မာယာမျက်နှာဖုံး (စဆုံး)

 ကနီကျေးရွာ ရဲကင်းစခန်း။အချိန်ကား နံနက် ၆နာရီခွဲစ။


သပိတ်ကျင်းမြို့နယ် အတွင်းရှိ ကနီကျေးရွာအုပ်စုတွင်

ဖြစ်သည်။ ထိုရဲကင်းမှုး ဒုရဲအုပ်ရိုးမသည် မန္တလေးမြို့ရှိ

တိုင်းတပ်ဖွဲ့မှုးရုံးသို့ တာဝန်ဖြင့် မနေ့ညနေက ထွက်သွား

၏။


ထို့ကြောင့် သူ၏ ရဲကင်းကို သပိတ်ကျင်းမြို့နယ် ရဲစခန်းမှ

ဒုရဲအုပ်ကျော်ကျော်အား ခေတ္တအစားထိုး တာဝန်ချထား၏

ယနေ့ နံနက်ဆို ဒုရဲအုပ်ရိုးမ ပြန်ရောက်မည်ဖြစ်သည်။


ရိုးမက မကြာမှီ ရဲအုပ်ရာထူးသို့ တိုးမြှင့်ထမ်းဆောင်ရတော့

မည့်သူ တစ်ဦးဖြစ်သည်။ ရိုးမသည် အသားညိုညို ၊ အရပ်မြင့်မြင့်နှင့် ယူနီဖောင်းဝတ်ထားချိန်များသာမက

အရပ်ဝတ်နှင့်ကြည့်လျှင်ပင် တည်ကြည်ပြတ်သား၍

ရိုးသားဟန် အပြည့်ရှိသူဖြစ်သည်။


လူပျို တကိုယ်ရေတကာယသမားဆိုပေမယ့် တပ်ဖွဲ့ဝင်ပီပီ

စည်းကမ်းရှိ၍ တိကျပြတ်သားသူဖြစ်သည်။ တဖက်သား

ကို စိတ်ရောကိုယ်ပါ ကူညီတတ်သူဖြစ်၍ သူ၏လက်

အောက်မှ တပ်ဖွဲ့ဝင်မိသားစုများသာမက ကျေးရွာမှ လူ

ကြီးလူငယ်များ၏ ချစ်ခင်လေးစားမှုကို ခံယူထားသူလည်း

ဖြစ်သည်။ယ္ခု သူ မန္တလေးမြို့သို့ ညအိပ်ခရီးထွက်နေစဉ်

ကနီကျေးရွာအုပ်စုမှ ဆူးခြုံရစ်ရွာလေးတွင် လူသတ်မှုတစ်

ခု ဖြစ်ပွားသွားခြင်း ဖြစ်လေသည်။


ရဲကင်းမှုးတာဝန်ခေတ္တယူထားသောဒုရဲအုပ်ကျော်ကျော်မိုးအေးအေးနှင့်မဂ္ဂဇင်းတစ်စောင်ထိုင်ဖတ်နေစဉ် ရဲတပ်သားထွန်းခိုင် လာ၍ သတင်းပို့လေသည်။


" ဗိုလ်လေး..ဆူးခြုံရစ်ရွာက ကျေးရွာအုပ်ချုပ်ရေးမှုးက

သူတို့ရွာမှာ လူသတ်မှုဖြစ်ပွားကြောင်း သတင်းပို့လာတယ်"


ဒုရဲအုပ်ရိုးမကျော် ဖတ်လက်စ မဂ္ဂဇင်းလွတ်ကျသွား၏။

အမှုကြီးဆယ်မျိုးထဲက လူသတ်မှုဟူ၍ ယာယီရဲကင်းမှုး

လေး ကျော်ကျော် လန့်ဖြန့်သွားခြင်းဖြစ်သည်။


" ဟေ..လူသတ်မှု ဟုတ်လား၊ အေး.အေး ဒါဆို

အခုချက်ချင်း သပိတ်ကျင်းမြို့နယ်စခန်းမှုးကို သတင်းပို့

ပြီး ဆူးခြုံရစ်ရွာ သွားကြတာပေါ့.."


ကျော်ကျော် သူ၏အထက်အရာရှိထံသတင်းပို့ အကြောင်း

ကြားတော့ လုပ်စရာရှိတာ အရင်လုပ်ထားရန် အမိန့်ပေး

လာ၏။ ပြီးတော့ မကြာမှီ ဒုရဲအုပ်ရိုးမ ထိုဆူးခြုံရစ်ရွာသို့

လိုက်လာမည်ဖြစ်ကြောင်း၊ ယခု သပိတ်ကျင်းရဲစခန်းသို့

ရောက်နေပြီဖြစ်ကြောင်း ဝမ်းသာစရာ ဖုန်းသတင်းရ၏။


ဒုရဲအုပ်ကျော်ကျော်နှင့်အဖွဲ့သည် လူသတ်မှု ဖြစ်ပွားရာ

ဆူးခြုံရစ်ကျေးရွာစွန်ရှိ သေသူမခင်ထွေးအိမ်သို့ ရောက်

လာသည်အခါ ကျေးရွာလူနေမှုထုံးစံအတိုင်း စပ်စုသူများ

လာ၍ လေ့လာသူများမှာ အိမ်ဝိုင်းထဲတွင် ဟိုတစ်စု ဒီတစ်

စု စုရုံးစုရုံး နှင့်တွေ့ရ၏။ ထို့ကြောင့် မသက်ဆိုင်သူများ

ကို အိမ်ဝိုင်းအပြင်သို့ ထွက်ပေးရန် အော်ပြောရလေသည်။


တော်ပါသေးသည်။ လူသတ်မှုဖြစ်ပွားရာနေရာသို့ မည်သူ

တစ်ဦးတစ်ယောက်မျှ မဝင်ရန် ကျေးရွာအုပ်ချုပ်ရေးမှုးက

တားမြစ်ထား၍ အခင်းဖြစ်ပွားရာနေရာတွင် ခြေရာလက်ရာ

မပျက် ရှိလေ၏။ကျော်ကျော်နှင့်အတူ ဆူးခြုံရစ်ရွာသူကြီး

အခင်းဖြစ်ပွားရာ အိမ်ထဲသို့ဝင်ခဲ့ကြသည်။


အခင်းဖြစ်ပွားရာ အိမ်သည် ရွာ၏အစွန်တွင် တည်ရှိ၏။

ပေ၈၀ အရှည်နှင့်မျက်နှာဖွင့် ပေ၄၀ ခန့်ရှိမည့် ခြံစည်းရိုး

အတွင်းတွင် ဝါးထရံကာ သွပ်မိုး ခြေတံရှည် အိမ်ဖြစ်သည်။

အောက်ထပ်တွင် နွားစာကောက်ရိုးများ ၊ လယ်ယာသုံး

ပစ္စည်းများ ရှိ၏။ အောက်ထပ်၏ ထောင့်တစ်နေရာတွင်

ယိုင်ပတ်ထားသော မျိုးစပါးများရှိ၏။


လူသတ်မှုမှာ အိမ်အပေါ်ထပ်ရှိ အိပ်ခန်းထဲတွင် ဖြစ်ပွား

ခြင်းဖြစ်သည်။ သေသူမှာ မခင်ထွေး၊ အသက် ၂၇နှစ်

ဖြစ်ပြီး ၊ အသတ်ခံရချိန်တွင် သူ၏ခင်ပွန်းမှာ အိမ်မှာမရှိဟု

ဆို၏။ အိမ်ထောင်သက် ၃နှစ်ခန့်ရှိပြီး သားသမီး မထွန်း

ကားသေးဟု သိရသည်။


မခင်ထွေးသည် ဦးခေါင်းကို တုံးသော အရာဝတ္ထုဖြင့်

ထုခံရကာ သေဆုံးနေခြင်းဖြစ်သည်။ မသေမှီ အဓမ္မအ

ကျင့်ခံရဖွယ်ရှိ၏။ အင်္ကျီမှာ အပေါ်လန်တက်နေ၏။


အဝတ်အစားများမှာ ဖယိုဖယဲဖြစ်နေသည်။ အိပ်ယာခင်း

လည်း တွန့်ကြေကာ အခန်းတွင်း၌ ရုံးရင်းဆန်ခတ် ဖြစ်ခဲ့

ပုံ ပေါ်လွင်နေသည်။ ဒုရဲအုပ်ကျော်ကျော်နှင့် ရဲတပ်ကြပ်

စိုးဝင်းသည် အခန်းတွင်းအခြေအနေကို ဓာတ်ပုံရိုက်ကာ

မှတ်တမ်းယူလိုက်သည်။ လူသတ်မုဒိမ်းကောင်သည်

လင်သားမရှိခိုက် နှင့် မိုးရွာနေသည်ကို အခွင့်အရေး

ကောင်းစွာ အသုံးချသွားပုံရသည်။ ကျော်ကျော်က..


" သူကြီး..မခင်ထွေး အလောင်းကို

ဘယ်သူ စတွေ့တာလဲဗျ.."


" သူ့ယောကျ်ား စိုးမြင့် အရင်ဦးဆုံး စတွေ့တာပဲ ဗိုလ်လေး "


"ဟိုထောင့်မှာ ငိုနေတဲ့ လူလား သူကြီး "


"ဟုတ်ပါ့ ဗိုလ်လေးရာ၊ သူတို့လင်မယားက သိပ်ချစ်ကြတာ

လေ၊ ဘယ်လို လူယုတ်မာက ဒီလို အဖြစ်ဆိုးမျိုး ကြံစည်

သွားလဲ မသိပါဘူး ..၊ အရင်က ကျုပ်တို့ ရွာမှာ ဒါမျိုး

မဖြစ်ဖူးပါဘူးဗျာ.."


