အောင်မြတ်သာနှင့်လူသားစားသောဖုတ်
ငွေမျှင်ရောင်အလင်းတွေဖြာကျနေတဲ့ လပြည့်ညတစ်ညမှာတော့ အင်ကုန်းသုဿာန်ထဲကနေ မြေကြီးတူးသံ တဒုတ်ဒုတ်ထွက်ပေါ်လာခဲ့တယ်။
“အခေါင်းပေါ်ပီလား”
“ မပေါ်သေးဘူးဆရာ…”
“ မြန်မြန်တူးပါဟ…အချိန်နောက်ကျလို့မရဘူး”
လွယ်အိတ်တစ်လုံးလွယ်ထားပြီး ဆေးတံခဲနေတဲ့ လူရဲ့စကားကြောင့် မြေကျင်းထဲမှာရှိနေတဲ့လူက ပေါက်တူးကို အားကုန်လွှဲကာ ပေါက်ချလိုက်တယ်။ အချက်နှစ်ဆယ်လောက် ပေါက်ပြီးချိန်မှာတော့
“ ဒုတ် ဒုတ်”
“ အခေါင်းပေါ်ပီဆရာ.. အဖုံးဖွင့်လိုက်ရတော့မလား”
“ မဖွင့်နဲ့ဦး… ကန်တော့ပွဲမှာ ဖယောင်းတိုင် ထွန်းလိုက်ဦးမယ်”
ဆရာဖြစ်သူက မြေစာပုံဘေးမှာ အသင့်ပြင်ထားတဲ့ ကန်တော့ပွဲပေါ်မှာ ဖယောင်းတိုင်ထွန်းလိုက်ပြီး မန္တာန်တစ်ပုဒ်ကို ခပ်တိုးတိုးရွတ်ဆိုနေခဲ့တယ်။
“ ရပြီ အခေါင်းရိုက်ထားတဲ့သံတွေကို ကလော်ထုတ်လိုက်တော့”
“ ဟုတ်ကဲ့ဆရာ”
ပေါက်တူးကိုင်ထားတဲ့လူက အခေါင်းပျဉ်တွေကို ကလပ်ပြီးဖွင့်လိုက်ရာ ညှီစို့စို့ပုတ်အဲ့အဲ့အနံ့ဆိုးက စူးခနဲတက်လာခဲ့တယ်။
“ ထွီ… နံလိုက်တဲ့အပုတ်နံ့… ဒါတောင် သေထားတာ တစ်ရက်ပဲရှိသေးတယ်”
“ ဟေ့ကောင် အံ့ကြီးမောင် စကားများမနေနဲ့ အပေါ်တက်လာတော့”
ဆရာဖြစ်သူစကားကြောင့် အံ့ကြီးမောင်ဆိုသူက မြေကျင်းပေါ်ကို ကုတ်တက်လာခဲ့လိုက်တယ်။
“ နက္ခတ်ရော စန်းရော စုံသင့်သလောက်စုံနေပြီမို့ အလောင်းကိုဖုတ်သွင်းတော့မယ်၊ ငါမန္တာန်ရွတ်နေတဲ့အချိန် မင်းထွက်မပြေးဖို့တော့ လိုမယ်နော်”
“ မပြေးပါဘူးဆရာကလဲ”
“ မင်းက အတွေ့အကြုံမရှိသေးလို့ စိတ်ပူတယ်”
ဆရာဖြစ်သူက အံ့ကြီးမောင်ကို စိတ်မချဟန်နဲ့ပြောလိုက်ပြီး အခေါင်းထဲကို အနီရောင်ဆေးလုံးသုံးလုံးပစ်ထည့်လိုက်တယ်။
ဆေးလုံးတွေက အခေါင်းထဲရောက်တာနဲ့ ဆရာဖြစ်သူက ဖုတ်သွင်းတဲ့ဂါထာကို အဆင်မပြတ်ရွတ်ပါလေရော။
ဂါထာရွတ်နေတဲ့အချိန် သင်္ချိုင်းတစ်ခုလုံး ခွေးအူသံတွေဆူညံလာသလို အုတ်ဂူတွေကြားထဲမှာ ရိပ်ခနဲ ရိပ်ခနဲ သွားလာနေတဲ့ နာနာဘာဝတွေကိုလဲ မြင်လိုက်ရတယ်။
အံ့ကြီးမောင်လဲ လှုပ်ရှားသွားလာနေတဲ့ အရိပ်မဲမဲတွေကိုကြည့်နေတဲ့အချိန် အခေါင်းထဲမှာရှိတဲ့ အလောင်းက ငေါက်ခနဲ ငုတ်တုတ်ထထိုင်ပါလေရော။
“ မင်းရောက်လာပြီလား”
ဆရာဖြစ်သူက မန္တာန်ရွတ်နေတာရပ်ပြီးမေးလိုက်တော့ အလောင်းကောင်က ခေါင်းကို ငြိမ့်ပြတယ်။
“ မင်းက အခုချိန်ကစပြီး ငါ့တပည့်ဖြစ်သွားပြီ… ငါခိုင်းတာကို အောင်မြင်အောင်လုပ်ပေးရင် မင်းကို ဝလင်အောင်ကျွေးမယ်၊ အခုလောလောဆယ် ရှိတာစားထား”
ဆရာဖြစ်သူရဲ့စကားအဆုံးမှာ အံ့ကြီးမောင်က ဘေးမှာချထားတဲ့အမဲသားစိမ်းအထုပ်ကို မြေကျင်းထဲပစ်ချပေးလိုက်တယ်။
“ ဆရာ… သူစားပြီးတာနဲ့ အပြင်ခေါ်ထုတ်တော့မှာလား”
“ အပြင်ခေါ်ထုတ်မှ ငါတို့နေရာထိ သူလိုက်လာမှာပေါ့… ဘာလဲ မင်းက အလောင်းကောင်ကို ထမ်းသွားချင်လို့လား”
ဆရာဖြစ်သူရဲ့စကားကြောင့် အံ့ကြီးမောင် ဘာမှမပြောတော့ပဲ အနောက်ဘက်ကို ဆုတ်သွားခဲ့ရာ သစ်မြစ်တစ်ခုနဲ့ခလုပ်တိုက်ပြီး ခြေထောက်တစ်ဖက်က စည်းအပြင်ကို ရောက်သွားခဲ့တယ်။
မြေကျင်းထဲမှာရှိတဲ့ အလောင်းကောင်ကလဲ အမဲသားတစ်တွဲကို ပလုပ်ပလောင်းနဲ့ စားနေရင်း အဟီးဟီးနဲ့ ရယ်ကာ ကုန်းထလာခဲ့တယ်။
“ ဟင်… ဘယ်လိုဖြစ်တာလဲ…”
ပြာပြာသလဲလဲဖြစ်သွားတဲ့ဆရာက အင်းတစ်ချပ်ကို လွယ်အိတ်ထဲကထုတ်လိုက်ပြီး မီးရှို့ကာ အခေါင်းထဲပစ်ထည့်လိုက်ရာ ကုန်းထနေတဲ့ အလောင်းကောင်က ဝုန်းခနဲ လဲကျသွားခဲ့တယ်။
“ တစ်ခုခုမှားနေပြီ… အံ့ကြီးမောင် မင်း သင်္ချိုင်းအဝင်တုန်းက ခေါစာပစ်သေးလား”လို့မေးလိုက်ပေမယ့် စကားမပြန်တာကြောင့် လှည့်ကြည့်လိုက်ရာ မျက်လုံးပြူးပြီး ရယ်ကျဲကျဲနဲ့ စိုက်ကြည့်နေတဲ့ အံ့ကြီးမောင်ကိုမြင်လိုက်ရတယ်။
“ ဟေ့ကောင်… ဘာဖြစ်တာလဲ”
“ အဟီးအဟီး ဟက်ဟက်…”
သွားရည်တမြားမြားကျပြီး ရယ်နေတဲ့ အံ့ကြီးမောင်ကိုမြင်တော့အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ဆရာဖြစ်သူက လွယ်အိတ်ထဲပါလာတဲ့ အင်းချပ်နဲ့ပစ်ပေါက်လိုက်ရာ ဝူးဝူးဝါးဝါးအော်ပြီး မြေပေါ်မှာလိမ့်နေခဲ့တယ်။
