ဘွားမယ်စိန်နှင့်နဂါးတောင်ဝှေး

 မောင်တိုးနဲ့မောင်အုန်းက သူကြီးအိမ်သို့ရောက်လာခဲ့ကြသည်။

မောင်တိုးကအကျိုးအကြောင်းပြောပြလေတော့
သူကြီးဦးနောင်ချိုလည်း ဒေါသထွက်သွားပြီး...
"တောက်...ခိုးသွားတဲ့ကောင်မိလို့ကတော့ကွာ...
ဟင်း...ဟင်း....ဟင်း...."
ဟုအံကိုကြိတ်ရင်းပြောရှာသည်။
ထိုသို့ဖြင့်ဘွားမယ်စိန်၏တောင်ဝှေးပျောက်သည့်အကြောင်းကို
တစ်ရွာလုံးသိသွားခဲ့တော့သည်။
သူကြီးဦးနောင်ချိုနှင့်မောင်တိုးတို့ကလည်း
ကိုရွှေဝင်းအိမ်ဆီသို့လူအုပ်ကြီးဖြင့်ရောက်လာခဲ့ကြ၏။
"ဒေါ်ဘုမ..."
"ဟောတော်...လူတွေကအတော် များလှပါလား..."
ဒေါ်ဘုမတစ်ယောက် သူတို့၏တဲစုတ်လေးဆီကို
လူအများကြီးရောက်လာသောကြောင့် အံ့သြသွားရှာသည်။
"ကိုရွှေဝင်းဘယ်မှာလဲဒေါ်ဘုမ..."
"ဟဲ့...ငါလည်းဘယ်သိမှာတုန်း...
အဲ့မသာ မိုးလင်းကတည်းကအိမ်မှာမရှိတာ
ဘယ်သွားပြီး သေနေ သလဲမသိဘူး..."
ဟု...ဒေါ်ဘုမက စိတ်မရှည်စွာပြောလိုက်သည်။
ဆက်၍လည်း...
"နေကြစမ်းပါဦး...
နင်တို့ဒီလူအုပ်ကြီးနဲ့ ဟိုကောင်ရွှေဝင်းကိုလာရှာကြတာလား..."
"ဟုတ်တယ်...ခင်ဗျားယောကျာ်း
ဘွားမယ်စိန်ရဲ့တောင်ဝှေးကိုခိုးသွားတယ်လေ...
ဒီလူဘယ်မှာရှိနိုင်လဲဒေါ်ဘုမ..."
"ဟင်...ဘွားရဲ့တောင်ဝှေးကိုခိုးတယ်...
ဒီမသာဘာတွေလုပ်ပြန်တာလဲ...
နေကြပါဦးဟယ်...သေကောသေချာလို့လား"
"အသေချာဘဲဲပြောပါ့မလားဗျာ...
ခင်ဗျားယောကျာ်းဘယ်မှာရှိနိုင်မလဲသာပြောဗျာ..."
"အမယ်လေး...ရွှေဝင်းရဲ့ နင်ငါတို့မိသားစုကို
ခွေးဖြစ်အောင်လုပ်လိုက်တာပဲမသာရဲ့..."
ဒေါ်ဘုမသည် မြေကြီးပေါ်ထိုင်ချပြီး
မချိတင်ကဲအသံဖြင့်အော်ကာငိုလေသည်။
"ဒေါ်ဘုမ...ငိုနေလို့တော့မပြီးဘူးနော်...
ခင်ဗျားယောကျာ်းဘယ်မှာရှိလဲသာပြော"
"သြော်...သူကြီးရယ်ကျုပ်လည်းဘယ်သိမှာတုန်းတော်...
ဒီမသာထိုင်နေကြအရက်ဆိုင်နဲ့ထန်းရည်ဆိုင်...
ဒါပဲကျုပ်သိတာ"
"ကဲဒါဆိုလည်း အရက်ဆိုင်နဲ့ထန်းရည်ဆိုင်မှာသွားရှာကြကွာ
ငါတို့ဒီကနေပဲစောင့်မယ်..."
ရွာသူကြီးဥိးနောင်ချိုက ရွာကာလသားတွေကိုခိုင်းလိုက်သည်။
ရွာကာလသားတွေကလည်းလူစုခွဲပြီးထွက်သွားကြ၏။
အချိန်ကမိုးပင်ချုပ်လာခဲ့ပြီး...
ထွက်သွားသောရွာသားတွေလည်းပြန်ရောက်လာကြသည်။
သို့သော်သူတို့လည်းကိုရွှေဝင်းကိုရှာမတွေ့ခဲ့ကြောင်း
ပြောကြလေသည်။
"တောက်...ဒီကောင်ရွှေဝင်းကတော့လား
တွေ့လို့ကတော့ နောက်မလုပ်ရဲအောင်ကို
ဆုံးမပြမယ်ကွ...ဟင်း..."
ရွာသူကြီးဦးနောင်ချိုဒေါသထွက်နေလေပြီ။
ဒေါ်ဘုမကလည်း စိတ်ပျက်လက်ပျက်ပင်မြေပေါ်ထိုင်နေရှာ၏။
"သူကြီး...သူကြီး...ကိုရွှေဝင်းကို ညနေတုန်းက
ရွာပြင်ဇရပ်ဘက်ကိုထွက်သွားတာမြင်တဲ့သူရှိတယ်တဲ့ဗျ"
ဟု...ရွာသားတစ်ယောက်ကအပြေးလာပြောသည်။
"ဟေ...ဟုတ်လား...ရွာအပြင်ဇရပ်ဆိုတော့
ဒီကောင် အင်တိုင်းရွာဘက်ကိုများထွက်သွားသလားမသိဘူး"
"အင်တိုင်းရွာကပြန်လာတဲ့ကြီးတော်တွေပြောတာတော့
ဇရပ်ပေါ်မှာလူတစ်ယောက်အိပ်နေတယ်တဲ့ဗျ...
