ဘွားမယ်စိန်နှင့်ဆယ့်နှစ်ကြိုးခင်သုန် စ...ဆုံး

 သောင်ထွန်းရွာသည်အေးချမ်းသာယာလျှက်ပင်။

ရွာသူ၊ရွာသားတို့သည်
တစ်ဦးပေါ်တစ်ဦးရိုင်းပင်းကူညီရုံသာမက အချင်းချင်းလည်းစည်းလုံးလှ၏။
တချို့ရွာများကဲ့သို့ ကိုးကွယ်ရာ ဘုန်းကြီးကျောင်းကွဲ​ခြင်း၊
ရွာမြောက်နှင့်ရွာတောင်ပိုင်းမတည့်​​ခြင်း ၊ရွာအရှေ့ပိုင်းနဲ့ရွာအနောက်ပိုင်းမတည့်ခြင်း
စသည်တို့မရှိပေ။
ထိုသို့သောအေးချမ်းသောရွာလေးတွင်နေထိုင်သည့်
ဘွားမယ်စိန်ကိုလည်းရပ်ရွာရှိသာရေးနာရေးပွဲများတွင်
လူကြီးအရာအဖြစ် ကန်တော့ခံနေရာမှာပင် ထားရှိကြလေသည်။
ကြီးသူကိုရိုသေဆိုသည့်စကားအတိုင်းပင်
ရွာသူ၊ရွာသားတို့သည် ဘွားမယ်စိန်၏စကားအား
ရွာသူကြီး၏စကားကဲ့သို့လိုက်နာကြပေသည်။
ဘွားမယ်စိန်အကြောင်းကိုတဖန်ပြောရလျှင်ဖြင့်...
ဘွားမယ်စိန်သည် မိမိ၏မိဘများကိုသတ်ခဲ့သောလူယုတ်မာအား
ဆရာဖြစ်သူ ဘွားသစ်ကိုယ်တိုင် သင်ကြားပေးခဲ့သော
အောက်လမ်းနည်းဖြင့်ပင်ပြန်လည်သတ်ဖြတ်ခဲ့သည်။
သို့သော် ဆရာဖြစ်သူဘွားသစ်၏မသေဆုံးခင်ခံစားနေရသော ဝဋ်ဒုက္ခများကိုမြင်တွေ့ခဲ့ရာမှ သူ၏အောက်လမ်းနည်းများကို တပါးသူအပေါ်သို့ မကောင်းမှုပြုလုပ်ရန်အတွက်အသုံးမချတော့ပေ။
ဘုရားတရားဘက်သို့လိုက်စားရင်း အကူအညီလိုအပ်သူများအား ကူညီပေးရင်း သောင်ထွန်းရွာ၌သာအ​ခြေချနေထိုင်ခဲ့သူပင်ဖြစ်၏။

(ဘွားမယ်စိန်၏နောက်ကြောင်းစာမူတွင်လည်းပါရှိပါသည်)

*******

တစ်နေ့သ၌
သောင်ထွန်းရွာ၏အပြင်ဘက်၌ဆူပူသံများ
ထွက်ပေါ်လာခဲ့သည်။
ထိုအသံသည်ကသောင်ထွန်း ရွာသူရွာသားများ၏စကားသံများနှင့်
တစ်ဖက်ရှိ အမျိုးသမီးသုံးဦးတို့၏စကားသံများပင်ဖြစ်ပေသည်။
သာမာန်စကားပြောဆိုနေကြခြင်းမဟုတ်
စိန်ခေါ်သူအဖွဲ့နှင့်စိတ်တိုစိတ်ဆိုးစွာပြောဆိုနေကြသည့်
အဖွဲ့တို့ပင်ဖြစ်သည်။
အကြောင်းသည်က မည်သည်ကမှန်းမသိသော ထဘီအနက်ကို ခပ်တိုတိုဝတ်ဆင်ထားသည့် အမျိုးသမီးသုံးဦး။
ထိုအမျိုးသမီးတို့၏ မျက်နှာများသည်က ခပ်ထန်မှုအပြည့်ဖြင့်။
ထိုသူတို့၏ဆံပင်များသည်လည်းထုံးဖွဲ့၍မထားဘဲ
ဖားလျားချ၍ထားပေရာ ထိုသူတို့၏အသွင်အပြင်သည် စက်ဆုပ်ဖွယ်ရာအတိပင်ဖြစ်နေခဲသည်။

