စုန်းထီးကြီးဦးဘသာနှင့် ရွှေတဆင်ရိုးက ကျားဆိုး
အတွဲ(၄) စာစဉ်(၂၂)
(၁)
"အလတ်ကောင် ငါ့ကိုစောင့်ပါအုံးကွ"
အသံကြားလို့ လှည့်ကြည့်တော့မှ ဦးဘသာကခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့တယ်ဗျ၊ ကျုပ်လည်း ချိုတူးလိုက်လာမှာစိုးတာနဲ့ ဒီကောင့်ကိုထိုးနှက်ပြီးတော့ ကွေးကောက်ရွာကနေခြေလှမ်းကျဲကြီးနဲ့ထွက်လာလိုက်တာ အခုဆိုရင် ရွာနဲ့တော်တော်လှမ်းလှမ်းရောက်ခဲ့ပြီဗျ၊ အဲဒီမှာ လမ်းကနှစ်လမ်းကွဲသွားတယ်၊ တစ်လမ်းကတော့ နိဗ္ဗာန်ရွာဘက်ကိုသွားတဲ့လမ်းဗျ၊ နောက်တစ်လမ်းကတော့ ရွှေတဆင်ရိုးလို့ခေါ်တဲ့ တောင်ရိုးပေါ်ကိုဖြတ်တက်တဲ့လမ်းပဲဗျာ၊ ကျုပ်ခြေလှမ်းကိုအမှီလိုက်လာရလို့ ဦးဘာလည်း တော်တော်မောနေတဲ့ပုံပဲဗျ၊ ဒါနဲ့ပဲ အဲဒီလမ်းခွမှာ ကျုပ်တို့နားလိုက်ကြတယ်။
"တွေ့ဆုံကြုံကွဲ ဓမ္မတာပဲကွ အလတ်ကောင်ရ၊ သိပ်လည်းခံစားမနေပါနဲ့"
ဦးဘသာက ကျုပ်ဘေးနားမှာဆောင့်ကြောင့်ထိုင်ပြီးပြောပါရော၊ ကျုပ်လည်း သစ်တုံးဆွေးတစ်ခုပေါ် ဖင်ထိုင်ချရင်း
"ကျုပ်က ဘယ်လိုမှတောင်မနေပါဘူးဗျာ"
"အေးပါ၊ မင်းဘာမှမဖြစ်ရင်ပြီးတာပဲ"
ခဏနားပြီးတာနဲ့ ကျုပ်တို့ရွှေတဆင်ရိုးဘက်ကို တက်ခဲ့ကြတာပေါ့ဗျာ၊ တောအုပ်ထဲဆိုပေမယ့်် လှည်းလမ်းကြီးကဖြူးလို့ဗျ၊ တောဆိုတာကလည်း သစ်ပင်ကြီးကြီးမားမားတွေမရှိဘဲ ချုံတွေ၊ နွယ်တွေလောက်သာရှိတဲ့ တောပါဗျာ၊ ကျုပ်တို့ဆက်သွားနေရင်း လမ်းကတဖြည်းဖြည်းမတ်စောက်လာတယ်ဗျ၊ ရွှေတဆင်ရိုးဆိုပြီး တောင်ကုန်းကြီးကိုခေါ်နေတာဆိုတော့ ကျုပ်လည်းတော်တော်ထူးဆန်းနေမိတယ်။
လျှောက်လာရင်း အရှေ့မှာတောင်ကုန်းကိုလှမ်းမြင်ရပြီဗျ၊ တောင်ကုန်းဆိုပေမယ့် ကျောက်စိုင်ကျောက်သားတွေချည်း ပြည့်နေတဲ့တောင်ပါဗျာ၊ တောင်က သိပ်တော့မမြင့်ပါဘူး၊ ဒါပေမယ့် ထူးခြားတာက တောင်ကြီးရဲ့အလယ်တစ်နေရာမှာ သဲတွေနဲ့လှည်းလမ်းကြီးဖြစ်နေပါရောဗျာ၊ အဲဒီလှည်းလမ်းက တောင်ကြီးနှစ်ခုရဲ့အလယ်မှာ ပက်ကြားအက်ကြီးလိုဖြစ်နေတာဗျ၊ လှည်းတစ်စီးကောင်းကောင်းသွားလို့ရအောင် ကျယ်တယ်ပေါ့ဗျာ၊ ကျုပ်တို့နွားတွေမောင်းပြီးတော့ လမ်းထဲကိုဝင်လာခဲ့ကြတယ်၊ လမ်းတစ်ဖက်တစ်ချက်မှာတော့ တောင်ကမ်းပါးယံကြီးတွေချည်းပါပဲဗျာ၊
အတော်ကလေးသွားမိတော့ ပတ်ဝန်းကျင်က တဖြည်းဖြည်းမှောင်လာတယ်ဗျ၊ တောင်နှစ်ခုကြားရောက်နေတာဆိုတော့ အလင်းရောင်သိပ်မဝင်တာလည်း ပါတာပေါ့ဗျာ၊ ကျုပ်တို့ဆက်လျှောက်လာရင်း တစ်နေရာရောက်တော့ လမ်းကတဖြည်းဖြည်းကျယ်သွားသဗျ၊ လှည်းနှစ်စီးစာလောက် ရှောင်တိမ်းသွားလို့ရတဲ့လမ်းဖြစ်သွားပြီးတော့ လမ်းဘေးမှာလည်း ကျောက်ရေအိုင်ကလေးတစ်ခုဖြစ်နေတယ်၊ နွားတွေလည်း လမ်းလျှောက်ရလွန်းလို့ ရေဆာတယ်နဲ့တူပါတယ်ဗျာ၊ ကျောက်ရေအိုင်တွေ့တာနဲ့ ရေအိုင်စပ်ပြေးဆင်းသွားပြီးတော့ ရေတွေကုန်းသောက်တော့တာပါပဲ၊ ရေအိုင်ကလေးက ဆယ်ပေလောက်ပဲကျယ်မှာဗျ၊ နက်တာကတော့ တော်တော်နက်ပုံရတယ်၊ လူတစ်ရပ်လောက်တော့ အသာကလေးပဲဗျာ၊ ရေတွေဆိုရင်လည်း ကြည်စိမ်းနေတာပဲ။
နွားတွေနားတော့ ကျုပ်တို့လည်းနားကြတာပေါ့ဗျာ။ ဦးဘသာက ကွမ်းအစ်ကလေးထုတ်ရင်း
"ဒီလမ်းကို ဘာဖြစ်လို့ ရွှေတဆင်ရိုးလို့ခေါ်တယ်ဆိုတာ မင်းသိပြီမဟုတ်လားအလတ်ကောင်"
"ကျုပ်တော့ သိပ်နားမလည်သေးဘူး"
"ဒီလိုကွ၊ ဟောဒီနေရာကိုကြည့်စမ်း တောင်ကမ်းပါးကြီးမှာ ရေညှိခြောက်တွေကပ်နေတယ်မဟုတ်လား၊ ဒီနေရာက မိုးအခါဆိုရင် ရေတံခွန်ကြီးတစ်ခုကွ၊ ဟိုးတောင်ပေါ်ကနေဆင်းလာတဲ့ ရေတွေက ဒီရေတံခွန်ကနေတဆင့် အောက်ကကျောက်မြေသားအပေါ်ကို အရှိန်နဲ့စီးဆင်းကျလာတာပေါ့ကွာ"
ဦးဘသာက ကျောက်ကမ်းပါးကြီးကိုထိုးပြတယ်၊ ကျုပ်လည်း အခုမှသတိထားမိတာဗျ၊
"ရေတံခွန်က ကျတဲ့ရေက ဟောဒီအောက်က ကျောက်သားကိုတိုက်စားပြီးတော့ အခုလိုချိုင့်ခွက်ကြီးဖြစ်ကျန်နေခဲ့တာပဲ"
"ဟာ၊ ဦးဘသာ၊ ဒါဆိုဒီနေရာက အရင်တုန်းက ရေချောင်းကြီးပေါ့"
"ဒါပေါ့ကွ၊ မိုးတွင်းဆိုရင်တော့ တောင်ကျရေကျတဲ့ ချောင်းဖြစ်မှာပေါ့၊ ခုလို ပွင့်လင်းရာသီ မိုးနည်းသွားပြီဆိုတော့ တောင်ကျရေလမ်းမဆင်းတော့ ချောင်းရိုးက လမ်းဖြစ်သွားတာပေါ့ကွာ၊ ဒါကြောင့် ဒီလမ်းကို ရွှေတဆင်ရိုးလို့ခေါ်ကြတာကွ"
"ကျုပ်နားလည်ပြီဗျ၊ ဒါဆို မိုးတွင်းဘက်တော့ ဘယ်သွားလို့ရမလဲဗျနော်"
"သေချာတာပေါ့ကွာ"
ဦးဘသာ ကွမ်းယာနေတုန်း နွားတွေက တရှူးရှူးနဲ့ဖြစ်လာတယ်ဗျ၊ နှာတွေမှုတ်ပြီးတော့ ခွာတွေလည်းယက်လို့ဗျာ၊ ကျုပ်လည်း နှင်တံနဲ့ နွားတွေကိုထိန်းရတာပေါ့၊ နွားတွေက ထိန်းတုန်းခဏပဲဗျ၊ ပြီးတာနဲ့ တရှူးရှူးပြန်လုပ်ကြတာပဲ၊ ကျုပ်က နွားတွေကိုကြိမ်းမောင်းနေတုန်း ဦးဘသာက ကျုပ်ကိုလှမ်းကြည့်ပြီး
"အလတ်ကောင် နားထောင်စမ်း"
ကျုပ်လည်း ရပ်လိုက်ပြီးတော့ နားကိုစွင့်လိုက်တယ်၊ နွားတွေက နှာမှုတ်နေတာဆိုတော့ ဘာသံမှ သေသေချာချာမကြားရတာအမှန်ပဲဗျ၊ ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်ရင်း
"ဘာသံကြားလို့လဲ ဦးဘသာရ"
ဦးဘသာက ပြန်မဖြေပေမယ့် သူ့မျက်နှာက ထိတ်ထိတ်ပြာပြာဖြစ်နေတာကိုကြည့်ပြီး ကျုပ်လည်း တစ်ခုခုတော့ ထူးနေပြီဆိုပြီးသိလိုက်တာဗျ၊ ဒီအချိန်မှာပဲ ကျုပ်အနောက်ဘက် ကျောက်ကမ်းပါးပေါ်ကနေ အကောင်ကြီးတစ်ကောင်ခုန်ဆင်းလာတယ်ဗျ၊ ကျုပ်ကိုခေါင်းပေါ်ကနေ ကျော်သွားပြီးတော့ ကျုပ်အရှေ့တည့်တည့်ကိုကျတာဗျ၊ ညနေခင်း အလင်းရောင်အောက်မှာ ပီပီသသတွေ့လိုက်ရတာကတော့ ကျားကြီးတစ်ကောင်ဗျ၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူးဗျာ၊ ကိုးတောင်လောက်တော့ရှိမယ်ထင်တယ်၊ တစ်ကိုယ်လုံးကို အနက်နဲ့အဝါကျားအစင်းတွေက ဖုံးအုပ်ထားတယ်၊ ခေါင်းကြီးဆိုရင်လည်း တော်တော်ကြီးတာဗျာ။ ကျားကြီးက သူ့မျက်လုံးဝါဝါကြီးနဲ့ ကျုပ်ကိုစိုက်ကြည့်တော့ ကျုပ်ဖြင့် ကိုယ့်ဖာသာကိုယ် ဘာဖြစ်သွားမှန်းမသိဘူးဗျာ၊ ဒူးတွေ တဆတ်ဆတ်တုန်ပြီးတော့ ပုဆိုးထဲ သေးတွေတဝေါဝေါနဲ့ထွက်ကျကုန်တာဗျ။
ကျားကြီးက လှုပ်ရှားတာသိပ်မြန်တယ်ဗျာ၊ ရေအိုင်ဘေးနားက နွားတစ်ကောင်ကို ဝင်ဆွဲတော့တာပဲ၊ အရင်ဆုံးနွားရဲ့နောက်ခြေထောက်ကိုကိုက်ပြီး ခြေထောက်အကြောတွေကို ဖြတ်ပစ်လိုက်တယ်ဗျ၊ ကျားကိုက်ခံရတဲ့ နွားခမျာ အသက်လုပြီးပြေးဖို့ကြိုးစားတာပေါ့ဗျာ၊ ဒါပေမယ့် ခြေထောက်ကျောဖြတ်ခံလိုက်ရတော့ နွားခြေထောက်တွေက ဒရွတ်တိုက်ဆွဲသွားပြီဗျ၊ ဒီတော့မှ ကျားကြီးက နွားရဲ့ကျောကုန်းပေါ်ကို ခုန်တက်လိုက်တာဗျာ၊ လွှားခနဲပဲ၊ ပြီးတာနဲ့ နွားရဲ့လည်ကုပ်ကို ပါးစပ်နဲ့ဖမ်းကိုက်ပြီးတော့ နွားကိုနောက်ပြန်ဆွဲသွားသဗျာ။
ကျုပ်လည်းကြောင်ပြီး ငေးမောနေသလို ဦးဘသာလည်း ကွမ်းရွက်ကြီးကိုင်ပြီး မလှုပ်မယှက်ဖြစ်နေတယ်ဗျ။ ဒီအချိန်တစ်ဖက်ကမ်းပါးပေါ်က လူသုံးလေးယောက်ဆင်းလာတယ်၊ ကျုပ်တို့ကိုကြည့်ပြီးတော့
