ဘွားမယ်စိန်နှင့်သောင်ထွန်းရွာသို့အလည်တစ်ခေါက်
ဘွားမယ်စိန်နှင့်သောင်ထွန်းရွာသို့အလည်တစ်ခေါက်
အထူးစာမူ...
နှစ်ဟောင်းကုန်ပါပြီ...
နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလို့ ဘွားမယ်စိန်ရဲ့ချစ်သောလေးများကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ထိုနေ့ နေ့လယ်ခင်းအချိန် စာထိုင်ရေးနေရင်းမှ
မျက်လုံးများညောင်းညာလာ၍ ကျောမှီခုံလေးအထက် ခဏမျှ မျက်လုံးများကိုမှိတ်ထားလိုက်မိသည်။
ကျွန်မ စာထိုင်ရေးရာ နေရာမှာ အိမ်အပေါ်ထပ်ဝရံတာလေးဖြစ်ပြီး နံဘေး၌လည်းစာငှက်လေးများအတွက်
အိမ်လေးတစ်လုံးစီမံထားပေးရာ စာငှက်တို့ရဲ့
အော်မြည်သံတချို့ကိုလည်း နားအတွင်း၌
ကြားနေခဲ့ရသည်။
"ဝါး..."
ဝါးတစ်ချက်ကို သန်းလိုက်ရင်း မျက်လုံးများကိုဖွင့်လိုက်မိသည်။ မည်မျှကြာအောင်အိပ်ပျော်သွားလေသလဲမသိဟုသောအတွေးဖြင့် နံဘေး၌ ဖုန်းကိုတွေ့လို့တွေ့ငြား
ရှာဖွေနေရင်းမှ သတိထားမိသွားခဲ့၏။
"ဟင်..."
ဘေးဘယ်ညာကိုကြည့်ရင်း အံ့သြသွားခဲ့မိသည်။
ကျွန်မရောက်နေသောနေရာသည်က ကျွန်မ မှတ်မိသော
ဝရံတာ၌ဟုတ်မနေခဲ့။
ကျွန်မသည် ဝါးခြမ်းပြားဖြင့် ခင်းထားတဲ့ ကွပ်ပျစ်လေးပေါ်၌ရှိနေပြီး ကွပ်ပျစ်ခင်းရဲ့ဘေး၌ တွဲရပ်ဆောက်ထားသော အိမ်ကလေးကိုလည်းမြင်နေခဲ့ရသည်။
လှေကားထစ်ခြောက်ထစ်သာရှိသော လှေကားလေးနဲ့ အိမ်အပေါ်ထပ်ကို တန်း၍မြင်သာနေခဲ့၏။
"အဘွား...အဘွားကဘယ်သူလဲ"
ကျွန်မအလန့်တကြားဖြစ်သွားရပြန်သည်။
ဘေးဘယ်ညာကိုကြည့်နေရင်း ကျွန်မရဲ့ ခေါင်းရင်းနေရာ၌ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို ဖွာရှိုက်နေသော
အဘွားအိုတစ်ဦး။
ထိုအဘွားကိုကြည့်ရင်းကျွန်မစိတ်ထဲရင်းနှီးနေသယောင်ထင်မိခဲ့သည်။
အဘွားအိုသည်က ကျွန်မရဲ့အမေးကိုမဖြေသေးဘဲ
သူ၏ မျက်လုံးများက ကျွန်မကိုသာစူးစိုက်၍ကြည့်နေခဲ့ပြန်သည်။အဘွားအိုရဲ့အကြည့်များကကျွန်မရဲ့စိတ်နှလုံးကို နှိုးဆွလိုက်သည့်အလား တဒုန်းဒုန်းခုန်လာခဲ့ပြီး
လက်၌ ကြက်သီးများပင်ထလာခဲ့တော့သည်။
ဆံပင်များတစ်ခေါင်းလုံးဖြူနေခဲ့ပြီး ကွမ်းသီးလုံးမျှဆံထုံးလေးကိုသာ ထုံးဖွဲ့ထားသောအဘွားအိုကို
ကြောက်လန့်နေမိသည်မှာအမှန်ဖြစ်သည်။
"အဘွား...ကျွန်မ အဘွားကိုမေးနေတာလေ...
အဘွားက ဘယ်သူလဲ...နောက်ပြီး ကျွန်မကရော
ဘာလို့ဒီကိုရောက်နေရတာလဲ"
ကျွန်မအမေးကရယ်စရာများကောင်းနေ၍လားမသိ။
အဘွားအိုပြုံးသွားသည်။
အဘွားအိုရဲ့အပြုံးကိုမြင်ရတော့ ချစ်စဖွယ်ကောင်းသည်ဟု ကျွန်မမှတ်ချက်ပြုမိပြန်၏။
"ညည်းက ကျုပ်ကိုမသိဘူးလား"
"ကျွန်မ မသိလို့မေးနေတာပေါ့အဘွားရယ်..."