“ ဒီကောင်နဲ့တော့ ငါပါဒုက္ခရောက်တော့မှာပဲ”
ဆရာဖြစ်သူက လွယ်အိတ်ကိုဆွဲယူပြီး စည်းအပြင်ထွက်လာတဲ့အချိန်မှာတော့ အံ့ကြီးမောင်က လျာတန်းလန်းထွက်ပြီး ဆံ့ငင်ဆံ့ငင်ဖြစ်နေတာ မြင်လိုက်ရတယ်။
အဲဒီအချိန် ကြောက်မက်ဖွယ်အော်သံတွေနဲ့အတူ သင်္ချိုင်းအတွင်းဘက်ကနေ ပြေးလာကြတဲ့ နာနာဘာဝတွေကိုမြင်လိုက်ရတာကြောင့် ဆရာဖြစ်သူလဲ သင်္ချိုင်းထဲမှာဆက်မနေတော့ပဲ အပြင်ကိုပြေးထွက်သွားခဲ့တယ်။
အချိန်ခဏလေးအတွင်းမှာပဲ ဆူညံပွက်လောရိုက်နေတဲ့ သင်္ချိုင်းမြေက ပြန်လည်တိတ်ဆိတ်ကာ ငြိမ်သက်သွားခဲ့တယ်။
+++++++
ညက တရားထိုင်တာ နောက်ကျသွားတဲ့အတွက် မောင်ကောင်းနဲ့ခွန်းလှတို့ နေအတော်မြင့်မှ နိုးလာခဲ့တယ်။
“ညက မိုးလင်းခါနီးမှ တရားဖြုတ်တော့ လူကဘယ်လိုအိပ်ပျော်သွားမှန်းမသိဘူးဗျာ”
“ အေးကွာ… ငါလဲ ခုနကမှ နိုးလာတာ”
မောင်ကောင်းနဲ့ ခွန်းလှတို့ မျက်နှာသစ်ပြီးတဲ့အချိန် ကပ္ပိယကြီးရောက်လာပြီး
“ မင်းတို့ သင်္ချိုင်းထဲက ကိစ္စသိပြီးပြီလား”
“ ကျွန်တော်တို့ခုနကမှ နိုးတာ… ဘာကိစ္စဖြစ်လို့လဲ ဦးလေး”
“ သင်္ချိုင်းထဲမှာ အပိုင်းပိုင်းအစစဖြစ်နေတဲ့ လူသေအလောင်းပေါ်လို့တဲ့”
“ ဟင်.. ကျွန်တော်တို့ နားမရှင်းလို့…. လူသတ်ပြီး သင်္ချိုင်းထဲ လာပစ်ထားတာလား”
“ အာ… မင်းပြောမှရှုပ်ကုန်ပြီ… ညက သင်္ချိုင်းထဲမှာမြုပ်ထားတဲ့အလောင်း တစ်လောင်းက အပြင်ကိုရောက်နေတယ်တဲ့”
“ ဟင်… ဒါဆို အလောင်းလာဖော်တာပေါ့… အောက်လမ်းအတိုက် တစ်ခုခုလုပ်ဖို့များလား”
“ အဲဒါတော့ ငါတို့လဲမသိဘူး… မြင်တဲ့သူတွေကတော့ အလောင်းကို ကိုက်ဖဲ့စားထားတယ်လို့လဲပြောတယ်”
“ တောခွေးတွေ စားထားတာနေမှာဖြစ်မှာပေါ့”
“ ခွေးတွေစားရင် တစ်စစီဖြစ်နေမှာလေ၊ အခုက လက်တွေ ပေါင်တွေမှာ လူရဲ့သွားအရာတွေ တွေ့တယ်တဲ့ဗျာ”
ကပ္ပိယကြီးစကားကြောင့် မောင်ကောင်းတို့အချင်းချင်းကြည့်လိုက်ပြီး
“ဒါဆိုရင်တော့ သတိရမယ့်ကိစ္စပေါ်လာပြီထင်တယ်” လို့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတော့တယ်။
++++
တိုက်နယ်ဆေးရုံရှေ့ကို တဖုန်းဖုန်းနဲ့ရောက်လာတဲ့ ထွေလာဂျီအသံကြောင့် ဒေါက်တာမင်းခေါင်ရုံးခန်းထဲကနေ လှမ်းကြည့်လိုက်တယ်။
“ ဆရာမ … လူနာရောက်လာတာလား”
“ ဟုတ်မယ်ထင်တယ်ဆရာ… ကျွန်မသွားကြည့်လိုက်ပါမယ်”
ခဏနေတော့ သူနာပြုဆရာမတစ်ယောက် ရေးကြီးသုတ်ပြာဝင်လာပြီး
“ သစ်ငုတ်စူးတာဆရာ… ဒဏ်ရာကအတော်နက်တယ်”
“ ဒါဆို ချုပ်ရမှာပေါ့… လူနာကို ခွဲခန်းထဲခေါ်ခဲ့လိုက်”
ဒေါက်တာမင်းခေါင်လဲ စားပွဲပေါ်တင်ထားတဲ့ နားကြပ်ကိုယူပြီး ခွဲခန်းထဲဝင်လာခဲ့လိုက်တယ်။
“ အား ကျွတ် ကျွတ်…”
“ ငုတ်ကအတော်ကြီးတာပဲ… ဘယ်လိုဖြစ်ရတာလဲဗျာ”
“ ချောင်းစပ်မှာ ငါးရှာရင်းဖြစ်တာဆရာ”
“ လောလောဆယ် ငုတ်ကိုအရင်ထုတ်ပြီး ချုပ်ရမယ်၊ ပြီးမှ မေးခိုင်ကာကွယ်ဆေးထိုးဖို့လုပ်တာပေါ့”
ဒေါက်တာမင်းခေါင်လဲ ငုတ်စူးတဲ့လူနာကို စနစ်တကျကုသပေးပြီးတဲ့အချိန်ချိန်မှာတော့ ညနေ နေဝင်ရီတရောအချိန်ရောက်နေခဲ့ပြီ။
“ ဆရာမ… ဒီည ဘယ်သူ့ဂျူတီလဲ”
“ မအေးသိန်းနဲ့ စန်းသီတာတို့နှစ်ယောက် တာဝန်ကျတယ်ဆရာ”
“ လူနာတွေ တစ်ခုခုဖြစ်ရင် ကျွန်တော့်ကို လာခေါ်ဖို့ပြောထားပေးနော်”
“ ဟုတ်ကဲ့ဆရာ…”
မင်းခေါင်လဲ တစ်နေကုန် အလုပ်ရှုပ်နေခဲ့တာမို့
နုံးချိနေတဲ့အတွက် လူနာတွေကို သူနာပြုဆရာမတွေနဲ့ လွှဲထားပြီး လိုင်းခန်းရှိရာကိုပြန်လာခဲ့လိုက်တယ်။
+++++
လျှပ်စစ်မီးမရသေးတဲ့ကာလမို့ လူနာတွေထားတဲ့ အခန်းလေးထဲမှာ ဖယောင်းတိုင်မီးအလင်းရောင်က ကြီးစိုးနေခဲ့တယ်။
“ သီတာရေ… ကိုဘမြင့် ဘယ်ရောက်နေလဲ”
“ အခုချိန်ဆို ခွက်ပုန်းကစ်နေလောက်ရောပေါ့”
“ ထွေသားလေးတစ်ယောက်ရှိပါတယ်ဆို အားနေ သူ့ပဲလိုက်ရှာနေရတယ်၊ နောက်နေ့မှ ဆရာနဲ့ တိုင်မယ်”
မအေးသိန်းက ဗျစ်တောက်ဗျစ်တောက်ပြောပြီး လူနာတွေကိုပေးမယ့် ဆေးတွေကို အိတ်ထဲထည့်နေခဲ့တယ်။ ခဏနေတော့ ကိုဘမြင့်ပြန်ရောက်လာပြီး
“ ဆရာမ ကျွန်တော်ကိုမေးနေတယ်ဆို”
