အောင်မြတ်သာနှင့်ညောင်နှစ်ပင်သိုက်
အောင်မြတ်သာနှင့်ညောင်နှစ်ပင်သိုက်
++++++++++++++++++++++++++
“ ဗေဗုံ ပတ်ပုံဂျိ”ဆိုတဲ့ ပတ်စာစမ်းသံက ဆန်ပြာနေတဲ့ မေနှောင်းကို နေမထိထိုင်မသာဖြစ်အောင် ပြုလုပ်နေခဲ့တယ်။ ရွာလမ်းမတစ်လျောက် ဝတ်ကောင်းစားလှတွေ ဝတ်ပြီး ဥဒဟိုသွားလာနေကြတဲ့ ရွာသူအပျိုဖြန်းလေးတွေကို ကြည့်ပြီး မေနှောင်း မျက်နှာလေးညိုးငယ်သွားခဲ့တယ်။
အိမ်မှာက ကျန်းမာရေးမကောင်းတဲ့ မိခင်ဖြစ်သူတစ်ဦးထဲသာရှိနေသလို သူ့မှာလဲ အဝတ်အစားကောင်းကောင်းဆိုလို့ ပုလဲလုံးအဆင် ခပ်နွမ်းနွမ်း အင်္ကျီတစ်စုံသာရှိနေခဲ့တယ်။ အခြားသူတွေလို ရွှေတွေဝတ်ဖို့မပြောနဲ့ နားကပ်တစ်ရံတောင်မရှိခဲ့ပေ။
ဒီလိုသိမ်ငယ်စိတ်တွေက မေနှောင်းရဲ့ ဆန္ဒကို နင်းခြေလိုက်ခဲ့တာကြောင့် မရိုးမယွဖြစ်နေတဲ့ စိတ်ကိုထိန်းချုပ်လိုက်ပြီး သောက်ရေခပ်ရန် ရွာအနောက်ဘက်က ရေကန်ဆီကို ထွက်လာခဲ့လိုက်တယ်။
အချိန်က နေရောင်ကောင်းစွာရှိနေတဲ့ ညနေခင်းအချိန်ဖြစ်ပေမယ့် ဇာတ်ပွဲရှိနေတဲ့ အတွက် ရွာရှိ အပျိုလူပျိုတွေအားလုံးက ပွဲခင်းဘက်ကို ရောက်နေခဲ့တာကြောင့် ရေကန်တစ်ဝိုက်မှာ လူသူတစ်ယောက်မှမရှိခဲ့ပေ။
မေနှောင်းလဲ ကန်ထဲကရေကိုခပ်လိုက်ပြီး ခေါင်းပေါ်ပင့်တင်လိုက်တဲ့အချိန် ရေကန်ဘေးက သစ်ပင်အောက်မှာ သူ့ကို ဂရုဏာသက်တဲ့မျက်လုံးနဲ့ စိုက်ကြည့်နေတဲ့ ရွယ်တူမိန်းကလေးတစ်ယောက်ကို မြင်လိုက်ရတယ်။
ရွှေဝါရောင်အဆင်းရှိတဲ့ အသားအရည်၊ နက်မှောင်ကျော့ရှင်းပြီး ရှည်လျားတဲ့ဆံနွယ်၊ သွယ်လျနေတဲ့မျက်နှာလေးနဲ့ သိပ်ကိုလှပလွန်းတဲ့ မိန်းကလေးတစ်ယောက်မို့ ရှင်နှောင်း မျက်တောင်မခတ်တမ်းငေးကြည့်နေမိခဲ့တယ်။
အဆိုပါမိန်းမပျိုက ရှင်နှောင်းကိုကြည့်နေရာကနေ အနားကိုလျောက်လာပြီး
“ တစ်ရွာလုံးပွဲခင်းထဲရောက်နေတဲ့အချိန် မင်းက တစ်ယောက်ထဲရေလာခပ်နေပါလား”
ကြာညိုနံ့သင်းတဲ့ ကိုယ်သင်းရနံ့က ရှင်နှောင်း နှာခေါင်းထဲကို တိုးဝင်လာတာကိုသတိထားမိခဲ့တယ်။
“ ဒီက မမလေးကို ရွာမှာမတွေ့ဖူးပါဘူး၊ ဘယ်မှာနေတာလဲဟင်”
“ ငါကဒီရွာကိုရောက်တာမကြာသေးဘူးလေ၊ အခုလဲပျင်းလို့လမ်းလျောက်ထွက်လာရင်း မင်းကိုတွေ့လို့ မေးလိုက်တာ”
“ ရှင်နှောင်းတို့က ဆင်းရဲတယ်လေ၊ အခြားသူတွေကြားထဲ မသွားရဲပါဘူး၊ ဒါကြောင့်ပွဲခင်းထဲမသွားတော့တာ”
“ မင်းပုံစံက ပြင်ဆင်လိုက်ရင် အတော်ကိုကြည့်ကောင်းမယ့်ပုံလေးပဲ၊ ငါကဒီနားမှာပဲနေတာ မင်းအချိန်ရရင် ငါ့အိမ်လိုက်လည်ပါလား”
“ ဟုတ်ကဲ့မမလေး… မေနှောင်း ရေခပ်ရဦးမှာမို့ နောက်မှလာလည်မယ်လေ”
“ ရေခပ်တဲ့ကိစ္စကို ထားလိုက်ပါ၊ ငါ့လူတွေမင်းကို ကူညီပေးပါလိမ့်မယ်၊ ငါကမင်းကို မြင်မြင်ချင်း ခင်မင်လို့ အိမ်ခေါ်လည်တာ”
ဆံပင်ရှည်ရှည်နဲ့မိန်းကလေးက အနောက်ကိုလှည့်ပြီး လက်ခုပ်တီးလိုက်ရာ မျက်ကွယ်ကွေ့ကနေ ကိုယ်လုံးတောင့်တောင့်နဲ့ မိန်းမတစ်ယောက် တောပန်းလေးတွေကိုင်ရင်း ထွက်လာခဲ့တယ်။
“ မမလေး မိအေးကို ဘာခိုင်းမလို့လဲ”
“ သူလုပ်ရမယ့်အလုပ်တွေ မင်းကပဲကူလုပ်ပေးလိုက်ဦး၊ ငါကတော့ သူ့ကိုအိမ်အလည်ခေါ်သွားလိုက်မယ်”
“ မမလေး… ဒီက မမက မေနှောင်းအိမ်ကိုသိလို့လား”