သိလျှင်မေးပါ့မလားဟု စိတ်ထဲ၌တွေးရင်းအဘွားအိုကို
ပြောလိုက်မိ၏။
"အမေ...ကျုပ်ဒီမှာ ဘူးသီးခူးလာတယ်...
ဘူးသီးဟင်းချိုလေးချက်ရမလား...
ဘူးသီးကြော်လေးပဲကြော်ရမလားအမေပြောဦး"
ကျွန်မ ရဲ့မရှင်းလင်းမှုများကြားမှ အဒေါ်ကြီးတစ်ယောက် ရောက်လာခဲ့ပြန်သည်။
ထိုအဒေါ်ကြီးရဲ့အပြောအဆိုနဲ့ ပုံစံများက ကျွန်မစိတ်ထဲ
တစ်စုံတစ်ယောက်နဲ့တူနေခဲ့ပြန်၏။
အဒေါ်ကြီးကတော့ ကျွန်မကိုတစ်ချက်လှမ်းကြည့်ရင်း
ပြုံးပြလေတော့ ကျွန်မလည်းပြန်လည်ပြုံးပြမိပြန်သည်။
"ညည်းသမီးနဲ့ရှင်ညိုကိုမေးဦးလေအေ...
သူတို့ ဘယ်လိုများစားချင်ကြသလဲလို့...
အမေကတော့ ဘယ်လိုဖြစ်ဖြစ်စားပါတယ်အေ"
"ရှင်ညို..."
ရှင်ညိုဟုသောအမည်ကြောင့် ကျွန်မ အံ့သြမိသည်။
ရှင်ညိုဆိုတာကျွန်မရေးနေသော ဇာတ်လမ်းများထဲမှ
နာမည်ရဇာတ်ကောင်နဲ့တူနေခဲ့သည်။
"ဒီက မိန်းကလေးကရော ဘယ်လိုမျိုးကိုကြိုက်သလဲ"
အဒေါ်ကြီးက ကျွန်မကိုကြည့်၍မေးလာပြန်သည်။
"အကြော်...အကြော်ကြိုက်တယ် အရီး..."
အယောင်ယောင်အမှားမှားဖြင့် ကျွန်မ နှုတ်က
ထွက်သွားပြန်သည်။
အဒေါ်ကြီးက ကျွန်မကိုရင်းနှီးနေသည့်အလားပြုံး၍ကြည့်ရင်း မီးဖိုခန်းဟုထင်ရသောအခန်းတစ်ခုထဲဝင်သွားခဲ့လေသည်။
ကျွန်မလည်းကွပ်ပျစ်ခင်းပေါ်မှဆင်းလာခဲ့ပြီး ခြံဝန်းထဲကို
သေချာကြည့်မိသည်။
ကွပ်ပျစ်နဲ့မလှမ်းမကမ်း၌ သရက်ပင်တချို့ရှိပြီး အိမ်နောက်ဖေး၌ မာလကာပင်များက ရှိနေခဲ့သည်။
ဒါတင်မကသေး ဆူးပုတ်ပင်တချို့ကိုလည်းတွေ့ရပြန်တော့ ကျွန်မစိတ်အာရုံသည် တွေး၍မရအောင်ဖြစ်လာခဲ့တော့၏။
"ကလေးမလေး...ညည်း ကျုပ်ကိုတကယ်မသိတာလား"
ကျွန်မနောက်မှပေါ်လာသော အဘွားအိုရဲ့မေးခွန်းကို
ကျွန်မ ဖြေဖို့တွန့်ဆုတ်နေမိသည်။
အဘွားအိုသည် ခါးအနည်းငယ်ကုန်းနေပြီး တောင်ဝှေးလေးတစ်ချောင်းကိုအသုံးပြုကာ ရပ်နေခဲ့၏။
အဘွားအိုကိုင်ထားရာတောင်ဝှေးရဲ့လက်ကိုင်နေရာ၌
နဂါးတစ်ကောင်ရဲ့ဦးခေါင်းကိုမြင်နေရပြီး
တောင်ဝှေးတစ်ချောင်းလုံးကိုနဂါးတစ်ကောင်ကရစ်ပတ်ထားသကဲ့သို့ ဖြစ်နေတာကို ကျွန်မသေချာမြင်ရသည်။
ထိုနဂါးတောင်ဝှေးကြောင့် ကျွန်မအာရုံသည်တစ်စုံတစ်ယောက်ကိုအမှတ်ရသွားခဲ့၏။
"အဘွား...အဘွားက...အဘွားက..."
ကျွန်မ ရဲ့စကားလုံးများက တစ်ဆို့နေခဲ့သည်။
လက်ညိုးလေးထိုးရင်း စကားများထစ်နေတဲ့
ကျွန်မကိုကြည့်ရင်း အဘွားအိုကပြုံးပြန်သည်။
"ကလေးမလေး...ဘွားကို ညည်းမမှတ်မိဘူးပေါ့"
"မ...မဟုတ်...မဟုတ်ပါဘူးအဘွားရယ်...
