ဘွားမယ်စိန်နှင့် အော​က်လမ်းဂိုဏ်း

 "မောင်တိုးရေ...မောင်တိုး...

ခင်မြချစ်...ခင်မြချစ်ရေ...ဟယ်...
အိမ်မှာလည်းဘယ်သူမှမရှိပါလားဟဲ့..."

ဒေါ်ဝင်းတစ်ယောက် မောင်တိုးတို့အိမ်သို့ရောက်လာခဲ့သည်။အိမ်ရှေ့တွင်ရပ်၍အော်ခေါ်နေခဲ့ပြီး
ပြန်ဖြေသံပင်မကြားရ၍ အိမ်၌လူမရှိဘူးဆိုတာ
သိလိုက်ရသည်။

"အစ်မဝင်း...မောင်တိုးတို့လင်မယားကရွာသစ်ကို
သွားကြတယ်အရီးတာကတော့ ဥပုသ်ကျောင်း
သွားတယ်တော့်..."

"ဟုတ်လား...အေးပါအေ...
ဒါဆိုရင် ငါလည်းပြန်ဦးမှပါအေ..."

လက်ထဲ၌ယူလာခဲ့သော ဟင်းပန်းကန်လေးကို
ထားခဲ့လို့လည်းမဖြစ်၍ ပြန်ယူလာခဲ့ရတော့သည်။

"အရီး...ဒါကဘယ်ကိုသွားမလို့တုန်းဗျ..."

"အိမ်ပြန်မလို့ပါမောင်အုန်းရယ်...
ဒီမှာလေ မောင်တိုးတို့ဆီကိုဟင်းသွားပို့တာ
သူတို့လင်မယားကလည်းအိမ်မှာ မရှိဘူးဟဲ့...
ဒါနဲ့ နင့်ဆီကိုရော နန်းကြိုင်လာသွားပြီမဟုတ်လား"

"လာပါ့ဗျာ...အစောလေးကမှလာပို့သွားတာ
ဒုက္ခရှာလို့အရီးရယ်...မဟုတ်လည်း ကျုပ်တို့က
အရီးအိမ်မှာလာစားလို့ရပါတယ်ဗျာ..."

"တို့အိမ်မှာဝက်သားနဲ့ပုန်းရည်ကြီး ချက်တာက
ရှားတယ်ဟဲ့...အဲ့တာကြောင့် နင်တို့ကိုစားစေချင်လို့
လာပို့ပေးတာ..."

"ကျုပ်တော့ ဝက်သားချက်ကိုမြင်တာနဲ့
မနေနိုင်ဖြစ်ပြီးတစ်ခါထဲ စားခဲ့လိုက်ပြီဗျ...
ပုန်းရည်ကြီးနဲ့ချက်တာဆိုတော့
ဆိမ့်နေတာပဲဗျာ စားလို့ကောင်းချက်ပဲအရီးရဲ့..."

"ဒီအသံကြားရရင်ကို ချက်ကျွေးရတာ
မမောပါဘူးဟယ်....
ကဲ...ကဲ...အရီးလည်းပြန်ဦးမယ်"

"ကျုပ်လည်းလိုက်ခဲ့မယ်ဗျ...
ကျုပ်လည်းအရီးတို့အိမ်ကိုသွားမလို့ ထွက်လာခဲ့တာ"

"အေး...အေး...ဒါဖြင့်လည်းလာလေ
သွားကြတာပေါ့"

ဒေါ်ဝင်းနဲ့အတူ မောင်အုန်းကအိမ်သို့လိုက်လာခဲ့တော့သည်။

"ဟော...ပြန်လာပါပြီတော် ညည်းအမေ"

"ဘာဖြစ်လို့လဲအမေ"

ဘွားမယ်စိန်က နန်း​ကြိုင်ကိုပြောလေတော့ ဒေါ်ဝင်းက
ပြန်၍ မေးလေသည်။

"ဘာဖြစ်ရမှာလဲညည်းသမီးက ရွာထဲကို
သွားဆော့မလို့တဲ့လေ...အဲ့တာ ညည်းအမေပြန်လာမှပဲ
ပြောပြီးမှပဲသွားပါအေ လို့ပြောထားရလို့ပါမိဝင်းရယ်...
မောင်အုန်း ဝင်ထိုင်လေကွယ်..."

"ဟုတ်ကဲ့ဘွား...ဒါနဲ့ ရှင်ညိုလည်းမမြင်ပါလားဗျ..."

"မ​မြင်ဆိုရင်မောင်ရင့်နှမက မိဌေးအိမ်ကိုသွားတယ်...
ဒီကောင်မလေး မိဌေးမပျင်းရအောင်စကားသွားပြောနေပုံရတယ်"

"ဖြစ်နိုင်တယ်ဗျ...ရှင်ညိုက သိပ်သနားတတ်တာ
ဒါကြောင့်လည်း အရီးဌေးအိမ်ကို
မကြာခဏသွားနေပုံရတယ်"

"သနားဆိုကွယ်..မိဌေးကတစ်ယောက်ထဲနေရရှာတာလေမောင်နှမသားချင်းရှိပေမယ့်လို့ ဘယ်သူကမှ
သူ့ကိုအရေးမလုပ်ကြတာ..."

"ကျုပ်တော့ မကြိုက်လှပါဘူးဗျာ...
အရီးဌေးမောင်တွေ၊ညီမတွေများနေဆိတ်လိုက်ကြတာ"

"သူတို့နေဆိတ်တော့ မိဌေးအတွက်ကောင်းတာပေါ့...
အတူလာနေဟဲ့...သွားဟဲ့ လုပ်နေရင်လည်း
မိဌေးထဘီတောင်ကျန်မှာမဟုတ်ဘူး...မိဘ အမွေတောင် အကြွေးတောင်းသလို ရန်တွေ့တောင်းကြတာကွဲ့"

"အဲ့တာလည်းဟုတ်တာပဲဗျ...
ကျုပ်ကြုံဖူးလိုက်သေးတယ်...
အရီးဌေးတို့အမေဒေါ်ပြားကြီးမဆုံးခင်က
အမေအိုကြီး နေကောင်းလား...ပြုစုရမလား
တစ်ချက်မမေးဘဲ အမွေပဲ ခွဲခိုင်းနေကြတာ
မဟုတ်လား...အရီးဌေးခမျာ အမေကိုပြုစုရ...
မောင်နှမတွေကိုတောင်းပန်ရနဲ့ အတော်လေးသနားဖို့ကောင်းလှတယ်ဗျာ...."

"အေး...ဘွားလည်း အရင်ကတော့ မိဌေးလိုမျိုး
မောင်ရင်တို့အရီးကိုဒုက္ခရောက်မှာစိတ်ပူမိသေးတယ်...
ဘွားမရှိတဲ့နောက်တော့ မိဝင်းတစ်ယောက်
ဘယ်လိုများနေရှာမလဲဆိုတဲ့စိတ်နဲ့.သေရမှာတောင်
အသေမဖြောင့်ပါဘူးကွယ်...
အခုများကြတော့ မောင်ရင်တို့လည်းရှိတယ်
ရှင်ညိုနဲ့နန်းကြိုင်တို့ကလည်းအတူရှိတယ်ဆိုတော့
ဘွားစိတ်ချသွားပါပြီ..."

"ကျုပ်တို့တွေက အရီးကိုစောင့်ရှောက်ပေးမှာပါဘွားရဲ့
ပစ်မထားပါဘူးဗျာ...ဒါပေမယ့်လေးလေးမျိုးမြင့်တို့
လေးလေးအလတ်ကောင်တို့ကလည်း
အရီးကိုပစ်မထားလောက်ပါဘူးဗျာ..."

