ဘွားမယ်စိန်နှင့် ဓားပြဗိုလ်

 စဆုံး


"နေညိုရင် လေပျိုတဲ့....
အင်တိုင်းသားလေး မောင်ဘချစ်ပါခင်ဗျာ..."

ဘချစ်တစ်ယောက်မူးနေပြီဖြစ်သည်။
အရက်ပုလင်းကို ခါးကြားညှပ်ကာ ခြေထောက်များက
လေးကန်စွာတစ်လှမ်းခြင်းလှမ်းလျှောက်လာခဲ့သည်။

"ဟေ့...ဘချစ်...ရေချိန်ကိုက်ရဲ့လားကွ"

"ဘယ်သူကြီးတုန်းဗျ"

"ငါပါ...ဦးဖိုးဝ ပါကွာ..."

"ဟာ...လေးလေးဖိုးဝလား...
ကိုက်တယ်...ကိုက်တယ်...
ဒီကနေ့တော့ ဘေးရွာက ကောင်တွေပါလာတော့
ပိုတောင်ကိုက်သေးဗျာ..."

ဘချစ်က အရက်သမား...အမူးသမားတစ်ယောက်
ဖြစ်ပေမယ့် ဘချစ်ကို မုန်းသူမရှိ
ချစ်ခင်သူတွေသာများသည်။
ဘချစ်မူးရင်အာသွက် လျှာသွက်ပြီး
မမူးလျှင်တော့ ဘချစ်က စကားနည်းသူဖြစ်သည်။

"ကိုဘချစ်... ထမင်းစားတော့မလား"

"မစားသေးဘူး ခင်ဦးရေ...
ငါအိပ်ဦးမယ်ကွာ..."

"ဒါဆိုလည်းအိပ်တော်..."

မိန်းမဖြစ်သူခင်ဦးကလည်း ကိုဘချစ်ကိုအပြစ်မမြင်ပေ။
အလုပ်ပင်ပန်း၍သောက်သည်ဟုသာမှတ်ယူပေသည်။
ခင်ဦးမှတ်ယူတာလည်းမှန်၏။
ဘချစ်က နေ့ဘက်ဆို လယ်တောဆင်း၍
မမောနိုင်မပန်းနိုင်လုပ်ကိုင်တတ်သူဖြစ်သည်။
ဘချစ်အဖေဦးကျောက်လုံးက တစ်ရွာသားဖြစ်ပြီး
အင်တိုင်းရွာသူ ဒေါ်ဖွားသီနှင့် မေတ္တာမျှကာ
အင်တိုင်းရွာသို့ရောက်လာခဲ့ခြင်းဖြစ်သည်။
ဦးကျောက်လုံးက ဒေါ်ဖွားသီနှင့်မဆုံခင်က
ကုန်သည်လုပ်သည်ဟု​ပြော၏။
အင်တိုင်းရွာသို့ ရောက်လာလေတော့မှ
ဒေါ်ဖွားသီနှင့် တစ်အိုးတစ်အိမ်ထူထောင်ကာ
လယ်ယာလုပ်ငန်းကိုသာလုပ်ကိုင်တော့သည်။
သားဖြစ်သူ ဘချစ်နဲ့ ခင်ဦးတို့ လက်ထပ်ပြီးချိန်ရောက်မှ
ဦးကျောက်လုံးကော ဒေါ်ဖွားသီပါ ရှေ့ဆင့်နောက်ဆင့်
ဆုံးပါးသွားကြသည်။
ခင်ဦးကလည်း မိဘတွေ ဆုံးပါးသွားသော ဘချစ်ကို
အသနားပိုကာ အပြစ်မဆိုနိုင်ရှာ။

"ကိုဘချစ်..."

"အေး...ပြော..."

"ညဘက်ဆို အစောကြီးမအိပ်ပါနဲ့လားတော်..."

"ဟေ...ဘာလို့တုန်းကွ"

ခင်ဦးစကားကြောင့် မျက်လုံးပင့်ကာကြည့်ပြီး
ဘချစ်မေးလိုက်သည်။

"ဟိုတော်...ညဘက်ဆိုရင်...
တော်အစောကြီးမအိပ်ပါနဲ့လို့"

"အေးလေ...ဘာဖြစ်လို့လဲဆိုတာ
ပြောဦးမှပေါ့ ခင်ဦးရာ..."

"ကျုပ်ကြောက်လို့ တော့်..."

"ကြောက်လို့...မင်းက ဘာကိုကြောက်တာလဲ..."

"အို...ကျုပ်ပြောလိုက်လို့တော်မယုံမှာလည်းခက်တယ်..."

"ဘာကိုမယုံရမှာလည်း...
မင်းစကားကအဆန်းပါလား"

"ဒီလိုတော့်...ညဘက်ဆိုရင်လေ အိမ်နောက်ဖေးက
လမ်းလျှောက်သံကြီးကြားရတယ်...
နောက်ပြီး တစ်ခုခုကိုတူးနေတဲ့ တူးသံကြီးကိုလည်း
ကြားရတယ်တော့်..."

"ဟင်..."

ဘချစ် ဟင် ခနဲဖြစ်သွားသည်။
ခင်ဦးမျက်နှာကိုသေချာစိုက်ကြည့်ကာ
အကဲခတ်နေသည်။
ခင်ဦးကတော့လိမ်ဟန်မတူဟု...ဘချစ်စိတ်ထဲမှ
မှတ်ချက်ပြုလိုက်သေးသည်။

"ကျုပ်ပြောတာမယုံဘူးလား...
ကျုပ်လည်း သူခိုးထင်လို့ ထကြည့်သေးတယ်...
ကျုပ်ထွက်လာတော့ တစ်ယောက်မှမရှိဘူးတော်...
ဒါတင်မက ဘေးဝိုင်းက အေးမိတို့လင်မယားကပါ
ပြောနေတာ မခင်ဦးတို့ဝိုင်းထဲ ညဘက်ဆို
ဘယ်သူလမ်းလျှောက်နေတာလဲတဲ့...
ကျုပ်တို့ဝိုင်းထဲကနေလမ်းလျှောက်သံကြီးကို
ကြားရတယ်လေ...သူတို့ပြောမှ
ကျုပ်ပိုကြောက်လာတာတော့်..."