“ သိတာပေါ့ မေနှောင်းရဲ့…. ကဲကဲ ရေအိုး မမကိုပေး”
မိအေးဆိုတဲ့မိန်းကလေးက မေနှောင်းခေါင်းမှာရွက်ထားတဲ့ ရေအိုးကို ပေါ့ပါးစွာဆွဲယူလိုက်ပြီး ရွာထဲဘက်ကို ထွက်သွားခဲ့လိုက်တယ်။
“ မေနှောင်း… လာလေ၊ အိမ်မှာ မင်းအတွက် ပေးစရာရှိတယ်”
တစ်ခါမှမမြင်ဖူးတဲ့ လူတစ်ယောက်က ဖော်ရွေစွာဆက်ဆံနေတာကြောင့် မေနှောင်း နားမလည်တဲ့ဟန်နဲ့ ငေးကြည့်နေတဲ့ချိန်
“ လာပါ မေနှောင်းရဲ့… ပွဲခင်းထဲသွားဖို့အချိန် နောက်ကျကုန်တော့မယ်” လို့ပြောကာ ဆွဲခေါ်သွားခဲ့တယ်။
ရွာအနောက်ဘက် တောစပ်အကျော်လောက်အရောက် ညောင်မုတ်ဆိတ်တွေ ကျနေတဲ့ ညောင်ပင်နှစ်ပင်ဘေးမှာအတန်သင့်ကြီးမားတဲ့ ပျဉ်ထောင်အိမ်တစ်လုံးကို မြင်လိုက်ရပြီး အထဲမှာလဲ ထင်းခွဲသူကခွဲ၊ သန့်ရှင်းရေးလုပ်သူကလုပ်နေခဲ့ကြတယ်။
“ လာလေမေနှောင်း… အထဲဝင်လေ”
“ မမလေးက ဒီမှာနေတာကြာပီလား”
“ ကြာပီလေ .. ဘာဖြစ်လို့လဲ”
“ မေနှောင်း ဒီဘက်ကိုရောက်ဖူးပေမယ့် မမလေးတို့အိမ်ရှိမှန်းမသိခဲ့ဘူး”
“ မေနှောင်း သတိမထားမိလို့နေမှာပါ၊ ကဲ အိမ်ပေါ်တက်ကြစို့”
မိန်းမပျိုက မေနှောင်းလက်ကို ဆွဲပြီးအိမ်ပေါ်ခေါ်လာခဲ့ရာ အိမ်ပေါ်မှာတော့ အသက်သုံးဆယ်အရွယ် ယောင်္ကျားတစ်ယောက် ကွမ်းယာယာနေတာကိုမြင်လိုက်ရတယ်။ ထိုသူက မေနှောင်းကို တစ်ချက်မျှ ကြည့်လိုက်ပြီး
“ ဟင်း… ရွှေရည်ကတော့ လုပ်ချင်တာတွေ လုပ်လာပြန်ပီ” လို့ပြောကာ အိမ်အောက်ကိုဆင်းသွားခဲ့တယ်။
“ မေနှောင်း… မမဆီမှာ မဝတ်ရသေးတဲ့ အဝတ်တွေအများကြီးရှိတယ်၊ မင်းနဲ့လိုက်မယ့် တစ်စုံယူလေ”
မိန်းကလေးက ဧည့်ခန်းမှာရှိနေတဲ့ ဗီဒိုကို ဖွင့်ပြလိုက်ရာ အထဲမှာတော့ အလွန်ကိုအဖိုးတန်တဲ့ ပိတ်သားတွေနဲ့ချုပ်ထားတဲ့ အဝတ်အစားတွေအပြင် ဒေါင်းဘယက်၊ ပတ္တမြားလည်ဆွဲတွေကိုပါ ချထားတာမြင်လိုက်ရတယ်။
“ ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းတွေ မေနှောင်း မယူရဲပါဘူး”
“ အပိုင်ပေးတာမဟုတ်ပါဘူး မေနှောင်းရဲ့၊ ပွဲလမ်းသဘင်ပြီးရင်တော့ ပြန်လာပေးပေါ့၊ ဒါလေးက မေနှောင်းနဲ့လိုက်မှာ”
မိန်းမပျိုက ဖက်ဖူးစိမ်းရောင်အင်္ကျီတစ်စုံနဲ့ ကျောက်စီဘယက်တစ်ကုံးကို ယူလိုက်ပြီး မေနှောင်းလက်ထဲထည့်ပေးလိုက်တယ်။
မေနှောင်းကတော့ သူ့လက်ထဲမှာကိုင်ထားတဲ့ အဝတ်အစားတွေကို ကြည့်ရင်း မျက်ရည်စလေးတွေစို့တက်လာခဲ့တယ်။
++++
ပွဲခင်းထဲမှာ ရှိတဲ့လူတွေရဲ့အကြည့်က မေနှောင်းပေါ်ကို ရောက်နေခဲ့သလို အရွယ်တူမိန်းကလေးတွေကလဲ နှုတ်ဆက်သလိုလိုနဲ့ အနားကိုရောက်လာခဲ့ကြတယ်။
“ မေနှောင်း… နင့်အင်္ကျီလေးက လှလိုက်တာ၊ ဘယ်ကဝယ်တာလဲ”
“ အသိအစ်မတစ်ယောက်ပေးလို့ ဝတ်လာတာ”
“ ဟုတ်လား… ငါကနင်ကိုယ်ပိုင်ထင်လို့မေးလိုက်တာ”
“ ငါက ဒီလိုတန်ဖိုးကြီးအဝတ်အစားတွေ မဝယ်နိုင်ပါဘူးအေ”
“ ဘာပဲပြောပြော နင်နဲ့လိုက်တယ်၊ ကာလသားတွေလဲနင့်ကိုကြည့်နေကြတာသတိထားမိလား”
“ နင်ပြောမှ ငါနေမတတ်တော့ဘူး၊ ပွဲခင်းထဲသွားတော့မယ်ဟာ”
မေနှောင်းက ရှက်ကိုးရှက်ကန်းနဲ့ ပွဲခင်းထဲကို တိုးဝင်သွားခဲ့တယ်။
ဒီကိစ္စတွေဖြစ်ပြီးနောက်ပိုင်း မေနှောင်းနဲ့ ရွှေရည်က တစ်စတစ်စပိုမိုရင်းနှီးခဲ့ကြတယ်။ ရွာထဲမှာ ပွဲလမ်းသဘင်တွေရှိတဲ့အခါမျိုးမှာလည်း အဝတ်အစားကအစ လက်ဝတ်ရတနာအဆုံး ထည်လဲဝတ်လာခဲ့တယ်။