အသတ်ခံရသူ မခင်ထွေး၏ ယောကျ်ားအနီးတွင် သူ၏

သူငယ်ချင်းများ ဖြစ်ဟန်တူသူ ၃ယောက်ခန့် ထိုင်ကာ

ဖြေသိမ့်ပေးနေကြဟန်ရှိသည်။


ကျော်ကျော်သည် မခင်ထွေး၏ယောကျ်ား ကိုစိုးမြင့် အနီး

သို့သွားကာ မခင်ထွေး အသတ်ခံရစဉ်က ဘယ်သွားနေလဲ

ဘယ်မှာရှိနေလဲ ဟုမေးမြန်းလိုက်သည်။


ကိုစိုးမြင့်က လယ်ယာနားချိန်မို့ တောထဲ အမဲလိုက်အဖွဲ့

နှင့် ယုန်ထောင်လိုက်သွားခြင်း ဖြစ်ကြောင်း၊ ယုန်နှစ်

ကောင်ရ၍ ဒီနေ့မနက် မိုးမလင်းခင် အိမ်အရောက်ပြန်ခဲ့

ကြောင်း၊ အိမ်ရောက်တော့ အိမ်တံခါးပွင့်နေ၍ အလွယ်

တကူပဲ အိမ်ထဲဝင်ခဲ့ရာ သူ့မိန်းမအား သွေးအိုင်ထဲတွင်

တွေ့ရကြောင်း ရှင်းပြသည်။ အိမ်နီးနားချင်းများအား

အပြင်ထွက်၍ အော်ဟစ်အကူညီတောင်းခံရင်း ကျေးရွာ

သူကြီးရောက်လာပြီး ရဲစခန်းကို အကြောင်းကြားပေးခြင်း

ဖြစ်သည်။


ကျော်ကျော် ထိုသို့ ကိုစိုးမြင့်အား မေးမြန်းနေစဉ် ဒုရဲ

အုပ်ရိုးမ ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာသည်။ ကျော်

ကျော် ဝမ်းသာသွား၏။ သူ့အထက် စီနီယာကြီးရိုးမ

ရောက်လာပြီ ဖြစ်၍ သူဝန်ပေါ့သလို ခံစားရ၍ဖြစ်၏။


ရိုးမ ကျော်ကျော့်အား နုတ်ဆက်လိုက်သည်။ ရိုးမ ခရီးပန်း

လာသော်လည်း သူ့အလုပ်ကို လေးစား၏။ အနားမယူပဲ

တခါတည်း တန်း၍ လာခဲ့ပုံပေါ်၏။


ရိုးမ အခင်းဖြစ်ပွားသည့် အခန်းထဲသို့ ဝင်သွား၏။ သေသူ

မခင်ထွေး၏ ဦးခေါင်းကဒဏ်ရာကို အသေအချာ ကြည့်၏။

မခင်ထွေး၏ ခန္ဓာကိုယ်ကို စေ့စပ်သေချာစွာ စစ်ဆေး

ကြည့်ရှု့သည်။ အခြားမည်သည့်ဒဏ်ရာ မှ မတွေ့ရ၍

အလောင်းအနီးမှ ထကာ အခန်းထဲကို လေ့လာပြန်သည်။

ရိုးမ..အခန်းထဲရှိ ရဲတပ်ကြပ်စိုးဝင်းကို ခေါ်၍ စကားအ

နည်းပြောလိုက်သည်။ ရဲတပ်ကြပ်စိုးဝင်းက ခေါင်းငြိမ့်ပြ

ကာ ထိုအခန်းထဲမှ ထွက်သွား၏။


ထို့နောက် အိပ်ခန်းထဲမှ ထွက်ကာ ကိုစိုးမြင့်အား

ဝိုင်း၍ နှစ်သိမ့်နေသူများကို အပြင်ခဏ ထွက်ပေးရန် ပြော

လိုက်သည်။ ကိုစိုးမြင့် သူငယ်ချင်းသုံးယောက် အိမ်

အောက်သို့ ဆင်းသွားကြသည်။ ထိုသုံးယောက်ကို ရိုးမ

အသေအချာ လိုက်၍ အကဲခတ်လိုက်သည်။ ရိုးမ ထိုသုံး

ဦး လှေကားမှဆင်းသွားပြီး ဖိနပ်စီးသည်အထိ လိုက်ကြည့်

လိုက်သည်။


ထိုသုံးယောက်အကြောင်းကို အရင်ဦးစွာ ကိုစိုးမြင့်အား မေးမြန်းကြည့်လိုက်သည်။ ကိုစိုးမြင့်က သူ့မိတ်ဆွေသူငယ်ချင်းများ ဖြစ်ကြောင်းနှင့် သူတို့၏ နါမည်များနှင့်အလုပ်အကိုင်များကိုပြောပြသည်။


ပထမတစ်ဦးမှာ ကိုယ်လုံးတုတ်တုတ် စစ်ဂျာကင် အ

ဟောင်းကို ဝတ်ထားပြီး စိတ်မကောင်းဟန် ဝမ်းနည်းဟန်

သူ၏ မျက်နှာတွင် ပေါ်လွင်၏။အမည်မှာ ဝင်းဇော်ဦးဟု

သိရသည်။သစ်ခုတ်လုပ်သားဖြစ်သည်။


ဒုတိယတစ်ဦးမှာ ကိုစိုးမြင့်နှင့်အတူ အမဲလိုက်ယုံထောင်

အတူသွားခဲ့သူ ဖြစ်ဟန်တူသည်။ သူ၏လက်ထဲတွင် အမဲ

လိုက် ဒူးလေးကို တွေ့ရ၏။ ထိုသူ၏အမည်မှာ ဟန်စော

ဟုခေါ်သည်။ သစ်ခုတ် အမဲလိုက်ခြင်းဖြင့် အသက်မွေး

သည်ဟု သိရသည်။အရပ်မြင့်မြင့် အသားမည်း၏။


တတိယတစ်ဦးကတော့ လည်ပင်းတွင် မာဖလာ

ပတ်ထား၏။ သစ်ပွဲစား ကိုစိန်ဝင်းဟု သိရသည်။

ရှပ်အင်္ကျီလက်တို ဝတ်ထားပြီး သူ၏ ဘယ်ဘက်လက်

တွင် အပူလောင်ထားသည့် ဒဏ်ရာကို တွေ့ရသည်။အပူ

လောင်ထားသည့်ဒဏ်ရာမှာ အနာဖေးတက်နေပြီ ဖြစ်၏။

လွန်ခဲ့သည့်တပတ်ခန့်က ဆီပူလောင်ခြင်းဟု ကိုစိုးမြင့်က

ပြောပြလေသည်။


ထိုစဉ် ရိုးမထံသို့ ရဲတပ်ကြပ်စိုးဝင်း ပြန်ရောက်လာပြီး

တိုးတိုးလေး လာပြောသည်။ ရိုးမက ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်ပြီးနောက်ရဲတပ်ကြပ်စိုးဝင်းကို ရွာထဲက ကုန်စုံ!ဆိုင်တစ်ဆိုင်သို့ လွှတ်လိုက်သည်။ပြီးနောက်..


ဒုရဲအုပ်ရိုးမက..မခင်ထွေးယောကျ်ားကိုစိုးမြင့်အား

" ကိုစိုးမြင့် အမဲလိုက်သွားတာ ဘယ်အချိန်ကလည်း

ပြီးတော့ မခင်ထွေး အလောင်းကို ဘယ်အချိန်မှာ စတွေ့လဲ

စတွေ့တွေ့ချင်းပဲ အိမ်နီးချင်းတွေကို အကူညီတောင်းတာ

လား၊ အတော်လေးကြာမှ အကူညီတောင်းတာလား "


" ကျနော် မနေ့နေ့လယ် ထမင်းစားပြီးတော့ ဟန်စောတို့

နဲ့ ချိန်းထားတဲ့ ရွာထဲက ဟန်စောတို့အမဲလိုက်အဖွဲ့ရှိရာ

ကို အရင်သွားခဲ့ပါတယ်၊ နေ့လယ်၁နာရီကျော်ပြီပေါ့၊

အမဲလိုက်စထွက်တာတော့ နေ့လယ်၂နာရီလောက်မှ စ

ထွက်ခဲ့တာပါ..၊ အိမ်ကို နောက်တနေ့ နံနက်စောစော...်၅နာရီလောက် ရောက်တယ်၊

ရောက်တော့ အိမ်အဝင်တံခါး ပွင့်နေလို့ ကျနော့် မိန်းမ

နိူးနေပြီပဲ အောင့်မေ့တာ၊ ကျနော်က ခင်ထွေးရေ..လို့

အိမ်အောက်က အော်ခေါ်ပေမယ့် မထူးလို့ ၊ မသင်္ကာပြီး

အပေါ်တက် ကြည့်တာ ..ကျနော့်မိန်းမကို အခုလိုပဲ..

တွေ့ရတာပါပဲ ဗျာ...."


ကိုစိုးမြင့်သည် ပြောရင်း မျက်ရည်များကျလာသည်။

ဒုရဲအုပ်ရိုးမသည် ကိုစိုးမြင့်အား သေချာအကဲခတ်ရင်း..


