“နာနာဘာဝ အပိုဆု”

ဒီနေ့ညအတွက် စပြောပြတော့မယ်နော် ထက်သူ အင်္ကျီနဲ့ ၃ထည် ၊ ပုဆိုး ၂ကွင်းနဲ့ မျက်နှာသုတ်တဘတ်တစ်ထည်နဲ့ သွားတိုက်တံတစ်ချောင်းကို ကျောပိုးအိတ်ထဲ ထည်... thumbnail 1 summary


ဒီနေ့ညအတွက် စပြောပြတော့မယ်နော်

ထက်သူ အင်္ကျီနဲ့ ၃ထည် ၊ ပုဆိုး ၂ကွင်းနဲ့ မျက်နှာသုတ်တဘတ်တစ်ထည်နဲ့ သွားတိုက်တံတစ်ချောင်းကို ကျောပိုးအိတ်ထဲ ထည့်ပြီး လမ်းထိပ်ထွက်လာခဲ့တယ် ။

ခရီးသွားဖို့တော့မဟုတ် ... ဒီနေ့က ဦးမောင်ရဲ့ ခြံထဲမှာသွားအိပ်ရမှာ ။
ဦးမောင်ဆိုတာက ထက်သူရဲ့ အလုပ်ရှင်...အလုပ်ရှင်ဆိုပေမယ့် ထက်သူတို့ ၀န်ထမ်းတွေအပေါ် အမြဲ စစ နောက်နောက်နဲ့ ပျော်တတ်ပြီး ဟိတ်ဟန်တစ်စက်မှမရှိတဲ့ လူပျိုကြီး ။ ဒီတော့ ဦးမောင်က ထက်သူအတွက်တော့ အစ်ကိုလို ဦးလေးလို ချစ်ခင်လေးစားရတဲ့ အလုပ်ရှင် ...

အခုလည်း ထက်သူ သွားစောင့်ပေးရမှာက ဦးမောင် ပစ္စည်းတွေလှောင်တဲ့ ဂိုထောင်ခြံ...ခြံစောင့်တွေသီးသန့်ရှိပေမယ့် အခု ခြံစောင့်နှစ်ယောက်ထဲက တစ်ယောက်က နယ်ပြန်သွားလို့ဆိုပြီး ထက်သူကို ခဏသွားစောင့်ပေးခိုင်းတာ ။ ထက်သူတစ်ခါမှ မရောက်ဖူးသေးပေမယ့် ခြံကအတော်ကြီးကျယ်တယ်လို့ကြားဖူးတယ် ။ ခြံစောင့်တောင် နှစ်ယောက်ငှားထားရတယ်ဆိုတော့ အတော်လေးကျယ်မယ်လို့ ခန့်မှန်းမိတယ် ။

ထက်သူက ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် သွားမယ်ပြင်ပေမယ့် ဦးမောင်က သူ့ကားသမားလွှတ်ပြီး အကြိုလွှတ်ခိုင်းပေးတယ် ။ ဒါနဲ့ပဲ လမ်းထိပ်မှာအသင့်စောင့်နေတဲ့ ကားပေါ်တက်လိုက်လာပြီး ဦးမောင် ရဲ့ ခြံဆီ ဦးတည်ထွက်လာခဲ့တယ် ။ ခြံက ထက်သူရဲ့အိမ်ကနေဆို ၄၅မိနစ်လောက် ကားစီးရအောင် လှမ်းတယ် ။ ကားဆရာကလည်း ထက်သူနဲ့ ခင်ပြီးသားဆိုတော့ ကားပေါ်မှာ နှစ်ယောက်သား စပ်မိစပ်ရာအကြောင်းတွေ စကားတပြောပြောနဲ့ပဲ ခြံရှေ့ရောက်လာတယ် ။

ခြံရှေ့ရောက်တော့ ကားဆရာက ခြံစောင့်ဆီ ဖုန်းဆက်ပြီး တံခါးလာဖွင့်ပေးဖို့ ပြောတယ် ။ ၅မိနစ်နီးပါးလောက်နေတော့ အသက် ၄၀ကျော် ၅၀ ၀န်းကျင်အရွယ် ဦးလေးကြီးတစ်ယောက် Louja ဆိုင်ကယ်လေးနဲ့လာပြီး ခြံတံခါးဖွင့်ပေးတယ် ။ ထက်သူ စိတ်ထဲတွေးမိတာက "ခြံတံခါးတောင် ဆိုင်ကယ်နဲ့လာဖွင့်ပေးရတယ်ဆိုတော့ ခြံကြီးတော်တော်ကျယ်မှာပဲ"လို့ တွေးမိလိုက်တယ်။

ခြံထဲရောက်တော့ အပင်ရိပ်တွေအုံ့ဆိုင်းနေတဲ့ အေးချမ်းမှုကို ခံစားမိလိုက်တယ်။ အပင်ကြီးတွေ ဘယ်လောက်များလဲဆိုရင် တချို့နေရာတွေဆို နေရောင်မကျနိုင်လောက်အောင်ပဲ ။

ကားက ဂိုထောင်နှစ်လုံးကိုကျော်ပြီး အနောက်ဘက်ခပ်ရောက်ရောက်ထိ မောင်း၀င်လာခဲ့တယ် ။ ကားဆရာက နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှေ့ကဖြတ်တော့ "ဒါ ခုနက ခြံစောင့်ကိုတင့်တို့မိသားစုနေတဲ့အိမ်လေ"လို့ပြောတယ် ။ အဲဒီအိမ်ကို ကျော်ပြီး ပေ 200 ကျော်ကျော်လောက်ဆက်သွားပြီးတဲ့အချိန်ကျတော့ နှစ်ထပ်တိုက် တစ်လုံးဆီရောက်တယ် ။ တိုက်ဆိုပေမယ့် ခေတ်ဟောင်းလက်ရာပုံစံမျိုးဖြစ်ပြီး အနေအထားက ဆေးရောင်တွေမှိန်မှိန်နဲ့ တော်တော်လေးလည်းဟောင်းနေပြီ ။