မေနှောင်းကိုစိတ်ဝင်စားနေတဲ့ ရွာခံအပျိုအချို့ကလဲ လက်ဝတ်လက်စားတွေ၊ အဝတ်အစားတွေကို ဘယ်ကနေငှားလဲဆိုတာ သိချင်တဲ့အတွက် မေနှောင်းအနားကိုကပ်တာ တီးတိုးမေးမြန်ရာ မေနှောင်းကလဲ သူကြုံတွေ့ခဲ့ရတာကို မခြွင်းမချန်ပြောပြခဲ့တယ်။
ဒါပေမယ့် ထူးဆန်းတာက မေနှောင်းပြောတဲ့နေရာကို ဘယ်သူမှမတွေ့ကြတာပဲ။
နောက်ပိုင်းတွေမှာတော့ လက်ဝတ်လက်စားတွေလိုအပ်လာရင် မေနှောင်းကို အကူညီတောင်းပြီး ငှားရမ်းခိုင်းခဲ့ကြသလို ငှားရမ်းခအနေနဲ့လဲပေးလာကြတာကြောင့် မေနှောင်းတို့မိသားစုရဲ့ စားဝတ်နေရေးက အရင်ထက်ပိုပြီးအဆင်ပြေလာခဲ့တယ်။
ဒီလိုနဲ့တစ်ရက်မှာတော့ ရေသွားခပ်မယ်လို့ပြောပြီး ထွက်သွားရာကနေ မေနှောင်းတစ်ယောက် ပျောက်ခြင်းမလှပျောက်သွားခဲ့ပါတော့တယ်။
ရွာသားတွေအနေနဲ့ မေနှောင်းကိုလိုက်ရှာကြရာ ဘယ်လိုမှမတွေ့ရတာကြောင့် ရေကန်စပ်မှာ ကန်တော့ပွဲပေးလိုက်တော့မှ ရေထဲကနေ အလောင်းပေါ်လာခဲ့တယ်။
အချို့ကတော့ မေနှောင်းကို လက်ဝတ်လက်စားတွေ ငှားပေးတဲ့သူတွေက လိပ်ပြာနှုတ်သွားတယ်လို့ ပြောကြပြီး၊ အချို့ကျတော့လဲ သူ့ရဲ့အတိတ်ဘဝက သိုက်နန်းထဲကိုပြန်သွားတာလို့ ပြောဆိုခဲ့ကြတယ်။
ဒါပေမယ့် တိတိကျကျတော့ ဘယ်သူမှမသိခဲ့ကြပေ။
ဒီကိစ္စတွေဖြစ်ပြီး ငါးလလောက်အကြာမှာတော့ ရွာထဲမှာနေတဲ့ မယ်ပျိုဆိုတဲ့ မိန်းကလေးတစ်ယောက် ရေနစ်သေပြန်ရော။
မယ်ပျိုပျောက်ပြီး ငါးလလောက် အကြာ အေးစိန်ဆိုတဲ့အပျိုဖြန်းလေးတစ်ယောက် ထပ်သေပြန်ရော။
ဒီတစ်ခါတော့ ရွာသားတွေမနေသာတော့ပဲ တတ်သိနားလည်တဲ့ အကြားအမြင် ဆရာတွေနဲ့မေးမြန်ကြည့်ရာ ပျောက်ဆုံးသွားတဲ့ မိန်းကလေးတွေရဲ့ ဝိဉာဉ်ကို တစ်စုံတစ်ယောက်က ထိန်းချုပ်ခိုင်းစေထားကြောင်းနဲ့ ရွာမှာရှိတဲ့ရေကန်ကိုလဲအကြောင်းမရှိပဲ မသွားဖို့ ပြောဆိုခဲ့တယ်။
တစ်ရက်မှာတော့ ရွာထဲကို ဆေးဆရာလိုလို ဘိုးတော်လိုလို လူတစ်ယောက်ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ရောက်လာခဲ့ကြတယ်။ သူတို့အနေနဲ့ ဒီရွာမှာဖြစ်ပျက်နေတာတွေကို ကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာထဲကလူတွေကို ဆေးကုပေးခြင်း၊ ဗေဒင်အဆောင်ယတြာများပြုလုပ်ပေးခြင်းတွေ ဆောင်ရွက်ပေးခဲ့ကြတယ်။
ဒီလိုနဲ့ တစ်ညမှာတော့ ညောင်နှစ်ပင်ဘက်ကနေ ကြောက်လန့်တကြားအော်ဟစ်သံ၊ ထွက်ပြေးလာတဲ့အသံတွေကြောင့် ရွာသားတွေ ထကြည့်ရာ တစ်ကိုယ်လုံးသွေးချင်းချင်းနီတဲ့ ကုတ်ဖဲ့ဒဏ်ရာတွေနဲ့ ထွက်ပြေးလာကြတဲ့ ဆေးဆရာတို့အဖွဲ့ကိုမြင်လိုက်ရတယ်။
“ ဆရာ… ဆရာ… ဘာဖြစ်လာတာလဲ”
“ ဒီရွာမှာ မနေနဲ့တော့၊ ပြေးကြ ပြေးကြ၊ ဆက်နေရင် တစ်ရွာလုံး ဒုက္ခရောက်ကြတော့မယ်” လို့ပြောပြီး သွေးရူးသွေးတန်းထွက်ပြေးတာကြောင့် ရွာသားတွေလဲ အတော်ကိုစဉ်းစားရခက်သွားခဲ့တယ်။
ရွာထဲကအသက်ရွယ်ကြီးပြီး ဗဟုသုတပြည့်တဲ့ လူကြီးတွေကတော့ ဒီလူတွေ ညောင်နှစ်ပင်နားမှာ တစ်ခုခုသွားလုပ်ထားလို့နေမှာလို့ပြောပြီး သွားကြည့်ရာ ရေကန်ဘေးမှာ ကန်တော့ပွဲအချို့၊ ညောင်နှစ်ပင်နားမှာ ရာဇမတ်ကာစည်းဝိုင်းနဲ့ ပြန့်ကျဲနေတဲ့ ကန်တော့ပွဲတွေကို မြင်တွေ့ခဲ့ကြတယ်။