"ဒါ​ဖြင့် မင်းဘာလို့ ကျုပ်ကိုမနိုးတာလဲ..."

"အို...တော်က အိပ်မောကျနေတာလေ...
တစ်နေ့လုံးလည်းလယ်တောဆင်းထားရတာမဟုတ်လား
ဒါကြောင့် မနိုးတော့တာပါ..."

"ဘယ်ဖြစ်မလဲ ခင်ဦး...
ကျုပ်အိပ်နေတုန်း သူခိုးက မင်းကိုတစ်ခုခု
လုပ်သွားရင် ခက်ကုန်မှာပေါ့..."

"အဲ့တာကသူခိုးတော့ မဟုတ်လောက်ဘူးတော့်..."

"သူခိုးမဟုတ်ရင်ဘာလဲ...သရဲလားကွ"

"ကျုပ်လည်းအဲ့သည်လိုပဲထင်မိတယ်ကိုဘချစ်ရဲ့"

ခင်ဦးစကားကြောင့် ဘချစ်မျက်မှောင်ကျုံ့ကာ
စဥ်းစားနေသည်။
သူတို့မိဘများလက်ထပ်ကတည်းက နေထိုင်ခဲ့သော
အိမ်ဖြစ်ပြီး တစ်ခါမှယခုလိုမဖြစ်ဖူး၍ ဘချစ်ပို၍
စဥျးစားရခကျနေ၏။

"ကိုဘချစ်...ကိုဘချစ်..."

ဘချစ်စဥ်းစားနေစဥ် ခင်ဦးကခေါ်လိုက်သည်။

"ဘာလဲကွာ....ငါစဥ်းစားနေတာခင်ဦးရဲ့"

"တော်စဥ်းစားတာနောက်ထား...
အခု ကျုပ်ရွာထဲက နတ်ကတော်ကို ခေါ်ထားတယ်...
သူလာရင် တော်ဘာမှဝင်မပြောနဲ့နော်..."

"ဘာကွ...အခုကိစ္စက သရဲလား...
လူလားတောင်မသေချာသေးတာကို
မင်းကဘာလို့နတ်ကတော်အောင်ပုကိုခေါ်ရတာလဲခင်ဦး"

"ဟယ်တော်...ကိုဘချစ်...
တော်သူလာရင် အောင်ပုလို့မခေါ်နဲ့နော်...
သူ့နာမည်ကို အောင်အောင်လို့ ခေါ်ကြားလား"

"အလကားကောင်ကိုကွာ...
သူက...အလုပ် လုပ်မစားချင်လို့ နတ်ကတော်
လုပ်စားနေတဲ့ကောင်ကွ...မင်းမလို့ယုံတယ်..."

"ကျုပ်တော့်ကို သတိပေးပြီးပြီနော် ကိုဘချစ်...
ကျုပ်ပြောသလိုလုပ်ပါ..."

"အေး...မင်းလုပ်ချင်တာသာလုပ်တော့...
ကျုပ်ကတော့ အရက်ဆိုင်ပဲသွားတော့မယ်..."

ဘချစ်လည်း မိန်းမဖြစ်သူခင်ဦးကို တားမရ၍
အရက်ဆိုင်သို့ထွက်သွားတော့သည်။
ဘချစ်အရက်ဆိုင်မှပြန်လာတော့မိုးချုပ်ပြီဖြစ်၏။

"တော့် ကိုဘချစ်...ဒီကနေသိပ်မူးလာပုံမရပါလားတော်"

"အေး...ငါနည်းနည်းပဲသောက်ခဲ့တယ်...
မင်းပြောတဲ့လူလား...သရဲလားဆိုတဲ့ကောင်ကို
ဒီညငါကိုယ်တိုင်ဖမ်းမလို့..."

"မလိုတော့ဘူး...
ဟိုမှာ အောင်အောင်ပြောသလို ပွဲပေးထားပြီ..."

"အဲ့ကောင်အောင်ပုဘာပြောသွားသေးလဲ"

"သူကအိမ်မှာရှိတဲ့
အတိုက်အခိုက်တွေကိုရှင်းပေးခဲ့တယ်...
နောက်ပြီး ပွဲတစ်ပွဲပါထိုးလိုက်တယ်တော်...
ကျုပ်တော့ဒီညကစပြီး စိတ်ချလက်ချအိပ်လို့ရပြီ..."

ဘချစ်တစ်ယောက် ခင်ဦးကိုကြည့်ကာပြုံးလိုက်သည်။
ခင်ဦးကတော့ နတ်ကတော်အောင်အောင်၏စကားများကို
ယုံကြည်ကာ စိတ်ချလက်ချပင်အိပ်နေခဲ့ရှာသည်။

"ရှက်...ရှက်...ရှက်...."

ညသန်းနားသို့ရောက်တော့ ခြံဝိုင်းထဲမှ
လမ်းလျှောက်သံကို ဘချစ်ကြားလိုက်သည်။
အိပ်ရာထဲမှချက်ချင်းမထသေးဘဲ နားစွင့်နေလိုက်၏။
အသံကအိမ်နောက်ဖေးမှဖြစ်သည်။
အိမ်​နောက်ဖေးမှ တရှက်ရှက်လျှောက်ရင်း အိမ်ရှေ့သို့ရောက်လာသည်။
ပြီးနောက်ခြေသံသည် အိမ်​နောက်ဖေးဆီသို့ပြန်လျှောက်သွားပြန်၏။
ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော ​ခြေသံကြောင့်
ဘချစ်လည်း ခင်ဦးကိုလှုပ်နှိုးလိုက်သည်။

"ဘာလဲတော်..."

