အောင်မြတ်သာနှင့် သန္ဓေသားစားချင်သောသရဲမ

ချင်တာရှိရင်လဲပြော ကြားလား" ထမင်းစားပြီးချိန်မှာတော့ မျက်လုံးတွေမှေးစင်းလာပြီး အိပ်ချင်လာတာကြောင့် ခေါင်းအုံးယူပြီးမှေးလိုက်ရာ နှစ်နှစ်... thumbnail 1 summary

ချင်တာရှိရင်လဲပြော ကြားလား"

ထမင်းစားပြီးချိန်မှာတော့ မျက်လုံးတွေမှေးစင်းလာပြီး အိပ်ချင်လာတာကြောင့် ခေါင်းအုံးယူပြီးမှေးလိုက်ရာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့တယ်။
စန်းယုပြန်နိုးချိန်မှာတော့ ဘေးမှာ ခွေခွေလေးအိပ်ပျော်နေတဲ့ မိန်းမဖြစ်သူကိုတွေ့လိုက်ရပြီး ပါးကိုနမ်းဖို့ကပ်သွားရာ ပါးစပ်နားမှာ ဟင်းအဆီတွေပေပွနေတာကိုမြင်လိုက်ရတယ်။
" ဟင်... ညက ထမင်းစားပြီး ပါးစပ်သေချာမသုတ်ဘူးထင်တယ်... ဒီကောင်မလေးတော့"
စန်းယုက ထမင်းစားပွဲမှာရှိတဲ့ လက်သုတ်ပဝါကိုယူပြီး ပေကျံနေတဲ့ဟင်းအဆီတွေကို သုတ်ပေးကာ ရေချိုးမျက်နှာသစ်ဖို့ အိမ်နောက်ဖေးကိုထွက်လာခဲ့လိုက်တယ်။
ရေချိုးပြီးချိန်မှာတော့ ထမင်းစားဖို့ အုပ်ဆောင်းကိုလှန်ကြည့်လိုက်ရာ ဟင်းပန်းကန်ထဲက ဟင်းတွေအကုန်ပြောင်သလင်းခါနေတာကိုမြင်လိုက်ရတယ်။
" ညက ဟင်းတွေအများကြီးကျန်သေးတာပါ... ဘယ်လိုဖြစ်ပြီး မရှိတော့တာလဲ"
စန်းယုလဲ တစ်ယောက်ထဲ အတွေးတွေများနေတဲ့ချိန် နှင်းမှုံနိုးလာပြီး အေးတိအေးစက်ပုံစံနဲ့ အိမ်နောက်ဘေးကိုထွက်သွားခဲ့တယ်။
ခါတိုင်းနေ့တွေဆို လင်ယောင်္ကျားအလုပ်သွားဖို့အတွက် ပြင်ဆင်ပေးတတ်တဲ့ နှင်းမှုံက ဒီနေ့ကျမှ စကားလဲမပြော မေးလဲမမေးပဲ ထထွက်သွားတာကြောင့် စန်းယု စိတ်ထဲ နည်းနည်းတင်းသွားပေမယ့် သူကကိုယ်၀န်ကြီးနဲ့မို့ စိတ်မလန်းတာဖြစ်မှာပါလို့တွေးကာ ခမောက်ကိုယူပြီး လယ်ထဲဘက်ကိုထွက်လာခဲ့လိုက်တယ်။
" ဟေ့ စန်းယု... လယ်ထဲသွားတော့မလို့လား"
ရွာထိပ် အကြော်တဲကနေ လှမ်းခေါ်လိုက်တဲ့ ကိုထွန်းသိန်းအသံကြောင့် စန်းယုတစ်ယောက် တဲထဲကို၀င်လာလိုက်ပြီး
" ဟုတ်တယ် ကိုထွန်းသိန်း... ဒါနဲ့ မနေ့က အမဲသားဖို့ဘယ်လောက်ကျလဲ"
" တစ်ပိဿာခွဲပို့ပေးလိုက်ပေမယ့် တစ်ပိဿာဖိုးပဲပေးပါ"
" ဟင်... တစ်ပိဿာခွဲတောင်ပို့လိုက်တာလား"
" ဟုတ်တယ်လေ... ငါ့ညီမလဲ ကိုယ်၀န်ကြီးနဲ့ဆိုတော့ ပိုပိုလိုလိုစားရအောင် ထည့်ပေးလိုက်တာ.. ဘာဖြစ်လို့လဲ"