ဒီဖြစ်ရပ်ပြီးတဲ့နောက်ပိုင်း
ညောင်နှစ်ပင်သိုက်ရဲ့ သတင်းကလဲ အနယ်နယ်အရပ်ရပ်ကို ချက်ချင်းဆိုသလိုပြန့်နှံ့သွားပြီး ရွာထဲမှာလဲ လူစိမ်းတွေဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ထွေးလာခဲ့တယ်။
တစ်စတစ်စ နာမည်ကြီးလာတဲ့ ညောင်နှစ်ပင်သိုက်အကြောင်းက အောင်မြတ်သာဆီကိုလည်းရောက်လာခဲ့ပြီး ငါးလတစ်ခါလောက် လူသေနေတဲ့ကိစ္စကို ဖြေရှင်းပေးဖို့ တာဝန်ပေးခံခဲ့ရတယ်။
ဒါကြောင့် အောင်မြတ်သာအနေနဲ့ မောင်ကောင်းနဲ့ ခွန်းလှတို့နဲ့အတူ ညောင်နှစ်ပင်သိုက်ရှိရာ ရွာလေးဆီကိုထွက်လာဖို့ လုပ်နေတဲ့အချိန် မိုးညိုကိစ္စပေါ်လာတာကြောင့် တပည့်နှစ်ယောက်ကိုသာ မထင်မရှားပုံစံနဲ့ အရင်စေလွှတ်ပေးခဲ့ရခြင်းပင်။
“ ဆရာ…. ညောင်နှစ်ပင်သိုက်က နည်းနည်းထူးဆန်းနေတယ်နော်”
ရေနွေးခရားထဲက ရေနွေးငဲ့နေတဲ့ မောင်ကောင်းစကားကြောင့် အောင်မြတ်သာက မေးငေါ့ပြပြီး
“ ဘယ်လိုထူးဆန်းတာလဲ”
“ မြို့ခံရွာခံတွေ ပြောတာကတော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကအထိ အဲဒီမှာသိုက်ရှိတယ်လို့ မကြားမိဘူးတဲ့၊ မေနှောင်းဆိုတဲ့ကောင်မလေး ပျောက်သွားပြီးနောက်မှ ဒီလို လူသေတဲ့ကိစ္စဖြစ်လာတာလို့ပြောတယ်”
“ကိုယ့်နေရာကိုအစားထိုးဖို့ လူလဲတာကတစ်မျိုး၊ နောက်တစ်မျိုးက သူတို့အနားမှာနေဖို့ ခေါ်ယူတာကတစ်မျိုးဆိုပြီး နှစ်မျိုးရှိတယ်”
“ ရွာမှာသေတဲ့သူတွေကလဲ ကွမ်းတောင်ကိုင်အပျိုလေးတွေကြီးပဲဆရာ၊ မေနှောင်းပျောက်ပြီးတော့ သုံးနှစ်လောက်အထိ ဘာပြဿနာမှမဖြစ်ခဲ့ပေမယ့် အခုကျတော့ ငါးလတစ်ကြိမ်လောက် မိန်းကလေးတွေ သေနေတာတော့ထူးဆန်းတယ်”
“ နောက်ဆုံးတစ်ယောက်သေတာ ဘယ်လောက်ကြာပီလဲ”
“ ဦးမင်းတင် ပြောတာကတော့ လာမယ့်သုံးရက်ဆို ငါးလပြည့်မယ်တဲ့”
“ သူရော အခြေအနေ ဘယ်လိုနေလဲ”
“ အတော်သက်သာလာပြီဆရာ… စစချင်းတုန်းကဆို ကိုယ်မှာအဝတ်တောင်မကပ်လောက်တဲ့ထိ ဆိုးခဲ့တာ”
“ သူတို့က သိုက်အကြောင်းသေချာမှမစုံစမ်းတာ၊ ညောင်နှစ်ပင်သိုက်က ပုဂ္ဂလိကသိုက်ဖြစ်တဲ့အပြင် လူတွေကို နည်းအမျိုးမျိုးနဲ့ဖျားယောင်းတတ်တဲ့ သိုက်စောင့်တွေအနေများတဲ့သိုက်ထဲမှာပါနေတယ်”
“ သူလဲပြောတယ်ဆရာ…ပထမစည်း၊ ဒုတိယစည်းကိုဖောက်တာလွယ်သလောက် တတိယစည်းကိုဖောက်တဲ့အချိန် မအောင်မြင်ခဲ့တာတဲ့”
“ ကဲ မနက်ဖြန် ငါတို့ရောက်တဲ့အခါ သေချာသွားကြည့်ကြတာပေါ့၊ အခုတော့ နားလိုက်ကြဦး”
အောင်မြတ်သာက မောင်ကောင်းနဲ့ ခွန်းလှကို နားခိုင်းလိုက်ပြီး တည်းခိုဆောင်ရှေ့မှာ စင်္ကြန်လျောက်နေခဲ့လိုက်တယ်။
“ ကယ်ကြပါဦးရှင်… ကယ်ကြပါဦး”
ဘုန်းကြီးကျောင်းရှေ့ အမှောင်ထုကနေ ထွက်ပေါ်လာတဲ့အသံကြောင့် စင်္ကြန်လျောက်နေတဲ့ အောင်မြတ်သာတစ်ယောက် လှမ်းကြည့်လိုက်ရာ ခြေကျင်းဝတ်ကိုလက်နဲ့ဖိပြီး ညဉ်းညူနေတဲ့ မိန်းကလေးတစ်ယောက်။
“ ဟိုကောင်မလေး ဘာဖြစ်တာလဲ”
အောင်မြတ်သာကစိုးရိမ်တစ်ကြီး မေးပြီးအနားကပ်သွားတဲ့အချိန် ခြေထောက်တွေက တုံ့ခနဲရပ်သွားတာကြောင့် ခပ်လှမ်းလှမ်းမှာရပ်ပြီး စိုက်ကြည့်လိုက်ရာ လဲကျနေသူက လူမဟုတ်ပဲ လူအသွင်ဆောင်ထားတဲ့ နာနာဘာဝတစ်ကောင် ဖြစ်နေတာမြင်လိုက်ရတယ်။