ခင်ဦး အိပ်ချင်မူးတူးဖြင့်နိုးလာခဲ့သည်။
ဘချစ်ကလေသံတိုးတိုးဖြင့်...

"မင်းပြောတဲ့ လမ်းလျှောက်သံ...ကြားလား"

ဟု...ပြောလိုက်တော့ ခင်ဦး မျက်လုံးပြူးသွားသည်။
သေချာနားစွင့်ပြီးလေတော့ ခေါင်းလေးညိတ်၍...

"ဟုတ်တယ် အဲ့သည်အသံပဲ ကိုဘချစ်"

ဟု...​ပြောလေသည်။

"မင်း နတ်ကတော်ကတတ်လို့မဟုတ်ဘူး
ငတ်လို့လုပ်စားနေတာ ခင်ဦးရဲ့...
နေဦး...ငါဝိုင်းထဲဆင်းကြည့်စမ်းမယ်..."

ဘချစ်လည်း ပုဆိုးကိုပြင်ဝတ်ကာ ခြေသံကိုတတ်နိုင်သမျှ
အသံမထွက်အောင်နင်းပြီး ခြံဝိုင်းထဲသို့ဆင်း
လာခဲ့သည်။

ခြံ​နောက်ဖေးဘက်မှလမ်းလျှောက်လာသံကြောင့်
အကွယ်တစ်ခုမှချောင်းကြည့်လိုက်သည်။

လမ်းလျှောက်လာသူကို လရောင်အောင်၌
ထင်းထင်းကြီးမြင်လိုက်ရ၍ ဘချစ် အံ့သြသွားသည်။

"ဟင်...အဖေ...."

ဘချစ်အသံကြောင့် လမ်းလျှောက်လာသူသည်
ဘချစ်ဆီကိုလှမ်းကြည့်သည်။
ဘချစ်လည်းအကွယ်မှ အမြန်ထွက်လာပြီး
ထိုသူရှိရာနေရာသို့ သွားလေတော့ ထိုသူသည်
အံ့သြဟန်ဖြင့် တစ်စုံတစ်ခုကိုပြောမည့်ဟန်ပြင်နေချိန်
ဘချစ်၏အရှေ့မှ ပျောက်ကွယ်သွားခဲ့လေသည်။
မျက်စိရှေ့မှပျောက်ကွယ်သွားသော အဖေဖြစ်သူကြောင့်
ဘချစ်...

"အဖေ...အဖေ..အဖေဘယ်ရောက်သွားတာလဲ"

ဟု...အော်ကာခေါ်လေသည်။

ဘချစ်အော်သံကြောင့် ခင်ဦး အပြေးရောက်လာခဲ့၏။

"ကိုဘချစ်ဘာဖြစ်တာလဲ..."

"ခင်ဦး...ငါအဖေ့ကိုတွေ့လိုက်တယ်...
အဖေက ငါ့ကိုစကားပြောမလို့ပြင်နေတုန်း...
ငါ့အရှေ့ကနေ ပျောက်သွားတာ...
အဖေ့ကိုရှာရမယ်ခင်ဦး...အဖေ ရှိတယ်ဟ..."

"ဟင်..အဖေ ဟုတ်လား"

ဘချစ်စကားကြောင့် ခင်ဦးအံ့သြသွားသည်။
ဘချစ်ကဲ့သို့ ခြံဝိုင်းထဲလိုက်ရှာနေခဲ့၏။
သို့သော် အရိပ်အယောင်တောင်မတွေ့ခဲ့ပေ။
နောက်ဆုဲး၌ဘချစ်နဲ့ခင်ဦးလည်း တစ်​ယောက်
မျက်နှာတစ်ယောက်ကြည့်ပြီး
အိမ်ထဲသို့ပြန်ဝင်လာခဲ့ကြတော့သည်။

"ခင်ဦး...စောစောကအဖေ့ကိုငါသေသေချာချာ
မြင်လိုက်တာဟ...အဖေမှအဖေအစစ်ပါဟာ..."

ဘချစ် မချိတင်ကဲအသံဖြင့်ပြောလိုက်သည်။

"ကိုဘချစ်...တော်မြင်လိုက်တာအဖေဆိုရင်...
အဖေကမကျွတ်သေးတာများလား"

"အေး...ဖြစ်နိုင်တယ်ဟ..."

ဘချစ်နဲ့ခင်ဦးတို့စဥ်းစားရခက်နေသည်။
အဖေဖြစ်သူဦးကျောက်လုံးတစ်​ယောက်
မည်သည်ကြောင့် မကျွတ်မလွှတ်ဖြစ်နေသလဲဆိုတာ
ဘချစ်စဥ်းစားမရခဲ့။

"အဖေမကျွတ်သေးဘူးဆိုရင်တော့
ကျုပ်တို့အဖေ့ကိုအမျှအတန်းပေးရမှာပေါ့ကိုဘချစ်ရယ်
ဒါမှအဖေလည်းဒီဘဝက ကျွတ်လွှတ်နိုင်မှာပေါ့တော်..."

"အေး...မင်းပြောတာလည်းဟုတ်တယ်...
ဒါဖြင့် ငါတို့ ရွာကျောင်းကဘုန်းကြီးပင့်ပြီး
အဖေ့အတွက်ကုသိုလ်လုပ်ပေးကြတာပေါ့ကွာ..."

