ဘွားမယ်စိန်နှင့်သရဲမ ဝိုင်းစိန် စဆုံး
ဝိုင်းစိန်သည် ယောက်ျားဖြစ်သူ လှဖေအား
ခြေထောက်ဖြင့်ကန်၍ နိုးလေသည်။
ဝိုင်းစိန်၏အသံကြောင့်...
"ဘာလဲဝိုင်းစိန်ရာ...ငါအိပ်နေတာကို
မနှောက်ယှက်စမ်းပါနဲ့ဟ..."
ဟု...ပြန်လည်ကာပြောရင်းတစ်ဖက်သို့လှည့်ကာ
အိပ်သွားပြန်သည်။
"နင့်ကိုထလို့ပြောနေတယ်နော်...
လှဖေ...နင်ဝိုင်းစိန်အကြောင်းသိတယ်နော်..."
ဝိုင်းစိန်ကအော်ဟစ်နေ၍ လှဖေဆက်၍မအိပ်နိုင်ဘဲ
ခေါင်းကိုကုပ်၍ထလာခဲ့ရသည်။
"ပြော...ပြော...ဘာပြောမှာလဲ..."
"ဘာပြောရမှာလဲ...
ပေး...နင့်ကိုမနေ့က ရွာထဲက သန်းကြည်တို့ဆီအကြွေးတောင်းခိုင်းထားတဲ့ပိုက်ဆံ....ဘယ်မလဲ..."
ဝိုင်းစိန်က ဒေါသတကြီးမေးနေ၍ လှဖေမှာ
ဖြေဖို့ခက်နေသည်။
"ဟဲ့...လှဖေ...ငါ့ပိုက်ဆံပေး..."
"အဲ့...အဲ့တာက မ...မ...မရှိတော့ဘူးဟ..."
"ဘာပြောတယ်...ငါ့ပိုက်ဆံကိုနင်ဘာလုပ်ပစ်ခဲ့တာလဲ...
မှန်မှန်ပြောနော်...မဟုတ်ရင် နင့်ခေါင်းကိုငါရိုက်ခွဲပစ်မှာ..."
"နင်ကလည်းဟာ...ပိုက်ဆံကနည်းနည်းလေးပါ...
ငါ...ငါမနေ့က အရက်သောက်ချင်တာနဲ့...
အဲ့...အဲ့ပိုက်ဆံနဲ့ဝယ်သောက်လိုက်မိတယ်..."
"ဘာပြောတယ်...လှဖေ...နင်သေပြီသာမှတ်..."
"ဝိုင်းစိန်...စိတ်...စိတ်လျော့လေဟာ...
နော်...နော်..."
"လှဖေ...နင်ပြန်လာခဲ့စမ်း...လှဖေ...
မသာကောင်..."
ဝိုင်းစိန်က ဝါးရင်းတုတ်ကိုကောက်ကိုင်လိုက်လေတော့
လှဖေလည်းနေရာမှ တချိုးထဲထပြေးတော့သည်။
ဝိုင်းစိန်နှင့်လှဖေ၏အော်သံများကြောင့် ဘေးဝိုင်းမှ
ရွာသူများရောက်လာပြီး...
"ဝိုင်းစိန်...နင်တို့လင်မယား ဘာဖြစ်ကြပြန်တာလဲဟယ်..."
ဟုမေးကြလေတော့ ဝိုင်းစိန်ကလက်ထဲဆုပ်ကိုင်ထားတဲ့ ဝါးရင်းတုတ်ကို မြေပေါ်သို့ပစ်ချလိုက်ပြီး
ကွပ်ပျစ်ခင်း၌ ဝင်ထိုင်လိုက်သည်။
"ဘာဖြစ်ရမှာလဲ...ဟိုမသာပေါ့...
အကြွေးတောင်းခိုင်းတဲ့ပိုက်ဆံကို အရက်ဝယ်သောက်လိုက်တယ်လေ..."
"သြော် အေ...ညည်းလည်း
မပေါ့မပါးကြီးနဲ့စိတ်တွေကလည်းကြမ်းလိုက်တာ...
ကိုယ့်စိတ်လေးကိုယ်လျော့ဦးမှပေါ့ ဝိုင်းစိန်ရယ်..."
"ဟုတ်ပအေ...စိတ်ကိုလျော့မှပေါ့ဝိုင်းစိန်ရယ်..."
"ကျုပ်စိတ်ကလျော့ပါတယ်...
စိတ်လျော့နေတဲ့ကြားက ဒီအကောင်က ကျုပ်ကို
ဒေါသထွက်အောင်လုပ်နေတာ... "
ရွာသူတွေလည်းဝိုင်းစိန်ကိုဆက်မတားတော့ဘဲ
ကြည့်၍သာနေကြသည်။
ဝိုင်းစိန်နှင့်လှဖေတို့က ချစ်လို့ကြိုက်လို့ယူထားကြသော
လင်မယားဖြစ်၏။
ဝိုင်းစိန်ကမိဘတွေမရှိတော့သော်လည်း
မိဘချန်ထားခဲ့သောအမွေများကျန်ခဲ့သလို...
အဒေါ်ဖြစ်သူများကလည်း ငွေရှိကြေးရှိများဖြစ်တာကြောင့် ဝိုင်းစိန်ဘဝကအပူအပင်မရှိပေ။
လှဖေ ကတော့ဆင်းရဲ၏။
ဝိုင်းစိန်နှင့်လှဖေ ယူပြီးနောက် လှဖေမှာ
အလုပ်အကိုင်ဟူ၍မရှိ...။
ဝိုင်းစိန်က လယ်ယာများကိုအငှားချထားယုံမက
ငွေများကိုပါအတိုးပေးထားသည်မလို့
လှဖေအလုပ်လုပ်ရန်မလိုပေ။
သို့ပေမယ့်...လှဖေ၏မိဘများကိုတော့
လှဖေမထောက်ပံပေးနိုင်။
"တော့်ကိုပြောမယ်နော်...