“ ဟိတ်… နင်က ဘယ်သူလဲ”
“ ဟီးးဟီး.. ငါဘယ်သူဆိုတာ နင်သိနေတာပဲ”
မိန်းမအသွင်ဆောင်ထားတဲ့သူက ဇက်ကို ဂျွတ်ခနဲမြည်အောင်လှည့်ချလိုက်ပြီး လေးဘက်ထောက်ကာ အနားက အမှောင်ထဲကို ပြေးဝင်သွားခဲ့တယ်။
“ ဒီကောင်တွေ ငါ့ကိုလာအကဲခတ်နေတာပဲ, သူတို့လဲ ငါတို့လာမှာကို သတင်းရနေလောက်ပြီ ထင်တယ်”
အောင်မြတ်သာက စိတ်ထဲကနေ ပြောလိုက်ပြီး ဘုန်းကြီးကျောင်းဝင်းထဲကို ပြန်ဝင်သွားခဲ့လိုက်တယ်။
မကြာခင်အချိန်အတွင်း ရောင်နီပျို့ခြင်းနဲ့အတူ အောင်မြတ်သာတို့ဆရာတပည့်တွေရဲ့ ခြေလှမ်းက ဘုန်းကြီးကျောင်းဝင်းအတွင်းဘက်ကနေ အပြင်ကို ရွေ့လျားသွားပါတော့တယ်။
+++++
“ တောသူတွေမယ်… အရိုးခံပါကွယ်…
ချစ်တယ်ကြိုက်တယ် ဆိုလာပါတဲ့…” အစချီတဲ့ သီချင်းကိုညဉ်းပြီး ဟင်းရွက်ခူးနေတဲ့ မိန်းကလေးတစ်ယောက်။
“ လှနုရေ… ဒီဘက်မှာလဲ ဟင်းရွက်တွေနုနေရော”
“ ဒီမှာလဲ နုပါတယ်အေ… ဘယ်သူမှမလာလို့ထင်တယ်၊ အသီးရွက်တွေက ကြီးချင်သလိုကြီးနေကြတာ”
အသက်၁၇နှစ်အရွယ် မိန်းမပျိုနှစ်ယောက်က ပလိုင်းထဲကို ဟင်းရွက်အချို့ခူးထည့်ရင်း စကားပြောနေတဲ့အချိန် နှာခေါင်းထဲကို အလွန်မွှေးပျံ့တဲ့အနံ့တစ်ခုဝင်ရောက်လာခဲ့တယ်။
“ မွှေးလိုက်တဲ့အနံ့ပါလား… ဘယ်ကနေလာတာပါလိမ့်”
“ ငါလဲရတယ်ဟ… လူကိုလန်းဆန်းသွားတာပဲ”
“ လာဟာ ဘယ်ကနေထွက်တဲ့အနံ့လဲ လိုက်ကြည့်ရအောင်”
နှစ်ယောက်သား အနံ့ရဲ့စွဲဆောင်မှုနောက်ကို လိုက်ရင်း ဟင်းရွက်ခူးတဲ့နေရာနဲ့ ခပ်လှမ်းလှမ်းကို ရောက်လာခဲ့ကြတယ်။
“ လှနု… ဟိုမှာကြည့်စမ်း”
ဆင့်ဆင့်ရဲ့စကားကြောင့် လှမ်းကြည့်လိုက်ရာ ဖက်ဖူးစိမ်းရောင်အင်္ကျီကိုဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် သစ်တုံးလေးတစ်တုံးပေါ်မှာ ကျောပေးထိုင်ရင်း သီချင်းညဉ်းနေတာကိုမြင်လိုက်ရတယ်။
“ ဒီနားရောက်မှ အနံ့က ပိုမွှေးလာသလိုပဲ”
“ ဟိုမှာထိုင်နေတဲ့သူဆီကရတာဖြစ်မယ်”
မိန်းကလေးနှစ်ယောက်ရဲ့စကားကြောင့် ထိုင်နေတဲ့သူက ခေါင်းကိုလှည့်ကြည့်ရင်း
“ မင်းတို့နှစ်ယောက် ငါ့ဆီကိုလာခဲ့တာလား” လို့တစ်လုံးချင်းရေရွတ်လိုက်ချိန် လှနုတို့နှစ်ယောက်ရဲ့ မျက်လုံးတွေ ရီဝေဝေဖြစ်သွားပြီး အသိစိတ်လွတ်သွားခဲ့တယ်။
“ သိပ်ကိုလှတဲ့ ကလေးတွေပါလား၊ ငါလဲ တစ်ချိန်ကမင်းတို့လိုလှခဲ့ပါသေးတယ်”
ဖက်ဖူးစိမ်းရောင်အင်္ကျီဝတ်ထားတဲ့မိန်းကလေးက အေးစက်စက်လေသံပြောရင်း မျက်တောင်ကို တဖျတ်ဖျတ်ခတ်လိုက်ရာ ဖွေးဥနေတဲ့အသားအရည်က ရုတ်တရက်ပွယောင်းယောင်းဖြစ်လာပြီး အသားတွေပုတ်အဲ့လာခဲ့တယ်။
ကြောက်မယ်ဖွယ်ရုပ်သွင်ပြောင်းလဲသွားတဲ့ မိန်းကလေးက ငူငူငိုင်ငိုင်ရပ်နေတဲ့သူနှစ်ယောက်ကို ကြည့်လိုက်ပြီး
“ နင်တို့နှစ်ယောက်… မမလေးကို အလုပ်ကျွေးပြုဖို့ အကြောင်းပါလာခဲ့ပြီ… ရေကန်ထဲကို ဘယ်သူမှမမြင်အောင်ဆင်းသွားကြ…” လို့ပြောလိုက်ရာ မိန်းကလေးနှစ်ယောက်လဲ လွယ်ထားတဲ့ပလိုင်းတွေကို အသာချပြီး စိတ်ညို့ခံထားရသူတွေ ပမာ ခြုံတွေပိတ်နေတဲ့ ရေကန်နားကို လျောက်လာခဲ့လိုက်ကြတယ်။
ဖက်ဖူးစိမ်းရောင်ဝတ်မိန်းမက သူတို့နှစ်ယောက်ကို သဘောကျတဲ့ဟန်နဲ့ကြည့်နေတဲ့အချိန် ဂါထာရွတ်တဲ့အသံက ခပ်တိုးတိုးလွင့်ပျံ့လာခဲ့တယ်။
