လက်စားချေခြင်း


____________________ ကြည်အေး

(တာရာမဂ္ဂဇင်း၊ အတွဲ၂၊ အမှတ်၃၊ ဇူလိုင်၊ ၁၉၄၈)

---

မော်မော်သည် စိတ်ပျက်လက်ပျက်နှင့်သာ လိုက်ခဲ့လေသည်။ ပြပွဲကြီးမှာ လူတွေရော၊ ဆိုင်တွေပါ စည်လှပါသည်။ ဓာတ်မီးတွေ ပွင့်နေလိုက်ကြသည်မှာ မိုးပေါ်က ကြယ်တွေစုပြုံပြီး ဆင်းလာနားနေသလား အောက်မေ့ရပေသည်။ ပိုးဖဲ၊ စိန်ရွှေများ အရောင်ကြောင့် လူတိုင်း၏ ဟန်သည် လှပမော်ကြွားကာ နေပေသည်။ အားလုံး ကြည့်၍ ကောင်းလှသည်။ အို တထောင့်က ထိုင်ပြီး တမေ့တမောကြည့်နေဖို့သာ ကောင်းတော့သည်။

မော်မော်ကတော့ အားလုံးနှင့် ဆန့်ကျင်ကာ မကျေမနပ် ဖြစ်လေသည်။ မော်မော်သည် သွားစရာ လာစရာရှိလျှင် သူငယ်ချင်း အပေါင်းအဖော်များနှင့်သာ သွားလာမြဲ ဖြစ်ပေသည်။ မိဘများနှင့် သွားရသည်မှာ အင်မတန်ရှုပ်သည်။ နည်းနည်းမှ မလွတ်လပ်ပေ။ အရာရာမှာ သူတို့မျက်နှာ ထားတာကိုပဲ ကြည့်ကြည့်ပြီး နေရသည်။ ယခုပြပွဲကိုကား အိမ်သားတွေ သွားလျက်နှင့် မလိုက်ဘဲ သူငယ်ချင်းများနှင့် သွားမည်ဆိုက ဆူပူမည်ကို ကြောက်၍ လိုက်ခဲ့ရသည်။

သူသိသည့် အတိုင်း လိုက်လာပြီး နည်းနည်းမှ မပျော်သည်ကို တွေ့ရသည်။ မပျော်သည့်ပြင် စိတ်တောင် ညစ်ရသေးသည်။ သူ့မေမေ၊ ဖေဖေတို့သည် ရှေးလည်းဆန်၍ ကပ်စေးလည်း နဲသဖြင့်အလွန်အမင်း ခွကျလေသည်။ ခုကြည့်ပါလား၊ ပြပွဲကိုကလေးတွေ တန်းလန်းတန်းလန်းနှင့် လာသည်။ ဟိုဟာလိုချင်၊ ဒီဟာလိုချင် ပူဆာသည့် ကလေးကပူဆာ၊ ငိုသည့်ကလေးကငို၊ သူတို့ကို ပျောက်မှာစိုး၍ လက်မလွှတ်တမ်း ဆွဲထားရသေးသည်။

မော်မော် ညီမလေး အနီကတော့ တမျိုးဖြစ်သည်။ ခွကျလိုက်သည်မှာလည်း သူ့အပြင်မရှိဘူး။ မော်မော်ထက် ထွားကျိုင်းသော်လည်း အင်မတန် ကလေးဆန်သည့်အနီကို မိဘများထက် မော်မော်ကြောက်လေသည်။ အနီသည် အေးစက်စက်နှင့် ထိအောင်တိအောင် ထုနှက်တတ်သည်။

အနီသည် ကလေးအငယ်ဆုံး ကလေးကို တချိန်လုံးချီလာသည်။ မော်မော်လောက် လှလှပပ ဝတ်စားမလာသော်လည်း အတော်သပ်သပ်ရပ်ရပ်ကား ပြင်ဆင်ထားသဖြင့် ကလေးချီထားသည်နှင့် မလိုက်ဘဲ ဖြစ်ကာ အပျိုလုပ်လွန်းသော သားသည်မအေပေါက်စနှင့် တူနေပေသည်။ မော်မော်က သူ့လက်ညောင်းသည်ကို သနားသော်လည်း ကူချီရမှာရှက်သဖြင့် မသိချင်ယောင်ဆောင်ကာ လမ်းလျှောက်နိုင်သော ကလေးကိုသာ လက်တွဲ၍ထိမ်း၏။