"ဘယ်မလဲ...မယ်စိန်ဆိုတဲ့ကောင်မ...
ခေါ်လိုက်ကြစမ်း...။
ငါ့နာမည်က ဆယ့်နှစ်ကြိုးခင်သုန် ...
ဒင်းကိုဒီနေ့အ​သေသတ်ပြီးဒီနယ်ကနေရှင်းပစ်မလို့ဟေ့...
ခင်သုန်အရှေ့ကို အဲ့ကောင်မကိုအခုခေါ်လိုက်ကြစမ်းပါ"

"တောက်...ခွေးအိုမကလူပါးဝလို့...ဘွားနဲ့မတွေ့ခင်ငါတို့နဲ့တွေ့သွားမယ်ကွ..."

"ဟုတ်တယ်...စိန်ခေါ်တယ်ပြောတဲ့ပါးစပ်ကို...
ဟောသည်ဓားနဲ့ဝင်ပိုင်းလိုက်ရကွာ"

"တောက်... ကွာ...."

သောင်ထွန်းရွာသားများသည် ဓားတရွယ်ရွယ်ဖြင့် ဒေါသထွက်နေကြ၏။
သို့သော်
လူကြီးများ၏ဝိုင်းဝန်းတားဆီးမှုကြောင့်သာရှေ့သို့
မတိုးကြခြင်းဖြစ်သည်။

"ဟေ့ကောင်တွေ...တိတ်ကြစမ်း...ဖြစ်လာတဲ့ပြသာဒ်နာကိုဒီလိုရှင်းလို့ရမှာလားကွဟေ...
ဒီမယ်ဒီကအမျိုးသမီးတွေကဘွားမယ်စိန်ကိုစိန်ခေါ်တာ...
ငါတို့လည်းကဘွားရဲ့ပညာကိုယုံတယ်။ဘွားကတို့ရွာကိုအမြဲစောင့်ရှောက်ပေးခဲ့တာ အဲ့အတွက်ဘွားစကားကိုပဲတို့နားထောင်ရမယ်ကွာ"

သူကြီးဦးနောင်ချိုကတားဆီးပြောဆိုလေသည်။
ထိုအခါ ဦးဘစီက

"ဟုတ်တယ်ကွ...ဒီမှာငါ့လူတို့ ဘွားပြောတာကိုပဲတို့နားထောင်ကြမယ်...အဲ့တော့ မောင်အုန်း နဲ့မောင်တိုးက ဘွားကိုသွားခေါ်ခဲ့ကြကွာ...
ငါတို့ရွာသားတွေကလူညီပါတယ်ကွ။
မဟုတ်ဘူးလားဟေ့..."

"ဟုတ်တယ်...ဘွားပြောတာပဲတို့နားထောင်မယ်..."

"ဟုတ်တယ်...ဘွားကသာပြောရင် ဓားနဲ့ပိုင်းဆိုလည်းအသေပဲဟေ့။
ဝင်ပိုင်းပစ်လိုက်မှာကွ"

ရွာသားများဆီမှထောက်ခံသံများထွက်ပေါ်လာ၏။
တစ်ဖက်ရှိ ဆယ့်နှစ်ကြိုးခင်သုန်နှင့်သူ၏တပည့်မနှစ်ယောက်သည်က
မည်သည့်စကားမျှမဆိုကြဘဲ
အပင်ရိပ်တွင် ဒူးတစ်ဖက်အား ထောင်၍ ထိုင်နေကြလေသည်။
ရွာသူရွာသားတို့သည်က ထိုသူတို့သုံးယောက်၏အဝေးတစ်နေရာ၌ ထိုင်၍ဘွားမယ်စိန်အလာအားစောင့်မျှော်နေကြတော့သည်။