"ဟေ့လူတွေ၊ ဟေ့လူတွေ"
လှမ်းအော်ကြတယ်၊ သူတို့အထဲက လူတစ်ယောက်ကတော့ ဒူးလေးကိုင်ထားသဗျ။ ဒါနဲ့ နွားကိုဆွဲသွားတဲ့ ကျားကြီးကို သူ့ဒူးလေးနဲ့ချိန်ပြီး ပစ်လွှတ်လိုက်ပါရောဗျာ၊ ဒင်ခနဲမြည်သွားတဲ့ ဒူးလေးသံံံနဲ့အတူ ဒူးလေးမြှားတံတစ်ချောင်းက ဝှစ်ခနဲပျံံသန်းပြီးတော့ ကျုပ်ခေါင်းပေါ်က ဖြတ်သွားတယ်၊ ပြီးတော့ ဒူးလေးမြားတံက ကျားရဲ့ဘယ်ဖက်ခြေထောက် ဒူးဆစ်အနားကိုဖြတ်မှန်သဗျ၊ ကျားကြီးက တစ်ချက်ဝေါင်းခနဲ အော်ဟစ်လိုက်ပြီးတော့ နွားကိုကိုက်ချီရင်း နောက်ကျွမ်းပစ်ထည့်လိုက်တာဗျာ၊ ဦးဘသာထိုင်နေတဲ့အနောက်က ကျောက်ချပ်ပေါ်ကို လွှားခနဲကျသွားတာ၊ ပြီးတာနဲ့ ကျောက်တုံးကြီးတွေ တစ်ခုပေါ်တစ်ခု လွှားခနဲခုန်တက်ရင်း တောင်ကမ်းပါးပေါ်ပြေးတက်သွားပါရောလား။
ကျားကြီးလှုပ်ရှားတာ မြန်လိုက်တာဗျာ၊ နောက်တော့ ကမ်းပါးပေါ်က လူတွေပြေးဆင်းလာကြတယ်၊ ကျုပ်တို့နွားတစ်ကောင်ကတော့ ကျားစာဖြစ်သွားပြီဗျို့၊ ကျားကိုက်ခဲ့တဲ့နေရာမှာ သွေးကွက်ကြီးကျန်နေခဲ့တယ်။
"ခင်ဗျားတို့ဗျာ၊ မသေကောင်းမပျောက်ကောင်း"
ကျုပ်ဖြင့် အခုထိခြေတွေလက်တွေ မလှုပ်နိုင်သေးဘူးဗျ၊ ဒီလူတွေက ကျုပ်အနားရောက်လာပြီး ကျုပ်ကိုဝိုင်းထိန်းကြတယ်၊ ဦးဘသာလည်း လက်တွေတဆတ်ဆတ်တုန်နေတယ်။ ဒီလူတွေထဲက ဒူးလေးကိုင်ထားတဲ့လူက
"တောက်၊ ချက်ကောင်းမထိတာ နာသကွာ"
ဦးဘသာက အနားကပ်လာပြီး
"ငါတို့၊ ငါတို့တွေ့လိုက်တာ ကျားကြီးမဟုတ်လား"
"ဟုတ်တာပေါ့ဗျာ၊ ဦးလေးတို့နဲ့တွေ့လိုက်တာ ဟင်းမျိုးအစစ်ပေါ့ဗျ"
"နေစမ်းပါအုံးကွ၊ ဒီတော၊ ဒီတောင်မှာ ကျားနေပါ့မလားကွ၊ ငါဆိုလိုချင်တာကကွာ၊ ဒီတောအုပ်လောက်မှာ ကျားတစ်ကောင်ကျက်စားဖို့ သားကောင်မှမရှိတာ"
"အရင်ကတော့ ဟုတ်တယ်ဦးလေးရေ၊ အခုကတော့ မဟုတ်တော့ဘူး၊ ဒီကျားက ဒီတောင်ကကျားမဟုတ်ဘူး၊ တောပြောင်းလာတဲ့ကျားဗျ"
လူတစ်ယောက်က ကျုပ်နှာခေါင်းအနားကို အဝတ်ထုပ်ကလေးတစ်ထုပ်လာကပ်သဗျ၊ အနံ့ကတော့ ခပ်ရှိန်းရှိန်း၊ ခပ်မွှေးမွှေးလေးပါပဲဗျာ၊ ဒါလေးရှူပြီးမှ ကျုပ်လည်း ခြေတွေလက်တွေပြန်လှုပ်နိုင်တယ်၊ ကျုပ်ပုဆိုးကို ကျုပ်ငုံ့ကြည့်ပြီး ရှက်လိုက်တာပြောမနေပါနဲ့ဗျာ၊
"ငါ့ညီ၊ ဘာမှမရှက်နဲ့ကွ၊ ကျားနဲ့ရုတ်တရက်တွေ့ရင် ဒီလိုပဲဖြစ်တတ်တယ်၊ ကြက်သေသေသွားပြီးတော့ ကြောက်သေးတွေ ကြောက်ချေးတွေပန်းတာကို ကျားဟုန်တယ်လို့ခေါ်တယ်ကွ"
ကျုပ်လည်း ဒီလူတွေကိုကြည့်ရင်း
"ကျေးဇူးတင်လိုက်တာဗျာ၊ ခင်ဗျားတို့သာရောက်မလာရင် ကျုပ်နွားတွေကို ကျားကအကုန်ပဲဆွဲသွားမလား၊ ဒါမှမဟုတ် ကျုပ်တို့ကိုရန်ပြုသွားမလား၊ မတွေးရဲစရာပဲဗျာ"
"ခင်ဗျားတို့ကြည့်ရတာ ဒီကမဟုတ်ဘူးထင်တယ်၊ ဒီနားကရွာတွေကတော့ ဒီလမ်းကိုမဖြတ်ရဲတာကြာပြီ၊ ကဲ၊ ညမှောင်လာပြီဆိုတော့ ဒီမှာပဲဆက်မနေသင့်တော့ဘူးဗျ၊ ကျုပ်တို့နဲ့လိုက်ခဲ့"
ကျုပ်လည်း ဦးဘသာကိုကြည့်လိုက်တယ်၊ ဦးဘသာက ခေါင်းညိတ်လိုက်ပြီး ပုဆိုးတွေဘာတွေပြင်ဝတ်နေတာနဲ့ ကျုပ်လည်း နွားတွေမောင်းပြီး လိုက်လာခဲ့တာပေါ့ဗျာ၊ နွားတွေက အခုအချိန်အထိတောင် ကြောက်ရွံ့ပြီး တုန်လှုပ်နေကြတုန်းပဲဗျ။
(၂)
ချောင်းရိုးကလေးအတိုင်းဆက်လျှောက်လာရင်း အရှေ့နားရောက်တော့ ဘေးနားက ကမ်းပါးယံတွေက တဖြည်းဖြည်းနိမ့်ဆင်းသွားတယ်၊ တစ်နေရာရောက်တော့ ဒီလူတွေက ကမ်းပါးပေါ်တက်ပြီးတော့ တောထဲဝင်သွားတယ်၊ ခဏလောက်သွားမိတော့ တစ်ဖက်ရပ်တဲကလေးတစ်လုံးကိုတွေ့လိုက်ရတယ်ဗျ၊ တဲကအဖြစ်ဆောက်ထားတာပါဗျာ၊ တောထဲရှိတဲ့ ဝါးတွေ၊ သစ်ကိုင်းခြောက်တွေနဲ့ဆောက်ထားတဲ့တဲကလေးပါ၊ လူသုံးယောက်ထဲက တစ်ယောက်က တဲအရှေ့နားမှာ ကျောက်တုံးတွေနဲ့စီပြီးလုပ်ထားတဲ့ မီးဖိုကလေးဆီမှာ မီးပုံဖိုနေတယ်ဗျ။ ကျုပ်တို့လည်း ကျောက်တုံးတွေပေါ်မှာထိုင်ချလိုက်တာပေါ့ဗျာ။ နွားတွေကိုတော့ သစ်ပင်တွေနဲ့ချည်ထားလိုက်တာပေါ့။
ဒူးလေးကြီးကိုင်ထားတဲ့လူက ဒူးလေးကိုချလိုက်ပြီး
"ကျုပ်နာမည်ကတော့ မောင်စံလို့ခေါ်တယ်၊ အင်းခြေရွာက မုဆိုးပေါ့ဗျာ၊ သူ့နာမည်က လှဆွေ၊ သူကတော့ ကျော်ညွန့်တဲ့"
ဦးဘသာက ခေါင်းညိတ်ပြီးတော့
"အင်းခြေရွာဆိုတာ ကွေးကောက်အင်းရဲ့မြောက်ဘက်နားက ရွာမဟုတ်လား"
"ဟုတ်တာပေါ့ဗျာ"
"ဒါဆို ခင်ဗျားတို့က ဒီကျားအနောက်ကိုလိုက်နေကြတာလား"
ကျုပ်က ကျားလို့ပြောလိုက်တော့ မုဆိုးမောင်စံက မျက်မှောင်ကြုတ်ပြီး
"တောထဲတောင်ထဲမှာ ကျားကို ကျားလို့မခေါ်နဲ့ ငါ့ညီရေ၊ ဒီကောင်တွေကို နာမ်နှိမ်တဲ့အနေနဲ့ ဟင်းမျိုးလို့ ခေါ်ကြသကွ"
ကျုပ်လည်း ခေါင်းကုပ်ရင်း
"ကျားလို့ ဘာလို့ခေါ်မရတာလဲဗျ"
ဦးဘသာက ကျုပ်ကိုကြည့်ရင်း
"ကျားဆိုတဲ့အသံမှာ မမြင်နိုင်တဲ့စွမ်းအားတွေရှိတယ်လို့ ရှေးလူကြီးတွေက ယူဆကြတယ်ကွ၊ ပြီးတော့ ကျားကောင်ဟာလည်း တောရဲ့ဘုရင်ဖြစ်ပြီး သာမာန်တိရစ္ဆာန်တစ်ကောင်ဖြစ်ပေမယ့် ထူးခြားတဲ့အစွမ်းတွေရှိတယ်လို့ ယူဆကြတယ်၊ ဒီတော့ သူ့နာမည်မှာကိုက အစွမ်းတွေရှိနေတယ်လို့ ယူဆတယ်၊ ဒါကြောင့် တို့ယောက်ျားတွေ အားယူတဲ့အခါ "ကျား" လို့ အားယူပြီးအော်တတ်တယ်မဟုတ်လား"
မုဆိုးမောင်စံက ခေါင်းညိတ်ရင်း
"ဒီက ဦးလေးပြောတာမှန်တယ်ကွ၊ တို့မုဆိုးအယူအဆကတော့ တောထဲမှာ ကျားလို့ပြောရင် အဲဒီကျားက သူ့ကိုဘယ်နေရာကနေခေါ်တယ်၊ ဘယ်သူကခေါ်တယ်ဆိုတာကို ကြားရတတ်တယ်ဆိုပဲ၊ ဒါကြောင့် ဒီကောင်တွေကို နာမ်နှိမ်ရာလဲရောက်၊ သူတို့က ကိုယ်ပြောတာကိုမကြားရအောင်လို့ ဟင်းမျိုး၊ ဟင်းကောင်ဆိုပြီးတော့ အမည်လွှဲပြီးပြောကြတာ"
ကျုပ်လည်း ခေါင်းညိတ်ရင်း
"ဒါဆို အဲဒီကျား . . . အဲမေ့လို့၊ ဟင်းမျိုးကြီးက ဘယ်ကနေရောက်လာတာလဲဗျာ"
"ပြောရရင်တော့ ရှည်တယ်ကွ၊ ဒီဟင်းမျိုးကြီး ဘယ်ကရောက်လာမှန်းတော့ ငါတို့လည်းသေသေချာချာမသိဘူး၊ တို့အင်းခြေရွာက လူတွေမွေးမြူထားတဲ့ နွားတွေကိုစပြီး ဆွဲနေရာကနေ စတင်တာပဲ၊ အင်းခြေမှာ နွားငါးကောင်ကိုဆွဲပြီးပြီ၊ ဒါနဲ့ ငါတို့လည်း အပြင်းအထန်လိုက်ရှာကြတော့ အင်းခြေရွာကနေ ထွက်ပြေးပြီး အခုဒီတောင်ရိုးပေါ်ကိုရောက်လာတာပဲ"
"ကျုပ်တို့နွားတစ်ကောင်လည်း ပါသွားပြီဗျ"
"စိတ်တော့မကောင်းပါဘူးကွာ၊ မင်းတို့ ဒီညတော့ ဒီမှာနားလိုက်ကြပါ၊ မိုးလင်းတော့မှ အလိုရှိရာသွားကြပေါ့"
"ကျေးဇူးတင်ပါတယ်၊ ကျုပ်နာမည် ခင်မောင်ပါ၊ ဟောဒါကတော့ ဦးဘသာလို့ခေါ်ပါတယ်"
ဦးဘသာက ခေါင်းညိတ်ပြရင်း
"ဒါနဲ့ ဒီကျားက အခုနာသွားပြီနော်၊ ငါကြားဖူးတာကတော့ ကျားနာရင်ပိုဆိုးတယ်ဆိုပဲ"
မုဆိုးမောင်စံက
"ကျုပ်လည်းသိပါတယ်၊ ဒီကောင်ကျုပ်ကိုမှတ်ထားပြီးတော့ ချောင်းနေမှာအမှန်ပဲဗျ၊ လာစမ်းပါစေဗျာ၊ ဒီကောင်သာလာလို့ကတော့ ကျုပ်သူနဲ့အသက်ချင်းလဲပစ်လိုက်မယ်"