နှစ်ပတ်လောက် အနှံ့လျှောက်ပြီးသော် မောလာသဖြင့် လက်ဝှေ့ထိုးပွဲတခုရှေ့မှာ မြက်ခင်းပေါ် ထိုင်ပြီး အပန်းဖြေကြလေသည်။ မော်မော်က မတ်တတ်သာ ရပ်နေ၏။ သူ့စိတ်ကို ရိပ်မိသော အနီက တချက်ရယ်ကာ တို့တော့ညောင်းရင် ထိုင်တာပဲ။ ဘယ်သူမှဂရုမစိုက်ဘူးဟု ဆိုကာ ခြေဆင်းပြီး ပစ်ထိုင်လိုက်လေသည်။

သူတို့ ထိုင်နေရာနှင့် ခပ်နီးနီးမှာ ချင်းသုပ်ဆိုင်တဆိုင်ရှိသည်။ ဆိုင်မှာ ချင်းသုပ်ထက် စားပွဲ၊ ကုလားထိုင်ကို ရောင်းခြင်းဖြစ်ပေသည်။ ချင်းသုပ်ကို မစားရက်အောင် အလှဆုံးပြင်ကာ သုပ်သူကနယ်ပေးပြီး လက်မပေအောင် ဇွန်းဖြင့်စားစေခြင်းဖြင့် အပြင်မှာတမူးလောက်ကို တကျပ်နှင့် ရောင်းနေလေသည်။ ပိုက်ဆံ အရမ်းမဲ့ပေါသူများနှင့် မိန်းမပျိုများ ပြပွဲခေါ်လာသည့် ငနဲစသောသူများသာ ထိုင်စားနေသည်။

အောက်လင်း လက်ဆွဲ ဓာတ်မီးကြီးမှ လင်းလွန်းလှ၍ မော်တို့တသိုက်ထိုင်နေသည်မှာ သူတို့ခြေရင်းမှာလိုဖြစ်အောင် ထင်ပေါ်နေလေသည်။

အမောပြေကြသည့်အခါ ကလေးတို့မှာ ချင်းသုပ်ဆိုင်ကို မြင်လာလေ၏။ အော်ကြီးဟစ်ကျယ် ပူဆာကြပြန်သည်။ မေမေ ဖေဖေတို့သည် ကလေးများကို လက်ဆွဲကာ မတန်မရာရောင်းသော ဆိုင်ရှေ့မှ ထွက်လာသည်။ ထို့နောက် ပွဲဈေးတန်းသို့ လျှောက်လာကာ တမတ်ဖိုးရောင်းသော မုန့်ဟင်းခါးဆိုင်မှ တထွာသာသာ ဗြက်ကျယ်သည့် ထိုင်ခုံကလေးများမှာ ငုတ်တုတ် ထိုင်ကြလေသည်။

မော်က ထိုင်လည်းမထိုင်၊ မုန့်လည်းမစားဘဲ မီးရောင်ကို ကျောပေးပြီး ရပ်သည်။ မေမေ ဖေဖေတို့က မော်မော်ကို “စားမလား” တခွန်းသာ မေးပြီးသူတို့ဟာ သူတို့ စားကြသည်။ အနီမှာ ပထမက မစားဘဲနေသော်လည်း မော်မော်ကိုခွတိုက်ကာ တရှူးရှူးတရှဲရှဲ ဝင်စားလေ၏။

အနီ မုန့်စားသဖြင့် သူချီထားသည့် ကလေးကို မော်မော်ချီရ၏။ အင်္ကျီ ကျေမည်လည်းစိုး ချီလည်း မချီချင်သဖြင့် တွန့်ဆုတ်တွန့်ဆုတ်နေမိကာ အနီက သူ့မျက်လုံးသွားရာကို လိုက်ကြည့်ပြီး သရော်သောမျက်နှာဖြင့် “ဟိုလူတွေကမမကိုအပျိုမှန်းသိပါတယ်” ဟုပြောလိုက်လေသည်။