********
"အင်း...မိဝင်းရေ...ဧည့်သည်တော့လာပြီသမီးရေ..."

"ရှင်...ဧည့်သည် ဟုတ်လားအမေ...ဘယ်ကတုန်း"

"ဧည့်သည်ကတော့ ဒီနယ်ကပဲအေ...
ဒင်းပညာတွေကိုဒီထက်မြင့်ချင်နေပုံရတယ်အေ့"

"ဟင်...အမေ့စကားကဘာကြီးတုန်းတော့"

"အို...မိဝင်းရယ်..ညည်း အမေပြောတာသာနားထောင်စမ်းပါ...
သွား...သွား...သွား...
ဘုရားခန်းကအမေတောင်ဝှေးကိုသာယူခဲ့ပေးစမ်းပါအေ"

"ဟုတ်ပါပြီအမေရယ်...ကျုပ်ကနားမလည်လို့ပါတော်"

ဘွားမယ်စိန် ကွပ်ပျစ်၌ထိုင်၍ သမီးဖြစ်သူ ဒေါ်ဝင်းအားခိုင်းစေလိုက်သည်။
ဒေါ်ဝင်းသည်က ဘွားမယ်စိန်၏စကားအားနားမလည်သော်လည်း ခိုင်းသည့်အတိုင်း တောင်ဝှေးအားယူပေးရှာသည်။
တောင်ဝှေးရပြီးနောက်...

"ဘွား...ဘွားရှိလား.... အရီးဒေါ်ဝင်း...အရီးဒေါ်ဝင်း..."

"အေး...လာကြပြီလား..."

"ဗျာ...ဟိုလေဘွား..."

မောင်အုန်းနှင့်မောင်တိုးတို့အပြေးတပိုင်းဖြင့်
ရောက်လာခဲ့ကြသည်။
သို့သော် ဘွားမယ်စိန်ကသူတို့အားကြိုတင်စောင့်ကြိုနေသောကြောင့်အံ့သြ ကုန်ကြလေသည်။

"ကဲပါ မောင်ရင်တို့ရယ်...
ဘွား ခင်သုန်လာတာကိုသိပြီးပါပြီကွဲ့...
လာပါ ဘွားတို့တွေသွားကြစို့...
အဲ့ကောင်မက ဘွားထွက်မလာရင် ဟိုမှာစောင့်နေကြတဲ့လူတွေကိုဒုက္ခပေးလိမ့်မယ်။
အင်း...
သူ့ပညာကလည်းပေါ့သေးသေးမဟုတ်ပြန်ဘူးလေ...
လာ...လာ သွားကြစို့ကွယ်"

"ဟုတ်...ဟုတ် ဘွား"

"အမေ...ကျုပ်ကရော...ကျုပ်ကောလိုက်မယ်လေနော်"

"လိုက်ခဲ့...လိုက်ခဲ့"

ဒေါ်ဝင်းလည်း ဘွားမယ်စိန်တို့နောက်မှလိုက်ပါလာခဲ့၏။
ဘွားမယ်စိန်သည်က အသက်သာရနေပြီဖြစ်သော်လည်း
မောင်အုန်း မောင်တိုးတို့ထက်ပင် သွက်လက်၍နေခဲ့သည်။
ဘွားမယ်စိန်တစ်ယောက် မမောနိုင်မပန်းနိုင်ဖြင့်ရွာပြင်ဆီသို့
ခပ်သုတ်သုတ်ထွက်လာ​ခဲ့လေရာ
ဒေါ်ဝင်းနှင့်ကျန်နှစ်ယောက်ပင် နောက်မှ အမောတကြီးလိုက်ပါလာခဲ့ကြရရှာ၏။

"ဟား...ဘွားရောက်လာပြီဟေ့"

"ဘွားလာပြီဟ..."