" ဘာ ဘာမှမဖြစ်ပါဘူးဗျာ... ဒီမှာ အမဲသားဖိုးနော် ... ကျွန်တော် လယ်ထဲသွားရဦးမှာမို့ ခွင့်ပြုပါဦး"
စန်းယုလဲ အတွေးပေါင်းစုံနဲ့ အကြော်တဲထဲကနေ ထွက်လာခဲ့လိုက်တယ်။
ညနေ အလုပ်သိမ်းလို့အိမ်ပြန်ရောက်တော့ အိမ်ရှေ့ကွပ်ပျစ်မှာထိုင်နေတဲ့ နှင်းမှုံက
" အကို... နှင်းမှုံ ဒီနေ့ ၀က်သားဟင်းစားချင်တယ်"
ထူးထူးဆန်းဆန်း တောင်းဆိုလိုက်တဲ့စကားကြောင့် စန်းယုတစ်ယောက် ပျာပျာသလဲဖြစ်ပြီး
" မိန်းမစားချင်ရင် ချက်ကျွေးမှာပေါ့... ဒီအချိန် ၀က်သားဘယ်ကရပါ့မလဲ"
" အကိုကလဲ ... ရွာအနောက်ပိုင်းက ဦးဖိုးလုံးတို့အိမ်မှာ၀က်ပေါ်တယ်လေ.. ဒါလေးတောင်မသိဘူးလား"
" ဟေ .. ဟုတ်လား.. နှင်းမှုံကဘယ်လိုသိတာလဲ"
" အိမ်ရှေ့ကဖြတ်သွားတဲ့သူတွေပြောတာကြားလို့ပါ... မြန်မြန်သွားဦး ကုန်နေဦးမယ်"
နှင်းမှုံစကားကြောင့် စန်းယုလဲ ခမောက်တောင်ချွတ်မနိုင်ပဲ ဦးဖိုးလုံးတို့အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။
" ဘကြီးဖိုးလုံး... နေကောင်းလားဗျ"
" ဟေ့ မောင်စန်းယု ဘယ်ကနေ ဘယ်လိုလှည့်လာတာလဲ"
" နှင်းမှုံက ၀က်သားစားချင်တယ်ပြောလို့ ... ဘကြီးဖိုးလုံးတို့ ဒီနေ့၀က်ပေါ်တယ်မဟုတ်လား"
စန်းယုစကားကြောင့် ဦးဖိုးလုံးက အံ့ဩတဲ့မျက်နှာနဲ့ကြည့်လိုက်ပြီး
" မောင်စန်းယု... ငါတို့အိမ်မှာ၀က်ပေါ်တာကဆော့ဟုတ်တယ်... ဒါပေမယ့် ဒီကိစ္စကိုဘယ်သူမှသိတာမဟုတ်ဘူး.. ဒါကို နှင်းမှုံက ဘယ်လိုသိနေတာလဲ"
" ဘကြီးကလဲ ၀က်ပေါ်နေတဲ့ချိန် တစ်ယောက်ယောက်မြင်သွားတာဖြစ်မှာပါ...ဘာလဲ ဘကြီးက မရောင်းပေးချင်လို့လား"
" ဟားဟား မင်းတို့ငါတို့ကရောင်းပေးစရာလား... အလကားယူသွား ငါ့ကောင်ရေ... ဟေ့ ကျင်လှရေ... စန်းယုတို့အိမ်အတွက် ၀က်တစ်ပိဿာထည့်ပေးလိုက်"
ဦးဖိုးလုံးက မိန်းမဖြစ်သူကိုလှမ်းပြောလိုက်ပြီး လယ်ကိစ္စအကြောင်းတွေစကားစမြည်ပြောနေခဲ့တယ်။ ခဏကြာတော့ နှီးနဲ့ချည်ထားတဲ့ ၀က်သားတွဲရောက်လာတာကြောင့် စကားစကိုဖြတ်ပြီး ပြန်လာခဲ့လိုက်တယ်။
+++++
" ငါ့မိန်းမ ဒီနေ့ ထမင်းစားမြိန်လှချည်လား"
" ဟီး .. ၀က်သားက စားလို့ကောင်းလိုက်တာ"