အဘွားက ဘွားမယ်စိန်မဟုတ်လား...ကျုပ်...ကျုပ်အံ့သြမိလို့ပါ...အဘွားဟုတ်ပါတယ်နော်..."
ကျွန်မရဲ့အမေးကိုအဘွားအိုက ခေါင်းညိတ်ပြလေတော့
ကျွန်မရဲ့ နှလုံးခုန်ချက်များက အတော်ပင်ကျယ်လောင်နေပြီဆိုတာကိုသာ ကျွန်မသတိထားမိတော့သည်။
ကျွန်မချက်ချင်းပင် အဘွားအိုကို ပြေးဖက်မိ၏။
အဘွားအိုကလည်း ကျွန်မရဲ့ကျောပြင်ကို
အလိုက်သင့် သူ့ရဲ့သေးသွယ်လှတဲ့ လက်ကလေးဖြင့်
ပုတ်ပေးနေခဲ့သည်။
"ဝမ်းသာလိုက်တာအဘွားရယ်...
ကျုပ်လေ...ကျုပ်တကယ်ကိုဝမ်းသာမိပါတယ်..."
"ကဲ...လာစမ်းပါဦး...ကွပ်ပျစ်မှာသွားထိုင်ကြရအောင်အေ"
ဘွားမယ်စိန်၏သေးသွယ်လှတဲ့လက်ချောင်းလေးများရဲ့
ခေါ်ဆောင်ရာဆီကို ကျွန်မ မငြင်းဆန်ပဲလိုက်လာခဲ့သည်။
ကွပ်ပျစ်ခင်းပေါ်ရောက်တော့ အဘွားအိုက ရေနွေးအိုးကိုငှဲ့ပြီး ကျွန်မကိုအကြမ်းရည်ခွက်လေးကမ်းပေးသည်။
ကျွန်မလည်း မငြင်းဆန်ပဲရေနွေးကိုတကျိုက်ထဲမော့သောက်မိသည်။
"သမီး...ညည်းနာမည်ကိုဘွားသိပေမယ့်...
ပြန်မိတ်ဆက်ပါဦးအေ့"
"ကျွန်မနာမည်က ယဥ်မင်းပါအဘွား"
"ညည်းအသက်က..."
"ကျွန်မ ၂၆နှစ်ပါအဘွား"
"ငါ့သမီးလည်းမငယ်တော့ဘူးပဲအေ့...
ဘယ့်နဲ့လည်းဘွားကိုတွေ့ရတာကြောက်သွားသလား"
ဘွားမယ်စိန်ရဲ့မေးခွန်းကြောင့် ကျွန်မ ခေါင်းကိုချက်ချင်းခါရမ်းမိသည်။
"မဟုတ်ပါဘူးအဘွား...ကျွန်မ မကြောက်ပါဘူး...
တကယ်တော့ ကျွန်မ ဝမ်းသာသွားတာပါ"
"ဘယ်လိုကြောင့်လဲအေ့..."
"ကျွန်မလေ ကျွန်မ လမ်းမှာကြုံခဲ့တဲ့အဘွားတွေ
ဒါမှမဟုတ်ကျွန်မ လစဥ်လှူနေတဲ့အဘွားတွေကိုမြင်တိုင်း
ဘွားမယ်စိန်ဆိုရင်ဒီလိုလေးထင်ပါတယ်ဆိုပြီး
အမြဲတမ်းကျွန်မ မြင်ယောင်ကြည့်မိဘူးတယ်အဘွား...
ဒါပေမယ့်ကျွန်မအခုအဘွားကိုတွေ့လိုက်ရချိန်မှာ
အဘွားဟာဘယ်သူနဲ့မှမတူတဲ့ ဘွားမယ်စိန်ဆိုတဲ့
အမျိုးသမီးကြီးဆိုတာကို ကျွန်မသိလိုက်ရတယ်...
အဘွားရဲ့အကြည့်တွေ၊ အဘွားရဲ့ပုံစံတွေက
တခြားသောသူတွေမှာမရှိနိုင်ဘူးဆိုတာကိုလည်း
ကျွန်မနားလည်လိုက်ပါတယ်..."
ဘွားမယ်စိန်ကပြုံးပြန်တယ်။
"အဘွား..."
ကျွန်မတို့ရဲ့အနောက်မှခေါ်သံကြောင့်လှည့်ကြည့်မိရာ
ကျွန်မနဲ့ရွယ်တူမိန်းကလေးတစ်ယောက်...ကျွန်မထက်ငယ်လွန်းသောမိန်းကလေးတစ်ယောက်နဲ့ ကျွန်မထက်ကြီးသော ယောကျာ်းနှစ်ယောက်ကိုတွေ့လိုက်ရပြန်သည်။
"အဘွား...ဒီမှာသရက်သီးတွေခူးလာတယ်...
မမရှင်ညို ကသုပ်ကျွေးမလို့တဲ့"
"အိုအေ...ကိုယ့်အိမ်လည်းရှိရဲ့နဲ့ဘယ်ကများခူးလာပြန်တာလဲ..."
"ဘွားမြေးက လည်ချက်ဗျ...