မောင်အုန်းစကားကို ဘွားမယ်စိန်က ခေါင်းခါသည်။

"ဘွားက ကိုယ့်သွေးသားတွေရဲ့အကြောင်းကိုသိတာပေါ့ကွယ်...ကိုယ်မွေးထားတဲ့ သွေးသားထက်ကိုပိုပြီးတော့တောင် ဘွားက မောင်ရင်တို့လေးယောက်ကို
ပိုယုံကြည်တယ်ကွဲ့"

ဘွားမယ်စိန်ရဲ့စကားကြောင့်
မောင်အုန်းလည်းခေါင်းညိတ်၍ လက်ခံလိုက်ရသည်။
ဒေါ်ဝင်းကတော့စကားဝင်မပြောသော်လည်း
အမေဖြစ်သူကိုကြည့်ပြီး မျက်ရည်များဝိုင်းနေခဲ့ရှာသည်။
ဘွားမယ်စိန်ရဲ့ စိတ်စေတနာကို ဒေါ်ဝင်းနားလည်ခဲ့ရပြီး
မိခင်ကြီးအပေါ်၌လည်း ပို၍သာ အချစ်များတိုးပွားလာခဲ့တော့သည်။

ညနေစောင်းအချိန်၌ မောင်တိုးတစ်ယောက်
ဘွားမယ်စိန်အိမ်သို့ရောက်လာခဲ့သည်။
အိမ်၌ ရှင်ညိုတို့နန်း​ကြိုင်တို့လည်းအတူ ရှိနေခဲ့၏။

"မောင်တိုး..ရွာသစ်က်ိုသွားတယ်ဆို...
အရီး နေ့ခင်းတုန်းက ဟင်းလာပို့သေးတယ်...
အစ်မတာကလည်း ဥပုသ် ရတယ်ဆိုလို့
အရီးပြန်ယူလာခဲ့လိုက်တာ..."

"ဟုတ်တယ်အရီး...အစကတော့ကျုပ်တို့လည်း
ရွာသစ်မှာပဲ အိပ်ကြမလို့ပါ...
ဒါပေမယ့် အကြောင်းတစ်ခုပေါ်လာလို့
ရွာကို ပြန်လာခဲ့ရတာဗျ"

"ဘာအကြောင်းများ​ပေါ်လာလို့လဲမောင်တိုးရဲ့..."

"အကြောင်းက ကျုပ်မိန်းမခင်မြချစ်ရဲ့
အစ်ကိုတစ်ဝမ်းကွဲ ကိုဘအေးကိစ္စဗျ..."

မောင်တိုးက ဒေါ်ဝင်းပြောသမျှကို ဖြေနေပေမယ့်
မျက်လုံးက ဘွားမယ်စိန်ကိုသာကြည့်နေခဲ့သည်။

"နောက်ပြီး ကျယ်ကျယ်ပြောလို့မကောင်းဘူးဘွားရဲ့...
သူတို့တွေကလူမသိချင်ကြဘူး...
အခုဖြစ်နေတာတောင် ဆေးဆရာနဲ့ တိုးတိုးတိတ်တိတ်
ကြိတ်ကုနေကြတာဗျ..."

"ဘယ်လိုကြောင့်များလဲကွဲ့...ဘာရောဂါဖြစ်လို့လဲ"

ဘွားမယ်စိန်ကကိုယ်တိုင်ပင်ဝင်မေးလာခဲ့သည်။
ရှင်ညိုနဲ့နန်းကြိုင်တို့ကလည်း စိတ်ဝင်တစား​ဖြင့်နံဘေး၌ထိုင်ကာမောင်တိုးပါးစပ်အဟကို စောင့်၍နား
ထောင်နေကြလေသည်။

"ဒီလိုဗျ...ကိုဘအေးက မြို့မကြာခဏတက်တဲ့သူ...
ပြောရရင်ဗျာ...ဒီလူက မိန်းမရှုပ်တယ်ဗျ....
မြို့ပေါ်ကအရပ်ပျက်မတွေဘာတွေ နဲ့ငြိစွန်းနေတယ်လို့လည်းကြားရတယ်"

"အရပ်ပျက်မဆိုတာ ဘာကိုပြောတာလဲ ကိုကြီးတိုးရဲ့"

နန်းကြိုင်က နားမလည်၍ဝင်မေးလေသည်။

"အရက်ပျက်မဆိုတာအခကြေးငွေယူပြီး
မကောင်းတာလုပ်စားတဲ့မိန်းကလေးတွေကိုပြောတာ
သမီးရဲ့...ကဲ...ကဲ မောင်ရင်ဆက်ပြောကွဲ့"

"ဘွားပြောတာဟုတ်တယ်နန်းကြိုင်..
သူက အဲ့သည်လိုပွေရှုပ်နေတာကို ရွာက သူ့မိန်းမ
မတင်ထွေးက သိတယ်ဗျ...ဒါပေမယ့်
သူကယောက်ျားကိုကြောက်ရရှာတယ်...
ကိုဘအေးဆိုတဲ့လူက လူယုတ်မာဗျ...
မိန်းမကိုခွေးလိုနွားလိုကိုရိုက်တာ...
သူရိုက်ရင်ဘယ်သူမှလည်းဝင်မဆွဲရဲကြဘူးတဲ့ဗျာ...
ကျုပ်ကို ကျုပ်မိန်းမခင်မြချစ်က သူ့အကြောင်းတွေ
ပြောပြတော့ ကျုပ်ဖြင့် ဒေါသထွက်လိုက်ရတာဘွားရယ်"

မောင်တိုးက ဘအေးကို သဘောမတွေ့ဟန်ဖြင့်
ပြောလေသည်။
ဘွားမယ်စိန်ကလည်း ဖြစ်သင့်သည်ဟု တွေးရင်း
ခေါင်းညိတ်၏။

"အဲ့တာနဲ့ အခုလည်းဒင်းက အခန်းထဲကကို
မထွက်နိုင်တော့ဘူးဗျ...
မစားနိုင်မသောက်နိုင်နဲ့ စကားလည်း
ကောင်းကောင်းမပြောနိုင်တော့ဘူး...
ကျုပ်အထင်တော့ မိန်းမကိစ္စရှုပ်လို့ရောဂါဝင်နေပုံရတယ်...သူ့မိဘတွေကလည်းအရှက်ရမှာစိုးလို့ဆိုပြီး ရွာကဆေးဆရာနဲ့ ကြိတ်ကုနေကြတာဗျ..."

"ဒါနဲ့ မောင်ရင်က ဘာလို့ရွာသစ်ကနေပြန်လာရတာလဲ
ဘအေးကိစ္စက ဘွားတို့နဲ့များသက်ဆိုင်နေလို့လား
ရောဂါဝင်နေတာဆိုရင်တော့ ဘွားတို့တွေ
ကုသပေးလို့မရနိုင်ဘူးလေကွယ်..."

"ကျုပ်ယောက္ခမကြီးက ဘွားတို့ကိုပင့်ခိုင်းလိုက်တာဗျ...
သူ့တူဖြစ်နေတာ ရောဂါမဟုတ်ဘဲ
ဘေးပယောဂလို့ထင်နေပုံရတယ်ဘွားရဲ့...
ကျုပ်လည်း မတတ်သာလို့လာခေါ်ရတာပါဗျာ...
ဖြစ်နိုင်ရင်အဲ့သည်လို လူမျိုးကို ကုကိုမပေးချင်တာပါ..."