ဘချစ်က ခင်ဦးစကားကိုလက်ခံလိုက်သည်။
ခင်ဦးအကြံပေးသည့်အတိုင်း ရွာကျောင်းကဘုန်းကြီးကို
အိမ်သို့ပင့်ပြီး အဖေဖြစ်သူဦးကျောက်လုံးအတွက်ရည်စူးကာ လှူဖွယ်ပစ္စည်းများလှုပေးကြ၏။
ပြီးနောက်ဦးကျောက်လုံးအတွက် ရေစက်ချ
အမျှပေးဝေခဲ့ကြသည်။

"ဒီလောက်ဆိုရင်တော့ ငါတို့အဖေလည်း
ကောင်းရာမွန်ရာကိုရောက်လောက်ပါပြီနော်ခင်ဦး"

"ဒါပေါ့တော်...ဒါနဲ့ကိုဘချစ်...
တော်အရက်တွေမသောက်ပါနဲ့တော့လား...
အခုလည်းမသောက်ဘဲနေနိုင်နေတာပဲတော်..."

"ငါသိပါတယ်ခင်ဦးရယ်...
ငါလည်း အရက်မသောက်တော့ဘူးလို့
ဆုံးဖြတ်ထားပါတယ်ဟ"

"ဝမ်းသာလိုက်တာကိုဘချစ်ရယ်...
ကျုပ်တကယ်ဝမ်းသာတာပါတော်..."

ခင်ဦး တစ်ယောက် ဘချစ်စကားကြောင့်
ဝမ်းသာသွားသည်။

သူတို့၏ဝမ်းသာမှုကကြာရှည်မခံပေ။
ဦးကျောက်လုံးအတွက် အမျှအတန်းပေးဝေပြီး
သုံးရက်မြှောက်နေ့သို့ရောက်တော့ ခြံထဲမှလမ်းလျှောက်သံကြီးကိုပြန်ကြားရပြန်သည်။

"မဟုတ်တော့ဘူးခင်ဦး...
ငါတို့လည်းကုသိုလ်တွေလုပ်ပေးထားရဲ့နဲ့
အဖေကဘာလို့မကျွတ်လွှတ်နိုင်ရတာလဲဟာ..."

ဘချစ်သည် အဖေဖြစ်သူအတွက်
စိတ်မကောင်းဖြစ်ကာပြောရှာသည်။
ခင်ဦးကလည်း ဘချစ်ကိုနှစ်သိမ့်ပေးရင်း...

"မဖြစ်တော့ဘူးကိုဘချစ်...
ကျုပ်တို့သောင်ထွန်းရွာက အမေကြီးကိုပင့်ဖိတ်ပြီး
မေးမြန်းရတော့မှာပဲတော်..."

"သောင်ထွန်းရွာကအမေကြီးဆိုတာ...
ဘွားမယ်စိန်ကိုပြောတာလား"

"ဟုတ်တယ်လေတော်... "

ခင်ဦးစကားကို ဘချစ်ခေါင်းညိတ်လိုက်သည်။

"အေး...ဒါဆိုလည်း ငါကိုယ်တိုင်အမေကြီးကို
သွားပင့်မယ်ကွာ..."

"နေဦးကိုဘချစ်...တော်သွားမယ်ဆိုရင်
ရွာသူကြီးကိုလည်းအကျိုးအကြောင်း​ပြောပြီး
ခေါ်သွားလိုက်...ရွာသူကြီးက အမေကြီးနဲ့ပိုပြီး
ရင်းနှီးတယ်တော့်..."

"အဲ့သည်လိုလား...အေးကွာ...
ဒါဆို တို့သူကြီး ဦးဖိုးမှန်ကိုလည်း
ခေါ်သွားလိုက်ပါ့မယ်..."

နောက်တစ်ရက်နံနက်၌...

ဘချစ်လည်း ရွာသူကြီးဦးဖိုးမှန်ကိုအကျိုးအကြောင်းပြောပြီး သောင်ထွန်းရွာက ဘွားမယ်စိန်ကိုပင့်ခေါ်ဖို့
လိုက်ခဲ့ပေးရန်ပြောလေတော့ သူကြီးဦးဖိုးမှန်က
သဘောတူကာ ဘချစ်နှင့်အတူလိုက်လာခဲ့သည်။

"အဲ့တာပဲဘွားရေ...ဒီကောင်က သူ့အဖေမကျွတ်မလွှတ်
ဖြစ်နေတာမလို့ ဘွားဆီကိုလာပြီးအကူအညီ
တောင်းတာတဲ့ဗျာ..."

သူကြီးဦးဖိုးမှန်စကားကိုဘချစ်ကလည်းခေါင်းညိတ်
ထောက်ခံလေသည်။

"အင်းပေါ့လေ...သူလည်းသံသရာမှာဘာတွေကို
စွဲလမ်းနေလို့များမကျွတ်မလွှတ်လည်းမသိပါဘူးကွယ်..."

"ကျုပ်လည်းအဲ့တာသိချင်နေတာပါအမေကြီးရယ်...
ကျုပ်ဘက်က သားတစ်ယောက်အနေနဲ့
အဖေနဲ့အမေအတွက် ကုသိုလ်ကောင်းမှုတွေ
လုပ်ပေးနေခဲ့တာပါ...ဒါကိုတောင်အဖေက ဘာ​​ကြောင့်
မကျွတ်မလွှတ်ဖြစ်နေသလဲဆိုတာကျုပ်ဖြင့်
စဥ်းစားမရဘူးဗျာ..."

ဘချစ်က.အဖေဖြစ်သူအတွက်စိတ်မကောင်းဟန်ဖြင့်
ပြောလေသည်။

"အေးကွယ်...ဒါဖြင့်လည်းသူ့ဝိညာဥ်ကိုခေါ်ပြီး
မေးကြည့်လိုက်တာအကောင်းဆုံးပေါ့...
မောင်ရင့်အဖေနာမည်ဘယ်သူ..."

"ဦးကျောက်လုံးပါအမေကြီး..."

