အောင်မြတ်သာနှင့်မိုးသားညိုညို
“ ဘယ်ခွေးမသားမှ လူမထင်တဲ့ကောင်ကွ၊ ငါ့မကောင်းကြောင်းပြောချင်ရင် အရှေ့တည့်တည့်လာပြော၊ နောက်ကွယ်ကနေ မိန်းမလို မိန်းမရ အာမချောင်နဲ့၊ သိလို့ကတော့ မိုးညိုရဲ့ဓါးက ဗိုက်ထဲတစ်ဆုံးဝင်ပြီသာမှတ် ထွီ”
အပေါ်ပိုင်းဗလာကျင်းပြီး လုံချည်တိုတိုဝတ်ထားတဲ့ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ယောက်က ရွာအလယ်မှာရပ်ပြီး အရပ်လေးမျက်နှာကို ကြည့်ကာ အော်ဟစ်သောင်းကျန်းနေခဲ့တယ်။
ရွာအတွင်းမှာရှိတဲ့သူတွေကတော့ သောင်းကျန်းနေတဲ့လူငယ်ကို နှာခေါင်းရှုံ့သူကရှုံ့၊ ရွံ့ရှာတဲ့အကြည့်တွေနဲ့ကြည့်သူကကြည့်နေရုံမှအပ ဘာဆိုဘာမှ ဝင်မပြောခဲ့ပေ။
အဲဒီအချိန်
“ ဟေ့ မိုးညို… ဘာတွေဖြစ်နေတာလဲ” ဆိုတဲ့အသံနဲ့အတူ ဆံပင်တွေဖြူစပြုနေတဲ့ အသက်၅၀အရွယ်လူကြီးတစ်ယောက်က လမ်းကြားထဲကနေ ထွက်လာခဲ့တယ်။
“ ဘာဖြစ်ရမလဲ ဦးကောင်းရ၊ မနေ့က ဒေါ်အဆာဘီရဲ့ ကြက်တွေပျောက်တာ ကျုပ်ကြောင့်ဆိုပြီးပြောနေလို့ဗျ”
“ မင်းကိုဘယ်သူကပြောတာလဲ”
“ မသိလို့ပေါ့ဗျ၊ သိလို့ကတော့ ပြောတဲ့ကောင်မလွယ်ဘူး”
“ စိတ်လျော့ပါ မိုးညိုရယ်၊ လာ ဒီနေ့ ငါ့အိမ်မှာ ဝက်အူစုံသဲစုံချက်ထားတယ်၊ တစ်ခါထဲ ထမင်းဝင်စားသွား”
ဦးသောင်းက မိုးညိုရဲ့ပခုံးကိုဖက်ပြီးခေါ်သွားတော့မှ အနီးနားကလူတွေ ဟင်းခနဲသက်ပြင်းချနိုင်ခဲ့တယ်။
++++
သူ့နာမည်က မိုးညို၊ မိုးတွေအုံ့ဆိုင်းနေတဲ့ ညမှာမွေးလို့ မိုးညိုလို့နာမည်ပေးခဲ့ရတဲ့ကလေး။
မိုးညိုရဲ့ မိခင်ဆိုသူကလည်း စိတ်မနှံ့တဲ့သူတစ်ယောက်၊ သူ့မိခင်ဒီရွာကို ရောက်တဲ့အချိန် ကိုယ်ဝန်ကမပေါ့မပါးနဲ့။ ကလေးအဖေက ဘယ်သူလဲမေးလို့မရ၊ ဘယ်မှာနေလဲမေးလို့မရနဲ့မို့ ရပ်ကွက်ကပဲ ကလေးမွေးတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့သူ။
ကလေးမွေးပြီး တစ်လလောက်အကြာမှာတော့ မိခင်ဖြစ်သူက အခါလည်သား မိုးညိုကိုတစ်ယောက်ထဲထားပြီး ပျောက်ချင်းမလှပျောက်သွားခဲ့တာကြောင့် မိုးညိုဆိုတဲ့ကလေးက ရပ်ရွာလူတွေရဲ့လက်ပေါ်မှာ ကြီးပြင်းခဲ့ရတယ်။
မိုးညိုက ငယ်စဉ်ထဲက ဆိုးတယ်၊ ကြမ်းတယ်၊ ရမ်းတယ်၊ ဘယ်ကလေးမှ မိုးညိုနဲ့အတူမကစားရဲ၊ အခြားမိဘတွေကလဲ မိုးညိုပါရင်မကစားဖို့ သားသမီးတွေကိုပြောထားရာ မိုးညိုက ငယ်စဉ်ထဲက သင်းကွဲတစ်ယောက်လို ကြီးပြင်းလာခဲ့ရတယ်။
ဒါပေမယ့် မိုးညိုမှာ ကစားဖော် တစ်ယောက်တော့ရှိတယ်။ သူကတော့ ဦးသောင်း။
ဦးသောင်းက မိုးညိုလို တစ်ကောင်ကြွက်သမား၊ ရပ်ကွက်ထိပ်မှာ တဲတစ်လုံးထိုးပြီး ပေပေတေတေ နေတဲ့လူ။ မိုးညိုကို ဘယ်သူမှ အဖက်မလုပ်တဲ့အချိန် ဦးကောင်းက သားတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ခဲ့တယ်။
ဒါကြောင့် မိုးညိုက တစ်ရွာလုံးကို သောင်းကျန်းဆဲဆိုနေရင်တောင် ဦးသောင်းစကားကိုတော့ နားထောင်တယ်။
ဦးသောင်းက မိုးညိုကို တူလိုသားလို ကြည့်ရှုစောင့်ရှောက်ခဲ့တာ ချာတိတ်လေး မိုးညိုက အခုဆို တစ်ရပ်ကွက်လုံးရဲ့ချဉ်ဖတ် မိုးညိုဆိုတဲ့ရာထူးကို ရရှိခဲ့ပြီ။
အင်ဖက်မိုးပြီး အင်ဖက်ကာထားတဲ့ တဲထဲမှာတော့ ဦးသောင်းနဲ့ မိုးညိုတို့ ဘာစကားမှမပြောပဲ ထိုင်နေခဲ့ကြတယ်။
ဦးသောင်းက တရှူးရှုးတရှဲရှဲဖြစ်နေတဲ့ မိုးညိုကို လှမ်းကြည့်ပြီး
“ မိုးညို… မင်းရဲ့စိတ်က ထိလွယ်ရှလွယ်တယ်၊ တစ်ခုခုဆို စိတ်လိုက်မာန်ပါလုပ်ဖို့ သိပ်လွယ်တဲ့စိတ်၊ ဒါကိုမင်းမထိန်းချုပ်နိုင်ရင် မင်းတစ်ဘဝလုံး ဒုက္ခရောက်လိမ့်မယ်” လို့ပြောလိုက်ရာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်နေတဲ့ မိုးညိုက တံတွေးကို ပျစ်ခနဲထွေးထုတ်ကာ
“ ရွာကလူတွေက ထစ်ခနဲဆို ကျုပ်ကိုပဲ မကောင်းပြောနေကြတာ၊ အခုလဲ ကျုပ်မလုပ်တာကို ကျုပ်အပေါ် လွှဲချတာ ခေါင်းငုံ့ခံရမှာလား”
“ ဒီလိုလဲမဟုတ်ဘူး မိုးညိုရ၊ မင်းမလုပ်ရင် မလုပ်တဲ့အကြောင်း သက်သေပြရမှာလေ၊ မင်းဖြေရှင်းရမယ့်နည်းလမ်းက မှားနေတယ်”
ဦးသောင်းစကားကို မိုးညိုက ဘာမှပြန်မပြောပဲ ခပ်ဝေးဝေးက ကွင်းပြင်ကိုသာစိုက်ကြည့်နေခဲ့တယ်။
“ မိုးညို… မင်းမနေ့ညက ဘယ်သွားနေတာလဲ”
“ ဟိုဘက်ရွာက အသုဘအိမ်မှာ ရှိနေတာလေဗျာ”