မုဆိုးမောင်စံရဲ့သတ္တိကို ကျုပ်တော့ဖြင့် ချီးကျူးပါတယ်ဗျာ၊ ကျုပ်ဆိုရင် ကျားနဲ့တိုက်ခိုက်ဖို့မပြောနဲ့ ကျားကိုမြင်တာနဲ့တင် ကြက်သေသေပြီး ကြောက်သေးပန်းတယ်မဟုတ်လား။ ဦးဘသာက
"ကျားဟုန်တယ်ဆိုတာကတော့ လက်တွေ့ပဲဟေ့၊ ငါတောင်မှ ကျားမှန်းသိပေမယ့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်သွားသကွ၊ ဟား၊ ဟား"
ဦးဘသာက ရယ်နိုင်သေးတယ်ဗျာ၊ ကျုပ်လည်း သေးစိုသွားတဲ့ပုဆိုးကို လဲဝတ်လိုက်ရတာပေါ့၊
ကိုလှဆွေက ထမင်းအိုးတစ်အိုးတည်တယ်ဗျ၊ ကိုလှဆွေက ပိန်ပိန်ပါးပါး၊ အရပ်ပုပုနဲ့လူဗျ၊ သူလည်း အင်းခြေရွာသားပဲဗျ၊ မကြောက်တတ်လို့ ကျားအနောက်ကိုလိုက်ခဲ့တာတဲ့ဗျာ၊ နောက်တစ်ယောက်ကတော့ ကိုကျော်ညွန့်တဲ့ဗျ၊ သူကတော့ ထောင်ထောင်မောင်းမောင်း၊ ဗလကောင်းကောင်းနဲ့ပဲ၊ အင်းခြေရွာက နွားပိုင်ရှင်တဲ့ဗျာ၊ သူ့နွားသုံးကောင် ကျားဆွဲခံံရလို့ ကျားကိုသတ်မယ်ဆိုပြီး လိုက်နေတဲ့လူဗျ။ မုဆိုးမောင်စံကတော့ ဗလတောင့်တောင့်ပဲ၊ တစ်ကိုယ်လုံးလည်း ဆေးမင်ကြောင်တွေနဲ့ဗျ၊ သူ့ဒူးလေးကြီးတင် တော်တော်ကြီးတယ်ဗျာ။ ခေါင်းမှာလည်း သျှောင်ထုံးခပ်သေးသေးတစ်ထုံး ထုံးထားသေးတယ်။ အဲဒီညက ကျုပ်တို့ခရီးမဆက်တော့ဘဲ မုဆိုးမောင်စံတို့ရဲ့ စခန်းမှာပဲ နားနေလိုက်ရတယ်၊ အင်းခြေရွာက ကျားသောင်းကျန်းပုံတွေကို ကိုကျော်ညွန့်က ပြန်ပြောပြတာပေါ့ဗျာ။
"တို့ရွာမှာ အစကတော့ ဟင်းမျိုးဆိုတာ ကြားတောင်မကြားဖူးဘူးကွ၊ စာပေတွေဘာတွေထဲမှာလောက်ပဲ ဖတ်ဖူးတာ၊ တစ်ညတော့ ထူးဆန်းတဲ့အသံကြားရတယ်ကွ၊ အဲဒီအသံကို ရွာထဲကလူတွေကတော့ ကျားတစ်တဲ့အသံလို့ပြောတယ်၊ ဒါပေမယ့် မင်းပဲစဉ်းစားကြည့်ကွာ၊ တို့ဘက်မှာ ဟင်းမျိုးဆိုတာ ရှိမှမရှိတာကွ၊ ငါလည်းမယုံဘူးပေါ့ကွာ"
လက်ဖက်ခြောက် သုံးလေးရွက်ခတ်ထားတဲ့ မြေရေနွေးကရားအိုးထဲက ရေကသိပ်သောက်ကောင်းတာပဲဗျာ၊ ကျုပ်တို့လည်း ကိုကျော်ညွန့်ပြောတာကို ရေနွေးသောက်ရင်း နားထောင်ကြတာပေါ့။
"အဲဒီနေ့က ငါ့သားနွားကျောင်းမလိုက်နိုင်ဘူးကွ၊ ဒါနဲ့ ငါပဲနွားတွေကျောင်းရင်း နေ့လည်နေပူလာတာနဲ့ နွားတွေအရိပ်ရအောင် စားကျက်ထဲကနေ တောထဲမောင်းသွင်းခဲ့တာပေါ့ကွာ၊ တောထဲရောက်တော့ နွားတွေက နှာတွေမှုတ်ပြီး ပေကပ်ကပ်ဖြစ်ကုန်တယ်ကွ၊ ပြီးတော့ ချုံထဲကနေ ဟင်းမျိုးကြီး ခုန်ထွက်လာတာပဲကွာ၊ ငါလည်း မင်းဖြစ်သလို တောင့်တောင့်ကြီးဖြစ်နေပါရော၊ ဟင်းမျိုးက ငါ့ရှေ့မှာတင်ပဲ ငါ့နွားအုပ်က နွားကိုချီပြီး ပြေးတာ မြန်လိုက်တာကွာ၊ ဒီတော့မှ ရွာကလူတွေလည်း ဟင်းမျိုးရှိတာ ယုံသွားကြတာပဲ"
"ဒါဆို နောက်ထပ်နွားတွေကရောဗျာ၊ ဘယ်လိုလုပ်ပြီး ပါသွားတာလဲ"
"ဟင်းမျိုးရှိတာသိတာနဲ့ တို့ရွာကလူတွေ ကြောက်လန့်ပြီး နွားတွေမထုတ်ကြတော့ဘူးကွ၊ ကိုယ့်အိမ်၊ ကိုယ့်ခြံထဲမှာပဲ ထားကြတော့တာ၊ အဲဒီနေ့ကလည်း ဖြစ်ချင်တော့ ငါ့မိန်းမက စပါးကုန်လို့ ဆန်ဖွပ်မယ်ဆိုပြီး စပါးကျီသွားဖွင့်တော့ စပါးကျီထဲမှာ ဟင်းမျိုးရောက်နေတာတဲ့ကွာ၊ ဘယ်လိုရောက်နေသလဲတော့ မပြောတတ်ဘူး၊ ဟင်းမျိုးက ငါ့မိန်းမကိုလည်းမြင်ရော ကျီထဲကခုန်ထွက်ပြီး တင်းကုတ်မှာချည်ထားတဲ့ နွားတစ်ကောင်ကိုချီပြီး ပြေးပါရော"
"ဟာဗျာ၊ ထူးဆန်းလိုက်တာ၊ ဟင်းမျိုးကဘယ်လိုလုပ်ပြီးတော့များ ခြံဝိုင်းထဲရောက်လာပါလိမ့်ဗျာ၊ တော်သေးတာပေါ့ ခင်ဗျားမိန်းမကို မကိုက်သွားလို့"
"အဲဒါပြောတာပေါ့ကွာ၊ ငါလည်း တော်တော်ဒေါသထွက်သွားတာကွ၊ ဒါနဲ့ပဲ မုဆိုးမောင်စံနဲ့ပူးပေါင်းမိတာပဲ၊ နောက်နွားတစ်ကောင်ကို တည်ကြက်လုပ်ပြီးတော့ မုဆိုးမောင်စံက ဟင်းမျိုးကိုမျှားခေါ်ပြီး လင့်စောင့်ပစ်တာပေါ့ကွာ"
"စောင့်ပစ်တော့ မမိဘူးလားဗျ"
မုဆိုးမောင်စံက
"မမိလို့ ဟင်းမျိုးက ဒီအထိရောက်လာတာပေါ့ကွ၊ ငါလည်း မုဆိုးအစဉ်အဆက် သင်ကြားခဲ့တဲ့ပညာတွေနဲ့ ဒီဟင်းမျိုးကိုရအောင်ထောင်ဖမ်းတာပဲကွ၊ ခက်တာက ဒီဟင်းမျိုးက ငါတို့ကြားဖူးနားဝရှိခဲ့တဲ့ ဟင်းမျိုးတွေနဲ့မတူဘူးကွ၊ သိပ်ပြီး ဉာဏ်ပြေးတဲ့ကောင်ကွာ၊ တို့တွေစောင့်ဖမ်းပြီး ပေါ်မလာ၊ ပေါ်မလာနဲ့ တစ်ညသာကုန်သွားတယ်ကွ၊ ဒါနဲ့စိတ်ဓါတ်ကျပြီး မနက်ရောက်တော့ နွားကိုဖြုတ်ပြီး ပြန်ဆွဲအလာမှာ လမ်းမှာစောင့်ပြီး ဆွဲတာပဲ"
"ဟင်းမျိုးက လည်သားဗျ"
"ဒါကြောင့် ထူးဆန်းတယ်ပြောတာကွ၊ ဒီဟင်းမျိုးက တခြားဟင်းမျိုးတွေနဲ့မတူဘူးကွ၊ အမဲလိုက်ထွက်တာကလည်း နေ့ခင်းကြီးဖြစ်ရင်လည်း ဖြစ်နေတတ်တယ်၊ ဟင်းမျိုးဆိုတာ ငါတို့ကြားဖူးသလောက်တော့ နေ့ခင်းမှအပြင်မထွက်ဘဲကွ"
"ဟာ၊ ဒါဆို အခုလည်း ကျုပ်တို့ဆီကိုရောက်လာအံံုံးမယ်ထင်တယ်ဗျ"
"မပူပါနဲ့ကွာ၊ ဒီကောင်ဒီညတော့မလာပါဘူး၊ ငါ့အထင်တော့ ဒီကောင်ငါတို့လက်က ဆက်ပြေးမယ်ထင်တာပဲ"
ဒါနဲ့ပဲ ကျုပ်တို့ညအိပ်ဖို့ပြင်ကြတာပေါ့ဗျာ၊ ဦးဘသာနဲ့ကျုပ်နဲ့ ကျောချင်းကပ်ပြီးတော့ ကျောက်တုံးတစ်တးပေါ်မှာအိပ်ကြတယ်၊ ဦးဘသာက မအိပ်ခင် ကျုပ်တိုခပ်တိုးတိုးကပ်ပြောတယ်။
"အလတ်ကောင်ရေ၊ ဒီဟင်းမျိုးကတော့ ထူးခြားနေပြီကွ"
"ဟုတ်ပါရဲ့ဗျာ"
"ငါပြောချင်တာက သာမန်သွေးရိုးသားရိုးမဟုတ်ဘူးကွ"
"ဗျာ၊ ဒါဆိုဘယ်လိုဖြစ်နိုင်သလဲဗျ"
"မင်း ဗျဂ္ဃကြီးတို့ ဘာတို့ တွေ့ဖူးတယ်မဟုတ်လား၊ ဒီတော့ င့ါအထင် ဒီဟင်းမျိုးကလည်း တိရစ္ဆာန်ဟင်းမျိုးဖြစ်ဟန်မတူဘူးကွ၊ လူတစ်ယောက်ယောက်များ ပညာနဲ့လုပ်ကြံဖန်တီးထားတာလားလို့"
"ဟာ၊ ဒါဆို လူကနေကျားဖြစ်တဲ့ သမန်းကျားလိုများလား"
"သမန်းကျားမရှိဘူးလို့တော့ တပ်အပ်မပြောချင်ပါဘူးကွာ၊ ဒါပေမယ့် ရှားတယ်ကွ"
"ဦးဘသာက ဘယ်လိုထင်လို့လဲ"
"သမန်းကျားဆိုတာက ဟိုးစစ်ကိုင်းတိုင်းအထက်၊ ချင်းနဲ့ကချင်စပ်တဲ့နေရာက ထမန်း လူမျိုးတွေပဲ တတ်တဲ့လှို့ဝှက်တဲ့ပညာရပ်တစ်ခုကွ၊ ထမန်းလူမျိုးက ရာဂဏန်းလောက်ပဲကျန်တော့တယ်၊ လှို့ဝှက်တဲ့ပညာရပ်ဆိုတော့ လူတိုင်းတောင်မတတ်ကြဘူး၊ လူစင်စစ်ကနေ ကျားဖြစ်ဖို့ကို အဆင့်ဆင့်လေ့ကျင့်ရသတဲ့ကွ၊ မှော်ကျင့်စဉ်တစ်ခုလိုပေါ့ကွာ၊ ထမန်းတွေက သစ်ပင်ကိုခြေဆင်းပြီးထိုင်လိုက်တာနဲ့ ကျားအဖြစ်ပြောင်းသွားသတဲ့၊ ဒါ့ကြောင့် ဒီကျားတွေကို ထမန်းကျားလို့ခေါ်တယ်၊ ထမန်းကိုခေါ်ရင်း ခေါ်ရင်း သမန်းကျားဆိုပြီးဖြစ်သွားတာပေါ့ကွာ"
"ဟာ၊ ဒါဆို သမန်းကျားက တကယ်ရှိတာပေါ့"
"ဒါပေါ့ကွ၊ အရင်က ချင်းတွင်းခရိုင်ဝန်ဖြစ်ခဲ့တဲ့ မစ္စတာဂရန့်ဘရောင်းဆိုတဲ့လူက သူတကယ်တွေ့ကြံုံခဲ့ရတာကို စာအုပ်ရေးသားထုတ်ဝေခဲ့လို့ အနောက်တိုင်းမှာ ဟိုးလေးတကြော်ဖြစ်ခဲ့ရသေးတယ်ဆိုပဲ၊ ထမန်းလူမျိုးတစ်ယောက်က လူစင်စစ်ကနေ ကျားအဖြစ်ပြောင်းပြီး လက်စားချေခဲ့တာကို စစ်ဆေးရင်း အဲဒီလူက သူ့ကိုယ်သူကျားအဖြစ် ပြောင်းပြခဲ့တယ်ဆိုပဲကွ"
"ဒါဆို အခုတွေ့နေတာကရော သမန်းကျားလိုပဲပေါ့"