မော်မော်ကို မြင်သဖြင့် တကောက်ကောက် လိုက်လာသော ထိုလူသုံးယောက်ကို အနီကဆိုလိုသည်။ မော်မော်သည် ရှက်လည်းရှက်၊ နာလည်းနာကာ မျက်ရည်များဝေလာပြီး ဘာမျှမပြောဘဲ နှုတ်ခမ်းကိုကိုက်၍ နေလေသည်။

မော်မော်သည် သူ့တအိမ်သားလုံးကို မုန်းတီးသည်။ တခါတရံ မေမေ့ကိုတော့ ချစ်စိတ်ဝင်သည်။ သူ့ကို ဘယ်သူကမှ မချစ်၊ ဂရုမစိုက်ဟု ယုံကြည်သည်။ တနေ့နေ့တော့ ငါနဲ့တွေ့ကြဦးမှာပေါ့လေ ဟုတေးထားသည်မှာ ကြာပြီ။ သူ့အိမ်သားများသည် သူ့အားဂရုမစိုက်သည်ကတော့ မှန်သည်။ မေမေနှင့် ဖေဖေသည် ငွေငွေငွေနောက်သာ လိုက်ကာ တနေ့တနေ့ ကုန်ဈေးတန်းက အထည်ဂိုဒေါင်မှာသာ အချိန်ကုန်သည်။ ထို့ကြောင့် သားသမီးများသည် ကိုယ့်ဟာကိုယ် နေတတ်သလို နေကြရသည်။

မော်မော်သည် သူ့အိမ်သားများကဲ့သို့ မဟုတ်ဘဲ အပေါင်းအသင်း များပေသည်။ ဘယ်သွားသွား တယောက်တည်း သွားရဲသည်။ မိဘများ ချောင်လည်သော်လည်း မော်မော်က အိမ်မှာ မလွတ်မလပ် ကုပ်ပြီး မနေချင်သဖြင့် ရုံးတွင် စာရေးဝင်လုပ်ရာ သူ့စိတ်နှင့် သူ့ကိုယ် နေချင်သလောက် နေနိုင်ပါသည်။

မုန့်ဟင်းခါး စားပြီးသည့် အချိန်မှာ မော်မော်သည် သူတို့ကို ဘယ်လိုခွာထုတ်ရမည်ကို စဉ်းစားပြီးသားဖြစ်၏။ ထို့ကြောင့် “မေမေ…ဟောဟို ဘိုင်စကုတ်ပြတဲ့ဆီ သွားရအောင်” ဟုဆိုလိုက်သည်။ သူသွားချင်သည် ဆိုသောနေရာမှာ ပြပွဲတခုလုံးတွင် အမှောင်ဆုံးဖြစ်၏။ ဘိုင်စကုတ်မှာ ရုံမဆောက်ဘဲ လဟာပြင်မှာအခမဲ့ ပြသဖြင့် မီးရောင်အနည်းဆုံးနေရာကို ရွေးရပေသည်။

မေမေသည် သူတို့ ညီအစ်မ စိတ်ကောက်နေကြမှန်းသိ၍ အလိုလိုက် ချော့မော့ဖို့ စိတ်ရှိကာ “ကိုင်း...လာ၊ဘိုင်စကုတ် ကြည့်ရအောင်ဟေ့” ဟု ကလေးတို့ကို ခေါ်ရင်း အိမ်ပြန်တော့မည် ပြင်သော ဖေဖေ့ကိုလက်မောင်းမှ ကိုင်ဆွဲလာလေသည်။

ဘိုင်စကုတ်ကြည့်၍ တပိုင်းတောင် မကုန်ခင် မော်မော်သည် ရှေ့တိုးရင်းတိုးရင်း ပျောက်ကွယ်သွား၏။ မိဘတို့သည် “မော်မော်-မော်မော်” နှင့်တကြော်ကြော် အော်ပြီး ခေါ်သေးသည်။ မတွေ့ရပေ။ သူတို့သည် ပြပွဲကို တပတ်ပတ်ကာ ရှာသေးသည်။

ဘိုင်စကုတ် ပြနေရာသို့ ပြန်ရောက်သော် ကလေးတို့သည် မောပန်းနေကြပြီး အငယ်ဆုံးကလေးနှစ်ယောက်မှာ မေမေ ဖေဖေတို့ လက်မောင်းပေါ်ဝယ် ကိုယ်စီ အိပ်ပျော်နေကြသည်။ မိဘတို့သည် ကိုယ်လက်နာ နေကြလေပြီ။

