ဘွားမယ်စိန်နှင့်မဟူရာစံအိမ်

 ညဥ့်သန်းခေါင်ယံချိန်တွင်လတခြမ်းသည်

တိမ်များကြား၌ထွန်းလင်းနေခဲ့၏။
တောရွာတို့၏ထုံးစံအတိုင်း မီးမှိတ်အိပ်ကြသည်မို့
အလင်းရောင်သည်ကမရှိခဲ့။
ထိုတောရွာနှင့်အနည်းငယ်ကွာလှမ်းသော တောင်ကုန်းတစ်ခုအပေါ်၌ စံအိမ်ကြီးတစ်ဆောင်တည်ရှိ၏။
ထိုစံအိမ်ကြီးမှာကုန်းမြင့်တွင်တည်ရှိသည်မို့ ပတ်ဝန်းကျင်တွင်ထင်းထင်းကြီးပေါ်လွင်နေခဲ့၏။

"ဝူးးးးးးး....အူးးးးးးးအူးးးးးးးးးးးး"

ရွာဘက်ဆီမှခွေးအူသံတို့သည်တစတစပျံ့လွှင့်၍လာခဲ့၏။

"​တောက်...ခရီးမှ မတွင်ပါဘူးဆိုနေ...ဒီခွေးအူသံကတမျိူး"

မှောင်နက်မည်းမည်းအချိန်ကြီး၌...
ခွေးအူသံတို့ကိုအပြစ်ဆို၍ လှည်းလမ်းကြောင်းအတိုင်းသွားလာနေသော လွယ်အိတ်တစ်လုံးဖြင့် လူတစ်ယောက်။
ထိုလူ၏အမည်မှာ မြင့်ဆွေဖြစ်၏။
မြင့်ဆွေသည်က တဖက်ရွာမှ ပွဲစားဖြစ်သည်။
ယနေ့အလုပ်ရှိ၍ လာရင်းကနေ
ရွာသို့ပြန်ရန်နောက်ကျခြင်းဖြစ်၏။
မိတ်ဆွေအပေါင်းအသင်းတို့က ညအိပ်ဖို့ရန်တားမြစ်ကြပါသော်လည်း မြင့်ဆွေ ငြင်းဆန်၍ ရွာသို့ ကုန်းကြောင်း လျှောက်ပြန်လာခဲ့သည်။

"တောင်ကုန်းနားက အိမ်ကိုကျော်ရဦးမှာလဲ...
လခွမ်းထဲမှ...ခွေးသခိုးတွေကလည်းပါးစပ်အငြိမ်မနေကြဘူး...။တောက်......."

မြင့်ဆွေ အူသံပေးနေသော ခွေးများကို အခဲမကျေပေ။
တောင်ကုန်းပေါ်ရှိအိမ်ကြီးနားသို့တဖြေးဖြေးရောက်ရှိလာခဲ့၏။
ညအမှောင်ထဲ၌ ထိုအိမ်ကြီးသည် နာနာဘာဝတစ်ကောင်
ငုတ်တုတ်ထိုင်နေသည့်အလား ထီးထီးကြီးထင်ပေါ်နေလေရာ
မြင့်ဆွေကြောက်စိတ်များဝင်လာခဲ့တော့သည်။

"ဟူးးးးး.....အိမ်မြန်မြန်ပြန်ရောက်ပါစေ"

ဟု...ပြောရင်း ခပ်သွက်သွက်လှမ်းလာခဲ့တော့၏။
ထိုစံအိမ်ကြီးသည် သရဲအခြောက်ကြမ်းသည်ဟု...
ဤနယ်တဝိုက်၌ နာမည်ကြီးနေပေသည်။
လူသူမနေသော စံအိမ်ကြီး၏နောက်ကြောင်းရာဇဝင်မှာလည်း
အလွန်စိတ်ဝင်စားဖို့ကောင်း၏။
ထိုအကြောင်းများကိုသိနေသော မြင့်ဆွေသည်
မည်သည်ကြောင့် ညတွင်းချင်းပြန်လာခဲ့ရသလဲဆိုရင်ဖြင့်
သူ၏မိန်းမနှင့်သားဖြစ်သူကိုစိတ်မချ၍ဖြစ်သည်။
စံအိမ်ကြီး၏အရှေ့၌ လှည်းလမ်းကြောင်းရှိ၏။
စံအိမ်ကြီးမှာ လှည်းလမ်းနှင့်အတန်သင့်ဝေးသော်ငြားလည်း၊
ကုန်းမြင့်တွင်တည်ရှိသည်မို့ အတော်မြင်ကွင်းရှင်းနေပေသည်။
မြင့်ဆွေစံအိမ်ကြီး၏အရှေ့မှ
ခပ်သွက်သွက်ကျော်ဖြတ်လာခဲ့သည်။
လမ်းလျှောက်နေရင်း
သူ၏လက်များမှာ ကြက်သီးမွှေးများထနေပြီး...
ရင်အစုံမှာလည်း တဒိန်းဒိန်းဖြင့် တုန်ခါနေခဲ့သည်။
စံအိမ်ကြီးကိုကျော်ဖြတ်လာပြီးသော်လည်း
နောက်ကျောမလုံသလိုဖြစ်လာ၍ လှည့်ကြည့်မိသောအခါ...

"ဟာ......"

စံအိမ်ကြီးအပေါ်ထပ်ရှိပြတင်းတံခါးမှာ
မြင့်ဆွေလှည့်အကြည့်၌...ပွင့်လာခဲ့လေသည်။
ထိုပြတင်းတံခါး၌ မိန်းမပျိုတစ်ဦးရှိနေသည်ကို
မြင့်ဆွေမြင်ရလေတော့ ကြောက်လန့်တကြားဖြင့်
သူ၏ရွာဆီသို့ ထွက်ပြေးတော့လေသည်။

*****************************
နောက်တစ်နေ့နံနက်၌ မြင့်ဆွေတစ်ယောက်စံအိမ်ကြီးမှ
သရဲမကိုတွေ့မြင်ခဲ့သည့်အကြောင်းများမှာ
ရွာအတွင်း၌သတင်းပျံ့လွှင့်လို့နေခဲ့သည်။

"အိုအေ...ဒီစံအိမ်သရဲခြောက်တာ မဆန်းတော့ပါဘူး..."

"ဟုတ်ပါ့တော်..."

မြင့်ဆွေနေသည်က ချောင်းငယ်ရွာဖြစ်သည်။
ယခုသရဲခြောက်သည်ဟုနာမည်ကြီးသော ကုန်းမြင့်ပေါ်၌
စံအိမ်ကြီးတည်ရှိသောရွာကို မြောက်ဦးရွာဟုခေါ်ကြ၏။

မြင့်ဆွေသရဲမကိုမြင်ခဲ့ပြီးတပတ်လောက်အကြာ၌
ချောင်းငယ်ရွာရှိ ကာလသားဆယ်ယောက်သည်
တိုးတိုးတိတ်တိတ်ပြောဆိုနေကြလေသည်။

"ဟေး...ကိုကျော်နိုင်...ကျုပ်တို့နိုင်ရင်ထန်းတောမှာ
အမြည်းအစုံနဲ့တစ်ပတ်တိတိနော်..."

"အေးပါ...စိုးပေရာ မင်းတို့အုပ်စုသာ ကြောက်ချီးပါပြီး
ပြေးရင်ငါတို့က အမြည်းအစုံနဲ့ဇိမ်ခံရဦးရမှာပေါ့ကွာ...
ဟားး...ဟားး...ဟားး...ဟားး..."

ကျော်နိုင်ဘက်က လူငါးဦး...။
စိုးပေဘက်မှလည်းလူငါးဦး...။
သူတို့ပြောဆိုနေကြသည်က ယခုည သန်းခေါင်ယံအချိန်တွင်
မြောက်ဦးရွာရှိ သရဲ​ခြောက်ပါသည်ဆိုသော
စံအိမ်ကြီးသို့ အတူသွားကြမည့်အကြောင်း...။
တစ်ယောက်ယောက်က
ကြောက်လန့်ပြီးထွက်ပြေးခဲ့လျှင် ထွက်ပြေးသောသူ၏
အဖွဲ့မှ ရှုံးမည်ဖြစ်သည်။
ကျော်နိုင်တို့...စိုးပေတို့သည်
လောင်းကြေးစားကြေးဖြင့် စံအိမ်ကြီးသို့
သွားရောက်ကြမည်ဖြစ်၏။

ညသန်းယံအချိန်သို့ရောက်သောအခါ၌
ချောင်းဆုံရွာမှထွက်လာသော လူဆယ်ဦးသည် မြောက်ဦးရွာဘက်သို့ ခပ်သွက်သွက်လျှောက်လှမ်းလာခဲ့ကြ၏။
ထိုသူတို့မှာ ကျော်နိုင်၊စိုးပေတို့တသိုက်ပင်ဖြစ်သည်။

သန်းခေါင်ယံအချိန်ပေမို့ အမှောင်ထုမှာသိပ်သည်းလွန်းနေ၏။
သူတို့၏လက်အတွင်း၌ ဖယောင်းတိုင်ရယ်မီးခြစ်ရယ်မှလွှဲ၍
မည်သည်မှမပါကြ။
အမှောင်ထုထဲစမ်းတဝါးဝါးလျှောက်လာကြရင်းဖြင့်
စံအိမ်ကြီး၏အရှေ့သို့ ရောက်လာခဲ့ကြတော့၏။
စံအိမ်ကြီးကိုကြည့်ရင်း ကြက်သီးများပင်ထလာကြ၏။
ထိုစဥွ...

"ဂီးး...."

"အမယ်လေး....ငါပြန်တော့မယ်..."