ပါးစပ်ထဲ ၀က်သားတုံးတွေကို ပလုပ်ပလောင်စားနေတဲ့ နှင်းမှုံကိုကြည့်ပြီး စန်းယုတစ်ယောက် ပြုံးပျော်နေခဲ့တယ်။ ဒါပေမယ့် နှင်းမှုံစားနေတာကြည့်ပြီး ပျော်နေတဲ့အပျော်က ဟင်းအိုးတစ်၀က်လောက်အရောက်မှာတော့ ပျောက်ဆုံးသွားခဲ့တယ်။ ဘာလို့ဆိုတော့ ၀က်သားတစ်ပိဿာချက်က နှင်းမှုံတစ်ယောက်ထဲ တစ်ထိုင်တည်းစားချလိုက်လို့ပဲ။
" မိန်းမ .. စားတာတွေအရမ်းများနေပြီထင်တယ်... ‌မအီမသာဖြစ်နေမယ်နော်"
စန်းယုစကားကြောင့် နှင်းမှုံက မျက်စောင်းထိုးပြီး
" ဒါလေးစားတာကို ညိုညင်နေတာလား... "
" အဲလိုလဲမဟုတ်ပါဘူး... ဟိုလေ"
" မဟုတ်ရင် မပြောနဲ့... ဒီ၀က်သားက လတ်လို့ထင်တယ် စားလို့အရမ်းကောင်း"
၀က်သားတုံးတွေကိုလက်နှစ်ဖက်နဲ့ကိုင်ကာ ပလုပ်ပလောင်းစားနေတဲ့ နှင်းမှုံကို ကြည့်ကာ စန်းယုတစ်ယောက် နားမလည်နိုင်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် သွေးသားအပြောင်းအလဲကြောင့်ဖြစ်မှာပါလို့တွေးကာ ဖြေသိမ့်ဖြစ်ခဲ့တယ်။
နောက်နေ့တွေမှာလဲ ဘယ်အိမ်မှာ ဘာပေါ်တယ်... ဘယ်သူအိမ်မှာ ဘာအသားရှိတယ်ဆိုတာပြောပြီး လိုက်၀ယ်ခိုင်းနေတာကြောင့် စန်းယုတစ်ယောက် စိတ်ထဲမသိုးမသန့်ဖြစ်လာခဲ့တယ်။
တစ်နေ့ လယ်ထဲမှာ အလုပ်ပြီးလို့ ရေနွေးကြမ်းသောက်နေတဲ့အချိန်
" ဟိတ် အရူး... သွားစမ်း... ခုနကမှ ‌ခြွေထားတဲ့စပါးတွေပေါ် ဘယ်နှယ့်အမှိုက်တွေပစ်ထည့်နေတာလဲ... သွား သွား"
တလင်းဘက်ကနေ ထွက်လာတဲ့အသံကြောင့် စန်းယုလဲရေနွေးခွက်ကိုချကာ အပြင်ထွက်ကြည့်လိုက်တယ်။
" အဟေး အဟေး... ငါက မင်းထွက်လာတာကိုစောင့်နေတာ... ဒီကိုလာစမ်း ကောင်ကလေး"
နေပူကျဲကျဲထဲမှာ တင်ပလ္လင်ခွေထိုင်နေတဲ့ အရူးက စန်းယုကိုလက်ယက်ခေါ်‌နေတာကြောင့် အနားကပ်သွားလိုက်ရာ
" ဒီမယ် ငါ့သား... မင်းမှာ စိတ်ညစ်စရာတွေရှိနေတယ်မဟုတ်လား မှန်မှန်ပြောစမ်း"
" စိတ်ညစ်စရာကတော့ ရှိတာပေါ့"
" ကောင်ကလေး.... မင်းတို့အိမ်မှာ ထူးဆန်းတာတွေကြုံတွေ့နေရတာ အဘသိတာပေါ့... မင်းစိတ်ထဲမှာလဲ တစ်ခုခုကိုတွေးမိနေတယ်မဟုတ်လား"
အ၀တ်အစားဖိုသီဖတ်သီနဲ့ ညစ်ပတ်ပေရေနေတဲ့ အရူးဆီကနေ ဒီလိုစကားထွက်လာတာကြောင့် စန်းယု စိတ်၀င်စားသွားပြီး
" ခင်ဗျားက ဘာတွေသိထားလို့လဲ"
" ဟားဟား လောကမှာ ငါမသိတဲ့အရာဆိုတာမရှိဘူး... ငါအကုန်သိတယ်... သိသိကြီးနဲ့မပြောတာကွ"
" ဒါဖြင့် ကျုပ်ကိုစောင့်နေတာ ဘာပြောမလို့လဲ"
" မင်း လောင်းလှေစေတီကိုသိတယ်မဟုတ်လား..."