"အေး...အေး...ဒါဖြင့် ဘွား ခေါ်ကြည့်မယ်...
မောင်ရင်တို့မရှင်းလင်းတဲ့ကိစ္စကို
ရှင်းလင်းခိုင်းရတော့မှာပေါ့..."

ဘွားမယ်စိန်ကထိုသို့ပြောပြီး ဦးကျောက်လုံး၏
ဝိညာဥ်ကိုခေါ်တော့သည်။
ဘွားမယ်စိန်က ဦးကျောက်လုံး၏ဝိညာဥ်ကို​
ခေါ်လေတော့ ထန်းလက်ခုံ၌ ထိုင်နေသော
နန်းကြိုင်က ဆတ်ခနဲထရပ်လေသည်။
ခေါင်းကြီးကိုလည်းအောက်သို့ငိုက်ထားသော
နန်းကြိုင်ကြောင့်ဒေါ်ဝင်းက...

"သမီး...ငြိမ်ငြိမ်နေလေကွယ်..."

ဟု...တိုးတိုးလေးကပ်ကာပြောလိုက်သည်။
ဘွားမယ်စိန်က နန်းကြိုင်ကို သေချာစူးစိုက်ကြည့်နေ၍
ဒေါ်ဝင်းလည်း နန်း​ကြိုင်အဆူခံရမည်ကိုစိုးထိတ်နေခဲ့သည်။

"ရောက်လာပြီလား"

ဘွားမယ်စိန်ကမေးတော့ နန်းကြိုင်က ခေါင်းညိတ်သည်။
ဒေါ်ဝင်းတစ်​ယောက်လန့်သွားခဲ့၏။

"ဟယ်တော်အမေ...ကျုပ်သမီး..."

"မိဝင်း...ညည်းငြိမ်ငြိမ်ထိုင်နေစမ်းပါ..."

ဒေါ်ဝင်းကအလန့်တကြားအော်သောကြောင့်
ဘွားမယ်စိန်က ဟန့်တားလိုက်သည်။

"ဟောသည်ဘက်ကဘယ်သူဘယ်ဝါဆိုတာသိလား...
မော့ကြည့်လိုက်စမ်း..."

ဦးကျောက်လုံး၏ဝိညာဥ်က နန်းကြိုင်၏
ကိုယ်ထဲသို့ဝင်နေခဲ့သည်။
ဘွားမယ်စိန်ကမော့ကြည့်ခိုင်းလေတော့ မော့ကြည့်လာသော နန်းကြိုင်၏မျက်နှာသည် မျက်လုံးများ နီကာရဲလို့နေခဲ့၏။
ဘချစ်ကိုလှမ်းကြည့်ပြီး...

"ကျုပ်သား...ဘချစ်ပါ..."

ဟု...ဖြေလေတော့ ဘချစ်မှာ ပါးစပ်အဟောင်းသား
ဖြင့် နန်း​ကြိုင်လေးကိုကြည့်နေရှာသည်။

"မောင်ဘချစ်ကအဖေဖြစ်သူအတွက်
ကောင်းမှုကူသိုလ်တွေလုပ်ပေးပါရဲ့နဲ့
အဖေဖြစ်သူကဘာကြောင့်မကျွတ်မလွတ်
ဖြစ်နေရသလဲဆိုတာသိချင်နေတာ..."

"ကျုပ်...ကျုပ်ပစ္စည်းတွေစိတ်မချလို့ပါ..."

"ဘာပစ္စည်းလဲ...ဘယ်ပစ္စည်းကို ဘ​ာကြောင့်
စိတ်မချနေရတာလဲ..."

ဘွားမယ်စိန်မေးတော့ ဦးကျောက်လုံး၏ဝိညာဥ်က
ဖြေဖို့တုံ့နှေးနေသည်။

"ဟဲ့...ပြောလေ...ဘာကြောင့်မဖြေနိုင်ရတာလဲ...
ဒီလိုဘဝမျိုးမှာပဲ ဆက်ပြီးနေချင်သေးတာလား"

"ကျုပ်မနေချင်ပါဘူး..."

"အေး...မနေချင်ရင်ပြောလေ..."

ဦးကျောက်လုံး၏ဝိညာဥ်က ဘချစ်ကိုသာ
အတွင်ကြည့်နေသည်။

"ကျုပ်ပြောမယ့်အကြောင်းအရာက ကျုပ်အတွက်
ဘာမှ မထူးခြားတော့ပေမယ့်...
ကျုပ်သားအတွက်တော့ ထူးခြားသွားနိုင်တယ်ဗျ...
ကျုပ်ကြောင့်ဒီကလေးကို သူများတွေ
အပြောအဆိုခံရမယ့်ကိစ္စကြီးကို
ကျုပ်မပြောပြနိုင်ဘူးဗျာ"

ဟု...ဦးကျောက်လုံးဝိညာဥ်က ခေါင်းလေး
တရမ်းရမ်းဖြင့်ပြောသည်။
ဘချစ်ခမျာ အဖေဖြစ်သူကိုကြည့်၍...

"အဖေ...ကျုပ်ကဘာမှအရေးမကြီးပါဘူးဗျာ...
အဖေအခုလိုမကျွတ်မလွတ်ဖြစ်နေရတာကိုပဲ
ကျုပ်ရင်နာလို့မဆုံးဘူးအဖေရာ...
အဖေ့ကိုဒီလိုမျိုးဘဝကြီးနဲ့ကျုပ်မကြည့်ရက်ဘူးဗျ"

ဟု...ဝမ်းနည်းသံကြီးဖြင့်ပြောလေသည်။

"ငါ့သား...အဖေတောင်းပန်ပါတယ်ကွာ..."