“ ခွဲခန်းထဲက အမှိုက်တွေပစ်ဖို့ မနက်ထဲကပြောထားတာ အခုထိမပြစ်ရသေးဘူးမလား”
“ ဟုတ်သားပဲ… ကျွန်တော်မေ့နေတာ အခုသွားပစ်လိုက်မယ်လေ”
ကိုဘမြင့်က သူ့အပြစ်သူသိတဲ့အတွက် ဓါတ်မီးတစ်လက်ခါးကြားထိုးကာ ခွဲခန်းဘက်ကို ထွက်လာခဲ့လိုက်တယ်။ခွဲခန်းထဲရောက်တော့ သွေးစသွေးနတွေပေနေတဲ့ ပတ်တီးတွေနဲ့ ဂွမ်းစတွေထည့်ထားတဲ့အိတ်ကိုယူပြီး ဆေးရုံအနောက်မှာရှိတဲ့ အမှိုက်ကျင်းဆီကိုအသွား အမှောင်ထုထဲမှာ ကုန်းကုန်းကွကွနဲ့ လိုက်သွားနေတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။
“ ဘယ်သူလဲဟေ့”
ဓါတ်မီးနဲ့ထိုးပြီးကြည့်လိုက်ပေမယ့် ဘာမှမတွေ့တာကြောင့် အမှိုက်ထုပ်ကို ကျင်းထဲပစ်လိုက်ပြီး ပြန်အလှည့် ကျင်းထဲကနေ ချိုးချိုးချွတ်ချွတ်အသံကြားလိုက်ရတဲ့အတွက် အနားကပ်ပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ ပတ်တီးနဲ့ဂွမ်းလိပ်တွေမှာပေနေတဲ့ သွေးစတွေကို လျာနဲ့ယက်ပြီး ဝါးစားနေတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ အောင်မလေး… သရဲဗျို့ သရဲ သရဲ”
ငယ်သံပါအောင်အော်ပြီး ထွက်ပြေးလာတဲ့ ကိုဘမြင့်အသံကြောင့် လူနာစောင့်တွေနဲ့ သူနာပြုဆရာမတွေပါ ပြေးထွက်လာခဲ့ကြတယ်။
“ ကိုဘမြင့်… ဘာဖြစ်တာလဲ”
“ သရဲ သရဲ… အမှိုက်ကျင်းထဲမှာ အမှိုက်ကျင်းထဲမှာ”
“ ဟုတ်ကောဟုတ်လို့လားဗျ”
“ ဆရာ… ဘယ်တုန်းကရောက်လာတာလဲ”
“ အော်သံကြားလို့ ထွက်လာကြည့်တာ… ကိုဘမြင့် ခင်ဗျား ဘာဖြစ်သွားသေးလဲ”
“ ရုတ်တရက်ဆိုတော့ လန့်သွားတာပါဆရာ… သူ့ပုံစံကကြောက်စရာကြီးဗျာ”
မင်းခေါင်လဲ ကိုဘမြင့်ပြောတဲ့ အမှိုက်ကျင်းနားသွားပြီး ဓါတ်မီးနဲ့ထိုးကြည့်လိုက်ရာ ဘာမှမတွေတာကြောင့် လူနာရှင်တွေကို အားပေးစကားပြောပြီး လိုင်းခန်းကိုပြန်လာခဲ့လိုက်တယ်။ ညဘက်အိပ်ပျော်လုဆဲဆဲအချိန်မှာတော့ လိုင်းခန်းအနောက်ဘက်မှာ လမ်းလျောက်နေတဲ့ ခြေသံကြားတာကြောင့် အိပ်ယာဘေးမှာ ထားထားတဲ့ ဓါတ်မီးနဲ့ တုတ်ကိုယူကာ အပြင် ထွက်လာခဲ့လိုက်တယ်။
မင်းခေါင်အပြင်ရောက်တော့ ခြေသံကရုတ်တရက် ရပ်သွားတာကြောင့် ဓါတ်မီးနဲ့ဟိုဟိုဒီဒီထိုးကြည့် လိုက်ရာ ဆေးရုံသုံးပစ္စည်းတွေကို မီးရှို့တဲ့နေရာဘက်ကို ဝင်သွားတဲ့ လူရိပ်တစ်ခုကို မြင်လိုက်ရတယ်။
အချိန်ကလဲ ညနက်နေပြီမို့ သူခိုးသူဝှက်တွေများလားဆိုတဲ့အတွေးကြောင့် လက်ထဲကတုတ်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း အမှိုက်မီးရှို့တဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။
“ ချွတ် ချွတ် ချွတ်”
အမှိုက်စတွေကိုနင်းပြီးလမ်းလျောက်နေတဲ့အသံကြောင့် မင်းခေါင် ဆေးရုံထောင့်ကိုကပ်ပြီး ချောင်းကြည့်လိုက်ရာ မျက်ကွယ်ကွေ့ကနေ ကြောက်မက်ဖွယ်ကောင်းတဲ့မျက်နှာနဲ့ လူတစ်ယောက် ဘွားခနဲထွက်လာခဲ့တယ်။
မင်းခေါင်လဲ ရုတ်တရက်မို့လန့်သွားပြီး လက်ထဲကိုင်ထားတဲ့ တုတ်နဲ့ဦးခေါင်းကိုရိုက်လိုက်ရာ အဲဒီလူက စူးစူးဝါးဝါးအော်ဟစ်ပြီး အမှောင်ထုထဲကို ဝင်ပြေးသွားခဲ့တယ်။
ညသန်းခေါင်အချိန် ရုန်းရင်းဆန်ခတ်ဖြစ်တဲ့အသံကြောင့် ကိုဘမြင့်ပြေးထွက်လာပြီး
“ ဆရာ… လက်ထဲမှာလဲ တုတ်ကြီးနဲ့ ဘာများဖြစ်လို့လဲ”
“ ဘာမှမဖြစ်ပါဘူးဗျာ… သူခိုးကပ်တယ်ထင်လို့ လာထွက်ကြည့်တာပါ”
“ ဆရာရယ် … တစ်ခုခုဆို ကျွန်တော်တို့ကို ခေါ်လို့ရနေတာ ဘာလို့တစ်ယောက်ထဲ ထွက်လာတာလဲ”
“ စိတ်ပူအောင်လုပ်ခဲ့မိလို့ တောင်းပန်ပါတယ်ဗျာ၊ အခုဘာမှလဲမတွေ့ဘူးဆိုတော့ အခန်းပြန်လို့ရပါပြီ”
မင်းခေါင်လဲ ကိုဘမြင့်ကို စကားလှအောင်ပြောလိုက်ပြီး လိုင်းခန်းထဲကို ပြန်ဝင်လာခဲ့လိုက်တယ်။
အတွေးထဲမှာတော့ ကိုဘမြင့်မြင်ခဲ့တဲ့သူနဲ့ ခုနကမြင်ခဲ့တဲ့သူက တူနေမလားဆိုပြီး စဉ်းစားနေခဲ့မိတယ်။
+++++
နေရောင်နုနုလေးဖြာကျနေတဲ့ မနက်ခင်းမှာတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ထင်းပုံကြီးအား ချွေးဒီးဒီးကျလောက်တဲ့ထိ ခွဲနေခဲ့ကြတယ်။
အဲဒီအချိန် ဟိုဘက်ရွာမှာ ပရိတ်သွားရွတ်တဲ့ ဦးခေမာရောက်လာပြီး
“ ဟိုဘက်ရွာမှာ ညက နာနာဘာတစ်ကောင်ဝင်မွှေသွားတာ နင်တို့မသိသေးဘူးလား”