" သိတယ်လေ... ထလုံရွာပျက်ဘက်က စေတီကိုပြောတာမဟုတ်လား"
" မင်းတော်တယ် ကောင်ကလေး... အဲဒီစေတီမှာ လူသူတော်သုံးယောက်ရှိနေတယ်... မင်းအနေနဲ့ စေတီကိုရောက်အောင်သွား... ဟိုရောက်ရင် အရူးကြီးရွှေဘလွတ်လိုက်တယ်လို့ပြော... သူတို့က မင်းမိသားစုကို ကူညီပေးလိမ့်မယ်"
" ကျုပ်မိသားစုကို ကာကွယ်ရအောင် အခုကဘာဖြစ်နေလို့လဲ"
စန်းယုစကားကိုကြားတော့ ရွှေဘဆိုတဲ့အရူးကြီးက ဟက်ဟက်ပက်ပက်ရယ်ပြီး
" မင်းက ငါ့ထက်ပိုရူးတဲ့ကောင်ပဲ... မင်းအိမ်မှာ ထူးဆန်းတာတွေ ဖြစ်နေတာတောင် သတိမမူမိတဲ့ မယားတရူးပဲ ဟားဟားအဟက်အဟက်"
စန်းယုလဲ သူ့ကို ပယ်ပယ်နယ်နယ်ပြောနေတဲ့ အရူးကို စိတ်ဆိုးသွားပြီး
" ဟေ့လူ ကျုပ်က ဘာလို့မယားတရူးရမှာလဲ.. ရူးနေတယ်ဆိုတိုင်းထွက်ရာလျောက်ပြောမနေနဲ့"
" ငါပြောတာမင်းမယုံရင် ဒီညအိပ်ခါနီး ဟောဒီစက္ကူကိုပါးစပ်ထဲငုံထား... အဲ... ဒါနဲ့ အိမ်ပြန်ရင် အသားစိမ်းတစ်တွဲ၀ယ်ဖြစ်အောင် ၀ယ်သွား.. အိမ်ရောက်ရင် မချက်ပဲ အစိမ်းတိုင်းချိတ်ထားလိုက်... မင်းထူးခြားတာတစ်ခုတွေ့လိမ့်မယ်"
စန်းယုလဲ အရူးရွှေဘပြောတဲ့စကားကို ငြိမ်သက်စွာနားထောင်နေတဲ့အချိန်
" အသောကမင်းရဲ့ သာသနာပြုရဟန်းတော်တွေက နိုင်ငံပေါင်းစုံကိုသွားလာပြီး စေတီပေါင်း ၈၄၀၀၀ကိုတည်ထားခဲ့ကြတယ်...မင်းကိုပြောတဲ့ လောင်းလှေစေတီဆိုတာ အသောကမင်းတည်ခဲ့တဲ့ စေတီတစ်ဆူပဲ... အဲဒီစေတီက ၁၀၂၇ဆူမြောက်တည်ခဲ့တာကွ၊ အဲဒီစေတီတည်တုန်းကဆို နတ်သိကြားတွေကိုယ်တိုင် ခရုသင်းမှုတ်ပြီး အောင်စည်အောင်မောင်းတွေနဲ့ အောင်ပွဲခံခဲ့ကြတာ"လို့ပြောကာ လှည့်ထွက်သွားခဲ့တယ်။
စန်းယုလဲ အရူးရွှေဘပေးသွားတဲ့ စာရွက်လိပ်ကိုကိုင်ပြီး တစ်ယောက်ထဲတွေးကာ ကျန်နေခဲ့တယ်။
++++++
ညသန်းခေါင်အချိန်
" ရှပ် ရှပ် ရှပ်"
အိပ်ပျော်နေရင်းကြားလိုက်ရတဲ့‌ခြေသံကြောင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်ရာ နှင်းမှုံတစ်ယောက် ခြေထောက်ကိုဖော့ပြီး အိမ်နောက်ဖေးဘက်ထွက်သွားတာမြင်လိုက်ရတယ်။