"ကဲ...မောင်ဘစီနဲ့မောင်နောင်ချို မောင်ရင်တို့ကရွာသားတွေကိုခေါ်ပြီးခပ်ဝေးဝေးကနေသာ
ကြည့်ကြပါကွယ်...
တော်နေဆိုမိုးချုပ်ပြီဆိုတော့...ခင်သုန်နဲ့ဘွားရဲ့ကြားထဲကိုတစ်ယောက်မှဝင်မပါမိကြစေနဲ့...ကြားကြရဲ့လားကွဲ့"

"ဟုတ်...ကြားပါတယ်ဘွား"

"အေး...အေး...ဒါဆိုဘွားစိတ်ချမယ်ကွယ်"

ရွာသူရွာသားများအားခပ်လှမ်းလှမ်းတွင်နေစေ၏။
ဘွားမယ်စိန်ကိုယ်တိုင်သည်က ဆယ့်နှစ်ကြိုးခင်သုန်တို့၏အရှေ့ ဆယ့်ငါးပေအကွာရှိမြေပြင်တွင် တင်ပုလ္လင်ခွေကာထိုင်လိုက်တော့လေသည်။
ဆယ့်နှစ်ကြိုးခင်သုန်သည်က ဘွားမယ်စိန်အားမြင်လေတော့ထိုင်နေရာထရပ်လိုက်ပြီး သူ၏ထမိန်အား ခါ၍ဝတ်လိုက်သည်။

"ခင်သုန်... ညည်းခေါ်တဲ့နေရာကိုငါရောက်ပြီ...။ညည်းဘာရှင်းစရာရှိသလဲဆိုတာသာရှင်းပေတော့..."

"ဟားးး...ဟားးး...ဟားးး....ဟားးး...ဟားးး...
မယ်စိန်...မယ်စိန် နင်တောင် တော်တော်အိုနေပါရောလားဟဲ့"

"အင်း...နင်နဲ့ငါနဲ့ကဆရာတူတပည့်တွေပါ ခင်သုန်...
နင်ဒီနေရာထိငါ့ကိုပညာလိုက်ပြိုင်တယ်ဆိုတော့
နင်တော်တော်အငြိုးကြီးတာပါလား"

"အငြိုးကြီးတယ် ဟုတ်လား မယ်စိန်...
ဘွားသစ်ဆိုတဲ့မိန်းမကြီးကနင့်ကိုပဲ
ဂရုတစိုက်သင်ပေးခဲ့တာလေ...
ကြည့်စမ်းပါဦး...
အခုသူသင်ပေးခဲ့တဲ့တပည့်မက သူနဲ့မတူတဲ့သူတော်ကောင်းကြီးကိုဖြစ်လို့ပါလား"

ဘွားမယ်စိန်ထက်ဆယ်နှစ်ငယ်သော ခင်သုန်သည် ဘွားသစ်၏တပည့်ဖြစ်၏။
ဘွားသစ်သည်က
မယ်စိန်ကိုသာအမြဲအရေးပေးခဲ့သည်မို့
ခင်သုန်ကမနာလိုပေ။
ထိုရန်ငြိုးများသည်က ယခုအချိန်ထိတိုင်ရှိနေစဲပင်။

ဆယ့်နှစ်ကြိုးခင်သုန်ကဆက်၍...

" ဒီမှာ မယ်စိန်...ညည်းပညာတွေကို ငါအနိုင်ယူပြီး ဒီနယ်ကို ငါအပိုင်ယူပြမယ်ဟဲ့...ငါပိုင်တဲ့အချိန်ကစပြီး ဒီနယ်မှာသွေးနံ့တွေကြီးပဲထင်ကျန်စေရမယ်လေ ဟားးး...ဟားးး....ဟားးး...ဟားးး....ဟား..."