"ထမန်းလူမျိုးတွေက အခုဆိုရင် သိပ်တောင်ကျန်မယ်မထင်တော့ဘူးကွ၊ ပြီးတော့ တို့ဖက်နဲ့လည်း ဝေးတယ်မဟုတ်လား၊ ငါထင်တာကတော့ မှော်ပညာနဲ့လုပ်ထားတဲ့၊ မှော်ကျားများလား၊ ဒါမှမဟုတ် နတ်ကျားရဲများလား၊ တစ်ခုခုတော့ တစ်ခုခုပဲ"
"ဒါဆို ဦးဘသာဘာဆက်လုပ်မလဲဗျာ"
"မောင်စံတို့ကို ဆက်လွှတ်ထားရင် ကြာလာရင် သူတို့ဒုက္ခဖြစ်မှာစိုးရိမ်ရတယ်ကွ၊ ဒီတော့ ဒီကိစ္စမှာ ငါဝင်ပါရလိမ့်မယ်"
"ဟုတ်မှလည်းလုပ်ပါ ဦးဘသာရာ၊ ခုနကတောင်မှ ဟင်းမျိုးတွေ့ပြီးတော့ ဦးဘသာကြီး မလှုပ်နိုင်ဘူးမဟုတ်လား"
"အေး၊ အဲဒီကတည်းက ငါထင်ခဲ့တာပဲကွ၊ ဒီဟင်းမျိုးဆင်းလာကတည်းက ငါ့စိတ်ထဲမှာ ထူးခြားတဲ့မှော်ပညာတစ်ခုခုကို ခံစားမိတာပဲ၊ မသေချာသေးလို့ မပြောသေးတာ၊ ခုနက မောင်စံတို့ပြောတာ နားထောင်ပြီးတော့မှ ဒီဟင်းမျိုးက သာမန်မဖြစ်နိုင်ဘူးလို့ သိလိုက်တာပဲ၊ တို့တွေ မနက်ကျရင် ခရီးမဆက်သေးဘူးကွာ၊ မောင်စံတို့ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်ကြတာပေါ့"
ကျုပ်လည်း ခေါင်းညိတ်လိုက်တယ်၊ အဲဒီညက အိပ်တယ်ဆိုပေမယ့် အိပ်လို့တောင်မပျော်ပါဘူးဗျ၊ မှေးခနဲအိပ်ပျော်သွားလိုက်ရင် ညနေကတွေ့ခဲ့တဲ့ ကျားမျက်လုံးဝါဝါကြီးတွေကို ပြန်မြင်လာတာပဲ၊ ဒါနဲ့ ကောင်းကောင်းအိပ်မပျော်ပါဘူးဗျာ၊ မနက်မိုးသောက်ခါနီးတော့ အသံတစ်ခုကိုကြားတယ်ဗျ။
"ထရိန်၊ ထရိန်" ဆိုတဲ့အသံက တောင်နံရံံတွေကြားထဲမှာ ပဲ့တင်ထပ်နေတယ်၊ ဒီအသံကြားတာနဲ့ မုဆိုးမောင်စံံက သူ့ဒူးလေးကြီးကိုယူလိုက်ပြီးတော့ ဒူးလေးကိုခြေတစ်ဖက်နဲ့နင်းပြီး အားနဲ့ဆွဲယူတင်တယ်၊ ပြီးတော့ မြှားတံထည့်ပြီး အသင့်ပြင်ထားတာပဲ၊ ဘေးနားကကိုလှဆွေနဲ့ ကိုကျော်ညွန့်တို့လည်း ငုတ်တုတ်ကောက်ထိုင်လိုက်ပြီးတော့ လှံတွေကိုင်လိုက်ကြတယ်။
"အဲဒါ ဘာသံံလဲဗျ"
"ကျားတစ်တယ်ဆိုတာ အဲဒီအသံပဲဗျ"
"ထရိန်၊ ထရိန်နဲ့အသံလား၊ ကျုပ်ဖြင့် အဲဒါငှက်တစ်မျိုးအော်တယ်လို့ ထင်နေတာဗျ"
ဦးဘသာလည်း ငုတ်တုတ်ကောက်ထိုင်ပြီး
"လူမရဲရင်ဟစ်၊ ကျားမရဲရင် တစ်တဲ့ကွ၊ ဒီအတိုင်းဆိုရင် ဒီဟင်းမျိုးက ငါတို့ကိုတိုက်ခိုက်ဖို့ မရဲဝံံ့တဲ့ပုံပဲ၊ မောင်စံထင်သလို တောပြောင်းပြေးတော့မှာများလား"
မောင်စံက ခေါင်းညိတ်ရင်း
"ဖြစ်နိုင်တယ်ဦးလေး၊ ကဲ ဦးလေးတို့လည်း သွားစရာရှိတာသွားကြတော့၊ အသံက ဟိုဖက်တောင်ကြောပေါ်ကလာတာဆိုတော့ ကျုပ်တို့လည်း ဒီကောင့်အနောက် လိုက်အုံးမယ်ဗျာ"
ကျုပ်လည်း မောင်စံတို့နဲ့လိုက်မယ်လို့ပြောချင်ပေမယ့် ဘာကြောင့်မှန်းမသိဘဲ ဦးဘသာက ကျုပ်လက်ကိုပုတ်ပြီးတားတယ်ဗျ၊ ဒါနဲ့ကျုပ်လည်း ရပ်လိုက်ရတာပေါ့ဗျာ၊ မောင်စံတို့သုံးယောက်က အိုးတွေခွက်တွေသိမ်းဆည်းပြီး ဂုန်နီအိတ်တွေလွယ်ပြီးတော့ ကျားသံကြားတဲ့အနောက်ကို လိုက်သွားတော့တာပဲဗျာ၊ ကျုပ်နဲ့ဦးဘသာပဲ ကျန်ခဲ့တော့တာပေါ့ဗျ။
(၃)
"ဦးဘသာ၊ ကျုပ်တို့ဘယ်လိုဆက်လုပ်မလဲ"
"မပူပါနဲ့ကွာ၊ တို့မှာနွားတွေရှိသားပဲ အဲဒီကျား ငါတို့ဆီကိုလာလိမ့်မယ်"
"ဟာဗျာ၊ ဦးဘသာကလည်း မုဆိုးမောင်စံကပြောဖူးတယ်မဟုတ်လား၊ ကျားကို ကျားလို့မခေါ်ပါနဲ့ဆို"
"ဟ အလတ်ကောင်ရ၊ ငါတို့က ကျားရန်ကကြောက်လို့မှ မဟုတ်တာပဲကွ၊ ကျားကို ငါတို့ဆီလာစေချင်တာပဲမဟုတ်လား၊ ပြောတော့ဘာဖြစ်လဲ၊ ကျားရေ၊ ဟေ့ကျား၊ တို့ဆီလာခဲ့ပါကွ၊ ဒီမှာနွားကိုးကောင်တောင်ရှိသေးသကွ"
ဦးဘသာက ရယ်ကျဲကျဲနဲ့ပြောတယ်၊ ကျုပ်လည်း ဦးဘသာရှိလို့သာမကြောက်တာ စိတ်ထဲခပ်လန့်လန့်ပဲဗျို့၊ ဒါနဲ့ ကျုပ်တို့လည်း လမ်းအတိုင်းဆက်လိုက်လာခဲ့တာပေါ့ဗျာ၊ တောင်တစ်ဝက်လောက်ရောက်တော့ ရွှေတဆင်ရိုးက ကောသွားပြီးတော့ ကျောက်သားထူထူနဲ့ လှည်းလမ်းပဲကျန်ရစ်တော့တာ၊ သစ်ပင်တစ်ပင်နားရောက်တော့ လူတစ်ရပ်အမြင့်လောက်နေရာမှာ ပျဉ်ပြားတစ်ပြားချိတ်ဆွဲထားသဗျ၊ ပျဉ်ပြားမှာတော့ ပေတောရွာသို့ဆိုပြီး ထုံးဖြူနဲ့ မညီမညာရေးထားတာတွေ့တော့ ကျုပ်တို့လာတဲ့လမ်း မှန်နေပြီဆိုပြီး တွေးမိတာပေါ့ဗျာ။
အရှေ့ကိုသာလျှောက်နေရတယ်၊ ကျုပ်ဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ကျီးကန်းတောင်းမှောက်လိုက်ကြည့်နေရတယ်ဗျာ၊ မကြာပါဘူး၊ ကျုပ်တို့ဘေးနားက တောင်ကမူလေးတစ်ခုပေါ်မှာ ခြေသံကြားတယ်ဗျ၊ သစ်ရွက်ခြောက်တွေနင်းတဲ့အသံပဲ၊ ကျုပ်ဖြတ်ခနဲလှည့််ကြည့်လိုက်တော့ ဘာမှမရှိဘူးဗျ၊ ဒါပေမယ့် နွားတွေကတော့ ရှူးရှူးရှဲရှဲဖြစ်လာတယ်။ သူတို့သဘာဝအရ ကျားလာပြီဆိုတာ သိတဲ့ပုံပါပဲဗျာ။
"ဦးဘသာရေ ကျားကြီးလာပြီဗျ"
ကျုပ်ပြောလို့မှ မဆုံးသေးဘူးဗျာ၊ ကျားက ကျုပ်ရဲ့တစ်ဖက်ကနေ လွှားခနဲခုန်ချလာပြီးတော့ ကျုပ်တို့မောင်းလာတဲ့ နွားတွေဆီကိုခုန်ဝင်လိုက်တာပဲ၊ နွားတစ်ကောင်ရဲ့နောက်ခြေကို ကိုက်ခဲဖို့ပြင်တော့ ဦးဘသာက ကျားကိုလက်ညှိုးထိုးလိုက်တယ်။
"ဟေ့ကျားရပ်လိုက်စမ်း"
ကျားက အနောက်ကိုခုန်ဆုတ်သွားတယ်ဗျ၊ ပြီးတော့ ဦးဘသာကိုကြည့်ပြီး ဟိန်းဟောက်တယ်၊ ကျားဟိန်းသံကြီးက တောကြီးတစ်ခွင် ဟိန်းထွက်သွားတာပေါ့ဗျာ၊ ကျားက ကျုပ်တို့ကြောက်သွားအောင်ဆိုပြီး ဟိန်းလိုက်တယ်ထင်ပါတယ်၊ ဦးဘသာက မဖြုံတဲ့အပြင် ကျားကိုလက်ညှိုးထိုးပြီးတော့ စက်တွေလှမ်းပစ်တယ်ဗျ၊ ကျားကလည်း တော်တော်လျှင်မြန်တာပဲဗျာ၊ ကျွမ်းထိုးပြီးရှောင်တာများ ကြောင်အတိုင်းပဲ၊ နောက်တော့ ခပ်လှမ်းလှမ်းကိုခုန်ဆင်းလိုက်ပြီးတော့
"နင်တို့မသေချင်ရင် အခုထွက်သွားကြ"
ကျားက လူစကားပြောတာဗျ၊ ပြောတာမှ မိန်းကလေးအသံလို စူးရှရှဗျ၊ ဦးဘသာက ခါးထောက်ပြီး
"အောင်မယ်၊ နင်ကများငါ့ကိုစိန်ခေါ်နေသေးတယ်၊ နင်လုပ်ရဲရင် လုပ်လိုက်စမ်း"
ကျားက ဦးဘသာကို လှမ်းခုန်အုပ်တယ်ဗျ၊ လက်သည်းကြီးတွေကလည်း တော်တော်ထက်တာပဲဗျာ၊ ဦးဘသာအပေါ်ကိုလှမ်းအခုန်မှာ ဦးဘသာက ဖြတ်ခနဲပျောက်သွားတာပဲ၊ ကျားက ဘာမှမရှိတဲ့ မြေကြီးပေါ်ကိုကျတာပေါ့ဗျာ၊ ဦးဘသာက အဲဒီနေရာနဲ့ လေးငါးပေလောက်အကွာ သစ်ပင်တစ်ပင်အနားမှာသွားပေါ်တယ်ဗျ။
"ဟား၊ ဟား ကျားတဲ့ နှေးလိုက်တဲ့ကျား"
ကျားကစိတ်တိုသွားပြီးတော့ လွှားခနဲလှမ်းခုန်ပြန်တယ်ဗျာ၊ ဦးဘသာကို ဘယ်ဖက်လက်သည်းနဲ့လှမ်းကုပ်ပါရော၊ ဦးဘသာက ဖြတ်ခနဲပျောက်သွားတော့ အနောက်ကသစ်ပင်ကိုကုပ်မိတယ်ဗျာ၊ လူကြီးပေါင်လုံးလောက်ရှိတဲ့ သစ်ပင်ကြီးကို ကျားကကုတ်မိပြီးတော့ သစ်ပင်အခေါက်တွေက ဖွာထွက်ကုန်တယ်ဗျ၊ သစ်ပင်မှာလည်း ကျားလက်သည်းရာကြီး ကျန်ခဲ့တာပေါ့။
"အလကားကျား၊ နင်က ကျားတော့ကျားပဲ၊ ဒါပေမယ့် ဖွတ်ကျား"