" ခင်ဗျားတို့ လင်မယား အခုတလော ရန်တွေဘာတွေဖြစ်

တာ၊ စကားခွန်းကြီးခွန်းငယ်များတာ ရှိလား ကိုစိုးမြင့် .."


ကိုစိုးမြင့်သည် ရိုးမ၏မေးခွန်းကြောင့် အနည်းငယ် မျက်နှာ

ပျက်သွားပြီး...

" ဗျာ..မ..မ..ရှိပါဘူး..ဗိုလ်လေး "


" သေချာရဲ့လား..ကိုစိုးမြင့်၊ ကျနော့်ကို မှန်မှန် ဖြေစေချင်

တယ်ဗျ၊ ဒါမှလည်း ကျနော်က အမှုမှန်ဖော်ထုတ်နိုင်မှာ "


ကိုစိုးမြင့် မျက်နှာကို အောက်ငုံ့ချလိုက်သည်။ ရိုးမ၏

အကြည့်စူးရှမှုကို ခံနိုင်ရည်ရှိပုံမရ။ ရိုးမ ထိုသို့ မေးခွန်း

ထုတ်ရခြင်းမှာ အကြောင်းရှိသည်။ မခင်ထွေးသေဆုံး

သည့် အခန်းထဲတွင် ခေါင်းအုံးတစ်လုံးသာတွေ့ရပြီး၊

အခန်း၏အပြင်ဘက်၊ ဘုရားစင်ရှေ့တွင် ခေါင်အုံးတစ်

လုံးနှင့် စောင်တစ်ထည်ကို ခေါက်၍ထပ်ထားသည်ကို

တွေ့ရ၍ လင်မယားနှစ်ယောက် ခွဲအိပ်တာဖြစ်မည်ဟု

တွေးမိသောကြောင့် ဖြစ်သည်။


တစ်အိမ်လုံးမှာမှ လင်မယားနှစ်ယောက်သာ နေထိုင်

ကြပြီး ၊ အိပ်ယာနှစ်ခုခွဲထားခြင်းသည် ကိုစိုးမြင့်နှင့်မခင်

ထွေးတို့ လင်မယား ရန်ဖြစ်ထား၍ဖြစ်မည်ဟု ရိုးမ အပိုင်

တွက်ကာ မေးလိုက်ခြင်း ဖြစ်သည်။ကိုစိုးမြင့် ဆက်မငြင်း

တော့ပဲ..


" ဟုတ်ပါတယ်..ဗိုလ်လေး၊ ခင်ထွေးနဲ့ကျနော် စကားများ

ရန်ဖြစ်ပြီး ခွဲအိပ်တာ ၅ရက်လောက်ရှိပါပြီ၊ ဒါ..ဒါပေမယ့်

ကျနော် ခင်ထွေးကို..မသတ်ဖူးနော်..ဗိုလ်လေး ၊ ကျနော်

ယုံထောင်သွားတာ..သက်သေတွေ အများကြီးရှိပါတယ်၊

ကျနော်..ခင်ထွေးကို မသတ်ပါဘူး ခင်ဗျာ .."


" ဟုတ်ပါပြီ..ကိုစိုးမြင့်ရ၊ ကျနော်ကလည်း ခင်ဗျား သတ်

တယ်လို့ မစွပ်စွဲပါဘူး..၊ အော်..ဒါနဲ့ ခင်ဗျားတို့ ဘာလို့

ရန်ဖြစ်တာလဲ..ပြောပြနိုင်မလား..ကိုစိုးမြင့် "


ကိုစိုးမြင့်က သက်ပြင်းလေးလေးချလိုက်ရင်း..

" ကျနော်တို့ အိမ်ထောင်သက် ၃နှစ်ပြည့်တော့မယ်၊

အခုထိ သားသမီးမရသေးဘူးလေ၊ ကျနော်တို့နောက်မှ

အိမ်ထောင်ကျတဲ့ သူငယ်ချင်းတွေက သားတွဲလောင်း

သမီးတွဲလောင်းတွေနဲ့ဆိုတော့ အားကျမိတာပေါ့ဗျာ၊

တနေ့တော့..လင်မယားနှစ်ယောက် အဲ့ဒီအကြောင်းပြောရင်း

ခင်ထွေးက..ကျနော့်ကို အပြစ်ပြောတယ်လေ၊ ကျနော့်ကို မြို့က ဆရာဝန်တွေ ပြကြည့်ပါလားပေါ့၊ သူ့ဘက်ကတော့ ချွတ်ယွင်းမှုမရှိဘူးတဲ့..၊သူကတော့ သားဖွားဆရာမကြီးနဲ့ ပြပြီးပြီတဲ့..ရှင်ဘက်က ချိုးယွင်းတာတခုခု ရှိနေပီတဲ့.."


" အင်း..အဲ့ဒါနဲ့ ရန်ဖြစ်ရောလား ကိုစိုးမြင့် "


" အဲ့ဒီကနေ စလာလိုက်တာ၊ ကျနော်လည်း ကျနော့်ကို

ချွတ်ယွင်းတယ်ပြောတော့ စိတ်တိုပြီး ရှောက်ပြောမိတယ်

ဗိုလ်လေး.."


" ဘာတွေ.ပြောမိတာလည်း..ကိုစိုးမြင့် "


" ခင်ထွေးက အားတဲ့အချိန် ရွာလယ်က ဒေါ်စိန်သုံ ကုန်စုံ

ဆိုင် သွားလည်လေ့ရှိတယ် ဗိုလ်လေး ၊ အဲ့ဒီကုန်စုံဆိုင်က

မြို့က သစ်ပွဲစားတွေတို့၊ တောအုပ်တောခေါင်းတွေတို့

နေ့ခင်းဖက် လာစားကြ သောက်ကြလေ့ရှိတယ်လေ၊

အရက်ဘီယာလည်းရတယ်၊ တခါတလေ ဧည့်သည်တွေ

တောင် ညအိပ်တည်းလေ့ရှိတယ်..ဗိုလ်လေး၊ ကျနော်က

ခင်ထွေး..ဒေါ်စိန်သုံဆိုင်သွားလည်တာ မကြိုက်ဘူးလေ၊

ယောကျ်ားတွေ အများဆုံးရှိတတ်တာကိုး.."


ရိုးမ..မခင်ထွေး၏ စရိုက်ကို သုံးသပ်ကြည့်မိသည်။

မခင်ထွေးသည် ဖောက်ပြန်သည့်မိန်းမ မဟုတ်သော်ငြား

လည်း အနည်းငယ် ရဲတင်းသွက်လက်သည့် မိန်းမဖြစ်မည်

ထို့ကြောင့် ကိုစိုးမြင့်က သဝန်တိုခြင်း ဖြစ်လိမ့်မည်။


" အော်..သိတယ်..ကိုစိုးမြင့်ရေ၊ ရွာလယ်က ကုန်စုံဆိုင်

ကြီးလေ၊နားလို့လည်းရတယ်၊ အရက်ဘီယာလည်းရတယ်

ဟုတ်တယ်မို့လား.."


" ဟုတ်ပါတယ်..ဗိုလ်လေး ၊ ကျနော်လည်း ပြောမိပြောရာ

အဲ့ဒီဆိုင်ကိုလာတဲ့..သူတွေနဲ့ သမုတ်မိတယ်၊ ဒါကို ခင်

ထွေးက မကျေမနပ်ဖြစ်ပြီး ကက်ကက်လန်ရန်ထောင်တယ်

အဲ့ဒီနေ့ကစပြီး..ကျနော့်အိပ်ယာကို အပြင်ထုတ်ပေးထား

တာပါပဲ..ဗိုလ်လေးရာ ၊ ဒီနေ့တော့ သူစိတ်ပြေအောင်

ချော့မလို့ဆိုပြီး..ရလာတဲ့ယုန်ကိုတောင် မှာထားတဲ့ဆီ

မရောင်းသေးပဲ..သူ့ဆီဝင်ပြတာ..အခုတော့..ခင်ထွေးရာ..ဟီး "


ပြောရင်း ကိုစိုးမြင့် သူ့မိန်းမကို သတိရကာ ငိုယိုနေသည်။

ရိုးမ..ကိုစိုးမြင့်စကားကို စိတ်ဝင်စားသွားပြီး..လက်ဖျောက်

တစ်ချက်တီးကာ..


" ကိုစိုးမြင့်..ခင်ဗျားကို ယုန်မှာတာ..

ကိုစိန်ဝင်း မဟုတ်လား."


ကိုစိုးမြင့်က အံသြစွာဖြင့်..

" ဗျာ..ဗိုလ်လေးက ဘယ်လို သိတာလဲ ..၊

ဟုတ်တယ်ဗျ..ကိုစိန်ဝင်း မှာထားတာ.."


ဒုရဲအုပ်ရိုးမက..ပိုင်နိုင်စွာ ပြုံးပြရင်း..

" ဟင်းဟင်း..ဒီလိုပါပဲ၊ ရဲလုပ်ငန်းသဘာဝရယ်

ကျုပ်ရဲ့ မုဆိုးအတွေ့အကြုံရယ်နဲ့ ဆင်ခြင်သုံးသပ်

ကြည့်လို့ သိတာပါ..၊ အင်း..ကျုပ်ထင်ထားတာ မလွဲရင်

တရားခံကို သိပ်မကြာခင် ဖမ်းမိလိမ့်မယ်၊ ခဏတော့

စောင့်ဗျာ..ကိုစိုးမြင့်၊ ပြီးတော့ ခင်ဗျားရဲ့ မိတ်ဆွေတွေကို

လည်း မပြန်ပါစေနဲ့အုံး..၊ ကျုပ် အကူညီတောင်းစရာ

လေး..ရှိနေလို့ပါ.."