“ မိုးညို… မင်းငါ့ကို မလိမ်နဲ့၊ မနေ့ညက မင်းအသုဘအိမ်မှာမရှိဘူး၊ အခုတစ်လော မင်း ဘက်ရွာက တင်သိန်းတို့နဲ့တွဲနေတာ ငါသိတယ်၊ အဲဒီကောင်တွေ ဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာလဲငါသိတယ်”
ဦးသောင်းစကားကြောင့် မိုးညိုဆတ်ခနဲဖြစ်သွားပြီး
“ ဦးလေး ဘာတွေပြောနေတာလဲ၊ ကျုပ်တို့က ဒီတိုင်းခင်မင်ကြတာပဲရှိတာ”
“ အေး…မင်းတို့ကိစ္စ ငါဘာမှဝင်မပြောလိုဘူး၊ အခုဆို မင်းလဲအသက်နှစ်ဆယ်ကျော်ပြီ၊ ဒါပေမယ့် ငါတစ်ခုပြောချင်တာက ဒီရွာက မင်းကိုမွေးကင်းစထဲကနေ ဒီအသက်ရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ်ဆိုတာ ဘယ်တော့မှမမေ့နဲ့၊ ငါပြောချင်တာ ဒါပဲ”
ဦးသောင်းစကားအဆုံးမှာ မိုးညိုက လုံချည်ကိုပြင်ဝတ်လိုက်ပြီး ခပ်လှမ်းလှမ်းမှာရှိတဲ့ ထန်းတောဘက်ကို ခြေလှမ်းကျဲကြီးတွေနဲ့ ထွက်သွားခဲ့လိုက်တယ်။
ဦးသောင်းကတော့ မိုးညိုရဲ့ကျောပြင်ကိုကြည့်ပြီး ခပ်ပြုံးပြုံးမျက်နှာထားနဲ့ ခေါင်းကိုခါယမ်းလိုက်ပါတော့တယ်။
+++++
ထုံးဖြူဖြူသုတ်ထားတဲ့ စေတီတစ်ဆူရဲ့အနောက်မှာတော့ မိုးညို၊ တင်သိန်း၊ အောင်ဘ၊ မျိုးဆွေတို့သုံးယောက် မျက်နှာချင်းဆိုင် ထိုင်နေခဲ့ကြပြီး သူတို့ရဲ့မျက်နှာတွေက တစ်စုံတစ်ခုကို တွေးတောနေတဲ့ပုံပေါက်နေခဲ့တယ်။
တစ်ယောက်နဲ့တစ်ယောက်စကားမပြောပဲ အချိန်အတန်ကြာထိုင်နေရင်းမှ တင်သိန်းက ကျန်တဲ့သူတွေကိုကြည့်လိုက်ပြီး
“ လာမယ့် တန်ဆောင်မုန်းလကွယ်နေ့ကျရင် ကွင်းအောက်ရွာက ဦးမိုးအောင်အိမ်ကို ဝင်စီးဖို့ ဆုံးဖြတ်ထားတယ်” လို့ပြောလိုက်ရာ အောင်ဘက မျက်လုံးကိုပင့်ကြည့်ပြီး
“ ဦးမိုးအောင်အိမ်ကိုဝင်စီးတာက ဟုတ်ပါပြီ၊ ဝင်လမ်းထွက်လမ်းတွေကို ဘယ်သူက လေ့လာမှာလဲ၊ နောက်ပြီး ပိုင်ဆိုင်မှုဘယ်လောက်ရှိတယ်ဆိုတာ သိလို့လား”
“ မိုးညို… မင်းသိထားတာ ပြောပြလိုက်”
တင်သိန်းစကားကြောင့် မိုးညိုက အောင်ဘကိုကြည့်လိုက်ပြီး
“ အဝင်ကတော့ ဒေါ်အေးဖြူအိမ်အနောက်ကနေ ပတ်ဝင်လို့ရတယ်၊ အထွက်လမ်းကတော့ ဦးပေါ်ဦးအိမ်ဘေးလမ်းကနေ ထွက်ဖို့စီစဉ်ထားတယ်၊ အဲဒီဘက်က လူနေအိမ်တွေသိပ်မရှိတော့ ခြေရာဖျောက်ဖို့ အကောင်းဆုံးပဲ၊ ပိုင်ဆိုင်မှုကတော့ လက်ဝတ်လက်စားတွေမပါရင်တောင် သိန်းဆယ်ဂဏန်းအထက်မှာရှိတယ်”
“ ဒါတွေမင်းကဘယ်လိုသိတာလဲ”
“ ကျုပ်နည်းကျုပ်ဟန်နဲ့ စုံစမ်းထားတာပေါ့ဗျာ၊ ကိုတင်သိန်း …ကျုပ်ပြောစရာရှိလို့”
“ အေး… ပြောလေကွာ”
“ ကျုပ်တို့လှုပ်ရှားနေတာကို ဦးလေးရိပ်မိနေတဲ့ပုံပဲ၊ မနေ့ကတောင် ကျုပ်ကိုအရိပ်အမြွက်စကားကြောင်းနေသေးတယ်”
“ အဲဒီတော့ မင်းက ဘယ်လိုဖြစ်ချင်တာလဲ”
“ ဒီကိစ္စပြီးရင် ဦးလေးကိုခေါ်ပြီး ရွာကနေ ထွက်သွားဖို့စဉ်းစားထားတယ်”
“ နေပါဦးကွာ… ဒီကိစ္စပြီးရင် နောက်ထပ်အချီကြီးတစ်ခုလုပ်ဖို့ရှိသေးတယ်၊ အဲဒီနောက်ပိုင်း မင်းသဘောအတိုင်း လုပ်ပေါ့”
“ ကောင်းပြီလေ… ဒါဖြင့် ကျုပ်သွားလိုက်ဦးမယ်”
မိုးညိုက စကားဝိုင်းထဲကနေ ထထွက်လာတဲ့အချိန် တင်သိန်းက ခပ်မျှင်းမျှင်းရယ်လိုက်တာကြောင့် မျိုးဆွေက မေးငေါ့ပြပြီး
“ ဒီကောင်က စိတ်ချရတဲ့အထဲမပါဘူးလို့ ငါပြောသားပဲ၊ သူ့ရဲ့စိတ်က ခန့်မှန်းလို့မရဘူးကွ”
“ ထားလိုက်ပါကွာ… သူ့ကိုအသုံးချစရာရှိသေးတယ်၊ ပြီးရင်တော့ ထုံးစံအတိုင်းလုပ်ကြတာပေါ့”
++++++
အလင်းရောင်ပျောက်ဆုံးနေတဲ့ ညမိုက်ညက မဲမှောင်လျက်။
တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့ ခွေးဟောင်သံတွေမှအပ အောက်ကွင်းရွာက တိတ်ဆိတ်ငြိမ်သက်နေခဲ့တယ်။
“ အသံထွက်တာနဲ့ လည်မြိုကို လှီးပစ်လိုက်မယ်”
ပျဉ်ထောင်အိမ်မဲမဲကြီးထဲကနေ ခပ်အုပ်အုပ်ထွက်လာတဲ့အသံနဲ့အတူ ငိုရှိုက်သံသဲ့သဲ့က ခပ်တိုးတိုးထွက်လာခဲ့တယ်။
“ အဖိုးကြီး… ဒါတွေကရှိတာ အကုန်ပဲလား”
“ အကုန်ပါပဲငါ့တူတို့ရယ်… မလိမ်ရဲပါဘူး”
“ ဟေ့ကောင်… ဗီဒိုတွေထဲရှာကြည့်စမ်း”
“ ရှာပြီးပြီ ဘာမှမရှိမတွေ့ဘူး”
“ ဒါဆိုရင်လဲ အကုန်လုံးကို လက်ပြန်ကြိုးတုပ်ပြီး ပါးစပ်ထဲအဝတ်စတွေထိုးထည့်လိုက်တော့”
တင်သိန်းစကားကြောင့် ဓါးလွတ်ကိုင်ထားတဲ့ မိုးညိုက အဝတ်စတွေယူဖို့ အိမ်ခန်းထဲကိုဝင်လာတဲ့အချိန် ကုတင်အောက်မှာ