မောင်တိုးရဲ့ စကားကြောင့် ဘွားမယ်စိန်ပြုံးလိုက်သည်။

"ကဲ... မောင်ရင့်ယောက္ခမကြီးက ပင့်ခိုင်းမှတော့
လိုက်ကြည့်ရတော့မှာပေါ့ကွယ်...
ခင်မြချစ်မျက်နှာကလည်း ရှိသေးတယ်မဟုတ်လား..."

ဘွားမယ်စိန်က ထိုမျှသာပြောပြီး ကွပ်ပျစ်မှဆင်း၍
အိမ်ပေါ်သို့တက်သွားတော့သည်။
အိမ်ပေါ်မှပြန်ဆင်းလာချိန်၌ သူ့ရဲ့နဂါးတောင်ဝှေးလေးက
လက်ထဲ၌ပါလာခဲ့သည်။

"သမီးရှင်ညို...လွယ်အိတ်သွားယူလေကွယ်"

ဟု...ပြောလေမှရှင်ညိုလည်း အိမ်ပေါ်သို့တက်၍
လွယ်အိတ်သွားယူရသည်။
ကျန်တဲ့အချိန်များဆို အိမ်ရှိသည့် ထဘီအဟောင်းလေးနဲ့
နေတတ်သောဘွားမယ်စိန်သည် လာရောက်ပင့်ဆောင်
သည့် ကိစ္စများနဲ့ ခရီးထွက်သည့်အခါများ၌
ယောဂီထဘီလေးနဲ့ ရင်ဖုံးအဖြူလေးကိုသာအမြဲ
ဝတ်ဆင်တတ်သည်။
ယခုလည်းယောဂီထဘီ၊ရင်ဖုံးအဖြူနဲ့အတူ နဂါးတောင်ဝှေးကို ထောက်၍ လမ်းလျှောက်နေသော
ဘွားမယ်စိန်ရဲ့အသွင်မှာ မြင်ရသူတိုင်းအတွက်
တည်ငြိမ်အေးချမ်းလှပြီးလေးစားဖွယ်ဖြစ်နေခဲ့တော့သည်။

"အဘွား...ကျုပ်လည်းပြင်ပြီးပြီ သွားကြမယ်"

"ဟော...ရှင်ညို နင်တောင်အဝတ်အစားတွေပြောင်းလို့ပါလားဟ"

ရှင်ညိုက ဘွားမယ်စိန်ကဲ့သို့ ယောဂီထဘီနဲ့ရင်ဖုံးအဖြူလေးကို ဝတ်ဆင်လာ၍ မောင်တိုးပင် အံ့သြနေခဲ့သည်။

"ကျုပ်အရင်တစ်ခေါက်မြို့တက်ကတည်းက
ဝယ်လာခဲ့တာ...အဘွားနဲ့အတူတူ ဝတ်ချင်လို့ပါ
ကိုကြီးတိုးရဲ့"

"အေးဟာ...ငါတို့ညီအစ်ကိုလည်း အဲ့သည်လိုလေးပဲ
ဝတ်ရတော့မယ်ထင်တယ်...နင့်ကြည့်ရတာ ဂုဏ်ကျက်သရေကိုရှိလို့ရှင်ညိုရယ်......."

မောင်တိုးစကားကြောင့် ရှင်ညိုပြုံးမိလေသည်။

"ကဲ...သွားကြတာပေါ့ကွယ်...
မိဝင်း တံခါးတွေကိုသေချာပိတ်နော်...
ဒီညတော့ အမေတို့က ရွာသစ်မှာပဲအိပ်ဖြစ်ချင်
အိပ်ဖြစ်ကြလိမ့်မယ်အေ့..."

"ဟုတ်ကဲ့အမေ ကျုပ်တို့သားအမိကိုစိတ်ချပါ..."

"အေး...အေး... အေး...ဒါဖြင့်သွားကြတာပေါ့"

"ကျုပ်မှာနွားလှည်းပါလာတယ်ဗျ...
ခြေလျင်မသွားရတော့ဘူးဘွားရဲ့"

မောင်တိုးက ယောက္ခမ​ဖြစ်သူ အရီးမြရဲ့နွားလှည်းကို
ယူလာခဲ့သည်။

"ရွာသစ်ကမဝေးလှ​ပါဘူးကွယ်
ခြေလျင်သွားလည်းရပါတယ်"

"ခြေလျင်သွားရင်အချိန်ကြာတာပေါ့ဘွားရဲ့...
အခုတောင် မိုးချုပ်တော့မယ်ဗျ..."

ဘွားမယ်စိန်တို့လည်းမောင်တိုးမောင်းတဲ့
နွားလှည်းပေါ်သို့တက်၍ရွာသစ်ကိုလာလိုက်ခဲ့ကြတော့သည်။

"ကျုပ်ယောက္ခမအိမ်ကိုပဲ ​မောင်းလိုက်တော့မယ်ဗျာ...
ပြီးတော့မှ ကိုဘအေးတို့အိမ်ကို သွားကြတာပေါ့"

မောင်တိုးက အရီးမြအိမ်၌ လှည်းကိုရပ်တော့
ခင်မြချစ်က ဆီးကြိုရှာသည်။

"မိန်းမ...အမေတို့ရော ဘယ်သွားကြလဲ"

"အမေကဖြင့် ကိုကြီးဘအေးတို့အိမ်ကို
သွားနှင့်နေပြီလေ...ကျုပ်ကိုတော့ ဘွားတို့ရောက်လာရင်
ခေါ်လာခဲ့ဖို့ မှာသွားပါတယ်တော်..."

"အေး...အေး..​အေး ဒါဖြင့်လည်း ဘွားတို့က်ို
ခေါ်သွားလိုက်တော့လေ...အစ်ကိုကတော့ နွားတွေ
လှည်းချွတ်ပြီးတာနဲ့လိုက်လာခဲ့လိုက်မယ်"

"ဟုတ်ကဲ့အစ်ကို...ဒါဆိုရင်
ကျုပ်တို့တွေ သွားနှင့်ကြတာပေါ့...."

ခင်မြချစ် က ဘွားမယ်စိန်တို့ကို ဘအေးရဲ့အိမ်ဆီသို့
ခေါ်သွားလေတော့သည်။

"ဟယ်...အမေကြီး ရွာရောက်နေတာလားတော့်...
မိုးတောင်ချုပ်တော့မယ် ဘယ်အချိန်ကတည်းက
ရောက်နေတာလဲ..."

လမ်း၌ အသိများက နှုတ်ဆက်လေတော့ဘွားမယ်စိန်က...

"အခုမှရောက်တာပါအေ...
မောင်တိုးပေါ့အေ့ သူ့မယားနဲ့စကားများထားပုံရတယ်...
အဲ့တာ လူကြီးတွေ အချင်းချင်းလာ
ညှိနှိုင်းရတာပေါ့အေ..."

"ဟောတော်...ဒီကောင်လေးက အေးရှာပါတယ်တော်...
ဟဲ့ ခင်မြချစ် ညည်းကဘာတွေများလုပ်ထားလို့
ရန်ဖြစ်ကြရတာလဲအေ့"

"အရီးမသိပါဘူးတော်...
ကဲ...ကဲ...ကျုပ်တို့သွားဦးမယ်တော်..."