စန်းယုလဲ အိပ်နေရာကနေ အသာထပြီး ကျူထရံပေါက်ကနေ ချောင်းကြည့်လိုက်ရာ မီးဖိုချောင်မှာချိတ်ထားတဲ့ အသားစိမ်းတွဲကို လက်နှစ်ဖက်နဲ့ကိုင်ပြီး ပလုပ်ပလောင်းစားနေတဲ့ နှင်းမှုံကိုမြင်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားခဲ့တယ်။ ဒါနဲ့ မသိချင်ယောင်ဆောင်ပြီး အသာပြန်အိပ်နေလိုက်ရာ ခဏနေတော့ နှင်းမှုံတစ်ယောက်ပြန်ရောက်လာပြီး သူမဟုတ်သလို လှဲချကာ အိပ်နေလိုက်တယ်။
ဒီအဖြစ်ကိုမြင်တဲ့ စန်းယုတစ်ယောက် မိုးလင်းတာနဲ့ ခမောက်ကိုယူကာ လောင်းလှေစေတီရှိတဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။ ရွာကနေ တစ်နာရီလောက် လမ်းလျောက်ပြီးချိန်မှာတော့ ထုံသင်္ကန်းပူဇော်ထားတဲ့ လောင်းလှေစေတီဆီကိုရောက်လာပြီး စေတီပေါ်မှာတော့ တရားထိုင်နေကြတဲ့ ယောဂီ၀တ်လူသုံးယောက်ကို လှမ်းမြင်လိုက်ရတယ်။
စန်းယုလဲ ‌တရားထိုင်ပြီးတဲ့ထိ စောင့်နေလိုက်ရာ မကြာခင် တရားဖြုတ်ပြီးထလာကြတာမြင်တော့ အနားကိုကပ်သွားပြီး
" ကျွန်တော်က အရူးရွှေဘလွှတ်လိုက်လို့ ဒီကိုရောက်လာခဲ့တာပါ.. ကျွန်တော်မိန်းမကို ကယ်ပါဦးဆရာတို့ရယ်"
" မိတ်ဆွေမိန်းမက ဘာဖြစ်နေလို့လဲ"
" ညဘက်တွေဆို အိမ်မှာရှိတဲ့ အသားစိမ်းတွေကို ထထစားနေလို့ပါဆရာ... နောက်ပြီး အရင်ကနဲ့လုံး၀မတူတော့ပဲ အခြားတစ်ယောက်ပုံစံမျိုးဖြစ်နေတယ်ဆရာ၊ သူ့မှာလဲကိုယ်၀န်ကြီးနဲ့ဆိုတော့ တစ်ခုခုဖြစ်သွားမှာစိတ်ပူနေမိတယ်"
" အရူးရွှေဘ လွှတ်လိုက်တာဆိုတော့ ကျုပ်တို့မျက်နှာလွှဲလို့မရတော့ဘူး.. ကဲကဲ မိတ်ဆွေနေတဲ့ဆီကို လမ်းပြပေးပါ.. ကျုပ်တို့လိုက်ခဲ့ပေးပါမယ်"
စန်းယုလဲ ၀မ်းသာအားရနဲ့ ယောဂီ၀တ်လူသုံးယောက်ကို လမ်းပြပြီးခေါ်လာခဲ့လိုက်တယ်။ အိမ်ရှေ့ကိုရောက်တော့ ဆရာသုံးယောက်က ချက်ချင်းမ၀င်သေးပဲ ခြံ၀မှာ အင်းစမတစ်ရွက်ကိုကပ်လိုက်တာကိုမြင်လိုက်ရတယ်။
အိမ်တံစက်မြိတ်အောက်လဲရောက်ရော အိမ်ရှေ့ခန်းမှာရှိနေတဲ့ နှင်းမှုံက ချက်ချင်းဆိုသလို အိမ်ခန်းထဲကို၀င်သွားခဲ့တယ်။
" ဆရာ... ကျွန်တော်မိန်းမက အရင်ကအဲလိုမဟုတ်ဘူး... အရမ်းလူမှုရေးသိတတ်တာ.. ခုများကျတော့ ဟင်း"