ကားဆရာ က အိမ်တံခါးမကြီးသော့ဖွင့်ပေးပြီးတော့ သော့ကို ထက် သူ လက် ထဲ ထည့်ပေးတယ် ။ ပြီးတော့ "ငါ့ညီရေ ... ငါ သွားတော့မယ် မထိုင်တော့ဘူး...အစ်ကိုကြီး (ဦးမောင်)ကို လိုက်ပို့စရာရှိသေးလို့ကွာ...ညစာ ဘာညာကို ကိုတင့်လာပို့ပေးလိမ့်မယ်...မင်း လာမယ်ဆိုလို့ အစ်ကိုကြီးက ကိုတင့်တို့ကို စျေးဖိုးပိုပေးပြီး ဟင်းကောင်းချက်ခိုင်းထားတယ်...ပြီးတော့ ကိုတင့်မိန်းမ က ဟင်းချက်ကောင်းတယ်ကွ...ကဲ...သွားပြီနော် "
လို့ပြောပြီး ကားပေါ်တက် ပြန်မောင်းထွက်သွားတယ် ။ ထက်သူ အိမ်ထဲ၀င်ပြီး အနေအထားက်ိုကြည့်တော့ အိမ်က အတွင်းပိုင်းကတော့ သပ်သပ်ရပ်ရပ်ကျန်သေးတယ် ။ အောက်ထပ်က ဘာအခန်းမှဖွဲ့ထားတာမရှိဘဲ ဧည့်ခန်း hall ကြီးရယ်...အနောက် မှာ မီးဖိုခန်း နဲ့ အိမ်သာရယ် ပဲ ။ ပရိဘောရလည်း များများစားစားမရှိဘဲ စားပွဲတစ်လုံး ထိုင်ခုံနှစ်လုံးရယ် ၊ ဗီရိုအရွယ်လတ်တစ်လုံးရယ် ၊ အပ်ချုပ်စက်တစ်လုံးရယ် နဲ့ တခြားတိုလီထွာလီလေးနည်းနည်းပဲရှိတယ် ။

အပေါ်ထပ်တက်ကြည့်တော့ အခန်း ၂ခန်းရှိပြီး ဘုရားခန်းနေရာက နေရာခပ်ကျယ်ကျယ်ရှိတယ် ။ ဘုရားစင်မရှိပေမယ့် ဘုရားခန်းထဲမှာ လက်ရာကောင်းကောင်းနဲ့ ကျွန်းသားကုတင်ကြီးတစ်လုံးရှိတယ်။ကုတင်တိုင်ပွတ်လုံးတွေနဲ့ ခေါင်းရင်းအကာမှာကအစ ကနုတ်ထွင်းထားတဲ့ပုံစံတွေနဲ့ ကုတင်ကြီးကအတော်လေးထည်တယ် ။

ထက်သူ ၀ရန်တာဘက်ထွက်ကြည့်တော့ အဝိုက်ပုံစံအဟန့်ထုတ်ထားပြီး တော်တော်လေး နေရာကျယ်ကျယ်နဲ့ အေးအေးဆေးဆေးရှိတယ် ။၀ရန်တာမှာရပ်ရင်း "ဂိုထောင်တွေကလည်း သော့အထပ်ထပ်နဲ့...ခြံကလည်းတော်ရုံလူဆို မ၀င်ရဲလောက်အောင် ကျယ်နေတာ...ခြံစောင့်လည်းရှိနေတာပဲကို ဦးမောင် က ငါ့ကိုဘာကိစ္စနဲ့ လာနေခိုင်းပါလိမ့်"လို့တွေးနေတုန်း

"ငါ့တူရေ"
ခေါ်သံကြောင့် အောက်ငုံ့ကြည့်လိုက်တော့ အောက်မှာ ခြံစောင့်ဦးတင့်က စောင်နဲ့ခေါင်းအုံးတွေ ပိုက်ပြီးရပ်နေတယ် ။ ထက်သူ အောက်ဆင်းယူတော့ ဦးတင့်က
"ည တစ်ယောက်တည်းအိပ်ရဲလား ... မအိပ်ရဲရင် ဦးလေးရဲ့သားက်ို လွှတ်လိုက်မယ်လေ"လို့ပြောတယ် ။ ထက်သူလည်း မအိပ်ရဲစရာမရှိလို့ "ရတယ် ဦးလေး...ကျွန်တော် အိပ်ရဲတယ် ...ဒါနဲ့ နောက်ထပ်ခြံစောင့်တစ်ယောက်ဆိုတာက ဒီမှာနေသွားတာလား ဦးလေး...ဒီမှာက လူနေထားတဲ့ ပုံစံမျိုးမရှိလို့လေ " လို့ပြောတော့
ဦးတင့်က ဘာမှမပြောဘဲ ပြုံးတုံ့တုံ့လုပ်ပြီး "အေးကွ ဒီ မှာ နေ တာ မဟုတ်ဘူး...ဒါနဲ့ အိမ်ထဲကအိမ်သာက သုံးလို့မရတော့ဘူး နော်...အိမ်အနောက် နားမှာ အိမ်သာတစ်လုံးရှိတယ်...အဲဒီမှာသုံးရမှာ...ရော့ ညရေးညတာ အပြင်ထွက်ရင်သုံးဖို့"ဆိုပြီး ဓာတ်မီးတစ်လက်ပေးပြီးပြန်ထွက်သွားတယ် ။

အဲဒီလိုနဲ့ ထက်သူ အိပ်ဖို့နေရာရွေးတော့ အပေါ်ထပ် အခန်းတွေထဲမှာလည်းမအိပ်ချင်တာနဲ့ အပြင်က ကျွန်းကုတင်ကြီးပေါ်ကိုပဲ ဖုန်ခါပြီး အိပ်ယာခင်း ၊ ခြင်ထောင် ထောင်လိုက်တယ် ။