ခင်မြချစ်ကလည်း ဘွားမယ်စိန်စကားအတိုင်း
အလိုက်သင့်လေးပြောရှာသည်။
ဘအေးရဲ့ကိစ္စကိုလူမသိစေချင်ကြသည်မို့
ယခုလိုအကြောင်းရှာပြောလိုက်ရခြင်းဆိုတာ ခင်မြချစ်နားလည်လေသည်။
ထိုသို့ဖြင့် ဘွားမယ်စိန်တို့တတွေ ဘအေးရဲ့အိမ်သို့
ရောက်လာခဲ့ကြသည်။
အိမ်အောက်ထပ်၌ အရီးမြနဲ့ ဘအေးမိဘများစကား
ထိုင်ပြောနေကြသည်။

"အမေကြီးတို့တောင်ရောက်လာပြီပဲ...
ထိုင်ကြပါဦးတော်...အလောတကြီးပင့်ခိုင်းရတာလဲ
အားနာပါတယ်အမေကြီးရယ်"

"ရပါတယ်မိမြရယ်...ဆိုစမ်းပါဦးအေ့...
ဘယ်နဲ့ဖြစ်ရတာလဲ"

"ဟောသည်ဘက်က ကျုပ်ရဲ့အစ်ကို
ဦးမြင့်ငွေလို့ခေါ်တယ်အမေကြီး...
ဒီဘက်ကတော့ ကျုပ်ရဲ့ယောင်းမ ဒေါ်ထားလို့
ခေါ်ပါတယ်...သူတို့တွေက
မောင်ဘအေးရဲ့မိဘတွေပေါ့အမေကြီးရယ်..."

အရီးမြက မိတ်ဆက်ပေးလေတော့ ဘွားမယ်စိန်က
ခေါင်းညိတ်၍ အသိအမှတ်ပြုလိုက်သည်။

"ကျုပ်တို့သားမောင်ဘအေးရဲ့ ဖြစ်ပုံကိုတော့
ပါးစပ်ကပြောရမှာတောင် ရှက်လှပါတယ်တော်...
အမေကြီးကိုယ်တိုင်သာဝင်ကြည့်လိုက်ပါတော့..."

ဒေါ်ထားက မျက်ရည်များရစ်ဝဲလျက်နှုတ်မှပြောနေခဲ့ပြီး
ယောက်ျားဖြစ်သူဦးမြင့်ငွေကတော့ သက်ပြင်းသာချ
နေခဲ့သည်။

"အမေကြီး ကျုပ်တို့အိမ်အပေါ်ထပ်ကိုသွားကြတာပေါ့"

အရီးမြကဦးဆောင်၍ ဘွားမယ်စိန်တို့ကိုခေါ်လာခဲ့သည်။
ဘအေးမိဘများကတော့ အောက်ထပ်၌သာ
ကျန်ရစ်ခဲ့ကြသည်။

"အစ်ကိုကြီးက သူ့သားကိုစိတ်ဆိုးနေတာအမေကြီးရဲ့...
ကောင်လေးကလည်း မိဘစကားနားမထောင်လှဘူး...
ကောင်းနေတဲ့အချိန်က သူ့သဘောသူဆောင်ပြီး
နေခဲ့တဲ့သူဆိုတော့ မိဘတွေ ပိုစိတ်ဆိုးတာပေါ့အမေကြီးရယ်..."

"အေးပေါ့အေ...ဘွားနားလည်ပါတယ်"

အရီးမြက အခြေအနေကိုပြောပြလေတော့ဘွားမယ်စိန်က
ခေါင်းကိုညိတ်ရင်းပြန်ပြောလေသည်။

"တင်ထွေး...တူမကြီး အရီးတို့ဝင်လာမယ်နော်..."

"ဟုတ်ကဲ့အရီးလေး..."

အခန်းထဲသို့ဘွားမယ်စိန်တို့ဝင်လာတော့ ကုတင်ဘေး၌
ထိုင်နေသော ဘအေးမိန်းမ မတင်ထွေးကို မြင်လိုက်ကြရသည်။မတင်ထွေးခမျာလည်းအပူသည်ရုပ်ကဲ့သို့မရွင်မလန်းဖြစ်နေခဲ့ရှာသည်။
ကုတင်အထက်တွင်တော့ ခွေခွေကလေးလှဲနေသော
ဘအေးကို ဘွားမယ်စိန်တို့တွေ့လိုက်ရသည်။

"လူကနဂိုပိန်တာလားအေ့...."

"မဟုတ်ပါဘူးဘွားရယ်...
ကိုကြီး ဘအေးက နဂိုက ခန္ဓာကိုယ်
ပြည့်ပြည့်ဖြိုးဖြိုးရှိပါတယ်..."

"ဒါဖြင့် အခုလိုဖြစ်တာရက်ကြာပြီလားခင်မြချစ်ရဲ့"

ဘွားမယ်စိန်က ခင်မြချစ်ကိုမေးတော့ ခင်မြချစ်က
မတင်ထွေးကိုကြည့်ရာ မတင်ထွေးက...

"အခုလိုဖြစ်တာတော့ သုံးရက်သာသာပဲရှိသေးပါတယ်
အမေကြီးရယ်"

ဟုပြောလေတော့ ဘွားမယ်စိန်မှာ ဘအေးကို
သေချာကြည့်လေတော့သည်။

"ဆေးဆရာပေးတဲ့ဆေးကလည်း မတိုးလှဘူးအမေကြီး...
ကျုပ်ကလည်းချက်ချင်းကြီးဖြစ်တယ်ဆိုတော့
မသင်္ကာလှတာနဲ့အမေကြီးကို ပင့်ရတာပါ...
ဘေးအတိုက်တွေဘာတွေများရှိနေသလားနော်
အမေကြီး"

အရီးမြက တူဖြစ်သူကိုကြည့်ရင်း ဘွားမယ်စိန်ကို
ပြောပြလေသည်။

"သမီးရှင်ညို...ဒီကိုလာပြီး စစ်ကြည့်စမ်းအေ...
မောင်ဘအေးမှာ အတိုက်အခိုက်များရှိနေသလား..."

ဘွားမယ်စိန်က ရှင်ညိုကို စစ်ဆေးခိုင်းလေတော့
ရှင်ညိုလည်း ကုတင်နံဘေးသို့သွား၍ ဘအေး၏ခေါင်းအထက်သို့ သူ့ရဲ့ညာလက်ဝါးကို တင်လိုက်လေသည်။
ရှင်ညိုရဲ့မျက်လုံးများကမှိတ်သွားတဲ့အချိန် အားလုံးရဲ့
အကြည့်များက ရှင်ညိုထံ၌သာရှိနေခဲ့သည်။
ခဏကြာတော့ရှင်ညိုရဲ့မျက်လုံးကပြန်ပွင့်လာခဲ့သည်။
ဘေးဘယ်ညာကိုလည်း သေချာကြည့်နေခဲ့၏။

"သမီး...ဘာထူးသလဲအေ"

ဘွားမယ်စိန်ကမေးတော့ ရှင်ညိုသည် တစ်စုံတစ်ခုကို
ထိတ်လန့်နေဟန်ဖြင့် ဘွားမယ်စိန်ကိုကြည့်၍...

"ဘွားဒီအခန်းထဲမှာ စံပယ်ပန်းရနံ့ရနေတယ်..."