ကိုစိုးမြင့်သည် ရိုးမစကားကြောင့် သူ့မိတ်ဆွေများရှိရာ

အိမ်အောက်သို့ ဆင်းသွား၏။ ထိုအခါမှ ဘေးနားက

စာအုပ်တစ်အုပ်နှင့်လိုက်မှတ်နေသော ဒုရဲအုပ်ကျော်ကျော်

က ရိုးမကို မေးလေ၏။


" လေးစားတယ်..ဆရာသမား၊ ခင်ဗျား တရားခံကို သိနေပြီ

ထင်တယ်၊ လုပ်စမ်းပါအုံးဗျ..တပည့်ကြီးလည်း ပညာသင်

ပေးပါအုံး.."


" အင်း..မသင်္ကာဖွယ်ရာလူကတော့ ခုနကမှ တွေးမိတာ

ပါဗျ၊ အစက ကျုပ်လည်း ကိုစိုးမြင့်ကို သံသယထားမိတယ်

ဒါပေမယ့် မခင်ထွေး သေတာက ညဦးပိုင်းလောက်ဗျ၊

အဲ့ဒီ အချိန်ဆို ကိုစိုးမြင့်က တောထဲမှာ ယုန်ထောင်

ကောင်းတုန်းနေမယ်၊ ဒါကြောင့် သူ့ကို ကျုပ် သံသယ

တရားခံစာရင်းက ဖယ်လိုက်တယ်လေ.."


" ဒါဆိုရင်..တရားခံအစစ်က..ဘယ်သူလဲ ဆရာသမား "


ဒုရဲအုပ်ရိုးမက ကျော်ကျော်၏ ပခုန်းကို ပုတ်ကာ..

" ဟဲဟဲ..သိပ်တော့ မလောနဲ့ဦးဗျ..၊ ကျုပ်..ရဲတပ်ကြပ်

စိုးဝင်းကို ရွာထဲ ခဏလွှတ်လိုက်တယ်၊ သူလာရင်တော့

အဖြေတစ်ခု သိရမှာပဲ၊ လာဗျာ ..အိမ်အောက်ဆင်းရ

အောင်..မကြာခင် ရဲတပ်ကြပ်စိုးဝင်း ပြန်လာတော့မှာပါ "


ဒုရဲအုပ်ရိုးမနှင့် ဒုရဲအုပ်ကျော်ကျော်တို့ အောက်ထပ်ဆင်း

လာကြသည်။ အိမ်ဝိုင်းထဲတွင် ဆူးခြုံရစ်ရွာသူကြီး၊ ကိုစိုးမြင့်နှင့်သူ့မိတ်ဆွေ၃ယောက် ခုံတန်းရှည်ပေါ်၌ အတူထိုင်နေကြ၏။ ထိုသူတို့ထံသို ရိုးမ လျှောက်လာခဲ့

သည်။ ထို့နောက် ၎င်းတို့နှင့်မျက်နှာချင်းဆိုင်က ခုံရှည်

တွင် ရိုးမနှင့်ကျော်ကျော် ထိုင်လိုက်ပြီး ရိုးမက..

စားပွဲပေါ်က ရေနွေးကြမ်းအိုးကို ယူကာ ငှဲ့၍ သောက်ရင်း..

ဆူးခြုံရစ်သူကြီးအား..


" သူကြီး..ယုန်သွေးက မီးလောင်နာ ၊ အပူလောင်နာတွေ

ကို..အမာရွတ်မကျန်အောင် ပျောက်တယ်နော်.."


ဆူးခြုံရစ်သူကြီး ဦးသာဇံက..

" ဒါပေါ့..မီးလောင်နာ အနာဖေးတက်ရင် အလျှင်အမြန်

ပျောက်စေတာ ယုန်သွေးပဲ..ဗိုလ်လေးရ၊ ဗိုလ်လေးက

တော့..ဗဟုသုတ စုံပါ့ဗျာ.."


" အေးဗျာ..ကျုပ်ရဲ့အဘိုးက မုဆိုးကျော်ဗျ သူကြီးရဲ့၊

သူ့ဆီက လက်ဆင့်ကမ်း ဗဟုသုတ အမွေပေါ့ဗျာ..၊

အပူလောင်နာ ၊မီးလောင်နာဟာ ပျောက်ကင်းအောင်

ကုသဖို့လွယ်ပေမယ့်၊ တင်ကျန်ရစ်တဲ့ အမာရွတ်က

ပျောက်ဖို့ခက်တယ်လေ၊ နောင်တချိန်မှာ အကြောင်း

မသိသူများက ဖြူကျန်ရစ်တဲ့ အမာရွတ်ကို ခရူသင်းစွဲ

တယ်လို့ ထင်တတ်ကြတယ်၊ အဲ့သလို ဖြူမကျန်ရစ်အောင်

အနာသက်သာလာစ၊ အနာဖေးတက်နေတဲ့အခါ ယုန်

သွေးကို ပါးပါးလိမ်းပေးလိုက်ရင် အမာရွတ်မထင်တော့ဘူး

အရင်အသားရောင်အတိုင်းပဲ ပြန်ဖြစ်လာတယ်၊ အယ်..

အနာကြီးရင်တော့ အမာရွတ်ထင်ကျန်ရစ်ပေမယ့် ဖြူပြီး

မကျန်ရစ်ဘူးလေ၊ ယုန်သွေးက အဲ့သလို အစွမ်းထက်တာ"


ဒုရဲအုပ် ကျော်ကျော် က..

" ဘယ်လောက်ကြာကြာလိမ်းရလဲ..ကိုရိုးမ "


ဒုရဲအုပ်ရိုးမ က ကျော်ကျော့်အမေးကို..

"သိပ်ကြီးတဲ့ မီးလောင်နာဆိုရင် ရက်ကြာကြာလိမ်းရတယ်

ကိုယ့်ညီရဲ့.."


ကျော်ကျော်က..

" ဟင် ! ဒါဆို..တနေ့ယုန်တစ်ကောင် ရှာသတ်နေရမှာလား"


ရိုးမက ရယ်လိုက်ရင်း..

" အာ..အဲ့သလိုလည်းမဟုတ်ဘူးလေ..၊ ယုန် ရတဲ့အခါ

ရသမျှသွေးကို ပန်ကန်ပြားထဲထည့်ပေါ့၊ ပြီးရင် အခြောက်

လှန်းကွာ၊ ခြောက်တော့မှ သန့်တဲ့ပုလင်းထဲကို ထည့်သိမ်း၊

လိုတဲ့အခါ အမှုန့်လုပ်ပြီး အနာပေါ်မှာ ဖြူးပေးရင် ရတယ် "


ကျော်ကျော်က ထိုအခါမှ သဘောကျစွာ..

" ကောင်းပါ့ဗျာ ဗိုလ်လေးရိုးမနဲ့ပေါင်းရတာ၊ အဲ့ဒီလို

ဗဟုသုတတွေ ရတာ၊ သိပ်အဖိုးတန်တာပဲ ဗျာ "


ရိုးမ မျက်နှာချင်းဆိုင်ခုံတန်းတွင် ခေါင်းငုံ့ကာထိုင်နေ

သော သစ်ပွဲစားကိုစိန်ဝင်းဆိုသူအား စူးစိုက်စွာကြည့်

လိုက်ရင်း..


" ကိုစိန်ဝင်း..ခင်ဗျား ကိုစိုးမြင့်ကို ယုန်မှာတာ

ခင်ဗျားရဲ့ ဆီပူလောင်ဒဏ်ရာအတွက်မို့လား.."


ထိုအခါမှ လည်ပင်းတွင် မာဖလာပတ်ထားသော သစ်ပွဲ

စား စိန်ဝင်းက တအံတသြ ခေါင်းထောင်ကြည့်ရင်း..


" အော်..အင်း..ဟုတ်..ဟုတ်ပါတယ်..ဗိုလ်လေး "


ဒုရဲအုပ်ရိုးမ က ပြုံးလိုက်ရင်း..

" ဒါနဲ့..စကားမစပ် ခင်ဗျား မနေ့ညက ဒေါ်စိန်သုံဆိုင်က

ဘယ်အချိန် ပြန်သွားလဲဗျ.."


" ဗျာ! ညက..ညက..ကျနော် ဒေါ်စိန်သုံဆိုင်မှာ မဟုတ်ဘူး

အိမ်မှာပဲ..ရှိ..ရှိပါတယ်..ဗိုလ်လေး .."


" အော်..ဟုတ်လား၊ ခင်ဗျားရဲ့လက်ရော သက်သာရဲ့လား

ဆီပူလောင်ထားတာဆို.."


" ဟုတ်ကဲ့..သက်သာပါတယ်၊ အနာဖေးတက်နေပြီမို့

ယုန်သွေးလိမ်းရအောင်..စိုးမြင့်တောတက်ရင် ယုန်ရ

အောင်ရှာပေးဖို့ မှာထားတာပါ ဗိုလ်လေး.."


" အေးဗျာ..၊ ယုန်သွေးက အနာစိမ်းတော့ မလိမ်းနဲ့နော်၊

သူက အနာဖေးတက်မှ လိမ်းရတာမျိုးဗျ.၊ အနာစိမ်းကို

လိမ်းရင်း အနာဝပိတ်သွားတတ်တယ်ဗျ.."