“ ဟင်.. တပည့်တော်တို့မသိသေးဘူး… ဘယ်လိုဖြစ်တာလဲပြောပါဦး”
“ ဟိုဘက်ရွာက ကြက်ခြံပိုင်ရှင်ကိုတိုးမောင်အိမ်ကို ဝင်မွှေသွားလို့”
“ ဘယ်လိုမွှေသွားတာလဲဗျ”
“ ညက သူ့ကြက်ခြံထဲကြက်တွေ အော်သံကြားလို့ ထကြည့်တာ လူတစ်ယောက် ကြက်တွေကို ကိုက်သတ်စားနေတာတဲ့”
“ ဟင်…”
“ ဟုတ်တယ်… သူလဲ အစက ကြက်သူခိုးထင်ပြီး ဖမ်းမလို့ ဓါတ်မီးနဲ့ထိုးကြည့်လိုက်တာ ဆံပင်စုတ်ဖွားနဲ့ နာနာဘာဝကောင်ဖြစ်နေတာတဲ့”
“ အရင်က ဒီလိုအဖြစ်မျိုးမကြားဖူးပါဘူး… တစ်ခုခုတော့မှားနေပြီထင်တယ်”
“ မှားလားမမှားလားတော့ငါလဲမသိဘူး၊ ဒါပေမယ့် စိတ်ထဲတော့ထင့်နေတယ်”
ဦးခေမာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှတို့သက်ပြင်းတစ်ချက်ချပြီး အပြင်ကိုငေးကြည့်လိုက်ရာ ဆေးသေတ္တာကိုလက်မှာဆွဲပြီး ခြံထဲဝင်လာတဲ့ ဒေါက်တာမင်းခေါင်ကိုမြင်လိုက်ရတယ်။
“ ဆရာပါလား… ဘယ်ကနေ လှည့်လာတာလဲ”
“ ရွာထဲမှာ လူနာကြည့်ရင်း ဒီဘက်ကိုလှည့်ဝင်လာတာ၊ ဒါနဲ့ ဆရာတော်ရော နေကောင်းရဲ့လား”
“ နေကောင်းပါတယ် ၊ ဒကာကြီးလဲရောက်တုန်း ရောက်ခိုက် အပေါ်တက်ပါဦး”
“ တင်ပါဘုရား ဆရာတော်ကိုလဲ လျောက်စရာလေးရှိတာနဲ့ အတော်ပဲဗျ”
“ အရေးကြီးကိစ္စများရှိနေလို့လား”
“ အရေးကြီးတယ်လို့တော့မဟုတ်ပါဘူး… ညက ဆေးရုံမှာဖြစ်ခဲ့တဲ့ကိစ္စလေးပြောပြချင်လို့ဝင်လာ တာ”
“ ဆေးရုံမှာဘာဖြစ်လို့လဲ”
ကပ္ပိယကြီးစကားကြောင့် မင်းခေါင်က ညကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို ပြောပြလိုက်ရာ
“ ဆရာပြောတဲ့ဖြစ်ရပ်နဲ့ ဦးခေမာပြောတဲ့ကိစ္စက တူနေပါလား”
“ ကျွန်တော်အထင်တော့ ရွာမှာ အမှားတစ်ခုခုဖြစ်နေပြီထင်တယ်”
“ ဟုတ်တယ်နော်… ဒီပုံစံအတိုင်းဆိုရင် အဲဒီကောင်က ရွာနီးချုပ်စပ်အကုန် လိုက်သွားနေတာပေါ့”
“ ကျွန်တော်မြင်ခဲ့တဲ့သူက လူလားသရဲလား”
မင်းခေါင်စကားကြောင့် မောင်ကောင်းက တစ်ခုခုကိုစဉ်းစားလိုက်ပြီး
“ အတိအကျတော့ ပြောလို့မရသေးဘူးဆရာ၊ ကျွန်တော်တို့ ရွာလူကြီးတွေနဲ့ အရင်တိုင်ပင်လိုက်ပါ ဦးမယ်၊ တစ်ခုခုထူးခြားရင် ဆရာကို အကြောင်းကြားခိုင်းလိုက်ပါ့မယ်”
“ ဟုတ်ကဲ့ဗျ… ဆရာတို့က ဒီလိုကိစ္စဘက်မှာ နားလည်တော့ အဆင်ပြေတာပေါ့၊ ဒါဆို ကျွန်တော်ကို ခွင့်ပြုပါဦး”
ဒေါက်တာမင်းခေါင်က မောင်ကောင်းတို့ကို နှုတ်ဆက်ပြီး ဘုန်းကြီးကျောင်းပေါ်တက်သွားခဲ့လိုက်တယ်။
မင်းခေါင်ထွက်သွားတော့ မောင်ကောင်းနဲ့ ခွန်းလှတို့ ကပ္ပိယကြီးနဲ့အတူ ရွာထဲကို ထွက်လာခဲ့လိုက်တယ်။ ရွာထဲကိုရောက်တော့ အိမ်ရှေ့မှာ ဘကြီးပုအပါအဝင် အခြားရွာလူကြီးအချို့ ထိုင်နေတာကိုမြင်လိုက်ရတယ်။
“ ကပ္ပိယကြီးတို့ပါလား… ဘယ်ကနေလှည့်လာတာလဲ”
“ ဒီကိုပဲလာတာ ဘကြီးပုရေ…မနက်စောစောစီးစီး လူတွေစုံနေကြပါလား”
“ ဟုတ်တယ်… အခုလေးတင် ဆရာလေးတို့ကိုခေါ်ခိုင်းတော့မလို့”
“ ဘာကိစ္စရှိလို့လဲဘကြီးပု”
“ ဟိုတစ်လောက သင်္ချိုင်းကုန်းမှာ လူသေအလောင်းပေါ်တဲ့ကိစ္စ သိတယ်မဟုတ်လား”
“ ဟုတ် သိတယ်လေ”
“ အဲဒီကိစ္စဖြစ်ပြီးနောက်ပိုင်း ဘကြီးတို့ ရွာနီးချုပ်စပ်မှာ ညဘက်တွေဆိုရင် လိုက်သွားနေတဲ့ နာနာဘာဝတစ်ကောင်ပေါ်လာတယ်၊ မနေ့ကဆိုရင် တိုးမောင်ရဲ့ကြက်ခြံထဲက ကြက်တွေကို ကိုက်သတ်သွားတယ်ဆိုပဲ”
ဘကြီးပုစကားကြောင့် မောင်ကောင်းက ခွန်းလှကို လှမ်းကြည့်လိုက်တယ်။
“ ကျွန်တော်တို့လဲ ကပ္ပိယကြီးပြောလို့ ကြားပြီးပါပြီ”
“ ဒီလိုကိစ္စတွေမှာ ဆရာတို့ကက ပိုပြီးနားလည်တာမို့ ဘကြီးတို့အနေနဲ့ ကိုယ့်ရွာကို ဘယ်လိုကာကွယ်ရမလဲဆိုတာ တိုင်ပင်ကြမလို့”
“ ကျွန်တော်တို့အမြင်ပြောရရင် အခုဖြစ်နေတဲ့ကိစ္စတွေရဲ့ လက်သည်က လူလား နာနာဘာဝလားဆိုတာ အရင်သိအောင်လုပ်ရမယ်ထင်တယ်”
“ မောင်ရင်တို့က ဘယ်လိုလုပ်ချင်လဲ”
“ ဒီကောင်ရွာထဲဝင်တာကို စောင့်နေတာထက်၊ ကိုယ်တွေက သူ့ကိုလိုက်ရှာတာမျိုးလုပ်ချင်တာ”
“ နာနာဘာဝကောင်က ဘယ်မှာနေမှန်း ဘကြီးတို့မှမသိတာ”
“ ကျွန်တော်တို့မှာ နည်းလမ်းရှိပါတယ်…”
“ ဒါဆို ဘကြီးတို့ဘာလုပ်ပေးရမလဲ”