ဦးဘသာက ကျားအမြီးအနားမှာပေါ်တယ်ဗျ၊ ကျားက စွေ့ခနဲလှည့်ပြီး လက်နဲ့လှမ်းပုတ်ထည့်လိုက်တာ၊ မြန်ချက်ကတော့ လက်လန်တယ်ဗျာ၊ ကျုပ်တော့ ဦးဘသာရှောင်နိုင်မှာမဟုတ်ဘူးလို့ထင်ပြီး ရင်ထဲဟာခနဲဖြစ်သွားတာ၊ ဦးဘသာကပျောက်သွားပြီးတော့ ခပ်လှမ်းလှမ်းမှာ သွားပြန်ပေါ်ပါရော၊ ကျားကြီးက ဦးဘသာကိုမကြည့်တော့ဘဲ သူ့အရှေ့နားမှာ မတ်တပ်ကြီးရပ်နေတဲ့ ကျုပ်ကိုမျက်လုံးဝါဝါကြီးတွေနဲ့ စိုက်ကြည့်လိုက်တယ်၊ ကျုပ်လည်း ပြေးရမယ်ဆိုတာ သိလိုက်ပြီဗျ၊ ကျားက ဦးဘသာကိုမနိုင်တော့ ကျုပ်ဘက်ကိုလှည့်လာပြီပေါ့၊ ကျုပ်လည်း လှည့်ပြေးဖို့လုပ်ပေမယ့် ခြေထောက်တွေက မြေကြီးနဲ့ကပ်နေသဗျ၊ ကြွလို့ကိုမရဘူး၊ ကျားကြီးက ကိုယ်ကိုတစ်ချက်ဝပ်လိုက်ပြီးတော့ ကျုပ်အပေါ်ကို လွှားခနဲခုန်အုပ်ပါရောဗျာ၊
သူ့လက်သည်းကြီးတွေဆိုရင် နေရောင်အောက်မှာ ဝင်းလက်နေပါရော၊ ကျားကြီးက ကျုပ်ခေါင်းကို သူ့လက်နဲ့ပုတ်ချလိုက်တယ်၊ ဒါပေမယ့် ကျုပ်ဆံပင်ကိုထိတယ်ဆိုရင်ပဲ လေထဲမှာတန်းလန်းကြီးရပ်သွားတယ်ဗျ၊ ခြေကားယား လက်ကားယားကြီးနဲ့ လေပေါ်မှာတန့်နေတာ၊ ဦးဘသာက ကျုပ်အနားကိုဆင်းလာပြီးတော့ ရယ်တော့တာပဲဗျာ။
"ဟား၊ ဟား နင့်လောက်ကတော့ ငါလည်တာပေါ့ ကျားမရဲ့၊ နင်ငါ့ကိုမနိုင်ရင် သူ့ဘက်လှည့်မယ်ဆိုတာ ငါကကြိုတင်သိပြီးသား"
ကျားမတဲ့ဗျာ၊ ကျုပ်လည်းအခုမှ သေချာကြည့်တော့ သိုမပါတဲ့ကျားကြီးဗျ၊ ကျားမက ရပ်နေပေမယ့် မျက်လုံးကြီးတွေကတော့ လှုပ်နေသား၊ ကျုပ်ဖြင့် ကြောက်ကြောက်နဲ့အနောက်ဆုတ်လိုက်တယ်။
"မထိတ်သာမလန့်သာရှိလိုက်တာ ဦးဘသာရာ၊ ဒီလက်သည်းကြီးတွေနဲ့ ကျုပ်ခေါင်းကိုပုတ်မိလို့ကတော့ ကျုပ်ဖြင့် ဦးနှောက်တွေ အထွေးလိုက်ထွက်သွားမှာဗျ"
"မပူပါနဲ့အလတ်ကောင်ရ၊ သူမင်းကိုထိလို့မရပါဘူး၊ မင်းရဲ့အသားကိုမပြောနဲ့ မင်းကိုယ်က ဆံချည်တစ်မျှင်တောင်မှ ထိလို့မရပါဘူး၊ ထိတာနဲ့ ဘာဖြစ်သွားတယ်ဆိုတာ မင်းမြင်တယ်မဟုတ်လား"
ဒါပေမယ့် ကျုပ်ရင်တွေကတော့ တဒိန်းဒိန်းခုန်နေဆဲပေါ့ဗျာ၊ ဦးဘသာက ကျားမရဲ့မျက်နှာအနားကပ်ပြီးတော့ ကျားမရဲ့နဖူးကိုလက်ညှိုးနဲ့ထောက်ပြီး
"ဟဲ့ ကျားမ၊ နင့်ရဲ့ပုံစံအမှန်ကိုပြဟဲ့"
အဲဒီလိုပြောလိုက်တာနဲ့ ကျားမက အဝတ်အစားမပါတဲ့ မိန်းမတစ်ယောက်ဖြစ်သွားတာပဲဗျာ၊ အသက်က သုံးဆယ်လောက်ပဲထင်တယ်၊ ရှမ်းမလိုလို၊ ကချင်မလိုလိုမိန်းကလေးဗျ၊ အသားက ခပ်ဖြူဖြူပဲ၊ မျက်နှာပေါက်ကလည်း တိုင်းရင်းသားလို မျက်နှာပေါက်ပဲ၊ သူ့ကျောကုန်းမှာတော့ ကျားသားရေတစ်ခုကို စူပါမင်းဝတ်ရုံလိုလည်ပင်းမှာပတ်ထားတယ်ဗျ။ ကျုပ်ဖြင့် သူ့ကိုကြည့်ပြီးရှက်သွားတာပဲဗျာ၊ ဦးဘသာလည်း မိန်းကလေးမြင်တော့ စိတ်လျော့လိုက်ပြီးတော့ နဖူးကိုလက်ညှိုးနဲ့တောက်လိုက်တာနဲ့ အဲဒီမိန်းကလေးက မြေပေါ်ကိုဖုန်းခနဲပြုတ်ကျလာတာပဲဗျာ၊ အောက်ရောက်တော့ ကျားသားရေကိုဆွဲယူပြီး သူ့ကိုယ်ကိုဖုံးထားတယ်။
"ပြောစမ်း မိန်းကလေး၊ မင်းဘာကြောင့် နွားတွေခိုးစားနေရတာလဲ"
"ကျုပ်အကြောင်းနဲ့ကျုပ် ရှိလို့ပေါ့တော်"
"အောင်မယ်၊ ငါ့ကိုများ လေသံမာမာနဲ့ပြောနေသေးတယ်"
ဦးဘသာက လက်ဖြောက်တီးလိုက်တော့ အဲဒီမိန်းကလေးက နားနှစ်ဖက်ကိုလက်နဲ့ပိတ်ပြီး မြေကြီးမှာလူးလွန့်နေတာပဲဗျာ၊ တော်တော်ခေါင်းကိုက်နေတဲ့ပုံစံပဲဗျ၊ နောက်တော့မှ
"တော်ပါတော့၊ တော်ပါတော့ရှင်၊ ကျွန်မကိုလွှတ်ပေးပါတော့"
"ဒါဆို နင့်အတတ်ကိုနင်ဆင်ခြင်၊ နောက်ဆို ကျားပုံစံပြောင်းပြီး နွားတွေကိုခိုးစားနေအုံးမလား"
"မရလို့ပါရှင်၊ ကျုပ်အတွက် နွားတွေလိုအပ်လို့ပါ"
"အောင်မယ်၊ ပြောနေတာတောင်မှ ခေါင်းမာနေသေးတယ်၊ ငါလုပ်လိုက်ရ"
မိန်းကလေးက ဦးဘသာကို ကန်တော့ရင်း ငိုတော့တာပဲဗျာ၊ ကျုပ်တောင်မှ သနားသွားသေးတယ်၊ အဝတ်အစားမဲ့ဖြစ်နေတဲ့မိန်းကလေးကို ကျုပ်အိတ်ထဲက ပုဆိုးတစ်ထည်ထုတ်ပြီးတော့ ပြေးခြုံပေးလိုက်တာပေါ့ဗျာ။
"တော်ပါတော့ ဦးဘသာရာ၊ သူ့ကိုမနှိပ်စက်ပါနဲ့တော့"
"ဟ၊ မနှိပ်စက်လို့ရမလားကွ၊ သူက တို့နွားတစ်ကောင်ကို စားထားတာကွ၊ အခုလည်း ဒီလောက်ပြောဆိုနေတာတောင်မှ ခေါင်းမာနေသေးတယ်"
ကျုပ်က မိန်းကလေးကိုကြည့်လိုက်ရင်း
"ဟေ့၊ ခင်ဗျားလည်းတော်တော့လေဗျာ၊ ခင်ဗျား အင်းခြေရွာမှာ နွားသုံးကောင်စားပြီးပြီမဟုတ်လား၊ မနေ့ကလည်း ကျုပ်တို့နွားတစ်ကောင်ကို စားပြီးပြီ၊ ခင်ဗျားတော်တော်အစားပက်စက်တဲ့ လူပဲ၊ တောင်းပန်လိုက်၊ ဦးဘသာကိုတောင်းပန်ပြီး၊ နောက်မလုပ်တော့ပါဘူးလို့ ကတိပေးလိုက်ဗျာ"
မိန်းကလေးက ခေါင်းခါတယ်။
"တွေ့လားအလတ်ကောင်၊ ဒီကောင်မလေးက ခေါင်းသိပ်မာတာပဲကွာ၊ ကဲ နင်ဆက်ပြီးခေါင်းမာနေမယ်ဆိုရင် နင့်ရဲ့ပညာကြိုးတွေအကုန်လုံး ငါဖြတ်ပစ်မယ်ဟဲ့"
"ဒီလိုတော့မလုပ်ပါနဲ့ရှင်၊ ကျုပ်လုပ်နေရတာ ကျုပ်အတွက်မဟုတ်ပါဘူး"
ဦးဘသာက မျက်မှောင်ကြုတ်သွားပြီးတော့
"ဒါဆို နင့်အနောက်မှာ ဘယ်သူရှိသေးသလဲ မှန်မှန်ပြောစမ်း"
မိန်းကလေးက အတော်ကြာအောင်စဉ်းစားနေတယ်ဗျ။
"ပြောလေ၊ ကြောက်မနေနဲ့၊ တကယ်လို့ တစ်ယောက်ယောက်က နင့်ကိုခြိမ်းခြောက်ပြီးတော့ အကြပ်ကိုင်နေတယ်ဆိုရင် အဲဒီလူကိုပါ ငါရှင်းပေးမယ်"
မိန်းကလေးက ဦးဘသာစကားကိုကြားတော့ အံ့သြသွားတယ်ဗျ။
"ဘယ်လိုပြောလိုက်တာလဲ ဦးကြီး"
ဦးဘသာက အနားကိုတိုးကပ်လာရင်း
"နင်ဘာကြောင့်ဒီလိုလုပ်နေရတယ်၊ ဘာအခက်အခဲရှိသလဲဆိုတာ ငါသိချင်တယ်၊ ငါတို့က နင့်ကိုရန်ပြုချင်လို့မဟုတ်ဘူး၊ ပြော၊ နင့်ရဲ့အဖြစ်တွေကို အကုန်ပြောပြ"
မိန်းကလေးက ဘေးဘီကိုကြည့်လိုက်ရင်း
"ဒီနေရာက လမ်းဆိုတော့ ပြောလို့မသင့်ပါဘူးရှင်၊ ကျုပ်အနောက်လိုက်ခဲ့ကြပါ"
ဦးဘသာက မိန်းကလေးကိုလက်ညှိုးထိုးပြီး
"အေး၊ နင်ဉာဏ်များမယ်တော့ မကြံနဲ့နော်"
"မလုပ်ဝံ့ပါဘူးဦးကြီးရယ်၊ ခုနကတည်းက ဦးကြီးဘယ်လောက်စွမ်းတယ်ဆိုတာ ကျုပ်သိပြီးသားပါ၊ ကျုပ်မလုပ်ဝံ့ပါဘူး"
မိန်းကလေးက ထော့နဲ့ ထော့နဲ့နဲ့ တောင်ပေါ်တက်သွားတယ်ဗျ၊ ဘယ်ဘက်ခြေခုံမှာတော့ အနာပေါက်ကြီးတစ်ခုဗျ၊ ကျုပ်အထင် မနေ့က မုဆိုးမောင်စံရဲ့ ဒူးလေးမြှားဒဏ်ရာဖြစ်မယ်။ ဦးဘသာက သူ့အနောက်လိုက်သွားတာနဲ့ ကျုပ်လည်း နွားတွေကိုတစ်နေရာမှာချည်ခဲ့ပြီးတော့ သူတို့အနောက်ပြေးလိုက်ခဲ့တာပဲဗျာ၊ တောင်ကိုတက်ရင်း တောင်ကမက်စောက်သွားတယ်ဗျ၊ နောက်တော့ တောင်ချိုင့်ကြားတစ်ခုကိုဆင်းသွားတယ်၊ အဲဒီနေရာမှာ တောင်ကနှစ်ခြမ်းကွဲပြီး ပက်ကြားအက်သလိုဖြစ်နေတာဗျ၊ မတ်တာလည်း တော်တော်မတ်တယ်၊ ကျုပ်တို့တောင်မနည်း ကုပ်ဖက်ပြီးဆင်းရတယ်၊ သာမန်လူဆိုရင်တော့ ဒီတောင်ချိုင့်ကြားကို ဆင်းမယ့်ပုံမပေါ်ဘူးဗျ၊ အောက်ရောက်တော့ ဂူပေါက်ဝတစ်ခုကိုမြင်တွေ့လိုက်ရပါရောဗျာ။
"ဒါနင် နေတဲ့နေရာလား"
မိန်းကလေးက ခေါင်းညိတ်ပြီးတော့ အထဲကိုဝင်ဖို့လုပ်တယ်၊ ဂူပေါက်ဝအနားရောက်တာနဲ့
"အနု၊ အနု ပြန်လာတာလား"
အထဲက ကလေးတစ်ယောက် အသံကြားရတယ်ဗျ၊ ပြီးတော့ ကလေးက ဂူထဲကနေ ဖင်တရွတ်ဆွဲပြီးထွက်လာတာပဲဗျာ။ ကျုပ်ဖြင့် ဒီကောင်လေးကိုမြင်တော့ စိတ်မကောင်းဖြစ်သွားတာ၊ ကောင်လေးက ပိန်ပိန်လှီလှီကလေးနဲ့ ခြေထောက်အောက်ပိုင်းနှစ်ချောင်းက လိမ်ကျစ်ပြီး ကောက်ကွေးနေပါရောဗျာ၊ လက်တစ်ဖက်ကလည်း ခွေနေသေးတယ်၊ လမ်းသွားတာတောင်မှ လက်တစ်ဖက်အားနဲ့ယူပြီးသွားရတာ၊ ကျုပ်နဲ့ဦးဘသာကိုတွေ့တော့ လန့်သွားတယ်ထင်ပါရဲ့ဗျာ၊ သူ့အမေအနားကို ကပ်သွားတာနဲ့ ဟိုမိန်းကလေးက ထိုင်ပြီးတော့ ကောင်လေးကိုပွေ့ဖက်လိုက်တယ်။ ကောင်လေးက ငါးနှစ်လောက်တော့ရှိမယ်ထင်တယ်ဗျ။