" ခင်ဗျားမိန်းမက ရုပ်ပဲရှိတာလေ... သူ့ကိုယ်ထဲမှာအခြားတစ်ယောက်၀င်ရောက်နေတာကြောင့် ခုလိုဖြစ်နေတာပါ... ဒါနဲ့ အိမ်မှာ ဂျုံမှုန့်ရှိလား"
" ရှိတယ်ဆရာ... "
" ဂျုံမှုန့်ရှိရင် ရေနဲ့နယ်ပြီး မွေးကင်းစကလေးပုံစံလုပ်ထားပေးပါ... ခဏနေ အဲဒီအရာကိုသုံးပြီး နှင်ထုတ်ရလိမ့်မယ်"
စန်းယုလဲချက်ချင်းဆိုသလို အိမ်ပေါ်မှာရှိတဲ့ ဂျုံမှုန့်ကို ရေနဲ့နယ်ပြီး မွေးကင်းစကလေးပုံစံပြုလုပ်ကာ ယူလာပေးခဲ့တယ်။ ဆရာသုံးယောက်ကတော့ ဘုရားကျောင်းဆောင်မှာ ဖယောင်းတိုင်ထွန်းပြီး နေရာယူလိုက်တဲ့အချိန် အိမ်ခန်းထဲကနေ ပစ္စည်းတွေကို ပစ်ချသောင်းကျန်နေတဲ့အသံကိုကြားလိုက်ရတယ်။
" ဆရာ ... ဘယ်လိုလုပ်ရမလဲ... ခေါ်ထုတ်လာပေးရမလား"
" နေပါစေ... ခဏနေလို့အမိန့်ပြန်ရင် သူ့ဘာသာထွက်လာပါလိမ့်မယ်"
ဆရာဖြစ်သူက စကားဆုံးတာနဲ့ အမိန့်ပြန်ပြီး ကြမ်းကိုပုတ်လိုက်ရာ အခန်းထဲမှာသောင်းကျန်းနေတဲ့ နှင်းမှုံတစ်ယောက် မျက်လုံးကြီးပြူးကာ လေးဘက်ထောက်လျက်ထွက်လာခဲ့တယ်။
" ကဲ ... သင်ရောက်လာပြီဆိုတော့ ဘုရားကို ဦးတိုက်လိုက်ဦး"
" ကိုစန်းယု ... ရှင် ဘယ်လိုလူတွေကိုအိမ်ပေါ်ခေါ်လာတာလဲ... ဒီလူတွေက မကောင်းတဲ့လူတွေ ... မြန်မြန်မောင်းထုတ်လိုက်"
နှင်းမှုံက စန်းယုကို ငိုမဲ့မဲ့နဲ့ပြောနေတာမြင်တော့ ဘုရားကျောင်းဆောင်ရှေ့ထိုင်နေတဲ့ဆရာက နှုတ်ခမ်းလေးတွန့်ရုံပြုံးလိုက်ပြီး
" သင့်မူယာမာယာတွေကို သိထားပြီးပြီမို့ ... ဒီအချိန်မှာအသုံးမ၀င်တော့ပါဘူး... ကဲကဲ ဘုရား ဦးတိုက်ချေ"
" မတိုက်ဘူး... ငါသူ့ကိုကြည့်ရင်ပူလောင်တယ်"
နှင်းမှုံက ဘုဆတ်ဆန်ပြောပြီး ကျောပေးနေတာကြောင့် ဆရာဖြစ်သူက
" ကဲ ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်များ ဒီအစွဲကောင်ကို ဆံပင်ကနေကိုင်ပြီး ဘုရားကိုဦးတိုက်ခိုင်းပါ" လို့ပြောလိုက်ရာ နှင်းမှုံရဲ့ဆံပင်တွေက ဖွာခနဲဖြစ်သွားပြီး ခန္ဓာကိုယ်က မလှုပ်ရှားပဲ ရှေ့ဘက်ကို တစ်ရွေ့ရွေ့လှည့်လာခဲ့တယ်။ ပြီးတာနဲ့ ဦးခေါင်းနဲ့ကြမ်းပြင်သုံးချက်ဆောင့်ကာ စန်းယုကိုမျက်ထောင့်နီနဲ့ကြည့်လိုက်ပြီး တောက်ခတ်လိုက်တယ်။