“စိန်ဂျွန်း သူနာပြု တပ်သွားတိုင်မလား။ ကလေးပျောက်တယ်ဆိုရင်တော့ အော်လန်ကြီးနဲ့ အော်ပေးတာပဲ” ဟုမေမေက ပြောသည်။ အနီက စိတ်မကောင်းဖြစ်မိသဖြင့် “ရှက်စရာကြီးပါ မေမေရယ်…မမဟာ ကလေးမှ မဟုတ်ဘဲ။ သူ စိတ်ဆိုးနေဦးမယ်” ဟု မော်မော်ဘက်က ပြော၏။ ဖေဖေက တွေဝေနေရာမှ “သူလည်း ကလေးမှမဟုတ်ဘဲလေ။ ပြန်တတ်သားပဲလေ။ တို့ကို ရှာမတွေ့ရင် အိမ်ပြန်မှာပေါ့။ ခါတိုင်းလည်း သူတယောက်တည်း သွားနေကျဟာ၊ ပူစရာမရှိပါဘူး” ဟုဖြေပြော၏။

နောက်ဆုံးတွင် သူတို့ အိမ်ပြန်ကြလေသည်။ ကိုးနာရီတော့ခွဲပြီ။ သို့သော် ပြပွဲမှာ ယခုမှ စည်၍ ကောင်းစရှိသေးသည်။ သူတို့မှာ လူရှင်းသည့် ခုနစ်နာရီလောက်ကတည်းက လာခဲ့ကြပါသည်။

မော်မော်သည် သူ့မိဘများ ခေါ်သံကအတင်းလွတ်အောင်တိုးရင်း သူ့နာမည်ကို လူတွေအလယ်မှာ အော်နေသည့် ရိုင်းစိုင်းမှုကို စိတ်ဆိုးနေသေးသည်။ ထို့နောက် သူခိုးမျက်စိဖြင့် မိဘများကိုရှာရင်းလျှောက်သည်။ မိဘများကို တွေ့လိုသည်ထက် ရှောင်ပြေးရအောင် သူက အရင်တွေ့မှ ဖြစ်ပေမည်။မော်မော်သည် အတင့်ရဲကာ မီးရောင်မှာ ခပ်ကြော့ကြော့လျှောက်လာပြီး မေမေဖေဖေတို့ ခုလောက်ဆိုပြန်ပြီ။

နောက်ဆုံးမှာ ဟောခနဲ ယောင်မိသည်။ စောစောက လူသုံးယောက်နှင့် သွားတိုးလေသည်။

သူတို့ကို သိတယ်လည်း ဆိုနိုင်သည်၊ မသိဘူးလည်း ဆိုနိုင်သည်။ ထိုလူသုံးယောက်မှာ ဘိုင်စကုတ်ကြမ်းပိုး မည်မျှကျသည်ကိုတော့ မသိပေ။ မော်မော်ကြည့်သမျှ ဘယ်ရုံမှာမဆို အမြဲတွေ့သည်။ စနေတနင်္ဂနွေ ကြည့်သူချင်းချင်း ဖြစ်သမို့လားတော့မဆိုနိုင်။ ဆုံမိတတ်သည်မှာကား မော်မော်တို့က နှစ်ကျပ်ခွဲတန်းရှေ့ဆုံးက ကြည့်မြဲမှာ သူတို့ကနှစ်ကျပ်တန်းနောက်ဆုံးမှာ ချည်းရှိလေသည်။

သူတို့ မှတ်မိသည်မှာလည်း အမြဲတမ်း သည်လူသည်လူချည်း သုံးယောက်တည်း တွဲတတ်သောကြောင့်ဖြစ်သည်။လဘိုင်စကုတ်ပြ၍ ရယ်စရာရှိလျှင် သူတို့က ပထမဆုံးနင်းကန်ပြီး ရယ်တတ်၏။ တခြားလူများလည်း သည်တော့မှ နားလည်သူကလည်၊ မလည်သူကမလည်နှင့် ရောယောင်လိုက်ရယ်ကြလေသည်။ မော်မော်တောင် နားမလည်ဘဲ သူတို့ရယ်သဖြင့် ရယ်ရသည့်အခါမျိုး ရှိသေးသည်။