ငှက်ဆိုးတစ်ကောင်၏အော်သံကြောင့် စိုးပေ၏အဖွဲ့မှ
လူတစ်​ယောက်သည် အလန့်တကြားဖြင့်
နောက်ကြောင်းလှည့်ပြန်ဖို့ရန်ပြင်ဆင်နေစဥ်...
စိုးပေမှအတင်းဆွဲတားရင်း...

"ဟေ့ကောင်...ညငှက်အော်တာပါကွာ...မင်းကလည်း"

"မသိဘူးကွာ...ငါပြန်တော့မယ်..."

ထိုလူသည်က အလွန်ကြောက်လန့်နေပုံရ၏။
စံအိမ်ကြီးကို ထိတ်ထိတ်ပြာပြာဟန်ဖြင့် လှမ်းကြည့်နေခဲ့သည်။
စိုးပေမှာ မိမိလူ၏ကြောက်လန့်နေမှုကြောင့်...

"ခွေးမသား...ငါတို့ရှုံးရင်မင်းပထွေးတွေကို
ပေးရမယ့်ဟာတွေ မင်းပေးမှာလားပြော"

ဟုဟောက်လိုက်လေမှ ထိုလူသည်ငြိမ်ကျသွားတော့၏။

"ကဲ...စိုးပေ...လာဝင်ကြစို့...
ဖယောင်းတိုင်မီးကိုအထဲကျမှထွန်းကြတာပေါ့"

ကျော်နိုင်သည်စိုးပေကိုပြောပြီး သူတို့အုပ်စုက
အရှေ့ဆုံးမှ ကုန်းလေးပေါ်ရှိ
လမ်းလေးအတိုင်းတက်သွားကြတော့၏။
စံအိမ်ကြီးဆီသို့ရောက်လာကြတော့
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြရင်း...

"ကျွီ....."

အိမ်တံခါးမကြီးကို ဖွင့်၍ဝင်လာကြတော့၏။
ဖယောင်းတိုင်အလင်းလေးများဖြင့်သာ
စံအိမ်ကြီးအတွင်းဝင်ရောက်လာကြတော့သည်။

"ကဲစိုးပေ...တို့တွေကအပေါ်ထက်သွားမယ်...
မင်းတို့ကအောက်ထပ်လှည့်ကြကွာ...
မမေ့နဲ့နော်...ဟေ့ကောင်...ထွက်ပြေးတဲ့သူအရှူံးဆိုတာကို"

"ကျုပ်သိပါတယ်ကိုကျော်နိုင်ရာ...
ကျုပ်တို့နိုင်မှာပါဗျ..."

"ဟားး...ဟားး....စောင့်ကြည့်ကြသေးတာပေါ့ကွာ..."

ကျော်နိုင်တို့ငါးယောက်မှာအပေါ်ထပ်သို့တက်၍
သွားတော့၏။
စိုးပေတို့မှာလည်းအောက်ထပ်ကိုလှည့်ကြည့်ကြတော့သည်။
စံအိမ်ကြီးမှာ လူမနေသည်မှာကြာပြီဖြစ်၍
ဖုန်များ...၊သစ်ရွက်အမှိုက်များ...၊ပင့်ကူမျှင်များ...ဖြင့်
ရှုပ်ပွနေပေသည်။
အရိဘောဂအဟောင်းအနွမ်းများမှာ အနည်းငယ်သာရှိပြီး
အခန်းများက သုံးခန်း၊လေးခန်းရှိကာ ကျယ်ဝန်းလှ၏။

"ဒုန်း..."

"အမယ်လေးဗျ..."

စိုးပေတို့ဟိုသည်ငေးမောနေစဥ် သစ်သားခုံတစ်ခုသည်
ဒုန်းခနဲမြည်ကာလဲကျသွားလေသည်။
လေမတိုက်ဘဲ...ပတိငြိမ်သက်နေရာမှ လဲကျသွားသော
ခုံကိုကြည့်၍ စိုးပေတို့ ထိတ်လန့်နေမိသည်။
သို့သော်ထိုအဖွဲ့၏ခေါင်းဆောင်ဖြစ်သော စိုးပေမှာ...

"လာကြပါကွာ...ခုံက သူ့ဘာသာဆွေးလို့လဲတာနေမှာပါ...
ဆက်သွားကြစို့...လာကြ"

ဟုပြော၍ ရှေ့သို့ဆက်သွားကြသည်။
ထိုသို့သွားနေစဥ်...

"အမယ်လေး....."

ဟုသော်အော်သံသည် နောက်ဆုံးမှလိုက်ပါလာသူ၏အသံဖြစ်၏။

"ဟေ့ကောင်ဘာဖြစ်တာလဲ"

"ငါ...ငါ့ကျောကိုလက်နဲ့ပုတ်သွားတယ်ဟ"

"ကွာ...သွား...သွား...မင်းအလယ်မှာနေတော့"

စိုးပေတို့သည် ကြောက်လန့်နေကြ၏။
သို့သော် အရှုံးမခံလိုစိတ်ဖြင့် အခန်းတစ်ခုဆီသို့အရင်သွားကြတော့သည်။
ဖယောင်းတိုင်မီးလေးများဖြင့် မျက်လုံးကိုဟိုသည်ကြည့်ရင်း
အခန်းဆီသို့ရောက်လာကြ၏။
အခန်းအတွင်း၌က ကုတင်တစ်ခုသာရှိ၏။

"အဟငွ့...အဟငွ့...အီးးးဟီးးးဟီးးးးးးးးးး"

ဟုသောငိုသံကြီးသည် အခန်းအပြင်ဆီမှ ရုတ်တရက်ထွက်ပေါ်လာခဲ့သောအခါ စိုးပေတို့ငါးဦးသည်
နောက်သို့လည်ပြန်ကြည့်မိကြတော့၏။
ထိုသို့ကြည့်လေတော့အခန်းဝနှင့်မလှမ်းမကမ်း၌ကျောပေးကာထိုင်နေသော ဆံပင်ဖျားလျားဖြင့်အမျိုးသမီးတစ်ဦး၏နောက်ကျောကိုမြင်လိုက်ကြရသည်။
စိုးပေတို့ငါးဦးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍
မည်သို့ဆက်လုပ်ရမည်မသိကြ။

"ဟိတ်...ဘယ်...ဘယ်သူလဲ"

စိုးပေအော်မေးလိုက်သည်။
သို့သော် ပြန်၍မဖြေဘဲ...

"ဟီးးးဟီးးးဟီးးးးးးးးးးးးးးး"

ဟူသော ငိုသံကြီးကိုသာပေးနေခဲ့၏။

"စိုးပေ...ငါကြောက်တယ်..."

"ငါလည်းကြောက်တယ်ကွာ..."

"လုပ်ပါဦး စိုးပေရာ...တစ်ခုခုလုပ်ပါဦး"

အပေါင်းအဖော်များမှာ စိုးပေ၏နောက်သို့ပုန်းကွယ်နေကြ၏။
စိုးပေမှာတော့ ကြောက်ချွေးများပြန်ရင်း...

"ဟိတ်...နင်ဘယ်သူလဲ...ဘယ်ကလာတာလဲ"

ဟု...စိတ်ကိုတင်း၍အသံကုန်အော်မေးလေသည်။

သို့သော် ကျောပေးထားသော
အမျိုးသမီးမှာမည်သည်မှမဖြေ...ငိုမြဲအတိုင်းသာငိုနေခဲ့၏။

"တောက်...ဒါဟိုကောင်ကျော်နိုင်တို့ရဲ့
လှည့်ကွက်ပဲဖြစ်ရမယ်...ဒင်းက...
ငါတို့ကိုကြောက်အောင်ခြောက်နေတာထင်တာ..."

စိုးပေ တစ်စုံတစ်ခုကိုစဥ်းစားမိ၍ပြောလိုက်လေတော့
အပေါင်းအဖော်များကလည်း...

"ဟုတ်ပါ့မလားကွာ..."

"မဟုတ်ဘဲနေမလား...မင်းတို့ဒီမှာနေ...ငါသွားကြည့်မယ်"

စိုးပေသည် စိတ်မြန်၏။
ချက်ချင်းပင်ဖယောင်းတိုင်လေးကိုင်ရင်းအခန်းဝသို့
ရောက်လာခဲ့သည်။
အပေါင်းအဖော်များကတော့ စိုးပေကိုစိုးရိမ်တကြီးကြည့်နေကြသည်။

"ဟိတ်...ဒီမှာ...."

ဟု...ပြောရင်းကျောပေးထားသော အမျိုးသမီးကိုဆွဲကာလှည့်လိုက်လေတော့...

"အမယ်လေး....မျက်နှာလည်းမပါဘူးးးးးး"

"အားးးးးးးးးးးးးးးး...သရဲ...သရဲ..."

"သ...သရဲ......."

"အောင်မယ်လေးဗျ....."