" သင် ဘယ်သူလဲ... "
" ငါ့ကိုသိတော့ဘာလုပ်မလို့လဲ"
" သင်မပြောဘူးဆိုရင် ဂိုဏ်းနတ်တွေကို အကူညီတောင်းရမှာပဲ... သင့်ဘေးကိုကြည့်လိုက်စမ်း... ဘယ်သူတွေကိုမြင်လဲ"
" အသားနီနီနဲ့ဘီလူးတွေမြင်တယ်... "
" အနောက်ကိုကြည့်စမ်း... ဘာမြင်လဲ"
" လှံတွေကိုင်ထားတဲ့ သူတွေမြင်တယ်"
" အင်း... သူတို့လက်ထဲကိုင်ထားတဲ့ ‌လက်နက်တွေက သင့်ကိုယ်ကိုတစ်စစီဖြစ်အောင်လုပ်လို့ရတယ်ဆိုတာကောသိလား"
" သိတယ်... "
" ကောင်းပြီ... ဒါဖြင့် ကျုပ်မေးတာ အမှန်တိုင်းဖြေရင် သင့်ကိုဘာမှမလုပ်ဘူး... လိမ်ညာပြောမယ်ဆိုရင်တော့ သင့်ကိုယ်ကိုဇကာပေါက်ဖြစ်အောင် လုပ်ခိုင်းရလိမ့်မယ်"
" စကားရှည်လိုက်တာ... ဘာမေးမှာလဲပြော"
" သင် .. စနေသမီးကိုယ်ထဲကို ဘာကြောင့် ပူးကပ်နေရတာလဲ"
" ငါကိုခိုင်းလို့ ပူးကပ်နေတာဟဲ့"
" သင့်ကို ဘာခိုင်းထားလို့လဲ.."
" ငါ့ကို သူ့သန္ဓေသားပျက်ကျအောင်လုပ်ခိုင်းထားတာ... အဲဒီသန္ဓေသားပျက်ကျရင် ငါစားလို့ရတယ်တဲ့"
" သင်က သန္ဓေသားစားရရင် ကိုယ်ထဲကထွက်မှာလား"
" ဟီး ဟီး ငါ့ကိုကျွေးစမ်းပါ... ‌သွေးတွေရွှဲနစ်နေတဲ့ ကလေးအသားစားချင်လို့"
" ဒါဖြင့် ဟောဒီ အရုပ်ကို ကလေးအသားလို့ သဘောထားပြီး စားလိုက်"
ဆရာဖြစ်သူက ဂျုံနဲ့လုပ်ထားတဲ့ အရုပ်ကိုပစ်ချပေးလိုက်ရာ နှင်းမှုံက အငမ်းမရဆွဲယူပြီး ကိုက်ဖဲ့စားပါလေရော။
" မောင်ကောင်းနဲ့ ခွန်းလှက လေးကွက်အင်းကိုပြာချပြီး ရေနဲ့ဖျော်.. တစ်အိမ်လုံးကိုလိုက်ဖြန်းပေး"
" ဟုတ်ကဲ့ဆရာ"
တပည့်နှစ်ယောက် ထွက်သွားချိန်မှာတော့ စန်းယုက အနောက်ကနေ လိုက်သွားပြီးကြည့်လိုက်ရာ အိမ်နောက်ဖေးတံဆက်မြိတ်နားလဲရောက်ရော ခေါင်မိုးပေါ်ကနေ "ဖောက်"ဆိုတဲ့အသံနဲ့အတူ အထုပ်တစ်ထုပ်လိမ့်ဆင်းလာခဲ့တယ်။
မောင်ကောင်းတို့လဲ ကျလာတဲ့အထုပ်ကို ယူပြီးဖွင့်ကြည့်လိုက်ရာ နှင်းမှုံရဲ့ဓါတ်ပုံကို ‌ခြေသည်းလက်သည်းတွေပါတဲ့အထုပ်နဲ့ချည်နှောင်ထားတာကိုမြင်လိုက်ရတယ်။
" ဆရာ... အိမ်နောက်ဖေး တံဆက်မြိတ်ပေါ်ကနေ ကျလာတာ"
" ငါထင်တဲ့အတိုင်းပဲ... ကာယကံရှင်ကိုကံနှိမ့်ပြီး အစိမ်းတိုက်ထားတာပဲ..."