“ လောလောဆယ် ညကြီးသန်းခေါင် ဘယ်သူမှအပြင်မထွက်ဖို့ ပြောပေးပါ၊ မနက်ဖြန် မနက်ကျရင် ဘာဆက်လုပ်ရမယ်ဆိုတာ ကျွန်တော်လာပြောပါ့မယ်”
“ ဟုတ်ပြီ… ဘကြီးတို့ ရွာထဲမှာလိုက်ပြောထားပေးမယ်”
+++++
ညနေရောက်တော့ မောင်ကောင်းနဲ့ ခွန်းလှက ကပ္ပိယကြီးကို ခေါ်ပြီး ရွာထိပ်က ညောင်ပင်အောက်ကို ထွက်လာခဲ့လိုက်တယ်။
“ မင်းတို့…ညောင်ပင်အောက်မှာ ဘာလုပ်ဖို့လဲ”
“ ဆိုင်ရာပိုင်ရာကို အရင်မေးကြည့်ရမှာပေါ့၊ ဒါမှ ဘယ်သူဆိုတာသိမှာ”
မောင်ကောင်းက အသင့်ပါလာတဲ့ ဖယောင်းတိုင် အမွှေးတိုင်ကို ညောင်ပင်အာက်ကနတ်ကွန်းမှာ ထွန်းလိုက်ပြီး ပါးစပ်ကနေ တတွတ်တွတ် ရွတ်လိုက်ရာ ပုဆိုးကိုခါးတောင်းကျိုက်ပြီး သစ်ကိုင်းပေါ်ငုတ်တုတ်ထိုင်နေတဲ့ လူတစ်ယောက်ပေါ်လာခဲ့တယ်။
မောင်ကောင်းက ခါးတောင်းကျိုက်ထားတဲ့သူနဲ့ စကားအချို့ပြောပြီးတာနဲ့ ကပ္ပိယဘက်ကိုလှည့်ကာ
“ကျွန်တော်တို့အခုလိုက်ရှာရမယ့်ကောင်က သရဲတစ္ဆေမဟုတ်ဘူးတဲ့”
“ ဟမ်… သရဲတစ္ဆေမဟုတ်ရင် ဘာကောင်လဲ”
“ ဖုတ်ဝင်နေတဲ့ကောင်လို့ပြောတယ်၊ သူပြောတာက နာနာဘာဝတစ်ကောင်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲဝင်ပူးပြီး လျောက်သွားနေတာတဲ့”
“ အဲဒီတော့ ငါတို့ဘာလုပ်ကြမလဲ”
“ ဖုတ်ဝင်နေတဲ့ကောင်ကို ထုတ်ရမှာပေါ့… မဟုတ်ရင် အနီးနားကရွာတွေအကုန် ဒုက္ခရောက်ကုန်လိမ့်မယ်၊ ဖုတ်ဆိုတဲ့အမျိုးက ကြာလေ အကောင်ကြီးလေပဲ၊ အခုဆို အစွယ်တောင် ထွက်နေလောက်ရောပေါ့”
“ အင်းလေ… ကိုယ်ထဲဝင်နေတဲ့ကောင်ကို ဘယ်လိုနည်းနဲ့ထုတ်မလဲဆိုတာသိရမှ ပြင်ဆင်လို့ရမှာပေါ့၊ငါကြားဖူးတာကတော့ သာမန်ဖုတ်ဝင်ရင် အိပ်ယာအောက်မှာ ဩဇာရွက်ထည့်ပြီးထုတ်ကြ သလို၊ ဆရာတွေရဲ့အမိန့်နဲ့ထုတ်ကြတယ်၊ အခုလိုမျိုး လျောက်သွားနေတဲ့ကောင်တွေကိုတော့ တံစူးဝါးလက်ပြန်နဲ့ ထိုးပြီးထုတ်ရတယ်တဲ့”
“ တံစူးဝါးနဲ့ထိုးရင် လူပါသေသွားမှာပေါ့”
“ ဖုတ်ဝင်တယ်ဆိုတာ လူတစ်ယောက်အသက်ထွက်ခါနီး သူကိုယ်ထဲကို ဝင်နေတာလို့ကြားဖူးတယ်၊ ဒါကြောင့် ဒီကောင်က သေပြီးသားလူပဲဖြစ်ရမယ်”
“ ဒါနဲ့ တံစူးဝါးကို ဘယ်မှာသွားရှာရမလဲ”
“ မနက်ဖြန် မနက်ကျရင် ကပ္ပိယကြီးက ရွာသားအချို့ကိုခေါ်ပြီး လူသေမီးရှို့တဲ့နေရာကိုသွား၊ အဲဒီမှာ သုံးတဲ့ဝါးတစ်ချောင်းကို လက်ပြန်ခုတ်လာပေး”
“ ဘယ်လောက်အရွယ်ဖြစ်ဖြစ်ရလား”
“ ရှည်ရင်တော့ပိုကောင်းတာပေါ့”
“ ဟုတ်ပြီ… မနက် အေးကိုတို့ကိုခေါ်ပြီးသွားလိုက်မယ်၊ အခုတော့ ဘုန်းကြီးကျောင်းပဲပြန်ကြမှာမဟုတ်လား”
“ဟုတ်တယ်လေ၊ ကပ္ပိယကြီး သွားစရာရှိသေးလို့လား”
“ အေးကိုတို့အိမ်ခဏဝင်ဦးမယ်.. မနက်အတွက် ညထဲကပြောထားမလို့”
“ ဒါဖြင့် ကျွန်တော်တို့အရင်ပြန်နှင့်ပြီနော်”
မောင်ကောင်းတို့လဲ ကပ္ပိယကြီးနဲ့ ရွာထိပ်မှာ လမ်းခွဲပြီးအိမ်ပြန်လာခဲ့လိုက်တယ်။ မောင်ကောင်းတို့လဲ စကားတစ်ပြောပြောနဲ့ လမ်းလျောက်လာတဲ့အချိန် ရွာပြင်ကနေ အူယားဖားယားပြေးလာတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ ကိုစံသိန်း ရေးကြီးသုတ်ပြာနဲ့ ဘာလို့ပြေးလာတာလဲ”
“ ရွာပြင်ကသင်္ချိုင်း… ရွာပြင်ကသင်္ချိုင်းမှာ”
ကိုစံသိန်းကမောနေတဲ့ဟန်နဲ့ စကားကိုဆက်တိုက်မပြောနိုင်ပဲ ဖြစ်နေခဲ့တယ်။
“ ရွာပြင်ကသင်္ချိုင်းမှာဘာဖြစ်တာလဲ”
“ ကုန်းကုန်းကွကွနဲ့လူတစ်ယောက် မြုပ်ထားတဲ့ အလောင်းတွေကိုဖော်ပြီးစားနေလို့”
“ အလိုလေး… သေချာလို့လား ကိုစံသိန်း”
“ ငါကိုယ်တိုင် မျက်စိနဲ့တပ်အပ်မြင်ခဲ့တာ.. ငါလဲဒီနေ့အလုပ်ပြန်တာနောက်ကျတော့ သင်္ချိုင်းထဲကနေဖြတ်လာတာ၊ အဲဒီမှာ မြေကြီးကိုလက်နဲ့ယက်နေတဲ့လူတစ်ယောက်ကိုတွေ့တာနဲ့ ငါလဲ ကူးတို့ခရှာတဲ့သူတို့ထင်ပြီး ကြည့်နေသေးတယ်၊ နောက်မှ အဲဒီကောင်က ပုတ်ပွနေတဲ့အလောင်းကောင်ရဲ့လက်ကို ကိုက်စားနေတာမြင်တော့မှ ခြေကုန်ပြေးလာတာပဲ”
“ ဒါဆို အချိန်ဆွဲနေလို့မဖြစ်ဘူး.. လူကြီးတွေကိုအသိပေးပြီးမြန်မြန်လိုက်သွားမှရမယ်”
မောင်ကောင်းတို့လဲ ရွာလူကြီးအိမ်ကိုအမြန်သွားပြီး အကျိုးအကြောင်းပြောပြလိုက်ရာ ဘကြီးပုနဲ့အတူ အနီးနားမှာရှိတဲ့ ကာလသားတွေက တုတ်တွေ ဓါးတွေကိုင်ပြီး ရောက်လာကြတယ်။ မောင်ကောင်းတို့ ရွာထိပ်ရောက်တော့ ကပ္ပိယကြီးနဲ့အတူ အေးကိုတို့ကိုတွေ့လိုက်ရတယ်။
