ဘုရားပျံဦးအောင်ရှိန်နှင့် ဘကြီးပြုံးရဲ့အရှုံး


စာစဉ်(၁၀)

(၁)

ဘာပဲပြောပြော ကျုပ်အဖေကို လွှွတ်ပေးပြီးပြီဆိုတော့ ကျုပ်ရင်ထဲက အလုံးကြီးတစ်လုံးတော့ ကျသွားတာပေါ့ဗျာ၊ ဒါပေမယ့် နောက်ထပ်အလုံးကြီးတစ်လုံးရှိနေသေးတယ်ဗျ၊ အဲဒါကတော့ ဒေါ်ထွေးရင်ရဲ့ယောက်ျား စုန်းထီးကြီးဦးနှောပဲဗျ၊ ရွာထဲက လူတွေပြောပုံအရတော့ ဦးနှောက ဒေါ်ထွေးရင်ထက် ပိုပြီးတော့ စွမ်းတယ်တဲ့ဗျ၊ သူက ကဝေတဲ့၊ ဒါကြောင့်လည်း တစ်နေရာတည်း အတည်တကျမနေဘဲနဲ့ သူ့ထက်ပညာမြင့်တဲ့လူတွေဆီကနေ ပညာတွေလိုက်သင်နေတာတဲ့ဗျာ၊ ဒါကြောင့်နေမယ်ဗျ၊ ဦးနှောက ကျုပ်တို့ငယ်ငယ်ကတည်းက ရွာမှာအကြာကြီးနေတယ်ဆိုတာ ရှားတယ်ဗျ၊ သူအလွန်ဆုံးကြာရင် ခြောက်လလောက်ပဲကြာကြာနေဖူးတာဗျ၊ ဒီလိုပဲ လွယ်အိတ်တစ်ချောင်း တုတ်ကောက်တစ်ခုနဲ့ ရွာစဉ်လှည့်ပြီး ခရီးထွက်နေပါရောလားဗျာ။

အခုလည်း ဒေါ်ထွေးရင်သေသွားတာကို သူမသိသေးလို့ဗျ၊ သူ့မိန်းမဒေါ်ထွေးရင်ကို ဦးဖိုးစီသတ်လိုက်တယ်ဆိုတာသိရင် ဦးဖိုးစီတော့ မချောင်ဘူးဗျို့၊ ပိုဆိုးတာကတော့ ဒီအဖြစ်တွေအားလုံးဖြစ်အောင်လို့ နောက်ကွယ်ကနေလုပ်နေတဲ့သူက ကျုပ်ဆိုတာသိရင် ပိုပြီးဆိုးမှာပဲဗျ၊ ဒါကြောင့် ကျုပ်ရင်တွေပူနေတာပေါ့ဗျာ။

ဦးဖိုးစီကတော့ အိမ်မှာသုံးလေးရက်လောက်နေပါတယ်၊ ရွာကလူတွေနဲ့လည်း တော်တော်လေးခင်ခင်မင်မင်ဖြစ်နေပြီဗျ၊ ရွာကမိန်းကလေးတွေက ဦးဖိုးစီကို ဗေဒင်မေးလိုက်ကြ၊ ဦးဖိုးစီကြုံတွေ့ခဲ့တဲ့စွန့်စားခန်းတွေကို ပါးစပ်အဟောင်းသားနဲ့ နားထောင်ကြပေါ့ဗျာ၊ အဲဒီအထဲမှာ အမေကတော့ ထိပ်ဆုံးကဗျ။ ကျုပ်သတိထားမိသလောက်တော့ အမေက ဦးဖိုးစီကို တော်တော်မျက်နှာသာပေးတယ်ဗျာ၊ ဒါကလည်း သူ့ကိုပြုစားထားတာကို ထုတ်ပေးထားတယ်ဆိုတဲ့ ကျေးဇူးကြောင့်လည်း ပါမှာပေါ့ဗျာ။

လေးရက်မြောက်တဲ့နေ့ရောက်တော့ ဘကြီးပြုံးတို့က အတင်းခေါ်တာနဲ့ ကျုပ်လည်းယာခင်းထဲကိုဆင်းခဲ့ရတယ်၊ သီးနှံတွေက ပွင့်ဖူးတော့ှမှာဆိုတော့ ဘကြီးပြုံးက ကျုပ်ကိုသီးနှံတွေပွင့်ပုံ ဖူးပုံနဲ့ ဘယ်လိုဂရုစိုက်ရတယ်ဆိုတာတွေကို သင်ကြားပေးတာပေါ့ဗျာ၊ သင်ကြားပြီးတော့ နေ့လည်ရောက်တော့ ကျုပ်တို့တွေထမင်းဝိုင်းဖွဲ့ပြီးစားကြတာပေါ့ဗျာ၊ ဘကြီးပြုံးက ထမင်းစားရင်း ကျုပ်ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေတယ်။ နောက်တော့မှ

"ငါအစကမပြောဘူးနေမလို့ကွ၊ မနေနိုင်လို့ပြောရအုံးမယ် အောင်ရှိန်ရေ၊ မင်း အဲဒီလူကြီးကို ဘယ်ကသွားခေါ်လာခဲ့တာလဲ"

"အဲဒီလူကြီးဆိုတာ ဘယ်သူလဲဗျ၊ သြော်၊ အိမ်မှာရောက်နေတဲ့ ဦးဖိုးစီကိုပြောတာလားဗျ"

ဘကြီးပြုံးက ခေါင်းညိတ်တယ်။

"ဦးဖိုးစီက မောက်ရွာမှာနေတာဗျ"

"သူက ဘာအလုပ်လုပ်စားတဲ့သူလဲကွ"

"အထက်လမ်းဆရာ၊ ဂိုဏ်းဆရာပေါ့ဗျာ"

"ဟ၊ ဒါတော့ ငါတို့လည်းသိတာပေါ့ကွာ၊ ဒါပေမယ့် သူလိုက်တဲ့အထက်လမ်းက ဘယ်လိုလမ်းမျိုးလဲ၊ ဘယ်လိုကျင့်စဉ်လဲ၊ ပြီးတော့ ဂိုဏ်းသမားဆိုရင် ဘယ်လိုဂိုဏ်းကလဲဆိုတာ မင်းသိသလား"

ကျုပ်လည်း သေချာမှမသိတာဗျာ၊ ဒါနဲ့ပဲ ခေါင်းခါလိုက်တာပေါ့၊ ဘကြီးပြုံးက သက်ပြင်းချပြီးတော့

"အောင်ရှိန်ရာ၊ မင်းကအဲဒါတွေခက်တာပဲ၊ ဘာလုပ်မှန်းမသိတဲ့လူတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားရတယ်လို့ကွာ"

"ဘကြီးပြုံးအစိုးရိမ်လွန်နေပါပြီဗျာ၊ ဦးဖိုးစီက လူကောင်းပါဗျ၊ သူက ကျုပ်ကိုတော်တော်ကူညီခဲ့တာပါ၊ ဒါတွေကို ဘကြီးပြုံးမသိပါဘူးဗျာ"

"အေးကွာ၊ သိလည်းမသိချင်ဘူး၊ ဒါပေမယ့် ငါသိထားတာတစ်ခုတော့ပြောရမယ် မင်းခေါ်လာတဲ့ အဲဒီဖိုးစီဆိုတဲ့လူက လူကောင်းတစ်ယောက်မဟုတ်ဘူးကွ"

"ဗျာ၊ ဘကြီးပြုံးပြောတာ ဘာအဓိပ္ပါယ်လဲဗျ"

"လူတွေပြောကြတာကတော့ ဖိုးစီဆိုတဲ့လူက အောက်လမ်းဆရာ၊ မှော်ဆရာကြီးတဲ့ကွ"

"ဗျာ"

"မင်းမသိဘူးလား၊ မောက်ရွာစွန်မှာ တစ်ယောက်တည်းနေပြီးတော့ ပညာတွေနဲ့ သူများခိုင်းတာတွေကို လုပ်ပေးတဲ့သူတဲ့ကွ"

"ဟုတ်ရဲ့လား ဘကြီးပြုံးရာ"

"ဟုတ်မဟုတ်ကတော့ မင်းအိမ်ကိုပြန်ပြီးတော့ မင်းလူကြီးကို မင်းပြန်မေးကြည့်တော့ သိမှာပေါ့ကွာ"

ကျုပ်ဖြင့်စိတ်ထဲ စနိုးစနောင့်ဖြစ်သွားတယ်၊ ဘကြီးပြုံးစကားဆိုတော့လည်း ပယ်ရှားလို့မကောင်းဘူးဗျ၊ ဘကြီးပြုံးက သမာသမတ်ကျတဲ့လူဗျ၊ တော်ရုံတန်ရုံ သူများမကောင်းကြောင်းပြောတဲ့လူမဟုတ်ဘူး၊ တစ်ဖက်ကကြည့်ပြန်တော့လည်း ဦးဖိုးစီက ကျုပ်အပေါ်ကောင်းပါတယ်ဗျာ၊ သူတို့ပြောသလို ဟုတ်ပါ့မလားဆိုပြီးတော့ ကျုပ်လည်းတွေဝေနေမိတယ်။

"ဒါနဲ့ မင်းက ဘာကိစ္စဒီလူကြီးကို သွားခေါ်လာရတာလဲကွ"

"ဘာရယ်မဟုတ်ပါဘူးဗျာ၊ အမေ့ကို သူများပြုစားတယ်ဆိုပြီး ထင်နေလို့ သူများကုနိုင်မလားဆိုပြီး သွားခေါ်လာတာပါ"

"အေး၊ မင်းကတော့ လုပ်တော့မယ်၊ နေစမ်းပါအုံး ဖိုးစီကအထက်လမ်းဆရာပါလို့ မင်းကိုဘယ်သူပြောလိုက်တာလဲကွ"

ကျုပ်လည်း ကျုပ်တို့နဲ့ထမင်းအတူတူထိုင်စားနေတဲ့ ကိုသုန်ကိုလက်ညှိုးထိုးပြလိုက်တော့တယ်၊ ကိုသုန်က သွားတွေဖြဲပြီးတော့ ဘကြီးပြုံးကိုကြည့်တယ်ဗျ။ ဘကြီးပြုံးဒေါသတွေ ဆောင့်တက်လာတယ်ထင်ပါရဲ့ဗျာ၊ မျက်နှာကြီးကို နီတက်လာတာပဲ။