သူတို့ကလည်း စနေ၊ တနင်္ဂနွေတိုင်း ပွဲဆက်ကြည့်သူ မော်မော်ကို မှတ်မိသည်။ ဘိုင်စကုတ် မပြသေးခင်နှင့် အားလပ်ချိန်မှာ သမင်လည်ပြန်ကြည့်တတ်သည်။

သူတို့အကြောင်း သိသမျှမှာ ဒါပဲဖြစ်သည်။ သို့သော်မော်မော်သည် သူတို့အား အင်္ဂလိပ်ဘိုင်စကုတ်ကြည့်သူ၊ နားလည်သူများဖြစ်၍ ခေတ်ပညာတတ်သူများမှန်း သိကာ အထင်ကြီးလေသည်။

မော်မော်သည် ခဏမျှ ခြေလှမ်းတုံ့နေစဉ် သူတို့အထဲမှ တယောက်က လာကာ “ဪ…တယောက်တည်းအဖော်ကွဲ လာသလား” ဟု သိကျွမ်းဖူးသလို မေးသည်။

“ဟုတ်…ဟုတ်ကဲ့”

“ကျွန်တော်တို့ ကူရှာပေးပါ့မယ်။ မိန်းကလေးတယောက်တည်း မကောင်းပါဘူး။ လာပါ၊ မတွေ့မချင်း ကျွန်တော် စောင့်ရှောက်ပါ့မယ်။ မတွေ့လည်း အိမ်လိုက်ပို့ပါ့မယ်”

ဤသို့ နှစ်ယောက်သား လျှောက်ခဲ့သည်။ ကျန်သည့်အဖော်နှစ်ယောက်ကား လစ်ကြလေပြီ။ မော်မော်သည် ပြပွဲကြီး ပျော်စရာကောင်းပုံကို သိလာလေသည်။ နှစ်ယောက်သား ရင်းနှီးလာကာ စကားတွေ ကြွယ်ကြလေ၏။ ထိုလူက သူ့ကိုယ်သူ ကိုမြထွန်းကလေ ဘာညာနှင့် ပြောသဖြင့် နာမည်သိရသည်။

ကိုမြထွန်းသည် မော်မော်က ကွဲသည့်အဖော်များကို ဟိုသည်ဝင်ကြည့်ဖို့ထက် ဂရုမစိုက်သည်ကို တွေ့သဖြင့် ရှာဖို့ဘာမှ မပြောတော့ချေ။ သူတို့နှစ်ယောက်သည် လူညပ်သည့် နေရာများတွင် ရှောင်ရင်းတိမ်းရင်း တယောက်နှင့်တယောက် ပွေ့ဖက်မိလျက်သား ဖြစ်ရချေသည်။

လူရှင်းသည့်အခါ မော်မော်သည် ကိုမြထွန်း၏ ခါးကို သိုင်းထားသည့် မိမိလက်များကို ရုပ်လိုက်သော်လည်း သူ့ပခုံးပေါ်က ကိုမြထွန်း၏ လက်များကားမလျှောပြေချေ။

သူတို့သည် လူတောထဲ မတိုးတော့ဘဲ မှောင်ခိုလာကာ နောက်ဆုံးတွင် ထွက်ပေါက်ဝင်ပေါက်လည်းမဟုတ်ဘဲ တဖက်က မည်းမှောင်သည့် ကွင်းပြင်သို့ ရောက်သည့် နေရာကလေးသို့ ရောက်ကာ မြက်ခင်းပေါ်ထိုင်ကြသည်။ သည်နေရာမှာ လူလည်းမရှိ၊ မီးရောင်လည်း မလင်းသဖြင့် မော်မော်သည် မြေကြီးပေါ်ထိုင်ရမှာ မရှက်တော့ချေ။

ပြပွဲထဲမှာ အလင်းရောင်နှင့် လူတွေ၊ သည်မှာတော့ အမှောင်။ မော်မော်နှင့် ကိုမြထွန်း။ ပြပွဲမှာ အသံဗလံနှင့် လေညစ်၊ သည်မှာတော့ တိတ်ဆိတ်ခြင်းနှင့် သန့်ရှင်း လန်းဆတ်သည့် လေ။ သည်ဆန့်ကျင်ဘက်နှစ်ခုဟာ ခုလို နီးကပ်စွာ တဆက်စပ်တည်း တမြေရာကွက်တည်းမှာ ရှိလိမ့်မယ်လို့ ဘယ်သူတွေးမိပါမလဲ။