ဟု...ပြောတော့ ဘွားမယ်စိန်ပင်နားမလည်နိုင်ဖြစ်နေသည်။

"ရှင်ညို...အစ်မတို့အိမ်မှာစံပယ်ပန်းပင်မရှိဘူးအေ့...
တခြားအိမ်ကများရနေသလား"

ဟု...မတင်ထွေးကဝင်ကာပြောရှာသည်။
ရှင်ညိုက ခေါင်းကိုခါရမ်းပြီး...

"ကျုပ်တစ်ခုခုကိုသိနေတယ်အစ်မ...
ဒီစံပယ်ပန်းနံ့ရနေတာ မရိုးရှင်းလှဘူး...
အဘွား ကျုပ်သိသလောက်တော့
ဒါအောက်လမ်းဂိုဏ်းကြီးတစ်ခုက စီရင်နေတာပဲ..."

"အောက်လမ်းဂိုဏ်းဟုတ်သလားရှင်ညို..."

"ဟုတ်တယ်အဘွား...
ဒီဂိုဏ်းအကြောင်း ကျုပ်သိသင့်သလောက်သိထားပါတယ်...ကျုပ်ရဲ့ဘဝဟောင်းဖြစ်တဲ့ မခင်အုံဘဝမှာ
ဘွားဘွားကြီးကိုယ်တိုင်ပြောပြဖူးပါတယ်...
ဒီဂိုဏ်းဟာ မိန်းမတွေကိုသတ်ပြီး ပညာအဆင့်မြှင့်တတ်ကြလို့ အထက်ဆရာတွေကိုယ်တိုင်ရှင်းလင်းထားရပါတယ်...ဂိုဏ်းဝင်တွေ မရှိတော့ဘူးလို့ ကျုပ်သိခဲ့ပေမယ့်
အခု ကျုပ်စစ်ဆေးရသလောက် ကတော့ ဒီဂိုဏ်းရဲ့အသွင်နဲ့တူ​နေတယ်အဘွား"

ရှင်ညိုပြောတာကို နားထောင်ရင်း ဘွားမယ်စိန်လည်း
ဘအေးကို စစ်ကြည့်တော့သည်။
ခင်မြချစ်တဲ့အရီးမြတို့သည်က ငြိမ်၍သာနားထောင်နေခဲဲ့ကြလေသည်။

ဘွားမယ်စိန်သည် မျက်လုံးဖွင့်လာပြီး အရီးမြကို
တစ်ချက်လှမ်းကြည့်ပြီး ခေါင်းခါပြ၏။

"အလွန်ရက်စက်တဲ့နည်းတွေကို သုံးထားတာပဲ
မိမြရဲ့...ဘွားတို့တွေသူ့ကို ကယ်နိုင်ဖို့တော့
လမ်းစမမြင်ရတော့ ဘူးအေ"

ဟူသော ဘွားမယ်စိန်စကားကြောင့် အရီးမြမှာ
မျက်ရည်များပေါက်ချနဲ့ကျလာခဲ့သည်။
မတင်ထွေးကတော့ အင့်ခနဲတစ်ချက်ရှိုက်ပြီး
အခန်းအပြင်သို့ထွက်သွားလေရာ ခင်မြချစ်ကလည်း
အနောက်မှအတူလိုက်သွားပေးလေသည်။
ကုတင်အထက်ရှိ ဘအေးသည်က ခွေခွေကလေးဖြင့်
အသက်ကို မျှင်းမျှင်းလေးသာ ရှုရှိုက်လို့နေရှာသည်။
ဘွားမယ်စိန်နဲ့အရီးမြတို့က အောက်ထပ်သို့ ပြန်ဆင်းသွားရာ ရှင်ညိုလည်း ဘအေးကို ကြည့်၍ သက်ပြင်းတစ်ချက်ချပြီးနောက် အောက်ထပ်သို့သာပြန်ဆင်းလာခဲ့တော့သည်။
မတင်ထွေးရဲ့ ငိူရှိုက်နေမှုကြောင့် ဘအေးမိဘများလည်း အခြေအနေကိုသိရှိနေကြပြီဖြစ်သည်။
ဒေါ်ထားမှာလည်းမအောင့်အီးနိုင်တော့၍ချွေးမဖြစ်သူ
မတင်ထွေးကို ဖက်၍ငိုနေခဲ့ရှာသည်။
ဦးမြင့်ငွေသည်က သက်ပြင်းကြီးချလိုက် အံကိုကြိတ်လိုက်ဖြင့်စိတ်မကောင်းဖြစ်နေခဲ့သည်။

ခဏကြာတော့ မောင်တိုးနဲ့ခင်မောင်ချစ်တို့လည်း
ရောက်လာကြသည်။
အခြေအနေကိုကြည့်ပြီးသူတို့တွေလည်း
နားလည်သွားကြသည်။

ဘွားမယ်စိန်ပြောသည့်အတိုင်း နောက်တစ်နေ့ နံနက်ရောက်တော့ ဘအေးတစ်ယောက်သေဆုံးသွားရှာသည်။
ဘအေးဆုံးလေပြီဆိုတဲ့သတင်းက ရွာသစ်ရွာထဲသို့
ပျံ့နှံ့သွားရာ မယုံကြည်၍ကိုယ်တိုင်လာကြည့်သူများက
များပြားနေခဲ့တော့သည်။
မောင်တိုးမှာသောင်ထွန်းရွာသို့ပင်ပြန်မလာနိုင်ဘဲ
အသုဘ၌ကူညီပေးနေခဲ့ရသည်။
ဘွားမယ်စိန် နှင့်ရှင်ညိုတို့ကိုတော့ ခင်မောင်ချစ်က
နွားလှည်းမောင်း၍သောင်ထွန်းရွာသ်ို့ ပြန်လိုက်ပို့ပေး၏။

"ဟော...မောင်တိုးတောင်အိမ်ရောက်နေတာပဲကွဲ့"

"ဟုတ်တယ်ဘွား...ရွာသစ်က အသုဘသတင်းကြားလို့
ဘွားတို့ကိုလာပြောတာပါ...ဘွားတ်ို့သွားတာ
ကျုပ်လည်းအခုမှသိတော့တယ်ဗျာ...."

"ဟုတ်တယ်ကွဲ့...မောင်တိုးပေါ့ ရေးကြီးသုတ်ပြာနဲ့
လာခေါ်တာနဲ့ဘွားတို့လည်းလိုက်သွားရတာ..."

"ကိုဘအေးက သနားတော့သနားစရာဗျ...
ဒီလူက လွှတ်ရိုးတဲ့လူ..."

မောင်အုန်းစကားကြောင့် ဘွားမယ်စိန်ပင် မျက်လုံးပြူးသွားသည်။

"နေပါဦးကွဲ့...မောင်တိုးပြောတော့ဘအေးက
မိန်းမရှုပ်တယ်ဆို...သူ့မိန်းမကိုလည်းမကြခဏ
ရိုက်နှက်တတ်တယ်ဆိုကွဲ့..."

"ဗျာ...မဟုတ်သေးပါဘူး...ကိုဘအေးက
လူရိုးလူအေးကြီးပါဘွားရဲ့"

"တစ်ခုခုတော့လွဲကုန်ကြပြီထင်တယ်အဘွား...
ကိုကြီးအုန်းကရော သူ့အကြောင်းကို
ဘယ်လိုများသိထားလို့လဲ"

ရှင်ညိုက ကြားဝင်၍ ပြောလေတော့ ဘွားမယ်စိန်ကမောင်အုန်းကိုကြည့်၍...