“ ငါတို့လဲသတင်းကြားလို့ လိုက်လာတာ၊ အခုဘယ်လိုလုပ်ကြမလဲ”
“ ဘယ်လိုလုပ်ရမလဲ… သင်္ချိုင်းထိလိုက်ရတော့မှာပေါ့၊ ဒါနဲ့အချိန်ကလင့်နေပြီမို့ ဓါတ်မီးတွေယူလာခဲ့ဦး”
“ ဓါတ်မီးက ပါပါတယ်၊ ဟိုမှာ ဘကြီးပုတို့လဲရောက်လာပြီဆိုဝောာ့ သွားကြရအောင်”
မောင်ကောင်းတို့လဲ ရွာခံလူတွေနဲ့အတူ သင်္ချိုင်းကိုလိုက်လာခဲ့ရာ ဟိုရောက်တော့ ဖွာလန်ကျဲနေတဲ့မြေစာအချို့နဲ့အတူ ကိုက်ဖဲ့စားသောက်ထားတဲ့ လူသေလက်တစ်ဖက်ကို မြင်လိုက်ရတယ်။
“ ကိုစံသိန်းပြောတာ မှန်နေပြီဗျ… သွားရာတွေက လောလောလတ်လတ်ကိုက်ထားတဲ့ပုံစံ”
“ ဒီပုံစံအတိုင်းဆိုရင် အနီးနားမှာပဲရှိဦးမယ်၊ လူစုမကွဲစေနဲ့ သတိထားပြီးရှာကြ”
ဘကြီးပုက ပါလာတဲ့သူတွေကို သတိပေးပြီး ဓါတ်မီးတစ်လက်နဲ့ ဟိုဟိုဒီဒီလိုက်ထိုးကြည့်နေတဲ့အချိန် မောင်ကောင်းနဲ့ ခွန်းလှတို့ရဲ့နှာခေါင်းထဲကို အပုတ်နံ့တစ်ချို့ ဝင်လာခဲ့တယ်။
“ အကို…ဒီကောင် အနီးနားမှာရှိနေပြီ”
“ ဟုတ်တယ်၊ ငါလဲ သတိထားမိတယ်၊ … ဒါဆို ငါတို့ သတိထားရတော့မယ်၊ ကပ္ပိယကြီးနဲ့အဖွဲ့က လူသေမီးရှို့တဲ့နေရာဘက် သွားကြည့်လိုက်ဦး၊ တံစူးဝါးကို တွေ့ရင် လက်ပြန်ခုတ်ပြီး ယူလာခဲ့ပေး”
“ ဟုတ်တယ် ကပ္ပိယကြီး… တကယ်လို့ လမ်းမှာတွေ့ခဲ့ရင်ရင်ညွန့်တည့်တည့်ကိုသာ
ထိုးချလိုက်”
မောင်ကောင်းတို့လဲ ဓါတ်မီးကိုယ်စီနဲ့ အလောင်းမီးရှို့စင်ရှိတဲ့ဘက်ကို ထွက်သွားခဲ့ကြတယ်။ မီးရှို့စင်က သရဏဂုံတင်တဲ့ ဇရပ်ရဲ့အနောက်ဘက်မှာရှိနေတာမို့ မောင်ကောင်းတို့သုံးယောက် ဘေးဘီကိုသတိထားရင်း လျောက်လာကြတယ်။ မီးရှို့စင်နားရောက်တော့ အပိုင်းအစအချို့ မီးကျွမ်းနေပြီဖြစ်တဲ့ ဝါးလုံးတစ်ချောင်းကို တွေ့တာနဲ့ ကပ္ပိယကြီးကို ကိုင်ခိုင်းပြီး လက်ပြန်ခုတ်နေတဲ့အချိန် ခြုံပုတ်ကြားထဲကနေ ခေါင်းတစ်လုံးထွက်လာခဲ့တယ်။
“ အောင်မလေး…. ဘာကြီးတုန်းဟ”
အေးကိုကက ဝါလုံးကိုပစ်ချပြီးထွက်ပြေးဖို့အလုပ် ကပ္ပိယကြီးက ဖမ်းဆွဲကာ
“ ဟေ့ကောင် တံစူးဝါးမရရင် ဖုတ်ထုတ်လို့မရဘူးကွ၊ ဝါးလုံးပြန်ကောက်လိုက်”
ကပ္ပိယကြီးလှမ်းပြောလိုက်တဲ့အချိန် ဖုတ်ဝင်နေတဲ့ကောင်က မျက်လုံးသေနဲ့စိုက်ကြည့်ရင်း အနားကိုတိုးလာခဲ့တယ်။
“ ကောက်လို့မရတော့ဘူးကွ… ဟိုကောင်က အနားရောက်နေပြီ… ဘယ်လိုလုပ်ကြမလဲ”
အေးကိုကအနောက်ကိုဆုတ်ရင်းပြောလိုက်တာ
ကြောင့် ကပ္ပိယကြီးလဲ ဘာဆက်လုပ်ရမှန်းမသိဖြစ်နေတဲ့အချိန် မောင်ကောင်းက လွယ်အိတ်ထဲပါလာတဲ့ အင်းချပ်ကိုထုတ်ယူဖို့အလုပ်သူတို့ဘက်ကို ဓါတ်မီးတဝင်းဝင်းနဲ့ လာနေကြတဲ့ လူသံတွေကိုကြားလိုက်ရတယ်။
လူသံတွေကြားတော့ ဖုတ်ကောင်က ရှေ့ကိုမတိုးလာတော့ပဲ ခြုံပုတ်ဘေးက အမှောင်ထုထဲကိုတိုးဝင်သွားခဲ့တယ်။
“ ငါတို့မင်းတို့အသံကြားလို့ လိုက်ဝင်လာတာ၊ ဘာဖြစ်သွားသေးလဲ”
“ ဘာမှမဖြစ်ဘူး ဘကြီး… ဟိုကောင်က လူနည်းရင် ရန်ပြုမယ့်ပုံဗျ”
“ ဒီကောင်က အတော်ကိုအတင့်ရဲနေပြီ၊ အခုချိန် မလိုက်ရင် အခြားနေရာပြောင်းသွားလိမ့်မယ်”
“ ဟုတ်တယ်ဘကြီး… ကျွန်တော်တို့ လူစုပြီးသွားမှဖြစ်မယ်၊ အကို တံစူးကိုခုတ်လိုက်တော့”
မောင်ကောင်းလဲ ချက်ချင်းဆိုသလို မီးကျွမ်းနေတဲ့ဝါးကိုလက်ပြန်ခုတ်ပြီး ကပ္ပိယကြီးကို ကမ်းပေးလိုက်တယ်။ အဲဒီအချိန်
“ ဒီမှာ တောတိုးသွားတဲ့အရာတွေကျန်နေတယ်ဗျ” ဆိုတဲ့အသံကြားလို့ ကြည့်လိုက်ရာ လူတစ်ယောက် တိုးဝင်သွားလို့ ကျိုးပဲ့နေတဲ့သစ်ပင်ငယ်တွေကို မြင်လိုက်ရတယ်။
“ ဒီအတိုင်းဆက်လိုက်ကြမယ်၊ အချင်းချင်း ကျောချင်းကပ်ပြီးလိုက်ခဲ့ကြ”
ဘကြီးပုက သွက်လက်စွာနဲ့ ရှေ့ကနေတက်သွားတော့ ကျန်တဲ့သူတွေလဲ မနေသာတော့ပဲ အနောက်ကနေလိုက်ပါလာခဲ့ကြတယ်။
“ တိုးမောင်… ငါတို့အနောက်မှာ ဘယ်သူမှမရှိတော့ဘူးကွ၊ တကယ်လို့ ဖုတ်ကောင်က ငါတို့အနောက်မှာ ပေါ်လာရင် ဘယ်လိုလုပ်မလဲ”
“ပေါ်လာရင် မင်းလက်ထဲကိုင်ထားတဲ့ ဓါးနဲ့ခုတ်ချလိုက်ပေါ့၊ ဟိုနေ့ကတောင် မင်းဓါးက သွေးဆာနေတယ်လို့ပြောနေသေးတာမလား”