ဖျတ်ခနဲလှုပ်ရှားသွားတဲ့ အရိပ်ကြောင့် အနားကပ်ပြီးကြည့်လိုက်ရာ မျက်ရည်တွေ အဝိုင်းသားနဲ့ အသားတွေတဆတ်ဆတ်တုန်နေတဲ့ မိန်းမပျိုတစ်ဦး။
ဝိုင်းစက်နေတဲ့မျက်လုံး၊ ကော့စင်းနေတဲ့မျက်တောင်တွေအောက်မှာ အကြောက်တရားတွေဖုံးလွှမ်းနေတဲ့ အကြည့်ကို မိုးညိုသတိထားမိလိုက်တယ်။ အဲဒီအချိန်
“ အထဲကကောင် ဘာလုပ်နေတာလဲ”
“ အဝတ်စရှာနေလို့ လာပြီဗျ”
မိုးညိုက မျက်ဝန်းညိုညိုတွေကို တစ်ချက်လှမ်းကြည့်ပြီး တန်းပေါ်မှာလှမ်းထားတဲ့ အဝတ်အချို့ကိုယူကာ
အိမ်ရှေ့ကိုထွက်လာခဲ့လိုက်တယ်။
+++++
“ ဟေ့ကောင် မိုးညို သောက်လေကွာ”
တင်သိန်းက အရက်ပုလင်းကို ထိုးပေးလိုက်ရာ မိုးညိုက အလိုက်သင့်ကမ်းယူလိုက်ပြီး တစ်ကျိုက်မော့ချလိုက်တယ်။
“ မင်းကြည့်ရတာ တစ်မျိုးပဲကွ၊ နေမကောင်းဖြစ်နေတာလား”
မျိုးဆွေက မီးဖိုပေါ်မှာကင်ထားတဲ့ ကြက်ပေါင်တစ်ခြမ်းကို ဆွဲယူကာမေးလိုက်တာကြောင့် မိုးညို ခေါင်းကိုခါယမ်းလိုက်ပြီး
“ ဘာမှမဖြစ်ပါဘူး…”
“ မဖြစ်လဲပြီးတာပဲကွာ… ဒါနဲ့ လာမယ့် သောကြာနေ့ နောက်တစ်ပွဲရှိသေးတယ်နော်”
တင်သိန်းစကားကို မိုးညို ခေါင်းညိမ့်ပြပြီး လက်ထဲကိုင်ထားတဲ့ပုလင်းထဲက အရက်ကိုကုန်စင်အောင် မော့ချလိုက်တယ်။
အရက်ရှိန်ကြောင့်ရီဝေယစ်မူးနေတဲ့ မိုးညိုရဲ့ အတွေးထဲမှာတော့ မျက်ဝန်းညိုညိုတွေနဲ့ တုန်ရီနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ပုံရိပ်က အထင်းသား။
++++++
“ ဒါကတော့ မဖြစ်နိုင်ဘူး၊ အစထဲက ခင်ဗျားတို့ကိုပြောပြီးသားလေ”
“ ဒီတစ်ခါထဲပါ မိုးညိုရာ၊ ဒါပြီးရင် မင်းတို့လဲချမ်းသာပြီကွ”
“ ကိုတင်သိန်း… ကျုပ်တို့အလုပ်စလုပ်ထဲက ဘာပြောထားလဲ၊ ကိုယ့်ရပ်ရွာကိုတော့ ကျုပ်မလုပ်ချင်ဘူး”
“ ငါသိပါတယ်… အခုက အချီကြီးရမှာနော်၊ မင်းအနေနဲ့ ဒီပွဲမှာ ဘာမှလုပ်စရာမလိုဘူး၊ ဝင်လမ်းထွက်လမ်းတွေရှင်းထားရုံပဲ၊ အကျိုးအမြတ်လဲပိုပေးမှာပါ”
မိုးညိုက တင်သိန်းစကားကြောင့် မျက်လုံးကိုစုံမှိတ်ပြီး စဉ်းစားနေရင်းကနေ
“ ကျုပ်မလုပ်နိုင်ဘူး…” လို့ခပ်ပြတ်ပြတ်ပြောလိုက်ရာ အနားမှာရှိနေတဲ့ အောင်ဘနဲ့ မျိုးဆွေက မိုးညိုကိုဖမ်းချုပ်လိုက်ပြီး
“ ဟေ့ကောင်… မင်းကငါတို့အကြံကိုသိသွားပြီဆိုတော့ ဒီတိုင်းလွှတ်ပေးလို့မရတော့ဘူး” လို့ပြောကာ တင်သိန်းကို မေးငေါ့ပြလိုက်တယ်။
တင်သိန်းက ရုန်းကန်နေတဲ့ မိုးညိုကို သနားစဖွယ်ကြည့်လိုက်ပြီး ခါးကြားထဲထိုးထားတဲ့ ဓါးမြှောင်ကိုထုတ်ကာ
“ စိတ်တော့မကောင်းပါဘူး ကောင်လေးရေ” လို့ပြောပြီး ဓါးနဲ့ထိုးလိုက်တဲ့အချိန် မိုးညိုက ခန္ဓာကိုယ်ကိုဆတ်ခနဲလှည့်လိုက်ရာ ဓါးဦးက ဗိုက်ကိုရှပ်ထိပြီး သွေးတွေဖြာထွက်လာခဲ့တယ်။
ရုတ်တရက်မို့ မျိုးဆွေနဲ့ အောင်ဘတို့ကြောင်သွားတဲ့အချိန် မိုးညိုက ချုပ်ထားတဲ့လက်တွေကြားထဲကနေ အတင်းရုန်းပြီး ရိုးပြတ်တောဘက်ကို ထွက်ပြေးပါလေရော။
“ ခွေးမသားနောက်ကိုလိုက်စမ်း၊ မိတဲ့နေရာအသေသတ်ပစ်”
တင်သိန်းက အော်ဟစ်ရင်း မိုးညိုနောက်ကနေ လိုက်လာခဲ့သလို ကျန်သူနှစ်ယောက်ကလဲ ဓါးမြောင်ကိုယ်စီကိုင်ကာ ပြေးလိုက်လာခဲ့တယ်။
ဓါးထိုးခံထိထားတဲ့ ဒဏ်ရာကနေ သွေးတွေတစ်တောက်တောက်ကျနေတဲ့ မိုးညိုက ရှိသမျှခွန်အားတွေနဲ့ ရိုးပြတ်တောထဲဝင်ပြေးနေရင်းကနေ မျက်လုံးတွေ ပြာဝေလာပြီး ဗိုင်းခနဲပစ်လဲကျသွားခဲ့တယ်။
မိုးညိုအားယူပြီးထဖို့ကြိုးစားပေမယ့် တစ်ဆစ်ဆစ်နာကျင်လာတဲ့ဒဏ်ရာကြောင့် ထမနိုင်ပဲဖြစ်နေတဲ့အချိန် သူ့ဆီကိုပြေးလာနေတဲ့ ခြေသံတွေကိုကြားလိုက်ရတယ်။
ခြေသံတွေက နီးသထက်နီးလာလေလေ မိုးညိုရဲ့မျက်လုံးတွေပြာဝေလာလေလေ။
အဲဒီအချိန် သူ့ဘေးကနေဖြတ်သွားတဲ့ လူတစ်ယောက်။
ခွပ်ခနဲ အင့်ခနဲ အသံတစ်ချက်ကြားလိုက်ရပြီးတာနဲ့ မိုးညို အသိစိတ်တွေလုံးဝပျောက်ဆုံးသွားပါတော့တယ်။
+++++
“ အား ကျွတ် ကျွတ် ကျွတ်”
ဝမ်းဗိုက်ကနေ ဆစ်ခနဲနာကျင်လာတဲ့ဒဏ်ကြောင့် မှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်ဖို့ကြိုးစားပြီး ထလိုက်တဲ့အချိန်
“ ကောင်လေး သတိရလာပြီလား” ဆိုတဲ့အသံကို ဦးစွာကြားလိုက်ရတယ်။