ကိုကြီးအုန်းတို့အိမ်ကခူးလာတာ...
ကိုကြီးအုန်းတို့အိမ်ကသရက်သီးကမှ သုပ်စားလို့ကောင်းတယ်ဆိုပဲ"
"ကိုကြီးတိုးနော်...ဘွားကိုတိုင်လိုက်လို့ကျုပ်ဆူခံထိရင်
ကိုကြီးတိုးကိုမခေါ်တော့ဘူး"
"ဟောဗျာ...ဘယ်မှာတိုင်လို့လဲ နန်းကြိုင်ရဲ့..."
"အခုလေးတင်တိုင်တာကို ညာတယ်..."
"မညာပါဘူးဗျာ...တိုင်တာမဟုတ်ရပါဘူး...
ကျုပ်တို့ညီမလေး ချစ်စရာကောင်းပုံကိုပြောပြတာပါ"
တစ်ယောက်တစ်ခွန်းစနောက်နေကြသူများကိုကြည့်ရင်း
ကျွန်မစိတ်ထဲအလိုလိုကြည်နူးလာမိသည်။
"သမီး...ညည်းသူတို့ကိုရောသိတယ်မဟုတ်လား"
"သိပါတယ်အဘွား...သူက မရှင်ညို...သူက ပွဲတိုင်းကျော်
ရွာတိုင်းရောက်တဲ့ နန်းကြိုင်...သူကတော့ ကျုပ်တို့ရဲ့လူပျိုကြီး ကိုမောင်အုန်း...ဟောသည်ကတစ်ယောက်ကတော့ မခင်မြချစ်ရဲ့လင်တော်မောင် ကိုမောင်တိုး...
ဟုတ်ပါတယ်နော်..."
"ဟာ...စာရေးဆရာမကတော့လုပ်ပြီဗျို့...
ကျုပ်တို့ကို ခေါ်ချင်သလိုခေါ်...ထားချင်သလိုထားနေတော့တာပဲ"
"ဟုတ်ပါ့...မမယဥ်မင်းနော်...ကျုပ်က ရွာတိုင်းတော့မရောက်ဖူးသေးပါဘူး"
"မဟုတ်ဘူးလေ...နန်းကြိုင်လေးက ချစ်စရာကောင်းလို့
ရွာတိုင်းကတောင်နန်းကြိုင်လေးအကြောင်းသိကြတယ်လို့ပြောတာပါ...မယုံရင် မေးကြည့်ကြည့်ပေါ့"
"တကယ်လား...မမရှင်ညို...မမယဥ်မင်းပြောတာဟုတ်သလား"
နန်းကြိုင်ရဲ့အမေးကိုရှင်ညိုက ပြုံး၍သာကြည့်နေခဲ့သည်။
"ကျုပ် သရက်သီးသုပ်လိုက်ဦးမယ်..."
"ကျွန်မလည်းကူမယ်လေ"
ရှင်ညိုကိုပြောတော့ ရှင်ညိုက ခေါင်းညိတ်ပြသည်။
ကျွန်မလည်းရှင်ညိုနဲ့အတူ သရက်သီးသုပ်ဖို့ ရှင်ညိုတို့ယူလာတဲ့သရက်သီးများကိုရေဆေးပေးလိုက်သည်။
"ယဥ်မင်း...ထူးများထူးဆန်းနေလား"
"ဘာကိုလဲမရှင်ညို"
"သြော်...တို့တွေနဲ့တွေ့ရတာ ယဥ်မင်းရဲစိတ်ထဲမှာ
ထူးများထူးဆန်းနေသလားလို့"
"ထူးဆန်းတယ်...သိပ်ကိုထူးဆန်းတယ်သိလား...
ဒါပေမယ့် ဒီထူးဆန်းမှုတွေပျောက်ကွယ်သွားမှာကိုလည်း
ပိုပြီးစိုးရိမ်မိတယ်...ကျွန်မလေ မရှင်ညိုနဲ့အဘွားတို့အားလုံးကိုတွေ့ရတာ တကယ်ကိုပျော်မိပါတယ်..."
ရှင်ညိုက ကျွန်မစကားကိုပြုံးလေသည်။
"ယဥ်မင်း တကယ်ပျော်တာလား...
ကြောက်ကောမကြောက်ဘူးလား"
"မရှင်ညိုက အမေးထူသားပဲနော်...
ကျွန်မကို ထူးဆန်းသလားတွေကော...
ကြောက်သလားတွေကောဆုံအောင်မေးနိုင်တာပဲ"
"ဒီစကားလောက်တော့တို့မေးသင့်တာပေါ့ယဥ်မင်းရဲ့..."
"ဟုတ်ပါတယ်လေ မရှင်ညိုမေးသင့်တယ်...
ကျွန်မ ကြောက်သလားဆိုတော့ မကြောက်ပါဘူး...
ဘာလို့ဆို ကျွန်မအနားမှာ အဘွားတို့ကော မရှင်ညိုကောပါအတူတူရှိနေတာလေ...ဘာကိုကြောက်ရမှာလဲ"
"ဟိုအစ်မကြီးတွေ သရက်သီးက ဒီကနေ့တော့
စားရပါတယ်နော်..."