" ဟုတ်..ဟုတ်ကဲ့..ဗိုလ်လေး "


ထိုစဉ် ရိုးမခိုင်းလိုက်သည့် ရဲတပ်ကြပ်စိုးဝင်း ပြန်ရောက်

လာပြီး ရိုးမ၏နားအနီးကပ်ကာ တိုးတိုးလေး သတင်းပို့၏။

ရိုးမက ခေါင်းငြိမ့်ပြလိုက်ပြီး..ရဲတပ်ကြပ်စိုးဝင်းအား..


" အဲ့ဒါဆို ..အဖြေက ရှင်းနေပြီပဲ၊ ကဲ ဆရာစိုးဝင်းရေ

သစ်ပွဲစားစိန်ဝင်းကို လက်ထိတ်ခပ်လိုက်ဗျာ၊

စိန်ဝင်း..မင်းကို မခင်ထွေးသတ်မှုနဲ့ ဖမ်းလိုက်ပြီ.."


ကျေးရွာလူကြီးများအပါအဝင် စိန်ဝင်းအနီးက လူများ

အားလုံး အံအားသင့်သွားသည်။


" ဟာ!.."


" ဟင်!.."


" အို..ဟုတ်ရဲ့လား.."


စိန်ဝင်းကလည်း..


" ဘာ..ဘာလို့လဲဗျ၊ ကျုပ်ကို ဘာလို့ဖမ်းတာလဲ

ကျုပ်မသတ်ဘူး..၊ ကျုပ်မသတ်ဘူး.."


ဒုရဲအုပ်ရိုးမက..

" မင်း..ဘယ်လိုငြင်းငြင်း၊ ငါ့ဖက်မှာ သက်သေ

အပြည့်စုံရှိပြီးသား..စိန်ဝင်း ၊ မင်း မခင်ထွေးကို

မနေ့ညက ကျောက်ပြင်နဲ့ ထုသတ်တာမို့လား .."


စိန်ဝင်း..ခေါင်းငိုက်စိုက်ကျသွားသည်။ ပြီးတော့ သူ

မျက်ရည်များကျလာသည်။ ခေါင်းကို တွင်တွင်ခါအောင်

ရမ်းရင်း သူမသတ်ဘူးပဲ ဗူးပိတ်ငြင်းနေ၏။


ဒုရဲအုပ်ရိုးမက..ရဲတပ်ကြပ်စိုးဝင်းအား အချက်ပြလိုက်၏။

ရဲတပ်ကြပ်စိုးဝင်း စားပွဲပေါ်သို့ ဆင်ကြယ်ဖိနပ်အနီရောင်

တဖက် တင်လိုက်၏။ ပြီးတော့ ရွံဗွက်များပေနေသော

သွေးစွန်းနေသည့် ကျောက်ပြင်ပါ ယူပြသည်။


ဒုရဲအုပ် ရိုးမက လက်ထိတ်ခတ်ထားသည့် စိန်ဝင်းအနီးသို့

သွားကာ၊ စိန်ဝင်း၏လည်ပင်းတွင် ပတ်ထားသော မာဖလာ

ကို ဖြုတ်လိုက်သည်။


စိန်ဝင်း၏ လည်ပင်းတွင် လက်သည်းဖြင့် ကုတ်ခြစ်ခံ

ထားသည့်ဒဏ်ရာများ ပေါ်လာသည်။ စိန်ဝင်း ကြက်ကြီး

လည်လိမ်ထားသလို ငေါင်စင်းသွားလေပြီ။

ခေါင်းငိုက်စိုက်ချသွားသော စိန်ဝင်းအား ဒုရဲအုပ်ရိုးမက

ထပ်မံ၍ ဖိအားပေးလိုက်သည်။


" စိန်ဝင်း..မင်း မနက်အစောကြီး ဒေါ်စိန်သုံဆိုင်မှာ ဖိနပ်

အသစ်တစ်ရံ ဝယ်တယ်မို့လား.."


" အဲ့..အဲ့ဒါ..ကျနော့် ဖိနပ်ပြတ်သွားလို့ပါ.."


" မင်း အခုထိ ငြင်းချင်တုန်းလား..စိန်ဝင်း ၊ အဲ့ဒီစားပွဲပေါ်

က ဖိနပ်က မင်း..မခင်ထွေးတို့ အိမ်ထဲက ခိုးကြောင်ခိုးဝှက်

နဲ့ အထွက်မှာ ဘေးအိမ်က ကိုသံခဲက ဟေ့ ဘယ်သူလဲ

လို့ လှမ်းအအော်မှာ မင်း ထွက်ပြေးရင်း ဗွက်ထဲနစ်ကျန်

ခဲ့တဲ့..ဖိနပ်ပဲ.၊ ကျန်တဲ့ ဖိနပ်တစ်ဖက်ကိုတော့ မင်းက

ကြောက်ကြောက်နဲ့စီးသွားပြီး..မင်းတို့အိမ်ရှေ့ကျမှ လွှင့်

ပစ်ခဲ့တယ်လေ..၊ကဲ မင်း ဘာငြင်းချင်သေးလဲ .."


စိန်ဝင်းသည် အကွက်ကျဒေါင့်စေ့အောင် သူလုပ်ခဲ့သမျှ

ကြည့်နေသလို ပြောနေတဲ့ ဒုရဲအုပ်ရိုးမ၏ စကားကို

မငြင်းနိုင်တော့ပေ။ စိန်ဝင်း..ခေါင်းငြိမ့်ပြလိုက်ရင်း..


" ဟုတ်ပါတယ်..ကျနော် မှားခဲ့ပါတယ်ဗျာ၊

ခင်ထွေး ကို ကျနော် သတ်တာပါ.."


ဘေးနားက နားထောင်နေသော မခင်ထွေးယောကျ်ား

ကိုစိုးမြင့်သည် စိန်ဝင်း၏ ဝန်ခံစကားကို ကြားလိုက်ရလျှင်

ဒေါသတကြီးဖြင့် စိန်ဝင်းအား ထိုးတြိတ်ရန် ဟန်ပြင်နေ၍

ဘေးလူများက ဝိုင်းဆွဲထားရသည်။


" မင်း..မင်း လူယုတ်မာ၊ ငါ့မိန်းမ ဘာအပြစ်ရှိလို့လဲကွ "


ဒုရဲအုပ်ရိုးမသည် စိန်ဝင်းအား ဖမ်းခေါ်သွားရန် ဒုရဲအုပ်

ကျော်ကျော်နှင့် တပ်ကြပ်စိုးဝင်းအား တာဝန်ပေး၍

သပိတ်ကျင်းရဲစခန်းသို့ လွှတ်လိုက်သည်။


မခင်ထွေး၏ အလောင်းကို မြို့ကဆေးရုံတွင်ပို့၍

ဆေးစစ်ချက်များရယူရန်အတွက် ရွာသူကြီးကို နွား

လှည်းတစ်စီး အကူညီတောင်းခံရသည်။ ရွာသူကြီးက

အားလုံး စီစဉ်ပေး၍ အဆင်ပြေသွားသည်။


ဆူးခြုံရစ်ရွာသူကြီးသည် မကြုံစဖူး သူ့ရွာမှာ အရုပ်ဆိုး

အကျည်းတန်စေသော လူသတ်မှုအား နာရီပိုင်းအတွင်း

ဖေါ်ထုတ်ပေးနိုင်သည့် ဒုရဲအုပ်ရိုးမအား ကျေးဇူးတင်စ

ကားပြော၍ ကော်ဖီနှင့်မုန့်များဧည့်ခံနေလေ၏။


👮👮👮👮👮👮👮👮👮👮👮👮👮👮👮


သပိတ်ကျင်းမြိုနယ်ရဲစခန်း အနီးရှိ လ္ဘက်ရည်ဆိုင်တွင်

ရိုးမနှင့်ကျော်ကျော် လ္ဘရည်သောက်ရင်း စကားပြောနေ

ကြလေသည်။ ကျော်ကျော်က...


" ကဲ..ဆာပုလင်းကြီးရေ ၊ တပည့်ကျော်ကို ပြောပြပါအုံး၊

စိန်ဝင်းက တရားခံဆိုတာ ဘယ်လိုသိတာလဲဗျ.."


ဒုရဲအုပ်ရိုးမ က ..


" အင်း..အဲ့ဒါက ကျုပ်ရဲ့ မနေနိုင်မထိုင်နိုင် ဝါသနာပေါ့ဗျာ

ဘယ်နေရာရောက်ရောက် ကျုပ်ရဲ့စပ်စုတတ်တဲ့ဝါသနာ

ကြောင့်ပေါ့ဗျာ..၊ ကျုပ် မန္တလေးကပြန်လာပြီး မြို့နယ်မှုး

ဆီ သတင်းပို့တော့ ဆူးခြုံရစ်ရွာမှာ လူသတ်မှုဖြစ်တယ်

မောင်ရင်..ကျော်ကျော့်ကို သွားကူလိုက်အုံးလို့ မြို့နယ်မှုး

က တခါတည်း တန်းလွှတ်လိုက်တယ်လေ.."