လေထဲကနေ ပျံ့လွင့်လာတဲ့ အသံက အစက တိုးသယောင်ထင်ရပေမယ့် နီးကပ်လာလေလေ ပိုမိုကျယ်လောင်လာပြီး ခန္ဓာကိုယ်ကလဲ ပူလောင်လာခဲ့တယ်။
တစ်ချိန်ထဲမှာပဲ ရွာမှာရှိတဲ့ အိမ်ကနေ အောင်မြတ်သာ၊ မောင်ကောင်း၊ ခွန်းလှတို့က ဂိုဏ်းတော်ရဲ့ အစွမ်းထက်ဂါထာတစ်ပုဒ်ကို သံပြိုင်ရွတ်ဆိုနေခဲ့တယ်။
“ အမလေး ပူလိုက်တာ ပူလိုက်တာ”
မိန်းကလေးအသွင်ဆောင်ထားတဲ့သူကပါးစပ်ကနေ အော်ဟစ်ရင်း ညောင်နှစ်ပင်သိုက်ရှိရာဘက်ကို ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်။
အဲဒီတော့မှ ရေကန်ထဲကိုဆင်းဖို့လုပ်နေတဲ့ မိန်းကလေးနှစ်ယောက်သတိပြန်ဝင်လာပြီး အထိတ်ထိတ်အလန့်လန့်နဲ့ ရွာထဲကိုပြန်ဝင်လာခဲ့ကြတယ်။
“ အမေ… အမေ”
“ သမီး… ဘာဖြစ်လာတာလဲ”
လှနုက သူဖြစ်ပျက်ခဲ့တာတွေကိုပြောပြလိုက်ရာ အိမ်ပေါ်မှာရှိနေတဲ့အောင်မြတ်သာက ထိုင်ရာကနေ ထလိုက်ပြီး
“ ကျုပ်တို့အချိန်မှီရောက်လာလို့တော်သေးတာပေါ့၊ မဟုတ်ရင် ဒီကလေးမနှစ်ယောက်ဘဝမတွေးရဲစရာပဲ”
“ ဆရာတို့ကျေးဇူးကြီးလှပါတယ်ရှင်… ရွာမှာလဲ အခုလိုဖြစ်ရပ်တွေဖြစ်နေတာ ကြာနေပြီ၊ ပြောင်းတဲ့သူလဲပြောင်းကုန်ကြပြီ၊ ကျွန်မတို့က မပြောင်းနိုင်သေးလို့သာ နေနေရတာ”
“ အခုကစပြီး ကျုပ်တို့ပြန်မလာမချင်း ဘယ်သူမှ ရွာအနောက်ဘက်ကိုမသွားကြပါနဲ့၊ ဒီကိစ္စကို ကျုပ်အကောင်းဆုံးဖြေရှင်းပေးပါမယ်”
အောင်မြတ်သာက ရွာသားတွေကို ပြောပြီးတာနဲ့ ညောင်နှစ်ပင်သိုက်ရှိတဲ့ဘက်ကို ထွက်သွားခဲ့လိုက်တယ်။
ဆရာတပည့်တွေ ရေကန်နားအရောက်မှာတော့ ညောင်နှစ်ပင်သိုက်ရှိတဲ့ဘက်ကနေ သီချင်းသံသဲ့သဲ့ ပျံ့လွင့်လာတာကြောင့် အသံကြားတဲ့ဘက်ကို လှမ်းကြည့်လိုက်ရာ ဆံပင်ဖားလျားချထားတဲ့ မိန်းကလေးတစ်ယောက်က ညောင်ပင်ကနေကျနေတဲ့ နွယ်ဒန်းကို စီးနေတာမြင်လိုက်ရတယ်။
အောင်မြတ်သာတို့လဲ ဒန်းစီးနေတဲ့ မိန်းကလေးရှိတဲ့ဘက်ကိုလျောက်သွားတဲ့အချိန် လွှဲနေတဲ့ဒန်းက ရုတ်တရက်ရပ်သွားပြီး
“ နင်တို့ ဘာကိစ္စနဲ့ လာကြတာလဲ” ဆိုတဲ့အသံထွက်လာခဲ့တယ်။ အဲဒီအချိန် အောင်မြတ်သာက ကျောပေးထားတဲ့ မိန်းမပျိုကိုက်ကြည့်ပြီး
“ မင်းတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့လာခဲ့တာပဲ”လို့ပြောလိုက်ရာ ကျောပေးထားတဲ့မိန်းကလေးက ခေါင်းကိုဆတ်ခနဲလှည့်ကြည့်ကာ
“ ငါတို့နေရာကိုမှာ ငါတို့ကြိုက်သလိုလုပ်မယ်၊ ဘယ်သူမှတားဆီးလို့မရဘူး”
“ ဒီမယ် မိန်းကလေး… မင်းက ဒီသိုက်နန်းရဲ့ အရှင်တော့မဟုတ်လောက်ဘူး၊ မင်းက သူတို့ရဲ့ အခိုင်းအစေပဲဖြစ်ရမယ်”
အောင်မြတ်သာကစကားဆုံးတာနဲ့ နှုတ်ကနေ တတွတ်တွတ်ရွတ်ဆိုလိုက်ရာ ညောင်နှစ်ပင်သိုက်ရှိတဲ့ဘက်ကနေ တော်လဲသံလိုအသံထွက်လာပြီး ရုပ်ဆိုးဆိုး အကျဉ်းတန်တဲ့နာနာဘာဝတွေ၊ သိုက်စောင့်ပုဂ္ဂိုလ်တွေ ထွက်ပေါ်လာခဲ့တယ်။
“ ဆရာ… ဒီကောင်တွေက သိုက်စည်းကိုစောင့်တဲ့ ကောင်တွေပဲဖြစ်ရမယ်၊ သူတို့ကို ဘယ်လိုလုပ်ရမလဲ”
“ သူတို့ပိုင်နက်ထဲမဝင်မချင်း ဘာမှလုပ်လို့မရတာကြောင့် အပြင်ကနေပဲ အမိန့်ပြန်ခေါ်ကြတာပေါ့”
အောင်မြတ်သာက သိုက်နန်းရှိတဲ့ဘက်ကို လက်ညိုးထိုးလိုက်ပြီး