"ကျုပ်ကိုမတောင်းပန်ပါနဲ့အဖေရာ...
အမေကြီးပြောတာလေးကိုသာ အဖေလုပ်စမ်းပါ...
အမေကြီးမေးတာကိုဖြေလိုက်ပါအဖေရာ..."

ဘချစ်က အဖေဖြစ်သူဦးကျောက်လုံးကို
နားချနေသည်။
ဦးကျောက်လုံးက မျက်ရည်များဖြင့် ခေါင်းကိုညိတ်၍...

"ကျုပ်ပြောမယ်...အဖေပြောပါ့မယ်ငါ့သားရာ...
ဒီလိုပါ... ကျုပ်နာမည်ကအင်တိုင်းတစ်ရွာလုံးသိထားတဲ့
ဦးကျောက်လုံးအပြင် နောက်တစ်နာမည်ရှိပါသေးတယ်..."

ဦးကျောက်လုံးစကားကြောင့် သူကြီးဦးဖိုးမှန်တို့
ပို၍စိတ်ဝင်စားသွားကြသည်။

"ကျုပ်နာမည်ကို သိမ်းငှက်လို့ခေါ်ပါတယ်...
ပြောရရင် ဗိုလ်သိမ်းငှက်ပေါ့ဗျာ..."

"ဟာ...ဗိုလ်သိမ်းငှက်...ဗိုလ်သိမ်းငှက်ဆိုတာ
ကျုပ်တို့ငယ်ငယ်ကကြားဖူးတဲ့
ဓားပြဗိုလ် ဗိုလ်သိမ်းငှက်များလား"

သူကြီး ဦးဖိုးမှန်ကထိုသို့ ထပြောလေတော့
ဦးကျောက်လုံးခေါင်းညိတ်လေသည်။

"ဟုတ်ပါတယ်...ကျုပ်ကအဘိုးဓားပြ...
အဖေဓားပြကနေမွေးဖွားလာတဲ့ ဓားပြဗိုလ်...
ဗိုလ်သိမ်းငှက်ပါ..."

"ဟာ...ဒါဖြင့် ခင်ဗျားဘယ်လိုများ
ကျုပ်တို့ရွာမှာအခြေချနေခဲ့တာလဲ..."

သူကြီးဦးဖိုးမှန်က ဦးကျောက်လုံးကိုမေးလေတော့
ဦးကျောက်လုံးကခေါင်းကိုညိတ်ပြီး...

"ကျုပ်ပြောပြပါ့မယ်...
ကျုပ်အတွက်မမေ့နိုင်တဲ့အဖြစ်အပျက်တစ်ခုပေါ့ဗျာ..."

ဟု...အစချီကာ သူ၏ဘဝအကြောင်းကိုပြောပြလေသည်။

ဗိုလ်သိမ်းငှက်တို့တောတွင်းစခန်း၌
အစည်းအဝေးထိုင်နေခဲ့သည်။
အဖေဖြစ်သူ၏ အမွေကိုဆက်ခံကာ ဓားပြတိုက်၊လူသတ်သော ဗိုလ်သိန်းငှက်ဆိုသည်မှာငယ်ရွယ်သော
လူငယ်တစ်ဦးပင်ဖြစ်၏။
အသက်အားဖြင့်နှစ်ဆယ့်ငါးသာသာရှိသော
ဗိုလ်သိမ်းငှက်ကို စခန်းရှိလူများက ရိုသေကြရသည်။
သို့သော်...ဗိုလ်သိမ်းငှက်လက်အောက်၌
မလုပ်လို၍ ပုန်ကန်လိုကြသူများကလည်းရှိပြန်သည်။

တစ်နေ့၌ ဗိုလ်သိမ်းငှက်တစ်ယောက် တောတွင်း
တစ်နေရာ၌တရားထိုင်နေသောရသေ့ကြီး တစ်ပါးကို
တွေ့မြင်လိုက်သည်။

"ဟေ့ကောင်တွေ...ထမင်းရှိတယ်မလား...
တစ်ထုပ်ပေးစမ်းကွာ..."

တပည့်တစ်ယောက်ပေးသော ထမင်းထုပ်ကိုယူကာ
ဗိုလ်သိမ်းငှက်လည်း ရသေ့ကြီးရှိရာအနီးသို့ရောက်လာခဲ့သည်။

"ရသေ့ကြီး...ကျုပ်ထမင်းထုပ်ကပ်ပါရစေ..."

လူသတ်၊ဓားပြတိုက်သော ဗိုလ်သိမ်းငှက်သည်
ရသေ့ကြီးကို ထမင်းထုပ်လေးကပ်လှူ၏။
ရသေ့ကြီးက ဗိုလ်သိမ်းငှက်၏မျက်နှာကို
သေချာကြည့်ပြီး...

"မောင်ရင်လေး...မကြာခင်မှာ မောင်ရင်လေးရဲ့
အသက်ကိုရန်ပြုခံရတော့မယ်ကွဲ့..."

ဟု...ပြောလေတော့ ဗိုလ်သိမ်းငှက်
မျက်လုံးပြူးသွားသည်။

"ဘယ်လိုအသက်ဘေးမျိုးကို
ကျုပ်ကကြုံရမှာလဲရသေ့ကြီးရဲ့"

"ကျုပ်ပြောပြရင်မောင်ရင်လေးဘက်က
ဒီလိုအကုသိုလ်အလုပ်ကိုစွန့်လွှတ်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားနိုင်ပါ့မလား"

ရသေ့ကြီးက မေးတော့ ဗိုလ်သိမ်းငှက်
စဥ်းစားရခက်သွားသည်။

"မောင်ရင်လေးစဥ်းစားပါ....
ဒါပေမယ့်မောင်ရင်လေးအတွက်
အချိန်ကသိပ်မကျန်တော့ဘူး..."