“ အဲဒါက ငါလျောက်ပြောနေတာ၊ အမလေး ကြက်သီးတွေတောင်ထတယ်”
ဆန်းဝင်းက ငှက်ကြီးတောင်ဓါးကိုကိုင်ပြီး အနောက်ကနေ လိုက်လာတဲ့အချိန် အေးစက်စက် လက်တစ်ဖက်က သူ့လည်ပင်းကိုလာကိုင်တာ ခံစားလိုက်ရတယ်။
“ အစ်… အစ်… တိုး တိုးမောင်…”
ဆန်းဝင်းအသံကြောင့် အနောက်ကိုလှည့်ကြည့်လိုက်ရာ လည်ပင်းကိုညှစ်ထားတဲ့ ဖုတ်ကောင်ကိုမြင်လိုက်ရတယ်။
“ ဖုတ်ကောင် ဆန်းဝင်းကို လည်ပင်းညှစ်နေပြီ လုပ်ကြပါဦး”
တိုးမောင်အော်သံကြောင့် ရှေ့ကနေ သွားနေတဲ့ သူတွေပြန်လှည့်လာပြီး
“ ဟေ့ကောင်တွေ ဝင်ဆွဲကြလေ… ဟိုမှာ သေတော့မယ်ကွ”
ဘကြီးပုအော်သံကြောင့် သတ္တိကောင်းတဲ့ ရွာသားတစ်ယောက်က ရှေ့တက်ပြီး ဆန်းဝင်းကိုဆွဲခေါ်ပေမယ့် ညှစ်ထားတဲ့လက်က ပြုတ်တူလိုမြဲမြံနေတာကြောင့် ခေါ်မရခဲ့ပေ။
“ အာ့ အစ် အစ်… အသက်ရှုကြပ်နေပြီ… ကယ် ကယ်ကြပါဦး”
ကပ္ပိယကြီးလဲ တံစူဝါးကိုကိုင်ပြီး ထိုးမလို့လုပ်ပြီးကာမှ ဆန်းဝင်းကိုထိမှာစိုးတဲ့အတွက် အနောက်ကိုပြန်ဆုတ်လိုက်ရတယ်။
အဲဒီအချိန် မောင်ကောင်းရဲ့နားထဲမှာ
“ရှေ့တက်ပြီးတံစူးဝါးနဲ့ထိုးလိုက်”ဆိုတဲ့ အောင်မြတ်သာရဲ့အသံကိုကြားလိုက်ရတယ်။
မောင်ကောင်းလဲ ဒီအသံက ဆရာဖြစ်သူရဲ့အသံမှန်းသိလိုက်ရတာကြောင့် လက်မှာကိုင်ထားတဲ့ တံစူးဝါးကိုဆွဲယူပြီးရှေ့ကိုတက်လာခဲ့လိုက်တယ်။
“ ဟိုကောင်လေး… နောက်ပြန်ဆုတ်စမ်း… ဘာတက်လုပ်တာလဲ”
ကပ္ပိယကြီးစကားကို မောင်ကောင်း ဘာမှပြန်မပြောပဲ တံစူးဝါးကိုခပ်တင်းတင်းကိုင်ကာ တက်သွားတဲ့အချိန် ဖုတ်ကောင်ရဲ့လက်တစ်ဖက်က ဆန်းဝင်းကိုလွှတ်ပြီး မောင်ကောင်းရှိရာကို ဆန့်တန်းကာဝင်ရောက်လာခဲ့တယ်။
ဒါပေမယ့်အနားမရောက်ခင်မှာပဲ ဖုတ်ကောင်ရဲ့ လက်တွေကို တစ်ယောက်ယောက်က ချုပ်ကိုင်ထားသလိုဖြစ်နေတာကြောင့် မောင်ကောင်းလဲ အခွင့်အရေးကိုအရယူကာ တံစူးဝါးနဲ့ထိုးစိုက်ချလိုက်တယ်။ ဒါပေမယ့်ဖုတ်ကောင်ကလဲကျမသွားပဲ တဟင်းဟင်းနဲ့ညဉ်းညူရင်း ရှေ့ကိုတိုးလာတဲ့အတွက် မောင်ကောင်းရော ကျန်တဲ့သူတွေပါ နောက်ကိုဆုတ်သွားခဲ့ရတယ်။
“ အကို… ဘယ်လိုဖြစ်တာလဲ၊ ဟိုကောင်က ဘာမှလဲမဖြစ်ပါလား”
“ တကယ်ဆို ထွက်သွားရမှာလေ… အခုက ဘယ်လိုကြောင့်…”
ခွန်းလှစကားမဆုံးခင်မှာပဲ သူတို့ရှိရာကို လူတစ်ယောက်ဝင်လာတာမြင်လိုက်ရတယ်။ အဲဒီလူက ဖုတ်ကောင်အနားကိုရောက်တာနဲ့ ဦးခေါင်းကိုကိုင်ပြီး ဂါထာတစ်ပုဒ်ကိုအဆက်မပြတ်ရွတ်ပါလေရော။
ဂါထာရွတ်သံနဲ့အတူ ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်က တွန့်လိမ်လာပြီး ပါးစပ်ကနေလဲ ကြောက်မက်ဖွယ်အော်သံတွေထွက်ပေါ်လာခဲ့တယ်။ မကြာခင်မှာပဲ ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်ထဲကနေ ဆံပင်ဖားလျားချထားတဲ့မိန်းမတစ်ယောက် ထွက်ပြေးသွားခဲ့သလို ဖုတ်ဝင်တဲ့ခန္ဓာကိုယ်ကလဲ မြေကြီးပေါ်ကို ပျော့ခွေကျသွားခဲ့တယ်။
အဲဒီတော့မှ မောင်ကောင်းတို့လဲ သူတို့ရှေ့ကနေ ပေါ်လာတဲ့သူကိုကြည့်လိုက်ရာ ဆရာဖြစ်သူ ဖြစ်နေတာကိုမြင်လိုက်ရတယ်။
“ ဆ ဆရာပါလား… ဘယ်ကနေ ဘယ်လိုရောက်လာတာလဲ”
“ မင်းတို့ဆီကိုလာတဲ့လမ်းမှာ မီးရောင်တွေ့တာနဲ့ ဝင်လာခဲ့တာ၊ ဒီရောက်တော့ ဖုတ်ဝင်ကောင်နဲ့ တိုးတော့တာပဲ”
“ ဒီကောင်က ဘယ်လိုလုပ်ပြီး ဖုတ်ဝင်သွားတာလဲဆရာ”
“ ဒီပြဿနာတွေရဲ့ အစက ဦးနက်မှောင်လို့ခေါ်တဲ့ အောက်လမ်းဆရာတစ်ယောက်ကနေစခဲ့တာပဲ၊ သူ့ဖန်တီးခဲ့တဲ့အရာကို သူကိုယ်တိုင်ဖြေရှင်းဖို့ အတွက်လဲ ဆင့်ခေါ်ထားပါတယ်”
အောင်မြတ်သာစကားဆုံးပြီးသိပ်မကြာခင်မှာပဲ တစ်ကိုယ်လုံး ချွေးသီးချွေးပေါက်တွေအပြည့်နဲ့ လူတစ်ယောက် ဒယီးဒယိုင်ပြေးလာပြီး
“ ဒီပြဿနာတွေက ကျုပ်ကြောင့်ဖြစ်ခဲ့တာပါ၊ အဲဒီနေ့က ကျုပ်သာ ထွက်မပြေးခဲ့ရင် အံ့ကြီးမောင်လဲသေမှာမဟုတ်ဘူး” လို့စိတ်မကောင်းစွာပြောတာကိုကြားလိုက်ရတယ်။
မောင်ကောင်းတို့လဲ ရုတ်တရက်ပေါ်လာတဲ့သူကို အံ့ဩတဲ့မျက်လုံးနဲ့ကြည့်ပြီး
“ ခင်ဗျားပြောတာ ကျုပ်တို့နားမလည်ဘူး၊ သေချာရှင်းပြပေးပါ”