" ကျုပ် မြို့နယ်မှုးဆီက ဆိုင်ကယ်ငှါးပြီး ဆူးခြုံရစ်ရွာကို

တန်းလိုက်လာတာ ဆူးခြုံရစ်ရွာအဝင်ဝမှာ ဆိုင်ကယ်က

ဆီပြတ်ချင်သလိုဖြစ်ရောလေ၊ အဲ့ဒါနဲ့ ရွာသားတစ်ယောက်

ကို မေးတော့ ဒေါ်စိန်သုံ ကုန်စုံဆိုင်မှာ ဓာတ်ဆီရတယ်တဲ့ "


" ကျုပ်လည်း..ဒေါ်စိန်သုံရဲ့ကုန်စုံဆိုင်နေရာကို မေးပြီး

ဆီသွားထည့်တယ်ဗျ၊ တော်သေးတယ် ဗျို့ ၊ အဲ့ဒီဆိုင်က

မနက်အစောကြီးဖွင့်နေလို့..၊ အဲ့ဒါကစတာပဲဗျ.........

............."


ရိုးမ ဆိုင်ကယ်ကို ဓာတ်ဆီဖြည့်ရင်း ဆီထည့်ပေးနေသည့်

ကောင်လေးအား...


" တော်သေးတာပေါ့ကွာ၊ မင်းတို့ဆိုင်က အစောကြီးဖွင့်လို့၊

နို့မို့ဆိုရင်..ငါ ဆိုင်ကယ်တွန်းနေအုံးမယ်.."


အရပ်ဝတ်နှင့်မို့ ရိုးမအား ထိုကောင်လေးက ရဲမှန်းမသိ

ချေ။ သစ်အဝယ်လာသည့် သစ်ပွဲစားဟုပင်ထင်နေ၏။


" ခါတိုင်းတော့ မနက်၈နာရီလောက်မှ ဆိုင်စဖွင့်တာဗျ၊

ဒီနေ့..မနက်အစောကြီး သစ်ပွဲစားကိုစိန်ဝင်း ဖိနပ်လာဝယ်

တာနဲ့ ပြန်မအိပ်တော့ပဲ ဆိုင်တခါတည်းဖွင့်လိုက်တာလေ၊

အဲ့ဒီလူ..အံသြစရာဗျ၊ ဟိုတလောလေးကမှ ဆင်ကြယ်

ဖိနပ်တစ်ရံဝယ်တာ၊ အခု တစ်ရံထပ်ဝယ်ပြန်ပြီ..၊အရင်ဖိ

နပ်က..ခွေးဆွဲသွားတယ် ပြောတာပဲ.."


ရိုးမက..

" အော်..ဒါလည်း ကောင်းသားကွ ၊

မင်းတို့ ရောင်းရတာပေါ့ကွာ.."


ဈေးဆိုင်မှကောင်လေးက..

"ကျနော်တို့ဆိုင်က ကုန်ပစ္စည်းအမျိုးစုံရတယ်နော် အကိုကြီးလာအားပေးအုံး..၊ အရက်ဘီယာသောက်ချင်ရင်လည်းရတယ်၊ ဘာစားချင်လည်း ကြိုတင်မှာထားရင် အကုန်

ချက်ပြုပ်ပေးထားတယ် ..တညတာတည်းခိုချင်လည်း

ရပါတယ်ဗျ.."


ရိုးမ ထိုကောင်လေး၏ သွက်လက်ချက်ချာမှုကို

သဘောကျစွာဖြင့်..

" ဟေ..မင်တို့ဆိုင်က မြို့ကဟိုတယ်တွေထက်တောင်

ဝန်ဆောင်မှုပြည့်စုံနေပါလားကွ..ဟားဟား "


ဓာတ်ဆီဖြည့်ပြီး ရိုးမ ကုန်စုံဆိုင်လေးထဲဝင်ကာ စီးကရက်

တစ်ဗူးဝယ်နေစဉ်..ရွာသားနှစ်ဦး ကွမ်းယာလာဝယ်သည်

နှင့်ဆုံနေ၏။ ထိုရွာသားနှစ်ယောက်အထဲမှတစ်ယောက်မှာ

အသတ်ခံရသည့် မခင်ထွေးတို့ခြံနှင့် ကပ်လျက်အိမ်က

ကိုသံခဲဆိုသူ ဖြစ်လေသည်။သူတို့နှစ်ဦးပြောနေသည်မှာ

လူသတ်မှုနှင့်ပတ်သက်နေ၍ ရိုးမ ခေတ္တနားထောင်နေ

လိုက်သည်။ ကိုသံခဲဆိုသူက အတူပါသူ အောင်ကြီးအား..


" ငါလည်း..အမှုပတ်မစိုးလို့ ၊ ဒီဘက်ထွက်လာခဲ့တာကွ

မနေ့ညက မိုးတိတ်တော့ ငါ တပိုတပါး(အိမ်သာတက်ရန်)

သွားဖို့ အိမ်အောက်ဆင်းလာတော့ ခင်ထွေးတို့ အိမ်ဖက်

က လူတစ်ယောက် ကုပ်ချောင်းချောင်းနဲ့ထွက်လာတယ်ကွ

ငါက..ခင်ထွေးယောကျ်ား ယုံထောင်လိုက်သွားတာသိ

တော့..အချိန်မတော်ကြီး ဘယ်ကကောင်လဲလို့ ငါ

လှမ်းအော်လိုက်ရင်း လက်နှိပ်မီးနဲ့ထိုးလိုက်တာ၊ အဲ့ဒီကောင်ထွက်ပြေးရောကွ..."


အောင်ကြီးဆိုသူက..

" ဟာ..ဒါဆို အဲ့ဒီကောင် ခင်ထွေးကို သတ်သွားတဲ့

အကောင်ပေါ့ သံခဲရ၊ မင်း သူ့မျက်နှာမြင်လိုက်ရလား.."


ကိုသံခဲဆိုသူက အောင်ကြီး၏အမေးကို..

" လက်နှိပ်မီးနဲထိုးတော့ ဒီကောင် သူ့မျက်နှာကို အဝတ်နဲ့

ပတ်ပြီး တချိုးတည်း ပြေးတာကွ ၊ သူ့မျက်နှာတော့ မမြင်

လိုက်ရဘူး၊ နောက်ကျောပဲ မြင်လိုက်ရတယ်.."


အောင်ကြီးက..သံခဲကို အားမလိုအားမရဖြစ်ကာ..

" ဟာ..အဲ့ဒါကို၊ မင်း..သူကြီးဖြစ်ဖြစ် ရဲဖြစ်ဖြစ်

ပြောပြလိုက်ပါလား..သံခဲရ ."


" နေအုံးကွ..၊ ငါပြောပြအုံးမယ်

အဲ့ဒီကောင် ထွက်ပြေးတော့ ငါလည်း ဘာရယ်တော့

မသိဘူးကွ၊ ခင်ထွေး..ဟဲ့ ခင်ထွေး နင်တို့အိမ် သူခိုးကပ်

တယ်ထင်တယ်လို့ ခြံစည်းရိုးကနေ လှမ်းအော်ပြောသေး

တယ်၊ ဒါပေမယ့် ခင်ထွေးက ပြန်မထူးတော့..

ငါလည်း..ခင်ထွေး သူ့ယောကျ်ားမရှိတုန်း..ဖောက်ပြန်သ

လားလို့ ၊ ထပ်မအော်ပဲ..အိမ်သာတက်ပြီး ပြန်အိပ်လိုက်

တာပေါ့ကွာ...၊ ငါသာ အဲ့ဒီအချိန်က ခင်ထွေးတို့အိမ်ပေါ်

တက်ကြည့်ရင်..အသက်မှီအုံးမလားပဲ၊ ငါ ကိုယ့်ကိုယ်ကို

စိတ်မလုံသလိုပဲ အောင်ကြီးရာ.."


အောင်ကြီးက သူ တက်၍မကြည့်မိလေခြင်းဟု ယူကြုံးမရ

ဖြစ်နေပြီး သူ့အား ရွာသူကြီးက အပြစ်တင်မည်စိုး၍ ဘာမှ

မပြောပဲ ၊ ဈေးဆိုင်ဘက်သို့ ရှောင်ထွက်လာခဲ့ခြင်းဖြစ်၏။


ရိုးမအဖို့ ဒေါ်စိန်သုံ၏ကုန်မျိုးစုံဆိုင်လေး အရင်ဝင်ပြီး

စနည်းနာမိသည်မှာ လွန်စွာအကျိုးရှိသွားပြီဖြစ်သည်။ကိုသံခဲဆိုသူကို ရိုးမ အသေအချာ မှတ်သားလာခဲ့ပြီး