စိုးပေဆွဲလှည့်လိုက်သောအမျိုးသမီး၏မျက်နှာကြီးသည်
ပါးစပ်ပေါက်မရှိ၊မျက်လုံးမရှိ၊နှာခေါင်းမရှိ...
ပြောင်ချောချောမျက်နှာပြင်ကြီးဖြစ်၍နေသောအခါ
စိုးပေတစ်ယောက်အော်ဟစ်ရင်းနေရာ၌လဲကျသွားတော့သည်။
ကျန်သောအပေါင်းအဖော်များမှာလည်း
ကြောက်လန့်တကြားဖြင့် အမျိုးသမီးကိုကျော်ဖြတ်ကာ
ရောက်တတ်ရာရာထွက်ပြေးကြတော့လေသည်။
ထိုနည်းတူ အပေါ်ထက်သို့တက်သွားသော
ကျော်နိုင်တို့အုပ်စုမှာလည်း အော်ဟစ်သံများဖြင့်အောက်ထက်သို့ပြေးလွှားဆင်းလာကြတော့၏။

************************
နောက်တစ်နေ့နံနက်၌ စံအိမ်အဟောင်းကြီးထဲ၌ စိုးပေ၏
အလောင်းကိုတွေ့ရှိခဲ့ကြပြီး...ကျော်နိုင်တို့လူစုသည်က
အိမ်၌ ဆေးဆရာများကိုရှာဖွေကုသနေကြရတော့သည်။
စံအိမ်ကြီး၌သေနေသော စိုးပေ၏အလောင်းကိုတော့
ရွာလူကြီးများဦးဆောင်၍နေ့ချင်းသဂြိုလ်ပစ်ရ၏။

"ဒီကလေးတွေအေ...မစမ်းသင့်မစမ်းအပ်တာကိုများ
စမ်းရတယ်လို့..."

"ဟုတ်ပါ့အေ...ဒီ​လောက်သရဲအခြောက်ကြမ်းပါတယ်ဆိုတဲ့
နေရာကိုမှဒင်းတို့သွားရဲကြတာ အံ့ပါရဲ့အေ"

"ဒါထက် သရဲမက တော်တော်အငြိုးကြီးနေတဲ့ပုံပဲနော်..."

"အငြိုးကြီးမှာပေါ့အေ့...သူက ခံရတဲ့သူကို..."

"အင်း......."

ရွာသူတို့၏စကားဝိုင်းသည် ကုန်းထိပ်က
စံအိမ်ကြီးအကြောင်းများဖြင့်သာ ပြီးဆုံးခဲ့လေသည်။
စိုးပေတစ်ယောက်ကတော့ ထိုအိမ်ကြီးအတွင်း၌သာ
သေဆုံးသွားခဲ့ရှာ၏။

*************************

"ဟ...ဒီလိုဆိုရင် ကိုစိုးမောင်တို့ရွာကလူတွေအဲ့အိမ်ကြီး
နားသွားတောင်မသွားဝံ့လောက်တော့ဘူးပေါ့"

"ဟုတ်ပါ့မောင်တိုးရာ...ညဘက်အရေးတကြီးသွားစရာများ
ရှိခဲ့ကြရင်တောင် အဝေးကနေပတ်သွားကြတာဟေ့...
သရဲမကအတော်အခြောက်ကြမ်းတာကွ"

မောင်တိုးတစ်ယောက်သူ၏အစ်ကိုဝမ်းကွဲတော်စပ်သူ
ကိုစိုးမောင်နှင့်စကားလက်ဆုံကျနေခဲ့၏။
ကိုစိုးမောင်မှာ သောင်ထွန်းရွာသားဖြစ်သော်ငြား
မြောက်ဦးရွာသူနှင့်ညား၍မြောက်ဦးရွာတွင်သာအခြေချနေထိုင်ခဲ့သူဖြစ်သည်။
ယခုတော့သောင်ထွန်းရွာသို့အလည်အပတ်ရောက်လာခဲ့ပြီး
မောင်တိုးကိုစံအိမ်ကြီးအကြောင်းများပြောပြနေခဲ့၏။

"မင်းက...ဘွားမယ်စိန်နောက်လိုက်နေတာဆိုကွ..."

"ဟုတ်ပါ့ဗျာ...အမေနဲ့လယ်တောလိုက်ဆင်းလိုက်...
ဟော...အားတဲ့အချိန်လေး ဘွားနဲ့ခရီးလိုက်ကူလိုက်နဲ့ပါပဲ"

"အေး...ကောင်းတယ်ကွ...ဒါကြောင့်စံအိမ်ကြီး
အကြောင်းငါမင်းကိုပြောပြတာပေါ့..."

"ဘာဆိုင်လို့တုန်းဗျ..."

မောင်တိုးသည် ကိုစိုးမောင်စကားကိုနားမလည်သလိုဖြင့်
ပြန်မေးလေတော့...

"ဒီလိုလေကွာ...မောင်တိုးရ...
မင်းကဘွားမယ်စိန်နောက်လိုက်တော့
သူ့လိုပညာတွေတော့တတ်သင့်သလောက်တတ်မှာပေါ့...
ဒါကြောင့် အဲ့စံအိမ်ကြီးမှာရှိတဲ့သရဲမကို
မင်းကိုနှိမ်နင်းခိုင်းမလို့ပေါ့ကွာ..."

"ဟာဗျာ...ကိုစိုးမောင်ကလည်း ကျုပ်ကဘွားနဲ့သာလိုက်တာ...
ဘွားလိုပညာရှိတာမှမဟုတ်တာ..."

"ဟေ.........အဲ့သည်လိုလား..."

"ဟုတ်ပါ့ဗျာ...ကျုပ်ကဘွားကုသတာတွေကိုသာ
မြင်ဖူးတာ...ကျုပ်ဖြင့်ကုတတ်ပေါင်ဗျာ"

"အေးပါကွာ...အေးပါ...ငါကိုယ်ကမင်းကို
အဖြစ်ရှိမလားလို့.ထင်မိလိုက်တာပါ"

ကိုစိုးမောင်၏စကားကိုမောင်တိုးစိတ်မဆိုးဘဲသဘောကျကာရယ်မောနေတော့သည်။
ကိုစိုးမောင်ကလည်းပြုံးနေ၏။

"ဒါနဲ့...ကိုစိုးမောင်ကသရဲမကိုဘာလို့နှိမ်နင်းချင်နေတာလဲဗျ"

"ဟ...ဘာကမှာလဲ...ဒီသရဲမကသူ့စံအိမ်ထဲကနေအရိပ်ပြလိုက်
အယောင်ပြလိုက်ဆိုတော့ ညဘက်ကျ တို့တွေ
သွားလာရခက်တာပေါ့ကွာ...။
ငါကဖဲသမားဆိုတာမင်းလည်းအသိ...
ညဘက်တဖက်ရွာကဖဲဝိုင်းကောင်းရင်
ငါ့မှာသွားချင်တာယားလို့ဟေ့...
ဒီမသာမကခြောက်နေတော့ငါ့မှာမသွားရဲဘူးလေ"

ကိုစိုးမောင်၏အဖြစ်ကိုသိရလေတော့မောင်တိုးတစ်​ယောက်
ရယ်မောပြန်သည်။

"အေးပေါ့ကွာ...မင်းမှမကြုံရတာ ရယ်ပေါ့မောင်တိုးရာ"

ဟု ကိုစိုးမောင်ပြောလေတော့...

"အဲ့သည်သဘောမဟုတ်ပါဘူးဗျာ...
ကဲ...ဟုတ်ပြီကိုစိုးမောင်...ဒီလိုလုပ်ဗျာ...
အခုကျုပ်နဲ့ခင်ဗျားဘွားအိမ်ကိုသွားကြမယ်...
ဘွားဆီရောက်ရင်ခင်ဗျားအကျိုးအကြောင်းပြောပြီး
အကူအညီတောင်းပေါ့ဗျာ...နော့ ဘယ်လိုလဲ"

"မင်းအဘွားက ကူညီပါ့မလား"

"အမယ်လေးဗျာ...ကျုပ်တို့ဘွားက ကူညီမှာပါဗျ...
ကိုစိုးမောင်ဘက်ကသာ ကျုပ်တို့လိုက်ရင်ဧည့်ဝတ်ကျေပေါ့"

"ဒါတော့စိတ်သာချကွာ...
ဧည့်ဝတ်ကျေတာထက်လွန်ကိုနေရမယ်ဟေ့..."

ကိုစိုးမောင်ကတော့တစ်ဖက်ရွာသို့ဖဲသွားရိုက်ရရေးအတွက်
စံအိမ်ကြီးမှသရဲမကိုနှိမ်နင်းပစ်ချင်နေသည်။
မောင်တိုးကလည်း ကိုစိုးမောင်ကိုဘွားမယ်စိန်၏နေအိမ်ဆီသို့
ခေါ်ဆောင်သွားတော့လေသည်။
မောင်တိုးသည် သူ၏အစ်ကိုတဝမ်းကွဲတော်စပ်သည့်
စိုးမောင်ကို ဘွားမယ်စိန်၏နေအိမ်သို့ခေါ်ဆောင်လာခဲ့
လေသည်။

"ဗျို့...အရီး ဘာတွေလုပ်နေတာတုန်းဗျ"

"ဟေ...ဒီမှာလေ တစ်နေ့ကကြောင်လျှာပွင့်လေးပေးတဲ့သူရှိလို့
နေပူပူမှာအခြောက်လှမ်းနေတာပါဟယ်...
အယ်...ဟဲ့...ဧည့်သည်လည်းပါလာတာပဲ
ကွပ်ပျစ်မှာဝင်ထိုင်ကြလေ..."

"ဧည့်သည်မဟုတ်ပါဘူးဗျ...
သေချာကြည့်ပါဦးအရီးကလည်း...
ကိုစိုးမောင်ကြီးပါဗျ အရီးရဲ့"

"ဟောတော်...စိုးမောင်ဟုတ်သားပဲ...
ဘယ်တုန်းကရောက်နေတာတုန်း"

"ရောက်တာတော့သုံးရက်လောက်ရှိပြီဗျ...
အခုမှပဲမောင်တိုးဆီလာရင်းကနေ
အရီးတို့အိမ်ကိုရောက်လာခဲ့တာ"

မောင်တိုးနဲ့စိုးမောင်က ကွပ်ပျစ်ခင်းပေါ်ဝင်ထိုင်နေကြ၏။
ဒေါ်ဝင်းကလည်း ကြောင်လျှာပွင့်များနေပူလှမ်းထားခဲ့ပြီး
ကွပ်ပျစ်အနီးရှိ ထန်းလက်ခုံတွင်ဝင်ကာထိုင်တော့သည်။

"ဒါနဲ့အရီး...ဘွားလည်းမတွေ့ပါလားဗျ...
ဘယ်များသွားတုန်း"

"မင်းအဘွားလား မနက်ကတည်းက ရွာလယ်ပိုင်း က
ဘွားကြည်နေထိုင်မကောင်းလို့သတင်းသွားမေးလေရဲ့လေ...
အခုထိပြန်မလာသေးတာ
စကားကောင်းနေကြတာနေမှာပေါ့ဟယ်..."