ကျုပ်ကတော့်ကိုချစ်လို့ ယူခဲ့တာ..
ဒါကြောင့်လည်းဘာအလုပ်မှမလုပ်ခိုင်းဘဲ
သက်တောင့်သက်သာနေခိုင်းခဲ့တာ...
အေး...ကျုပ်အဲ့သည်လိုထားထားတာသိသိနဲ့
ကျုပ်ရဲ့ငွေတွေကို တော့်ရဲ့မိဘတွေကို
ခိုးပေးမယ်မစဥ်းစားနဲ့..."
ဟု...ဝိုင်းစိန်ကပြောထား၍ လှဖေခမျာမိဘများကို
မထောက်ပံ့ရဲပေ။
ယခုလည်း ဝိုင်းစိန်တစ်ယောက်ကိုယ်ဝန်ကြီး
နေ့စေ့လစေ့ဖြစ်နေခဲ့လေပြီ။
**********************************************
"ဝူးးးးးးအူးးးးးးးးးးအူးးးးးးးးးးး"
ခွေးအူသံများက တစ်ရွာလုံးကိုဖုံးလွှမ်းသွားခဲ့သည်။
အချိန်ကလည်းညသန်းခေါင်သို့ပင်ရောက်နေပြီဖြစ်သည်။
အိပ်ပျော်နေသော ဘွားမယ်စိန်၏မျက်လုံးများ ရုတ်တရက်ပွင့်လာခဲ့၏။
အိပ်ရာမှထ၍ သွက်လက်သောခြေလှမ်းများဖြင့်
ဘွားမယ်စိန် ခြံဝိုင်းထဲသို့ဆင်းလာခဲ့သည်။
လရောင်၏အလင်းကြောင့် ပတ်ဝန်းကျင်ကို
ဘွားမယ်စိန်ကြည့်လိုက်ရာ ရွာလမ်းမပေါ်တွင်
ဆံပင်စုတ်ဖွားကြီးဖြင့် သွားလာနေသော အမျိုးသမီးကို
တွေ့လိုက်ရ၏။
ထိုအမျိုးသမီး၏အသားအရည်များက
တစ်ကိုယ်လုံးဝါထိန်၍နေသည်။
ဘွားမယ်စိန်ကိုကျောပေး၍လမ်းလျှောက်နေသော
အမျိုးသမီးကို ဘွားမယ်စိန်စိုက်ကြည့်နေလေသည်။
ထိုသို့ကြည့်နေစဥ် အမျိုးသမီးက
နောက်သို့လှည့်လာလေတော့ ...
"ဟင်...ဝိုင်းစိန်..."
ဟု...ဘွားမယ်စိန်၏နှုတ်မှအံ့သြသံ
ထွက်ပေါ်လာခဲ့လေသည်။
ဝိုင်းစိန်မျက်နှာကိုမြင်လိုက်ရ၍ ဘွားမယ်စိန်အံ့သြသွားခဲ့သည်။
"အောက်...အီ...အီးးးး...အွတ်..."
လင်းကြက်တွန်သံကြောင့် ဘွားမယ်စိန်အိမ်မက်မှ
နိုးလာခဲ့သည်။
"ဘုရား...ဘုရား...ဘုရား"
စိတ်များက လှုပ်ရှားနေ၍ ဘုရားကိုတ၍
ဘွားမယ်စိန်အိပ်ယာမှထလာခဲ့ရသည်။
မျက်နှာသစ်ပြီးနောက် ခြံဝန်းထဲ၌ ပုတီးကိုလက်မှကိုင်ကာ
ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ရင်းနှုတ်မှ
ဘုရားစာများရွတ်ဆိုနေခဲ့သည်။
"ဟယ်...အမေ...အစောကြီးနိုးနေပါလား"
အိပ်ယာထလာသောဒေါ်ဝင်းကဘွားမယ်စိန်ကိုမြင်လေတော့ ပြောလေရာ ဘွားမယ်စိန်က
ခေါင်းသာညိတ်ပြလေသည်။
ဘွားမယ်စိန်၏အမူအရာနှင့်မျက်နှာထားကိုကြည့်၍
ဒေါ်ဝင်းလည်းစကားဆက်မပြောတော့ဘဲ
မျက်နှာသစ်ပြီး မီးဖိုထဲသို့တန်းဝင်သွားတော့သည်။
ထိုစဥ်...
"မမဝင်း...မမဝင်းရေ..."
"ဟဲ့...မိဗျိုင်း...ဘာတွေအော်နေတာလဲ..."
မိဗျိုင်းကအပြေးတပိုင်းရောက်လာသည်။
ဒေါ်ဝင်းကမီးဖိုထဲမှထွက်လာပြီး...
"ဘာဖြစ်လာတာလဲမိဗျိုင်း...
စောစောစီးစီး
အလန့်တကြားနဲ့ပါလားအေ..."
မိဗျိုင်းက...
"ဟိုလေ...ဝိုင်းစိန်...ဝိုင်းစိန်..."
"မိဗျိုင်းကဆက်၍မပြောသောကြောင့်
ဒေါ်ဝင်းစိတ်မရှိစွာ...
"ဝိုင်းစိန်ဘာဖြစ်လို့လဲဟဲ့..."
ဟု...မေးလေတော့ ဘွားမယ်စိန်လည်းပုတီးစိပ်ရင်းမှ
ဒေါ်ဝင်းတို့အနီးသို့ရောက်လာခဲ့သည်။
"ဝိုင်းစိန်...ဆုံးပြီမမဝင်းရဲ့...
ညက ကလေးမွေးရင်း မီးတွင်းထဲမှာဆုံးတာတဲ့"
"ဟေ...ညကဆုံးတာ...
ဟုတ်လား"
"ဟုတ်တယ်...ကျုပ်တို့လည်းမနက်ကမှသိတာ...
အဲ့တာ ကျုပ်တို့သွားမလို့ မမဝင်းလိုက်ဦးမလားလို့
လာခေါ်တာ..."