မိုးညိုလဲမျက်လုံးကိုဖွင့်ပြီးကြည့်လိုက်ရာ ဖယောင်းတိုင်အလင်းရောင်အောက်မှာ သူ့ကိုစိုက်ကြည့်နေတဲ့ ဦးသောင်းရဲ့မျက်နှာ။
“ ဦး ဦးလေး…”
“ မထနဲ့ဦးကောင်လေး… သက်သက်သာသာလှဲနေပါ”
“ ကျွန်တော် ဘယ်ကိုရောက်နေတာလဲ”
“ အန္တရာယ်ကင်းတဲ့နေရာကိုရောက်နေပါပြီ”
ဦးသောင်းစကားကြောင့် မိုးညို ခေါင်းကိုလှည့်ပြီးကြည့်လိုက်ရာ မလှမ်းမကမ်းမှာ ထိုင်နေတဲ့လူသုံးယောက်ကိုမြင်လိုက်ရတယ်။
“ သူတို့ကဘယ်သူတွေလဲ ဦးလေး”
“ မင်းကိုလာခေါ်တဲ့သူတွေလေ”
“ ဗျာ”
“ မဗျာနဲ့… ငါက မင်းကိုအသက်နှစ်ဆယ်အရွယ်ထိပဲ စောင့်ရှောက်ခွင့်ရထားတာ၊ အခုနောက်ပိုင်း ဒီလူတွေက မင်းကိုလက်လွှဲယူကြလိမ့်မယ်”
“ ဦးလေး ဘာတွေပြောနေတာလဲ”
မိုးညိုစကားအဆုံးမှာ မလှမ်းမကမ်းမှာထိုင်နေတဲ့ လူက အလွန်ပါးလွှာတဲ့စက္ကူလိပ်ကို လွယ်အိတ်ထဲထည့်လိုက်ပြီး
“ မင်းမှာရှေ့ဆက်လုပ်ရမယ့် အလုပ်တွေအများကြီးရှိတယ်၊ မင်းဘဝကအခုလို ဆိုးမိုက်ပေတေလို့ရမယ့်အနေအထားမဟုတ်ဘူးကွ”
“ ခင်ဗျားက ဘယ်သူလဲ၊ ကျုပ်ကိုသိလို့လား”
“ သိတာပေါ့ ကောင်လေးရ၊ မင်း မမွေးခင်ထဲက မင်းရဲ့ဇာတာကိုသိနေတယ်လို့ပြောရင်ပိုမှန်မယ်”
“ အဟက်… ပြောစမ်းပါဦး ကျုပ်ဇာတာက ဘယ်လိုမျိုးလဲ”
“ မင်းဒဏ်ရာ သက်သာအောင်အရင်လုပ်ပါဦး၊ ပြီးရင်ပြောပြမယ်”
မိုးညိုက ပဟေဠိဆန်တဲ့လူရဲ့စကားကြောင့် ဘာမှထပ်မမေးတော့ပဲ မျက်လုံးကိုမှိတ်ထားလိုက်တယ်။
တစ်ပတ်လောက်ကြာတော့ မိုးညိုရဲ့ဒဏ်ရာကသက်သာလာပြီး ထူထူထောင်ထောင်ဖြစ်လာခဲ့တယ်။ အဲဒီအချိန်ဦးသောင်းက မိုးညိုအနားကိုလာပြီး
“ ကောင်လေး… မင်းသက်သာရဲ့လား”
“ သက်သာပါတယ် ဦးလေး၊ ဒါနဲ့ ဟိုလူတွေက ဘယ်သူတွေလဲ”
“ သူတို့က မင်းကိုငါ့ဆီကနေ လက်ပြောင်းတာဝန်ယူမယ့်သူတွေပဲလေ”
“ သူတို့ကဘာမို့လို့ ကျုပ်ကိုလက်ပြောင်းယူမှာလဲ”
“ မင်းရဲ့မမွေးခင်ထဲကပါလာတဲ့ အကြောင်းအရာတွေပေါ့ ကောင်လေးရေ၊ ဘာအကြောင်းအရာလဲဆိုတာတော့ ငါ့ကိုပြန်မမေးနဲ့”
“ ဦးလေးစကားကရှုပ်နေတာပဲဗျာ၊ ကျုပ်နားကိုမလည်တော့ဘူး”
“ နောက်တော့ နားလည်လာမှာပါ ကောင်လေးရေ”
ဦးသောင်းက မိုးညိုကို ပြုံးပြပြီး ဘေးမှာထိုင်နေတဲ့ သူကိုကြည့်ကာ
“ ဒီကောင်လေးကို ဆရာ့ဆီအပ်လိုက်ပြီနော်၊ သူက ခေါင်းနည်းနည်းမာပေမယ့် ပြုပြင်လို့ရပါတယ်”
“ ကျုပ်အကောင်းဆုံးထိန်းကျောင်းပေးပါ့မယ်၊ ဦးရေချမ်းလဲ သူ့ကို နှစ်နှစ်ဆယ်လုံး စောင့်ရှောက်ပေးရတာနဲ့ တရားကျင့်ဖို့အချိန်တွေ လျော့ကုန်ပြီ”
“ ဒီလိုလဲမဟုတ်ပါဘူးဆရာရယ်… ဒါနဲ့ သူ့ကိုမြင်ရတာ ဆရာလက်ရင်းတပည့်ကြီးကို ပြန်သတိရမိတယ်”
ဦးသောင်း တစ်ဖြစ်လဲ ဦးရေချမ်းစကားကြောင့် ယောဂီဝတ်ထားတဲ့လူ ပြုံးလိုက်ပြီး
“ လောကီဘုံထဲမှာ တစ်ယောက်သွားရင် နောက်တစ်ယောက်က ဝင်လာစမြဲပဲမဟုတ်လား၊ သူလဲကျုပ်တပည့်နှစ်ယောက်ရှိနေတော့ အဖော်ရမှာပါ”
“ ဟုတ်ကဲ့ဆရာ ၊ ဒီလိုဆိုတော့လဲ ကျုပ်စိတ်ချပါပြီ”
ဦးသောင်းက မိုးညိုကိုကြည့်ပြီး ခပ်ဖွဖွလေးပြုံးလိုက်ပါတော့တယ်။ ဒီအပြုံးက ဦးသောင်းရဲ့နှုတ်ဆက်အပြုံးဆိုတာ မိုးညိုတစ်ယောက်မသိခဲ့ပေ။
+++++
အိပ်တန်းကထပြီး အစာရှာနေကြတဲ့ ကျေးငှက်အချို့ရဲ့အော်မြည်သံကြောင့် မိုးညိုတစ်ယောက် အိပ်နေရာကနေ ထလိုက်ပြီး ဘေးဘီကိုကြည့်လိုက်ရာ သူ့ရဲ့ဘေးမှာ စက္ကူပါးအချို့နဲ့အလုပ်ရှုပ်နေတဲ့ လူသုံးယောက်ကို မြင်လိုက်ရတယ်။
“ ဒီမှာ ဒီမှာ… ဦးသောင်းတစ်ယောက် ဘယ်သွားလဲဗျ”
မိုးညိုစကားကြောင့် ဆံပင်ကိုနောက်ပြန်ဖီးထားတဲ့လူက လုပ်လက်စအလုပ်ကိုရပ်လိုက်ပြီး
“ ဦးသောင်းက သူရဲ့တာဝန်ပြီးဆုံးလို့ သူ့နေရပ်သူပြန်သွားပြီကောင်လေး”
“ ဦးသောင်းက ရွာပြန်သွားတာလား”
“ ရွာတော့ရွာပဲ မင်းတို့နေခဲ့တဲ့ရွာတော့မဟုတ်ဘူး”
“ ဒါဖြင့် ကျုပ်ကဒီဒဏ်ရာနဲ့ ဘယ်လိုနေရမလဲ”
“ ငါတို့နဲ့နေရမှာပေါ့ ကောင်လေးရ၊ အခုကစပြီး ငါတို့က မင်းရဲ့ဘဝကိုထိန်းကျောင်းပေးရမယ့်သူတွေပဲ”
“ ကျုပ်က ဘာဖြစ်နေလို့ ခင်ဗျားတို့က ထိန်းကျောင်းပေးရတာလဲ၊ နေစမ်းပါဦး ခင်ဗျားတို့က ကျုပ်နဲ့ဘယ်လိုပတ်သတ်နေလို့လဲ”