"ဟေ့ကောင် ငသုန်၊ ငါမင်းကိုပြောထားတယ်မဟုတ်လား၊ မင်း အောင်ရှိန်ကိုမဟုတ်တာတွေမပြောပါနဲ့လို့ ငါမှာထားတယ်မဟုတ်လား"

"ဟာ၊ အဖေကလည်းဗျာ၊ ကျုပ်က ဒီအတိုင်းပဲပြောလိုက်တာပါ"

"အပိုတွေမပြောနဲ့ မင်းပြောလို့ဖြစ်ရတာ"

ဘကြီးပြုံးက ထမင်းစားနေတုန်း ထမင်းပန်းကန်ချပြီးတော့ ပုဆိုးပြင်ဝတ်တယ်ဗျ၊ ဒါနဲ့ ကိုသုန်ကလည်း သူ့အဖေအကြောသိပြီးသားဆိုတော့ ထမင်းပန်းကန်တောင်လက်ကနေမချဘဲ ယာခင်းထဲကိုထပြေးတော့တာပဲဗျာ၊ သူတို့သားအဖကိုကြည့်ရင်း ကျုပ်ဖြင့် ငိုရခက်၊ ရယ်ရခက်ကြီးပါဗျာ။

(၂)

ညနေနေစောင်းတာနဲ့ ကျုပ်လည်းယာခင်းထဲကနေ ပြန်လာခဲ့တော့တယ်၊ အမေကတော့ သနပ်ခါးအဖွေးသားနဲ့ ဦးဖိုးစီကြီးနဲ့ ကွပ်ပျစ်မှာထိုင်ပြီး စကားပြောနေပါရောလား၊ ကျုပ်လည်း ခြေလက်ဆေးပြီးတော့ ဦးဖိုးစီကြီးအနားကိုကပ်ခဲ့တယ်။

"ကျုပ်လည်း မေးမယ် မေးမယ်နဲ့ မမေးဖြစ်သေးပါဘူး ဆရာကြီးရာ"

"မင်းက ဘာသိချင်လို့လဲကွ"

"ဆရာကြီးက ဘာပညာတွေသုံးတာလဲဆိုတာကို ကျုပ်သိချင်နေတာပါ"

ဦးဖိုးစီက ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့

"ငါတို့အသုံးပြုနေတဲ့ပညာက အထက်လမ်းပညာရပ်ပေါ့ကွာ"

ကျုပ်လည်း ခေါင်းညိတ်ရင်း

"အထက်လမ်းဆိုတော့ ဘယ်လိုင်းကိုခေါ်တာလဲ ဆရာကြီးရဲ့၊ ပြီးတော့ ဂိုဏ်းတွေဘာတွေများ ရှိသေးလားဗျ"

ဦးဖိုးစီက တစ်ချက်တည်သွားတယ်ဗျ၊ နောက်တော့မှ ကျုပ်ကိုကြည့်ပြီး

"အိုကွာ၊ ဒါတွေမသိချင်စမ်းပါနဲ့"

"လုပ်ပါဗျာ၊ ကျုပ်သိချင်လွန်းလို့ပါဗျ"

"ဟေ့ကောင် အောင်ရှိန်၊ ငါက မသိချင်နဲ့ဆိုရင် မသိချင်စမ်းနဲ့၊ ငါတို့ပညာတွေကို တခြားလူတွေသိခွင့်မရှိဘူး၊ သင်ခွင့်မရှိဘူးကွ၊ ဒီပညာတွေကို ငါတို့ကလှို့ဝှက်ထားရတယ်၊ လူသိခံလို့မရဘူး"

"ဗျာ၊ လူသိခံလို့မရဘူးဆိုတော့ မကောင်းတဲ့ပညာတွေများလား"

"တိတ်စမ်းအောင်ရှိန်၊ မဟုတ်တာတွေ မေးမနေနဲ့တော့"

ဦးဖိုးစီက အမေ့ဘက်ကိုလှည့်ကြည့်ပြီးတော့

"ဒီမှာ မယ်လုံး၊ နင့်သားကို ကိုယ်နဲ့မဆိုင်တဲ့နေရာတွေမှာ ဝင်မစပ်စုဖို့ သင်ထားပေးစမ်း"

သိပ်လည်တဲ့လူကြီးဗျာ၊ ကျုပ်ကိုအမေနဲ့လှည့််တိုက်ပေးပါရော၊ အမေကလည်း ကျုပ်ကိုသူ့အရှေ့မှာတင်ဆူတယ်ဗျ၊ ကျုပ်လည်း မခံချင်တာနဲ့ ထလာခဲ့တာပေါ့ဗျာ။

"ဘကြီးပြုံးပြောတာ ဖြစ်နိုင်တယ်၊ ဒီလူကြီးက တစ်ခုခုတော့ တစ်ခုခုပဲ"

ဒါနဲ့ အဲဒီရက်တော့ ကျုပ်အသေအချာလေ့လာဖို့ ဆုံးဖြတ်လိုက်တယ်၊ ဒီလူကြီးက ဘုရားစင်ရှေ့သာနေတာ ဘုရားကိုတစ်ချက်ဦးမချဘူးဗျာ၊ ကျုပ်လည်း သူ့ကိုစမ်းသပ်ရအောင်ဆိုပြီးတော့ ဘုရားသောက်တော်ရေခွက်ကိုစွန့်ယူလိုက်ပြီးတော့ သောက်တော်ရေဖြည့်ပြီးတာနဲ့ သူ့ကိုသွားပေးလိုက်တယ်။

"ဆရာကြီး ဘုရားကိုသောက်တော်ရေ ကပ်လိုက်ပါအုံးဗျာ"

ဦးဖိုးစီက ကျုပ်ကိုမျက်လုံးအပြူးသားနဲ့ကြည့်နေတယ်ဗျ၊ ကျုပ်က သောက်တော်ရေခွက်ကိုလှမ်းပေးလိုက်တော့ အဲဒီခွက်ကိုယူပြီး ပြတင်းပေါက်ကနေ အပြင်ကိုလွှင့်ပစ်လိုက်တယ်ဗျာ။

"ဟာ၊ ဆရာကြီး သောက်တော်ရေခွကို ဘာလုပ်တာလဲဗျ"

ဦးဖိုးစီက ကြောင်စီစီနဲ့

"မဟုတ်ဘူး၊ ဒီသောက်တော်ရေခွက်ကို သူများအစီအရင်လုပ်ထားတယ်၊ အဲဒီခွက်ကိုမသုံးနဲ့ တခြားခွက်သုံးရတယ်၊ ပြီးတော့ သောက်တော်ရေဆိုတာ အိမ်သားပဲကပ်ရတယ်၊ သူစိမ်းဧည့်သည်ကို မကပ်ခိုင်းကောင်းဘူးကွ မှတ်ထား"

ကျုပ်လည်း သိလိုက်ပါပြီ၊ ဒီလူကြီးက တစ်ခုခုဆိုတာ

"ဒါဖြင့် ဆရာကြီးရယ်၊ ဆရာကြီးတို့အထက်လမ်းဂိုဏ်းက ဘုရားမရှိခိုးဘူးထင်ပါရဲ့၊ ကျုပ်ဖြင့် ဆရာကြီးတစ်ခါမှ ဘုရားရှိခိုးတာ မမြင်ဖူးဘူး"

အမေကလည်း အနားလာထိုင်တယ်ဗျ၊ ဦးဖိုးစီက အမေ့ကိုတွေ့တော့ အချိုးပြောင်းသွားတယ်ဗျာ၊

"ဟာကွာ၊ ငါရှိခိုးပါတယ်၊ မင်းက မတွေ့လို့နေမှာပါကွာ၊ ကဲ ကဲ အခုဘုရားရှိခိုးလိုက်အုံးမယ်"

ဦးဖိုးစီက ဘုရားကိုလက်အုပ်တောင်မချီဘဲနဲ့ လက်နှစ်ဖက်ကိုအောက်ချပြီးတော့ ပါးစပ်က တဖွဖွရွတ်တယ်ဗျ။ ကျုပ်လည်း မနေနိုင်တာနဲ့

"ဆရာကြီး၊ ဘုရားရှိခိုးတာကလည်း ပါးစပ်ကမရွတ်ဘူးနော်"

"အေးကွ၊ ငါတို့ဂိုဏ်းက ပညာနဲ့ ဘုရားရှိခိုးတာဆိုတော့ သူများတွေကြားလို့မကောင်းဘူးကွ"

"ဒါဖြင့်ရင် လက်အုပ်လည်းချီစရာမလိုဘူးပေါ့"

ဦးဖိုးစီက မျက်နှာပျက်သွားပြီးတော့ ခေါင်းညိတ်လိုက်တယ်ဗျာ၊ ဟုတ်တော့ဟုတ်နေပါပြီ၊ ဒီအတိုင်းဆို ဒီလူကြီးက အထက်လမ်းဆိုတာ ယုံရခက်သားဗျ၊ ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူးဗျို့၊ ဒါနဲ့ ဗဟုသုတများတဲ့ ဘကြီးပြုံးဆီကို ပြေးပြီးတိုင်ပင်ရတော့တယ်။ ကျုပ်လည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့ ဘကြီးပြုံးက အံကြိတ်ပြီးတော့

"ငါထင်သားပဲ၊ ငါထင်ရင်လွဲခဲတယ်"

"ဒါဖြင့်ရင် ဘယ်လိုလုပ်ကြမလဲ ဘကြီးပြုံး"

"သူမင်းအိမ်ကနေ ထွက်သွားအောင်လုပ်ရမယ် အောင်ရှိန်ရေ၊ အဲဒါအရေးကြီးတယ်၊ အောက်လမ်းကိုအိမ်ခေါ်တင်ထားတယ်ဆိုတာ အချိန်မရွေး မကောင်းတာဖြစ်သွားနိုင်တယ်ကွ"