"အမလေး...ကြောက်စရာကြီးပါလား"

"ဘာကိုကြောက်ရမှာလဲ...ငါကတော့မကြောက်ပေါင်
သူသေကိုယ်သေပဲဝင်သတ်ပစ်မှာ"

"တော်စမ်းပါ...တို့လုပ်စရာမလိုပါဘူး...ဘွားနိုင်ကိုနိုင်မှာ"

"ဟုတ်တယ်...ဘွားနိုင်မှာသေချာတယ်...
တော်တော်အောက်တန်းကျတဲ့စုန်းမပဲ"

ဆယ့်နှစ်ကြိုးခင်သုန်၏စကားကြောင့်ရွာသူ၊ရွာသားများထံမှစကားအသံများထွက်ပေါ်လာခဲ့သည်။

ဘွားမယ်စိန်က...

"ခင်သုန်...ခင်သုန်...နင်လည်း ဆရာဖြစ်သူ ဘွားသစ်လိုပါပဲလား...ဘွားသစ်မသေခင်မှာ
ဘယ်လိုတွေခံစားရတယ်ဆိုတာကိုလည်းနင်မြင်တယ်...
ဒါကိုနင်ကပါဆက်မိုက်မဲနေတာပါလား...အေး...
ပညာခြင်းရှင်မယ်ဆိုရင်ရှင်လို့ရတယ်...
ဒါပေမယ့်ငါ့ဘက်ကတော့
စပြီးမတိုက်ခိုက်ဘူး...
တစ်ခုက နင့်ရဲ့အတတ်တွေနဲ့ဖန်ဆင်းထားတဲ့
ဟိုအရိုးစုညီအစ်မကို မလွှတ်လိုက်နဲ့ဦး ငါ့ကြောင့်သူတို့ပျက်စီးသွားလိမ့်မယ် ခင်သုန်"

ဘွားမယ်စိန်၏စကားကြောင့် ဆယ့်နှစ်ကြိုးခင်သုန်သည်ခါးကိုထောက်၍...

"ငါ့တပည့်မတွေရဲ့ပညာကိုနင်စမ်းကြည့်လိုက်စမ်းပါ...
ဟဲ့ကောင်မတွေနင်တို့စက်တွေကျွေးလိုက်စမ်း
အဲ့ကောင်မကို..."

ဘွားမယ်စိန်စကားကိုသွေဖယ်၍ သူ၏တပည့်မများအား ခိုင်းစေလေသည်။
တပည့်မဖြစ်သူစုန်းမနှစ်ယောက်သည်က သူတို့၏ခါးများကိုကုန်း၏။
ခါးများကုန်းနေစဥ် ခေါင်းသည်ကအပေါ်သို့မော့၍ထားပြီး ပါးစပ်ကိုဖြင့်ကျယ်လောင်စွာဟထားကြလေသည်။

ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုမြေပေါ်သို့ထောက်၍ မျက်လုံးကိုမှိတ်ထား၏။
ဘွားမယ်စိန်၏နှုတ်မှလည်း တတွတ်တွတ်ရွတ်ဆိုမှုကိုပြုလုပ်နေခဲ့သည်။

ခဏကြာလေတော့ တပည့်စုန်းမနှစ်ယောက်၏ပါးစပ်များအတွင်းမှ စက်အချို့ထွက်ပေါ်လာခဲ့၏။
ထိုစက်များ၏အရောင်သည်က အစိမ်းရောင်ဖျော့ဖျော့ပင်။
အစိမ်းရောင်စက်တန်းနှစ်ခုသည် ဘွားမယ်စိန်ထံသို့ဦးတည်ပြေးသွားချိန်၌...
ဘေးရှိရွာသူရွာသားများ၏အော်ဟစ်သံများ
ထွက်ပေါ်လာခဲ့လေသည်။

"ဟာ...ဒုက်ခပဲ..."

"ဘွားရေ...တစ်ခုခုလုပ်ပါဦး"

"ဟာ...ဘွားကိုထိတော့မယ်"

ဘွားမယ်စိန်ထံသို့ ရောက်ရှိလာသောစက်တန်းနှစ်ခုသည်
ဘွားမယ်စိန်၏ရှေ့သို့အရောက်မှာပင် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့၏...။
စက်တန်းများပျောက်ကွယ်သွားချိန် ဘွားမယ်စိန်က မျက်လုံးပွင့်လာခဲ့ပြီး သူ၏ တောင်ဝှေးအား မြေပေါ်သို့ဆောင့်ချလိုက်လေရာ...