“ မင်းနဲ့ ပဌာန်းဆက်ပါလို့ပေါ့ကွာ၊ မင်းဘဝမှာ သေဘေးကို သုံးကြိမ်ရင်ဆိုင်ရလိမ့်မယ်၊ ပထမတစ်ကြိမ်က အမိဝမ်းကကျွတ်တဲ့အချိန်ပဲ၊ ဒါကိုမင်းကျော်ဖြတ်နိုင်ခဲ့တယ်။ ဒုတိယအကြိမ်က မကြာသေးခင်ကဖြစ်ခဲ့တဲ့ ဓါးထိုးမှုပဲ၊ ဒါလဲမင်းကျော်ဖြတ်နိုင်ခဲ့တယ်။ တတိယအကြိမ်ကတော့ ဘယ်တော့ဖြစ်လာမယ်ဆိုတာ ငါတို့လဲမသိသေးဘူး”
“ ကျုပ်ကိုဒါတွေလာပြောနေတာ ဘာကြောင့်လဲ”
“ မင်းအနေနဲ့ ဒီလိုပုံစံအတိုင်းဆက်နေသွားမယ်ဆိုရင် သေတာနဲ့ ငရဲကိုတန်းနေမှာ၊ မင်းက ဒီလိုဘဝနဲ့နေသွားရမယ့်သူမဟုတ်ဘူး၊ မင်းမှာ ခန့်မှန်းလို့မရတဲ့အရာတွေအများကြီးရှိနေတယ်၊ လာကွာ မင်းလဲဒဏ်ရာကသက်သာလာပြီဆိုတော့ ငါနဲ့လမ်းလျောက်ထွက်ရအောင်”
အောင်မြတ်သာက မိုးညိုကိုခေါ်ပြီး ဇရပ်အပြင်ဘက်ကိုထွက်သွားခဲ့လိုက်တယ်။ နှစ်ယောက်သား လမ်းလျောက်နေရင်း အောင်မြတ်သာက မိုးညိုကိုကြည့်ကာ
“ မင်းအနေနဲ့ မင်းကိုမွေးဖွားပေးခဲ့တဲ့ မိခင်ဖြစ်သူကို မတွေ့ချင်ဘူးလား”
“ ကျုပ်မှာ အမေဆိုတာမှမရှိတာ”
“ ရှိတာပေါ့ ကောင်လေးရ၊ မင်းအမေက အခုထိအသက်ရှင်နေသေးတယ်”
အောင်မြတ်သာစကားကြောင့် မိုးညိုရဲ့မျက်နှာ ဘေးကိုလှည့်သွားပြီး
“ ကျုပ်မှာအမေရှိတယ်ဆိုရင် သူကဘာလို့ ကျုပ်ကိုလာမတွေ့ရတာလဲ”
“ သူ့မှာလဲ သူ့အကြောင်းရှိလို့ပေါ့၊ ခဏနေကျရင် ငါတို့ ရွာတစ်ရွာကိုသွားဖို့ရှိတယ်၊ မင်းလဲလိုက်ခဲ့ရမယ်”
“ ကျုပ်သိချင်တာတစ်ခုက ခင်ဗျားတို့သုံးယောက်က ဘာတွေလဲ၊ စာရွက်တွေပေါ်မှာ ဘာတွေရေးနေကြတာလဲ”
“ ငါတို့က နယ်လှည့်ပြီးပယောဂလိုက်ကုနေတဲ့ သူတွေပဲ၊ မင်းမြင်တဲ့အရာတွေက အင်းအိုင်လက်ဖွဲ့တွေကိုစီရင်တဲ့အခါ အသုံးပြုရတာတွေပေါ့”
“ ဒီဘက်ခေတ်မှာ အခုလိုပညာတွေရှိသေးတာပေါ့လေ”
“ မင်းကမယုံလို့လား”
“ ကျုပ်က လက်တွေ့သမားဗျ၊ ကိုယ်တိုင်ကြုံရမှ လက်ခံတဲ့လူမျိုး”
“ ဒါဖြင့်လဲ မင်းယုံအောင်ပြရတာပေါ့၊ မိုးညို ဟိုးရှေ့မှာရှိနေတဲ့ ကျောက်ခဲတုံးကို မလာခဲ့ကွာ”
အောင်မြတ်သာစကားကြောင့် မိုးညိုလဲ လမ်းမဘေးမှာရှိနေတဲ့ ကျောက်တုံးကိုယူလာခဲ့လိုက်တယ်။
“ မင်းသယ်လာတဲ့ကျောက်တုံးက လေးလား”
“ လေးတာပေါ့ဗျ”
“ ဒီကျောက်တုံးနဲ့ ခေါင်းကို အားကုန်ထုရင် ဘာဖြစ်သွားမလဲ”
“ ခင်ဗျားက မေးလဲမေးတတ်တယ်နော်”
“ ငါမေးတာကိုသာဖြေစမ်းပါ”
“ ခေါင်းကွဲမှာပေါ့ဗျ”
“ အေး… အခုမင်း ငါ့ခေါင်းကို အဲဒီကျောက်တုံးနဲ့ထုစမ်း”
အောင်မြတ်သာက ခေါင်းထိုးပေးလိုက်တာကြောင့် မိုးညိုအံ့အားသင့်သွားပြီး
“ ဟေ့လူ… ခင်ဗျားရူးနေပီလား”
“ လုပ်စမ်းပါကွ… ရွာစဉ်လှည့် ဓါးပြတိုက်နေတဲ့ကောင်က ဒါကျတော့ မလုပ်ရဲဘူးလား”
မိုးညိုက သူ့ကိုခနဲ့လိုက်တဲ့စကားကြောင့် စိတ်ထဲထောင်းခနဲဖြစ်သွားပြီး
“ ကျုပ်တကယ်ထုမှာနော်၊ တစ်ခုခုဖြစ်မှ ကျုပ်အဆိုးမဆိုနဲ့”
“ လုပ်မှာသာလုပ်စမ်းပါ”
မိုးညိုလဲ သူ့ရှေ့ထိုးခံထားတဲ့ ခေါင်းကို ကျောက်ခဲနဲ့ အားကုန်ထုချလိုက်ရာ “ ခွပ်” ဆိုတဲ့အသံနဲ့အတူ ကျောက်တုံးက ထက်ခြမ်းကွဲသွားခဲ့တယ်။
“ ခင် ခင်ဗျား ဘာမှ မဖြစ်ဘူးလား”
“ ခေါင်းမှာတော့ ကျောက်မှုန်တွေပေတာပေါ့ ကောင်လေးရ”
အောင်မြတ်သာက ခေါင်းမှာပေနေတဲ့ အမှုန်အမွှားတွေကိုလက်နဲ့ခါထုတ်လိုက်ပြီး ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးကာ ကြည့်နေခဲ့တယ်။
“ ခင်ဗျား ဘာမှမဖြစ်ရတဲ့အကြောင်းက ဘာလဲ၊ ကျုပ်ကြားဖူးတဲ့ ကာယသိဒ္ဓိပြီးတယ်ဆိုတာ ဒါမျိုးကိုပြောတာလား”
“ ဘာမှမဖြစ်ရတဲ့အကြောင်းက ဟောဒီတစ်ပွဲထိုး အဆောင်ကြောင့်ပဲ”
အောင်မြတ်သာက ညာဘက်အံသွားအောက်မှာ ကိုက်ထားတဲ့ ကြေးပြားအလိပ်ကိုထုတ်ပြလိုက်ရာ မိုးညိုက ပါးစပ်အဟောင်းသားနဲ့ကြည့်ပြီး
“ ဒီအဆောင်က တကယ်စွမ်းတာပေါ့လေ”
“ မင်းမယုံရင်စမ်းကြည့်လေကောင်လေး ရော့”
အောင်မြတ်သာက ကြေးပြားလိပ်ကို ကမ်းပေးလိုက်ရာ မိုးညိုက ဆတ်ခနဲယူလိုက်ပြီး
“ ဒါကိုပါးစပ်ထဲငုံထားရမှာလား”
“ မင်းလက်ထဲဆုပ်ကိုင်ထားရင်ရပါပြီ၊ ကဲ အသင့်ဖြစ်ပြီဆိုရင် ရှေ့ကအုန်းပင်ကို ခေါင်းနဲ့ပြေးတိုက်ကြည့်စမ်း”
မိုးညိုလဲ ယုံတစ်ဝက်မယုံတစ်ဝက်နဲ့ အနားမှာရှိတဲ့ အုန်းပင်ကိုခေါင်းနဲ့ဆောင့်ချလိုက်ရာ ဒုန်းဆိုတဲ့အသံထွက်လာခဲ့တယ်။
“ ဟာ… ရာ ရာဘာတုံးကိုခေါင်းနဲ့ဆောင့်နေရသလိုဖြစ်နေပါလား”
“ ဘယ်လိုနေလဲ ကောင်လေး”
“ လုံးဝမနာဘူးဗျ..”