ရသေ့ကြီး၏ရုပ်သွင်ကိုဗိုလ်သိမ်းငှက်အကဲခတ်သည်။
သူ့အား စနောက်နေသည့်ပုံစံမဟုတ်တာကို
ဗိုလ်သိမ်းငှက်သိ၏။

"အခုလိုတစ်ခါမှမတွေ့မမြင်ဖူးပေမယ့်
ကျုပ်ရသေ့ကြီးကိုကြည်ညိုပါတယ်...
ဒါကြောင့် ရသေ့ကြီးပြောတာကိုလည်း
ကျုပ်ယုံကြည်မိတယ်...
ပြောပါရသေ့ကြီး...ကျုပ်ကတိပေးပါတယ်ဗျာ..."

ဗိုလ်သိမ်းငှက်စိတ်ထဲ၌ရသေ့ကြီးကို ယုံကြည်နေသည်။
ကြည်ညိုစိတ်လည်းများနေပုံရ၏။

"ကောင်းပြီ..
ကျုပ်ကိုမောင်ရင့်ဘက်က ကတိပေးတယ်ဆိုရင်
ကျုပ်ပြောပါ့မယ်...
ဒီကနေ့ကစလို့နောက်နှစ်ရက်မြှောက်နေ့မှာ
မောင်ရင့်ရဲ့တပည့်တွေ မောင်ရင့်အပေါ်သစ္စာဖောက်ကြလိမ့်မယ်...မောင်ရင်လည်းသူတို့လက်ချက်နဲ့ပဲ
သေဆုံးရလိမ့်မယ်..."

ရသေ့ကြီးစကားကြောင့် ဗိုလ်သိမ်းငှက်
အံ့သြထိတ်လန့်သွားသည်။
မလှမ်းမကမ်းမှတပည့်များကို
လှမ်းကာကြည့်လိုက်သည်။
ပြီးလေတော့မှ...

"ကျုပ်...ကျုပ်ဘယ်လိုလုပ်ရမလဲရသေ့ကြီး..."

ဟု..ရသေ့ကြီးကိုအားကိုးတကြီးမေးရှာသည်။

"ဒီည ညသန်းခေါင်ကျော်တာနဲ့ ဒီအရပ်ကနေ အရှေ့စူးစူးကိုထွက်သွားပါ... အဲ့သည်လိုကျူပ်ပြောတာကိုလုပ်ရင်
မောင်ရင်အသက်ဘေးကလွတ်ပြီကွဲ့...
အေး...အသက်ဘေးကလွတ်ရင်လည်း ကျုပ်ကိုပေးထားတဲ့ ကတိကိုတည်ပေါ့ကွယ်..."

"ကျုပ်ကတိတည်ပါတယ်ဘရသေ့..."

ဗိုလ်သိမ်းငှက်က ဘရသေ့ဟုခေါ်ကာ ကတိပေးရှာသည်။
ရသေ့ကြီးကလည်း ခေါင်းကိုညိတ်၍ နေရာမှထထွက်သွားတော့၏။

ထို့နောက် ဗိုလ်သိမ်းငှက်လည်း သူစုဆောင်းထားသည့်
ရွှေငွေများနှင့်သေနတ်ကိုယူဆောင်ကာ ညသန်းခေါင်သို့ရောက်သည်နှင့် ရသေ့ကြီးပြောခဲ့သည့်အတိုင်း အရှေ့စူးစူးသို့ထွက်ပြေး​တော့သည်။
ဓားပြဘဝမှထွက်ပြေးလာသောဗိုလ်သိမ်းငှက်တစ်​ယောက်ကုန်သည်အယောင်ဆောင်ကာ ဘဝကိုဖြတ်သန်းရင်းမှ အင်တိုင်းရွာသူမဖွားသီနှင့်ချစ်ကြိုက်ပြီး
သူ၏ဘဝကိုအင်တိုင်းရွာ၌သာ အခြေချခဲ့တော့၏။

ဦးကျောက်လုံးကသူ၏ဘဝအကြောင်းကိုပြောပြပြီးလေတော့ ဘချစ်မှာအဖေဖြစ်သူကိုကြည့်ကာသက်ပြင်းချနေခဲ့သည်။

"ငါ့သားအဖေ့အကြောင်းတွေသိလိုက်ရတော့
အဖေ့ကိုစိတ်နာသွားပြီလားဟင်..."

"ကျုပ်စိတ်မနာပါဘူးအဖေ...
ကျုပ်ကဘာလို့အဖေ့ကိုစိတ်နာရမှာလဲ...
အဖေမွေးလို့ကျုပ်ကလူဖြစ်လာတဲ့ကောင်ပါအဖေရာ...
ကျုပ်အဖေ့ကိုအခုထိ ဘယ်လိုမှအပြစ်မမြင်ပါဘူးဗျာ"

"ဟုတ်ပါတယ်ဦးကျောက်လုံးရာ...
ဓားပြဗိုလ်သိမ်းငှက်ဆိုတာ ကျုပ်တို့လူငယ်ဘဝကကြားဖူးတာပဲရှိတာပါ...ကျုပ်တို့မှာပြင်မရတဲ့အမှားတွေရှိကြတာပဲ ကျုပ်တို့နားလည်ပါတယ်...နောက်ပြီး ခင်ဗျားသားကိုဘယ်သူမှ ဝိုင်းလက်ညိုးမထိုးရအောင်ဒီကိစ္စကို
ဒီမှာပဲ ကျုပ်တို့ဖုံးထားနိုင်ပါတယ်ဗျ..."

သူကြီးဦးဖိုးမှန်ကလည်းဝိုင်းဝန်းကာပြောပေး၏။

"အင်း...အကြောင်းစုံတော့သိပြီးပြီ...
ဒါဖြင့် ဓားပြဗိုလ်ကြီးက ဘာကိုစွဲလမ်းပြီး
မကျွတ်လွှတ်နိုင်ဖြစ်နေရသလဲဆိုတာကို ပြောစမ်းပါဦး..."