"ဘယ်လိုလုပ်ကြမလဲဗျာ"

"နေအုံး၊ စိုင်ဒူးရွာမှာ ငါ့အသိဦးသူတော်တစ်ယောက်ရှိတယ်ကွ၊ သူက စုန်းတွေ၊ အောက်လမ်းတွေကို နိုင်တယ်လို့ကြားဖူးတယ်၊ ငါအခုပဲ လှည်းပြင်ပြီးတော့ ဦးသူတော်ကိုသွားပင့်မယ်၊ ဦးသူတော်ရောက်လာရင် မင်းတို့အိမ်မှာထားမယ်ကွာ၊ သူတို့နှစ်ယောက် ဘယ်လိုဖြစ်ကြမလဲဆိုတာ ငါတို့ စောင့်ကြည့်ကြတာပေါ့"

ကျုပ်လည်း ဘကြီးပြုံးအကြံကိုခေါင်းညိတ်လိုက်မိတယ်ဗျ။ ဘကြီးပြုံးက ချက်ချင်းလှည်းကောက်ပြီးတော့ ကိုသုန်ကိုမောင်းခိုင်းတယ်ဗျာ၊ ကျုပ်လည်း လုပ်စရာမရှိတာနဲ့ လှည်းပေါ်တက်ပြီးတော့ သူတို့နဲ့အတူတူလိုက်လာခဲ့တာပေါ့။

(၃)

နှစ်နာရီလောက်လှည်းမောင်းပြီးတော့ စိုင်ဒူးရွာကိုရောက်လာခဲ့တယ်ဗျ၊ စိုင်ဒူးရွာထိပ်နားမှာ စေတီတစ်ဆူရှိတယ်၊ အဲဒီစေတီဘေးနားမှာတော့ ဇရပ်လိုလို ကျောင်းလိုလိုတစ်ခုဆောက်ထားတယ်ဗျ၊ အဲဒီကျောင်းကလေးအရှေ့မှာ လူတွေလည်း အုံခဲနေတာပါပဲဗျာ။

"ရပြီငသုန်၊ ဒီနားရပ်လိုက်တော့"

ကိုသုန်က လှည်းကိုဇရပ်ဘေးနားက သစ်ပင်ရိပ်မှာရပ်လိုက်တယ်ဗျ၊ ဘကြီးပြုံးနဲ့ကျုပ်လည်း လှည်းပေါ်ကနေ ခုန်ဆင်းပြီးတော့ ဇရပ်ထဲကိုပြေးလာခဲ့တာပေါ့ဗျာ၊ အုံခဲနေတဲ့လူတွေကို တိုးဝှေ့ပြီး အတင်းတိုးလိုက်တော့ အရှေ့မှာ ဝတ်ဖြူစင်ကြယ်ဝတ်ထားတဲ့လူကြီးတစ်ဦးကို တွေ့လိုက်ရသဗျာ၊ ခေါင်းတုံးပြောင်ပြောင်နဲ့ အပေါ်မှာလည်း ချည်သားအင်္ကျီအဖြူဝတ်ထားပြီး အောက်ကလည်း ချည်သားအဖြူထူထူကြီးကို ပုဆိုးလိုလုပ်ပြီးပတ်ထားသဗျာ၊

သူ့အရှေ့မှာတော့ ကောင်လေးတစ်ယောက်က လဲကျနေသဗျ၊ ကောင်လေးက မျက်လုံးကပြူးတူးကြောင်တောင်နဲ့ပွင့်နေပြီးတော့ ဘေးဘီကိုကြည့်နေတယ်ဗျ၊ အဖြူဝတ်ထားတဲ့ ဦးသူတော်က ကောင်လေးရဲ့ငယ်ထိပ်ကိုလက်နဲ့ဖမ်းအုပ်လိုက်တယ်။

"လတ်စသတ်တော့ အောက်လမ်းပညာနဲ့စီရင် တိုက်ထားတာပဲဟေ့၊ ကဲပြောစမ်း ဘယ်လိုဖြစ်ရတာလဲ"

ဦးလေးကြီးတစ်ယောက်က

"ဒီကောင်လေးမနက်က ဆော့နေတာအကောင်းပါဗျာ၊ နေ့လည်ကျတော့မှ သူနဲ့အတူတူဆော့နေတဲ့ကလေးတွေက ကျုပ်ကိုလာခေါ်တာနဲ့ ကျုပ်လည်း လိုက်သွားကြည့်တာ၊ ကျုပ်သားလေးက လမ်းလုံးဝမလျှောက်နိုင်တော့ဘဲ မြေမှာလူးပြီးတော့ အော်နေတာကိုတွေ့ရတာပါပဲ၊ ဘယ်လိုဖြစ်သလဲတော့ ကျုပ်တို့လည်းမသိပါဘူး၊ ဦးသူတော် ကျုပ်သားလေးကို ကယ်ပါဗျာ"

ဦးသူတော်က ခေါင်းတဆတ်ဆတ်ညိတ်ပြီးတော့

"လောကမှာ ဘယ်အရာမှ အကြောင်းမဲ့ဖြစ်တယ်ဆိုတာ မရှိဘူး၊ ယုတ်မှန်းကမ်းမှန်းသိသွားရအောင် ဒီသူငယ်ကိုလုပ်ထားတဲ့ အောက်လမ်းအတိုက်ကို ငါဖော်ပေးမယ်ဟေ့"

ဦးသူတော်က ပြောလိုက်ပြီးတော့ ဘုရားစင်က သောက်တော်ရေကိုစွန့်လိုက်ပြီးတော့ နဖူးမှာကပ်လိုက်တယ်ဗျ။ ပြီးတော့ ရွတ်ဖတ်ပြီးတော့ သူငယ်ရဲ့ငယ်ထိပ်တည့်တည့်အပေါ်ကို အဲဒီဘုရားသောက်တော်ရေခွက်ကိုတင်လိုက်တယ်ဗျ၊ ဘုရားသောက်တော်ရေခွက်က ကြေးနဲ့လုပ်ထားတဲ့ခွက်ကလေးပေါ့ဗျာ၊ ပြီးတာနဲ့အသံနေအသံထားနဲ့

"ဒီကလေးကို တိုက်ခိုက်နှောင့်ယှက်နေတဲ့လူရဲ့ မကောင်းတဲ့ပညာရပ်တွေအကုန်လုံး ဒီခွက်ထဲက ဘုရားရေစင်မှာ နစ်ဝင်စမ်းဟေ့"

အဲဒီလိုပြောပြီးတော့ ရေခွက်ကိုအားလုံးမြင်သာအောင်ပြလိုက်တော့ ရေခွက်ထဲမှာ ဝါးရွက်တစ်ရွက်ပေါ်လာတယ်ဗျာ၊ ဝါးရွက်ချွန်ချွန်လေးက ရေခွက်ထဲမှာ ပေါလောပေါ်နေပါရောဗျာ၊ လူတွေအားလုံးကလည်း အံ့အားသင့်ကုန်ကြတာပေါ့။

"မင်းရဲ့သားကို ဝါးပြီးသားလို့ခေါ်တဲ့ အတိုက်အခိုက်နဲ့လုပ်ထားတာပဲ"

လူနာရှင်ဦးလေးကြီးက ကြောင်စီစီနဲ့

"ခင်ဗျာ၊ ဘာဖြစ်လို့များ ကလေးကိုဒီလိုလုပ်ပါလိမ့်"

ဦးသူတော်က

"ကိစ္စက ဒီလောက်မလွယ်ဘူးကွ၊ ငါ့အထင်တော့ မင်းတို့ကိုမကျေနပ်လို့ တိုက်ခိုက်တာပဲဖြစ်မယ်၊ ဒါပေမယ့် မင်းတို့ကိုမထိဘဲ ကလေးဖြစ်ပုံထောက်တော့ ဝါးပြီးသားအင်းကို အစာထဲထည့်ကျွေးတာနေမယ်၊ သူတို့ကျွေးတဲ့အစာကို မင်းတို့လူကြီးတွေက မစားမိဘဲ ဟောဒီကလေးက စားမိသွားလို့ ဖြစ်တဲ့ပုံနဲ့တူတယ်"

လူနာရှင်ဦးလေးကြီးက တစ်ချက်စဉ်းစားလိုက်ပြီး

"ဖြစ်တော့မဖြစ်နိုင်ဘူးထင်တယ်"

"သေချာစဉ်းစားစမ်းပါ၊ ဒီနေ့မနက် မင်းတို့အိမ်ကို အစားအသောက်တစ်ခုခုလာပို့တဲ့လူများရှိသလား"

"ရှိတော့ရှိပါတယ်၊ ဒါပေမယ့် သူစိမ်းတော့မဟုတ်ပါဘူး၊ ကျုပ်ခယ်မပါ"

"အင်း၊ စဉ်းတော့စဉ်းစားစရာပဲ၊ ဒါဆို ခင်ဗျားတို့ခယ်မနဲ့ ခင်ဗျားတို့နဲ့ကြားမှ ဆက်ဆံရေးအဖုအထစ်တွေဘာတွေများ ရှိသေးလား"

ဦးလေးကြိးက သေချာစဉ်းစားပြီးတော့

"လွန်ခဲ့တဲ့ခြောက်လလောက်ကတော့ မိဘတွေကျန်ခဲ့တဲ့ ယာမြေတွေကို ခွဲဝေရင်း ကတောက်ကဆဖြစ်ခဲ့ဖူးပါတယ်၊ အဲဒီတုန်းက ကျုပ်က သားကြီးသြရသဆိုတော့ မိဘတွေရဲ့ အမွေတွေတော်တော်များများကို လက်ခံရရှိလိုက်ပါတယ်၊ သူတို့က အဲဒီတုန်းကတော့ မကျေနပ်ပါဘူး"

ဦးသူတော်က တစ်ချက်မဲ့လိုက်ပြီးတော့

"ဒါဆို အဲဒါပြီးတော့ရော"

