ထွန်းလှဦး မှာ ပုဆိုးကျွတ်သွားသည် ။ အရေးမကြီး ၊ ဖဲသမားပီပီ အတိုအလျှို လုပ်နိုင်ရန် အမြဲ ဝတ်ထားသော အတွင်းခံဘောင်းဘီ က ပါနေသဖြင့် သရဲ ၊ တစ္ဆေတွေ လက်မှ လွတ်ရန် ကိုသာ အားတင်း၍ ရုန်းကန်နေရသည် ။ နောက်တော့ သရဲ ၊ တစ္ဆေများ သည် ကြောက်စရာ ကောင်းသော အသံသေး အသံကြောင် ကြောက်စရာ ၊ ထိတ်စရာ အမျိုးစုံတို့ကို ပြောကာ သူ့ ခါးကို ဖက်သည့်အကောင်က ဖက် ၊ ခြေထောက် ကို ဆွဲသည့် အကောင်က ဆွဲ ၊ လက် ကို ဖမ်းချုပ်သည့် အကောင် က ဖမ်းချုပ် အထိ လုပ်လာကြရာ ထွန်းလှဦး မှာ အလဲလဲ အပြိုပြို နှင့် သရဲ တစ္ဆေ လက်မှ သူ ဘယ်လိုမှ မလွတ်နိုင်တော့ဘူး ဟု ထင်လိုက်ချိန်မှာပင် သရဲတစ်ကောင် ၏ လက်က သူ့ လည်ပင်းကို ရောက်လာရာ ထွန်းလှဦး မှာ သတိလွတ်ပြီး သူတော်ငတေ ၏ စကား ကိုလည်း သတိမရနိုင် ဖြစ်ကာ ...

“ ကူကြပါဦးဗျို့ ၊ ကယ်ကြပါဦး ။ ကျုပ် ကို သရဲ ၊ တစ္ဆေတွေ လိုက်ဆွဲသတ်နေကြပါပြီ ။ ကူကြပါဦး ၊ ကယ်ကြပါဦး ။ ရွာတော်ရှင်မကြီး ကယ်ပါဦး ”

ဟု အသံကုန် ဟစ်ကာ ရွာ ဘက် သို့ ပြေးလာသည် ။ မှောင်ကြီးမည်းကြီး လမိုက်ညထဲ ရွာပြင် က ကူပါ ၊ ကယ်ပါ အော်ပြေးလာနေသူ တစ်ယောက် ၏ အသံ ကို ကြောက်မက်ဖွယ်ရာ ကြားလိုက်ရသောအခါ ရွာသားတွေ မှာလည်း အထိတ်တလန့် နှင့် မီးတုတ် ကိုယ်စီ ၊ ဓား ၊ လှံ ကိုယ်စီ နှင့် ညာသံ ပေးကာ ရွာထဲ မှ ထွက်လိုက်လာကြသည် ။

ကယ်ပါ ၊ ကူပါ အော်ဟစ်ပြီး ပြေးလာသော ထွန်းလှဦး သည် ရွာနား အရောက်တွင် ကန်သင်းပေါင်ရိုး တစ်ခုကို ဝင်တိုက်မိကာ အသံလည်း ပျောက် ၊ လူလည်း ပစ်လဲ ၊ သတိလည်း မေ့သွားလေ၏ ။

ရွာထဲ မှ မီးတုတ် ကိုယ်စီ ၊ ဓားလှံ ကိုယ်စီ နှင့် လိုက်လာကြသော ရွာသားများ သူ့အနား ရောက်လာချိန်မှာ ထွန်းလှဦး ကား သတိမေ့မြောပြီး ကန်သင်းရိုးရင်း တွင် မှောက်လျက် လဲနေလေ၏ ။ သူ့ ကိုယ်ပေါ်မှာ စုတ်ပြဲနေသော အင်္ကျီ နှင့် ဘောင်းဘီတို တစ်ထည်က လွဲလျှင် တခြား ဘာမှလဲ ပါမလာတော့ ။ ထိုအခါ သူတော်ငတေ ၏ ညွှန်ကြားချက်အတိုင်း လမိုက်ည သန်းခေါင် အချိန်တွင် ရွာသင်္ချိုင်း ထဲ သွားပြီး ဖဲမှော် သွားသွင်းသည်ကို လုံးဝ မသိကြသော ရွာသားများမှာ သတိမေ့မြောနေသော ဖဲသမား ထွန်းလှဦး ကို ရွာထဲ သို့ ထမ်းပိုး သွင်းလာခဲ့ကြရလေသည် ။