ပြီးတော့ ညအဆာပြေစားဖို့ရယ် ၊ ဆေးလိပ်လေးဘာလေး၀ယ်ချင်တာနဲ့ ဦးတင့်ဆီက ဆိုင်ကယ်ငှားပြီး ခြံထဲကနေထွက်လာလိုက်တယ် ။အပြင်ကနေ ပြန်အလာ ဦးတင့်ဆီ ဆိုင်ကယ်ပြန်ပေးပြီး အထုပ်လေးဆွဲ အိမ်ဘက်လျှောက်လာတော့ အိမ်ထဲကနေ မိန်းမတစ်ယောက် ထွက်သွားတာမြင်လိုက်တယ် ။ ခပ်သုတ်သုတ်ထွက်သွားတာမလို့ ကျောဖက်ကိုပဲမြင်လိုက်ရတာ .... ဆံပင် ခါးလယ်လောက်ထိရှည်ပြီး ချည်ကြမ်းထဘီနဲ့ဗမာအင်္ကျီခါးတို ၀တ်ထားတယ် ။ ပုံပန်းသွင်ပြင်အရတော့ အသက်ကြီးပိုင်းထဲကမဟုတ်ဘူး ။ ၂၀ကျော် ၂၅ ၀န်းကျင်လောက်ပုံစံမျိုး ။

ထက်သူ စိတ်ထဲ ဦးတင့်က သူ့သမီးကို အိမ်သန့်ရှင်းခိုင်းဖို့လွှတ်လိုက်တာပဲ လို့တွေးလိုက်မိတယ် ။

ညနေ ၆နာရီလောက်ကျတော့ ထက်သူ ဦးတင့်တို့အိမ်ဘက်ထမင်းသွားစားတယ် ။ ထမင်းဝိုင်းမှာ ဦးတင့်ရယ် ဦးတင့်ရဲ့မိန်းမနဲ့သားရယ်ပဲတွေ့တော့ ထက်သူက
"ဦးတင့် သမီးရော...တစ်ခါတည်းမစားဘူးလား"လို့မေးတော့ ဦးတင့် သူ့ကိုအထူးအဆန်းလိုကြည့်ပြီး
"ဦးတင့် သမီးက ဒီမှာမရှိပါဘူး...သူ့အမျိုးသားနဲ့လိုက်နေတာ"လို့ပြောတယ် ။ ဒါနဲ့ ထက်သူက အစောတုန်းက သူမြင်ခဲ့တဲမြိန်းကလေးအကြောင်းပြောတော့ ဦးတင့်က အင်း အဲ နဲ့ စကားလမ်းကြောင်းလွှဲသွားတယ် ။

ဒါနဲ့ထက်သူလည်း ဆက်မမေးဖြစ်တော့ဘူး ။ အဲဒီနဲ့ ညကျတော့ ထက်သူ ၀ရန်တာမှာ ဆေးလိပ်ဖွာရင်း ခြံထဲကို ဟိုကြည့်ဒီကြည့် ကြည့်နေမိဆယ် ။ ခြံထဲက မီးချောင်းဆင်ထား တဲ့ နေရာတချို့ကလွဲရင် ကျန်တဲ့နေရာတွေက လုံး၀ မှောင်ပိန်းနေတာ ။

အဲဒီလို ကြည့်နေတဲ့အချိန် ဂိုထောင်တွေနားက မီးက မှိတ်တုတ်မှိတုတ်ဖြစ်နေတာနဲ့ ထက်သူ လှမ်းကြည့်တော့...
"ဘယ်လိုကြီးတုန်းဟ"
မြင်လိုက်ရတာက ဂိုထောင်ဘေး အလင်းရောင်ကျနေတဲ့နေရာမှာ မိန်းမတစ်ယောက် ...
ဖျာလိပ်ကြီးခေါင်းပေါ်တင်ပြီး နောက်ပြန်ကြီးလမ်းလျှောက်နေတာ...

သေချာကြည့်တော့မှ ၀တ်စားထားပုံအရ ညနေက ထက်သူတွေ့လိုက်တဲ့ အမျိုးသမီးပဲ...မြင်ကွင်းကြီးက စိတ်ထဲမသိုးမသန့်ဖြစ်စရာပေမယ့် နဂိုကတည်းက သရဲတစ္ဆေဆို တစ်ဖက်ပိတ်မယုံခဲ့တဲ့ ထက်သူက ကြောက်စိတ်မ၀င်သလို ၊ သရဲလို့လည်းမထင်ဘူး ။ ဒီအမျိုးသမီး ဒီအချိန် ဒီပုံစံကြီးနဲ့ ဘာလုပ်နေပါလိမ့်လို့ပဲ စူးစမ်းမိပြီး ဒီအတိုင်းကြည့်နေမိတာ
(တကယ်တမ်း ထက်သူက သရဲတစ္ဆေရှိတာကိုမယုံတာ၊လက်မခံတာမျိုးမဟုတ်ဘူး ။ သရဲတစ္ဆေတွေရှိနိုင်တာကိုလက်ခံပေမယ့် အဲဒီလို နိမ့်ပါးတဲ့ဘုံဘ၀က ပရလောကသားတွေက လူတွေကို ကြောက်လန့်အောင် ခြောက်လှန့်နိုင်တယ်ဆိုတာက်ို လက်မခံနိုင်တာ ။ ထက်သူရဲ့အတွေးမှာ သရဲတစ္ဆေဆိုတာ ရှိနေရင်တောင် ဘုန်းကံမြင့်တဲ့ လူတွေကို ဘာမှလုပ်လို့မရဘူး ၊ မလုပ်နိုင်ဘူး လို့ တစ်ထစ်ချယုံထားတာ ။ ကိုယ်တိုင်က သရဲဆိုတာမျိုးကို တစ်ခါဆိုတစ်ခါမှ မကြုံဖူးသေးတာလည်းပါမှာပေါ့လေ )
ကြည့်နေတုန်းမှာပဲ အမျိုးသမီးက နောက်ပြန်ကြီးလျှောက်ရင်း လျှောက်ရင်း အမှောင်ရိပ်ထဲ ၀င်သွားတယ် ။ တော်တော်ကြာတဲ့အထိ ထက်သူစောင့်ကြည့်ပေမယ့်လည်း ဘာအရိပ်အယောင်မှမတွေ့ရတော့တာနဲ့ အထဲပြန်၀င်လာလိုက်တယ် ။