"ကျုပ်နဲ့ကျုပ်ညီနဲ့ မခေါ်မပြောနိုင်တဲ့အထိ ဖြစ်ခဲ့ကြပါတယ်၊ လွန်ခဲ့တဲ့တစ်လလောက်ကတော့ ကျုပ်ညီကကျုပ်ကိုပြန်ခေါ်ပါတယ်၊ သွေးသားဆိုတော့လည်း မခေါ်ဘဲမနေနိုင်ဘူးလို့ ကျုပ်ကထင်တာပဲ"

ဦးသူတော်က ခေါင်းညိတ်ရင်း

"ဟုတ်ပြီ၊ အခုမှတဖြည်းဖြည်းထင်ရှားလာပြီ၊ ဟောဒီအင်းက ဝါးပြီးသားအင်းလို့ခေါ်တယ်ဗျ၊ လူတစ်ယောက်ကို သေရင်သေ၊ မသေရင် ဒုက္ခိတဖြစ်သွားအောင်လုပ်ကိုင်နိုင်တယ်၊ ကျုပ်အထင်တော့ ခင်ဗျားကို ခင်ဗျားခယ်မက အသေလုပ်တာပဲဗျ၊ ပြောစမ်း၊ ဒီမနက်သူလာပို့တဲ့ဟင်းက ခင်ဗျားအကြိုက်ဟင်းမှ ဟုတ်ရဲ့လား"

"ဟုတ်ပါတယ်ဦးသူတော်၊ ခယ်မက သူ့ယောက်ျားမြစ်ထဲက ဖမ်းလို့ရတယ်ဆိုပြီးတော့ ငါးရံ့ဟင်းတစ်ခွက်ချက်ပြီးပို့ပါတယ်၊ ကျုပ်ကလည်း ငါးရံ့ဆိုသိပ်ကြိုက်တာပါ၊ ဒီမနက်တော့ ကျုပ်သားက ကစားရာကနေပြန်လာပြီး ဆာဆာနဲ့ကျုပ်အတွက်ဖယ်ထားတဲ့ ငါးရံ့ဟင်းတွေကို အကုန်ခူးခပ်စားသွားပါတယ်"

"ဟုတ်ပြီ၊ ဝါးရွက်နဲ့ ငါးရံ့နဲ့ဆိုတော့ သိပ်အကြံပိုင်တဲ့လူတွေပဲဗျ"

ဦးသူတော်က ဆက်ပြောတယ်။

"ခင်ဗျားတို့ ညီအကိုကြားထဲရန်တိုက်ပေးတယ်လို့မထင်နဲ့ဗျ၊ ခင်ဗျားအခုဆိုရင်တော့ သဘောပေါက်လောက်ပါပြီ၊ ကျုပ်တာဝန်ကတော့ ချထားတဲ့အင်း၊ ပြုစားထားတဲ့မကောင်းမှုကို ရုတ်သိမ်းပေးရုံပါပဲ၊ ကျန်တာကတော့ ခင်ဗျားတို့ဖာသာ ဆက်ပြီးကြည့်လုပ်ကြပေါ့ဗျာ"

ဦးသူတော်က ပြောဆိုလိုက်ပြီးတော့ သူ့လက်ထဲက ရေခွက်ကိုယူပြီး ပြတင်းပေါက်ကနေ မြေကြီးပေါ်ကိုလှမ်းသွန်ချလိုက်တယ်ဗျ၊ မြေကြီးပေါ်ရောက်တာနဲ့ အဲဒီဝါးရွက်ကလေးက တရှဲရှဲနဲ့အသံမြည်ပြီးတော့ ငါးတစ်ကောင်လို မြေပေါ်မှာခုန်ပေါက်နေပါရောဗျာ၊ ဦးသူတော်က လက်ညှီုးနဲ့လှမ်းထိုးပြီး အော်လိုက်တော့မှ ဝါးရွက်က ကျုပ်တို့မျက်စိအရှေ့မှာတင် သွေ့ခြောက်သွားပြီးတော့ ဖြူဖပ်သွားပါရောဗျာ။

အားလုံးလည်းပြီးသွားရော လူတွေလည်းပြန်ဆင်းကုန်တာပေါ့ဗျာ၊ ဒီတော့မှ ဇရပ်ပေါ်မှာ ဘကြီးပြုံးနဲ့ကျုပ်နဲ့ပဲကျန်ခဲ့တော့တာ၊ ဦးသူတော်က ဘကြီးပြုံးကိုကြည့်ပြီးတော့

"အို၊ ကိုပြုံးပါလား၊ ခင်ဗျားရောက်နေတာတောင် ကျုပ်သတိမထားမိဘူး၊ လာဗျာ၊ လာထိုင်"

ဘကြီးပြုံးနဲ့ ဦးသူတော်နဲ့က တစ်ယောက်နဲ့တစ်ယောက် သိပုံရတယ်ဗျ၊ ကျုပ်တို့လည်း ဇရပ်ကြမ်းပြင်မှာ ထိုင်ချလိုက်တာပေါ့ဗျာ။

"ဆိုစမ်းပါအုံးဗျ၊ ဘာကိစ္စနဲ့ဒီဘက်လှည့်လာတာလဲ"

"ကိစ္စကတော့ ဦးသူတော်ကိုလာပင့်တာပါ"

ဦးသူတော်က ခေါင်းခါရင်း

"ကိုပြုံးရေ၊ ကျုပ်ကတော်ရုံဆို အိမ်လိုက်ကုလေ့မရှိတာ ကိုပြုံးသိမှာပါ"

"ဟုတ်ပါတယ်ဦးသူတော်၊ ဒါပေမယ့် ကျုပ်နဲ့ဦးသူတော်နဲ့ခင်မင်ခဲ့တဲ့ မျက်နှာကိုထောက်ပြီးတော့ ဒီတစ်ခါတော့ ကျုပ်ကိုကူညီစေချင်ပါတယ်"

ဦးသူတော်က ခေါင်းညိြတ်ပီး

"ကဲပြောဗျာ၊ ဘာဖြစ်တာလဲ"

"ကိစ္စကတော့ ဆိုးပါတယ်၊ ဒီကလေးအဖေသေသွားပြီးတော့ အခု သူတို့အိမ်ကို အောက်လမ်းဆရာတစ်ယောက် ရောက်နေလို့ပါ"

"အောက်လမ်းဆရာကိုများ အိမ်ပေါ်ခေါ်တင်ရတယ်တဲ့ကွာ၊ မင်းတို့တော်တော်မိုက်တဲ့ကောင်တွေပဲ"

ကျုပ်လည်း ဝင်ပြောရတာပေါ့ဗျာ။

"ဟုတ်ပါတယ်၊ အဲဒါ ကျုုပ်အမှားပါဆရာကြီး၊ ကျုပ်က ဘုမသိဘမသိနဲ့ သူ့ကိုအိမ်ပေါ်ခေါ်တင်ခဲ့မိတာပါ"

"အခု သူကမပြန်ချင်တော့ဘူးဆိုပါတော့"

ဘကြီးပြုံးက ခေါင်းညိတ်လိုက်တယ်။

"မင်းတို့က ငါ့ကိုအဲဒီအောက်လမ်းဆရာကို နှင်ခိုင်းချင်ပုံရတယ်"

"မှန်ပါတယ် ဦးသူတော်"

"အေးအေး၊ ဒါဆိုရင်လည်း ငါလိုက်ခဲ့မယ်၊ အချိန်ကြာကြာတော့မရဘူးဟေ့၊ မနက်ဖြန်မနက် မြို့ထဲမှာ ငါချိန်းထားတာတစ်ခုရှိသေးတယ်ကွ၊ ဒီတော့အခုပဲလိုက်ခဲ့မယ်"

"ဆ၊ ဆရာကြီး တစ်ညတည်းနဲ့ ဟိုအောက်လမ်းဆရာကို ဆရာကြီးက နှင်ထုတ်နိုင်မှာလား"

ကျုပ်က မယုံသင်္ကာနဲ့မေးလိုက်သေးတယ်ဗျ၊ ဦးသူတော်က ပြုံးနေရင်း

"ဒါပေါ့ကွ၊ အောက်လမ်းတစ်ကောင်လောက်ကို မောင်းထုတ်ဖို့က တစ်ညမပြောနဲ့ ဆယ်မိနစ်တောင် ကြာမယ်မထင်ဘူးဟေ့"

"ဝမ်းသာလိုက်တာဆရာကြီးရယ်"

"ဦးသူတော်၊ ဒါဆို အခုပဲ ကျုပ်တို့ရွာကိုလိုက်ခဲ့တော့ဗျာ၊ ဒီတစ်ညတော့ အဲဒီအောက်လမ်းဆရာနေတဲ့ သူတို့အိမ်မှာတည်းခိုပြီးတော့ အဲဒီဆရာကိုမောင်းထုတ်ပေါ့ဗျာ"

"စိတ်ချပါကိုပြုံး၊ ကျုပ်ဒီတစ်ခါတော့ ကိုပြုံးမျက်နှာနဲ့ ကူညီပေးလိုက်ပါ့မယ်"

ဒါနဲ့ပဲ ကျုပ်တို့တွေလှည်းပေါ်တက်ပြီးတော့ ရွာကိုပြန်လာခဲ့ကြတာပေါ့ဗျာ၊

(၄)

"အမေရေ၊ အမေ၊ ဒီမှာ ဧည့်သည်ပါလာတယ်အမေရ"

ကွပ်ပျစ်ပေါ်မှာထိုင်နေတဲ့အမေက ကျုပ်ကိုအထူးအဆန်းနဲ့ကြည့်တယ်၊ အဲဒီကွပ်ပျစ်ပေါ်မှာပဲ ဦးဖိုးစီက မိန့်မိန့်ကြီးထိုင်နေပြီးတော့ အမေချကျွေးတဲ့ ပဲလှော်တွေ၊ ပေါက်ပေါက်ဆုပ်တွေကို စားနေတာပေါ့ဗျာ၊ ဘကြီးပြုံးက လှည်းပေါ်ကနေဆင်းလိုက်ပြီးတော့ ဦးသူတော်ကို တလေးတစားနဲ့ ခေါ်လာခဲ့သဗျ၊ အမေက ဦးသူတော်ကိုတွေ့တာနဲ့