"မောင်ရင်သိထားတဲ့ မောင်ဘအေးအကြောင်း
ပြောစမ်းပါဦးကွဲ့"

"ကိုဘအေးက ရွာသစ်က ကျုပ်သူငယ်ချင်းနဲ့.အတော်လေးရင်းနှီးတယ်ဗျ...ဒီလူက ရိုးအေးလွန်းတော့
သူ့အပေါ် အနိုင်ကျင့်ချင်သူလူလည်ကျချင်သူကများတယ် ..အဲ့တာကြောင့် တော်ယုံဘယ်သူနဲ့မှ
စကားကြာကြာမပြောတတ်ဘူးတဲ့ဘွားရဲ့...
ကျုပ်သူငယ်ချင်း ငဝိုင်းကိုတော့ဖြင့်
သူဖြစ်ပျက်နေတာတွေ သူခံစားရတာတွေကို
ရင်ဖွင့်တဲ့အထိ ခင်ရှာတာ..."

"ငဝိုင်းဆိုတာ မျက်စိစွေစွေ အရပ်ပုပုနဲ့လူလားကိုကြီးအုန်း"

"အေးဟ...ငဝိုင်းကျတော့လူတွေက နှိမ်ချင်တယ်လေ
ငွေမရှိတာကော ခန္ဓာကိုယ် ချို့ယွင်းတာကောကြောင့်
ငဝိုင်းကနေ ငစွေလို့တောင်လူတွေက
ဝိုင်းစတတ်ကြသေးတာ...ဒီတော့လည်းဟာ
သူတို့အချင်းချင်ခင်ကြတာမဆန်းတော့ဘူးပေါ့
ရှင်ညိုရဲ့..."

မောင်အုန်းစကားကို ရှင်ညိုက ခေါင်းညိတ်၍ ထောက်ခံသည်။

"အေး အဲ့သည်လိုနဲ့ ကိုဘအေးမြို့တက်ပြီး
မကြာပါဘူးဟာ...အဲ့သည်မြို့ကမိန်းမတစ်ယောက်နဲ့
အိမ်ထောင်ကျလာတယ်လေ ...
အဲ့သည်မိန်းမကနင်တို့သိထားတဲ့ မတင်ထွေး​ပေါ့ဟာ...
ကိုဘအေးက ငဝိုင်းကိုတစ်ခါတလေပြောတတ်တယ်တဲ့...
အဲ့တာဘာလဲဆိုတော့ ဒီမိန်းမကိုတစ်ခါတလေကျ
သူဘာခိုင်းခိုင်းလုပ်ပေးချင်တဲ့အထိချစ်ခင်ပြီး...
တစ်ခါတလေဖြင့် မျက်နှာကြည့်ရတာနဲ့တင်
ချစ်စိတ်ဆိုတာလုံးဝကိုမရှိဘူးတဲ့လေ..."

"ဘာကြောင့် များလဲကိုကြီးအုန်းရဲ့"

"ငါလည်းသေချာမသိဘူးရှင်ညို...
သေချာတာကတော့ တခြားသူတွေပြောသလို
ကိုဘအေးက မိန်းမရှုပ်တယ်...
မိန်းမကိုအနိုင်ကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူးဟာ...
ဘယ်ကနေဘယ်လို ဒီလိုမျိုးတွေပြောကြသလဲတော့
ငါလည်းမသိပါဘူးရှင်ညိုရာ..."

ဘွားမယ်စိန်နဲ့ရှင်ညိုတို့ နှုတ်ဆိတ်သွားခဲ့သည်။

"အမေနဲ့ရှင်ညို ဘာများဖြစ်လို့လဲတော်...
ဒီလောက်ထိငြိမ်နေရအောင် အမေတို့ဘာစိတ်ပူစရာများ
ရှိနေကြလို့လဲ"

ဒေါ်ဝင်းကမေးလေတော့မှ ဘွားမယ်စိန်နှင့်ရှင်ညိုတို့
တစ်ယောက်မျက်နှာတစ်ယောက်လှမ်းကြည့်ကြတော့သည်။

"အဘွား...ဒါဆိုရင် မတင်ထွေးက အောက်လမ်းဂိုဏ်းနဲ့.ပတ်သတ်နေသူထင်တယ်..."

ရှင်ညိုစကားကို ဘွားမယ်စိန်ခေါင်းညိတ်သည်။

"ကျုပ်တို့ဘာဆက်လုပ်ကြမလဲအဘွား...
ဒီအမှန်တရားကြီးကိုကျုပ်တို့ပဲသိထားကြတာ...
အရီးမြတို့တောင် မသိသေးတဲ့ကိစ္စပဲအဘွား"

"ဘွားတို့ပဲသိထားတာဆိုရင် ဒီကိစ္စကို
အားလုံးသိအောင် ဖော်ထုတ်ရမှာပေါ့သမီးရယ်..."

"ဒါပေမယ့် မတင်ထွေးတို့ဂိုဏ်းအကြောင်း
ကျုပ်တ်ို့သေချာမှမသိသေးတာဘွားရယ်..."

"မသိရင်လည်းသိအောင်လုပ်ကြရမှာပဲသမီး...
မောင်ဘအေးရဲ့ သေဆုံးမှုက အလကားအဖြစ်ခံလို့မရဘူးလေ...မောင်ဘအေးအတွက် ဒင်းတို့ကို
ပြန်ခံစားရအောင်ဘွားတို့လုပ်ပေးရမယ်...
သူ့ခမျာသေသွားတာတောင်မိဘတွေရဲ့အထင်မြင်လွဲမှုကိုခံထားရရှာတာအေ့..."

ဘွားမယ်စိန်က ဘအေးကို သနားနေသည်။
ရှင်ညိုလည်း ဘအေးအတွက်စိတ်မကောင်းဖြစ်မိ၏။
သို့သော် သူမသိထားသော အောက်လမ်းဂိုဏ်းသည်
အန္တရာယ်များသော ဂိုဏ်းဖြစ်သည်။

"ကျုပ်တ်ို့တွေ ဒီကိစ္စမှာဝင်ပါခဲ့ရင် ကျုပ်တို့လည်း
အန္တရာယ်ကင်းနိုင်မှာမဟုတ်ဘူးအဘွား..."

"ဘွားသိပါတယ်...ဘွားရဲ့ဆရာသခင်ကိုလည်း
ဘွားအကူအညီတောင်းမှာပါသမီး...
ဘွားရဲ့နယ်ကိုဝင်ပြီး လုပ်ရဲတာတော့
တော်ယုံတန်ယုံဂိုဏ်းမ​ဖြစ်နိုင်ဘူးဆိုတာလည်း
ဘွားသိပါတယ်...ဒါပေမယ့် ဘွားခွင့်မလွှတ်နိုင်ဘူးသမီး...
အထက်ဆရာတွေ ရှင်းလင်းခဲ့သလို အပြတ်ရှင်းပစ်ရတော့မှာပဲအေ..."