ပြီးတော့ အိပ်ယာ၀င်တော့မှာမလို့ အပေါ်ထပ်ပြတင်းပေါက်တွေ လိုက်ပိတ်နေတဲအြချိန် ဦးမောင်ဆီက ဖုန်းလာတယ် ။ ထက်သူကို နေရ၊စားရ အဆင်ပြေ လား ဖုန်းဆက်မေးတာ...ထက်သူလည်း အဆင်ပြေတာမလို့ ပြေတယ်လို့ပဲပြောလိုက်တာပေါ့ ။

အဲဒီလိုနဲ့ ထက်သူ ခြင်ထောင်လှန်ပြီး အိပ်ယာထဲ၀င်မယ်လုပ်တဲ့အချိန် အောက်ထပ်ကနေ အသံတစ်ခုထွက်လာတယ် ။ တဂျုန်းဂျုန်းနဲ့ စက်(အပ်ချုပ်စက်)နင်းနေတဲ့အသံ...ဒီတော့ ထက်သူ နည်းနည်းမျက်မှောင်ကြုံ့သွားပြီး

"ငါ အောက်ထပ်တံခါးတွေလည်းပိတ်ခဲ့ပါတယ်...ဘယ်သူက ၀င်လာပြန်တာလဲ"လို့တွေးပြီး ခြင်ထောင်စအသာပြန်ချ၊ အောက်ထပ်ကို ခပ်သွက်သွက်ဆင်းလာလိုက်တော့ ...

စက်ခုံမှာလည်း ဘယ်သူမှရှိမနေသလို ၊ ခုနက အသံလည်မကြားရတော့ဘူး ။ ဒါပေမယ့် ထက်သူ သေချာဂျက်ထိုးပိတ်ထားခဲ့တဲ့ အိမ်တံခါးမကြီးက ခပ်ဟဟပွင့်နေတယ် ။ ကိုယ်တိုင် ပြတင်းပေါက်တွေရော ၊ အိမ်တံခါရော သေချာစစ်ပြီးပိတ်ခဲ့တာမလို့ အခုလိုကြီးပွင့်နေတာကို ထက်သူ စိတ်ထဲနည်နည်းတော့တစ်မျိုးကြီးဖြစ်သွားတယ် ။

ဒါပေမယ့် ရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ တံခါးပြန်ပိတ်ပြီး အပေါ်ထပ်ပြန်တက်လာခဲ့တယ် ။ စိတ်ထဲမတင်မကျဖြစ်လာတာနဲ့အိပ်ခါနီး ဘုရားရှိခိုးပြီး ၊ မေတ္တာပို့အမျှဝေလိုက်သေးတယ် ။

ဘုရားရှိခိုး ၊ လှဲလိုက်ပြီး ချက်ချင်းအိပ်မပျော်သေးတာနဲ့ ဟိုဒီတွေးနေတုန်း ခေါင်မိုးသွပ်ပေါ် သစ်ကိုင်းတွေ ပွတ်ဆွဲသွားသလို တဖြောဖြောတဖြောက်ဖြောက်...လေလည်းမတိုက်ဘဲ အားခပ်ပြင်းပြင်းနဲ့ မြည်နေသလိုဖြစ်နေတာ ထူးတော့ထူးဆန်းပေမယ့် ထက်သူ ဒီအတိုင်းလျစ်လျူရှုထားလိုက်တယ် ။
ဒါပေမယ့် အဲဒီထက်ပိုလာတာက တစ်ချက်ဆို ကုတင်နဲ့ ကပ်လျက် အတွင်းခန်းထဲကနေ စကားသံလိုလို ရယ်သံလိုလို ထွက်လာတယ် ။သေချာနားစွင့်ကြည့်ရင်တော့ ဘာမှမကြားရဘူး ။

ကြာတော့ ထက်သူလည်း စိတ်ရှုပ်လာတာနဲ့ ဘာမှဂရုမစိုက်တော့ဘူးလို့တွေးပြီး စိတ်ထဲကနေ တစ်နှစ်သုံးလေး ရေနေလိုက်ရင်း တဖြည်းဖြည်း မျက်စိမှေးလာတယ် ။

အဲဒီလိုနဲ့ ထက်သူ အိပ်ပျော်သွားတယ် ။
ဒါပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်တဲ့အဆင့်တောင်မရောက်လိုက်ဘူး ။
"ဟဲ့...ထ...ဟဲ့...ထဦး...ထဦး"
အသံနဲ့အတူ လူကလည်း ခြေထောက်ကိုဆောင့်ဆွဲပြီးနှိုးခံရတော့ ထက်သူနိုးလာတယ် ။ အိပ်ချင်မူးတူး နဲ့ထကြည့်လိုက်တော့ ခြင်ထောင်အပြင်မှာ မိန်းမတစ်ယောက်...ဆံပင်ဖားလျားနဲ့ခပ်တောင့်တောင့်ရပ်နေတယ်။ ဒါနဲ့ ထက်သူ ခြင်ထောင်မပြီး ခြင်ထောင်ပြင်ထွက်လိုက်တော့ အဲဒီမိန်းမဆီက စကားသံထပ်ထွက်လာတယ် ။
"အဲဒါ ငါ့နေရာ...နင် အိပ်လို့မရဘူး...တခြားနေရာမှာသွားအိပ်"
လို့ စိတ်တိုနေသလို လေသံခပ်ကြိတ်ကြိတ်ခပ်မာမာနဲ့ပြောလာတယ် ။ ထက်သူလည်း အိပ်မက် မက်နေပြီး အငြှို့ခံရတဲ့သူတစ်ယောက်လို ကုတင်ပေါ်က ဆင်းလာပြီး လှေကားဘက် လျှောက်သွားတယ် ။ လှေကားတစ်၀က်လောက်ထိဆင်းလာပြီးမှ သတိ၀င်သလိုဖြစ်ပြီး အပေါ်ပြန်ပြေးတက်ကြည့်တော့ ကုတင်ပေါ်မှာ ဘယ်သူမှမရှိဘူး ။ ထက်သူ မကျေနပ်သေးတာနဲ့ အခန်းတွေလိုက်ဖွင့်ကြည့်တော့လည်း ဘယ်သူမှမရှိဘူး ။