"သြော်...ကျုပ်တို့က နီးတာကိုအဝေးရောက်အောင်
လုပ်လိုက်တာပဲ..."

"ဘာလို့လဲဟဲ့"

"ဘာလို့ကမှာလဲဗျ...ဒီက ကိုစိုးမောင်က
ဘွားနဲ့တွေ့ချင်လို့ဆိုပြီး ကျုပ်ကိုလာပြောတာနဲ့ဒီကိုထွက်လာခဲ့ကြတာလေဗျာ.. ဒီလိုမှန်းသိရင်
ဘွားကြည်တို့အိမ်ဘက်ကလာခဲ့ပါတယ်"

"လာတော့မယ်ထင်ပါတယ်ဟယ်...
မလာရင်တော့နင့်ညီမ နန်းကြိုင်ကိုအခေါ်ခိုင်းပေးပါ့မယ်"

"အမယ်...အရီးသမီးက အိမ်မှာရှိလို့လား...
အစောက ရွာအလယ်က မန်ကျည်းပင်အောက်
ထွေပစ်နေတာကျုပ်တွေ့ခဲ့ပါ့"

မောင်တိုးကပြောလေတော့ ဒေါ်ဝင်းရယ်မောလိုက်ပြီး...

"အဲ့တာသာကြည့်တော့...အမေက ငါ့ကိုသာအိမ်ကပ်ဖို့ပြောနေတာ...သူတို့မြေးအဘွားဆိုရင် အခုကြည့်လေ...
ဘယ်မှာအိမ်ကပ်ကြသလဲ"

ဒေါ်ဝင်းစကားကြောင့် မောင်တိုးနဲ့စိုးမောင်တို့
ရယ်မောကြလေသည်။

"ကဲပါ...အကြမ်းရည်လေးသောက်...
ပန်းကန်လုံးထဲမှာ ထန်းလျက်လေးတွေရှိတယ်...
ယူစားကွဟဲ့"

"ဟုတ်ကဲ့အရီး"

ထိုသို့ဖြင့် မောင်တိုးနဲ့စိုးမောင်တို့သည်..
ထန်းလျက်လေးတစ်ကိုက် ကိုက်လိုက်
အကြမ်းရည်လေးသောက်လိုက်ဖြင့်
ဘွားမယ်စိန်ပြန်အလာကိုမျှော်နေကြတော့၏။
အတော်ကြာသည်အထိဘွားမယ်စိန်ပြန်မလာသေး။
စိုးမောင်သည်က ကွပ်ပျစ်ပေါ်၌ အိပ်ပျော်နေလေပြီ။
မောင်တိုးမှာက သရက်ပင်အောက်၌ ထင်းခွဲနေခဲ့ပြီး
ဒေါ်ဝင်းမှာတော့ ညနေစာအတွက် မီးဖိုချောင်ထဲဝင်ကာ
ချက်ပြုတ်နေတော့သည်။

"ဟဲ့...ကွပ်ပျစ်ပေါ်မှာ ဘယ်သူအိပ်နေတာတုန်း...
ဘုရားခန်းဘက်ခြေကြီးဆင်းလို့...တယ်...
ငါတွေ့ရာနဲ့ပစ်ပေါက်လိုက်ရ..."

ခြံဝိုင်းအတွင်းသို့ဝင်ဝင်ခြင်း ဘွားမယ်စိန်သည်
စိုးမောင်တစ်ယောက်ကွပ်ပျစ်ပေါ်၌အိပ်နေခြင်းကို
မြင်သွားတော့၏။
မောင်တိုးမှာလည်း သရက်ပင်အောက်မှထွက်လာခဲ့ပြီး
သူ၏ခါးပုံစဖြင့် မျက်နှာအထက်ရှိချွေးများကိုသုတ်လိုက်သည်။
ပြီးလေမှ...

"ကိုစိုးမောင်ပါဘွားရဲ့...ကျုပ်တို့တနေကုန်ဘွားကိုစောင့်နေကြတာ...ဘွားက တယ်လည်းကြာသကိုးဗျ..."

"သြော်...မောင်ရင်လည်းရောက်နေတာကိုး...
ဟုတ်ပါ့...ဘွားလည်း ဟိုမှာ မကြည်
နေမကောင်းတာမေးမြန်းရင်း အခြားသူတွေပါ
ရောက်လာကြတော့ပိုစကားကောင်းနေကြတာကွဲ့..."

"ဟုတ်ကဲ့ဘွား...ဗျို့...ကိုစိုးမောင်ထဗျ...
ခင်ဗျား မထရင်တော့ဘွားရဲ့တောင်ဝှေးစာကို
ခင်ဗျားမိတော့မယ်ဗျို့..."

ဟု...မောင်တိုးသည်စိုး​မောင်ကြားစေရန် နိုးတော့၏။
ထိုအခါမှစိုးမောင်တစ်ယောက် အင်း..အဲ...သံများပေး၍
နိုးလာခဲ့ရှာသည်။

"ဝါးး.....ဟင်...ဘွားပြန်ရောက်လာပြီလား"

ကိုစိုးမောင်သည် ဘွားမယ်စိန်ကိုလှမ်းကြည့်၍မေးလေတော့
ဘွားမယ်စိန်မှာခေါင်းလေးကိုညိတ်ရင်း ကွပ်ပျစ်ပေါ်သို့ဝင်ထိုင်တော့၏။

"ပြောကြစမ်းပါဦး...ကျုပ်အိမ်မှာအိပ်ပျော်တဲ့ထိ
စောင့်နေတာက ဘာအကြောင်းများရှိကြလို့လဲ"

ဘွားမယ်စိန်မေးတော့ စိုးမောင်သည် ရယ်သွမ်းသွမ်းဖြင့်...

"ဟီးးး....အဲ့လိုပဲဖြစ်သွားတယ်ဘွားရယ်...
ညတုန်းက ဖဲဝိုင်းမှာညနက်သွားတော့
ဘွားလာမှာကိုစောင့်ရင်း
စောင့်ရင်းကနေ အိပ်ပျော်သွားတော့တာပဲ"

မောင်တိုးကတော့ ခြေရေ၊လက်ရေဆေးကြောပြီးမှာကွပ်ပျစ်ဘေးရှိ ထန်းလက်ခုံတွင်ဝင်ထိုင်လေသည်။

"ကဲ...ကိုစိုးမောင်...ခင်ဗျားအကူအညီတောင်းမယ်ဆိုတဲ့ကိစ္စကို
ဘွားကိုပြောပြလိုက်တော့လေဗျာ...
မဟုတ်ရင်ကျုပ်ရဲ့ညစာလေးပါလွတ်သွားပါဦးမယ်ဗျ"

"အေးပါကွာ..."

"ဘာအကူအညီ​တောင်းမလို့လဲ မောင်စိုးမောင်"

"ဒီလိုပါဘွားရယ်...ကျုပ်မိန်းမရွာမှာ
သရဲအခြောက်ကြမ်းတဲ့စံအိမ်ကြီးတစ်လုံးရှိတယ်ဗျ...
တလောကမှ အဲ့သည် စံအိမ်ဟောင်းကြီးထဲမှာ
လူတစ်ယောက်သေထားသေးတာ...
ကျုပ်လည်းလူသေတဲ့အထိဖြစ်လာတော့
မကြည့်ရက်နိုင်တာနဲ့
ဘွားဆီလာအကူအညီတောင်းရတာပဲဗျ"

ဟု...စိုးမောင်ပြောလေသောအခါ မောင်တိုးသည်
စိုးမောင်ကို အမြင်ကပ်ဟန်ဖြင့်မျက်မှောင်ကျုံ့ပြလေတော့
စိုးမောင်မှာ သွားလေးစိပြီးတဖန်ပြုံးပြတော့သည်။

"အဲ့စံအိမ်အဟောင်းကဘယ်သူပိုင်တာလဲကွဲ့...
ဘာကြောင့်ဒီလိုကိစ္စတွေဖြစ်လာရတယ်ဆိုတာလည်း
ပြောဦးမှပေါ့"

ဘွားမယ်စိန်၏အမေးကြောင့် စိုးမောင်ခေါင်းကိုကုပ်ရင်း...

"ကျုပ်လည်းသိချင်တာနဲ့မေးကြည့်ပါသေးတယ်...
အဲ့သည်စံအိမ်ပိုင်ရှင်ကသူဌေးကြီးဦးမောင်အုပ်တဲ့ဗျ...
သိရသလောက်ကတော့ဘွားရယ်...
သူဌေးကြီးရဲ့ပထမဇနီးနာမည်ကမလှအုန်း...
အယ်နောက်မိန်းမနာမည်က မရွှေမာတဲ့..."

****************************

"ဆရာ...မမကြီးလိုက်လာတယ်..."