ရွာ ရောက်၍ နှာနှပ် ၊ နင်းနှိပ်ပေးကြရာ ထွန်းလှဦး မှာ သတိရလာ၏ ။ သို့သော် မည်သို့မည်ပုံ ဖြစ်လာသည်ကို မေးကြသောအခါ ကြောင်တိကြောင်တောင် နှင့် ဘာမှ မပြောဘဲ ခေါင်းငုံ့၍သာ နှုတ်ပိတ်နေလေသည် ။ ရွာသားများ ကမူ ဤသည်ကို ဖဲဝိုင်း တွင် ရန်ဖြစ်လာသည် ဟု ထင်ကာ ဆက် မမေးကြတော့ဘဲ ကိုယ့်အိမ်ကိုယ်သာ ပြန်သွားကြပြီး ..

“ ခွေးသား ၊ ဖဲသမား ယောက္ခမတွေက ဒီလောက် ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်နိုင်အောင် ပေးထားတာတောင် ကောင်းကောင်းမွန်မွန် လုပ်မစားချင်တဲ့အကောင် ဖဲဝိုင်းမှာ ရန်ဖြစ်လို့ အသတ်ခံရရင်လည်း ကမ္ဘာမြေ တစ်ယောက်စာပေါ့သွားတာပေါ့ ”

ဟုသာ ဆဲဆိုရေရွတ်နေကြလေသည် ။

( စာကြွင်း ၊ ထိုသို့ ဖြစ်ပျက်ပြီး ခြောက်လလောက် အကြာတွင် ထွန်းလှဦး ဆီမှ သရဲ ၊ တစ္ဆေများ လုထားလိုက်ကြသည် ဆိုသော လွယ်အိတ် အသစ်စက်စက်ကလေး တစ်လုံးကို ငထီး ပခုံး၌ ပွဲသွားပြင်သွား လွယ်လျက် တွေ့ရသည် ဟု ဆိုကြသည် ။

ထို သဲလွန်စကြောင့်လည်း ထွန်းလှဦး ဖဲမှော်သွားသွင်းသည့် ကိစ္စမှာ သူတော်ငတေ က အကွက်ဆင်ပြီး သူ့ တပည့်သာဝကများအား သင်္ချိုင်းကုန်း က သရဲ ၊ တစ္ဆေတွေ လုပ်ခိုင်းကာ ထွန်းလှဦး ၏ ဖဲ အစွဲ ကို ချွတ်လိုက်သည် ဟု ရွာဆေးဆရာ စာဖတ်တတ် ဝေယံလင်း တို့ အဖေ က ထင်ကြေး ပေးသည် ။

ငထီး လွယ်နေသော ထွန်းလှဦး လွယ်အိတ်ကိစ္စ ကို မေးလာသူ မှန်သမျှအား ငထီး ကလည်း...

“ ပေါက်တတ်ကရ ဒီ လွယ်အိတ် က ကိုကြီးထွန်းလှဦး လွယ်အိတ် ဖြစ်ရမလားဗျ ။ ဇာတီတောင် ဘုရားပွဲ တုန်းက ကျုပ် ဘာသာကျုပ် ပိုက်ဆံပေး ဝယ်လာတာပါ ။ ဒီအဆင် ၊ ဒီအရွယ် ကျုပ် ဝယ်တဲ့ဆိုင်မှာ နောက်ထပ် ရောင်းဖို့ ချိတ်ဆွဲထားတာတွေအပုံ ” ဟု သူ့ ဆရာ ငတေ လေသံ နှင့် မထီတရီ ပြန်ပြောလေသည် ။ ဟုတ် မဟုတ် ၊ မှန်မမှန် ကို မူ... ။ )

◾ဝေယံလင်းခေါင်

📖 ဂမ္ဘီရမဂ္ဂဇင်း
၂၀၀၁ ခုနှစ် ၊ ဇန်နဝါရီလ

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)