"ဟာ၊ ဒီကောင်လေးကတော့ လုပ်ချလာပြန်ပြီ၊ ဘယ်က ဆရာအစုတ်အပဲ့တွေခေါ်လာပြန်ပြီလဲမသိဘူး"

ဘကြီးပြုံးက

"ဟဲ့ မိလုံးရဲ့၊ ဒီဧည့်သည်က နင့််သားခေါ်လာတာမဟုတ်ဘူး၊ ငါခေါ်လာတာဟဲ့"

"ဘကြီးပြုံးခေါ်လာတယ်ဆိုရင်လည်း ဘကြီးပြုံးအိမ်မှာထားပေါ့တော်၊ ကျုပ်အိမ်မှာ ဧည့််သည်တစ်ဦး ရှိနှင့်နေပြီးသားမဟုတ်လား"

"အိုဟာ၊ ငါကခေါ်ထားဆိုရင် ခေါ်ထားလိုက်ပေါ့ မိလုံးရ၊ နင်ဘာတွေ စကားများနေတာလဲ"

ဘကြီးပြုံးက ဦးသူတော်ဘက်ကိုလှည့်ပြီးတော့ ပျာပျာသလဲနဲ့

"ဦးသူတော်ကြွပါ၊ ဟောဒီကွပ်ပျစ်မှာ ထိုင်ပါ"

ဦးသူတော်က ချောင်းတစ်ချက်ဟန့်လိုက်ပြီးတော့ ကွပ်ပျစ်တစ်ဖက်စွန်းမှာထိုင်တယ်ဗျ၊ ပြီးတော့ ဦးဖိုးစီကို စူးစူးစိုက်စိုက်နဲ့ကြည့်နေပါရောဗျာ၊ ဦးဖိုးစီကလည်း ရေနွေးကြမ်းခွက်ကိုင်ထားရင်း ဦးသူတော်ကို ပြန်စိုက်ကြည့်တယ်ဗျ၊ သူတို့နှစ်ယောက် အကြာကြီးစိုက်ကြည့်နေတာနဲ့ ကျုပ်နဲ့ဘကြီးပြုံးလည်း တစ်ခုခုထူးခြားနေပြီဆိုပြီးတော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်နေမိတာပေါ့ဗျာ။

သူတို့က အတော်အကြာကြီးစိုက်ကြည့်ပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ရယ်မောလိုက်ကြပြန်တယ်ဗျ။

"ဘယ်သူများလဲလို့ မောက်ရွာက ကိုဖိုးစီပါလားဗျ၊ ကျုပ်ဖြင့် ခင်ဗျားငယ်ရုပ်ကို အတော်ပြန်ဖမ်းယူရတယ်ဗျာ"

"ဟုတ်ပ ကိုနောင်ရာ၊ ခင်ဗျားက ဦးသူတော်ဖြစ်နေတာကိုးဗျ"

သူတို့နှစ်ယောက်ကိုကြည့်ရင်း ကျုပ်တို့လည်းထူးဆန်းနေတယ်။

"မထင်မှတ်ထားဘူးဗျာ၊ ကျုပ်တို့နှစ်ယောက် ဆုံမဲ့ဆုံတော့လည်း တစ်အိမ်တည်းမှာ ဧည့်သည်တွေအဖြစ်ပြန်တွေ့ပြီး ဆုံကြတယ်နော်"

"ဟုတ်ပါရဲ့ဗျာ၊ ဒါနဲ့ ဦးသူတော်က ဒီမှာကြာကြာမတည်းဘူးထင်တယ်နော်၊ မနက်ကျရင် ပြန်မယ်မဟုတ်လား"

ဦးသူတော်က ရယ်ကျဲကျဲနဲ့

"ခင်ဗျားလည်း ကြာကြာမတည်းလောက်ပါဘူး၊ ဒီညသန်းခေါင်တော့ ထမပြန်နဲ့အုံးနော်ဗျ"

သူတို့နှစ်ယောက်က ခင်မင်သလိုလိုနဲ့ စကားတွေပြောနေပေမယ့် တစ်ယောက်နဲ့တစ်ယောက်စောင်းချိတ်ပြီး အခြေအနေတွေတင်းမာကုန်တာကို ကျုပ်သိတာပေါ့ဗျာ၊ ဒါနဲ့ ကျုပ်နဲ့ဘကြီးပြုံးလည်း ခေါင်းချင်းဆိုင်ရတော့တယ်၊ ဘကြီးပြုံးကတော့ အခြေအနေအကဲခတ်ကြည့်ရအောင် သူကိုယ်တိုင်ဒီည ကျုပ်တို့အိမ်မှာ စောင့်ကြည့်မယ်တဲ့ဗျာ။

ညနေရောက်တော့ အမေက ထမင်းဝိုင်းပြင်ပေးတယ်ဗျ၊ ကျုပ်တို့တွေအားလုံးအကုန် လက်ဆုံစားကြတာပေါ့ဗျာ။ ထမင်းစားရင်းနဲ့ သူတို့နှစ်ယောက်က ပညာတွေပြိုင်ပါရောဗျာ၊ အရင်ဆုံး ဦးဖိုးစီက ကြက်သားတုံးတစ်တုံးကို ဇွန်းနဲ့နှိုက်လိုက်ပြီးတော့ ဦးသူတော်ထမင်းပန်းကန်ထဲကို ထည့်ပေးလိုက်တယ်ဗျ၊ ပြီးတော့ ရယ်ကျဲကျဲနဲ့

"ကဲ၊ ဦးသူတော်၊ ကျုပ်ကျွေးတဲ့ဟင်းလေး စားကြည့်စမ်းပါအုံးဗျာ၊ ဒီအိမ်ရှင်မိန်းကလေးက ဟင်းချက်တာတော့ သိပ်ကောင်းသဗျ"

ဦးသူတော်ပန်းကန်ထဲကို ကြက်သားတုံးထည့်ပေးတဲ့အချိန် ဦးဖိုးစီက သူ့လက်ညိုးနဲ့ မတော်တဆထိသလိုနဲ့ ကြက်သားတုံးကိုထိလိုက်သေးသဗျ၊ ဥိးသူတော်က ကြက်သားတုံးကိုကြည့်ပြီးတော့ လန့်သွားတယ်၊ ကျုပ်အထင်တော့ ဦးဖိုးစီက ကြက်သားတုံးထဲကို အောက်လမ်းပညာနဲ့ အတိုက်အခိုက်တွေထည့်တာဖြစ်ချင်ဖြစ်မှာဗျ၊ ဦးသူတော်က အပြုံးမပျက်ပါဘူးဗျာ၊ အဲဒီကြက်သားတုံးကို ဖဲ့သလိုလိုနဲ့ လက်နဲ့ထိပြီးတော့ ပွတ်နေသေးတယ်၊ နောက်တော့မှ ကြက်သားတစ်ဖတ်ကိုဖဲ့ပြီး ပါးစပ်ထဲကိုထိုးထည့်လိုက်တယ်။

"ကောင်းပါ့ဗျာ၊ တကယ်စားလို့ကောင်းပါတယ်"

ဦးသူတော်က စားပြပုံထောက်တော့ ဦးဖိုးစီထည့်လိုက်တဲ့အတိုက်အခိုက်တွေကို သူ့ပညာနဲ့ဖယ်ထုတ်လိုက်ပုံရပါတယ်ဗျ၊ တစ်ခါတည်းမှာပဲ ဦးသူတော်က ငရုတ်သီးတစ်တောင့်ကိုယူလိုက်ပြီးတော့ ဦးဖိုးစီပန်းကန်ထဲက စားလက်စထမင်းလုပ်အပေါ်ကို ချပေးလိုက်တယ်ဗျ။

"ဖိုးစီ မင်းငယ်ငယ်ကဆို ထမင်းစားရင် ငရုတ်သီးစိမ်းမြှုပ်ပြီး စားရတာကိုကြိုက်တယ်မဟုတ်လားကွ"

ဦးဖိုးစီတစ်ချက်တွေသွားတယ်ဗျ၊ ထမင်းလုပ်ထဲက ငရုတ်သီးစိမ်းတောင့်ကို လေးငါးချက်လောက်ကိုင်ကြည့်ပြီးတော့ မြှောက်လိုက်ချလိုက်လုပ်နေရင်းနဲ့

"ဟုတ်ပါ့ဗျာ၊ ကိုနောင်ပြောမှပဲ ကျုပ်လည်း ငယ်ဘဝကို သတိရသွားတော့တယ်ဗျို့"

ဦးဖိုးစီက ပြောဆိုပြီးတော့ ငရုတ်သီးစိမ်းတောင့်ကို ထမင်းလုပ်ထဲမြှုပ်ပြီးတော့ စားလိုက်ပါရောဗျာ။ ငရုတ်သီးကပဲ စပ်လို့လား၊ ဦးသူတော်ရဲ့ပညာကြောင့်ပဲလားတော့ မသိဘူးဗျာ၊ ဦးဖိုးစီက ထမင်းစားနေရင်း နဖူးကနေချွေးတွေပြန်လာပါရောဗျာ၊ ဦးဖိုးစီမျက်နှာလည်းတော်တော်မကောင်းဘူးဗျ။ ဒါနဲ့ ဦးဖိုးစီက အရည်သောက်ဘူးသီးဟင်းခါးကို ဇွန်းနဲ့မွှေနေရင်း

"ကဲ ဦးသူတော်ရေ၊ ဟင်းခါးလေးကလည်း သိပ်ကောင်းသဗျ၊ သောက်ကြည့်ပါအုံးဗျာ"

ဘူးသီးဟင်းခါး အရည်ကြည်က ဦးသူတော်မွှေနေရင်း တဖြည်းဖြည်းအနက်ရောင်တွေဖြစ်လာတယ်ဗျ၊ ပြီးတော့ ဦးဖိုးစီက ဇွန်းကိုချပေးလိုက်ပါရော၊ ဦးသူတော်က ဇွန်းကောက်ကိုင်ပြီးတော့ ဟင်းခါးကိုမွှေလိုက်သေးတယ်။ ဦးသူတော်သုံးချက်လောက်မွှေပြီးတော့ ဟင်းခါးအရောင်က နဂိုအတိုင်းပြန်ဖြစ်သွားတယ်ဗျာ။ ဦးသူတော်က တစ်ဇွန်းခပ်သောက်ရင်း