"ဘာကွ...ဒင်းက ဘာလို့ငါ့နောက်ကိုလိုက်နေရတာလဲ"

ဦးမောင်အုပ်စိတ်တိုနေသည်။
ဇနီးသည်ဖြစ်သူ မလှအုန်းသည် သူဌေးကြီးသွားလေရာနောက် တကောက်ကောက်လိုက်တတ်၏။
သူဌေးကြီးက ထိုသို့လိုက်တတ်ခြင်းကို မနှစ်သက်။
အပေါင်းအဖော်များနှင့်ပျော်ပါးတတ်သော သူဌေးကြီးကို
မလှအုန်းစိတ်မချခြင်းမှာလည်း မလွန်လွန်းလှပေ။

"ဒီမယ်...မလှအုန်း...ကျုပ်ဘယ်နေရာသွားသွား
ခင်ဗျားလိုက်လာစရာမလိုဘူး...
ဒါကြောင့် ခင်ဗျား ကျုပ်နဲ့ဝေးဝေးနေပေးစမ်းပါဗျာ"

မိဘများသဘောတူ၍လက်ထပ်ထားရသော
မလှအုန်းကို သူဌေးကြီးသည် သဘောမကျပေ။
မလှအုန်း လုပ်သမျှတိုင်းသည် သူဌေးကြီးမျက်လုံးအတွင်း၌
အလိုမကျမှုများသာဖြစ်နေရှာတော့၏။

"အစ်ကိုရယ်...အစ်ကိုက ကျုပ်ရဲ့ခင်ပွန်းပါ...
ဒါကြောင့် အစ်ကို့ ကိုစိတ်မချလို့
မလှအုန်းလိုက်လာရတာပါတော်"

မလှအုန်းသည် သူဌေးကြီးဦးမောင်အုပ်ကိုချစ်မြတ်နိုးရှာသည်။
ထိုသို့​ကြားမှ သူဌေးကြီးဦးမောင်အုပ်သည်
နောက်မိန်းမကောက်ယူပြီး မလှအုန်းနှင့်အတူနေထိုင်သော
စံအိမ်ကြီးမှ ထွက်ခွာသွားတော့၏။
လင်ယောကျာ်း၏အပစ်ပယ်ခံရသော မလှအုန်းခမြာ
ပတ်ဝန်းကျင်၏ ကဲ့ရဲ့မှုများကိုအလူးအလဲခံစားရင်းဖြင့်
စံအိမ်ကြီး၌သာ ဆုံးပါးသွားရှာသည်။

********************************

"အကြောင်းကတော့အဲ့သည်လိုပဲဘွား...
မလှအုန်းတစ်​ယောက်စံအိမ်ကြီးမှာဆုံးပါးသွားပြီးတဲ့
အချိန်ကျမှသူဌေးကြီးဦးမောင်အုပ်တို့ကလည်း
စံအိမ်ပေါ်ပြန်လာနေကြတယ်လေ...
အဲ့သည်မှာ..အမယ်လေး...သရဲအလွန်ခြောက်လွန်းလို့
ဆိုပြီးမနေနိုင်ဘဲပြန်ဆင်းလာခဲ့ကြရတယ်တဲ့ဗျာ..."

စိုးမောင်ပြောသမျှဘွားမယ်စိန်နားထောင်နေသည်။
စိုးမောင်ကပင် ဆက်၍....

"ခုချိန်...သူဌေးကြီးဦးမောင်အုပ်ကောသူ့ရဲ့
နောက်မိန်းမ မရွှေမာဆိုတာကော မရှိကြတော့ပါဘူး...
ဆုံးပါးသွားကြပါပြီ...ဒါပေမယ့်သူတို့ရဲ့သားတွေ၊သမီးတွေကတော့ရှိသေးတာပေါ့ဗျာ..."

"ဒီလိုဆိုမလှအုန်းနဲ့က ကလေးမရှိဘူးပေါ့"

"မရှိဘူးတဲ့ဗျ..."

"အင်း...အခုချိန်ထိ စံအိမ်ဟောင်းကြီးထဲမှာ
မလှအုန်းကကျန်နေခဲ့တာပေါ့လေ..."

"ဟုတ်ပါ့ဗျာ...မလှအုန်းပဲကျန်နေခဲ့ပြန်တယ်ဘွားရဲ့...
ကျုပ်တို့ရွာကလူတွေတော့ ညရောက်ရင်ဖြင့်
အဲ့စံအိမ်ကြီးရှေ့ကနေဖြတ်ကိုမသွားရဲကြတာဗျို့.....
ဒါကလည်းအဲ့သည်သရဲမက
စံအိမ်ပြတင်းပေါက်ကနေအသွင်အမျိုးမျိုး
ပြပြီးခြောက်လန့်နေတာကြောင့်ကိုးဗျ"

"ဟုတ်ပြီလေ...ဒီလိုဆိုရင်တော့
မောင်ရင်အဲ့ရွာကိုပြန်တဲ့ရက်ကျရင်ဘွားတို့လိုက်ခဲ့ပေးပါ့မယ်"

"ဟီး...ဝမ်းသာလိုက်တာဗျာ...ကျေးဇူးတင်ပါတယ်ဘွားရယ်"

စိုးမောင်တစ်ယောက်ဝမ်းသာနေသည်ကိုကြည့်၍
မောင်တိုးပြုံးနေခဲ့သည်။

"အမေရေ...ညနေစောင်းနေပြီ ထမင်းပွဲပြင်ထားပြီတော့်
မောင်တိုးတို့နှစ်​ယောက်နဲ့အမေနဲ့တစ်ခါထဲစားလိုက်ကြတော့...
ကျုပ်က သမီးကိုသွားခေါ်လိုက်ဦးမယ်"

ဒေါ်ဝင်းသည် မီးဖိုထဲမှထွက်လာရင်းပြောလိုက်လေတော့
မောင်တိုးက ပြာပြာသလဲ ဖြင့်...

"ကျုပ်တို့မစားတော့ပါဘူးအရီးရယ်...
အခုပဲပြန်ကြတော့မှာ"

"အမယ်လေး...တစ်ခါထဲစားသွားကြ
အရီးပြင်ထားပြီးပြီ..."

"အားနာစရာဗျာ..."

"ဟဲ့...စိုးမောင်ဘာအားနာစရာရှိသလဲ...
သွားလက်ဆေးပြီးစားကြ...
ထမင်းမဝရင်ထပ်ယူအရီးများများချက်ထားတယ်"

"ဟုတ်ကဲ့အရီး..."

"ခရမ်းချဥ်သီးငါးပ်ိချက်ရယ်...
အဝေရာရွက်နဲ့ရုံးပတီသီးပြုတ်ကိုအတို့လုပ်ပေးထားတယ်...
ဟင်းကတော့ မပါဘူးဟဲ့...
ကြက်ဥလေးကြက်သွန်နီနဲ့ခေါက်ကြော်ထားတာလေးနဲ့
ချဥ်ရွက်ဟင်းအရည်သောက်လေးပဲ..."

"အမယ်လေး...ဒါနဲ့တင်ကျုပ်တို့ကထမင်းမြိန်နေပါပြီဗျ..."

"ဟုတ်ပါ့ဗျာ..."

မောင်တိုးပြောသည်ကို စိုးမောင်ကထောက်ခံ၏။
ထိုသို့ဖြင့် မောင်တိုးနဲ့စိုးမောင်တို့သည် ဘွားမယ်စိန်နှင့်အတူ
ညစာစားပြီးမှသာ အိမ်ပြန်ကြတော့သည်။

နောက်တပတ်မျှကြာတော့ စိုးမောင်၏ရွာအပြန်လမ်း၌
ဘွားမယ်စိန်နဲ့မောင်တိုးလိုက်ပါလာကြ၏။
မောင်အုန်းကတော့ရွာ၌မရှိ၍
ဒီတစ်ခေါက်တွင်မလိုက်ပါနိုင်ရှာ။
အကြောင်းမှာက မောင်တိုး၏ချစ်သူနုယဥ်တို့အိမ်၌
နုယဥ်၏အစ်မဖြစ်သူအတွက်နှစ်လည်ဆွမ်းကပ်ဖို့ပြင်ဆင်နေလေရာ ကူညီနေရသောကြောင့်ပင်။

"ကိုကြီးအုန်းတို့များဗျာ...ယောက္ခမမျက်နှာလုပ်ဖို့
ဘွားနဲ့တောင်ခရီးမလိုက်နိုင်ရှာဘူး"

ဟု...မောင်တိုးက စနောက်ခဲ့သောအခါ...

"ဟာ...ငါကလိုက်ချင်တာပေါ့ကွာ...အခုကဒီဘက်မှာကလည်း
ငါပဲဦးဆောင်ရမှာမို့ပါမောင်တိုးရာ
မင်းကလည်းသိသိကြီးနဲ့ကို"

ဟု...မောင်အုန်းပြောရှာ၏။

ထိုသို့ဖြင့်ဘွားမယ်မှာလည်းမောင်တိုးဖြင့်သာ
စိုးမောင်၏မြောက်ဦးရွာသို့ရောက်ရှိလာခဲ့တော့သည်။
စိုးမောင်၏ဇနီးတင်မက ယောက္ခမများကပါ ဘွားမယ်စိန်ကို တရိုတသေ ဆက်ဆံကြ၏။

"ဘွား...ဒီမှာ ကျုပ်
လက်ဖက်ညွှန့်လေးနဲ့မြေပဲဆန်ကြော်လေးလုပ်ထားတာ
အကြမ်းရည်လေးနဲ့ဆိုအတော်လိုက်မှာပဲတော့်..."

"ဘွားကျုပ်တို့ရွာကိုလိုက်လာခဲ့တာကျုပ်တို့
အတော်ဝမ်းသာရပါတယ်တော်...
ကျုပ်သားမက်ပြောတာတွေကြားဖူးကတည်းက
ဘွားနဲ့တွေ့ချင်နေတာ...အခုမှပဲသေချာမြင်ဖူးရတယ်တော်..."