"စားရပါတယ်နန်းကြိုင်ရယ်...အစ်မတို့သုပ်နေပါတယ်အေ့"
နန်းကြိုင်လှမ်းအော်လေသောကြောင့် စကားစပြတ်သွားခဲ့ရသည်။ခဏကြာတော့ ဆံရစ်ဝိုင်းနဲ့ကလေးမလေးနှစ်ယောက်ခြံဝိုင်းထဲဝင်လာခဲ့ကြသည်။
တစ်ယောက်ကအသားညိုညို မျက်နှာလေးကချစ်စဖွယ်ပုံစံလေးရှိ၏။
ကျန်တစ်ယောက်သည်ကအသားကမည်းမည်း
နှာရည်များတရှုံ့ရှုံ့ဖြင့် ဟိုသည့်ကြည့်နေသော
မျက်လုံးများက ကဏှာမငြိမ်ပေ။
"မမရှင်ညို သရက်သီးသုပ်ရပြီလား"
"ရပြီပေါက်စမရေ...ဟိုမှာထိုင်နေကြ...
မမတို့ယူလာမယ်နော်..."
ရှင်ညိုစကားကြောင့် ထိုကလေးငယ်နှစ်ယောက်မှာ
ပေါက်စမနဲ့ပိန်သေးမဆိုတာကို ကျွန်မ သိသွားခဲ့ရသည်။
"ယဥ်မင်း...လက်တွေဆေးခဲ့...ပြီးရင်
ကွပ်ပျစ်ကိုသွားလိုက်ခဲ့နော်..."
"ဟုတ်ကဲ့မရှင်ညို..."
ရှင်ညိုနဲ့ကျွန်မအတူတူသုပ်ပေးထားတဲ့သရက်သီးသုပ်များကို ကိုမောင်တိုးတို့ နန်းကြိုင်တို့က ဇွန်းများကို
လက်မှမချနိုင်အောင် အားပါးတရစားကြသည်။
"ဖူးးး...အမယ်လေး...စားလို့ကောင်းလိုက်တာ"
ရေနွေးများငှဲ့သောက်လိုက် သရက်သီးသုပ်များစားလိုက်ဖြင့် သူတို့အားလုံးတရှုးရှုးတရှဲရှဲ ဖြစ်လို့နေခဲ့သည်။
စားလို့သောက်လို့ပြီးလေတော့...
"ဒါဆိုကျုပ်တို့သွားဆော့တော့မယ် မမရှင်ညို..."
"ဟော...အခုမှသရက်သီးသုပ်စားထားကြတာလေ...
ဘယ်ကိုသွားဆော့မလို့လဲ"
"တခြားမဟုတ်ပါဘူး...အိမ်ရှေ့တင်ပါမမရဲ့
ဟင်းချက်တိုင်းဆော့မလို့ပါ..."
"အေး...အေး...ဒါဆိုလည်းသွားကြ..
အရမ်းညစ်ညစ်ပတ်ပတ်ဖြစ်အောင်အထိတော့မဆော့ကြနဲ့နော်..."
"ဟုတ်ကဲ့မမ"
နန်းကြိုင်နဲ့ပေါက်စမ၊ပိန်သေးမတို့က ခြံပြင်ဆီကို
ထွက်သွားခဲ့ကြသည်။
"ယဥ်မင်း...ကျုပ်တို့ရွာထဲ အလည်သွားကြရအောင်လေ...ရှင်ညို ကောအတူတူလိုက်မယ်မဟုတ်လား..."
"ကျုပ်လိုက်ခဲ့မယ်ကိုကြီးတိုး"
မောင်တိုးနဲ့မောင်အုန်းက ကွပ်ပျစ်ခင်းပေါ်မှ
ဆင်းလာကြသည်။
ထိုအချိန် မီးဖိုထဲမှဒေါ်ဝင်းသည် လက်အတွင်း၌
သစ်သားယောက်မကြီးကိုကိုင်၍...
"ရွာထဲအလည်ခေါ်သွားမယ်ဆိုလည်းမကြာကြစေနဲ့ဦး...
အရီးက ဘူးသီးကြော်ကြော်ထားတယ်...