" ဆရာ... ဒါကိုဘယ်သူလုပ်တယ်ဆိုတာသိလို့ရမလား"
" သိလို့ကောင်းတဲ့အရာမဟုတ်လို့ မသိချင်ပါနဲ့ဗျာ... ကျုပ်တို့အနေနဲ့ အိမ်ကိုကော ကာယကံရှင်ကိုပါ နောက်ထပ်ပြုစားမရအောင် လက်ဖွဲ့အဆောင်တွေပေးခဲ့ပါမယ်"
" ဆရာ... နှင်းမှုံကိုယ်ထဲမှာရှိနေတဲ့မိန်းမကိုရော ဘယ်လိုလုပ်ရမလဲ"
" ဂျုံအရုပ်ကုန်တာနဲ့ သူထွက်သွားပါလိမ့်မယ်... ခဏစောင့်ပေးလိုက်ပါ"
စန်းယုလဲ တစ်တောင်သာသာရှိတဲ့ ဂျုံရုပ်ကိုကုန်စင်အောင်စားနေတဲ့ နှင်းမှုံကိုကြည့်နေခဲ့ရာ အားလုံးကုန်စင်သွားချိန်မှာတော့ ဘုတ်ခနဲလဲကျကာသတိလစ်သွားခဲ့တယ်။
" နှင်းမှုံ... နှင်းမှုံ... သတိရပြီလား"
စန်းယုလှုပ်နှိုးမှုကြောင့် နှင်းမှုံသတိရလာပြီး
" ဟို ဟို မျက်နှာပြားပြားနဲ့မိန်းမရော... သူက နှင်းမှုန်ဂုတ်ကိုခွစီးထားတာ..."
" ဘယ်သူမှမရှိတော့ဘူး... စိတ်မပူနဲ့တော့နော်"
စန်းယုလဲ ဆရာသုံးယောက်ကို ကျေးဇူးတင်တဲ့အနေနဲ့ အကြိမ်ကြိမ်ကန်တော့ပြီး စုဆောင်းထားတဲ့ငွေအချို့နဲ့ကန်တော့သော်လည်း ကန်တော့ငွေတွေကို ကလေးမွေးရင်သုံးဖို့ပြန်ပေးသွားခဲ့တယ်။
ပြန်ခါနီးမှာလဲ တန်ပြန်စမတစ်ချပ်ပေးခဲ့ပြီး အိမ်အ၀င်ပေါက်မှာကပ်ခိုင်းထားခဲ့သလို နောက်ထပ်အလားတူကိစ္စထပ်လုပ်ပါက လုပ်တဲ့သူကိုသာထိလိမ့်မယ်ဆိုတဲ့အကြောင်းပြောပြခဲ့တယ်။
++++
ဒီကိစ္စတွေဖြစ်ပြီး လေးလလောက်အကြာမှာတော့ တရားထိုင်နေတဲ့အချိန် မျက်လုံးထဲမှာ မိန်းကလေးတစ်ယောက် ဗိုက်နာနေတဲ့ပုံရိပ်ကိုမြင်လိုက်ရပြီး၊ ခဏကြာတော့ မိန်းမတစ်ယောက် မျက်ဖြူလန်ကာ အမြုပ်တစီစီထွက်သတိလစ်နေတာကိုလဲမြင်လိုက်ရတယ်။
ဒီပုံရိပ်နှစ်ခုက ဘယ်သူတွေဖြစ်မလဲဆိုတာ စာဖတ်သူတွေသိကြမယ်လို့ထင်ပါတယ်။
+++++
အောင်မြတ်သာတို့လဲ လောင်းလှေစေတီကနေပြန်ထွက်လာပြီးနောက် အစနောက်သန်လွန်းမှုကြောင့် လူတွေလိပ်ပြာလွင့်ကာ သေဆုံးကြရတဲ့ သိုက်နန်းတစ်ခုဆီကိုရောက်လာခဲ့တယ်။
ဒီသိုက်နန်းထဲမှာနေတဲ့သူတွေက ချစ်ဖို့ကောင်းသလို၊ ကြောက်ဖို့လဲကောင်းတယ်။
သူတို့အကြောင်းကိုတော့ အောင်မြတ်သာနှင့်ဖိုးသူတော်သိုက်ဆိုတဲ့၀တ္တုမှာဖတ်ရှုပေးကြပါဦး။
လေးစားစွာဖြင့်
ဇေယန(ရာမည)

No comments

Post a Comment