"လိုက်ရမှာပေါ့...လိုက်ရမှာပေါ့အေ...
စိတ်မကောင်းလိုက်တာဟယ်...
ဒါနဲ့...ကလေးကော...အသက်ရှင်လား မိဗျိုင်း"
"ကလေးကတော့ ကျန်းမာတယ်ပြောတယ်..."
"အေးအေ...
အမေကျုပ်လိုက်သွားဦးမယ်နော်...
အယ်...မေ့နေလိုက်တာ
မီးဖိုထဲမှာ ထမင်းကြော်အိုးက တန်းလမ်းကြီးတော့်"
ဟု...ဒေါ်ဝင်းကပြောတော့...
"လိုက်သွားလိုက်...အမေပဲအပြီးသတ်ထားလိုက်မယ်...."
"ဟုတ်...ဟုတ်အမေ...
ဒါဆို ကျုပ်လိုက်သွားမယ်နော်...
လာ...မိဗျိုင်း သွားကြစို့..."
ဒေါ်ဝင်းနှင့်မိဗျိုင်းတို့ဝိုင်းထဲမှထွက်သွားတာကို
ဘွားမယ်စိန်ကြည့်နေရင်းမှ သက်ပြင်းချလေသည်။
ပြီးလေတော့မှ မီးဖိုထဲသို့ဝင်လာခဲ့တော့၏။
ဒေါ်ဝင်းတို့ရွာသူတွေကတော့ ဝိုင်းစိန်ရဲ့အသုဘ၌
လိုအပ်သည်များကိုဝိုင်းဝန်းကာ
ကူညီလုပ်ကိုင်ပေးနေကြသည်။
အချိန်က ညသန်းခေါင်သို့ရောက်လာလေပြီ။
အသုဘအိမ်၌ဖဲဝိုင်းက ဝိုင်းကောင်းနေခဲ့၏။
ရွာထဲမှဖဲဝါသနာပါသူများကလည်းအသုဘအိမ်၌
ရောက်နေလေရာ...လူအတော်စည်ကားနေခြင်းဖြစ်သည်။
ဝိုင်းစိန်၏ကလေးကိုတော့ လှဖေ၏အမေ
ဒေါ်ကြည်ကချော့မြူကာသိပ်ထားလေသည်။
လှဖေကတော့ အရက်များအလွန်အကျွံသောက်ထား၍
ထန်းလက်ခုံ၌ခွေခွေလေး အိပ်ပျော်နေခဲ့သည်။
"ဝူးးးးအူးးးးးး...အူးးးးးးးးးးး"
ခွေးတစ်ကောင်ရဲ့စွဲစွဲငင်ငင်အူသံကြီးအဆုံး၌
ရွာထဲရှိခွေးများ၏အူသံများကပါအဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။
"တောက်...ဒီခွေးတွေကွာ..."
"ဟုတ်ပါ့ကွာ...ခွေးအူသံတွေကြားရတာ
ကြက်သီးတောင်ထတယ်..."
ဖဲသမားများက ခွေးအူသံများကြောင့် ကြက်သီးများ
ထလာ၍ ပြောကြခြင်းဖြစ်၏။
"ကဲ...ဝင်းအောင်...မင်းအလှည့်..."
"အေးပါကွာ..."
ခွေးအူသံများကိုအာရုံဆက်မထားနိုင်ဘဲ
ဖဲချပ်များကိုပြန်ကြည့်ရင်း အာရုံပြောင်းကြ၏။
ဖဲသမားများက အိမ်ရှေ့ကွပ်ပျစ်၌ထိုင်ကာ ဖဲဆော့နေခြင်းဖြစ်ပြီး မဝိုင်းစိန်၏အလောင်းကိုတော့
အိမ်အပြင်ရှိအလောင်းစင်၌အခေါင်းထဲသို့ထည့်ကာ
တင်ထားကြလေသည်။
"ဝုန်း...ခလွမ်း..."
အိမ်အတွင်းမှာအိုးများ...ခွက်များ ပြုတ်ကျသည့်အသံများ ဆူညံစွာထွက်လာခဲ့သည်။
"ဟ...ဘာဖြစ်တာလဲ"
ဖဲသမားတွေလည်းအလန့်တကြားဖြင့်အိမ်ထဲသို့
ကြည့်ကြသည်။
အိမ်ထဲ၌အိပ်နေကြသော လှဖေ၏
မိဘမောင်နှများသည်လည်း အထိတ်တလန့်ဖြင့်
အိမ်ထဲမှထွက်လာခဲ့ကြ၏။
"အရီး...ဘာဖြစ်တာလဲဗျ"
လှဖေ၏အမေ ဒေါ်ကြည်ကိုရွာသားတွေက
မေးမြန်းလေတော့...
"အိုးတွေ...ခွက်တွေပြုတ်ကျတာ..."
"ဗျာ...ဘာလို့ပြုတ်ကျတာလဲ"
"မသိဘူး...သူ့ဘာသာပြုတ်ကျတာဟဲ့..."
"ဟာ...ဒါဆို ဝိုင်းစိန်ထင်တယ်...
ဝိုင်းစိန်သောင်းကျန်းနေတာပဲဖြစ်ရမယ်ဗျ..."
ဟု...ပြောနေကြစဥ်...
"ဝုန်း....ဒုန်း...ဒုန်း...ခလွမ်းးးးးးး"
ကြမ်းပြင်ကိုခြေဆောင့်သံနှင့် အိုးခွက်များကို
ကန်ချပစ်သည့်အသံများက ဆက်လက်ထွက်ပေါ်လာ၍...
"အမယ်လေး...ဝိုင်းစိန်သောင်းကျန်းနေပြီ...
မနေရဲဘူး...ပြန်မယ်ဗျို့..."
ဖဲသမားတွေလည်း ပြန်ပြေးကုန်ကြသည်။
လှဖေ၏မိဘမောင်နှမများခမျာ
အိမ်ပေါ်သို့လည်းမတက်ရဲကြသလို...