ရွာလယ်လမ်းအတိုင်း ဆိုင်ကယ်ကို မောင်းလာခဲ့ရာ

လူသတ်မှုဖြစ်ပွားသည့်အိမ်သို့ဝင်ရမည့် လမ်းသွယ်ကို

ကျော်သွားလေ၏။ ထို့ကြောင့် လူသတ်မှုဖြစ်ပွားသည့်

အိမ်၏ တစ်လမ်းကျော်မှ ကွေ့ဝင်လာခဲ့သည်။


ရိုးမ လာခဲ့သည့်လမ်းမှာ အနည်းငယ် ဗွက်ထူ၍ ဆိုင်

ကယ်ကို ဖြေးညှင်းစွာ ထိမ်းမောင်းနေရသည်။ မကြာမှီ

မခင်ထွေးတို့ခြံဝိုင်းရှေ့မှ လူစုစု ကိုတွေ့လိုက်ရသည်။

ရိုးမ ဗွက်လမ်းကို အသေချာကြည့်မောင်းနေရင်း ရွံပျော့

ကွက်တစ်ခုကို သတိထားကြည့်မိလိုက်သည်။


ရွံပျော့ထဲတွင် ကြက်ပေါင်ဖိနပ်အနီတစ်ဖက် နစ်မြုပ်နေ

သည်ကို တွေ့ရသည်။ ရိုးမ ဆိုင်ကယ်ပေါ်မှ ဆင်းကာ

အသေချာကြည့်လိုက်သည်။ ဆင်ကြယ်တံဆိပ် ကြက်

ပေါင်ဖိနပ်အနီတစ်ဖက် ဖြစ်သည်။ ဖိနပ်မှာ အတော်ပင်

သစ်လွင်နေသေး၏။


ရိုးမ စဉ်းစားလိုက်သည်။ ဆင်ကြယ်ဖိနပ်ဆိုသည့်အမျိုး

က မေ့ဆွေးနေအောင် စီးရပြီး သဲကြိုးပြတ်ခဲ၏။ ဖိနပ်၏

ဖင်မြှီးသာ တို၍ပါးသွားမည်၊ သဲကြိုးက ပြတ်မည်မဟုတ်။

ယ္ခုတွေ့ရသည့် ဖိနပ်တစ်ဖက်မှာ အတော်ပင် သစ်လွင်နေ

၏။ ထို့ကြောင့် ဤဖိနပ်သည် ရေးကြီးသုပ်ပြာ ပြေးရင်း

ကျွတ်ကျ ကျန်ခဲ့မည့်ဖိနပ်တစ်ဖက် ဖြစ်လိမ့်မည်။


ရိုးမ ပြုံးလိုက်သည်။ ဒီဖိနပ်တစ်ဖက်ဟာ သူ့အတွက်

သက်သေပဲလေ။ ပြီးတော့ ဈေးဆိုင်ကကောင်လေး

ပြောပြသည့်အထဲတွင် သစ်ပွဲစားစိန်ဝင်းဟုဆိုသည့်

အမည်က သူ့နားထဲစွဲနေလေ၏။


ရိုးမ ထိုဖိနပ်တစ်ဖက်ကို အသေချာ နွံပျော့ထဲမှ ဆွဲထုတ်

ယူကာ ဆိုင်ကယ်ခါးကြားတွင် ညှပ်၍ မခင်ထွေးတို့ အိမ်ထဲ

ဝင်လာခဲ့သည်။ ရိုးမ မခင်ထွေးတို့ခြံထဲဝင်လာပြီး ဆိုင်

ကယ်ကို ဘေးဒေါက် ထောက်ကာ အခင်းဖြစ်ပွားရာ

အိမ်ပေါ်သို့တက်ခဲ့၏။


ရိုးမ အိမ်ပေါ်တက်သည့် လှေခါးတွင် ဖိနပ်ချွတ်ရင်း

ချွတ်ထားသည့် ဖိနပ်များကို အမှတ်တမဲ့ကြည့်လိုက်

တော့ ရင်ခုန်သွား၏။


ချွတ်၍ စီထားသည့် ဖိနပ်များထဲတွင် ဆင်ကြယ်ဖိနပ်

အနီရောင် အသစ်တစ်ရံပါနေလေ။ ဒါဆိုရင် လူသတ်

သမားအား အများနဲ့ရောကာ အိမ်ပေါ်သို့ နောက်တစ်

ခေါက်ရောက်နေသည်ပဲ။ ရိုးမ စဉ်းစားရင်း ပြုံးလိုက်၏။

လူသတ်သမားသည် သူ၏မာယာမျက်နှာဖုံးကို ခွာချမယ့်

ရိုးမ ရောက်လာပြီဆိုတာ မသိလို့လား၊။


သို့တည်းမဟုတ် လူသတ်သမားသည် ပစ္စည်းသက်သေ

တစ်ခု မေ့ကျန်ခဲ့၍ လာပြီး ဖျောက်ဖျက်ရန် နောက်တစ်

ခေါက် ရောက်လာသည်လား။


ရိုးမ အိမ်ပေါ်ထပ်သို့တက်လာခဲ့ပြီး အရင်ရောက်နှင့်နေ

သည့် ဒုရဲအုပ်ကျော်ကျော်အား နုတ်ဆက်ကာ အခင်း

ဖြစ်ပွားရာ အခန်းထဲသို့ ဝင်လာခဲ့သည်။


မခင်ထွေး၏ အလောင်းကို သူ သေချာစစ်ဆေးသည်။

ဦးခေါင်းကို မာသောအရာဝတ္ထုနှင့် ထုခြင်းခံရ၍ သွေး

ထွက်လွန်ကာ သေဆုံးသွားခြင်း ဖြစ်မည်။


သေသူ မခင်ထွေးသည် အရပ်အနည်းငယ်ပုသယောင်

ရှိပြီး၊ ကိုယ်လုံး အဆစ်အပေါက် လှသူဖြစ်၏။


မခင်ထွေး၏ အပေါ်အင်္ကျီသည် အပေါ်သို့လှန်တက်နေပြီး

ရင်ခံအင်္ကျီမှာ အနေအထားပျက်ယွင်းနေ၏။ ထမိန်မှာ ခါးအောက်ပိုင်းသို့ ကျွတ်နေသောလည်း အောက်ခံ

ဘောင်းဘီမှာ ဝတ်မြဲရှိ၏။ ဤသို့ဆိုလျှင် လူသတ်မဒိမ်း

ကောင်သည် သူ၏အကြံအစည် ထမြောက်သွားခြင်း

မရှိပဲ၊ ဒေါသကြောင့် မခင်ထွေးအား သတ်သွားခြင်း

ဖြစ်မည်။


ရိုးမ မခင်ထွေး၏ လက်တစ်ဖက်ကို အသေချာကြည့်

လိုက်ရာ လက်သန်းတစ်ချောင်း ကျိုးနေသည်ကို တွေ့ရ

သည်။ ထို လက်သန်းသည် လှန်ချိုး ခံရပုံရ၏။


လက်သည်းစများတွင် သွေးစအနည်းငယ်တွေ့ရသည်။

သူမသည် အားရှိသမျှ ရုန်းကန်ဆန့်ကျင်ခဲ့ပုံရသည်။ထို့

နောက် ရိုးမသည် မခင်ထွေး၏ဦးခေါင်းက ဒဏ်ရာကို

အသေအချာ စစ်ကြည့်၏။ ဒဏ်ရာအနီးဆံစများတွင်

သနပ်ခါးစများနှင့်ခပ်ညစ်ညစ် ခပ်မာမာ အစအနတချို့ တွေ့ရ၏။ သေချာပြီ ဒါဆိုရင် ကျောက်ပြင်ကို လက်နက်

အဖြစ် အသုံးပြုသွားခြင်းဖြစ်မည်။


အခန်းထဲတဝိုက် ရိုးမ မျက်လုံးကစားလိုက်သည်။ ထင်း

ရှူးသေတ္တာ နှစ်လုံးအကြားတွင် ကျောက်ပြင်သည် ညပ်နေ

လေ၏။ ထို ကျောက်ပြင်ကို ရိုးမယူကြည့်သည်။ ကျောက်

ပြင်မှာ မည်သည့်သွေးစမျှ ရှိမနေပါ။ ဒါဆိုရင် ဒီကျောက်

ပြင် မဟုတ်နိုင်ပေ။


ရိုးမ မတ်တတ်ရပ်၍ အခန်း၏ တစ်ခုတည်းသော ပြူတင်

ပေါက်သို့ သွားကာ အပြင်ဘက်သို့ကြည့်လိုက်၏။ ပြူတင်း

ပေါက်မှ အောက်သို့ ငုံ့ကြည်ရာ အိမ်အနောက်ဖက် ခြံထဲက

ဗွက်ထဲတွင် ကျောက်ပြင်တစ်ခု တပိုင်းခန့်နစ်မြုပ်နေသည်

ကိုတွေ့လိုက်ရသည်။


ထို့ကြောင့် ရိုးမ ထိုကျောက်ပြင်ကို ရဲတပ်ကြပ်စိုးဝင်း

အား သူကြီးကို သက်သေပြု၍ သိမ်းခိုင်းလိုက်သည်။

ဤကျောက်ပြင်ကား လူသတ်လက်နက်အဖြစ် တရားရုံး

တွင် ပစ္စည်းသက်သေတင်ပြရမည်ဖြစ်သည်။


ထို့နောက် ရိုးမသည် မခင်ထွေးယောကျ်ားအား စစ်

မေးရန် သူ၏မိတ်ဆွေများကို အိမ်အောက်ထပ်သို့

ဆင်းခိုင်းလိုက်သည်။ ထိုသို့ ဆင်းခိုင်းရာတွင် သူသတိ

ထားမိသူ တစ်ယောက်ကို တွေ့လိုက်၏။


ထိုသူကား ရဲတွေ၏မျက်နှာကို လုံးဝရင်ဆိုင်မကြည့်

သော လည်ပင်းကို မာဖလာပတ်ထားသည့် လူဖြစ်၏။

ထို့ကြောင့် ထိုလူကို လှေကားအထိ လိုက်ကြည့်ရာ

ထိုလူသည် ဆင်ကြယ်ဖိနပ်အနီလေး၏ ပိုင်ရှင် ကိုစိန်

ဝင်းဆိုသူ ဖြစ်နေသည်ကို တွေ့ရသည်။


ရိုးမ ပို၍ သေချာအောင် ရဲတပ်ကြပ်စိုးဝင်းအား ကိုစိန်

ဝင်းအိမ်အနီးပတ်ဝန်းကျင်တွင် ဆင်ကြယ်ဖိနပ်တစ်ဖက်

ကို ရှာခိုင်းလိုက်သည်။ ရဲတပ်ကြပ်စိုးဝင်း ပြန်ရောက်

လာသည့်အခါတွင်တော့ သူ၏တွေးတောထင်မြင်ချက်

ကို အတည်ပြုကာ ကိုစိန်ဝင်းကို ဖမ်းခိုင်းလိုက်ခြင်းဖြစ်

လေ၏။


👮👮👮👮👮👮👮👮👮👮👮👮👮👮👮


ဒုရဲအုပ်ကျော်ကျော်သည် ရိုးမ၏ ဆင်ခြင်သုံးသပ်ပုံကို

အလွန်သဘောကျစွာဖြင့်...