ဘွားမယ်စိန်ရဲ့စကားကို ရှင်ညိုကခေါင်းညိတ်ထောက်ခံသည်။
မောင်တိုး၊ဒေါ်ဝင်းနဲ့နန်းကြိုင်တို့သည်က နံဘေး၌ထိုင်နားထောင်နေရင်းပင် ရှေ့ဆက်ဖြစ်လာမည်များကိုတွေးကြည့်ကာ စိတ်မောနေကြတော့သည်။

အသုဘပြီးလေတော့ မောင်တိုးကိုဘွားမယ်စိန်က
အိမ်သို့ခေါ်ပြီး မောင်အုန်းပြောပြသည်များကို
ပြောပြလိုက်တော့သည်။

"ဟာ...ဒီကိစ္စကတကယ်ကြီးလာဘွားရဲ့ ...
ကိုဘအေးသေတော့ ကျုပ်တို့မှာ မတင်ထွေးကိုသနားနေကြတာ...ဦးကြီးတို့ကလည်း သူ့သားရမယ့်အမွေတွေ
ချွေးမကိုပဲ ပေးမယ်လို့ ပြောနေကြတာဗျ...
ဒီလိုဆိုရင်တော့ကျုပ်ဖြင့် ဒီမိန်းမကိုအခုတောင်
သွားသတ်လိုက်ချင်တယ်ဗျာ...
တော်တော်ယုတ်မာတာပဲဗျ...ကျုပ်မိန်းမကဆို
အစ်ကိုသေတာဝမ်းမနည်းဘဲ ကျန်ခဲ့တဲ့မတင်ထွေးကို
အသနားပိုနေရှာတာ...လူကောင်းတွေကိုမှ
လုပ်ရက်လှတယ်ဗျာ..."

မောင်တိုးက ပြောရင်း ဒေါသများထွက်နေခဲ့သည်။

"စိတ်ကိုလျော့ထားဦးမောင်ရင်...
ဘွားတို့ဘက်က လုပ်စရာတွေလည်းရှိသေးတယ်...
ဒီကောင်မ တင်ထွေးရဲ့ ရုပ်လုံးအမှန်ကိုလည်းရအောင် ဖော်ထုတ်ကြရမယ်...အဲ့တာနဲ့လည်းမပြီးသေးဘူးကွဲ့...
ဒီကောင်မရဲ့ နော​က်ကွယ်မှာရှိနေနိုင်တဲ့ ​ကြံရာပါတွေကိုလည်း ရှာရဦးမယ်...ဒီတော့ မောင်ရင်က သူ့ကိုစောင့်ကြည့်ထားမှဖြစ်မယ်..."

"ဒီအတွက်တော့စိတ်ချပါဘွား...
အခုတောင် ကျုပ်မိန်းမက သူနဲ့အတူတူနေ
ပေးနေတာ...ကျုပ်မိန်းမကိုအကျိုးအကြောင်းပြောပြီး
သူလုပ်သမျှကိုစောင့်ကြည့်ခိုင်းထားပါ့မယ်"

"အေးကွယ်...ခင်မြချစ်ကိုလည်းသေချာပြောပြပေါ့...
အခုအချိန် သူ့ကိုဒေါသထွက်ပေါက်ကွဲမိရင်
ဘွားတို့အစီအစဥ်ပျက်သွားနိုင်တယ်....
နောက်ပြီး ဒီမိန်းမကလေးက ခြေရာဖျောက်ထွက်ပြေးသွားရင် ဘွားတို့တွေဘယ်လိုမှဆက်လုပ်လို့ရမှာမဟုတ်ဘူးကွဲ့"

"ဟုတ်ကဲ့ပါဘွား...ကျုပ်သေချာပြောပြထားပါ့မယ်"

မောင်တိုးက ဘွားမယ်စိန်ပြောပြတာကို နားလည်သည်။
မိန်းမဖြစ်သူခင်မြချစ်ကိုလည်း သေချာပြောပြရှာ၏။
အစပိုင်း၌ခင်မြချစ်သည်အစ်ကိုဖြစ်သူဘအေးအတွက်
မတင်ထွေးကိုဒေါသထွက်နေပြီး အမုန်းကြီးမုန်းလေသည်။မောင်တိုးက ဘွားမယ်စိန်ပြောပြသည်များကို
ပြောပြပြီးချော့မော့လေမှ ခင်မြချစ်လက်ခံနားလည်
ပေးရှာသည်။

"စိတ်ချပါအစ်ကို...ကိုကြီးဘအေးအတွက်
အစ်ကိုတို့ဘွားတို့ရဲ့အစီအစဥ်အတိုင်းပဲ
ကျုပ်လုပ်ပါ့မယ်...
ဒီမိန်းမကိုကျုပ်စောင့်ကြည့်ပေးထားပါ့မယ်တော်"

ခင်မြချစ်စကားကြောင့် မောင်တိုးခေါင်းညိတ်၍
သက်ပြင်းချလေသည်။
ခင်မြချစ် ကလည်း ဟန်မပြတ် မတင်ထွေးအနားနေပေးခဲ့သည်။

"သမီး...မတင်ထွေး....ဒီအိမ်နဲ့ဒီခြံကိုရောင်းပြီး
အမေတို့နဲ့အတူလာနေပါအေ...
သမီးနောက်ယောက်ျားမယူခင်အထိ
အမေတို့စောင့်ရှောက်ပေးပါ့မယ်...
အမေတို့သားရဲ့အပြစ်ကြောင့် သမီးကို
အမေတို့သမီး​လေးလိုသဘောထားပါ့မယ်အေ"

ယောက္ခမဖြစ်သူဒေါ်ထားက အိမ်နဲ့ခြံကိုရောင်းပစ်ပြီး
သူတို့နဲ့အတူလာနေစေသည်။
မတင်ထွေးကလည်း သဘောတူ၏။
အိမ်နဲ့ခြံရောင်းလို့ရသောငွေများကို ဒေါ်ထားတို့က
မတင်ထွေးကိုသာပေးကြသည်။

"ဒါက အမေစုထားတဲ့ရွှေလေးတွေပဲသမီး...
သမီးက အမေတို့သမီးဖြစ်နေပြီဆိုတော့ သေချာ
ထိန်းသိမ်းပေးထားပေါ့သမီးရယ်..."

"ဟုတ်ကဲ့အမေ...ကျုပ်သိမ်းထားပါ့မယ်"

မတင်ထွေးကို သူတို့ပိုင်ဆိုင်သောရွှေများပင်
အပ်နှံထား၍ ခင်မြချစ်ပင် ပါးစပ်အဟောင်းသားဖြစ်နေခဲ့ရသည်။

"အစ်ကိုရေ...ကျုပ်ကြီးတော်က မတင်ထွေးဘာလုပ်လုပ်
အပြစ်ကိုမမြင်နိုင်ဖြစ်နေတာ...အခုတောင် သူတို့ပိုင်တဲ့
ရွှေတွေကို အပ်ထားသေးတာတော့်...
ကျုပ်တော့သူတို့အစားရင်မောမိတယ်တော်...
ကျုပ်ကြီးတော်က သူခိုးကိုမှ ဓားရိုးကမ်းနေတာလေ..."

"အစ်ကိုတော့ ဒီကိစ္စကို ဘွားတို့ကိုပြောပြမှဖြစ်တော့မယ်...ကြည့်ရတာ ကြီးတော်တို့က်ိုလည်း.ဒီမိန်းမချုပ်ကိုင်ထားပုံရတယ်...ကြာရင်တော့ဒက္ခရောက်ကုန်တော့မှာပဲ
ကွာ..."

"မြန်မြန်လေးသာသွားပြောစမ်းပါအစ်ကိုရယ်...
ကျုပ်ဖြင့်ကြည့်နေရတာကို ရင်တွေနာလို့ပါတော်".

ခင်မြချစ်ကမခံစားနိုင်၍ မျက်ရည်လေးတစမ်းစမ်းဖြင့်ပြောရှာတော့မောင်တိုးမှာ ဇနီးသည်အား အသနားပင်
ပိုနေရှာတော့သည်။

နောက်တစ်​နေ့နံနက်၌...