"အားးးးးးးးး"

"အားးးးးး"

ဆယ့်နှစ်ကြိုးခင်သုန်၏တပည့်မနှစ်ယောက်ထံမှ
အော်ဟစ်သံများထွက်ပေါ်လာခဲ့ပြီး
ထိုတပည့်မနှစ်ယောက်အား ဘွားမယ်စိန်ကစူးစိုက်၍ကြည့်နေခဲ့သည်။
ဘွားမယ်စိန်က ထိုသူတို့အား ကြည့်နေရင်း၌ပင် ပါးစပ်မှလည်းရွတ်ဆိုနေခဲ့ပြန်သည်။
ရွတ်ဆိုနေရင်း သူ၏တောင်ဝှေးအား ထိုသူတို့ထံသို့ညွှန်လိုက်လေရာ...

"အားးးးးးးးး"

"အားးးးးးးး"

"ဝုန်းးးး....."

"ဘုနှးးးးးးးးး"

ဆယ့်နှစ်ကြိုးခင်သုန်၏တပည့်နှစ်ယောက်
ကိုယ်၌မီးတောက်များထလောင်ကျွမ်းလေရာ ပတ်ဝန်းကျင်သည်
အော်ဟစ်သံများဖြင့်
ဆူညံလို့နေခဲ့၏။
ထိုမီးတောက်များ၏ဝါးမြိုခြင်းကြောင့် တခဏအတွင်းမှာပင်
ခင်သုန်၏တပည့်နှစ်ယောက်
ပျောက်ကွယ်သွားကြလေသည်။

ဆယ့်နှစ်ကြိုးခင်သုန်သည် တပည့်နှစ်ယောက်အားမကူနိုင်ခဲ့။
သူကိုယ်တိုင်သတိဝင်လာခဲ့ချိန်၌
တပည့်နှစ်ယောက်မရှိတော့လေရာ...

"မယ်စိန်...နင်ကငါစီမံထားတာတွေကို
ဖျက်စီးပစ်လိုက်တယ်ပေါ့...။အေး...နင်ငါ့ကိုတော့မယှဥ်နိုင်ပါဘူးအေ...လာစမ်း..."

ဆယ့်နှစ်ကြိုးခင်သုန်သည် သူ၏ပါးစပ်အတွင်းမှတလက်လက်တောက်ပနေသော
စက်တန်းများကိုထုတ်နေလေပြီ။
ဘွားမယ်စိန်သည်လည်း တင်ပုလ္လင်ထိုင်နေရာမှ သူ၏တောင်ဝှေးအားထောက်၍ မတ်တပ်အနေအထားဖြင့်အသင့်ပြင်လိုက်တော့၏။

ဆယ့်နှစ်ကြိုးခင်သုန်သည်ကသူ၏စက်တန်းများကို
ဘွားမယ်စိန်ထံသို့ထုတ်လွှတ်လိုက်ရင်းသူကိုယ်တိုင်ပင် ထိုစက်တန်းများပေါ်သို့ခုန်တက်ခဲ့လိုက်ပြီး ဘွားမယ််စိန်ထံသို့ပြေးဝင်လာခဲ့သည်။
သို့သော် ဆယ့်နှစ်ကြိုးခင်သုန်၏စက်တန်းများအား ဘွားမယ်စိန်ကသူ၏တောင်ဝှေးဖြင့် တားဆီးလိုက်ပြီးနောက် မျက်လုံးကိုမှိတ်၍နှုတ်မှဂါထာတချို့ရွတ်ဆိုပြန်လေသည်။
ဆယ့်နှစ်ကြိုးခင်သုန်သည်က ဒေါသတကြီးသူ၏စက်တန်းများအပေါ်မှ
ဘွားမယ်စိန်ထံသို့ပြေးဝင်လာနေလေပြီ။
ဘွားမယ်စိန်သည်လည်း မှိတ်ထားသောမျက်လုံးများကိုဖွင့်၍ တားဆီးထားသော ဆယ့်နှစ်ကြိုးခင်သုန်၏စက်တန်းများကိုကြည့်ကာ...