" တော်လိုက်တာ ဆရာရိုးမရာ၊ ကျနော် ကိုရိုးမနဲ့တွဲနေ

ရလို့ကတော့ ကိုရိုးမ အမှီနဲ့ ရာထူးတွေတက်မှာ သေ

ချာတယ်ဗျ..ဟီးဟီး ၊ ဒါနဲ့ ဟိုကောင် စိန်ဝင်း ဖြောင့်

ချက်ပေးပြီလား အာစရိ ..."


ရိုးမက လ္ဘက်ရည်ကို အပြီးသတ်မော့ချလိုက်ရင်း..

" အင်း..ဒီကောင် သူသတ်ကြောင်း ဝန်ခံလိုက်ပြီလေ

ကျုပ်က.. ရဲပရိယာယ်နဲ့ မေးလိုက်သလိုပေါ့

မင်း..အဲ့ဒီညက ဒေါ်စိန်သုံတို့ဆီက ည ဘယ်အချိန်

ပြန်သွားလဲဆိုတာလေ၊ အဲ့ဒါက ကျုပ် အစ်မေးလိုက်တာဗျ

တကယ်တော့ ကျုပ်လည်း မသိဘူး၊ ဒါပေမဲ့ ဆူးခြုံရစ်ရွာ

မှာ အရက်ဘီယာရတာ ဒေါ်စိန်သုံရဲ့ဆိုင်တစ်ဆိုင်ပဲရှိတာ

လေ၊ ရွာအနောက်ဖျားမှာတော့ တောအရက်ဆိုင်ရှိတယ်

လို့ ပြောတယ်၊ စိန်ဝင်းက သစ်ပွဲစားဆိုတော့ တောအ

ရက်မသောက်ဘူး၊ သစ်ပွဲစားတွေ စုဝေးရာ ဒေါ်စိန်သုံရဲ့

ဆိုင်မှာပဲ သောက်မှာလို့ ကျုပ်တွေးမိလို့ပါ.."


" အဲ့ဒီနေ့ညက စိန်ဝင်း ..ဒေါ်စိန်သုံဆိုင်က မူးပြီးပြန်သွား

တာဗျ၊ ကြိုတင်ရည်ရွယ်ချက်နဲ့ သတ်တာတော့မဟုတ်ဘူး

သူမှာထားတဲ့ ယုံ ရ/မရ နဲ့ ယုံထောင်သွားတဲ့ စိုးမြင့်

ပြန်ရောက်ပြီလား သွားမေးတာဗျ။ အဲ့ဒီမှာ စိုးမြင့်က

ပြန်မရောက်သေးဘူး၊ စိန်ဝင်းက သူဝင်နေကျ အိမ်ဆို

တော့ အပေါ်ထပ်တန်းတက်သွားတယ်၊ အဲ့ဒီမှာ ခြေဆစ်

တွေ ကိုက်ခဲလို့ သနပ်ခါးအမြစ်သွေးပြီး လိမ်းနေတဲ့

မခင်ထွေးကို ဒီကောင်တွေ့သွားတာကနေ စပြီး ဖောက်ပြန်

စိတ်ဝင်တာပဲဗျ၊ မခင်ထွေးကလည်း ထမိန်ကို ပေါင်လယ်

လောက်ထိ လှန်ပြီး လိမ်းနေတာလေ၊ မခင်ထွေးက

ဘယ်သူမှ မရှိဘူးအတွေးနဲ့ပေါ့..."


" ပြီးတော့ မခင်ထွေးက နည်းနည်းခေတ်ဆန်တယ်ဗျ၊

အလှအပလည်း ပြင်လေ့ရှိတယ်၊ စိန်ဝင်းက မခင်ထွေး

ဒေါ်စိန်သုံဈေးဆိုင် လာနေကတည်းက ရိသဲ့သဲ့

လုပ်လေ့ရှိတယ်၊ မခင်ထွေးကလည်း ဘာရယ်မဟုတ်

ဘူး၊ လိုက်လိုက်လျောလျောနေတတ်တော့ ၊ စိန်ဝင်းက

သူကြံရင် ရမယ်လို့ တွေးထားပုံရတယ်.."


" အဲ့ဒီမယ် မမြင်အပ်တဲ့ မခင်ထွေးရဲ့ အလှတရားကို

စိန်ဝင်းတွေ့သွားပြီး ၊ အခြေအနေနဲ့ အချိန်အခါကလည်း

အခွင့်အရေးပေးတာနဲ့ ချစ်ရေးဆိုပြီး အတင်းအဓမ္မ ကြံ

စည်တော့တာပဲဗျို့၊ စိန်ဝင်းက အလွယ်တကူပဲ မခင်

ထွေး လက်သင့်ခံမယ်ထင်ထားပေမယ့်၊ မခင်ထွေးက

ခါးခါးသီးသီး ငြင်းဆန်တဲ့အခါ စိန်ဝင်းက အကြမ်းဖက်

လာတယ်လေ၊ မခင်ထွေးကလည်း ရုန်းကန်ရင်း

စိန်ဝင်း လည်ပင်းကို လက်သည်းနဲ့ ကုတ်ခြစ်ပစ်လိုက်

တယ်၊ ခင်ဗျားလည်း စိန်ဝင်းလည်ပင်းကဒဏ်ရာ မြင်လိုက်

မှာပါ လက်သည်းဒဏ်ရာက အတော်နက်ပြီး ပြင်းထန်

တော့ မူးကမူး ၊ တနှာစိတ်ကထန်နဲ့ ဒေါသဖြစ်ပြီး မခင်

ထွေး ကုတ်ခြစ်နေတဲ့ လက်သန်းကို လှန်ချိုးပြီး စောနက

မခင်ထွေး ဒူးနာလို့ ဆေးမြစ်စုံ...

သွေးလိမ်းနေတဲ့ ကျောက်ပြင်နဲ့ ထုလိုက်တာပါပဲဗျာ၊

ယောကျ်ားအားနဲ့ ထုတာဆိုတော့ တချက်တည်းနဲ့

မခင်ထွေး ဦးခေါင်ရိုးကျိုးပြီး သေသွားတာလို့ ဆေးစစ်

ချက် အဖြေရတယ်ဗျ၊ ဇာတ်လမ်းကတော့..အဲ့ဒါပဲဗျို့.."


" အင်း..ပြည့်စုံပါပြီ..ဗိုလ်လေးရိုးမရေ၊ အော်..ဒါနဲ့

ဗိုလ်လေး..ရဲအုပ်ရာထူးတိုးမြှင့်ခံရတာ အော်ဒါ ထွက်ပြီ

လား.."


" ဟူး..အော်ဒါထွက်ပြီဗျ၊ ရာထူးတိုးပေမယ့် နယ်ပြောင်း

ရမယ်လေ၊ အခုပြောင်းရမယ့်နယ်က အတော်ကြမ်း

တယ်ဆိုပဲဗျ၊ အရင်လူ ချန်ခဲ့တဲ့ အမှုဟောင်းတွေလည်း

တန်းစီနေတယ်တဲ့..၊ အင်း..ရဲအုပ်ရိုးမအဖို့တော့

ဘယ်လောက်ခက်ခဲတဲ့ အမှုဖြစ်ပါစေ၊ အထက်လူကြီးက

မတားသ၍ ရေကုန်ရေခမ်း လိုက်ရုံပေါ့ဗျာ..

ဟားဟားဟား..."


ရိုးမ တဟားဟားရယ်ရင်း လ္ဘက်ရည်ကျသင့်ငွေကို

ရှင်းကာ ဒုရဲအုပ်ကျော်ကျော်အားနုတ်ဆက်၍

ဆိုင်ကယ်နှင့်ထွက်သွားလေ၏။


ဒုရဲအုပ်ကျော်ကျော် ရိုးမထွက်သွားရာနောက်သို့

လိုက်ကြည့်ရင်း..လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေများ

ကို ပုခုန်းနှစ်ဖက်ပေါ်ပိရုံမျှမက အထက်လူကြီးများ၏

အမိန့်ကို ဦးလည်မသုန် ထမ်းရွက်နေရသည့် သူတို့လို

ဥပဒေဘက်တော်သားများ၏ ဘဝကို သက်ပြင်းချလိုက်မိ

လေသည်။


ပြီးပါပြီ


နပီ 😀😀


( ဤဇာတ်လမ်းသည် နပီ၏စိတ်ကူးမျှသာဖြစ်သည်၊

ချို့ယွင်းချက်၊ မပြည့်စုံမှုများရှိပါက အနှုးအညွတ်

တောင်းပန်အပ်ပါသည်။)

Comments

Popular posts from this blog

” သိုက်စေတီ “(စ/ဆုံး)