"အင်း၊ ကောင်းလိုက်တာ၊ မဆိုးပါဘူးကွာ"

ဟင်းခါးနှစ်ဇွန်းခပ်သောက်ပြီးတော့ ဦးသူတော် မျက်နှာပျက်သွားတယ်ဗျ၊ ချွေးတွေလည်း ပြန်လို့ဗျာ၊ နောက်တော့ ချက်ချင်းပဲလက်ဆေးပြီးတော့ လွယ်အိတ်ကိုကောက်လွယ်လိုက်တယ်၊ ကွပ်ပျစ်က ထမလိုလုပ်နေတာနဲ့ ကျုပ်နဲ့ဘကြီးပြုံးလည်းထူးဆန်းနေတာပေါ့ဗျာ။

"ဦးသူတော်၊ ဦးသူတော် ဘယ်သွားမလို့လဲ"

"တော်ပြီ ကိုပြုံး၊ ကျုပ်ပြန်တော့မယ်"

ဦးသူတော်က ပြောရင်းဆိုရင်းနဲ့ ခြေလှမ်းကျဲကြီးနဲ့ ခြံထဲထွက်သွားပါရောဗျာ၊ ကျုပ်နဲ့ဘကြီးပြုံးလည်း လက်မဆေးဘဲ ဦးသူတော်အနောက်ကိုထလိုက်လာခဲ့တာပေါ့၊ ဦးဖိုးစီကတော့ ထမင်းစားနေရင်း

"ဟာ၊ ကိုနောင်၊ ခင်ဗျားအရေးကြီးတယ်ဆိုရင်လည်း ထမင်းလေးတော့ ပြီးအောင်စားသွားပါအုံးဗျ၊ ဟား၊ ဟား"

ဦးဖိုးစီက လှမ်းပြီးခနဲ့လိုက်သေးတယ်ဗျ၊ ဒီအချိန်ဦးသူတော်က ခြံအပြင် ရွာလမ်းမဘက်ကို ထွက်သွားပြီပေါ့ဗျာ၊ ဦးသူတော်က အပြေးတစ်ပိုင်းနဲ့သွားနေတာမို့လို့ ကျုပ်နဲ့ဘကြီးပြုံးက အနောက်ကနေ အပြေးလိုက်သွားရတယ်။

"ဦးသူတော်၊ ဘာဖြစ်တာလဲ"

ဘကြီးပြုံးအမေးကို ဦးသူတော်က လက်ကာပြပြီးတော့ ဆက်သွားတယ်ဗျ၊ ရွာအပြင်ရောက်ခါနီးတော့ ဦးသူတော်ခြေလှမ်းတွေယိုင်လာတယ်ဗျာ၊ ဒါနဲ့အနားက သစ်ပင်တစ်ပင်ကိုလက်နဲ့ကိုင်လိုက်ပြီးတော့ ထိန်းထားတယ်၊ ဒီအချိန်သူ့ပါးစပ်ထဲက သွေးတွေဝေါခနဲအန်ကျလာပါရောဗျာ၊ ကျုပ်နဲ့ဘကြီးပြုံးလည်း မျက်လုံးအပြူးသားနဲ့ကြည့်နေမိတယ်။ ဘကြီးပြုံးက ဦးသူတော်ကျောကုန်းကို အသာပြေးထုရင်း

"ဦးသူတော်၊ အဆင်ပြေရဲ့လား"

ဦးသူတော်က ခေါင်းခါတယ်၊ ပြီးတော့ သူ့လွယ်အိတ်ထဲက ဝါးကျည်တောက်အသေးလေးကိုထုတ်တယ်၊ ဝါးကျည်တောက်ထဲက ဆေးလုံးကလေးတွေထုတ်ပြီးတော့ ပါးစပ်ထဲကိုပစ်သွင်းလိုက်တယ်ဗျ၊ အမောဖောက်နေသေးလို့ ခဏစောင့်နေရသေးတယ်။ တော်တော်ကြာတော့မှ ဦးသူတော်နည်းနည်းသက်သာသွားတယ်။

"ခင်ဗျား၊ ခင်ဗျားတို့ အမှားကြီးမှားပြီ၊ ဖိုးစီဆိုတဲ့ကောင်ကို ကျုပ်မနိုင်ဘူး"

"ဟာဗျာ၊ ဦးသူတော်က သူ့ကိုမနိုင်ဘူးလား"

"ငါနဲ့သူနဲ့က တစ်ချိန်က ဘုန်းကြီးကျောင်းမှာ အတူတူကျောင်းတက်ခဲ့တဲ့သူတွေပါ၊ ဒါပေမယ့် အယူအဆမတူတော့ နောက်ပိုင်းလမ်းတွေကွဲသွားတယ်၊ ဖိုးစီက အောက်လမ်းပညာကို လေ့လာလိုက်စားပြီးတော့ ငါကအထက်လမ်းပညာရပ်ကို လိုက်စားခဲ့တယ်ပေါ့ကွာ၊ အဟွတ် . . ."

ဦးသူတော်က ရင်ဘတ်ကိုထုရင်းချောင်းဆိုးလိုက်သေးတယ်။

"ဒါပေမယ့် အခုတော့ ဖိုးစီရဲ့ပညာရပ်တွေက တော်တော်ကိုမြင့်နေပြီ"

ကျုပ်လည်း ထူးဆန်းသွားတာနဲ့။

"မဟုတ်တာပဲ ဦးသူတော်ရာ၊ အထက်လမ်းက အောက်လမ်းကိုနိုင်တယ်မဟုတ်လား"

"ဒါက ယေဘုယျပြောတာပါကွာ၊ တကယ်ကတော့ ပညာရပ်ဆိုတာ မီးနဲ့ရေလိုပဲ၊ မီးများမီးနိုင် ရေများရေနိုင်ဆိုသလိုပေါ့၊ ပညာရပ်အဆင့်ပိုမြင့်တဲ့သူက ပိုသာစမြဲပဲ၊ ဖိုးစီပညာက မြင့်နေပြီဆိုပေမယ့် ငါသတိမထားမိလိုက်တာလဲပါတယ်"

"ဘယ်လိုသတိမထားမိတာလဲ"

"သူက ဟင်းရည်ကိုအောက်လမ်းထည့်ထားရုံမကဘူးကွ၊ ဇွန်းကိုလည်း အောက်လမ်းပညာနဲ့လုပ်ထားတာ ငါက ဟင်းရည်ကိုလုပ်ထားတယ်ဆိုတဲ့အမှတ်နဲ့ ဟင်းရည်ကိုပညာချေဖျက်နိုင်ခဲ့ပေမယ့် ဇွန်းမှာလုပ်ထားတဲ့ပညာကိုတော့ ငါက သတိမထားခဲ့မိလိုက်ဘူး၊ ဇွန်းမှာလုပ်မယ်လို့လဲ မထင်ထားခဲ့တာလဲ ပါတာပေါ့ကွာ၊ ဟင်းသောက်ဇွန်းကိုကျတော့ ချက်ချင်းစီရင်လို့မရဘူးကွ၊ အချိန်သုံးရက်လောက် ကြိုတင်ပြီး စီစဉ်ထားရတာ၊ ဒီတော့ ဖိုးစီက မင်းတို့အိမ်က ဇွန်းတွေကိုပါ ပညာစက်တွေထည့်ထားပြီးသားဆိုတော့ မင်းတို့သားအမိ သတိသာထားဟေ့"

ဦးသူတော်က ဆက်သွားတော့ ဘကြီးပြုံးကလည်း

"ဦးသူတော်ဒီအတိုင်းမပြန်ပါနဲ့၊ ကျုပ်လှည်းဆင်ပြီး လိုက်ပို့ပါ့မယ်"

ဦးသူတော်က လက်ကာပြပြီးတော့ တစ်ယောက်တည်း ဘောက်ဆတ်ဘောက်ဆတ်နဲ့ လျှောက်သွားတော့တာပါပဲဗျာ။ ဘကြိးပြုံးက ခေါင်းကုပ်ရင်း

"ငါတို့တော့ ငါးပါးမှောက်ပြီထင်တယ် အောင်ရှိန်ရေ"

"ကျုပ်တို့ဘယ်လိုဆက်လုပ်ကြမလဲ ဘကြီးပြုံး"

"ငါလည်းမသိတော့ဘူးကွာ၊ ဦးသူတော်တောင် ထွက်ပြေးရတယ်ဆိုတော့ မင်းလူက တော်တော်ဆိုးတဲ့လူပဲကွ၊ ငါလည်း မကြံတတ်တော့ဘူး"

ကျုပ်က အံကြိတ်လိုက်ရင်း

"နေစမ်းပါဗျာ၊ သူတို့ပညာတွေနဲ့မရရင် ကျုပ်တို့အရပ်နည်းနဲ့ နှင်ကြတာပေါ့၊ သူက ဧည့်သည်ပဲဗျ၊ ဧည့်သည်ဆိုတာ အိမ်ရှင်မထားရင် နေလို့မရဘူးမဟုတ်လား၊ သူ့ကို ကျုပ်နှင်ထုတ်မယ်ဗျာ"

ဘကြီးပြုံးနဲ့ကျုပ်နဲ့ ရွာထဲကိုပြန်ဝင်ခဲ့ကြပါရောဗျာ။

(၅)

အိမ်ကိုပြန်ဝင်လာတော့ ဦးဖိုးစီက မိန့််မိန့်ကြီးထိုင်လို့ဗျ။ ကျုပ်တို့လည်းခြံထဲကိုဝင်လိုက်ရော ဦးဖိုးစီက ဘကြီးပြုံးကိုကြည့်ပြီး

"သြော်၊ လတ်စသတ်တော့ ခင်ဗျားလက်ချက်ကိုးဗျ၊ ခင်ဗျားက ခင်ဗျားလူကို သိပ်စွမ်းတယ်ထင်ပြီး ဒီကိုခေါ်လာတယ်ပေါ့"