ဟု...စိုးမောင်၏ဇနီးနှင့်ယောက္ခမတို့မှာ ဘွားမယ်စိန်ကိုအားရဝမ်းသာစွာပြောကြသည်။
တစ်ရက်၊နှစ်ရက်မျှ စိုးမောင်၏အိမ်၌သာ နားနားနေနေ
နေခဲ့ကြပြီး...

"မောင်စိုးမောင်...ဘွားတို့မနက်ဖြန်ညကြရင်တော့
မောင်ရင်ပြောတဲ့စံအိမ်ကြီးဆီကိုသွားကြတာပေါ့ကွယ် "

"ဟာ...ဘွားကလည်းနားပါဦးလားဗျာ...
ဖြေးဖြေးပေါ့"

"ဟုတ်သားပဲဘွားရယ်...ကိုစိုးမောင်ပြောသလိုနားပါဦးလား"

ဟု...စိုးမောင်၏ဇနီးကထောက်ခံလေသည်။
သို့သော် ဘွားမယ်စိန်သည်...

"မဟုတ်ပါဘူးအေ...ဘွားလုပ်စရာရှိတာကိုအရင်လုပ်မှကို
ဖြစ်မှာပါ...မဟုတ်ရင်ဒီကြားထဲလူသေတာဘာညာထပ်ဖြစ်ရင်
ဘွားရဲ့အပြစ်မကင်းဘူးလေ...ဒါကြောင့် မောင်စိုးမောင်တို့က
ဘွားပြော​သလိုပဲ​လုပ်ပေးကြပါ"

ဘွားမယ်စိန်က လက်မခံ၍ စိုးမောင်တို့
ထပ်မတားဆီးရဲကြတော့။
မြောက်ဦးရွာသို့ရောက်လာကတည်းက
စံအိမ်ကြီးနှင့်ပတ်သတ်၍ ဘွားမယ်စိန်တို့ရောက်လာခဲ့ကြသည်ဟု...မည်သူ့ကိုမှဘွားမယ်စိန်မပြောခိုင်းခဲ့။
ထိုသတင်းသာကြီးသွားခဲ့လျှင် မလိုလားအပ်သော
အရာများ ဖြစ်ပေါ်လာမည်ဆိုးသောကြောင့်ပင်။
ယခုလည်း စိုးမောင်၏ဇနီးနှင့်ယောက္ခမ
များကသာသိကြပြီး ကျန်သူများကတော့
ဘွားမယ်စိန်တို့အားအလည်လာရောက်လာကြခြင်း
ဟုသာသိရှိထားကြလေသည်။

"မောင်တိုးရေ...မောင်ရင့်မှာလည်းနော်...
ရောက်ကတည်းကမြောက်ဦးသားတွေတရုန်းရုန်းနဲ့
ခြင်းခတ်လိုက်...ထန်းတောလိုက်သွားလိုက်နဲ့...
အိမ်လေးဘာလေးကပ်ပါဦးလားကွဲ့...
တို့များကဧည့်သည်တွေမဟုတ်လား"

စိုးမောင်တို့ကိုပြောအပြီးမောင်တိုးဘက်သို့လှည့်ကာပြောလေတော့ မောင်တိုးမှာ...

"အဲ့တာကဘွားရဲ့..ဒီလိုဗျ...ကျုပ်ကိုသူတို့ကခင်နေတော့
လာလာခေါ်နေကြတာ...ကျုပ်ကလည်းအားနာတတ်တာနဲ့
လိုက်သွားမိတာပါဗျာ"

"ဟုတ်တယ်ဘွား...ဒီကောင်ကြီးကိုတော်တော်ခင်ကြတာ
သူတို့တွေက ဒီကောင်ကြီးကလည်းအနေအေးပြီးဖော်ရွှေတော့
ချစ်ကြတာပေါ့ဗျာ...အဟဲ....ပြောရရင်ကျုပ်တို့မြောက်ဦးက
အပျိုတွေတောင်ဒီကောင့်ကိုပိုးချင်နေကြတာဗျို့...
ဒီကောင်ကသာ မလှုပ်တတ်တဲ့ကျောက်ရုပ်လုပ်နေတာ...
ကျုပ်ဖြင့်နေရာချင်းသာလဲလိုက်ချင်တယ်ဗျာ..."

ဟု...စိုးမောင်ကပြောလေတော့မောင်တိုးမှာရယ်နေခဲ့ပြီး
စိုးမောင်မှာတော့ဇနီးသည်၏မျက်စောင်းကိုရရှိတော့၏။
ဘွားမယ်စ်ိန်မှာလည်းသူ၏သားတပည့်ဖြစ်သော
အညာသားလူညိုချောကြီးမောင်တိုးကိုကြည့်၍
ပြုံးနေခဲ့သည်။

နောက်တစ်နေ့ညသန်းခေါင်အချိန်မရောက်ခင်
ဘွားမယ်စိန်တို့သည် မြောက်ဦးရွာထဲမှထွက်လာကြတော့သည်။
လူခြေတိတ်ချိန်ထွက်လာကြသည်မို့သူတို့အား
မည်သူမှမမြင်ခဲ့ကြ။
ဘွားမယ်စိန်နှင့်အတူ...မောင်တိုးနဲ့စိုးမောင်သာ
ပါရှိခဲ့၏။
မီးတုတ်တစ်ချောင်းအလင်းဖြင့်သာစံအိမ်ကြီးဆီသို့
ရောက်လာခဲ့ကြသည်။

စံအိမ်ကြီးဆီသို့ရောက်လာကြသောအခါ...

"မောင်ရင်တို့သတိနဲ့သွားလာကြကွဲ့...
အိမ်ကြီးကအိုဟောင်းနေပြီ..ကြမ်းခင်းတွေကိုသေချာကြည့်နင်းကြ...နောက်ပြီးတစ်ခုခုဆိုဘွားကိုလှမ်းခေါ်လိုက်နော်..."

ဘွားမယ်စိန်သည် တောင်ဝှေးကိုထောက်ရင်း
လက်တစ်ဖက်မှ ဖယောင်းတိုင်ကို ကိုင်ကာစံအိမ်ကြီးထဲသို့
ဟိုသည်ကြည့်ရှု့တော့၏။
မောင်တိုးနဲ့စိုးမောင်တို့မှာလည်း သရဲမကိုတွေ့လို့တွေ့ငြား
ဘွားမယ်စိန်နှင့်နေရာခွဲကာရှာကြလေသည်။
အုတ်များဖြင့်တည်ဆောက်ထားသော စံအိမ်ကြီးမှာ
အတွင်း၌ အပျက်အစီးနည်းလှ၏။
တည်ဆောက်သူကောင်းခြင်း​ကြောင့်
ယခုထက်ထိတိုင်တည်မြဲနေခြင်းဖြစ်ပုံရသည်။

"ဒုန်း.....ခလွမ်း......"

ဟုသော ဆူညံသံများကိုဘွားမယ်စိန်ကြားလေတော့
ခြေလှမ်းကိုရပ်၍နားစွင့်နေခဲ့သည်။

"အားးးးးးး.....အမယ်လေး.."

"ဘွားးး....လာပါဦး...ဒီမှာကိုစိုးမောင်ကို......"

ဟုသောအသံများထွက်ပေါ်လာသောအခါ ဘွားမယ်စ်ိန်
နောက်ကြောင်းကိုပြန်လှည့်၍ အသံကြားရာဆီသို့သွားသောအခါ စိုးမောင်တစ်​ယောက်လေပေါ်၌ ​မြှောက်တက်နေပြီး
လည်ပင်းကိုတစ်စုံတစ်​ယောက်မှ ညှစ်သတ်နေသည့်ပုံစံကိုမြင်ရတော့သည်။
မောင်တိုးမှာလည်းစိုးမောင်၏ခြေထောက်ကိုမရမက
ဆွဲကာချနေခဲ့၏။
ထိုမြင်ကွင်းကြောင့်...

"ဒုန်း...."

ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုဆောင့်ချလိုက်လေရာ
စိုးမောင်တစ်​​ယောက်ကြမ်းပြင်ပေါ်ပြုတ်ကျလာခဲ့တော့၏။
ကြမ်းပြင်ပေါ်ကျလာသော စိုးမောင်ကိုမောင်တိုးထူပေးရင်း
ဘေးဘီကိုအလန့်တကြားကြည့်နေရှာသည်။
ဘွားမယ်စိန်၏လက်အတွင်းရှိဖယောင်းတိုင်အလင်းဖြင့်သာ
ပတ်ဝန်းကျင်ကိုမြင်နိုင်ပြီး စိုးမောင်တို့၏မီးတုတ်မှာတော့ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိခဲ့တော့။

"ကဲ...ဒီသရဲမကို ဘွားကိုယ်တိုင်ပဲစီရင်တော့မယ်...
မောင်တိုး...စိုးမောင်ကိုခေါ်ပြီး ဘွားအနောက်မှာနေ..."

"ဟီးးး...ဟီးးးးးးဟီးးးးးဟီးးးးးးးးးးးးးးးးးးး"

ဘွားမယ်စိန်စကားမဆုံးခင်
တဟီးဟီးရယ်မောသံကြီးထွက်ပေါ်လာခဲ့သည်။
မောင်တိုးလည်း စိုးမောင်ကိုတွဲကူပြီး
ဘွားမယ်စိန်၏အနောက်၌နေကြတော့သည်။

"ဒုန်း...."

ဘွားမယ်စိန်၏တောင်ဝှေးကိုဆောင့်ချသံနှင့်အတူ...