"အနု၊ အဲဒါဘယ်သူလဲ"
"အဲဒီ အကြီးတွေက အနုတို့ကို ကူညီမယ့်လူတွေပါ၊ ရန်သူတွေမဟုတ်ပါဘူး"
ကျုပ်လည်း အရှေ့ကိုတိုးလိုက်ပြီး
"ငါတို့ကိုမကြောက်ပါနဲ့ကလေးရာ၊ ဒါနဲ့၊ သူက ခင်ဗျားရဲ့သားလား"
မိန်းကလေးက ခေါင်းညိတ်ပြီးတော့
"ကျုပ်နာမည် ခွန်ဂျာလို့ခေါ်ပါတယ်၊ ဟိုးအထက်ဘက်ကလာခဲ့တာပါ"
ဦးဘသာက အနားကိုကပ်လာပြီးတော့
"အဝေးကြီးကနေ ဒီကိုဘာလာလုပ်တာလဲ"
"ကျုပ်တို့မျိုးနွယ်တွေက လူအဖြစ်ကနေ ကျားအဖြစ်ကိုပြောင်းလဲနိုင်တဲ့ မှော်ပညာကိုလက်ဆင့်ကမ်းပြီး သင်ယူရတဲ့မျိုးနွယ်ပါ၊ မျိုးနွယ်တစ်စုလုံးမှာ သားအကြီးဆုံးဖြစ်သူရဲ့မျိုးဆက်က လူတစ်ယောက်ကပဲ ဒီပညာကို မတိမ်ကော မပပျောက်အောင်လို့ လက်ဆင့်ကမ်းသင်ယူရပါတယ်"
"ကျုပ်နားလည်ပြီ၊ ဒါဆိုခင်ဗျားက ဒီမှော်ပညာကို ခင်ဗျားရဲ့သားကို သင်ပေးဖို့ပေါ့၊ ဟုတ်တယ်မဟုတ်လား"
ခွန်ဂျာက ခေါင်းညိတ်ပြီးတော့
"မှန်ပါတယ်၊ ကျုပ်တို့မျိုးနွယ်မှာ အကြီးဆုံးဖြစ်တဲ့ ကျုပ်အဖေက ဒီပညာကိုသင်ယူခဲ့ရပါတယ်၊ အဖေက သားသမီးတွေမွေးခဲ့ပေမယ့် ကျုပ်တစ်ယောက်တည်းသာ အဖတ်တင်ပါတယ်၊ ဒါကြောင့် ကျုပ်က အဖေ့ရဲ့အမွေကို လက်ဆင့်ကမ်းသင်ယူခဲ့ရပါတယ်"
"ဒါဆိုရင် ခင်ဗျားရဲ့သားကို ခင်ဗျားက လက်ဆင့်ကမ်းပေးရမယ်မဟုတ်လား"
ခွန်ဂျာက ခေါင်းညိတ်တယ်၊ ကျုပ်လည်း ကောင်လေးအနားကိုကပ်သွားပြီးတော့
"ဒါနဲ့ ခင်ဗျားသားက ဒီလိုဖြစ်တာကြာပြီလား"
"မွေးတုန်းကတော့ အကောင်းပါ၊ ဒါပေမယ့် မွေးပြီး ခြောက်လလောက်အကြာမှာ အရိုးတွေပျော့ကုန်ပြီး အခုမြင်ရတဲ့အတိုင်းပါပဲရှင်"
ခွန်ဂျာက သူ့သားကိုဖက်ပြီးငိုတယ်ဗျ၊ သူ့သားကလည်း အမေဖြစ်သူငိုတော့ ရောယောင်ပြီးလိုက်ငိုပါရောဗျာ၊ ကျုပ်လိုယောက်ျားရင့်မကြီးတောင်မှ သူတို့ငိုတာကြည့်ပြီး ရင်ထဲတစ်ဆို့ဆို့ကြီးဖြစ်လာတယ်။ ဦးဘသာက သက်ပြင်းတစ်ချက်ချလိုက်ပြီးတော့
"ဒါဆို နင့်သားကို ကျားမှော်သွင်းပေးဖို့အတွက် နွားတွေကိုလိုအပ်တာပေါ့၊ ဒီလိုလား"
"ဟုတ်ပါတယ်၊ တကယ်လို့များ ကျားမှော်အောင်မြင်သွားရင် ကျုပ်သားကလေးများ ခြေတွေလက်တွေပြန်ကောင်းသွားမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျားမှော်သွင်းပေးတာပါ"
ကျုပ်လည်း ခွန်ဂျာခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်၊ ဒုက္ခိတဖြစ်နေတဲ့ သားသမီးကို ပြန်ကောင်းစေချင်တာကတော့ မိဘတိုင်းရဲ့ မျှော်လင့်ချက်ပဲမဟုတ်လား၊ ဒီလိုအချိန်မှာ ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ်တော့ အားကိုးရာ ရှာမိမှာပဲလေ။
"ဒါဆိုရင် ကျားဖြစ်သွားရင် သူ့ရဲ့ခြေတွေလက်တွေ ပြန်ကောင်းသွားနိုင်တယ်ဆိုတဲ့သဘောပေါ့၊ ဟုတ်တယ်မဟုတ်လား မခွန်ဂျာ"
"ဒါတော့ ကျုပ်လည်းမသိသေးဘူး၊ ဒါပေမယ့် အဖေတို့ပြောဖူးတာကတော့ လူဘဝမှာ မစွမ်းရင်တောင်မှ ကျားဘဝမှာစွမ်းနိုင်သေးတယ်လို့ပြောဖူးတယ်၊ ဒီစကားကိုထောက်ရင် ကျုပ်သားလေး ကျားဖြစ်ရင် သန်သန်စွမ်းစွမ်းပြန်ဖြစ်မယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား"
ဦးဘသာလည်း ခေါင်းညိတ်တယ်။
"ဒါဆို နွားဘယ်နှကောင်လိုသလဲ"
"ကျားဖြစ်ဖို့အတွက်က မှော်ပညာလည်းလိုတဲ့အပြင် လူသားတစ်ယောက်ဖြစ်ပေမယ့် သားရဲကောင်တစ်ယောက်ရဲ့ အတွင်းစိတ်မျိုးဖြစ်အောင် သွင်းပေးဖို့ကလည်းအရေးကြီးတယ် ဦးကြီး၊ လတ်လတ်ဆတ်ဆတ်အသားစိမ်း၊ သွေးစိမ်းကို စားသောက်ပြီး ဆာလောင်မွတ်သိပ်လာတဲ့အခါမှာ သားရဲတစ်ကောင်ရဲ့စိတ်ရိုင်းဝင်လာတတ်တယ်၊ သူစိတ်ရိုင်းဝင်တော့မှ ဟောဒီမှော်ပညာသွင်းထားတဲ့ ကျားရေကိုခြုံပြီး ကျားအဖြစ်ကူးပြောင်းနိုင်မှာ ဦးကြီး"
"အေးပါ၊ နင့်ကိုငါအပြစ်မတင်ပါဘူး၊ ဒါနဲ့ နင်ကတောထဲတောင်ထဲမှာ သွားမကျင့်ဘဲ ဒီနေရာကိုခေါ်လာတာလဲ၊ ဒီကိုဘယ်လိုရောက်လာတာလဲ"
"ကျုပ်ယောက်ျားက ကျုပ်ကိုခေါ်လာခဲ့တာပါ"
"အခုသူဘယ်ရောက်သွားပြီလဲ"
ဦးဘသာမေးတော့ ခွန်ဂျာက ခေါင်းခါတယ်။
"ဘယ်ရောက်သွားမှန်းမသိပါဘူးရှင်၊ ကျုပ်တို့သားအမိကို အင်းခြေရွာမှာ အပ်ထားခဲ့ပြီးတော့ သူနဲ့သူ့အဖေနဲ့ တစ်နေရာကိုထွက်သွားကြတာပါပဲ၊ အရင်ကတော့ တစ်လတစ်ခါလောက်တော့ စားစရာတွေ၊ ပိုက်ဆံငွေကြေးတွေ လာပေးပါတယ်၊ အခုက သူမလာတာ ကြာခဲ့ပါပြီ၊ ကျုပ်တို့လည်း စားစရာ သောက်စရာမဲ့သွားတဲ့အချိန်၊ ကျုပ်လည်း သားရဲကောင်စိတ်ဓါတ် ပြင်းပြလာတဲ့အချိန်မှာ စားစရာအသားစိမ်းမရှိတာနဲ့၊ အင်းခြေရွာက နွားတွေကိုဆွဲမိပါတယ်"
"ခင်ဗျားဆွဲတာ ကိုကျော်ညွန့်နွားတွေမဟုတ်လား"
"ဟုတ်ပါတယ်၊ ကိုကျော်ညွန့်အိမ်မှာ ကျုပ်တို့တည်းခိုကြတာပါ"
ကျုပ်လည်း ဒီတော့မှ သဘောပေါက်ပြီ။
"ပေါက်ပြီ၊ ပေါက်ပြီ၊ လတ်စသတ်တော့ ဒီလိုကိုးဗျ၊ ဒါကြောင့် ကိုကျော်ညွန့် ခြံဝိုင်းထဲကို ကျားကရောက်နေတာကိုး၊ ကျုပ်အခုမှပဲ နားလည်တော့တယ်၊ ကိုကျော်ညွှန့်ကို ကျုပ်အကဲခတ်ကြည့်ရသလောက်က သူကလူကောင်းပါဗျ၊ ခင်ဗျားဗျာ၊ ကိုယ်တည်းခိုတဲ့အိမ်ကလူကို ပြန်ဒုက္ခပေးတယ်ဆိုတော့ မလွန်လွန်းဘူးလား"
ခွန်ဂျာတစ်ယောက် တွေဝေသွားတယ်ဗျ။
"ကိုကျော်ညွန့်က ကောင်းပါတယ်ရှင်၊ မကောင်းတာက သူ့မိန်းမပါ၊ ကျုပ်တို့ငွေကြေးပေးနိုင်တုန်းကတော့ ကျုပ်တို့သားအမိအပေါ်ချိုသာပေမယ့် ငွေကြေးမပေးနိုင်တဲ့အခါကျတော့ ကျုပ်တို့သားအမိကို မောင်းထုတ်ချင်လာပါတယ်၊ ပြီးတော့ အနုနည်းနဲ့ ကျုပ်သားလေးကို အမျိုးမျိုး နှိပ်စက်ပါတယ်"
ကျုပ်နဲ့ဦးဘသာနဲ့ ပြိုင်တူသက်ပြင်းချလိုက်မိတယ်။
"အေး၊ ကောင်းပြီ၊ နင်တို့သားအမိ ဒီမှာမနေနဲ့တော့၊ တို့နဲ့လိုက်ခဲ့၊ နင့်သားကို ငါကုပေးမယ်"
ဦးဘသာပြောတော့ ခွန်ဂျာက မျက်လုံးအပြူးသားနဲ့
"ရှင်၊ ဘယ်ကိုလိုက်ခဲ့ရမှာလဲ"
"နင်တို့က ဒုက္ခသည်တွေပါပဲ၊ ကိုယ့်လင်ယောက်ျားကို အားကိုးပြီးတော့ တစ်ရပ်တစ်ကျေးကိုလိုက်လာခဲ့ရတယ်ဆိုပေမယ့် အခုတော့ ကူရာကယ်ရာမဲ့နေတယ်မဟုတ်လား၊ ငါတို့နဲ့လိုက်ခဲ့၊ တို့ရွာရောက်တော့ နင်အေးအေးဆေးဆေးနေလို့ရတယ်၊ ပြီးတော့ နင့်သားကိုလည်း ငါဆေးကုပေးမယ်"
"မဖြစ်နိုင်ဘူးထင်ပါတယ် ဦးကြီးရယ်၊ ကျုပ်သားကလေးကို ဆေးဆရာတွေ တော်တော်များများ လက်လျှော့ထားကြတာပါ"
"နင့်သားကို နင်တတ်တဲ့ပညာမပေးနဲ့လို့ ငါမပြောဘူး၊ ဒါပေမယ့် ဆရာကောင်းသမားကောင်းနဲ့တော့ ပြသသင့်တယ်လို့ငါထင်တယ်၊ ဒီကနေလွန်ရင် ပေတောရွာဆိုတာရှိတယ်၊ ပေတောရွာရောက်တော့ ဆေးဆရာကြီး ဦးဖိုးခွေးဆိုတာ သိပ်စွမ်းတယ်၊ သူ့ကိုပြသကြည့်ပေါ့၊ ရေနစ်တဲ့အချိန်မှာ ကောက်ရိုးတစ်မျှင်လည်း အားကိုးရာပဲမဟုတ်လား"