ဘကြီးပြုံးက ကြောက်ကြောက်လန့်လန့်နဲ့

"မ . . . မဟုတ်ပါဘူး"

"ဘာအခုမှ ဗြောင်ငြင်းနေတာလဲ၊ ခင်ဗျားတို့ သူ့ကိုခေါ်ပြီး ဒီအိမ်မှာအတူထားမယ်၊ ကျုပ်နဲ့သူနဲ့ ပညာခန်းပြိုင်ပြီး ကျုပ်ရှုံးရင် ကျုပ်ကိုဒီအိမ်က နှင်မယ်ဆိုပြီးတော့ ကြံထားတာမဟုတ်လား"

ဘကြီးပြုံး ဘာမှမပြောနိုင်တော့ဘူးဗျ။

"ခင်ဗျားတို့ကို ကျုပ်ကသနားလို့ လွှတ်ထားတာကို ခင်ဗျားတို့က သိပ်ပြီးရောင့်တက်ချင်ကြတယ်၊ ဟေ့အဘိုးကြီး၊ ဖိုးစီဘယ်လောက်စွမ်းတယ်ဆိုတာ ခင်ဗျားသိစေရမယ်ဟေ့"

ဘကြီးပြုံးလည်း ခြံထဲကနေထွက်ခဲ့တော့တယ်ဗျ၊ အချိန်က နွားရိုင်းသွင်းချိန်ရောက်ပြီဆိုတော့ စားကျက်မှာလွှတ်ကျောင်းထားတဲ့နွားတွေကို နွှွားကျောင်းသားတွေက ပြန်သွင်းနေကြတာပေါ့ဗျာ၊ အဲဒီအထဲက နွားသိုးတစ်ကောင်က နွားကျောင်းသားလက်ကနေ အတင်းရုန်းတယ်ဗျ၊ နွားကျောင်းသားကလည်း နွားသိုးရဲ့ကြိုးကို အားနဲ့ဆွဲတာပေါ့ဗျာ၊ ဒါပေမယ့် နွားသိုးက အားသန်တာမို့လို့ နွားဆွဲတဲ့ကြိုးက ထောင်းခနဲပြတ်ထွက်သွားတယ်။

နွားကျောင်းသားရဲ့ အော်သံဟစ်သံတွေက ဆူညံသွားတာပဲဗျာ၊ ကျုပ်လည်း ခြံအပြင်ကိုပြေးထွက်လိုက်တော့ လွတ်သွားတဲ့နွားသိုးက ခြံရှေ့မှာရပ်နေတဲ့ ဘကြီးပြုံးဆီကို တည့်တည့်ပြေးလာသဗျ။

"ဘကြီးပြုံး၊ ပြေး၊ ပြေးတော့"

ဘကြီးပြုံးက မပြေးနိုင်ဘဲ တောင့််တောင့်ကြီးရပ်နေတယ်၊ နွားသိုးကြီးက ချိုကလည်း ထောင်လို့ဗျ၊ ဘကြီးပြုံးကို နွားသိုးက တည့််တည့်ကြီးဝင်ပြီး ခတ်ထည့်လိုက်ပါရောဗျာ၊ အားဘယ်လောက်ပြင်းသလဲဆို ဘကြီးပြုံးတစ်ယောက် လေပေါ်ကိုလွင့်တက်သွားတယ်ဗျ၊

"ဘကြီးပြုံး"

ကျုပ်အသံနက်ကြီးနဲ့အော်ဟစ်လိုက်တယ်၊ ဘကြီးပြုံးက ခပ်လှမ်းလှမ်းမှာ ခွေခွေကလေးကျတယ်ဗျ၊ နွားသိုးက အလွတ်မပေးပါဘူးဗျာ၊ ဘကြီးပြုံးကျသွားတော့ ပြေးသွားပြီးတော့ ချိုနဲ့ဆက်တိုက်ဝှေ့တော့တာပဲဗျာ၊ ဘကြီးပြုံးက နွားဝှေ့တိုင်း ဘောလုံးတစ်လုံးလို လိမ့်လိမ့်ထွက်သွားတယ်ဗျ၊ ရွာထဲက လူတွေဝိုင်းလာကြပြီးတော့ နွားသိုးကို တုတ်တွေ၊ ခဲတွေနဲ့ ဝိုင်းပစ်တယ်၊ နောက်တော့ ကာလသားတစ်ဦးရဲ့လှံချက်က နွားသိုးရဲ့လက်ပြင်ကိုဖောက်ဝင်သွားပြီး နွားသိုးကြီး ခွေကျသွားတော့တာပါပဲ၊ ကာလသားတွေ နွားသိုးကို ဓါးနဲ့ဝိုင်းခုတ်တော့ နွားသိုးကြီးလည်း အပိုင်းပိုင်းပြတ်ထွက်သွားတော့တယ်။

"ဘကြီးပြုံး၊ ဘကြီးပြုံး"

ကျုပ်လည်း ဘကြီးပြုံးရဲ့အနားကိုပြေးသွားလိုက်တယ်၊ ဖုန်တွေတထောင်းထောင်းထနေတဲ့ မြေပြင်အလယ်မှာ ဘကြီးပြုံးက ခွေခွေကလေး လဲကျလို့ဗျ၊ ရင်ဘတ်တွေပေါက်ထွက်ပြီး အူတွေကလီစာတွေက မြေပေါ်မှာ ပြန့်ကျဲနေတာပါပဲဗျာ၊ ကျုပ်လည်း ဘကြီးပြုံးကို ဖက်ပြီးငိုနေမိတယ်ဗျ၊ ဘကြီးပြုံးက အသက်ငွေ့ငွေ့တော့ရှိသေးတယ်။

"အဲဒါကျုပ်ကြောင့်ပါဘကြီးရာ၊ ဒါတွေအကုန်လုံးက ကျုပ်စခဲ့တဲ့ဇာတ်လမ်းတွေပါ"

ဘကြီးပြုံးက ကျုပ်မျက်နှာကိုကြည့်ရင်း

"အောင်ရှိန် . . . မင်း . . မင်း"

ဘကြီးပြုံးက ဒီလောက်ပဲပြောနိုင်တော့တယ်ဗျာ၊ ရွာသားတွေဝိုင်းအုံလာပြီးတော့ ဘကြီးပြုံးကိုသယ်ကြတော့ ဘကြီးပြုံးအရိုးတွေက အပိုင်းပိုင်းကျိုးနေလို့ လက်တွေခြေတွေဆိုရင် ပျော့ဖတ်နေသဗျ။ ဘကြီးပြုံးကိုလူတွေသယ်သွားကြတော့ ဦးဖိုးစီက ခြံရှေ့ထွက်ပြီးတော့ လက်ပိုက်ကြည့်ရင်း ပြုံးဖြီးဖြီးကြီးနဲ့ရယ်နေသဗျ၊ ဒါဘယ်သူ့လက်ချက်လဲဆိုတာ ကျုပ်သိလိုက်ပါပြီ၊ ဘကြီးပြုံးကိုမကျေနပ်လို့ ဦးဖိုးစီက သတ်လိုက်တာဖြစ်မှာဗျ။ ဒါနဲ့ကျုပ်လည်း ဘေးဘီကိုကြည့်လိုက်တော့ နွားသိုးအသေကြီးကိုဖျက်နေတဲ့ရွာသားတွေကိုတွေ့လိုက်ရတယ်၊ ရွာသားတစ်ဦးက ဘေးနားမှာ လှံတံချထားတာနဲ့ ကျုပ်လည်း အဲဒီလှံတံကိုပြေးဆွဲယူပြီးတော့ ဦးဖိုးစီဆီကို ပြေးလာခဲ့တော့တာပဲ။

"ဟေ့လူကြီး၊ အဲဒါခင်ဗျားလုပ်တာမဟုတ်လား၊ ခင်ဗျားကြီး တော်တော်ယုတ်မာတဲ့လူပဲ"

"ဟား၊ ဟား၊ ငါကဘာလုပ်လို့လဲကွ၊ ငါ့ဖာသာခြံထဲထိုင်နေတာမဟုတ်ဘူးလား"

"ခင်ဗျားတော်တော်မျက်နှာပြောင်တဲ့လူပဲ၊ ခင်ဗျားကျုပ်အိမ်မှာ မနေနဲ့၊ ကျုပ်အိမ်က ဆင်းစမ်းဗျာ"

"အောင်မာ၊ ငါကဘာလို့ ဒီအိမ်ပေါ်က ဆင်းရမှာလဲကွ၊ ဒီအိမ်က ငါ့အိမ်"

"ခင်ဗျား ပြောလေကဲလေပါလား၊ ခင်ဗျားဆင်းရင်ဆင်း မဆင်းရင်ခင်ဗျားကိုကျုပ်သတ်မယ်"

"ဟား၊ မင်းစွမ်းရင် လုပ်ကြည့်စမ်းပေါ့ကွ"

ကျုပ်လည်းပြောမနေတော့ဘဲ လက်ထဲကလှံကို ကျစ်ကျစ်ပါအောင်ကိုင်ဆုပ်ပြီးတော့ ဦးဖိုးစီဆီကိုပြေးဝင်လာခဲ့တာပေါ့ဗျာ၊ လက်အားကိုသုံးပြီးတော့ ဦးဖိုးစီရင်ဝတည့်တည့််ကို လှံနဲ့ပြေးထိုးထည့်လိုက်ပါရောဗျာ၊ ဦးဖိုးစီက မရှောင်တဲ့အပြင် ခါးထောက်ပြီးတော့ ရင်ကိုကော့ပေးတယ်ဗျ။ ဒါပေမယ့် ကျုပ်လှံသွားက သူ့ရင်ဘတ်ကိုမဖောက်ဘဲနဲ့ သူ့အသားနဲ့ထိတာနဲ့ ရှေ့ဆက်ထိုးမရတော့ဘူးဗျာ၊ မသိရင် ကျောက်တုံးကြီးတစ်တုံးကို လှံနဲ့ထိုးရတဲ့အတိုင်းပဲဗျ။ ဒီတော့မှ ဦးဖိုးစီက ခပ်ယဲ့ယဲ့ပြုံးရင်း