ဒါနဲ့ ထက်သူ ကြောင်တောင်တောင်ဖြစ်ပြီး ကုတင်ပေါ်ပြန်တက်အိပ်မယ်ပြင်တော့ ကုတင်ဘေးက ခုံရှည်ကြီးက ဝုန်းခနဲလဲပြီး ...အဲဒီအသံနဲ့ရှေ့ဆင့်နောင်ဆင့်မှာ "တောက်"ခေါက်သံအကျယ်ကြီးဆောင့်ထွက်လာတယ် ။ နည်းနည်း သိသိသာသာဖြစ်လာပြီမလို့ ထက်သူလည်း ကုတင်ပေါ် ဆက်အိပ်ဖို့ မဝံ့ရဲဘဲ ခြင်ထောင်ဖြုတ်၊ စောင်နဲ့ခေါင်းအုံးတွေယူပြီး အောက်ထပ်ဆင်းလာလိုက်တယ် ။

အောက်ထပ်ရောက်တော့ ဧည့်ခမ်းအလယ်လောက်မှာ အိပ်ယာပြင်ပြီး ပြန်အိပ်ဖို့လုပ်တာပေါ့ ... ပြန်အိပ်ပျော်မယ်ရှိသေး မျက်နှာကျတ်က မီးချောင်းက တဗြီဗြီမြည်ရင်း မီးရောင်က အဖြူကနေ အဝါရောင်လှိုင်းတွေပြေးသလိုဖြစ်ပြီး မီးအလင်းအားကျသွားတယ် ။

ဒါနဲ့ ထက်သူ မျက်လုံးမှေးနေရာကနေ သေချာပြူးပြဲပြီး ဟိုဟိုဒီဒီကြည့်နေတုန်း အပ်ချုပ်စက်ကြီးက တဂျုန်းဂျုန်းထမြည်လာပါလေရော ။ ထက်သူ အတော်လေး ရင်ထဲထိတ်သွားပြီး ထကြည့်လိုက်တော့ အပ်ချုပ်စက်က လူမရှိဘဲ ဘီးလည် ၊ခြေနင်းခုံကြီး ဖိလိုက်ကြွလိုက်ဖြစ်နေတာ.... မထင်မှတ်ထားတဲ့ အနေအထားမလို့ ထက်သူ နည်းနည်းတော့လန့်လာတယ် ။

လန့်ပေမယ့်လည်း လူက အူတူတူလိုကြီးဖြစ်ပြီး စက်ခုံကြီးကိုပဲစိုက်ကြည့်နေတာ ။ အဲဒီအချိန် မီးက မှိတ်လိုက်၊လင်းလိုက်ဖြစ်လာပြီး စက်ချုပ်သံအပြင် နောက်ထပ် ထက်သူနားထဲ၀င်လာတဲ့အသံက တဟင်ဟင်နဲ့ (ပါးစပ်စေ့ပြီး)သီချင်းညည်းနေသလို အသံမျိုး ... အသံတင်မက မြင်ကွင်းထဲ ထပ်တိုးရောက်လာတာက စက်ချုပ်ခုံမှာ ထိုင်ပြီး စက်ချုပ်နေတဲ့ မိန်းမ....ဆံပင်တွေ မျက်နှာအုပ်လောက်တဲ့အထိ ခေါင်းငုံ့ထားပြီး ရှေ့တိုးနောက်ငင် ပုံစံနဲ့ စက်ချုပ်နေတာ...ဒီတစ်ခါတော့ ထက်သူ ရင်ထဲ ဒိန်းခနဲနေအောက်ကိုလန့်သွားတာ...လူက ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ယောင်ချာချာကြီးဖြစ်ပြီး အာခေါင်တွေခြောက်လာတယ် ။

စက်ချုပ်ခုံက ဟာကြီးကလည်း ခေါင်းမဖော်တမ်း တလှုပ်လှုပ် တဟင်းဟင်းနဲ့ တကယ် ချောက်ချားစရာကြီး ...
စက္ကန့်အတော်ကြာထိ မီးရောင်တဖျပ်ဖျပ်အောက်မှာ သရဲမတစ်ကောင်စက်ချုပ်တာကို ထိုင်ကြည့်နေရပြီးမှ မီးက တစ်ချက် လုံးဝမှောင်အတိကျသွားပြီးမှ ပုံမှန်ပြန်လင်းသွားတယ် ။ မီးပြန်လင်းတာနဲ့ မြင်ကွင်းထဲက မိန်မလည်းပျောက်သွားပြီး ၊ စက်သံလည်းရပ်သွားတယ် ။ ထက်သူတစ်ယောက် ကိုယ့်အဖြစ်က သရဲကားထဲရောက်နေသလိုမလို့ ဇောချွေးတွေ ပြန်လာပြီး လူကလည်း နည်းနည်းစိတ်မတည်မငြိမ်ဖြစ်စပြုလာတယ်။နောက်ဆုံး စိတ်ထဲအတွေးတစ်ခုပေါ်လာတာနဲ့ ချက်ချင်း ဖုန်းကောက်ကိုင်ပြီး ဦးမောင်ဆီ ဆက်လိုက်တယ် ။

ပထမ ၃/၄ ခါတော့ ဖုန်းမကိုင်ဘူး ။ အချိန်ကတော့ လူအိပ်ချိန် အချိန်မတော်ဖြစ်နေပြီဆိုပေမယ့် ထက်သူ ကိုယ့်ဇောနဲ့ကိုယ်မလို့ ဦးမောင် ဖုန်းမကိုင်မချင်းခေါ်တယ် ။

