အပြုံး


---------
အိမ်က သိပ်ပြီး စိတ်ပျက်စရာကောင်းလှသည်။

မီးမီး ကျောင်းကပြန်လာသည်။

“မေမေ ထမင်းဆာလိုက်တာ”

“သေခြင်းဆိုးမလေး … အိမ်မှာ ဘာဖြစ်နေမှန်းမသိ … သောက်ထမင်းက ဆာနေ”

မီးမီး ဇက်ကလေး ပုသွားပြီး ဘုရားစင်အောက်တွင် သွားထိုင်ကာ လွယ်အိတ်ထဲက စာအုပ်ကိုထုတ်လိုက်သည်။

တို့ဖေဖေ

စားဝတ်နေရေး ငွေရှာပေး

ကျေးဇူးကြီးပေ တို့ဖေဖေ။

ကိစ္စများဖြင့် ပေါ်ပေါက်လျှင်

စီရင်တတ်ပေ တို့ဖေဖေ။

အိမ်ထောင်အရေး စီမံပေး

လေးစားလောက်ပေ တို့ဖေဖေ။

စဉ်းစားမြော်မြင် ဉာဏ်နှင့်ယှဉ်

ပဲ့ပြင်တတ်ပေ တို့ဖေဖေ။

နိုင်ငံ့အကျိုး တို့အကျိုး

သယ်ပိုးနိုင်ပေ တို့ဖေဖေ။

“ဟဲ့ … ကျက်သရေကို မရှိဘူး … နင့်အဖေ ခွေးမျိုးလား … ဟင်း … အော်မနေနဲ့ ပါးစပ်ပိတ်ထား … စိတ်ညစ်ရတဲ့ အထဲ”

မီးမီး အသာလေး ငြိမ်ပြီး မျက်လုံးလေး ကလယ်ကလယ်ဖြစ်နေသည်။

အဖေက အိမ်ပေါ်တက်လာသည်။ မူးလာပြန်ပြီ။ ယိုင်တိုင်တိုင်နှင့် ဝုန်းဒိုင်းနင်းကာ သူ့အမေထံ တန်းသွားသည်

“ပြာသည်မ … နင် … ငါ့ပိုက်ဆံကို ပြန်ပေး”

“မရှိတော့ဘူးလို့ ပြောထားတယ်လေ”

“အဲဒီလို ပြောလို့ မရဘူး … ဟိုမှာ ဖဲဝိုင်းက စောင့်နေတယ် … ဘယ်မှာလဲ … ငါ့ပိုက်ဆံ”

“မရှိတော့ဘူး …”

“မရှိလို့ ဘယ်ရောက်သလဲ … နင့် လင်ငယ်ကို သွားပေးတာလား”

“သေခြင်းဆိုး … ခွေးစကား မပြောနဲ့ … ချဲထိုးလိုက်ပြီ … အောလိုက်တာ တစ်လုံးတောင်မတိုက်ဘူး … သောက်ချဲကလည်း”

“ဒီလို ပြောလို့မရဘူး … ပေး ငါ့ပိုက်ဆံတွေ”

“မရှိဘူးလို့ ပြောနေတယ် … ဖာသွားခံမှပဲရမယ်”

“အေး … သွားခံ … ငါ့ပိုက်ဆံရဖို့ အရေးကြီးတယ်”

“ရှင် … မူးလာရင် အေးအေးဆေးဆေးနေ”

“မနေတော့ ချီးဖြစ်လား … ပြာသည်မ …”

“မြွေရိုး … နင်မဆဲနဲ့”

“ဆဲတော့ ချီးဖြစ်လား”

ယောက်ျားက ဆောင့်ကန်လိုက်သည်။ မိန်းမက ပက်လက်လန်လဲကျသွားသည်။ ကလေးက ပြေးလာပြီး

“မေမေကြီးကို မလုပ်ပါနဲ့”

“ဟာ … ဒီသောက်ကလေး ရှုပ်လိုက်တာ ဖယ်စမ်း”

“ဖေဖေ … စိတ်မဆိုးပါနဲ့”

“ဖယ်လို့ ပြောနေတာ မကြားဘူးလား”

“ခွေးမျိုး … အရည်သောက်လာပြီးရင် ဒီလိုပဲ လူစိတ်ပျောက်တယ်”

ယောက်ျားက နောက်ဖေးကို ပြေးဝင်သွားသည်။ ပြန်ထွက်လာတော့ လက်ထဲတွင် ဓားတစ်ချောင်း ကိုင်လာသည်။

“ဖေကြီး မလုပ်ပါနဲ့”

မိန်းမက မတ်တတ်ထရပ်သည်

“အောင်မာ … ရှင်က ဓားနဲ့ ထိုးလေ … ထိုးလိုက် … ခွေးသူတောင်းစားကများ”

“နင်နော် … နင်”

ယောက်ျားက ဓားကို အမျိုးသမီးဆီချိန်ပြီး တောက်ခေါက်လိုက်သည်။ ဓားကို ဝှေ့ရမ်းနေစဉ်မှာပင် မီးမီးက သူ့ဓားဆီ ပြေးဝင်လိုက်သည်။

မီးမီးလည်ပင်းထဲကို ဓားသွားကဝင်သွားသည်။ သွေးတွေ ပန်းထွက်လာသည်။

သူတို့အားလုံး မီးမီးကိုကြည့်နေသည်။

သူတို့ မီးမီးကို ဒီအတိုင်း ကြည့်နေကြသည်။

လည်ပင်းထဲက သွေးတွေပန်းထွက်နေသည့်မီးမီးက မျက်လုံးလေး ကလယ်ကလယ်ဖြစ်နေသည်။ လက်လေးနှင့် လည်ပင်းကို အုပ်လိုက်သည်။ ထို့နောက် မီးမီး ပြုံးလိုက်သည်။

မီးမီး တစ်ခုခုကို တွေ့သွားပြီထင်သည်။

အလွန်ကျေနပ်စွာ ပြုံးလိုက်ခြင်းဖြစ်သည်။ ပါးစပ်ကတိုးတိုးလေး ပြောလိုက်သည်။

“ပျော်လိုက်တာ”

တင်ညွန့်

၂၉.၁၀.၂၀၁၈

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)