"မင်းက ဒီလောက်နဲ့ငါ့ကိုသတ်လို့ရမယ်လို့ထင်သလားကွ၊ မှတ်ထား အောင်ရှိန်ရ ဓါးလှံလက်နက်လောက်ကတော့ ငါ့ကိုမဖောက်ဘူးကွ"

ဦးဖိုးစီက ပြောပြီးတော့ လှံသွားကိုလက်နဲ့ဖမ်းဆုပ်ကိုင်လိုက်တယ်၊ သူကိုင်လိုက်ပြီးတာနဲ့ ဒီလောက်မာကျောတဲ့လှံကြီးက ဖော့ဖယောင်းလို ပျော့ပြောင်းသွားပြီးတော့ ခွေကျသွားတာပဲဗျာ၊ ကျုပ်ဖြင့် လန့်လွန်းလို့ လှံကိုပစ်ချလိုက်မိတယ်၊ လှံသွားရော၊ လှံအရိုးလုပ်ထားတဲ့ သစ်သားချောင်းပါ မြေပေါ်မှာခွေခွေကြီးဗျ။

"အောင်ရှိန်၊ ငါက မင်းကို သားတစ်ယောက်လို သဘောထားလို့ ဘာမှမလုပ်တာကို မင်းအကောင်းမှတ်မနေနဲ့၊ မင်းဒီအတိုင်းဆက်လုပ်ရင် မင်းရဲ့ဘကြီးသေသလို အရိုးတခြားအသားတခြားဖြစ်ပြီး သေသွားမယ်မှတ်"

ဦးဖိုးစီက ကျုပ်ကိုကြိမ်းမောင်းပါရောလားဗျာ။

"သား၊ အမေ အိမ်ထောင်ပြုတော့မယ်"

ဘကြီးပြုံး မြေချပြီး သုံးရက်လောက်ပဲရှိသေးတယ် အမေက ဒီစကားပြောလာတယ်ဗျ၊ ကျုပ်လည်း ဘကြီးပြုံးအိမ်မှာပဲ နေဖြစ်နေတာ၊ အခုမှ အိမ်ပြန်ရောက်သေးတာဗျာ။

"အမေက ဘယ်သူနဲ့အိမ်ထောင်ပြုမှာလဲ"

"ကိုဖိုးစီနဲ့ အိမ်ထောင်ပြုမှာပါ"

"ဗျာ"

ကျုပ်အသံအကျယ်ကြီးနဲ့အော်လိုက်မိတယ်။

"မဖြစ်ဘူး၊ ကျုပ်ခွင့်မပြုဘူးအမေ"

"ဟဲ့သား၊ ငါက မင်းဆီက ခွင့်ပြုချက်တောင်းနေတာမဟုတ်ဘူး၊ မင်းကိုအသိပေးတာ"

"အမေရာ၊ အဖေသေပြီးတာ လပိုင်းပဲရှိပါသေးတယ်ဗျာ၊ အမေဒီလိုလုပ်တာ မစောလွန်းဘူးလား"

"မိန်းမတွေပဲအေ၊ တစ်ပင်လဲမူ တစ်ပင်ထူတာ ဆန်းသလား"

"အမေဒီလိုလုပ်ရင် ကျုပ်အမေနဲ့ မနေတော့ဘူးနော်ဗျ"

"မနေချင်ရင် ဆင်းသွား၊ သွားချင်တဲ့နေရာသွား"

အမေက စကားကိုခပ်ပြတ်ပြတ်ပြောပြီးဆင်းသွားတယ်ဗျ၊ ဦးဖိုးစီကတော့ အိမ်ဦးခန်းမှာ မိန့်မိန့်ကြီးထိုင်လို့ဗျာ၊ သူတို့လူကြီးတွေဆိုတာက ကိုယ်ထင်ရာကိုယ်လုပ်ကြတဲ့လူတွေမဟုတ်လား၊ ဒီလိုနဲ့ အမေနဲ့ဦးဖိုးစီလည်း ရွာထဲက ရပ်ဆွေရပ်မျိုးတွေကို ဧည့်ခံကျွေးမွေးပြီးတော့ လက်ထပ်လိုက်ကြတယ်ဆိုပါတော့ဗျာ၊ ကျုပ်ကတော့ ဒီလူကြီးဘာဆိုတာကို သိလို့ ဒီလူကြီးနဲ့ မဆုံအောင်နေတယ်ဗျ၊ အမေနဲ့ဒီလူကြီးက ညားခါစလင်မယားတွေပီပီ အိမ်မှာ သာယာနေကြတာကို ကျုပ်မကြည့်ဝံ့ဘူးဗျို့။

စိတ်ညစ်ရင် ကျုပ်ထွက်သွားစရာနေရာဆိုလို့ ယာခင်းထဲပဲရှိတာနဲ့ ယာခင်းထဲဆင်းခဲ့တာပေါ့ဗျာ၊ အခုတော့ ယာခင်းထဲမှာ ဘကြီးပြုံးလည်းမရှိတော့ဘူး၊ ကိုသုန်တစ်ယောက်ပဲရှိတော့တယ်၊ ကိုသုန်က ယာမလုပ်ဘဲ သစ်ပင်တစ်ပင်အောက်မှာထိုင်ပြီး ငေးနေတာနဲ့ ကျုပ်လည်း ကိုသုန်ရဲ့ဘေးနားကို ဝင်ထိုင်လိုက်တာပေါ့ဗျာ။

"ကိုသုန်၊ ဘာတွေငေးနေတာလဲဗျ"

"မဟုတ်ပါဘူးကွာ၊ ငါ့အဖေက ဆူဆူဆဲဆဲဆိုပေမယ့် သူမရှိတော့လည်း သတိရသားကွ"

ကိုသုန်က မျက်လုံးတွေကိုလက်နဲ့ပွတ်လိုက်တယ်။ ကျုပ်လည်း သက်ပြင်းချလိုက်ပြီးတော့

"ကိုသုန်ပြောတာမှန်တယ်ဗျ၊ ကျုပ်က ကျုုပ်အမေကို ယောက်ျားပေးစားသလိုဖြစ်ခဲ့တာပဲ"

ကိုသုန်က ကျုပ်ပုခုံးကိုပြောရင်း

"ငါက စနောက်ပြီးပြောလိုက်တာပါကွာ"

"စနောက်ပြီးပြောပေမယ့် တကယ်ဖြစ်သွားပြီလေ၊ ကျုပ်စိတ်ညစ်တယ်ကိုသုန်ရာ၊ ကျုပ်အိမ်မှာ မနေချင်ဘူးဗျာ"

"မင်းခံစားချက်ကို ငါနားလည်ပါတယ် အောင်ရှိန်ရာ၊ အိမ်မှာမနေချင်ရင် ငါတို့အိမ်လာနေပေါ့ကွ"

"ကိုသုန်တို့အိမ်မှာလည်း မိသားစုတွေအများသားလားဗျ၊ ကျုပ်မနေချင်ပါဘူးဗျာ၊ ကျုပ်က တစ်ဦးတည်းသောသားမို့လို့လားတော့ မပြောတတ်ဘူး၊ အဲဒီလို လူတွေအများကြီးနဲ့ဆိုရင် မနေတတ်ဘူးဗျ"

"ဒါဆို မင်းဘယ်သွားနေမလဲကွ"

"ယာခင်းရှိတာပဲဗျာ၊ ကျုပ် ဒီယာခင်းထဲမှာ တဲထိုးပြီးနေမယ်"

ကိုသုန်တော်တော်အံ့သြသွားတယ်။

"ယာခင်းထဲတော့ မနေပါနဲ့ကွာ"

"ဘာမှမဖြစ်ပါဘူးဗျာ၊ ဒီမှာတစ်ယောက်တည်းနေတာက အိမ်မှာ အမေနဲ့ဟိုလူကြီးနဲ့ အတူနေတာထက်စာရင်တော့ ပိုသာပါတယ်"

"ငါက မင်းအတွက်ပြောတာ အောင်ရှိန်ရ၊ ဒီယာခင်းက သရဲအရမ်းခြောက်တယ်ကွ"

ကျုပ်လည်း သက်ပြင်းချလိုက်ပြီးတော့

"အိမ်မှာ သရဲထက်ကြောက်ဖို့ကောင်းတဲ့လူကြီး ရှိနေတာပဲဗျာ၊ ဒီယာခင်းထဲက သရဲကိုတော့ ထူးပြီးကြောက်မနေတော့ပါဘူးဗျာ၊ ကိုသုန်ကျုပ်ကိုတစ်ခုကူညီဗျာ၊ ကျုပ်ယာခင်းထဲမှာ တဲကလေးတစ်လုံးထိုးချင်တယ်"

"စိတ်သာချပါကွာ၊ မင်းနေချင်တယ်ဆိုတော့လည်း နေပေါ့၊ ငါမင်းအတွက် တဲတစ်လုံးထိုးပေးမယ်၊ နောက်ပြီး စားအိုးစားခွက်နဲ့ အသုံးအဆောင်တွေလည်း လာယူကွာ"

ဒီလိုနဲ့ ကျုပ်လည်း ယာခင်းထဲမှာနေဖို့ အကြောင်းဖန်သွားတာပေါ့ဗျာ၊ အိမ်မှာလည်း အောက်လမ်းဆရာကြီးက ရှိသေးတယ်မဟုတ်လား၊ ကျုပ်အမေကိုတောင် အောက်လမ်းနဲ့မြှူဆွယ်ပြီး လက်ထပ်သေးတာပဲ၊ ကျုပ်ကိုမလုပ်ဘူးဆိုပေမယ့် တစ်ချိန်ကျရင် ကျုပ်ကိုမလုပ်ဘူးလို့ ဘယ်သူပြောနိုင်သလဲဗျာ၊ ဒါကြောင့် ကျုပ်ယာခင်းထဲမှာ တဲကလေးထိုးပြီး တစ်ယောက်တည်းနေလိုက်တော့တယ်၊ ရွာဘက်ကိုတော့ ခြေဦးတောင်မလှည့်တော့ဘူးပေါ့ဗျာ။

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)