"ငါမယ်စိန်...ဒီနေရာမှသောင်းကျန်းနေတဲ့ သရဲမ...
လှအုန်းကို ခေါ်တယ်...အခုချက်ချင်းအရောက်လာခဲ့စမ်း"

ဟု...ခေါ်လေတော့ ဘွားမယ်စိန်၏အမိန့်ကိုမလွန်ဆန်နိုင်သည့်အလား ဘွားမယ်စိန်၏အရှေ့မလှမ်းမကမ်း၌ ခေါင်းငိုက်စိုက်ချလျက် ထွက်ပေါ်လာတော့သည်။

"နင်က....လှအုန်းလား...."

ဟု...ဘွားမယ်စိန်မေးတော့ခေါင်းကြီးငိုက်စိုက်ဖြင့်
​ညိတ်ပြလေသည်။

"နင်ဘာကြောင့်အငြိုးတကြီးလူတွေကို
ခြောက်လန့်နေရတာလဲ...မယ်စိန်ကိုစမ်းသလားဟဲ့"

ဘွားမယ်စိန်စကားကြောင့်ခေါင်းငိုက်စိုက်ချလျက်ကနေ
ခေါင်းကြီးစောင်းကာကြည့်လေတော့ သူ၏ဆံပင်များဖုံးကွယ်ထားသော မျက်လုံးနီကြီးကိုမြင်ရတော့၏။
ထိုမျက်လုံးကြီးဖြင့် စိုက်ကြည့်နေလေတော့...

"နင်က ငါ့ကိုအခုထက်ထိရန်လိုနေတယ်ပေါ့...
ဟုတ်သလားဟဲ့...လှအုန်း...လာစမ်း...
နင်ငါ့ကို ရန်ပြုနိုင်ရင်ပြုစမ်း"

ဘွားမယ်စိန်စကားဆုံးလေတော့ သရဲမသည်
ဘွားမယ်စိန်ထံသို့အပြေးလာကာတိုက်ခိုက်လေသည်။
သို့သော ဘွားမယ်စိန်သည်
တောင်ဝှေးတစ်ချက်ဆောင့်ချလိုက်သောအခါ၌...

"ဒုန်း.......

"ဘုန်း...."

ဟုသောမြည်သံများနှင့်အတူ သရဲမသည်လွှင့်စင်သွားတော့၏။

လွှင့်စင်သွားသော သရဲမသည် အထိနာသွားပုံရသည်။
ထိုအချိန်တွင်ပင်...

"ဟဲ့...လှအုန်း...နင်ကဒီလောက်တောင်ရန်လိုနေမှတော့
နင့်ကို ငါက ပြန်ပြီးအပြစ်ပေးရမှာပေါ့ဟဲ့.....
အင်း....ဘုရား...တရား...သံဃာကိုမယ်စ်ိန်ဦးတိုက်ပါတယ်...
ဥုံ.........................................."

ဟုဆိုပြီးဂါထာများကိာရွှတ်ဆိုလေတော့ သရဲမလှအုန်းမခမျာ
ကြမ်းပြင်ပေါ်သို့ လူးလှိမ့်ကာဖြင့်...

"အမယ်လေးတော့..ပူတယ်....အမယ်လေး....
အမယ်လေးးးးကယ်ကြပါဦး...အမယ်လေး...တော်ပါတော့
ပူလှပါပြီ...အမယ်လေး..ကြောက်ပါပြီတော့်"

ဟုသောအသံများဖြင့်အော်ဟစ်နေသောအခါ
မောင်တိုးနှင့်စိုးမောင်တို့မှာ သရဲမလှအုန်းကိုစိတ်မကောင်းစွာကြည့်ကြလေသည်။
ဘွားမယ်စိန်လည်းမှတ်လောက်အောင်ထိဂါထာများရွတ်ဆိုပြီးသောအခါ၌..

"ဟဲ့...လှအုန်း...နင့်အပြစ်နင်သိပြီလား"

ဟု...မေးသောအခါ သရဲမလှအုန်းသည် အားယူကာထိုင်ရင်း...

"အဟငြ့...အဟငြ့....ဟီးးးဟီးးးဟီးးးးဟီးးးးးးးးး"

ဟု အော်ဟစ်ကာငိုယိုတော့သည်။
ငိုနေရင်းလည်း...

"မတရားဘူး...ကျုပ်အပေါ်မတရားဘူး...
ဟီးးးးဟီးးးးဟီးးးးဟီးးးးးးးးးးးးးးးးးးးးးးး"

ဟုပြောပြန်လေတော့...

"ဟဲ့...ဘာကိုမတရားတာတုန်း..."

"ကျုပ်ကျတော့အသေမကောင်းတဲ့အပြင်
ဒီအိမ်ကြီးထဲမှာပါအချုပ်ခံထားရတာ...
ဟီးးးဟီးးးးးဟီးးးဟီးးးးးးးးး
ကျုပ်သတ်ချင်တယ်...ကျုပ်သတ်ချင်တယ်........."

သရဲမလှအုန်းသည်ပြောနေရင်းနာနာကျည်းကျည်းဖြင့်
အော်ဟစ်လေသောအခါ၌ ဘွားမယ်စိန်တ်ို့လည်း
နားမလည်နိုင်ကြတော့။

"လှအုန်း...ညည်းကဘယ်လိုသေခဲ့ရတာလဲ...
နောက်ပြီး ညည်းကို​ဒီအိမ်ထဲမှာဘယ်သူက
ချုပ်ထားခဲ့တာလဲ"

ဟု...ဘွားမယ်စိန်မေးလေတော့...

"ကျုပ်လင်...မောင်အုပ်ပေါ့တော်...
ဒီစံအိမ်က ကျုပ်မိဘပိုင်တဲ့စံအိမ်လေ...
မိဘတွေနောက်ဆုံးဆန္ဒအရ ဒင်းနဲ့ကျုပ်ယူခဲ့ကြတာပေါ့...။
ဒင်းမိဘပိုင်တာအကုန်လုံးကလည်း
ဒင်းလောင်းကစားလုပ်လို့ဆုံးရှုံးကုန်ပေမယ့်
ကျုပ်ပိုင်တဲ့မိဘအမွေကြောင့်
ဒင်းအ​ခြေမပျက်နေနိုင်ခဲ့တာကိုအားမရဘဲ
နောက်မယားထပ်ယူ...
ကျုပ်ဆီကမိဘပိုင်ရွှေငွေတွေကို
အတင်းလာတောင်း...ကျုပ်ကမပေးတော့ကျုပ်ကိုဆေးခတ်သတ်ပြီးဒင်းတို့ကကျုပ်စံအိမ်ပေါ်ပြန်တက်လာကြတာလေ...
ဟင်း...ဟင်း....ဟင်း...ဘယ်ရမလဲ
ကျုပ်ကလည်းအသားကုန်သောင်းကျန်းလွှတ်လိုက်တော့...
ဒင်းကအောက်လမ်းဆရာနဲ့ပေါင်းပြီးကျုပ်ကိုဒီစံအိမ်မှာချုပ်ထားခဲ့တယ်လေ...
ကျုပ်လွှတ်တဲ့နေ့ရောက်လာခဲ့ရင်တော့...ဒင်းကို
ကျုပ်ကိုယ်တိုင်သတ်ရမှကိုကျေနပ်နိုင်မယ်..."

သရဲမ လှအုန်းပြောပြချက်များကြောင့်
ဘွားမယ်စိန်တို့တတွေလည်းဇာတ်ရည်လည်သွားကြတော့သည်။

"အင်း...ညည်းပြောတဲ့မောင်အုပ်ဆိုတာကဆုံးပါးသွားတာ
အတော်ကြာပြီမလှအုန်းရဲ့...အခုချိန်ညည်းလွှတ်ရင်တောင် ​
သူတို့ကိုလက်စားချေစရာမလိုတော့ပါဘူးအေ..."

ဘွားမယ်စိန်စကားကြောင့် သရဲမလှအုန်းခမျာ
ဆောက်တည်ရာမရရှာတော့။

"ကျုပ်...ဒင်းတို့ကိုသတ်ချင်သေးတာ...
ဒင်းတို့က....ဒင်းတို့က.........."

"အင်း...အခုဘွားလာတာက ညည်းကဒီစံအိမ်ထဲမှာသောင်းကျန်းပြီးလူတွေကိုသတ်နေလို့လာခဲ့ရတာ...
အခုမှညည်းဇာတ်လမ်းကိုသေချာသိရတယ်အေ...
ဘွားစ်ိတ်မကောင်းပါဘူး......."

"ကျုပ်မသတ်ပါဘူး...
ကျုပ်စံအိမ်ထံကပစ္စည်းတွေလာတူးတယ်
ထင်လို့ခြောက်လွှတ်ယုံတင်ပါ...
တလောက ကောင်လေးကတော့အကြောက်လွန်သွားတာ
ထင်ပါရဲ့...ကျုပ်လည်းစိတ်မ​ကောင်းပါဘူးတော်"

ဟု..ငိုကြီးချက်မဖြင့်ပြောပြန်လေတော့မှ
ဘွားမယ်စိန်တို့လည်းအထင်မှားမိသည်များကို
သိရှိကြတော့၏။

"ကဲပါအေဖြစ်ပြီးမှတော့မတတ်နိုင်တော့ဘူးလေ...
အခုညည်းကိုမောင်အုပ်ကအောက်လမ်းဆရာနဲ့ပေါင်းပြီးဘယ်လိုချုပ်ထားတာလဲဆိုတာပြောစမ်းပါဦး...
အဲ့တာသာသိရင်....
ဘွားဘက်ကညည်းကိုကူညီပေးပါ့မယ်"

ဘွားမယ်စိန်စကားကြောင့်သရဲမ လှအုန်းသည်
ဝမ်းသာသွားပုံရ၏။
ဝမ်းသာအားရဟန်ဖြင့်...