ခဏနေရင် မန်ကျည်းသီးလေးအချဥ်ဖျော်ပေးထားမယ်
ကြားသလား"
"ဟုတ်ကဲ့အရီး"
ကျွန်မတို့လေးယောက် နှုတ်မှပြိုင်တူဖြေလိုက်ကြတော့
ဒေါ်ဝင်းကကျေနပ်သောအပြုံးလေး ပြုံး၍ မီးဖိုထဲပြန်ဝင်သွားခဲ့သည်။
"အဘွား...ကျွန်မ ခဏလိုက်သွားဦးမယ်"
"အေး...အေး...အေး"
ဘွားမယ်စိန်ကို ခွင့်တောင်းပြီး မောင်တိုးတို့နဲ့ရွာထဲလိုက်လာခဲ့သည်။
သောင်ထွန်းရွာရဲ့ လမ်းမကြီးက ဖြောင့်တန်းလို့နေခဲ့၏။
လမ်းမနံဘေးတွင် ခြံဝိုင်းမခတ်ထားသော အိမ်များကလည်း အများသားပင်။
တောရွာပေမို့ မြို့များကဲ့သို့ သူ့အိမ်ဝိုင်း၊ကိုယ့်အိမ်ဝိုင်းဟူ၍ခွဲခြားထားခြင်းမရှိ။
တချို့ကတော့ ဆွေမျိုးများ အတူပေါင်းစပ်နေပုံရပြီး
အိမ်ဝိုင်းထဲ၌ အိမ်သေး၊အိမ်လတ်၊အိမ်ကြီးများဖြင့်
အစီအရီတည်ဆောက်ထားကြသည်။
"ဟေ့...ဒါကဘယ်သွားကြမလို့တုန်း"
နှုတ်ခမ်းမွှေးစစဖြင့် လူကြီးယောက်အနားရောက်လာသည်။အရပ်ကလည်းရှည်ပြီး အဝတ်အစားသပ်သပ်ရပ်ရပ် ဝတ်ဆင်ထားတဲ့လူကြီးက ကျွန်မတို့ကိုပြုံး၍ကြည့်နေသည်။
"ယဥ်မင်းကို ကျုပ်တို့ရွာထဲ လိုက်ပြနေတာသူကြီးရဲ့"
"အေး...ပြတာလည်းပြပေါ့...
အားရင် ကျုပ်အိမ်ဆီကိုလာခဲ့ဦးနော့...
ကျုပ်လက်ဖက်ရည်တိုက်ပါ့မယ်ဗျ"
"ဟုတ်ကဲ့ပါသူကြီး..."
သူကြီးဦးနောင်ချိုက ကျွန်မအဖြေကို ခေါင်းညိတ်၍
အနားမှထွက်သွားတော့သည်။
"ရှင်ညိုရေ...တို့တွေ ဘုန်းကြီးကျောင်းက ကြာကန်နားသွားထိုင်ကြရအောင်..."
"သွားလေတော်..."
ဘုန်းကြီးကျောင်းက ကြာကန်ဆို၍ ကျွန်မ သတိရသွားသည်။
မောင်တိုးနဲ့မောင်အုန်းတို့ ကြာကန်ထဲ ကြာရိုးဆင်းချိူးရာ
ဆရာတော်နဲ့တွေ့ပြီး တုတ်နဲ့လိုက်ရိုက်သည့်မြင်ကွင်းကို
ပြန်မြင်ယောင်ရင်း သဘောကျစွာပြုံးမိလိုက်၏။
"ဟ...ဒီကောင်မလေး ဘာတွေပြုံးနေတာတုန်း"
"ဟုတ်ပါရဲ့...ဘာတွေဒီလောက်ပြုံး နေရတာလဲငါ့နှမရဲ့"
မောင်တိုးနဲ့မောင်အုန်းက ကျွန်မကိုမေးလာခဲ့သည်။
"ဘာရယ်မဟုတ်ပါဘူး...ဒီအတိုင်းသဘောကျစရာလေးတစ်ခု တွေးမိလို့ပါ"
"အေး...ရယ်စရာရှိရင်လည်းကျုပ်တို့ကိုပြောဦး...
ကျုပ်တို့က သိပ်မရယ်တတ်ကြဘူး...
ညည်းပြောမှပဲရယ်စရာရှိရင်ဝိုင်းရယ်လို့ရမှာပေါ့"
"ဟုတ်တယ်...ဟုတ်တယ်...ကိုကြီးတိုးတို့က
မရယ်တတ်ကြဘူးသိလား...
ရယ်များရယ်ခဲ့ရင်သူတို့ရယ်သံကို ဟိုဘက်ရွာကတောင်ကြားနိုင်လောက်တယ်..."
ရှင်ညိုစကားကြောင့် မောင်တိုးက ရယ်ကျဲကျဲ ဖြင့်
ကြည့်နေခဲ့သည်။
"ကဲ...လာကြကွာ...နေကပူနေပြီ..."
ဘုန်းကြီးကျောင်းဝိုင်းထဲသို့ လေးယောက်သား
ရောက်လာခဲ့ကြသည်။အပင်ရိပ်များဖြင့် အရိပ်ရလှသော
ဘုန်းကြီးကျောင်းဝန်းရဲ့အေးမြမှုသည် မည်သည့်အရာနဲ့မှမလဲနိုင်ခဲ့။အေးမြယုံမကလူသံတို့ပင် တိတ်ဆိတ်၍နေခဲ့ရာကျွန်မစိတ်ထဲအတော်ပင်သဘောကျမိသည်။
"ကိုကြီးတိုးတို့ ကြာပန်းတွေတော့ ဆင်းမချိုးကြနဲ့တော့နော်..."