ဖုန်းကိုင်တော့
"ဦးမောင်...ခြံထဲက အိမ်ကသရဲခြောက်တာလား...ကျွန်တော်တော့ ဒီမှာ နဖူးတွေ့ဒူးတွေ့ဖြစ်နေပြီ "
အစကတော့ ဦးမောင် မသိသလိုပုံစံနဲ့လေသံထိန်းပြောပေမယ့် တဖြည်းဖြည်းမထိန်းနိုင်တော့သလိုပုံစံနဲ့ တခွီးခွီးရယ်တော့တာပဲ ။
တကယ်က ဦးမောင် ထက်သူကို သေချာအရောက်ပို့လိုက်တာ ။ ဒီကိုမရောက်ခင် တစ်လလောက်အလိုက ဦးမောင် အလုပ်ရုံက လူတွေအကုန်လုံးကို ဘီယာဆိုင် ခေါ်ပြီး treat တယ် ။ သောက်ကြစားကြ စကားပြောကြရင်း အရှိန်တက်လာတဲ့အချိန် ဘယ်ကဘယ်လိုစကားစပ်မိတယ်မသ်ိ သရဲတစ္ဆေအကြောင်းတွေ ရောက်သွားကြရော ...အဲဒီညက ဦးမောင် နဲ့ ထက်သူ က အတော်လေး ပြင်းပြင်းထန်ထန်ငြင်းခုံခဲ့လိုက်ရတယ် ။ ဦးမောင်က ထက်သူလောက် စာဖတ်အားမကောင်းတဲ့သူမလို့ စကားအရာမှာမကြွယ်တော့ ယှဉ်မပြောနိုင်လိုက်ဘူး ။ ဒီတော့ ထက်သူကို စိတ်ထဲတေးထားပြီး အခွင့်ကြုံသခိုက်မှာ ဒီခြံထဲအရောက်ပို့လိုက်တာပဲ ။

"ငါ့အရှေ့ပိုင်ရှင်လက်ထက်ကတည်းက ခြံထဲမှာ အဲဒီအိမ်က သရဲခြောက်တာ...ကိုတင့်တောင် တော်ရုံအကြောင်းကိစ္စနဲ့ အဲဒီအိမ်ထဲတစ်ယောက်တည်း မ၀င်ရဲဘူး...သူတို့ရှိနေကြောင်းပြရုံလောက်ပါပဲ...ဂုတ်လာမချိုးပါဘူးကွာ"လို့ပြောရင်း ထက်သူဖြစ်ပျက်နေပုံကိုသဘောကျသလို တဟားဟားရယ်နေတော့တာ ။ ထက်သူ နည်းနည်းတော့ကျွဲမြီးတိုပေမယ့် ဦးမောင်က နဂိုကတည်းက အစအနောက် ဝါသနာကြီးတဲ့သူမှန်းသိနေတဲ့အပြင် အလုပ်သဘောအရဆို ကိုယ့်အလုပ်ရှင်ဆိုတော့ ဒေါသကိုအောင့်အီးမြိုချရင်း ဖုန်းချလိုက်တယ် ။

သရဲခြောက်မှန်း သိနေရတဲ့အပြင် ကိုယ်တိုင်ကပါ မျက်မြင်ထင်ရှားတွေ့ပြီးပြီဆိုတော့ စိတ်ကဘယ်လိုမှချွန်းအုပ်လို့မရဘဲ ထိတ်လန့်စိတ်တွေ စိုးမိုးလာတယ် ။ ဦးတင့်တို့ဆီသွားဖို့လည်း သွားရမယ့်လမ်းကြောင်းနေရာက မှောင်မဲနေတာ ... ဒီတော့ ဒွိဟစိတ်တွေနဲ့ ခြင်ထောင်ထဲမှာ တွေတွေကြီးထိုင်နေတုန်း လှေကားကနေ လူဆင်းလာသလို ခြေသံကြားလိုက်တယ် ။ ဒါနဲ့ ထက်သူလှမ်းကြည့်တော့ လှေကားအထက်ပိုင်း နည်းနည်းမှောင်ရိပ်ကျတဲ့နေရာမှာ အရိပ်လိုခပ်မည်းမည်းတစ်ခု လှုပ်စိလှုပ်စိလုပ်နေတာ တွေ့လိုက်တယ် ။ ထက်သူကလည်း နည်းနည်းလန့်နေပေမယ့် မကြည့်ဘဲကလည်းမနေနိုင်ဘူး ။ ဒါနဲ့ သေချာကြည့်နေလိုက်တော့....

လှေကားလက်ရန်းကြားကနေ ခပ်စောင်းစောင်းအနေအထားနဲ့ ခေါင်းကြီးတင်ပေါ်လာပြီး ထက်သူကိုစိုက်ကြည့်နေတဲ့ သရဲမ...ဆံပင်တွေက အောက်မှာဝဲကျနေပြီး မျက်နှာကြီးကလည်း မြေဖြူလိုဖြူဖွေးလို့ ။ မျက်လုံး နက်နက်တောက်တောက်နဲ့ ထက်သူကိုစိုက်ကြည့်လိုက် ...နောက်ကိုခေါင်းကွယ်ပြီး ပျောက်သွားလိုက်နဲ့ကို ၃/၄ ခါ

တအောင့်နေတော့ သရဲမလည်း ခြောက်ရတာနည်းနည်းရဲတင်းလာတယ်နဲ့တူပါတယ် ။ လှေကားအလယ်လောက်မှာ ငုတ်တုတ်ကြီးတိုင်ပြီး ကုန်းကုန်းကြီးလုပ်ရင်း ထက်သူကိုမမှိတ်မသုန်ကြည့်နေတာ ။ အ၀တ်အစားက ညနေက ထက်သူတွေ့လိုက်တဲ့ အ၀တ်အစားအတိုင်းပဲ ...ရုပ်ကလည်း မဲ့မပြဖြဲမပြ ဘဲ မျက်နှာသေကြီးနဲ့ "ငါ့ကိုကြောက်လား"ဆိုတဲ့ ပုံစံနဲ့အသံတိတ်ခြောက်နေသလိုပဲ ။