အိမ်မှလည်းထွက်မသွားရက်ကြသဖြင့်
ခြံဝိုင်းထဲ၌ ငုပ်တုတ်ထိုင်နေကြရှာသည်။
နောက်တစ်နေ့နံနက်၌...
"ညက ဝိုင်းစိန်သောင်းကျန်းလို့...
ဖဲသမားတွေအိမ်ပြန်ပြေးကြတယ်တဲ့တော့်..."
"ဟယ်...ဟုတ်လား"
"ဟုတ်ပ...ဝိုင်းစိန်ကိုကြောက်လို့...
ဒီညဘယ်သူမှသွားစောင့်မယ်မထင်ဘူး"
"ခက်ပါရဲ့အေ...ဝိုင်းစိန်တို့များ
သေပြီးတာတောင်စိတ်ကကြမ်းလိုက်တာ..."
"ဟုတ်ပါ့...ဟုတ်ပါ့..."
ရွာသူများက ဝိုင်းစိန်အကြောင်းကိုပြောနေကြသည်။
"မိဝင်း..."
"ရှင်အမေ..."
"အမေ...ဝိုင်းစိန်တို့အိမ်ကိုသွားဦးမယ်..."
"ဟုတ်အမေ...ကျုပ်လည်းတော်နေဆို
လိုက်လာခဲ့မယ်..."
"အေး...အေး...မြေးလေးအဘွားသွားပြီနော်..."
"ဟုတ်ကဲ့အဘွား"
ဘွားမယ်စိန်လည်းတောင်ဝှေးလေးကိုထောက်၍
ဝိုင်းစိန်တို့အိမ်ဘက်သို့ထွက်လာခဲ့သည်။
ဝိုင်းစိန်တို့အိမ်ကိုရောက်တော့...
"ဟော...ဘွားရောက်လာပြီ..."
သူကြီးဦးနောင်ချိုက ဘွားမယ်စိန်ကို
နှုတ်ဆက်လိုက်သည်။
မောင်တိုးနဲ့မောင်အုန်းတို့ကလည်း ဆေးလိပ်ပွဲချ...
လက်ဖက်ပွဲချ လုပ်ကိုင်ပေးနေရင်း ဘွားမယ်စိန်ကို
မြင်တော့ အနီးသို့ရောက်ချလာကြသည်။
ဘွားမယ်စိန်လည်း သူကြီးဦးနောင်ချိုတို့စားပွဲဝိုင်း၌
အတူတူထိုင်ကာ စကားပြောနေခဲ့၏။
"ဘွားရောက်နေတာပဲ...
တော်ပါသေးရဲ့ ကျုပ်ဖြင့်ဘွားအိမ်ကိုတောင်
လာတော့မလို့..."
ဟူသောအသံနှင့်အတူရောက်လာသည်က
ဒေါ်ကြည်ဖြစ်သည်။
"အေး...ဘာကိစ္စရှိလို့လဲအေ့..."
ဟု...ဘွားမယ်စိန်ကပြန်မေးလေတော့...
"အကြောင်းကတခြားမဟုတ်ပါဘူးဘွားရယ်...
ဝိုင်းစိန်အကြောင်းပါ..."
ဟု...ဒေါ်ကြည်ကပြောတော့ ဘွားမယ်စိန်
အကြမ်းရေခွက်ကိုမော့သောက်ရင်းဒေါ်ကြည်ကိုအကဲခတ်သလိုဖြင့်ကြည့်လေသည်။
"ဝိုင်းစိန်အကြောင်းဆိုတော့ ဘာများလဲ"
ဟု...မေးလေတော့...
"ကျုပ်ချွေးမ ဝိုင်းစိန်လေ...
ညက အိမ်ပေါ်မှာရှိတဲ့အိုးတွေ...ခွက်တွေကို အကုန်
ကန်ချ...ခွဲပစ်သွားတယ်ဘွားရဲ့...
ကြည့်ရတာ ကလေးကိုမခွဲနိုင်ဖြစ်နေပုံရတယ်..."
ဟု...ဒေါ်ကြည်ကပြောတော့
ဘွားမယ်စိန်ခေါင်းကိုညိတ်၍...
"ဖြစ်တတ်ပါတယ်...
ရက်လည်ပြီးတဲ့အထိစောင့်ကြရမှာပေါ့အေ..."
"ဟုတ်ကဲ့ဘွား...ကျူပ်တော့ ကလေးနဲ့လိပ်ပြာလည်း
ခွဲပေးချင်သေးတယ်...
ကျုပ်မြေးလေးကိုစိတ်စွဲပြီး မကျွတ်လွှတ်မှာ
ဆိုးလို့ပါတော်..."
"အေးပါ...ဒါတွေဘွားလုပ်ပေးမှာပါ...
စိတ်မပူပါနဲ့အေ..."
"ဟုတ်ကဲ့ဘွား...အဆို...ထိုင်ကြပါဦး...
ကျုပ်ဧည့်သည်တွေအတွက်လက်ဖက်နှပ်ထပ်လုပ်
ပေးထားလိုက်ဦးမယ်..."
"အေး... လုပ်စရာရှိရင်လုပ်ပါ..."
ဒေါ်ကြည်ထွက်သွားလေသည်။
ဘွားမယ်စိန်လည်း သူကြီးဦးနောင်ချိုတို့နှင့်အတူ
စကားပြောနေလိုက်တော့သည်။
အသုဘနှစ်ရက်မြှောက်နေ့၌ ဖဲဝိုင်းက အစောကြီး
သိမ်းသွားခဲ့သည်။
ဖဲသမားတွေက ဝိုင်းစိန်ခြောက်လန့်မှာကိုကြောက်၍
ပြန်သွားကြတော့၏။
အသုဘအိမ်၌ ဒေါ်ကြည်တို့လင်မယားနှင့်
ဒေါ်ကြည်၏သားသမီးများနဲ့ ဆွေမျိုးမကင်းသည့်
ရွာသားများသာကျန်ခဲ့ကြသည်။
"ဟော...ဖဲဝိုင်းသိမ်းသွားပြီလားဗျ"
မောင်တိုးနဲ့မောင်အုန်းအသုဘအိမ်သို့ရောက်လာခဲ့ကြသည်။
"ဟုတ်ပမောင်တိုးရာ...ဒီလူတွေ ဝိုင်းစိန်ကိုကြောက်ပြီး
ပြန်ကုန်ကြတာကွ..."