မော်မော်သည် ကြောက်သလိုလို ပျော်သလိုလို စွန့်စားခန်းတွေ ရင်ဆိုင် တိုးနေရသလို ဖြစ်မိသည်။ မော်မော်သည် အသက်ငယ်သော်လည်း သည်နေရာ၏ အဓိပ္ပာယ်ကို ရိပ်မိနားလည်ပေသည်။

သူတို့ နေရာလေးမှာ လေတင်ကဖြစ်၍ တခါတရံလေပြန်ဝှေ့လာမှ ဓာတ်စက်သီချင်း၊ လူသံ၊ သူသံတို့ကို ကြားရသည်။

ကိုမြထွန်းသည် စီးကရက်တလိပ်ကို ညှိ၍သောက်ရာ သူ့မျက်လုံးများကို လက်ခနဲမြင်ရသည်။ မော်မော်သည် သူ့မျက်လုံးထဲက တခုခု ဘာမှန်းမသိသော တခုခုကို ကြည့်ရင်း ချမ်းတုန်မိသလို ဖြစ်လာလေ၏။

“ကလေးရယ်…” ဟုကိုမြထွန်းက ပျော့ပြောင်းချော့မော့စွာ ခေါ်သည်။ သူသည် တမော်တည်းမော်ရာက ကလေးကလေးနှင့် ဖြစ်လာသည်ကို မော်မော်သတိထားခဲ့မိသည်။ မော်မော်ကလည်း ကိုမြထွန်းကိုဖြင့် အနှစ်နှစ်အလလက ချစ်ကြိုက်လာသူလို ခင်မင်ရင်းနှီးမိလေသည်။

ကိုမြထွန်းက မြက်ခင်းပေါ် ကျောချ၍ လှဲလိုက်ကာမော်မော့်ကို ပွေ့လိုက်လေသည်။

မော်မော် အိမ်ပြန်ရောက်သော် ၁၁နာရီခွဲ ပြီးပေပြီ။

မေမေက မအိပ်ဘဲ စောင့်နေသည်။ ဖေဖေကမူ တရေးရ၍ ဆေးပြင်းလိပ် ထသောက်သည်။

အိမ်တွင်းသို့ ရောက်သည်နှင့် အပျော်စိတ်ပျောက်ကာ ဝမ်းသာပြောင်လှောင်ချင်စိတ် ပေါက်လာလေသည်။ “ယခုမှ မေမေတို့ ဖေဖေတို့ကိုနိုင်ပြီ။ ငါမှန်းသိပလား...ကိုင်း...မှတ်” ဟုစိတ်တွင်းမှ အခြောက်တိုက် ကြိမ်းလိုက်သည်။ သို့သော် သူပြုခဲ့သည့် အမှုသည် သူ့မိဘများထက် သူ့ကိုပို၍ မှတ်စေမည်လား ဘာလားတော့ မသေချာချေ။

သူ့ဖေဖေက ဆူမလို့လားမသိ၊ စကားပြောရန် ပါးစပ်ဟလိုက်သည်နှင့် တပြိုင်နက် “သိပ်တော်တဲ့ မေမေနဲ့ဖေဖေ၊ သမီးကလေးတယောက်တည်း ပစ်ထားပြီးအိမ်ပြန်အိပ်ကြတယ်” ဦးအောင် ပြောလိုက်ကာ သူ့အခန်းတွင်းသို့ ဝင်၍ပြေးလေသည်။

သူ့မေမေက သမီးလေးသည် ငိုယိုရန် ပြေးဝင်သွားသည်ဟု ထင်လေသည်။

မော်မော်ကတော့ မှန်ထဲက ပန်းလျစွာပြက်ရယ်ပြု၍ ပြုံးနေသော မော်မော်ကို တချက်ကြည့်ကာအဝတ်အစားမလဲဘဲ စားပွဲတွင်ထိုင်၍ တွေးနေလေသည်။

---

#ကြည်အေး
#လက်စားချေခြင်း

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)