ခွန်ဂျာက ဦးဘသာကို တဘုန်းဘုန်းနဲ့ကန်တော့တာပဲဗျာ။
"ကျေးဇူး၊ ကျေးဇူးတင်ပါတယ် ဦးကြီးရယ်၊ ဦးကြီးကျေးဇူးကို ကျုပ်တစ်သက်မမေ့ပါဘူး"
"ကဲ၊ ဒါဆိုရင်လည်း လိုက်ခဲ့တော့ဟာ"
ခွန်ဂျာက ဂူထဲဝင်သွားပြီးတော့ အဝတ်အစားတွေဝတ်ပြီးပြန်ထွက်လာတယ်၊ ကျားရေကို ကချင်လွယ်အိတ်တစ်လုံးထဲထည့်ပြီးလွယ်လိုက်တယ်၊ ကျုပ်တို့ ဂူနားကနေထွက်လာပြီးတော့ အပေါ်ပြန်တက်ဖို့ကျောက်တောင်ကြီးကို မော့ကြည့်ကြတယ်ဗျ၊ အဆင်းတုန်းကသာ လွယ်ပေမယ့် မတ်စောက်နေတဲ့ ကမ်းပါးကြီးကို တက်ဖို့ကမလွယ်ဘူးဗျို့။ ခွန်ဂျာက လွယ်အိတ်ထဲက ကျားရေကိုထုတ်ပြီးခြုံလိုက်တယ်။ ဦးဘသာကကြည့်ရင်း
"ဟေ့၊ ဘာလုပ်မလို့လဲ"
"လူအတိုင်းတက်တာထက်၊ ဒီလိုတက်တာက ပိုလွယ်တာပေါ့ရှင်၊ ဦးကြီးတို့စောင့်နေကြအုံး၊ ကျုပ်သားလေးကို အရင်ပို့ပေးလိုက်အုံးမယ်၊ ပြီးတော့မှ ဦးကြီးတို့ကိုလာဆင်းခေါ်မယ်"
ခွန်ဂျာက လေးဖက်ထောက်ပြီး အနောက်ကိုကျွမ်းတစ်ပတ်ထိုးလိုက်တာနဲ့ ကျားကြီးဖြစ်သွားပါရောဗျာ၊ ပြီးတော့ သူ့သားကလေးအရှေ့မှာ ဝပ်ပေးတယ်၊ သူ့သားက ခွန်ဂျာကျောကုန်းပေါ်ကိုတက်ပြီး ကျားမွှေးတွေကို လက်နဲ့ဆုပ်ကိုင်ထားပါရော၊ ခွန်ဂျာက တစ်ခါတည်း ကျောက်ကမ်းပါးကြီးကို ခုန်တက်သွားတာ မြန်သဗျာ။
"ဒီကလေးမကတော့ စိတ်မြန်လက်မြန်ပဲဟေ့"
"ကျုပ်တို့ကရော ဘယ်လိုတက်မှာလဲ ဦးဘသာ၊ သူလာခေါ်တာ စောင့်မှာလား"
"မင်းနဲ့ငါကတော့ ပညာနဲ့တက်ကြတာပေါ့ကွာ"
ဦးဘသာက ပြောပြောဆိုဆိုနဲ့ ကျောက်ကမ်းပါးကြီးဆီကို လမ်းလျှောက်သွားတာပဲဗျာ၊ ကိုးဆယ်ဒီဂရီလောက် မတ်စောက်နေတဲ့ ကမ်းပါးကြီးကို ခြေထောက်နဲ့တစ်လှမ်းချင်းတက်သွားတယ်၊ ဘေးစောင်းဖြစ်နေတဲ့ကမ်းပါးကြီးမှာ မတ်တပ်ကြီးပေါ့ဗျာ၊ ကျုပ်ဖြင့် ပါးစပ်တောင်မစေ့နိုင်ဘူး။
"အလတ်ကောင်လာခဲ့၊ ငါ့လက်ကိုကိုင်ပြီး လျှောက်ခဲ့"
"ဗျာ၊ ကျုပ်က၊ ကျုပ်က ဘယ်လိုလုပ်ပြီးလျှောက်လို့ရမှာလဲ"
"လာခဲ့ပါဆိုမှကွာ"
ကျုပ်လည်း ဦးဘသာလက်ကို လှမ်းဆွဲလိုက်ပြီးတော့ ဟုတ်သော်ရှိမဟုတ်သော်ရှိ သိရအောင်လို့ ကျောက်ကမ်းပါးကို ခြေတစ်ဖက်လှမ်းကပ်လိုက်တာပဲဗျာ၊ ထူးဆန်းတာက ကျုပ်ခြေထောက်က မြေကြီးပေါ်မှာရပ်နေသလို ရပ်သွားတာဗျ၊ ခြေထောက်တစ်ဖက်က ပြန်ပြုတ်ကျမလာတာနဲ့ နောက်တစ်ဖက်ကို ကပ်ထည့်လိုက်တယ်၊ ကျုပ်နဲ့ဦးဘသာက ကျောက်ကမ်းပါးနံရံမှာ မတ်တပ်ကြီးတွေဖြစ်နေတာဗျ။
"ကဲလာ၊ ဖြေးဖြေးလျှောက်"
လမ်းလျှောက်သလို တစ်လှမ်းချင်းလျှောက်ပြီးတော့ တက်သွားကြတာပါပဲ၊ ဒီလိုအတွေ့အကြုံက ကျုပ်ဘဝမှာ ပထမဆုံးရဖူးတာဆိုတော့ စိတ်ထဲတော်တော်ထူးဆန်းနေတာ၊ ဒီလိုနဲ့ ကမ်းပါးအတိုင်း ကပ်လျှောက်တက်သွားကြပြီးတော့ အပေါ်ရောက်သွားတာပေါ့ဗျာ၊ အပေါ်ရောက်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ကျုပ်နဲ့ဦးဘသာ ပြိုင်တူရေရွတ်လိုက်မိတာပဲ။
"ဟာ"
"သွားပါပြီဟေ့၊ သောက်ကျိုးတော့နည်းကုန်ပြီ"
ကျားဖြစ်နေတဲ့ ခွန်ဂျာက စင်းစင်းကြီးလဲကျလို့ဗျ၊ သူ့အနားမှာတော့ မုဆိုးမောင်စံနဲ့ ကိုလှဆွေ၊ ကိုကျော်ညွှန့်တို့မတ်တပ်ရပ်နေတယ်၊ ခွန်ဂျာရဲ့ခေါင်းမှာ ဒူးလေးမြားတံတစ်ခုက စိုက်ဝင်နေတယ်ဗျာ၊ ကိုလှဆွေက ခွန်ဂျာကိုဖက်ထားတဲ့ ကောင်လေးကို ဂုတ်ကနေဆွဲလိုက်တယ်၊ ကိုကျော်ညွှန့်က လှံတံကြီးကိုကိုင်ရင်း
"ငါ့နွားတွေကို ခိုးစားတဲ့ ကျားမ၊ သေပေတော့"
လှံကိုမြှောက်ပြီး အားယူလိုက်ပါရောဗျာ။
"မလုပ်နဲ့၊ ဟေ့လူ၊ မလုပ်နဲ့"
ကျုပ်အော်တာ နောက်ကျသွားပါတယ်ဗျာ၊ လှံတံက ခွန်ဂျာရဲ့ လက်ပြင်ကိုစိုက်ဝင်သွားတယ်၊ တအီးအီးအသံနဲ့ ခွန်ဂျာက ညည်းတွားနေတယ်ဗျ၊ ကိုကျော်ညွန့်ကတော့ တစ်ချက်နဲ့အားမရသေးလို့ သုံးလေးချက် ဆက်တိုက်ထိုးနှက်နေပါရော၊ ကျုပ်လည်း ကိုကျော်ညွှန့်ဆီကိုပြေးလာပြီး ကိုကျော်ညွှန့်ရင်ဘတ်ကို ဆောင့်တွန်းထည့်လိုက်တယ်။
"ဟေ့လူ၊ ခင်ဗျားဗျာ"
ကျုပ်မျက်ရည်တွေ ဝဲတက်လာတယ်ဗျ၊ ခွန်ဂျာကတော့ သွေးအိုင်ထဲမှာ ဖုတ်လှိုက်၊ ဖုတ်လှိုက်ဖြစ်နေပြီ၊ မုဆိုးမောင်စံက ကျုပ်တို့ကိုကြည့်ရင်း
"ခင်ဗျားတို့ကံကောင်းတယ်ဗျ၊ ဒီကျားက ကလေးလေးကို ချီလာတာဗျာ၊ နွားတွေစားရုံတင်အားမရလို့ လူသားပါစားဖို့ ကြံနေပြီဗျ"
ခွန်ဂျာသားလေးကတော့ ကိုလှဆွေလက်ထဲမှာ ငိုယိုနေတာပေါ့ဗျာ၊ ဦးဘသာက ခြေလှမ်းကျဲကြီးတွေနဲ့ တစ်လှမ်းချင်းလျှောက်လာရင်း အနားကိုရောက်လာတယ်။ မုဆိုးမောင်စံနဲ့ ကိုကျော်ညွန့်တို့က ကျားကိုသတ်လိုက်နိုင်ပြီဆိုပြီးတော့ ဂုဏ်ယူဝင့်ကြွားနေလို့ဗျ၊ ကျုပ်လည်း သူတို့ကိုကြည့်ရင်း ဒေါသတွေထွက်လာတယ်ဗျာ၊ ဦးဘသာက ကျုပ်လက်မောင်းကိုဖမ်းဆွဲထားပြီး ကျုပ်ကိုတားတယ်၊ ကိုကျော်ညွန့်က ကိုလှဆွေလက်ထဲက ကလေးကိုကြည့်ရင်း
"ဒီကောင်လေးက ကျုပ်တို့အိမ်မှာလာတည်းခိုတဲ့ ကချင်မလေးရဲ့ သားကလေးဗျ၊ သူ့အမေဘယ်ရောက်သွားလို့လဲ၊ မဟုတ်မှလွဲရော ကျားစာဖြစ်သွားတာလားဗျာ"
ဦးဘသာက ခွန်ဂျာခေါင်းအနားကို သွားကပ်လိုက်တယ်၊ မုဆိုးမောင်စံက
"ဦးလေး၊ သိပ်မရဲနဲ့ဗျ၊ ကျားဆိုတာ အလွန်စဉ်းလဲတဲ့ကောင်တွေ"
ဦးဘသာက မျက်လုံးပြူးကြီးတွေနဲ့ သူ့သားကိုကြည့်နေတဲ့ ခွန်ဂျာခေါင်းကိုပွတ်သပ်ရင်း
"ဘာမှစိတ်မပူနဲ့ခွန်ဂျာ၊ နင့်သားကိုငါတို့ ကြည့်ရှုပေးပါ့မယ်၊ နင်ကောင်းကောင်းသွားပါတော့"
ဒီတော့မှ ခွန်ဂျာက မျက်လုံးတွေမှေးစင်းသွားတော့တယ်ဗျာ၊ ဦးဘသာက ကျုပ်အနားကပ်လာပြီးတော့
"အလတ်ကောင်ရ၊ သတ္တဝါတစ်ခု ကံတစ်ခုတဲ့ကွ၊ ဒီကလေးမ တော်တော်ကံဆိုးရှာပါတယ်ကွာ"
နောက်တော့ ကိုကျော်ညွှန့်တို့ဆီကိုသွားရင်း
"ကျော်ညွှန့် အဲဒီကလေးကို ငါမွေးစားမယ်ကွာ၊ ငါ့ကိုပေးစမ်းပါ"
ကိုကျော်ညွန့်က ဦးဘသာကိုတစ်ချက်ကြည့်ပြီး ကလေးလေးကိုပေးလိုက်တယ်၊ ကျုပ်လည်း ကလေးကိုပြေးဆွဲချီလိုက်ရတယ်၊ ကလေးကတော့ ငိုလို့ပေါ့ဗျာ၊ ဦးဘသာက ကောင်လေးခေါင်းကိုပွတ်လိုက်တော့မှ ငြိမ်ကျသွားပြီး မှေးစင်းသွားတော့တယ်။ မုဆိုးမောင်စံက ကျားသေကြီးကို အရေခွံခွာပြီးတော့ ကျားစွယ်တွေဘာတွေဖြတ်ဖို့လုပ်ပါရောဗျာ၊ ကျုပ်တို့လည်း ဆက်မကြည့်ဝံ့တာနဲ့ ကလေးချီရင်း ဆင်းလာကြတာပေါ့၊ ကလေးက ကျုပ်လက်ပေါ်မှာ အိပ်လို့ဗျ။
"ဘာဆက်လုပ်မလဲ ဦးဘသာ၊ သူတို့အရေခွံခွာရင်း လူပုံပြန်ပေါ်လာမလားမသိဘူးဗျနော်"
"အေး၊ ဒါတော့ငါလည်းမသိဘူးဟေ့၊ ဒီပညာက ငါတို့ပညာနဲ့တော့အလှမ်းဝေးသကွ၊ ဒါပေမယ့် ငါ့အထင်တော့ ကျားအဖြစ်သေရင် ကျားပုံစံမပြောင်းဘူးထင်တာပဲကွာ၊ လာလာ မြန်မြန်သွားရအောင်၊ တော်ကြာ ဒီလူတွေအရေခွံခွာရင်း ခွန်ဂျာလူပြန်ဖြစ်သွားတော့မှ ငါတို့ကိုလာပြီး မေးမြန်းနေအုံးမယ်"