"သူတို့က ဝိုင်းစိန်ကိုကြောက်တယ်ဆိုတော့
ကိုကြီးခင်မောင်ကရော မကြောက်ဖူးလားဗျ"
ဟု...မောင်တိုးကမေးတော့ ကိုခင်မောင်သည်
အရက်မူး၍အိပ်နေသော.ညီဖြစ်သူ လှဖေကို
လှမ်းကြည့်ရင်း...
"ငါမကြောက်ပါဘူးမောင်တိုးရာ...
ငါ့မှာငါ့ညီနဲ့ငါ့တူကိုစောင့်ရှောက်ပေးဖို့
တာဝန်ရှိသေးတယ်လေကွာ..."
ဟု...ပြောလေသည်။
မောင်တိုးနဲ့မောင်အုန်းကလည်း ကိုခင်မောင်စကားကို
ခေါင်းညိတ်လက်ခံကြသည်။
"ကဲ...လာကွာ...တို့အကြမ်းရည်သောက်...
လက်ဖက်သုပ်စားရင်း စကားပြောကြတာပေါ့"
မောင်တိုးနဲ့မောင်အုန်းလာ၍ ကိုခင်မောင်တို့
လူအင်အားတောင့်တင်းသွားကြသည်။
မောင်တိုးနဲ့မောင်အုန်းတို့လည်း
ကိုခင်မောင်တို့နှင့်အတူ စကားပြော...အကြမ်းရည်သောက်ရင်း အသုဘအိမ်ကိုဝိုင်းကူစောင့်ပေးကြ၏။
"ဟဲ့...ဘယ်သူကြီးလဲ..."
ဆံပင်ဖျားလျားကြီးချ၍ ခြံဝိုင်းထဲဝင်လာသူကြောင့်
ဒေါ်ကြည်အလန့်တကြားထအော်လိုက်သည်။
မောင်တိုးတို့လည်း ဒေါ်ကြည်အသံကြောင့်
လှမ်းကြည့်ကြရာ ထိုဆံပင်ဖျားလျားအမျိုးသမီးကို
တွေ့သွားကြ၏။
"ဘယ်သူလဲ...ညကြီးအချိန်မတော်...
စနောက်စရာမဟုတ်ဖူးနော်..."
မောင်အုန်းကမေးလိုက်သည်။
သို့သော် ဆံပင်ဖျားလျားအမျိုးသမီးသည်
စကားပြန်ပင်မဖြေလေရာ...မောင်တိုးတို့သည်
ထိုအမျိုးသမီးကိုဝိုင်းထား၍ သေချာကြည့်ကြ၏။
ထိုအထဲမှလက်ရဲသူက အမျိုးသမီးအနီးသို့ကပ်၍
ဆံပင်ကိုလက်ဖြင့်လှန်လိုက်လေရာ...
"ဟာ...မရီထွေး ....ဘာလုပ်တာလဲဗျာ..."
ထိုအမျိုးသမီးသည် မရီထွေးဖြစ်၏။
ကိုခင်မောင်တို့က မရီထွေးလို့ သိသွား၍
ရယ်ကြမောကြသော်လည်း မောင်တိုးနဲ့မောင်အုန်းမှာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍...
"မောင်တိုး...ဘွားကိုသွားခေါ်ချေ..."
"ဟုတ်ကိုကြီးအုန်း..."
မောင်တိုးလည်းအပြေးထွက်သွားတော့သည်။
ကိုခင်မောင်က နားမလည်သလိုဖြင့်...
"ဘာဖြစ်လို့လဲမောင်အုန်း..."
ဟု...မေးလေတော့ မောင်အုန်းလည်း မရီထွေးကို
လက်ညိုးထိုး၍...
"သူက မရီထွေးမဟုတ်ဘူး ကိုခင်မောင်...
မရီထွေးကို တစ်ယောက်ယောက်ပူးကပ်နေတာ..."
ဟု...ပြောလေတော့...
"ဟေ..."
"ဟင်..."
ကိုခင်မောင်တို့လန့်သွားကြသည်။
"ဟားးးး...ဟားးးး... ဟားးး...ဟားးးး...ဟားးးးးး
ဟား...ဟားးး...ဟားး...."
မရီထွေးက ခြောက်ကပ်ကပ်အသံကြီးဖြင့်
တဟားဟားထရယ်လေသည်။
"နင်ဘယ်သူလဲ..."
မောင်အုန်းကမေးလိုက်သည်။
ထိုသို့မေးလေတော့...
"ငါ...ဝိုင်းစိန်ဟဲ့...ဝိုင်းစိန်..."
ဟု...အော်ဟစ်ရင်း ဆံပင်များကိုအနောက်သို့ဖယ်ပစ်ရာ
နီရဲသောမျက်လုံးကြီးများကိုအားလုံးမြင်လိုက်ကြရသည်။
"ဟင်...ဝိုင်းစိန်...ဘယ်မှာလဲ"
လှဖေမူးမူးဖြင့်ထအော်လေတော့...
"အဲ့မသာကိုလာသတ်တာ...
ဒင်းကိုသတ်ပြီးမှငါ့ကလေးကိုခေါ်သွားမယ်..."
"ဟင်.."
ဒေါ်ကြည်အလန့်တကြားဖြင့် အိပ်ပျော်နေသော မွေးကင်းစကလေးလေးကို ပြေးပွေ့လိုက်သည်။
"ဝိုင်းစိန်... စိတ်ကိုလျော့ပါဟာ...