"ဒီ...ဒီစံအိမ်အလည်ကတိုင်ကိုဖောက်ပြီး...
ကျုပ်ဆံပင်နဲ့အောက်လမ်းဆရာက
သူ့အတတ်နဲ့ပေါင်းပြီးချုပ်ထားတာ...
ကျုပ်ကို...ကျုပ်ကိုတကယ်ကူညီပေးမှာလားဟင်"

"သေချာတာပေါ့အေ...
ဘွားဘက်ကညည်းကိုကူညီပေးမှာပါ...
ကဲ...ဘယ်တိုင်မှာထားသလဲလိုက်ပြပေးဦး"

ဘွားမယ်စိန်ပြောတော့ သရဲမလှအုန်းသည် ရှေ့မှထွက်သွားတော့၏။
ထိုအခါဘွားမယ်စိန်တို့လည်းနောက်မှလိုက်လာကြည့်ကြတော့သည်။
သရဲမလှအုန်းညွှန်ပြသော တိုင်ကို
မောင်တိုးတို့ကိုမှတ်သားစေပြီးနောက်...

"ကဲ...မောင်တိုးရေ...တိုင်ကိုဖောက်ဖို့တစ်ခုခုရှာပါဦးကွဲ့"

ဟုခိုင်းလေတော့မောင်တိုးရှာဖို့ထအသွားတွင်...

"ချွမ်..."

ကြမ်းပြင်ပေါ်သို့တူရွှင်းတစ်ချောင်းကျလာခဲ့တော့၏။
ထိုသည်က မလှအုန်းလက်ချက်ပင်။
မောင်တိုးလည်းရှာစရာမလိုတော့၍ ထိုတူရွှင်းကိုယူ၍
သစ်လုံးတိုင်ကိုတူးဖောက်တော့၏။
သစ်လုံးတိုင်ကိုတူးစွပြီးအသေပြန်ပိတ်ထားသည်မို့
ယခင်မူလကထက်တော့ အပမ်းတကြီးမတူးဖော်ခဲ့ရ...။
ခဏမျှကြာလေတော့.သစ်လုံးတိုင်သည်အခေါင်းပေါက်ဖြစ်သွားပြီး ထိုအထဲမှအရုပ်တစ်ရုပ်ကိုရခဲ့၏။
ထိုအရုပ်သည် အဝတ်စများဖြင့်ပြုလုပ်ထားခြင်းဖြစ်ပြီး
အရုပ်၏ခေါင်း၌ကလူသားစင်စင်၏ဆံပင်များကို
အသုံးပြုထားခြင်းဖြစ်သည်။
ဘွားမယ်စိန်လည်းထိုအရုပ်ကိုတလှည့်....
သရဲမ လှအုန်းကိုတလှည့်ကြည့်ပြီး...

"ကဲ...မလှအုန်းရေ...ဘွားဒီအရုပ်ကို
မီးရှို့ဖျက်ဆီးပေးတော့မယ်...ငါ့သမီးလည်း...
ချုပ်နှောင်ထားသမျှကင်းလွှတ်ပါစေကွယ်..."

ဟုပြောရင်း ထိုနေရာ၌သာ အရုပ်ကိုမီးရှို့ပေးလေသည်။
အရုပ်တစ်ခုလုံးမီးလောင်ကျွမ်းနေသည်ကိုကြည့်နေရင်း
သရဲမ လှအုန်းသည်လည်း ဝမ်းနည်းမျက်ရည်များကျဆင်းနေခဲ့ရှာသည်။
အရုပ်တစ်ခုလုံးပြာကျသွားချိန်၌...

"အခုဆိုရင်ညည်းမှာဘယ်အချုပ်အနှောင်မှမရှိတော့ဘူး...
ဒီအတွက်ကြောင့်ညည်းလိုရာကိုသွားလို့ရပါပြီ
မလှအုန်း"

ဟု...ဘွားမယ်စိန်ကပြောသောအခါ.သရဲမ လှအုန်းသည်
ဘွားမယ်စိန်ကိုကန်တော့ရှာ၏။
​ကန်တော့အပြီး၌...

"ဘွားရယ်...ကျုပ်ကိုတစ်ခါလောက်
ထပ်ပြီးကူညီပေးပါဦးတော်"

"ဘာများလဲအေ့...ပြောပါဦး...."

"ကျုပ်သိမ်းဆည်းထားတဲ့ရတနာတွေကို
ကျုပ်အတွက်ရည်စူးပြီးကုသိုလ်ပြုပေးဖို့ကျုပ်ပေးချင်ပါတယ်...ကျုပ်ကိုကူညီပေးပါတော်..."

"အို..အဲ့တာများအေ...ဘွားကူညီပေးမှာပေါ့..."

ဘွားမယ်စိန်သဘောတူလေတော့မလှအုန်းပြုံးသွားရှာသည်။
ပြီးနောက် သူ၏လက်ဖဝါးကိုဖြန့်ချပြီး ကြမ်းပေါ်သို့ချပေးသည်က အနီရောင်ပတ္တမြားနှစ်လုံးဖြစ်နေခဲ့၏။

"တစ်လုံးက ကျုပ်အတွက်ကုသိုလ်ကောင်းမှုလုပ်ပေးဖို့ပါ...
နောက်တစ်လုံးကတော့ကျုပ်ဘွားကိုကျေးဇူးဆပ်တဲ့အနေနဲ့
ပေးပါရစေတော်..."

ဟုပြောလေသောအခါ ဘွားမယ်စိန်ခေါင်းကိုရမ်း၍....

"ညည်းဘက်ကဘွားကိုကန်တော့လိုက်တာနဲ့တင်
ဘွားကျေနပ်ပါပြီ...
ဒီထက်ပိုပြီးလည်းဘွားဘက်ကဘာမှလက်မခံပါရစေနဲ့...
အခုညည်းပေးတဲ့ပစ္စည်းတွေကိုလည်းမြိုင်တောရွာက
သူကြီးကိုအပ်ပြီးကုသိုလ်ကောင်းမှုလုပ်ပေးမှာမို့
ညည်းစိတ်ချပါအေ..."

ဘွားမယ်စိန်ပြောသည်ကို သရဲမလှအုန်းခေါင်းညိတ်လက်ခံရှာသည်။

ထိုသို့ဖြင့်ဘွားမယ်စိန်တို့သည် အာရုံတက်ချိန်ရောက်လေမှ
ပြန်လာဖြစ်ခဲ့၏။
ပြန်ရောက်သော်လည်း မျက်နှာသစ်ခဏမျှနားပြီးသည်နှင့်
မြိုင်တောရွာသူကြီးနှင့်သွားတွေ့ကြလေသည်။
မြိုင်တောရွာသူကြီးကိုအကျိုးအ​ကြောင်းပြောပြအပြီး၌
မလှအုန်းအတွက်ကုသိုလ်ပြုဖို့တိုင်ပင်ကြရပြန်သည်။
တိုင်ပင်ကြရင်းနောက်ဆုံး၌ မြိုင်တောရွာဘုန်းကြီးကျောင်း၌
စေတီလေးတဆူတည်ဆောက်ကြဖို့ဆုံးဖြတ်လိုက်ကြ၏။
ပတ္တမြားတစ်လုံးကိုအလှူအတွက်အသုံးပြုပြီး...
ကျန်တစ်လုံးကိုတော့ဌာပနာထားဖို့ဘွားမယ်စိန်ဆုံးဖြတ်ခဲ့၏။

ထိုသို့ဖြင့်ဘွားမယ်စိန်တို့၏သရဲမ
မလှအုန်းနှင့်ရင်ဆိုင်ခဲ့ပုံများ...
မလှအုန်း၏အဖြစ်များကိုတစ်ရွာလုံးသိရှိသွားကြတော့သည်။
မလှအုန်းအတွက်စိတ်မကောင်းကြသလို...
ဘွားမယ်စ်ိန်ကိုလည်းလေးစားအထင်ကြီးကြပြီး
စိုးမောင်တို့အိမ်၌ လူများတအုန်းအုန်းဖြစ်နေခဲ့တော့သည်။
ထိုလူများအားလုံးကိုဘွားမယ်စိန်က
မလှအုန်း၏အလှူ၌ကူညီခိုင်းလေတော့ အားလုံးဝမ်းသာအားရ
ကူညီကွ၏။
အလှူနေ့၌ မလှအုန်းနေသော
စံအိမ်ကြီးဆီသို့သွား၍
သာဓုခေါ်လာရောက်ဖို့ပင့်ဖိတ်ကြလေသည်။
မလှအုန်း၏ကုသိုလ်ပြု စေတီတည်ပွဲနှင့်
တစ်ရွာလုံးကိမီးခိုးတိတ်ထမင်းကျွေးမွေးသော
အလှူပေးပွဲကြီးသည်လည်းအောင်မြင်စွာပြီးဆုံးခဲ့၏။

စေတီ၏အရှေ့ ကဗ္ဗည်းမှတ်တမ်း၌...
"အလှူ့ဒါကာမကြီးမလှအုန်းကောင်းမှု" ဟု
စာလုံးများထွင်းထုကာ မှတ်တမ်းတင်ထားလေသည်။
ထိုအချိန်မှစ၍ မလှအုန်းခြောက်လှန့်သည်ဟုသော
အကြောင်းများမကြားရတော့ပေ။

ကိစ္စအဝဝပြီးဆုံးလေမှ ဘွားမယ်စိန်တို့သည်လည်း
သောင်ထွန်းရွာကိုပြန်လာခဲ့ကြတော့၏။

ပြီးပါပြီ။

ယဥ်မင်း(ကန့်ဘလူ)

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)