"အေးပါ...တို့ကလည်းမချိုးတော့ပါဘူးယဥ်မင်းရဲ့...
ရှင်ညိုနဲ့တောင်လက်လန်နေတာ...ညည်းပါပေါင်းလိုက်ရင်တော့ တို့ညီအစ်ကို ဘာမှကိုလုပ်ရဲမှာ
မဟုတ်တော့ဘူးဟေ့"
"အမယ်...ကျုပ်တားလို့မဟုတ်ပါဘူးနော်...
အဘွားက ဒီကန်မှာနှစ်ချို့သရဲကြီးရှိတယ်ဆိုလို့
ထပ်မဆင်းရဲကြတာမဟုတ်ဖူးလား..."
"ညည်းကလည်းနော်...
ကိုယ့်အစ်ကိုတွေကိုဆို ပြောရဲဆိုရဲလိုက်တာ...
တို့ညီအစ်ကိုက အဲ့သည်လောက်မကြောက်တတ်ပါဘူး"
"သေချာလို့လား"
"သေချာပါတယ်ဟာ...
မကြောက်တတ်လို့တောင် ဘွားသွားရာနောက်ကို
လိုက်နေကြတာမဟုတ်ဖူးလား"
"ကဲပါ...လာကြဦး...
သီးသီး ချွေရအောင်..."
"ဟာ..ဖြစ်ပါ့မလားကိုကြီးအုန်းရဲ့...
ဆရာတော်ဘုရားလိုက်ရိုက်နေပါ့မယ်"
"ဒီအတွက်တော့မပူနဲ့ယဥ်မင်းရေ..
ဆရာတော်က ဒီကျောင်းဝန်းထဲကအပင်မှန်သမျှ
ရွာကလူတွေစားဖို့သေချာစိုက်ပေးထားတာ...
လာ...လာ...သီးသီးသုပ်လေး ရှင်ညိုကိုသုပ်ခိုင်းကြတာပေါ့"
ကျွန်မလည်း မောင်တိုးတို့ သီးသီးခူးကြသည်ကို
ဝိုင်းကူကာကောက်ပေးရသည်။
ခူးထားသော သီးသီးများကိုလည်း မောင်တိုးက
ပုဆိုးကိုစလွယ်သိုင်း၍ ကောက်ထည့်လာ၏။
"ပြန်ကြစို့တော်...အရီးကလည်း မျှော်နေလောက်ပြီ..."
"အေးဟ...ပြန်ကြစို့...တို့လည်းဗိုက်ဆာနေပြီ..."
သီးသီးများလည်းရလာ၍ လေးယောက်သား
အိမ်သို့ပြန်လာခဲ့ကြတော့သည်။
ခြံဝိုင်းထဲဝင်လာတော့ ခါးထောက်၍ ရပ်စောင့်နေသော
ဒေါ်ဝင်းနဲ့ဆုံလေရာ လေးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ဆင်ခြင်မည်သို့ပေးရလေမလဲ စဥ်းစားနေကြရသည်။
"ပြောစမ်းပါဦး... ခဏသွားပါဆိုနေတာကို
ဘယ်တွေခြေများနေကြတာလဲ ညည်းတို့လေးယောက်က"
"ဟိုလေအရီး ယဥ်မင်းက သီးသီးသုပ်စားချင်တယ်ဆိုလို့
ကျုပ်တို့က သီးသီးဝင်ခူးရင်းကြာသွားတာပါ"
"ဟုတ်တယ်အရီး...နောက်ပြီး...သြော်...သူကြီး...သူကြီးက
ယဥ်မင်းကို လက်ဖက်ရည်သောက်ဖိတ်နေတာနဲ့
ကျုပ်တို့စောင့်နေရတာဗျ...တကယ်တော့သူကြီးကြောင့်
မဟုတ်ရင်တန်းပြန်လာပါတယ်"
မောင်တိုးနဲ့မောင်အုန်းပြောသမျှကို ဒေါ်ဝင်းက
မျက်မှောင်ကြီးကျုံ့၍ ကြည့်နေသည်။
မနေနိုင်တော့သော ကျွန်မက...
"အရီး...ကျွန်မ ဗိုက်ဆာနေပြီ...
ဘူးသီးကြော်ကော စားလို့ရပြီလား"
"ရပါပြီအေ...လာ...လာ...ထမင်းလေးနဲ့အကြော်လေးစားကြတာပေါ့...လက်တွေသွားဆေးကြ"
"ဟုတ်ကဲ့အရီး"
ကျွန်မတို့လေးယောက်လည်း ဒေါ်ဝင်းရဲ့ မေးမြန်းမှုများမှလွတ်ခဲ့ပြီး လက်ဆေးကာ ကွပ်ပျစ်ခင်း၌ ဝိုင်းထိုင်ကြသည်။
"အရီး...အဘွားလည်းမတွေ့ပါလား...
ဘယ်များသွားလဲ"
"ညည်းအဘွားရွာထဲသွားတယ်ယဥ်မင်းရဲ့...