နင်နဲ့သူတို့ကဘဝချင်းခြားသွားကြပြီလေ....
ဒါကိုနင်လက်ခံလိုက်ပါ..."
"လက်မခံဘူး...ငါ့ကလေးကို
ဒင်းလက်ထဲမှာစိတ်မချဘူး...
သောက်စားနေတဲ့အရက်သမား...
ဒင်းကိုသတ်ပြီးငါ့ကလေးကိုခေါ်သွားမယ်..."
ဟု...ဝိုင်းစိန်ကပြောရင်း လှဖေဆီကိုဒေါသတကြီး
သွားလေတော့...
"ဆွဲကြဗျို့...
ဝိုင်းဆွဲကြ..."
မောင်အုန်းက အော်လည်းအော်...
ဝိုင်းစိန်ဝင်ပူးထားသည့် မရီထွေး၏ခန္ဓာကိုယ်အား
ဆွဲထားလေတော့ ကိုခင်မောင်တို့ကလည်း
မရီထွေးကို ဝိုင်း၍ ဆွဲကြတော့သည်။
"ဝိုင်းစိန်....နင်ထင်ရာတွေမလုပ်ပါနဲ့ဟာ"
မောင်အုန်းကပြောသော်လည်းဝိုင်းစိန်က
ဒေါသတကြီးဖြင့် မောင်အုန်းတို့ကိုတွန်းဖယ်ပစ်လိုက်သည်။
မောင်အုန်းတို့ယောက်ျားသားငါးဦး၏အင်အားကို
ဝိုင်းစိန်ကတွန်းဖယ်ကာပစ်ရင်း
လှဖေဆီသို့သွားလေသည်။
မောင်အုန်းလည်း ဝိုင်းစိန်အားကြောင့်မြေပေါ်၌
ခွေခွေကလေးလဲကျသွားရာပြန်၍ထကာ...
"ဝိုင်းစိန်...မလုပ်ပါနဲ့ဟာ..."
ဟုအော်၍ လက်ကိုဆွဲ၍တားပါသော်လည်း
ဝိုင်းစိန်က မောင်အုန်း၏လက်ကိုဆုပ်ကိုင်ပြီး
တွန်းဖယ်ပစ်လိုက်သည်။
"ထစမ်း..."
"အမယ်လေး...ငါ့သားလေးကိုမလုပ်ပါနဲ့"
လှဖေ၏လည်ပင်းကိုလက်ဖြင့်ဆုပ်ကိုင်ရင်း
ဝိုင်းစိန်က မလိုက်သည်။
ဒေါ်ကြည်ခမျာအော်၍ပင်တားနိုင်ပြီး
အနားသို့လည်းမသွားရဲပေ။
"ဝိုင်းစိန်သမီး...ထင်ရာတွေမလုပ်ပါနဲ့..."
လှဖေ၏ အဖေကလည်းဝိုင်းစိန်ကို ပြောလေသည်။
ထိုအခါမူးနေသော လှဖေ မျက်လုံးပွင့်လာပြီး...
"ဝိုင်းစိန်....ငါ့...ငါ့ကိုလာခေါ်တာမလား...
ငါ့ကိုအတူခေါ်သွားပါဟာ...ငါနင်မရှိဘဲ အသက်မရှင်ချင်တော့ဘူး"
ဟု...ပြောလေတော့ ဝိုင်းစိန်က...
"အေး...ငါနင့်ကိုသတ်မှာလှဖေ...သတ်မှာ..."
ဝိုင်းစိန်က လှဖေ၏လည်ပင်းကိုညှစ်လေသည်။
လှဖေ မြေပေါ်မှတတောင်လောက်ထိမြှောက်နေပြီး
ဝိုင်းစိန်က လည်ပင်းကိုညှစ်ထားသည့်ကြားမှ
လှဖေ ဝိုင်းစိန်ကိုကြည့်၍ ပြုံးလေသည်။
ထိုစဥ်...
"ဝီးးးး...."
"ဖြောင်း..."
"အားးး..."
ဝိုင်းစိန်၏လက်ကို ကျောက်ခဲအသေးလေးတစ်ခုလာထိမှန်ပြီး ဝိုင်းစိန်၏လက်မှ လှဖေလွှတ်သွားခဲ့သည်။
လက်မှ နာကျဉ်မှုကြောင့် ဝိုင်းစိန်အနောက်သို့
ဒေါသတကြီး ကြည့်လေရာ ဘွားမယ်စိန်ကို
မြင်သွားလေတော့ ကြောက်လန့်သွားခဲ့၏။
"ညည်းက ဘာတွေမကျေနပ်နေတာလဲ
ဝိုင်းစိန်..."
ဟု...ဘွားမယ်စိန်ကမေးတော့
"ကျုပ်ကလေးကိုဒင်းနဲ့စိတ်မချဘူး...
ကျုပ်ကလေးကိုကျုပ်ခေါ်သွားမယ်..."
ဟု...ဝိုင်းစိန်က ပြောလေသည်။
ဘွားမယ်စိန်က ခေါင်းကိုခါရမ်း၍...
"မဖြစ်နိုင်တာအေ...
ညည်းက ကလေးကိုအသေသတ်ပြီး
ဝိညာဥ်ကိုခေါ်သွားတော့ ဒီကလေးဘဝက
ဘာထူးလာမှာလဲ...
အခုကြည့်လေ...ညည်းယောက္ခမကိုယ်တိုင်ကလေးကို
စောင့်ရှောက်ပေးနေတာမလား...
ညည်းဘာကိုစိတ်မချစရာရှိလို့လဲအေ..."
ဟု...ဘွားမယ်စိန်ကပြောတော့ဒေါ်ကြည်က...
"ဟုတ်ပါတယ်သမီးရယ်...
အမေတို့ ညည်းသားလေးကိုစောင့်ရှောက်ပေးမှာပါ
စိတ်ချပါသမီးရယ်...နောက်ဆန်မတင်းပါနဲ့အေ..."