မိုးညိုက မယုံနိုင်တဲ့ဟန်နဲ့ပြောပြီး ဒုတိယအကြိမ် ခေါင်းနဲ့ပြေးဆောင့်လိုက်ရာ အုန်းပင်တစ်ပင်လုံး ယိမ်းထိုးသွားပြီး အုန်းကင်းအချို့က မြေကြီးပေါ် ပြုတ်ကျလာခဲ့တယ်။
“ ဒီအဆောင်ကို ကျုပ်သဘောကျသွားပြီဗျာ”
“ မင်းလိုချင်လို့လား”
“ လိုချင်တာပေါ့ဗျ၊ ဒါသာရှိရင် ဘယ်သူကိုမှ ကြောက်စရာမလိုတော့ဘူး”
မိုးညိုက သူ့လက်ထဲကိုင်ထားတဲ့ အဆောင်ကို သေချာကြည့်နေတဲ့အချိန် အောင်မြတ်သာက ဆတ်ခနဲလှမ်းယူလိုက်ပြီး
“ မင်း.. ဒီအဆောင်ကိုလိုချင်ရင် ငါခိုင်းတာလုပ်ရမယ်”
“ ကျုပ်ဘာလုပ်ရမလဲပြောဗျာ”
“ မင်းအနေနဲ့ ဓါးပြတိုက်တုန်းက ရထားတဲ့ပစ္စည်းတွေကို ပိုင်ရှင်တွေဆီပြန်ပေးရမယ်”
“ ကျုပ်မှာဘာပစ္စည်းမှမရှိဘူး၊ ဟိုခွေးကောင်တွေ အကုန်သိမ်းထားတာ”
“ ဒါဖြင့်လဲ သူတို့ဆီက မင်းပြန်ယူရမှာပေါ့”
“ သူတို့ဘယ်မှာသိမ်းထားတယ်ဆိုတာ ကျုပ်မှမသိတာ”
“ မသိရင် သိအောင်လုပ်လို့ရပါတယ်၊ မင်းဒဏ်ရာ ဘယ်လိုနေသေးလဲ”
“ ဘာမှမဖြစ်တော့ပါဘူး၊ နာလဲမနာတော့ဘူး”
“ ဒါဖြင့် ညကျရင် မင်းနဲ့ငါ သူတို့ရှိတဲ့နေရာ သွားရအောင်၊ မင်းပတ်သတ်ခဲ့တဲ့အရာကို မင်းကိုယ်တိုင်ပြန်ပေးဆပ်ရမယ်”
အောင်မြတ်သာက မိုးညိုကို လေသံအေးအေးနဲ့ပြောပြီး ဇရပ်ရှိတဲ့ဘက်ကို ပြန်ထွက်လာခဲ့လိုက်တယ်။
ဇရပ်ပေါ်ရောက်တော့ အသင့်စောင့်နေတဲ့ လူနှစ်ယောက်က မိုးညိုကို ပြုံးပြပြီး
“ ဘယ်လိုလဲကောင်လေး… နေရတာသက်သာရဲ့လား”
“ သက်သာပါတယ်… ခင်ဗျားတို့က သူ့တပည့်တွေလား”
“ အေးပေါ့ကွ… ငါတို့လဲ တစ်ချိန်ကမင်းလိုဂျစ်ကန်ကန်ကောင်တွေဖြစ်ခဲ့ကြ တယ်လေ၊ အခုတော့ ဆရာရဲ့သွန်သင်မှုအောက်မှာ လိမ်မာနေကြပါပြီ၊ မင်းနာမည်က မိုးညိုနော်”
“ ဟုတ်ပါတယ် ခင်ဗျားတို့နာမည်ကရော”
“ ငါ့နာမည်က မောင်ကောင်း၊ သူကတော့ ခွန်းလှလို့ခေါ်တယ်”
မိုးညိုလဲ သူ့ကိုဖော်ဖော်ရွေရွေဆက်ဆံကြတဲ့ သူတွေကြောင့် နေရတာ အဆင်ပြေလာခဲ့တယ်။ ညရောက်တော့ အောင်မြတ်သာက မိုးညိုကိုခေါ်ပြီး ကန္တာရဆူးပင်တွေထူထပ်စွာပေါက်နေတဲ့ ကျဉ်တောင်ရွာဘက်ကိုထွက်လာခဲ့လိုက်တယ်။
ကျဉ်တောင်ရွာဆိုတာက ယခင်က မြေဆီမြေနှစ်တွေကောင်းပြီး လုပ်စားကိုင်စားရအဆင်ပြေတဲ့ ရွာတစ်ရွာဖြစ်ခဲ့ပေမယ့် တောရဆောက်တည်နေတဲ့ ရဟန်းတစ်ပါးကို ပစ်မှားစော်ကားမိတာကြောင့် တစ်ရွာလုံးမြေကြီးအောက်နစ်မြုပ်ခဲ့ရပြီး ဘာမှလုပ်ကိုင်စားသောက်လို့မရတဲ့ နေရာဖြစ်သွားခဲ့ရတယ်။
ညအိပ်ချိန် တောင်ပြိုပြီး တစ်ရွာလုံးမြေကြီးအောက်ရောက်သွားတာကြောင့် လူတွေရာချီသေဆုံးခဲ့သလို ညဘက်ရောက်ရင်လဲ သေလို့သေမှန်းမသိတဲ့သူတွေက အပိုင်းပိုင်းပြတ်နေတဲ့ ခန္ဓာကိုယ်တွေကို လိုက်ရှာနေတာမြင်ဖူးတဲ့သူတွေလဲရှိခဲ့တယ်။
အခြောက်အလှန့်ကြမ်းတဲ့ဒီလိုနေရာမျိုးကို သာမန်လူတွေမလာရဲပေမယ့် ဒုစရိုက်အလုပ်နဲ့အသက်မွေးတဲ့သူတွေကတော့ ကျဉ်တောင်ရွာကို သူတို့ရဲ့ဝပ်ကျင်းအဖြစ် သတ်မှတ်ရွေးချယ်ခဲ့ကြတယ်။
အခုလဲ မှောင်စပျိုးနေတဲ့အချိန် အခြောက်အလှန့်ကြမ်းပါတယ်ဆိုတဲ့ ကျဉ်တောင်ရွာဆီကို အကြောက်အလန့်မရှိသွားနေတဲ့ အောင်မြတ်သာကို မိုးညိုနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေခဲ့တယ်။
“ ဒီကောင်တွေ ကျဉ်တောင်ရွာမှာရှိတယ်ဆိုတာ သေချာလို့လား”
လမ်းလျောက်နေရင်း မေးလိုက်တဲ့မိုးညိုစကားကြောင့် အောင်မြတ်သာက ခေါင်းညိမ့်ပြလိုက်ပြီး
“ မင်းဓါးထိုးခံရတဲ့နေ့က ဒီကောင်တွေ ကျဉ်တောင်ရွာဘက်ကိုပြေးသွားတာမြင်လိုက်ရ တယ်”
“ ဟုတ်ပါ့မလားဗျာ၊ ကျဉ်တောင်ရွာဆိုတာ နေ့ခင်းဘက်တောင် ဘယ်သူမှသွားရဲတာမဟုတ်ဘူး”
“ ဒီလိုသတင်းတွေကြောင့် ဒုစရိုက်သမားတွေ ခိုအောင်းတဲ့နေရာဖြစ်လာတာပဲ၊ မင်းစိတ်ထဲ ဘဝင်မကျဖြစ်နေတာတွေ ဟိုရောက်ရင် ရှင်းသွားပါလိမ့်မယ်”
အောင်မြတ်သာက စကားကိုလိုတိုရှင်းပြောပြီး ကျဉ်တောင်ရွာအဝင်ဘက်ကိုထွက်သွားခဲ့လိုက်
တယ်။ နာရီဝက်လောက်ကြာအောင် လမ်းလျောက်ပြီးချိန်မှာတော့ မြေကြီးထဲမှာတစ်ဝက်ခန့်နစ်ဝင်နေတဲ့ အိမ်အပျက်တွေကို သွေးပျက်ဖွယ်မြင်လိုက်ရပါတော့တယ်။
“ မိုးညို.. မင်းက ပရလောကကို ယုံလား”
“ ငယ်ငယ်ကတော့ သရဲခဏခဏခြောက်ခံထိဖူးတယ်၊ ဒါကြောင့် ရှိတာကိုတော့ယုံတယ်”
“ မင်းကြောက်ရော ကြောက်လား”
“ မမူးရင်တော့ ကြောက်တယ်၊ မူးရင်တော့ မကြောက်ဘူး”
မိုးညိုစကားကြောင့် အောင်မြတ်သာ အနည်းငယ်ပြုံးလိုက်ပြီး ကန္တာရဆူးပင်တွေပေါက်နေတဲ့ ရွာလမ်းမထဲကို ဆက်လျောက်သွားခဲ့လိုက်တယ်။
“ မင်းပြောတော့ ဒီရွာက အခြောက်အလှန့်ကြမ်းတယ်ဆို အခုထိ ဘာမှလဲမမြင်ရပါလား”
အောင်မြတ်သာစကားကို မိုးညိုဘာမှမပြောပဲ မှောင်မိုက်နေတဲ့ဘေးဘီကိုသာ လိုက်ကြည့်နေခဲ့တယ်။
“ ရှပ် ရှပ် ရှပ်”
အိမ်အပျက်တွေကြားထဲကနေ ထွက်လာတဲ့ခြေသံကြောင့် အောင်မြတ်သာရော မိုးညိုပါလှည့်ကြည့်လိုက်ရာ ရိပ်ခနဲထွက်ပြေးသွားတဲ့ လူရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
“ ပြောနေရင်း အရိပ်အယောင်ပြပြီထင်တယ်”
“ မင်းကသရဲခြောက်တယ်ထင်နေလို့လား”