“ ညောင်နှစ်ပင်သိုက်ရှိတဲ့နယ်နမိတ်ထဲက မည်သည့်ပုဂ္ဂိုလ်မဆို စည်းအပြင်ကို ခြေတစ်လှမ်းမှမထွက်စေရ၊ သိုက်ကိုအပိုင်စားထားတဲ့သူ ငါ့အရှေ့ချက်ချင်းရောက်လာစေ၊ အချိန်ဆွဲခြင်း၊ အာခံခြင်းရှိပါက ရောက်ရာအရပ်မှာ ပူလောင်ပါစေသား” လို့ပြောလိုက်တယ်ဆိုရင်ပဲ အဆင်တန်ဆာတွေညွှတ်နေအောင်ဝတ်ဆင်ထားတဲ့ မိန်းမတစ်ယောက်နဲ့ မျက်နှာထားတည်တည် ယောင်္ကျားတစ်ယောက် သိုက်စည်းအစပ်မှာ ပေါ်လာခဲ့တယ်။
“ သင်တို့က ညောင်နှစ်ပင်သိုက်မောင်နှမထင်တယ်”
“ ငါတို့ကိုခေါ်တာ ဘာကိစ္စလဲ”
“ သင်တို့ လုပ်ရပ်တွေကို ရပ်တန့်ဖို့လာပြောတာ”
အောင်မြတ်သာစကားကိုကြားတော့ ပန်းတစ်ပွင့်ပန်ထားတဲ့မိန်းမပျိုက ခစ်ခနဲရယ်လိုက်ပြီး
“ ငါတို့ပိုင်နက်ထဲဝင်လာရင်တော့ ငါတို့သဘောအတိုင်းလုပ်လို့ရတယ်၊ သိုက်နန်းထဲမှာလဲ လူလိုနေတာဆိုတော့ ရသလောက်ခေါ်ရဦးမှာပဲ”
အောင်မြတ်သာက သူ့ကိုမထီမဲ့မြင်လုပ်နေတဲ့ မိန်းမပျိုကို သနားတဲ့မျက်လုံးနဲ့ကြည့်လိုက်ပြီး
“ သင်တို့က အတော်ကို ကြောက်စရာကောင်းတဲ့ သူတွေပဲ၊ အစကတော့ ကျုပ်က စကားအရာနဲ့ ဆုံးမဖို့ဆုံးဖြတ်ထားပေမယ့် အခုတော့ ဒီဆုံးဖြတ်ချက်ကို ပြင်မှရတော့မယ်၊ မောင်ကောင်း၊ ခွန်းလှ သိုက်စည်းတစ်ခုလုံးကို မီးတိုက်ဖို့ပြင်ကြတော့”
အောင်မြတ်သာစကားကြောင့် မောင်ကောင်းနဲ့ ခွန်းလှက စည်းအစပ်မှာရပ်လိုက်ပြီး လောင်မီးအင်းတစ်ချပ်ကိုအသက်သွင်းကာ မြေကြီးပေါ်ပစ်ချလိုက်တယ်ဆိုရင်ပဲ လူတစ်ရပ်ခန့်ရှိတဲ့ မီးတောက်က သိုက်စည်းပတ်ပတ်လည်ကနေ ဟုန်းခနဲ ထတောက်လာခဲ့တယ်။
ဒီဖြစ်ရပ်ကြောင့် သိုက်စောင့်တွေ အထိတ်တလန့်ဖြစ်သွားခဲ့သလို မောင်နှစ်မနှစ်ယောက်ရဲ့မျက်နှာမှာလဲ စိုးရိမ်မှုအရိပ်အယောင်တွေပေါ်လာခဲ့တယ်။ ဒါပေမယ့် ဟန်မပျက်ပြန်ထိန်းလိုက်ပြီး
“ နင်တို့က သိုက်တူးဖို့ကြံတဲ့ လူတွေပဲ၊ ဟဲ့ ငါ့ကလေးတွေ ဒီလူတွေကို အသေသတ်ကြစမ်း” လို့ပြောလိုက်ရာ စိတ်ကြမ်းကိုယ်ကြမ်းရှိတဲ့ သိုက်စောင့်အချို့ စည်းအပြင်ကို ပြေးထွက်လာခဲ့ကြတယ်။ သို့ပေမယ့် မီးတောက်နားအရောက်မှာပဲ အနောက်ကိုပြန်လန်ကျသွားခဲ့တယ်။
“ မင်းတို့ စည်းထဲကနေ အပြင်ကို ခြေတစ်လှမ်းတောင် လှမ်းလို့မရဘူး၊ အခုစီရင်ထားတဲ့အင်းက မင်းတို့လို ဝေမာနိကပြိတ္တာအဆင့်မပြောနဲ့ နတ်ဘီလူးအဆင့်တောင် ကြောက်ရတဲ့အင်းပဲ၊ ဒါကြောင့် မင်းတို့အညံ့ခံမလား မီးလောင်ပျက်စီးခံမလား”
အောင်မြတ်သာစကားကြောင့် သိုက်နန်းရှင်မောင်နှစ်မနှစ်ယောက် အချင်းချင်းကြည့်လိုက်ပြီး
“ ကျွန်တော် ကျွန်မတို့မှားသွားပါတယ်၊ ဆရာတို့ဒီလောက်စွမ်းမှန်းမသိခဲ့လို့ ရိုင်းပြမိခဲ့တာပါ၊ ကျွန်မတို့ကို ခွင့်လွှတ်ပေးပါ၊ ပြောသမျှလဲလိုက်နာပါ့မယ်”
မျက်နှာငယ်နဲ့ပြောနေတာကြောင့် အောင်မြတ်သာက မျက်ရိပ်ပြပြီး အင်းကိုပြန်သိမ်းဖို့ပြောလိုက်တာကြောင့် မောင်ကောင်းက မြေကြီးပေါ်ချထားတဲ့ အင်းကိုကောက်ယူလိုက်တဲ့အချိန် အမွှေးအမျှင်တွေထူလဗျစ်ဖြစ်နေတဲ့ လက်တစ်ဖက်က မြေကြီးထဲကနေ ထွက်လာပြီး ဖမ်းဆွဲထားတာမြင်လိုက်ရတယ်။
အဲဒီအချိန် မောင်ကောင်းရပ်နေတဲ့ မြေပြင်က ရုတ်တရက်နွံ့တောတစ်ခုဖြစ်သွားပြီး ခန္ဓာကိုယ်ကလဲ တစ်ဖြေးဖြေးနစ်ဝင်သွားခဲ့တယ်။