ဟု...စိတ်မကောင်းစွာပြောလိုက်သည်။
ဝိုင်းစိန်က ဒေါ်ကြည်ကို ကြည့်၍...
"တော်တို့ကိုမယုံဘူး...ကျုပ်သားကို
ကျုပ်ခေါ်သွားမယ်"
ဟု...ဒေါသတကြီးဖြင့်ပြောပြီး ကလေးကိုခေါ်ဖို့
ဒေါ်ကြည်ဆီကိုသွားလေသည်။
သို့သော် ဘွားမယ်စိန်က အရှေ့မှပိတ်ကာရပ်လိုက်၏။
"ညည်း မမိုက်စမ်းနဲ့ဝိုင်းစိန်...
ပြောစကားကိုနားထောင်ရင်ထောင်...
မဟုတ်ရင်ငါ.ညည်းကိုအပြစ်ပေးရလိမ့်မယ်..."
ဟု...ဘွားမယ်စိန်ကပြောတော့...
"ဘွား ကြိုက်သလိုလုပ်...
ကျုပ်ကတော့ ကလေးကိုခေါ်သွားမှဖြစ်မယ်..."
ဟု...ဝိုင်းစိန်ကပြောလေသည်။
"ကောင်းပြီ...ညည်းသွားခေါ်ချေ..."
ဘွားမယ်စိန်ကထိုသို့ပြောပြီး ဝိုင်းစိန်ကိုလမ်းဖယ်ပေးလိုက်သည်။
ဝိုင်းစိန်လည်းဘွားမယ်စိန်ကိုကျော်၍
ဒေါ်ကြည်ဆီက ကလေးကိုလုယူဖို့သွားသည်။
"သမီးရယ်...ကလေးကိုမခေါ်ပါနဲ့...
အမေတောင်းပန်ပါတယ်..."
"ဟုတ်ပါတယ်...အဖေတို့မြေးလေးကို
မခေါ်ပါနဲ့သမီးရယ်...နော်..."
လှဖေမိဘများက ဝိုင်းစိန်ကို တောင်းပန်ကြသည်။
ထိုစကားများကို ဝိုင်းစိန်က မည်သို့မှ မတုံ့ပြန်ဘဲ
ကလေးကိုသာခေါ်ဖို့လက်လှမ်းလိုက်ရာ...
"အား...အမယ်လေး..."
သူ၏လက်က ကလေးဆီမရောက်ဘဲ
သူ့ခေါင်းကိုကိုင်ကာ အထိတ်တလန့်အော်ဟစ်လေသည်။
"အမယ်လေး...ခေါင်းတွေကွဲပါပြီ...
ကျုပ်ခေါင်းကြီးကွဲပါပြီ...
အမယ်လေး...နာလိုက်တာ.. အမယ်လေး..."
ဝိုင်းစိန် မြေပေါ်သို့ပစ်လှဲပြီး လူလှိမ့်ကာ
အော်ဟစ်လေသည်။
"အမယ်လေး...နာလိုက်တာတော်...
မထုပါနဲ့...ကျုပ်ခေါင်းကိုမထုပါနဲ့တော့....
အား....အမယ်လေးးးးး"
ဝိုင်းစိန်းအော်ဟစ်သံများက ဆူညံနေခဲ့သည်။
"ဘွား...ကျုပ်မိန်းမကို အပြစ်မပေးပါနဲ့ဗျာ...
အဲ့အစားကျုပ်ကိုပဲသတ်လိုက်ပါ...
ကျုပ်ကိုပဲသတ်လိုက်ပါဗျာ...
အီးးးးဟီးးးးးဟီးးးးးးးဟီးးးးးးးးးးးးးးး"
လှဖေ ဘွားမယ်စိန်အရှေ့၌ လက်အုပ်လေးချီကာ
ဒူးထောက်ပြီး တောင်းပန်ရှာသည်။
"လှဖေ...ဖယ်စမ်း...နင့်မိန်းမက
နင့်ကလေးကိုသတ်ပြီးခေါ်သွားမှာ...
အခုဖယ်စမ်း..."
"ဘွားရယ်...ကျုပ်တောင်းပန်ပါတယ်ဗျာ...
သူ့အမှားမဟုတ်ပါဘူး...
ကျုပ်အမှားပါဗျာ...
ကျုပ်ကသူစိတ်ချအောင်မနေတော့
ကျုပ်လက်ထဲသူ့ကလေးကိုမထားခဲ့နိုင်ဖြစ်နေတာပါ...
ကျုပ်မိန်းမကိုကျုပ်ပြောပါမယ်ဗျာ...
ဘွားခွင့်လွှတ်ပေးပါ..."
ဟု...လှဖေကတငိုငိုတရီရီဖြင့်တောင်းပန်နေတော့
ဘွားမယ်စိန်သက်ပြင်းချလိုက်သည်။
ပြီးနောက်ညာလက်ကိုဝေ့ရမ်းလိုက်ပြီး...
"ကဲ...မောင်ရင်ရှင်းနိုင်ရင်ရှင်းပေတော့..."
ဟုသာပြောလိုက်၏။
လှဖေသည် မြေပေါ်၌လှဲနေသော ဝိုင်းစိန်ကိုမထူပေးရင်း...
"ဝိုင်းစိန်... ငါ...ငါလေ...
နင်အသက်ရှိစဥ်က နင်ရှာကျွေးတာစားပြီး
နင့်အကြိုက်နေခဲ့တဲ့သူပါ...
ဒါပေမယ့် ငါယောကျာ်းပါဝိုင်းစိန်ရယ်...
ငါတို့သားလေးကိုငါစောင့်ရှောက်မှာပါ...
ငါ့သားလေးကို လူတော်လူကောင်းလေးဖြစ်တဲ့အထိ
ငါကျွေးမွေးစောင့်ရှောက်နိုင်ပါတယ် ဝိုင်းစိန်ရယ်..."