"မယ်သုန်...နင့်စက်တွေနင်ပြန်ယူပေတော့..."

"ဟင်..."

ဘွားမယ်စိန်စကားအားမယ်သုန်ကြားလိုက်၏။
သို့သော်နောက်ကျသွားလေပြီ။
ဘွားမယ်စိန်ထံသို့ပြေးနေသော သူ၏စက်တန်းများသည် သူ့ထံဆီသို့လှည့်ပြန်ကာပြေးဝင်လာတော့လေသည်။
စက်ကြိုးပေါ်ရှိနေသော ခင်သုန်သတိလွှတ်ကာမြေပေါ်သို့ပြုတ်ကြပြီးနောက် ပြေးဝင်လာသောစက်တန်းတို့သည်က
ခင်သုန်၏ရင်ဝဆီသို့အရောက်....

"ဘုန်းးးး...."

"အားးးးးးးးးးးးးးး"

စက်တန်းထိမှန်သံနှင့်အတူဆယ့်နှစ်ကြိုးခင်သုန်၏အော်သံကျယ်ကြီးထွက်ပေါ်လာခဲ့လေသည်။

"ဝေါ့....အဟွတ်....အဟွတ်..."

ဆယ့်နှစ်ကြိုးခင်သုန်၏ပါးစပ်မှသွေးများ
အန်ထွက်လာခဲ့သည်။
ထိုသို့အန်ပြီးသည်နှင့်ခင်သုန်၏ခေါင်းသည်လည်း လည်ပြန်ကျသွားတော့၏။
ခင်သုန်တစ်ယောက်မှာတော့ဖြင့်
သူ၏စက်တန်းများကြောင့်ပင် သူ၏အသက်မှာလည်းသေဆုံးသွားခဲ့ရတော့သည်။
ထိုမျှနှင့်မပြီးဆုံးသေးပါ။

"ဝုနှးးးးးးးး"

သေဆုံးသွားသောခင်သုန်၏ အလောင်းအား ဘယ်ဆီကထွက်လာမှန်းမသိသော မီးတောက်ကြီးတစ်ခုကဝါးမြိုလို့သွားခဲ့ပြီး ခင်သုန်သည်လည်းပျောက်ကွယ်သွားခဲ့တော့သည်။

"အင်း...ခင်သုန်...ခင်သုန် ငါကခွင့်လွှတ်လို့ရပေမယ့် နင့်ကိုငရဲကနင့်လုပ်ရပ်တွေအတွက်ခွင့်မလွှတ်ပါလားနော်"

ဘွားမယ်စိန်သည် ပညာအတူသင်ခဲ့သော ခင်သုန်၏အလောင်းရှိနေခဲ့သောနေရာဆီသို့
ကြည့်ပြီးစိတ်မကောင်းစွာပြောလိုက်လေသည်။
ထို့​နောက်မှာ​တော့ ဘွားမယ်စိန်သည်သမီးဖြစ်သူဒေါ်ဝင်းနှင့်
အတူရွာထဲသို့ပြန်ဝင်သွားတော့၏။
လာရောက်စိန်ခေါ်သော ဆယ့်နှစ်ကြိုးခင်သုန်နှင့်
တပည့်ဖြစ်သူနှစ်ယောက်တို့သည်လည်း
နိဂုံးချုပ်လို့သွားခဲ့လေပြီ။

အဖြစ်အပျက်အစအလယ်အဆုံးမြင်လိုက်ကြရသည့်
သောင်ထွန်းရွာသူ၊ရွာသားများကတော့အံ့သြ၍မဆုံး၊ပြော၍မဆုံးဖြစ်နေခဲ့​ကြတော့၏။

ပြီးပါပြီ။


ယဥ်မင်း(ကန့်ဘလူ

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)