ဘွားမယ်စိန်ကမေးတော့ ဦးကျောက်လုံးသည်...

"ကျုပ်ရဲ့သေနတ်ကိုပါ...
လူသိမှာဆိုးလို့ ကျုပ်တို့အိမ်နောက်ဖေးမှာပဲ
ကျင်းတူးပြီးမြုပ်ထားခဲ့တာပါဗျာ...
ဒါပေမယ့် ကျုပ်မသေခင်ကျုပ်သားဒီသေနတ်ကို
တွေ့သွားမှာစိုးတဲ့စိတ်ကြောင့် ကျုပ်မကျွတ်လွတ်နိုင်ဖြစ်နေရတာပါ..."

ဦးကျောက်လုံးဓားပြဘဝကပါလာသော သေနတ်ကို
စွဲလမ်းနေခြင်းဖြစ်သည်။
စွဲလမ်းနေခြင်းထက်သားဖြစ်သူတွေ့သွားမည်ကို
စိုးရိမ်နေခဲ့ခြင်းဖြစ်၏။

"ဒါဆိုရင်တော့ ဒီသေနတ်ကို ပြန်လည်တူးဖော်ပြီး
သူကြီးလက်ထဲကိုအပ်လိုက်ပါ့မယ်...
ဒီလောက်ဆိုရင် မောင်ရင့်ရဲ့အစွဲအလမ်းလည်းကျွတ်လောက်ပြီထင်ပါရဲ့ကွယ်..."

"ဟုတ်ကဲ့..."

"မောင်ဖိုးမှန်ကြားတဲ့အတိုင်းပဲ...
မောင်ဘချစ်တို့အိမ်ကသေနတ်ကိုလူတွေမသိအောင်
တိတ်တဆိတ်တူးလိုက်ကြပေါ့...
ပြီးရင်တော့ သူ့အတွက်ရည်စူးပြီးအမျှအတန်းလေး
ထပ်ပြီး ပေးဝေလိုက်ပါ...
သူလည်းကျွတ်ချိန်တန်ပါပြီ..."

"ဟုတ်ကဲ့အမေကြီး..."

"ကဲ...ကဲ...ဒီကလေးရဲ့
ကိုယ်ထဲကနေထွက်သွားလို့ရပါပြီ...
မောင်ရင့်ရဲ့သားနဲ့သူကြီးတို့စီစဥ်ပေးမှာမလို့
ကုသိုလ်လုပ်ရင်လည်း သာဓုခေါ်ဖြစ်အောင်
ခေါ်လိုက်ပါကွယ်..."

ဘွားမယ်စိန်ကပြောတော့ ဦးကျောက်လုံးခေါင်းညိတ်သည်။

"နေပါဦးဗျာ...ကျုပ်အဖေ့ကိုနောက်ဆုံးအနေနဲ့
ကန်တော့ပါရစေ..."

ဘချစ်ကပြာပြာသလဲတားပြီး ကွပ်ပျစ်ပေါ်မှဆင်းကာ
မြေကြီးပေါ်ထိုင်ချ၍ ကန်တော့သည်။
ဦးကျောက်လုံးကပြုံးပြီးသားဖြစ်သူကိုကြည့်နေသည်။

"အဖေသွားပြီငါ့သားရေ..."

ဘချစ်ကိုနှုတ်ဆက်ပြီး နန်းကြိုင်လေး၏ကိုယ်ထဲမှ
ဦးကျောက်လုံး၏ဝိညာဥ်ထွက်သွားတော့သည်။
ဦးကျောက်လုံးဝိညာဥ်ထွက်သွားသောကြောင့်
လဲကျသွားသောနန်း​ကြိုင်လေးကိုဒေါ်ဝင်းက
ပွေ့ထူပေးထားသည်။
ဘွားမယ်စိန်ကလည်း နန်းကြိုင်လေးကိုရေမန်းတိုက်၍
ဒေါ်ဝင်းကိုအိပ်ရာထဲသို့ခေါ်သွားစေသည်။
ကျန်ရစ်​သော သူကြီးဦးဖိုးမှန်နှင့်ဘချစ်တို့ကိုလည်း
မှာစရာများမှာကြားကာ
စကားဆက်လက်ပြောနေခဲ့သည်။

ခဏမျှကြာလေတော့ ဘချစ်က ဘွားမယ်စိန်ကို
ကန်တော့လေသည်။
ကန်တော့ပြီးလေမှ အင်တိုင်းရွာသို့ပြန်သွားကြတော့သည်။
သူတို့လည်း ဦးကျောက်လုံး၏ဝိညာဥ် စွဲလမ်းနေသော
သေနတ်ကိုလူများမသိစေရန်တူးဖော်ရဦးမည်ဖြစ်၏။
ဦးကျောက်လုံးကို ဓားပြဗိုလ် ဗိုလ်သိမ်းငှက်မှန်း
ဘွားမယ်စိန်၊ဒေါ်ဝင်း၊ဘချစ်နှင့်သူကြီးဦးဖိုးမှန်တို့မှလွဲ၍
မည်သူမှမသိခဲ့ပေ။

သေနတ်ကိုတူးဖော်ပြီးလေမှ ဦးကျောက်လုံးအတွက်
အမျှအတန်းပေးဝေမည်ဖြစ်၏။
ဘွားမယ်စိန်လည်း ထပ်မံကာ ဓားပြဗိုလ်သရဲကြီး၏
အစွဲအလမ်းကို ချွတ်လွှတ်ပေးနိုင်ခဲ့သည်။

စာမူလေးကတော့ ဤမျှနှင့်ပဲပြီးဆုံးသွားပါသည်။

ယဥ်မင်း(ကန့်ဘလူ)

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)