"ဘွားရေ ကိစ္စတွေကတော့ဒီလိုကိုဖြစ်နေပြီဗျ...
ကျုပ်တို့က ဒီတိုင်းပဲကြည့်နေရတော့မှာလား..."

"ကြည့်​နေလို့တဲ့ဘယ်ဖြစ်မလဲကွယ်...
ဘွားတို့က ကြောင်လက်သည်းအထုတ်ကို
စောင့်နေကြတာ...ဒီကောင်မ တစ်နည်းနည်းနဲ့တော့
လှုပ်ရှားလာမှာပါကွယ်..."

"ဟုတ်တယ်ကိုကြီးတိုး...
အခုဖြစ်နေတာတွေက မတင်ထွေးရဲ့လက်ချက်ပဲ...
အခုပဲကြည့်လေ အရီးထားတို့ကို ချုပ်ကိုင်ထားပြီး
သူမွှေချင်သလိုမွှေနေတာပဲ...
မွှေလို့ဝရင်တော့သူဒီနယ်ကတော့ ထွက်သွားမှာပဲ...
ကျုပ်တို့ဘက်ကတော့ သူမွှေလို့မဝခင်မှာရအောင်
ဖော်ထုတ်ရမှာပေါ့..."

"အေး...အဲ့တာကြောင့် ခင်မြချစ်ကို
ဆက်စောင့်ကြည့်ခိုင်းထားပြီးတစ်ခုခုထူးတာနဲ့
ဘွားတို့ကိုလာပြောပေးကွဲ့"

"ဟုတ်ကဲ့ဘွား...ကျုပ်ပြောထားလိုက်ပါ့မယ်"

ဘွားမယ်စိန်ပြောသည့်အတိုင်း ခင်မြချစ်ကို
ဆက်၍စောင့်ကြည့်ခိုင်းထားသည်။

တစ်ရက်မှာတော့ မောင်တိုးတစ်ယောက်
ဘွားမယ်စိန်အိမ်ကိုအလောတကြီး ပြေးဝင်လာခဲ့သည်။

"ကိုကြီးတိုး...ဘယ်သူဘာဖြစ်လို့လဲ"

ရှင်ညိုက မောင်တိုးရဲ့ပုံစံကြောင့် ပြာပြာသလဲပင်
မေးရှာသည်။မောင်တိုးက ခေါင်းနဲ့လက်ကိုရမ်းခါနေပြီး
လူကမောနေ၍စကားပင်မပြောနိုင်သေးပေ။

"သမီးရှင်ညို...ညည်းအစ်ကိုကို ရေတိုက်လိုက်စမ်းအေ့..."

"ဟုတ်ကဲ့အဘွား"

ရှင်ညိုလည်းဘွားမယ်စိန်ပြောမှ ရေတိုက်ဖို့
သတိရသွားသည်။
ရှင်ညိုတိုက်တဲ့ရေကိုသောက်ပြီး အမောပြောသွားတော့...

"ဘွား...ဟို...ဟို ကြောင်မ လက်သည်းထုတ်နေပြီဗျ..."

"ဘယ်လို...ကြောင်လက်သည်းထုတ်ပြီ"

အစမရှိ၊အဆုံးမရှိတဲ့မောင်တိုးစကားကြောင့်
ဘွားမယ်စိန်တို့နားရှုပ်သွားသည်။

"မတင်ထွေး...မတင်ထွေးကိုပြောတာဘွားရဲ့...
ဒီမိန်းမ မနက်ဖြန် မြို့တက်မယ်ကြားတယ်...
သူ့အဖေဆီသွားလည်မလို့တဲ့"

"သြော်...ဒါဖြင့် ဒီကောင်မက အစီအစဥ်စဆွဲ​နေပြီပေါ့...
မြို့တက်မှာဆိုတော့ အဖော်ပါသေးလား"

"ကျုပ်ယောက်ဖခင်မောင်ချစ်နဲ့
ကျုပ်မိန်းမ ခင်မြချစ်တို့ကအဖော်လိုက်ပေးမယ်ဆိုပြီး
အတင်းပြောထားလို့ ခေါ်သွားမယ့်ပုံရတယ်ဗျ...
အစက ရွာကလှည်းကြုံနဲ့ပဲ လိုက်သွားပါ့မယ်ချည်းပြောနေတာ... ကျုပ်ယောက္ခမကြီးဝင်ပြောမှပဲအဲ့မိန်းမ ဆက်မငြင်းနိုင်ဘဲငြိမ်သွားတာဗျ..."

"ဒီလိုဆိုရင်တော့ ဘွားတို့တွေသူတို့ထက်အရင်.မြို့တက်ထားမှတော်ကာကျမယ်...
သူတို့က ဘယ်အချ်ိန်သွားမှာလဲကွဲ့"

"မနက်ခင်းလောက်မှထွက်မယ်ပြောတယ်ဘွား"

"အေး...ဒါဖြင့် ဘွားတို့က အာရုံမတက်ခင်လောက်ကတည်းက သွားကြတာပေါ့...
ဒါမှသူတို့ထက်အရင်မြို့ကိုရောက်နေမှာ...."

"ကျုပ်မိန်းမကို ကျုပ်ဘယ်လိုပြောထားရမလဲဘွား"

"မြို့ပေါ်ဆုံမယ့်နေရာတစ်ခု ပြောထားပေးကွဲ့...
ဒါမှ အဲ့သည်ကောင်မနေတဲ့နေရာကိုဘွားတို့သိရမှာ"

"ဟုတ်ကဲ့ ဒီအတွက်စိတ်သာချထားဘွား...
ကျုပ်သေချာပြောထားပါ့မယ်"

"အေး...အေး....အေး...မောင်အုန်းက်ိုလည်းဘွားတို့မြို့တက်မယ့်အကြောင်းပြောထားလိုက်ဦးကွဲ့..."

"ဟုတ်ကဲ့ဘွား"

မောင်တိုးတစ်ယောက် ပြောစရာများပြောပြီးနောက်
ခပ်သုတ်သုတ်ဖြင့် ပြန်သွားတော့သည်။
ခင်မြချစ် ကိုလည်း ဘွားမယ်စိန်မှာထားသည်များကိုပြောရဦးမည်ဖြစ်၍ ရွာနှစ်ရွာကိုမမောနိုင်မပန်းနိုင်​ဖြင့်
ကူးလူးနေရရှာသည်။

မတင်ထွေးကမြို့တက်ဖို့ စီစဥ်နေသလို
ဘွားမယ်စိန်ကလည်းမတင်ထွေးထက်အရင်
မြို့ကိုကြိုရောက်ဖို့ စီစဥ်ထားလေသည်။
မတင်ထွေးရဲ့နောက်ကွယ်၌ရှိနေတဲ့အောက်လမ်း ဂိုဏ်း
ကိုဖော်ထုတ်ရှင်းလင်းနိုင်ဖို့အတွက်လည်း
ဘွားမယ်စိန်သည် ဆရာသခင်ဖြစ်သူကို အကူအညီတောင်းရတော့မည်ဖြစ်သည်။

ထိုသို့ဖြင့် အောက်လမ်းဂိုဏ်းရဲအစပိုင်းကို
ဤမျှနဲ့ရပ်နားထားပါရစေ...
ဆက်လက်၍ အောက်လမ်းဂိုဏ်းရဲအနွယ်တော်ဆိုတဲ့
ဇာတ်လမ်းလေးကို စောင့်မျှော်ပေးကြပါဦးရှင်...

ယဥ်မင်း(ကန့်ဘလူ) 

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)