အစကတော့ ထက်သူ မျက်ခြေမပြတ်ရဲဘဲ ရင်တထိတ်ထိတ်နဲ့ကြည့်နေမိပေမယ့် ကြာတော့မကြည့်နိုင်တော့ဘူး ။ ဒါနဲ့ ထိုင်နေလျက်သားအတိုင်းကိုပဲ စောင်ကို ခေါင်းပေါ်ခြုံပြီး မျက်နှာလေးတင်ဖော်ထားရင်း မကြည့်မိအောင်နေတယ် ။ စိတ်ကလည်း ဘယ်ဘိုထွက်ပေါက်ရှာရမလဲတွေးရင်း တံခါးကို လှမ်းကြည့်တော့ သရဲမက ထက်သူအကြံကိုသိနေတဲ့အတိုင်းပဲ ။ တံခါးမကြီးမှာ ဆင်ထားတဲ့ ညစ်ထေးထေး လိုက်ကာကြီးက သူ့အလို တလှုပ်လှုပ်ဖြစ်ရင်း ယမ်းခါလာတယ် ။ ဒီတော့ ထက်သူ ဆက်မကြံရဲတော့ဘူး ။ ဦးတင့်ဆီ ဖုန်းဆက်ဖို့ တွေးမိပေမယ့် ဦးတင့် ဖုန်းနံပါတ်ကို မှတ်မထားမိတော့ ဆက်မရပြန်ဘူး ။

ဒါနဲ့ နောက်ဆုံးထက်သူလည်း ဖြစ်ချင်ရာဖြစ်ကွာဆိုပြီး စောင်ခေါင်းမြီးခြုံနဲ့ပဲ လှဲနေလိုက်တယ် ။ "ငါမကြည့်ရင် ငါ့လာခြောက်မရပါဘူး"ဆိုတဲ့အတွေးနဲ့ပဲ ကြိတ်မှိတ်ပြီး မျက်စိမှိတ်ထားလိုက်တယ် ။

ထက်သူ အတွေးတော်တယ်ပဲပြောရမလား...တအောင့်လောက်နေတော့ လှေကားကနေ အောက်ကိုဆင်းလာတဲ့ခြေသံကြားရပါလေရော ။ ခြေသံက လှေကားကနေ ဆင်းလာပြီး တဖြည်းဖြည်းနဲ့ ထက်သူ ခြင်ထောင်နားကပ်လာတယ် ။ အနားကပ်လာပေမယ့် ဘာမှတော့မလုပ်ဘူး ။ ခြင်ထောင်ဘေးတင် ဟိုလျှောက်ဒီလျှောက်လုပ်နေတာ ။ တော်တော်ကြာတဲ့အထိ ခြေသံကမရပ်မနားလျှောက်နေသေးတော့ ထက်သူလည်း နည်းနည်းယဉ်သလိုဖြစ်ပြီး စောင်ကိုအသာလေးမပြီး ခြေသံကြားတဲ့ဘက်လိုက်ကြည့်တာ ...
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လူက တဆတ်ဆတ်တောင်တုန်ချင်တယ် ။

သရဲမ က အစောပ်ိုင်းတွေကတွေ့ရသလို လူအရွယ်အစားမဟုတ်ဘဲ အရပ်က သာမန်လူ လက်နှစ်ပြန်စာလောက်အထိ ရှည်ပြီးကိုင်းကိုင်းကြီးဖြစ်နေတယ် ။ ဆံပင်ဖားလျားနဲ့ ကုန်းတုန်းကုန်းတုန်းလက်ကြီးလွှဲပြီး နောက်ပြန်ပြီးလမ်းလျှောက်နေတာက မြင်ရတာတကယ်ကျောချမ်းစရာကြီး ... တစ်ချက်တစ်ချက်ဆို လမ်းလျှောက်နေရာကနေ တုန့်ခနဲရပ်ပစ်ပြီး ထက်သူရှိတဲ့ဘက်ကို ဆတ်ခနဲလှည်ု့ကြည့်သေးတာ...အဲဒီလိုအချိန်များဆို ထက်သူနှလုံးက လန့်ပြီးအခုန်မြန်လွန်းလို့ ငယ်ထိပ်တက်ဆောင့်ပြီလားတောင်မှတ်ရတယ် ။

နည်းနည်းလေးကြာတော့ သရဲမ ခမျာလည်း ပျင်းသွားတာလားမသိ...သက်ပြင်းချသလို ဟင်းခနဲအသံရှည်ကြီး ကြားလိုက်ရပြီး အပေါ်ပြန်တက်သွားသလိုခြေသံကြားရတယ် ။ ဒီတော့မှ ထက်သူအသက်ကောင်းကောင်းရှူရဲတော့တယ် ။

အဲဒီလိုနဲ့ မိနစ်ပိုင်းလောက်နေတော့ ... အိမ်ရှေ့ကနေ တံခါးကိုတဒုန်းဒုန်းထုရင်း "ထက်သူရေ ... ငါ့တူ ဦးတင့်ပါ ... ထက်သူရေ "
ဦးတင့်အသံကြားတော့ ထက်သူလည်း အားတက်သွားတယ် ။
ဒါနဲ့ခြင်ထောင်ထဲကနေ အမြန်ထွက်ပြီး တံခါးပြေးဖွင့်နေတုန်း အပေါ်ကနေ ဒုန်းစိုင်းပြေးလာတဲ့ခြေသံကြားရတော့ ...ထက်သူမှာ နှလုံးခုန်မြန်လွန်းလို့ သေတော့မလားတောင်မှတ်တယ် ။ တံခါးဂျက်ဖွင့်ပြီး ဝုန်းခနဲ လည်း ဖွင့်လိုက်ရော...
မြင်လိုက်ရတာက ထက်သူမျှော်လင့်ထားသလို ဦးတင့်မဟုတ်ဘူး ... တံခါးရှေ့ မှာ မျက်နှာကို ဆံပင်တွေအုပ်ထားပြီး ခေါင်းကနေ ခါးပိုင်းလောက်ထိပဲပါပြီး ကိုယ်တစ်ပိုင်းတည်း လေထဲ ဝဲနေသလိုဖြစ်တဲ့ မိန်းမတစ်ယောက်...ပြီးတော့ အဲဒီမိန်းမဆီကနေ (ဦးတင့်အသံနဲ့) "ထက်သူရေ...ဟီးဟီးဟီး"ဆိုတဲ့ အသံလည်းကြားရော ထက်သူလည်း ကြောက်စိတ်ငယ်ထိပ်တက်ဆောင့် စိတ်လွတ်ပြီး ဝူးဝူးဝါးဝါးနဲ့ ငယ်သံပါအောင်အသားကုန်အော်ပြီး ပြေးတော့တာပဲ ။ မှောင်တာတွေမဲတာတွေလည်းမသိတော့ဘဲ မီးအလင်းရောင်မြင်နေရတဲ့ ဦးတင့်တို့အိမ်ဘက်ကို အော်အော်ပြေးပြေး ပြေးတာ ။