အောင်မြတ်သာက လမ်းပေါ်မှာရှိနေတဲ့ ခဲတစ်လုံးကို ကောက်ယူပြီး အမှောင်ထဲကို အားကုန်လွှဲပစ်လိုက်ရာ အား ဆိုတဲ့အသံနဲ့အတူ လူတစ်ယောက်ထွက်ပြေးသွားတာကို လရောင်အောက်မှာမြင်လိုက်ရတယ်။
“ လူ လူပါလား…”
“ ငါတို့ရောက်တဲ့အကြောင်းတော့ သတင်းပို့သလိုဖြစ်သွားပြီကွ၊ ရော့ မဲမဲမြင်ရာ ရိုက်ပေတော့”
အောင်မြတ်သာက အိမ်ပျက်တစ်လုံးရှေ့မှာ ရှိနေတဲ့ တုတ်တစ်ချောင်းကို မိုးညိုကိုကမ်းပေးလိုက်ပြီး ရွာအတွင်းဘက်ကို ဝင်လာခဲ့လိုက်တယ်။
“ တစ်ခုခုကိုကင်နေတဲ့အနံ့ရသလိုပဲ”
မိုးညိုက နှာခေါင်းကိုတရှုံ့ရှုံ့လုပ်ပြီး အနံ့ခံနေတဲ့အချိန် ဝှီးဆိုတဲ့အသံနဲ့အတူ နားရွက်နားကနေ ဖြတ်သွားတဲ့အရာတစ်ခု။
“ မိုးညို သတိထား…”
အောင်မြတ်သာက မိုးညိုကိုဖျတ်ခနဲဖမ်းဆွဲလိုက်ရာ ဒုတ်ခနဲအသံနဲ့အတူ ဘေးမှာရှိတဲ့ သစ်ပင်ထဲစိုက်ဝင် သွားတဲ့ ပေါက်ဓားတစ်လက်။
“ ဒီကောင်တွေ ခိုးကြောင်ခိုးဝှက်နဲ့ သူရဲဘောကြောင်လိုက်တာ”
“ မကောင်းတာလုပ်တဲ့သူတွေက အမှောင်ထဲမှာပဲ နေကြတာများတယ်၊ ဒီမှာခဏနေဦး ငါပြန်လာခဲ့မယ်”
အောင်မြတ်သာက မိုးညိုကို သစ်ပင်နောက်မှာ ထားပြီး အမှောင်ထုထဲကို တိုးဝင်သွားရာ ခဏနေတော့ ဒုတ်ခနဲ ခွပ်ခနဲအသံတွေနဲ့အတူ လူအချို့နာကျင်စွာအော်ဟစ်တဲ့အသံတွေ ထွက်လာခဲ့တယ်။
“ မိုးညို… ထွက်လာခဲ့တော့”
အောင်မြတ်သာရဲ့အသံကြောင့် မိုးညို သစ်ပင်နောက်ကနေထွက်လာရာ အမှောင်ထုထဲမှာ တအီးအီးနဲ့ညဉ်းညူပြီး လူးလိမ့်နေတဲ့ လူသုံးယောက်ကိုမြင်လိုက်ရတယ်။
“ ဒီလူတွေက မင်းတို့အဖွဲ့ကလား”
“ မဟုတ်ဘူးဗျ… ဒီလူတွေကို တစ်ခါမှမတွေ့ဖူးဖူး”
မိုးညိုက လရောင်အောက်မှာ မြင်နေရတဲ့သူတွေကို သေချာလိုက်ကြည့်နေတဲ့အချိန် ရွာအတွင်းဘက်ကနေ မီးရောင်အချို့ထွက်လာပြီး တုတ်၊ ဓါးတွေကိုင်ဆောင်ထားတဲ့ လူဆယ်ယောက်ခန့် ပေါ်လာခဲ့တယ်။
“ ဘယ်သူများလဲလို့ကြည့်နေတာ ငါ့ချာတိတ်လေး ဖြစ်နေပါလား”
မီးတုတ်ကိုင်ထားတဲ့ အသားမဲမဲ၊ ဂင်တိုတိုလူရဲ့နောက်ကနေထွက်လာတဲ့အသံကြောင့် ကြည့်လိုက်ရာ ဓါးမြောင်တစ်ချောင်းကို ကိုင်ထားတဲ့ တင်သိန်းကိုမြင်လိုက်ရတယ်။
“ မိုးညို… ဒါကိုပါးစပ်ထဲငုံထား”
အောင်မြတ်သာက အနားကပ်ပြောပြီး လက်ထဲကို ကြေးပြားလိပ်တစ်ခုလာထည့်ပေးတာကြောင့် မိုးညိုလဲ ပါးစပ်ထဲထည့်ကာ အံသွားနဲ့ကိုက်ကာ လက်ထဲကတုတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်တယ်။
“ နေပါဦး… သူကဟိုညက ငါတို့ကို အလစ်ဝင်တိုက်သွားတဲ့သူမဟုတ်လား”
တင်သိန်းက အောင်မြတ်သာကို လက်ညိုးထိုးပြီးပြောလိုက်ရာ ဘေးမှာရှိနေတဲ့မျိုးဆွေက ခေါင်းညိမ့်ပြပြီး
“ ဟုတ်တယ် တင်သိန်း… ဒီကောင်က ငါတို့နယ်ထဲကို မကြောက်မရွံ့ဝင်လာရဲတာ အံ့ဩတယ်”
“ နေကြပါဦးဗျာ… ကျုပ်ဒီကိုလာတာ ခင်ဗျားတို့နဲ့ပြဿနာဖြစ်ဖို့မဟုတ်ပါဘူး၊ ဒီကောင်လေးက တိုက်ရာပါပစ္စည်းတွေကို ပိုင်ရှင်တွေဆီပြန်ပေးချင်တယ်ဆိုလို့ လိုက်ပို့ပေးတာ၊ မိုးညိုရေ မင်းကိစ္စမင်းရှင်းပေတော့”
အောင်မြတ်သာက မိုးညိုကိုရှေ့တွန်းထုတ်ပြီး ဘေးက သစ်ပင်အောက်မှာ ဝင်ထိုင်နေလိုက်တယ်။
“ ဒီကောင်ကို သတ်နိုင်တဲ့သူ ပတ္တမြားဘယက်တစ်ကုံးပေးမယ်”
တင်သိန်းစကားအဆုံးမှာ တုတ်၊ ဓါးလက်နက်တွေ ကိုင်ဆောင်ထားတဲ့ လူအုပ်ကြီးက မိုးညိုကို ထိုးခုတ်ရန်ပြေးဝင်လာခဲ့ကြတယ်။
“ ဒုတ်”
“ ဖြောင်း”
“ ရွှပ်”
“ ဟင်… ဒီကောင်ဘာလဲဟ”
လူမိုက်အချို့ရဲ့ အာမေဋိတ်အသံတွေ ထွက်လာခဲ့တယ်။
ဘာကြောင့်လဲဆိုတော့ မိုးညိုရဲ့ခန္ဓာကိုယ်ပေါ်ကို ကျလာတဲ့ တုတ်ချက်တွေ၊ ဓါးချက်တွေက အသားထဲကိုစိုက်ဝင်မသွားပဲ အပြင်ကိုပြန်ကန်ထွက်လာလို့ပဲ။
“ဟဲဟဲ.. မင်းတို့အလှည့်ပြီးရင် ငါ့အလှည့်ပေါ့ကွာ”
မိုးညိုက ဟက်ခနဲရယ်ပြီး လက်ထဲကိုင်ထားတဲ့ တုတ်နဲ့ ရှေ့မှာရှိနေတဲ့သူကို ရိုက်ချလိုက်ရာ ဒုတ်ဆိုတဲ့အသံနဲ့အတူ မြေကြီးပေါ်ခွေကျသွားခဲ့တယ်။
“ အောင်ဘ… ဒီကောင်ကိုသတ်စမ်း”
တင်သိန်းက ဒေါသတစ်ကြီးနဲ့အော်ပြောရင်း သူကိုယ်တိုင်လဲ ရှေ့ကိုတိုးလာခဲ့တယ်။
မိုးညိုလဲ သူ့ထံရောက်လာတဲ့ တုတ်ချက်၊ ဓါးချက်တွေကို လက်ဖျံနဲ့ကာလိုက်၊ တုတ်နဲ့ကာလိုက်လုပ်ရင်း တစ်ယောက်ပြီး တစ်ယောက်ကိုဖြိုခဲ့ရာ ဆယ်ယောက်ခန့်ရှိတဲ့ လူအုပ်ကြီးက မြေကြီးပေါ် သွေးအလူးလူးနဲ့ လဲကျသွားခဲ့တယ်။
“ ဒီကောင် ဘီလူးသရဲများစီးနေတာလား”
တင်သိန်းက အလန့်တကြားပြောရင်း သူ့ဆီလမ်းလျောက်လာနေတဲ့ မိုးညိုကို ကြောက်လန့်တဲ့မျက်နှာနဲ့ ကြည့်နေခဲ့တယ်။
“ ဘယ်လိုလဲ ကိုတင်သိန်း… ခင်ဗျား လက်ထဲကိုင်ထားတဲ့ ဓါးမြောင်နဲ့ လာထိုးစမ်းပါဦး”
မိုးညိုက ရင်ဘတ်က အင်္ကျီကိုဟပြီး ကော့ပေးလိုက်ပေမယ့် တင်သိန်းမထိုးရဲပဲ နောက်လှည့်ပြေးဖို့အလုပ် “ ဒုတ်” ဆိုတဲ့အသံနဲ့အတူ ကျောပြင်ကော့တက်သွားခဲ့တယ်။
“ တိုက်ရာပါပစ္စည်းတွေဘယ်မှာလဲ”
“ ရောင်းလိုက်ပြီ မရှိတော့ဘူး”
တင်သိန်းက မြေကြီးပေါ်မှာ လူးလိမ့်နေရင်း ပြောလိုက်တဲ့စကားကြောင့် မိုးညို ခေါင်းတစ်ချက်ခါလိုက်ပြီး ညိုသကျီးကို ဖြောင်းခနဲမြည်အောင်ရိုက်ချလိုက်တယ်။
“ အား….”