ကဲ...စားကြ...စားကြ...အရီးကြော်ပေးထားတဲ့အကြော်လေးကောင်းမကောင်းပြောကြဦး"
ဒေါ်ဝင်းကြော်ပေးထားသော ဘူးသီးကြော်ကို
ယူ၍ မန်ကျည်းသီးမှည့်အချဥ်ဖြင့် တို့ယူစားကြည့်လိုက်ရာ ချိုမြနေသော ဘူးသီးရဲ့အရသာကိုခံစားလိုက်ရသည်။
ထို့နောက်တော့ ထမင်းထဲအချဥ်ရည်များလောင်း၍
ဘူးသီးကြော်ဖြင့် တို့မြုပ်စားလေရာ
ဒေါ်ဝင်းမှာ ပြုံး၍သာကြည့်နေခဲ့တော့၏။
"ယဥ်မင်းတို့များနော် ဖြေစရာကိုမလိုဘူး...
စားနေတာကြည့်ပြီး ကောင်းမကောင်းသိရတယ်"
"ကျုပ်ကအရီးလက်ရာကြိုက်လို့ပါကိုကြီးတိုးရဲ့"
"ရော့...ရော့...ရေနွေးလေးလည်းသောက်ဦး..."
ထမင်းကိုငုံ့စားနေရင်းမှ မောင်တိုးပေးသော ရေနွေးခွက်ကိုလှမ်းယူလိုက်ရာ...
"အမယ်လေး...ပူလိုက်တာတော့်..."
ဟု...ထအော်ရင်း ကိုယ်ပေါ်ရေနွေးများမှောက်ကျသွား၍
လက်ဖြင့် ခါလိုက်ရတော့သည်။
"အမယ်လေး...ပူလိုက်တာတော်...".
ထိုင်နေရင်းမှ ရေနွေးလောင်းခံထိသော ပေါင်အထက်ကို
လက်ဖြင့်ခါရင်း ဘေးဘယ်ညာကိုကြည့်မိရာ...
"ဟင်..."
အံ့သြသွားခဲ့မိသည်။
ကျွန်မနံဘေး၌ မောင်တိုး၊မောင်အုန်းနဲ့ရှင်ညိုတို့ရှိမနေခဲ့။
စားလက်စထမင်းပန်းကန်နဲ့ ဒေါ်ဝင်းကြော်ပေးသော
ဘူးသီးကြော်ပန်းကန်၊အချဥ်ရည်ပန်းကန်တို့မှာ
ပျောက်ချင်းမလှပျောက်ကွယ်သွားခဲ့သည်။
ကျွန်မရဲ့ဖြစ်စဥ်ကို ကျွန်မပြန်တွေးမိတော့
စာရေးဖို့ခဏနားနေရာမှ ခုံအထက်တွင်အိပ်ပျော်သွားပြီး
သောင်ထွန်းရွာသို့ရောက်ရှိသွားခဲ့ခြင်းပင်။
သောင်ထွန်းရွာဆီသို့ရောက်သွားယုံမက ရွာထဲလှည့်ပတ်လည်ပြီးနောက် ဒေါ်ဝင်းကြော်ကျွေးသော
ဘူးသီးကြော်များကိုအားပါးတရစားခဲ့ရလေသည်။
မိမိမက်သော အိပ်မက်လေးက်ိုပင် သဘောကျနေခဲ့မိ၏။
နောက်များ၌လည်း သောင်ထွန်းရွာသို့ ထပ်မံကာသွားချင်မိသည်။ ဒေါ်ဝင်းချက်သမျှလက်ရာတိုင်းကိုအားပါးတရစားရင်း မောင်တိုးမောင်အုန်းတို့ရဲ့ရယ်စရာဟာသများကိုနားထောင်ရင်းရယ်မောချင်မိ၏။
ထိုသို့ ဖြင့် ကျွန်မနဲ့သောင်ထွန်းရွာသို့အလည်တစ်ခေါက်ဆိုသော ဇာတ်လမ်းလေးကိုအဆုံးသတ်လိုက်ပါတယ်။
ယခုဇာတ်လမ်းလေးသည် ဘွားမယ်စိန်ကိုအားပေးဖတ်ရှု့လာသောစာဖတ်သူများ...နားဆင်သူများအတွက်
အထူးလက်ဆောင်သာဖြစ်ပါတယ်...။
လေးနှစ်တာရေးသားခဲ့မှုများအပေါ် လိုအပ်ချက်များ၊
လိုအပ်မှုများကိုဖြည့်တွေး...ဖြည့်ဖတ်ခဲ့တဲ့အတွက်လည်း
ကျေးဇူးတင်ပါတယ်ရှင်...
ဘွားမယ်စိန်ကို ဆက်လက်ပြီး ဒီထက်ကောင်းအောင်
ဒီထက်ဆန်းသစ်အောင် ရေးသားပေးနေမှာမို့
ဘွားမယ်စိန်ကို အားပေးကြပါဦးလို့ပြောပါရစေရှင်...။
ယဥ်မင်း(ကန့်ဘလူ)
Comments
Post a Comment