နောက်ကလည်း သရဲမက လိုက်လာပုံရတယ် ။ ရယ်သံကြီးကတောက်လျှောက်ကပ်ပါလာတာ ။ အိမ်ရှေ့ရောက်လို့ ဦးတင့်တို့ထွက်လာမှပဲ ထက်သူ "ငါတော့ အသက်ရှင်ပြီ"လို့တွေးနိုင်တော့တယ် ။

ဒါတောင် အိမ်ထဲမ၀င်ခင် ကျောမလုံလို့ နောက်လှည့်ကြည့်တော့ ခပ်လှမ်းလှမ်းက သစ်ပင်အောက်မှာ အရိပ်ဖြူဖြူကြီး ရပ်နေတာကိုတွေ့ဖြစ်အောင်တွေ့လိုက်သေးတယ် ။

ဦးတင့်တို့ကလည်း ထက်သူကြုံလာတာ သိတော့ မျက်နှာတော့မကောင်းပေမယ့် သိပ်အထူးတဆန်းဖြစ်ပုံတော့မရဘူး ။ ဦးတင့်ပြောတာက "ဦးလေးတို့ လည်း ဒီခြံစရောက်ခါစ က ငါ့တူလိုပဲ လိပ်ပြာလွင့်မတက်ပေါ့...ဒါပေမယ့် သူတို့ကလည်း သူတို့ရှိကြောင်းပြချင်ရုံပုံစံလောက်ပါပဲ...ရက်ပိုင်းလောက်ကြာတော့ ခြေသံတောင်လာမပေးတော့ဘူး"လို့ပြောတယ် ။ ဒါပေမယ့် တချို့ညတွေဆို စက်ချုပ်သံတဂျုန်းဂျုန်းကြားရတတ်တာမျိုးတော့ ရှိဆဲပဲ ။ ပြီးတော့ တကယ်တမ်း ဒီခြံကအစကတည်းက ဦးတင့်တို့တစ်မိသားစုတည်းစောင့်တာ ။ တခြားခြံစောင့်မရှိဘူး ...ဦးမောင်က ထက်သူကို သပ်သပ်ကြပ်ချင်လို့ ဇာတ်လမ်းဆင်ပြီးတွေ့ကရာပြောလိုက်တာ ။ ဦးတင့်ကလည်း ထက်သူဒီကိုဘာကြောင့်ရောက်လာရသလဲ သိပုံရတယ် ။ အခုလည်း ထက်သူမထိတ်သာမလန့်သာဖြစ်နေတာကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေတဲ့ပုံ ။

ထက်သူကတော့ ကိုယ့်အဖြစ်ကိုယ် စိတ်လည်းတို ...ကြောက်လည်းကြောက်တာပေါ့ ။ မနက်မိုးလင်းတာနဲ့ ခြံထဲကထွက် ၊ ဆိုင်ကယ် taxi ငှားပြီး ကိုယ့်အိမ်ကိုယ်ပြန်တယ် ။ ဦးမောင်ဆီလည်း အလုပ်မသွားတော့ဘူး အဆက်အသွယ်လည်းမလုပ်တော့ဘူး ။ ဦးမောင် သူ့ကို လုပ်လိုက်တဲ့ပုံက ကျီစားနောက်ပြောင်တယ် ဆိုတာထက် လွန်သွားပြီလို့ ယူဆလို့ ထက်သူအလုပ်ထွက်ဖို့အထိဆုံးဖြတ်ထားတာ ။ နောက် ဦးမောင်ကိုယ်တိုင် လာတောင်းပန်ပြီး ဇွတ်ပြန်ခေါ်တော့မှ အလုပ်ရုံပြန်ရောက်သွားတယ် ။

အဲဒီခြံက ဦးမောင် ၀ယ်ကတည်းက အဲဒီသရဲတစ္ဆေတွေက အပိုဆု ပါလာတာ...အိမ်ကြီးကလည်း ဖျက်ဖို့ဆိုတာဝေး ဖျက်မယ်ကြံတာနဲ့တင်အနှောက်အယှက်တွေ တောက်လျှောက်ကြုံလို့ ဒီအတိုင်းပဲထား ထားရတာ ။ ဦးတင့်တို့မိသားစုက တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါမျိုးလောက်တော့ သန့်ရှင်းရေးလုပ်ပေးတာပေါ့ ။

ခြံထဲက အဲဒီသရဲမ ရဲ့ နဂိုဇာစ်မြစ်ကိုတော့ ဘယ်သူမှသေချာမသိဘူးလို့ပြောတယ် ။

ထက်သူကတော့ အဲဒီကတည်းက ပရလောက ကို လျှော့လည်းမတွက်ရဲတော့သလို ၊ ဘယ်သူနဲ့မှလည်းပြိုင်မငြင်းရဲတော့ဘူးတဲ့လေ

ကဲ ဒီညတော့ ဒီလောက်ပဲနော်...ကျေနပ်ပေးကြပါဦး

ဒါနဲ့ လှေကားပေါ်မှာ ဆံပင်ဖားလျားကြီးနဲ့ ထိုင်စောင့်နေဦးမယ်နော်

Like & share နဲ့ support ဖို့လည်းမမေ့ကြပါနဲ့ဦးရှင် 🖤