တင်သိန်းရဲ့ ငယ်သံပါအောင် အော်တဲ့အသံက ကျဉ်တောင်ရွာတစ်ရွာလုံး ပဲ့ထင်ထပ်သွားခဲ့တယ်။
“ တိုက်ရာပါပစ္စည်းတွေ ဘယ်မှာလဲ၊ ဒီတစ်ခါမေးလို့ မဖြေရင်တော့ ခင်ဗျားတစ်သက်လုံး တောင်းစားဖို့သာပြင်ထား”
မိုးညိုက လက်ထဲကတုတ်ကို ရွယ်ပြီးမေးလိုက်ရာ
“ တောင်းပန်ပါတယ် မိုးညိုရယ်… ငါအမှန်တိုင်းပြောပါ့မယ်၊ ပစ္စည်း ပစ္စည်းတွေက စေတီဖြူဘေးက မန်ကျီးပင်အောက်မှာမြုပ်ထားပါတယ်”
“ ကျုပ်ကိုလိမ်လို့ကတော့ ခင်ဗျားအသေပဲ”
မိုးညိုက စကားအဆုံးမှာ တင်သိန်းရဲ့ပါးစောင်ကို ခွပ်ခနဲထိုးချလိုက်ပြီး
“ ဒါက ကျုပ်ကိုသတ်ဖို့လုပ်တဲ့အတွက်” လို့ပြောကာ လဲကျနေတဲ့သူတွေကို ၎င်းတို့ဝတ်ထားတဲ့ အင်္ကျီလုံချည်တွေနဲ့ချည်နှောင်ကာ စေတီဖြူရှိရာဘက်ကိုထွက်လာခဲ့လိုက်တယ်။
++++
“ အောက်အီးအီးအွတ်”
လင်းကြက်တွန်သံကြောင့် မေနှင်းတစ်ယောက် အိပ်ယာကနေ လူးလဲထလိုက်ပြီး အိမ်တံခါးကို ဖွင့်လိုက်တဲ့အချိန် လုံချည်စုတ်တစ်ထည်နဲ့ ထုပ်ထားတဲ့အထုပ်တစ်ထုပ်နဲ့ စာတစ်စောင်ကို မြင်လိုက်ရတာကြောင့် ဘာများလဲဆိုပြီး ဖွင့်ကြည့်လိုက်ရာ ကိုယ့်မျက်လုံးကိုယ်မယုံနိုင် ဖြစ်သွားခဲ့ရတယ်။
ပုဆိုးထဲမှာရှိနေတာက လွန်ခဲ့တဲ့ရက်ပိုင်းက ဓါးပြတိုက်ခံထိသွားတဲ့ ရတနာပစ္စည်းတွေဖြစ်နေလို့ပဲ။
ဝမ်းသာလုံးဆို့ပြီး ပျော်ရွှင်နေတဲ့ မိန်းကလေးကို ခပ်လှမ်းလှမ်းသစ်ပင်နောက်ကနေ ကြည့်နေတဲ့ မိုးညိုက
“ သူ့မျက်ဝန်းလေးတွေက သိပ်လှတာပဲဗျာ” လို့ ခပ်တိုးတိုးရေရွတ်လိုက်ပါတော့တယ်။
++++++
စပါးအိတ်တွေ တောင်လိုရာလိုပုံနေတဲ့ ပွဲရုံထဲကို ခပ်ကျော့ကျော့ဝင်လာတဲ့ ဒေါ်မေသီကြောင့် စကားပြောနေကြတဲ့ အလုပ်သမားတွေ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့ကြတယ်။
“ ဒီနေ့ စပါးတင်းဘယ်လောက် လာပို့လဲ”
“ တင်းငါးရာကျော်တယ် အန်တီမေ”
“ ညနေကျရင် လပြည့်ပွဲရုံက တင်းသုံးရာ လာထပ်ပို့လိမ့်မယ်၊ သေချာစစ်ပြီးယူကြဦး”
“ ဟုတ်ကဲ့ အန်တီမေ”
ဒေါ်မေသီက အလုပ်သမားတွေကို မျက်နှာတည်နဲ့ပြောပြီး ကောင်တာမှာဝင်ထိုင်လိုက်တဲ့အချိန်
“ အန်တီမေက ဘယ်ချိန်ကြည့်ကြည့် လှနေတာပဲနော်”
လှမေရဲ့စကားကြောင့် စပါးလှန်းနေတဲ့ မိအေးက အန်တီမေကို တစ်ချက်ကြည့်လိုက်ပြီး
“ နင်က လှတာပဲမြင်တာကိုး၊ သူဘယ်လောက် မောက်မာတယ်ဆိုတာ နင်မှမသိတာ”
“ ဟင်… အန်တီမေက အဲလိုလား”
“ အဲဒီထက်တောင်ပိုသေးတယ်၊ နောက်ပြီး သူ့ရဲ့မောက်မာမှုကြောင့်….”
မိအေးရဲ့စကားသံက ရုတ်တရက်ရပ်လိုက်တာကြောင့် လှမေ အားမလိုအားမရဖြစ်သွားပြီး
“ ဘာဖြစ်လဲ ဆက်ပြောလေ”
“ ဘာမှမဟုတ်တော့ပါဘူး…”
မိအေးက စကားကိုတိခနဲဖြတ်ချလိုက်ပြီး စပါးအိတ်တွေထားတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
လှမေကတော့ ကျော့ရှင်းပြီးအိန္ဒြေတစ်ခွဲသားနဲ့ စာရင်းလုပ်နေတဲ့ အန်တီမေကို အားကျတဲ့မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်ပါတော့တယ်။
++++++
“ ဂျိမ်း… ဂျိမ်း”
ရုတ်တရက်ထွက်ပေါ်လာတဲ့ မိုးခြိမ်းသံကြောင့် ပွဲရုံထဲမှာရှိတဲ့အလုပ်သမားတွေ ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး လှမ်းထားတဲ့စပါးတွေကို ရုတ်ဖို့ပြေးတဲ့သူကပြေး၊ ပလပ်စတစ်အုပ်သူကအုပ်နဲ့ အလုပ်ရှုပ်သွားခဲ့တယ်။
ဒေါ်မေသီကတော့ အချိန်အခါမဟုတ်ရွာတဲ့မိုးကြောင့် သက်ပြင်းတစ်ချက်ချလိုက်ပြီး စာရင်းလုပ်နေတာကိုရပ်ကာ ပွဲရုံအပြင်ကို ကြည့်လိုက်တဲ့အချိန် မျက်နှာသွယ်သွယ်၊ အရပ်မြင့်မြင့်လူတစ်ယောက် သူ့ကိုစိုက်ကြည့်နေတဲ့ပုံရိပ်ကို ဖျတ်ခနဲ မြင်တွေ့လိုက်ရတယ်။
“ အကို…”
နှုတ်ကနေ မထင်ထားပဲ ထွက်သွားတဲ့အသံနဲ့အတူ ဒေါ်မေသီခေါင်းကိုခါယမ်းပြီးကြည့်လိုက်ရာ ခုနကမြင်ရတဲ့ပုံရိပ်ကို မတွေ့ရတော့ပေ။
ဘဝမှာမေ့မေ့ပျောက်ပျောက်ရှိနေတဲ့ ဖြစ်ရပ်တစ်ခုက အခုမှပြန်ပေါ်လာတဲ့အကြောင်းအရင်းက ဘာများလဲ။
ဒေါ်မေသီမှာ ဘယ်လိုအတိတ်တွေရှိခဲ့သလဲ။
ဒီအကြောင်းအရာတွေကိုတော့ အောင်မြတ်သာနှင့် ဆုံမှတ်မဲ့သောကြိုးဆိုတဲ့ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Comments
Post a Comment