ဟု...လှဖေကပြောတော့ ဝိုင်းစိန်...
လှဖေကိုကြည့်သည်။
"ငါ့ကိုယုံပေးပါဝိုင်းစိန်ရယ်...
နင်မရှိတော့ဘူးဆိုတဲ့စိတ်နဲ့ငါနင့်နောက်ကို
လိုက်ချင်နေတာပါဟာ...
ဒါပေမယ့် ငါတို့သားလေးရှိသေးတယ်ဆိုတဲ့
စိတ်ကြောင့် ငါနေနေရတာပါ...
ငါနင့်ကိုချစ်သလိုငါ့သားလေးကိုလည်းချစ်ပါတယ်
ဝိုင်းစိန်..."
"သေချာလား...နင်သားလေးကိုစောင့်ရှောက်မယ်ဆိုတာ
သေချာလားလှဖေ..."
"သေချာပါတယ်ဟာ...
အခုဘွားနဲ့ငါ့မိဘတွေရဲ့အရှေ့မှာ
ငါကတိပေးပါတယ်...သားလေးကိုစိတ်ချပါဟာ...
ငါအရက်လည်းမသောက်တော့ပါဘူး...
သားလေးကိုနင်မရှိတော့ပေမယ့်အဖေနေရာကော
အမေနေရာပါယူပြီးငါပြုစုပျိုးထောင်မှာပါ..."
ဟု...လှဖေကပြောလိုက်သည်။
"ဟုတ်ပါတယ်သမီးရယ်...
အမေတို့ကလည်းသားနဲ့မြေးလေးကိုပစ်မထားပါဘူး...
စိတ်ချပါသမီးရယ်..."
ဒေါ်ကြည်ကပါပြောလေတော့ ဝိုင်းစိန်မျက်ရည်များ
ကျလာသည်။
ပြီးနောက်ခေါင်းကိုညိတ်၍...
"ကျုပ်စိတ်ချပါပြီ...
ကျုပ်စိတ်ချပါပြီတော်..."
ဟု...ပြောရှာသည်။
"ဘွား...ကျူပ်စိတ်ချပါပြီ..."
ဟု...ဘွားမယ်စိန်ကိုကြည့်ကာထပ်ပြောလေတော့
ဘွားမယ်စိန်ကပြုံး၍ခေါင်းညိတ်ရှာသည်။
ဝိုင်းစိန်မြေပေါ်သို့ခွေခနဲလဲကျသွားသည်။
"ဝိုင်းစိန်..."
"လှဖေ...သူကဝိုင်းစိန်မဟုတ်တော့ဘူး...
ရီထွေး ဖြစ်သွားပြီကွဲ့..."
လှဖေက ဝိုင်းစိန်ကိုထူဖို့လုပ်လေတော့ ဘွားမယ်စိန်က
ထိုသို့ပြောလိုက်လေသည်။
မရီထွေးကို မောင်တိုးတို့ဝိုင်းထူပေးကြ၏။
"ဟောတော်...ကျုပ်ကဘာလို့ဒီကိုရောက်နေရတာလဲ..."
မရီထွေးကတအံ့တသြနဲ့မေးသည်။
"မရီထွေး...ခင်ဗျားကိုဝိုင်းစိန်ဝင်ပူးတာဗျ"
"ဟမ်...ဝိုင်းစိန် ဝင်ပူးတာ...
ဘုရား...ဘုရား...ဘုရား"
မရီထွေးလည်းလန့်သွားလေသည်။
"ကဲ...မောင်တိုး....မင်းအစ်မကိုလိုက်ပို့ပေးလိုက်ဦးကွဲ့"
"ဟုတ်ကဲ့ဘွား"
မရီထွေးကို မောင်တိုးအိမ်ပြန်လိုက်ပို့ပေးရှာသည်။
ဘွားမယ်စိန်ကတော့အိမ်သို့မပြန်တော့ဘဲ
ဒေါ်ကြည်တို့နှင့်စကားပြောနေခဲ့၏။
ဝိုင်းစိန်ရဲ့သားလေးကိုလည်း ကြည့်၍
ချည်မန်းကြိုးလေးကိုလည်ပင်း၌ဆွဲပေးထားလေသည်။
"ကျုပ်ချွေးမလေး ဘဝကူးကောင်းမှာပါနော်ဘွား"
"ကောင်းမှာပါကွယ်...
မောင်လှဖေကလည်း ကတိတည်ပေါ့...
သားလေးကိုသေချာပြုစုပျိူးထောင်...
ဒါမှသူလည်းစိတ်ချမှာ..."
"ကျုပ်ကတိတည်မှာပါဘွားရယ်...
သူလည်းနောက်ဆန်မတင်းစေရပါဘူးဗျာ..."
"အေး...အေး...ကောင်းပါတယ်ကွယ်
သွားတဲ့သူလည်းစိတ်ချလက်ချသွားရတာပေါ့"
ထိုသို့ဖြင့် ဝိုင်းစိန်၏အသုဘပြီးဆုံးသွားခဲ့သည်။
ဝိုင်းစိန်အတွက်လည်းကုသိုလ်ကောင်းမှုများ
လုပ်ပေးကြ၏။
လှဖေကတော့ သူ့ကတိအတိုင်းအရက်ကိုဖြတ်၍
သားဖြစ်ကို စောင့်ရှောက်ပေးရှာသည်။
ဒါတင်မကဝိုင်းစိန်လုပ်ကိုင်ခဲ့သော အလုပ်များကို
လှဖေကိုယ်တိုင်ဦးစီး၍ လုပ်ကိုင်နေပြီဖြစ်၏။
ထိုသို့ဖြင့် ဘွားမယ်စိန်နှင့် သရဲမဝိုင်းစိန်ဆိုသည့်
စာမူလေးပြီးဆုံးသွားလေသည်။
ပြီးပါပြီ။
ယဥ်မင်း(ကန့်ဘလူ)
Comments
Post a Comment