ဒါပေမယ့် မောင်ကောင်းက ထိတ်လန့်ဟန်မပြသလို အခြားသူတွေကလဲ ခပ်ပြုံးပြုံးမျက်နှာတွေနဲ့ ကြည့်နေတာကြောင့် သိုက်စောင့်မောင်နှစ်မနှစ်ယောက် အံ့ဩသွားခဲ့ကြတယ်။ ထိုအချိန်မှာပဲ မောင်ကောင်းရဲ့ ဦးခေါင်းထိပ်ကနေ အလင်းစက်အချို့ထွက်လာပြီး ခန္ဓာကိုယ်ကို စက်ဝန်းသဖွယ်ဖုံးအုပ်ထားတာမြင်လိုက်ရတယ်။
“ ဆရာ.. ကတိမတည်တဲ့ သူတွေကို ထိုက်သင့်တဲ့အပြစ်တော့ပေးရတော့မယ်နော်”
ခွန်းလှစကားကြောင့် အောင်မြတ်သာက ခေါင်းညိမ့်ပြလိုက်ပြီး လွယ်အိတ်ထဲပါလာတဲ့ စမတစ်ရွက်ကိုထုတ်ကာ သိုက်နယ်နမိတ်အတွင်း ပစ်ထည့်လိုက်ပါတော့တယ်။
အဲဒီအချိန်မှာပဲ သိုက်စည်းထဲမှာရှိတဲ့ သူတွေအားလုံးရဲ့ဦးခေါင်းထက်မှာ ချော်ရည်ပူတွေအပြည့်ပါတဲ့ အိုးတစ်လုံးပေါ်လာပြီး ပွက်ပွက်ဆူနေတဲ့ချော်ရည်တွေက ခေါင်းပေါ်ကနေ တစ်တောက်တောက်စီးကျလာခဲ့တယ်။
လွန်စွာပူပြင်းလှတဲ့ချော်ရည်ပူတွေရဲ့ဒဏ်ကြောင့် သိုက်နန်းထဲမှာရှိတဲ့သူတွေအားလုံး ငယ်သံပါအောင် အော်ဟစ်ပြီး ပြေးလွှားနေတာကို အောင်မြတ်သာတို့ခေတ္တမျှရပ်ကြည့်ပြီးကာမှ
“ မင်းတို့လုပ်ရပ်တွေ ရပ်တန်းကရပ်မယ်လို့ ကတိပေးနိုင်လား” လို့ပြောလိုက်ရာ သိုက်နန်းရှင်မိန်းကလေးက ပြေးလွှားနေရင်းကနေ ဒူးထောက်ထိုင်ချလိုက်ပြီး
“ ပြန်သိမ်းပေးပါတော့ရှင်… ကြောက်လှပါပြီ၊ နောက်မလုပ်ရဲတော့ပါဘူး” လို့လက်အုပ်ချီကာ တောင်းပန်တော့မှ စမကိုညာဘက်လက်နဲ့ ဆွဲယူလိုက်သိမ်းဆည်းလိုက်ရာ ခေါင်းပေါ်မှာတင်နေတဲ့ အရာတွေအားလုံး ပျောက်ကွယ်သွားခဲ့တယ်။
အဲဒီတော့မှ သိုက်နန်းထဲမှာရှိတဲ့သူတွေကို စုစည်းပြီး ဖြစ်စဉ်ကိုမေးတော့မှ မိန်းကလေးတွေ သေရတဲ့အကြောင်းမှန်ကိုသိခဲ့ရတယ်။
တကယ်တော့ ညောင်နှစ်ပင်သိုက်ရဲ့ အကြီးအကဲနှစ်ယောက်ထဲက ညီမဖြစ်သူက လူ့ဘဝမှာနေစဉ်ထဲက မိမိထက် ချောမောလှပတဲ့သူတွေကို မနာလိုမုန်းတီးတဲ့စိတ်ရှိခဲ့တာကြောင့် သေလွန်လို့ ဥစ္စာစောင့်ဘဝရောက်တဲ့တိုင်အောင် လူ့ဘဝကပါခဲ့တဲ့အစွဲကြောင့် လှပတဲ့မိန်းကလေးတွေတွေ့ရင် ဖျားယောင်းသွေးဆောင်ပြီး သိုက်နန်းထဲကို ခေါ်ထားမိခဲ့ကြောင်းဝန်ခံခဲ့တယ်။
ပထမအကြိမ်တုန်းကလဲ အခုလိုဖြစ်ရပ်တွေကြောင့် နှစ်ယောက်လုံးပြစ်ဒဏ်ခံရပြီး ညောင်နှစ်ပင်ရှိတဲ့အရပ်ကို ပြောင်းရွှေ့လာခဲ့ရသလို အခုနေရာမှာလဲ အလားတူဖြစ်ရပ်မျိုးတွေပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့ကြတယ်။
ဒီတစ်ခါတော့ အောင်မြတ်သာလဲ မောင်နှမနှစ်ယောက်လုံးကို တင်းကြပ်တဲ့အနေနဲ့ လွန်စွာကြောက်ဖို့ကောင်းတဲ့ ဖြစ်ရပ်တွေပါတဲ့ သစ္စာကိုဆိုခိုင်းခဲ့တယ်။
မောင်နှစ်မနှစ်ယောက်လဲ အခုလိုဖြစ်ရပ်မျိုး ထပ်မလုပ်ဘူးဆိုတဲ့ကတိကိုပေးပြီး သစ္စာရေသောက်ခဲ့ကြတယ်။
အောင်မြတ်သာတို့လဲ ညောင်နှစ်ပင်သိုက်ကိစ္စကို ဖြေရှင်းပေးပြီးတဲ့နောက်မှာတော့ ခြေထောက်တစ်ဖက်ခွင်နေတဲ့ လူတစ်ယောက်ကနေ စခဲ့တဲ့ ပရလောကပြဿနာတစ်ခုကို ထပ်မံဖြေရှင်းပေးခဲ့ရတယ်။
ဒီအကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်ခြေခွင်ဘတိုးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)
Comments
Post a Comment