“ တကယ်တော့ကျုပ်က သရဲတစ္ဆေတွေကိုမွေးပြီး ခိုင်းစားနေတဲ့အောက်လမ်းဆရာတစ်ယောက်ပါ၊ အဲဒီနေ့ညက ကျုပ်တပည့်နဲ့ကျုပ် အလောင်းဖော်ပြီး အစီအရင်လုပ်နေတဲ့အချိန်အမှား တစ်ခုကြောင့် အလောင်းကောင်ပြန်ထလာခဲ့သလို စည်းလဲပေါက်ခဲ့တယ်၊ ကျုပ်အသက်သွင်းထားတဲ့ အစိမ်းသရဲမက ကျန်တဲ့ကျုပ်တပည့်ကိုသတ်ပြီး သူ့ကိုယ်ထဲဝင်နေခဲ့တာ၊ သူ့ကိုအသက်သွင်းထားတာက ကျုပ်ဖြစ်နေတာမို့ ဒီက ကလေးမရဲ့ တံစူးဝါးကို ခံနိုင်ရည်ရှိနေခဲ့တာပါ”
” အခု ခင်ဗျားက ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ”
“ ကျုပ်အမှားကြောင့် ရွာနီးချုပ်စပ်မှာ ဒီကောင် သောင်းကျန်းနေတယ်ဆိုတာကိုသိခဲ့ရတယ်၊ အခုလဲ ကျုပ်နေရင်းထိုင်ရင်း တစ်ကိုယ်လုံး ပူလောင်လာတာကြောင့် ဘာဖြစ်တာလဲဆိုပြီး ကြည့်လိုက်တာ ဆရာတစ်ယောက်က ကျုပ်ကိုအမိန့်ပြန်ခေါ်နေတာကိုသိလိုက်ရတယ်။ ဒါကြောင့် မနေနိုင်ပဲ ခေါ်တဲ့နေရာကို အရောက်လာခဲ့ရတာပါ”
“ တော်သေးတာပေါ့… နောက်ဆို ကျုပ်တို့အကုန်လုံး ဒုက္ခရောက်ကြတော့မလို့ဗျာ
“ အားလုံးကို ဒုက္ခပေးခဲ့မိလို့ တောင်းပန်ပါတယ် ကျုပ်တပည့်ရဲ့အလောင်းကိုကျုပ်ပြန်ယူသွားပါရ စေ”
“ အလောင်းက ပုတ်တောင်ပုတ်နေပြီဆိုတော့ ဘယ်လိုပြန်ယူမလဲ”
“ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပြန်ယူသွားလိုက်ပါမယ်၊ အဲဒီအတွက်စိတ်မပူပါနဲ့”
“ ဒါဖြင့်လဲပြီးတာပါပဲ… ကဲ ငါတို့လဲပြန်ကြရအောင်”
ဘကြီးပုစကားကြောင့် ပါလာတဲ့သူတွေအားလုံး ဓါတ်မီးကိုယ်စီနဲ့သင်္ချိုင်းထဲကနေ ပြန်ထွက်သွားကြတဲ့အချိန် မောင်ကောင်းက အနောက်ကိုလှည့်ကြည့်ပြီး
“ ဆရာ ကျွန်တော်စိတ်ထဲ ဒီလူကြီးကို မသင်္ကာဘူးဗျာ၊ သူ့ကြောင့် ဖုတ်ကောင်လွတ်နေတာ သိသိကြီး ဆရာခေါ်မှလာတာကတော့ ထူးဆန်းတယ်”
“ မကောင်းတဲ့သူက မကောင်းတဲ့လမ်းကို သွားရမှာပဲလေ၊ သူ့ကိုလွှတ်ပေးလိုက်တာကလဲ အကြောင်းရှိပါတယ်၊ မင်းတို့ရော ငါစုံစမ်းခိုင်းထားတဲ့ကိစ္စ စုံစမ်းပြီးပြီလား”
“ စုံစမ်းထားတယ်ဆရာ၊ ကျွန်တော်တို့ကို ဘယ်သူမှမရိပ်မိအောင်လဲ ပညာရပ်တွေကို သိပ်မသုံးမိအောင် နေခဲ့ပါတယ်”
“မင်းတို့ရော ညောင်နှစ်ပင်သိုက်ရှိတဲ့နေရာကို သိရပြီလား”
“ ကပ္ပိယကြီးပြောတဲ့ပုံအရရော ကျွန်တော်တို့စုံစမ်းရသလောက်ဆိုရင် မြေဝိုင်းဘုန်းကြီးကျောင်းပျက်အနောက်က တောထဲမှာရှိတယ်လို့သိရတယ်”
“ ပိုပြီးသေချာအောင် မနက်ဖြန်မနက်စောစော သွားကြည့်ကြတာပေါ့၊ ငါသိရသလောက် ညောင်နှစ်ပင်သိုက်စောင့်နှစ်ယောက်က လူတွေရဲ့အကျင့်သီလပျက်ပြားမှုကို စိတ်နာပြီး သူ့အဝန်းအဝိုင်းထဲဝင်လာတဲ့သူတွေကို ရူးသွပ်သေကြေတဲ့ထိ ပြုစားကြတယ်ဆိုပဲ”
“ သူတို့ကြောင့်ဟုတ်မဟုတ်တော့ မသိဘူးဆရာ၊ ရွာထဲမှာလဲ တောထဲကပြန်လာပြီး ရူးသွားတဲ့သူတွေရှိတယ်”
“ တကယ်တော့ သူတို့တွေက စိတ်ရင်းကောင်းကြပါတယ်၊ အကြောင်းအရာအချို့ကြောင့်သာ စိတ်ရိုင်းတွေဝင်ကုန်တာ၊ သူတို့ကိုသာ စည်းရုံးနိုင်မယ်ဆိုရင် ငါတို့ရဲ့သာသနာပြုလုပ်ငန်းတွေ ပိုတွင်ကျယ်လာလိမ့်မယ်”
“ ဆရာ သူတို့အကြောင်းစုံစမ်းခိုင်းထဲက အကြောင်းရင်းတစ်ခုခုရှိမယ်ဆိုတာ တွေးပြီးသားပါ”
မောင်ကောင်းစကားကို အောင်မြတ်သာက ဘာမှပြန်မပြောပဲ အမှောင်ထုဖုံးလွှမ်းနေတဲ့ မိုးကုပ်စက်ဝိုင်းကြီးကိုသာ ငေးကြည့်နေပါတော့တယ်။
မလှမ်းမကမ်းမှာတော့ ပုတ်ပွနေတဲ့ လူသေအလောင်းကြီးကို အိတ်တွေနဲ့ထုပ်ပိုးနေကြတဲ့ ရွာသားအချို့ရှိနေပြီး၊ သူတို့ရဲ့ဘေးမှာတော့တပည့်ဖြစ်သူရဲ့အလောင်းကို စိုက်ကြည့်နေတဲ့ လူတစ်ယောက်ရှိနေခဲ့တယ်။
အောင်မြတ်သာကတော့ ဖုတ်ထွက်သွားတဲ့ အလောင်းကောင်ဘေးမှာရပ်နေတဲ့ လူကို တစ်ချက်မျှကြည့်လိုက်ပြီး
“ ဒီတစ်ခါလှန်ထားတဲ့ကြိုးက ဘယ်အထိခပ်ဝေးဝေး သွားမလဲကြည့်ရသေး တာပေါ့လို့” ရေရွတ်လိုက်ပါဝောာ့တယ်။
အောင်မြတ်သာအနေနဲ့ မောင်ကောင်းတို့ကို ညောင်နှစ်ပင်သိုက်အကြောင်း ဘာကြောင့် စုံစမ်းခိုင်းတာလဲ၊ အောက်လမ်းဆရာကို ဘာကြောင့် လွှတ်ပေးထားတာလဲဆိုတာကိုတော့ အောင်မြတ်သာနှင့် ညောင်နှစ်ပင်သိုက်ဆိုတဲ့ ဝတ္တုမှာ ဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Comments
Post a Comment