ကျုပ်တို့လည်း ခပ်မြန်မြန်ပြန်ဆင်းလာခဲ့တာပေါ့ဗျာ၊ နွားတွေချည်ထားတဲ့နားရောက်တော့ ဦးဘသာက နွားတွေကိုဖြုတ်ပြိးမောင်းခဲ့သဗျ၊ ကျုပ်ကတော့ ကလေးချီရင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်တွေးနေမိတယ်၊ ခွန်ဂျာသာ ကျုပ်တို့ထက်အရင် အဲဒီကမ်းပါးကို တက်မသွားခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူးဗျာ။
(၄)
ညနေမစောင်းခင် ပေတောရွာကိုရောက်ခဲ့တယ်၊ ပေတောရွာက ဦးထွန်းရင်ဆီမှာ နွားတစ်ကောင်ဝင်ယူရမယ်မဟုတ်လားဗျာ၊ ပြီးတော့ တစ်လက်စတည်း ဒီကလေးကို ကုသလို့ရမရဆိုတာ ဦးဖိုးခွေးနဲ့ တိုင်ပင်ကြည့်ရအုံးမယ်မဟုတ်လား။ ဒါနဲ့ ဦးဖိုးခွေးအိမ်ကို အရင်ဝင်ခဲ့တာပေါ့ဗျာ၊ နွားတွေကိုခြံရှေ့မှာ ချည်ထားခဲ့ပြီး ကျုပ်နဲ့ဦးဘသာဝင်ခဲ့တော့ ခြံဝင်းထဲမှာ ထင်းခွဲနေတဲ့ လူတစ်ယောက်ကိုတွေ့တယ်ဗျ၊ ဒီလူငယ်က အပေါ်ပိုင်းကိုယ်လုံးတီးနဲ့ ထင်းတွေကို ပေါက်ဆိန်နဲ့ ပေါက်နေတာဗျာ၊ ကျောကုန်းမှာလည်း ကျားတက်နေတဲ့ ပုံတစ်ပုံနဲ့ ကျားဆင်းနေတဲ့ပုံတစ်ပုံဗျ၊ ဆံပင်ကလည်း ခပ်ရှည်ရှည်နဲ့ဗျ။
"နေပါအုံး ဒီလူကို ငါမြင်ဖူးပါတယ်"
ကျုပ်လည်း ထင်းခွဲနေတဲ့လူအနားတိုးသွားပြီးတော့
"မင်း၊ မင်းဗျဂ္ဃလေးမဟုတ်လား"
ကျုပ်အနောက်ကနေပြောလိုက်တော့ ထင်းခွဲနေတဲ့လူက ကျုပ်ကိုလှည့်ကြည့်တယ်၊ ပြီးတော့ အံ့သြသွားတဲ့ပုံစံနဲ့
"ဟော၊ ခင်ဗျား၊ ခင်ဗျားကိုကျုပ်မှတ်မိပြီ၊ ဒါနဲ့ အနောက်က ဦးသာဒင်မဟုတ်လား"
ဗျဂ္ဃလေး ကကျုပ်ကိုကြည့်ရင်း လက်ထဲချီထားတဲ့ကလေးကို ကြည့်တယ်၊ ပြီးတော့ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။
"ဟင်၊ ခင်ဗျား၊ ခင်ဗျား ဒီကလေးကို ဘယ်ကနေရလာခဲ့တာလဲ"
ကျုပ်လည်း ခွန်ဂျာသားကို ငုံ့ကြည့်ရင်း
"သြော်၊ အေး၊ ပြောရရင်တော့ ဇာတ်လမ်းရှည်ပါတယ်၊ ဒါနဲ့ ဦးဖိုးခွေးအိမ်မှာရှိတယ်မဟုတ်လား"
ကျုပ်အိမ်ပေါ်တက်မယ်ပြင်တော့ ဗျဂ္ဃလေးက ကျုပ်ကိုအတင်းဆွဲရင်း
"ဒီကလေးကို ဘယ်လိုရခဲ့တာလဲလို့"
"ငါတို့မွေးစားဖို့ခေါ်လာတာကွ"
ဗျဂ္ဃလေးက မျက်ရည်တွေကျလာတယ်ဗျ။
"ဒါကျုပ်သားဗျ"
ကျုပ်နဲ့ဦးဘသာနဲ့ ပြိုင်တူရေရွတ်လိုက်မိတယ်။
"ဘာ၊ မင်းဘာပြောတာလဲ ဗျဂ္ဃလေး"
"ဒါ ကျုပ်သားပါ၊ ဒါနဲ့ သူ့အမေရော၊ သူ့အမေ ခွန်ဂျာရောဟင်"
ကျုပ်လည်း ဘာမှမပြောနိုင်တော့ဘူးဗျာ၊ အယောင်ယောင်အမှားမှားနဲ့ ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့တဖြန်းဖြန်းရိုက်နေမိတာပဲ။ ဗျဂ္ဃလေးက ကျုပ်လက်ထဲက ကလေးကိုဆွဲယူပြီး သေချာထွေးပွေ့ထားတယ်။ တော်တော်ကြာတော့မှ ကျုပ်တို့တွေစကားပြောနိုင်ကြတယ်ဗျာ။ ကျုပ်တို့လည်း ဗျဂ္ဃလေးကိုဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တာပေါ့။
"ဒါဆို ခွန်ဂျာက ခင်ဗျားရဲ့မိန်းမပေါ့"
"မှန်ပါတယ်၊ ဗျဂ္ဃကြီးက ကျုပ်ကိုသားအဖြစ်မွေးစားပြီးတော့ ဟိုးအထက်ကချင်ဖက်ကိုတက်သွားခဲ့တယ်၊ အဲဒီမှာ သူကဓါးပြတိုက်ပြီး ကျုပ်ကိုကျွေးမွေးခဲ့တာပါပဲ၊ ကျုပ်ပညာတွေတတ်မြောက်ပြီး လူလားမြောက်တဲ့အခါမှာ ဓါးပြကလေးဖြစ်လာခဲ့တယ်၊ အဲဒီကနေမှ မိန်းကလေးတစ်ယောက်ကို ဓါးပြတိုက်ရင်း စွဲလမ်းခဲ့တယ် အဲဒါကတော့ ခွန်ဂျာပါပဲ"
"ခွန်ဂျာက ခင်ဗျားတို့သားအဖက ဓါးပြမှန်းမသိဘူးပေါ့"
ဗျဂ္ဃလေးက ခေါင်းခါပြတယ်။
"ကျုပ်နဲ့ ဗျဂ္ဃကြီးနဲ့ ဦးသာဒင်ကို လက်စားချေမယ်ဆိုပြီး ပြန်လာတော့ ခွန်ဂျာလည်းလိုက်လာခဲ့တယ်၊ ဒါနဲ့ကျုပ်လည်း ခွန်ဂျာကို အင်းခြေရွာက ကိုကျော်ညွန့်တို့အိမ်မှာအပ်ထားခဲ့ပြီး ကုန်ရောင်းကုန်ဝယ်လုပ်မယ်လို့ လိမ်ပြောပြီးထွက်ခဲ့တာပဲဗျာ၊ နိဗ္ဗာန်ရွာ တစ်ဝိုက်မှာ ဓါးပြတိုက်ပြီးတော့ ခွန်ဂျာတို့သားအမိဆီကို တစ်လတစ်ခါလောက် ပိုက်ဆံနဲ့ စားစရာတွေ ထောက်ပံ့ခဲ့တယ်"
"ဒါနဲ့များဗျာ၊ ခင်ဗျားသူတို့ဆီကိုပြန်မသွားဘူးလားဗျ"
"သွားပါတယ်၊ ခင်ဗျားတို့နဲ့ တွေ့ပြီး ကျုပ်အကိုလှသောင်ပြန်ကောင်းသွားပြီးတော့ ကျုပ်အင်းခြေရွာကို အပြေးအလွှားသွားရှာခဲ့ပါတယ်၊ ဒါပေမယ့်် ဟိုရောက်တော့ ခွန်ဂျာတို့သားအမိကိုမတွေ့ရတော့ဘူး၊ သူတို့သားအမိ ဘယ်ကိုထွက်သွားသလဲဆိုတာ ဘယ်သူမှလဲမသိကြဘူးတဲ့၊ ဒါနဲ့ ကျုပ်က သူတို့ရွာကိုပြန်သွားတယ်ပဲထင်တာ"
"ဒါဆို ခင်ဗျားအခု ဦးဖိုးခွေးဆီမှာဘာလုပ်နေတာလဲ"
"ကျုပ်လည်း ရွာကိုပြန်လိုက်သွားဖို့ လမ်းစရိတ်ရှာနေတာပါ၊ ဒီရွာမှာ ထင်းခွေ၊ ရေခပ်၊ ကြုံရာလုပ်ပြီးတော့ လမ်းစရိတ်စုမိရင် ခွန်ဂျာတို့ရွာကို ပြန်မလို့ပါ"
ဖြစ်ကြောင်းကုန်စင် သိပြီးတဲ့အခါမှာတော့ ကျုပ်ဘာမှမပြောနိုင်တော့ဘဲ သက်ပြင်းပဲအကြိမ်ကြိမ်ချနေမိတော့တယ်ဗျာ၊ ကံတရားက သိပ်ဆန်းကြယ်တာဗျ၊ တကယ်တမ်း ကံတရားဆန်းကြယ်တဲ့အခါ ဝတ္ထုဇာတ်လမ်းတွေ ရုပ်ရှင်တွေထက် အပုံကြီးသာတယ်ဆိုတာကို ကိုယ်တွေ့ကြုံဖူးလိုက်တာပဲ။
ဦးဖိုးခွေးက ကောင်လေးကို ကုကြည့်အုံးမယ်လို့တော့ ပြောတယ်ဗျ၊ ဒါနဲ့ ဗျဂ္ဃလေးလည်း ရွာမပြန်ဖြစ်တော့ဘဲ ပေတောမှာပဲ အခြေကျသွားတယ်ပေါ့ဗျာ၊ တိုတိုပြောရရင် ကောင်လေးခြေထောက်က ပြန်ကောင်းသွားတယ်၊ လမ်းလျှောက်ရင်တော့ ခြေတစ်ဖက် ဆာဆာနဲ့ပေါ့ဗျာ၊ ဗျဂ္ဃလေးလည်း ပေတောသူနဲ့ညားပြီး ပေတောသားစစ်စစ်ကြီးကိုဖြစ်သွားရောဗျို့။
နောက်ပိုင်းတော့ ကျုပ်တို့ရွာဖက်ကို ဗျဂ္ဃလေးတို့ လာတတ်သဗျ၊ ကျုပ်ကိုလည်း ဖက်လှဲတကင်းနှုတ်ဆက်ရှာပါတယ်၊ ကိုလှသောင်က နိဗ္ဗာန်ရွာကိုခေါ်ပေမယ့် နိဗ္ဗာန်ရွာမှာ မပျော်ဘူးတဲ့ဗျာ၊ အိမ်ရောက်တုန်းရောက်ခိုက်မှာလည်း ထင်းခွေ၊ ရေခပ်၊ အလုပ်ကြမ်းတွေအကုန်လုံး ကူလုပ်ပေးရှာတာ၊ ဓါးပြမတိုက်တော့တဲ့ ဗျဂ္ဃလေးက ပေတောရွာမှာ တော်တော်ခက်ခက်ခဲခဲလုပ်ကိုင်စားရရှာတာဗျ။
စက်ဘီးတွေခေတ်ထတော့ ဗျဂ္ဃလေးတစ်ယောက် စက်ဘီးပြင်ဆိုင်ဖွင့်တယ်၊ ခုလိုဆိုင်ကယ်ခေတ်ရောက်တော့ ဆိုင်ကယ်ပြင်တာပေါ့၊ ခုထိပေတောရွာထိပ်မှာ ကိုကျားလေးဆိုတဲ့ ဆိုင်ကယ်ဝပ်ရှော့တစ်ခုရှိတုန်းပဲဗျ၊ ဗျဂ္ဃလေးရယ်၊ ခွန်ဂျာရဲ့သား ဘရန်ဆိုတဲ့ကောင်လေးရယ် ဦးစီးပြီးဖွင့်ထားတာပေါ့ဗျာ၊ ခုဆိုတော်တော်စီးပွားကောင်းတယ်၊ ဆိုင်ကယ်ပြင်ရုံတင်မကဘဲ ဓါတ်ဆီ၊ ဒီဇယ်၊ ဘရိတ်ဆီ၊ ချောဆီအပြင် ဆိုင်ကယ်အပိုပစ္စည်းတော်တော်များများတင်ရောင်းတယ်၊ ကျုပ်ဆိုင်ကယ်တစ်ခုခုဖြစ်လို့ရှိရင် ပေတောရွာက ကိုကျားလေးဆိုင်သွားတာနဲ့ ပစ္စည်းရော၊ လက်ခပါ အခမဲ့ပြင်ပေးသဗျ၊ ကျုပ်ဖြင့်အားနာလိုက်တာ ပြောမနေပါနဲ့၊ ဟိုရက်ကတောင် ကျုပ်သူတို့ဆိုင်ရှေ့က ဆိုင်ကယ်နဲ့ဖြတ်တော့ ဘရန်က ဆိုင်ကယ်စက်သံမမှန်လို့ဆိုပြီး အတင်းပြင်ပေးလိုက်သေးသဗျ၊ အင်း၊ သူတို့သားအဖကိုမြင်တိုင်း ကျုပ်ကတော့ ရွှေတဆင်ရိုးမှာတွေ့ခဲ့ဖူးတဲ့ ခွန်ဂျာကို ပြန်ပြီးသတိရနေမိသားဗျ၊ ဦးဘသာကြီးလည်း အခုရှိရင် ကွမ်းတမြုံ့မြုံ့နဲ့ သတိရနေလောက်မှာပါ။
ပြီးပါပြီ။
#အဂ္ဂဇော် #ဦးဘသာ #စုန်း #သရဲ
#ညမဖတ်ရ
See less
Comments
Post a Comment