အဲ့တာ ကိုရွှေဝင်းများဖြစ်နေမလားမသိဘူး"
"ဒါဆိုလည်းလာကြကွာ...
သွားကြည့်ကြတာပေါ့..."
ရွာသူကြီးတို့လူစုလည်း မီးတုတ်တွေကိုင်ပြီး
ရွာပြင်ဇရပ်ဆီထွက်သွားလေသည်။
ဘွားမယ်စိန်တောင်ဝှေးပျောက်၍
တစ်ရွာလုံးလည်း စိတ်မချမ်းသာကြပေ။
တောင်ဝှေးပြန်တွေ့ဖို့ရန်သာ စိတ်လောနေခဲ့ကြ၏။
ရွာပြင်ဇရပ်ဆီသို့ရောက်တော့ပုဆိုးကိုခြုံကာအိပ်နေသော
လူတစ်ယောက်ကိုတွေ့လိုက်ကြသည်။
မီးတုတ်များဖြင့်သေချာထိုးကြည့်လိုက်တော့...
"ဟာ...ဒါရွှေဝင်းပဲကွ....
ခွေးမသားကြည့်စမ်း...အရက်ပုလင်းတွေနဲ့
ဒီမှာလာဇိမ်ယူနေတာကိုးကွ..."
"ဒီအကောင့်ကိုမပြီး ခေါ်ခဲ့ကြစမ်း...
ငါ့အိမ်ရောက်မှအမူးပြေအောင်လုပ်ပေးစမ်းမယ်"
ရွာသူကြီးစကားအတိုင်းရွာသားတွေက
ကိုရွှေဝင်းကိုဆွဲထူကာခေါ်လာခဲ့ကြသည်။
ရွာသူကြီးအိမ်၌လူများကဝိုင်းအုံကာကြည့်နေကြသည်။
ကိုရွှေဝင်းကတော့မြေပေါ်၌ပက်လက်ကြီးအိပ်နေခဲ့၏။
"ရေပုံးယူခဲ့ဟေ့...ဒီခွေးမသားကိုရေနဲ့ပတ်ကြစမ်း"
ရွာသားတစ်ဦးကရေပုံးယူလာပြီး ကိုရွှေဝင်း၏မျက်နှာဆီကို
"ဝုန်း"ခနဲပတ်လိုက်၏။
"ဝူး...ဖလူး...ဖလူး....အဟွတ်...အဟွတ်...
အား....ဟူးးး"
ရေမွှန်းသွားသောကိုရွှေဝင်းလည်း
ချက်ချင်းနိုးလာခဲ့သည်။
ရေမွှန်းတာပြေသွားတော့မှသူ့နံဘေးရှိလူများကို
တအံ့တသြနဲ့ကြည့်ပြီး...
"ဟင်...သူကြီး...ခင်ဗျားတို့ကဘာလို့
ကျုပ်ကိုကြည့်နေကြတာလဲ...ကျုပ်ဘာများဖြစ်လို့လဲ..."
ဟုလက်ညိုးထိုးကာမေးလိုက်သည်။
"ဘုန်း"
"အား..."
ရွာသူကြီးဦးနောင်ချိုက ကိုရွှေဝင်း၏ဇတ်ပိုးကိုဘုန်းခနဲရိုက်ချလိုက်သည်။
"ခွေးမသား...မင်း ခိုးသွားတဲ့တောင်ဝှေးအခုဘယ်မှာလဲ...
တောင်ဝှေးပြန်မပေးနိုင်လို့ကတော့
မင်းအေးအေးနေရမယ်မထင်နဲ့..."
ရွာသူကြီးစကားကြောင့်ကိုရွှေဝင်းမျက်လုံးပြူးသွားသည်။
ခေါင်းကိုကုပ်ရင်း...
"အဲ့တာ...အဲ့တာကလေ..."
"ခင်ဗျားမညာနဲ့ကိုရွှေဝင်း...
ခင်ဗျားမလို့ ဒီလိုမျိုးလုပ်ရက်တယ်ဗျာ..."
မောင်တိုးကပါ မကျေမနပ်ဝင်ပြောလေတော့ကိုရွှေဝင်းက
လကျကာ၍...
"မဟုတ်ပါဘူးငါ့ညီရာ...
ဟိုကောင်ဖိုးတောငါ့ကိုငွေများများရမယ်လို့မြူဆွယ်လို့
လုပ်မိတာပါကွာ..."
"ဖိုးတော...ဟိုခွေးမသားတောင်ပိုင်းကဖိုးတော
မဟုတ်လား"
"အေး...အေးလေ"
"အခုအဲ့သည်ကောင်ရော ဘယ်ရောက်နေတာလဲ...
ဘွားရဲ့တောင်ဝှေးကိုရောခင်ဗျားဘယ်မှာ
သွားဖွက်ထားတာလဲကိုရွှေဝင်း..."
"မိုးချုပ်ခါနီးတုန်းကငါ့ကို ဒီငွေနဲ့အရက်ပုလင်းတွေပေးပြီး
သူတို့တောင်ဝှေးကိုယူသွားကြ ပြီကွ..."
"သူတို့ဆိုတော့တခြားဘယ်သူပါသေးတာလဲ"
"ဖိုးတောနဲ့လူစိမ်းတစ်ယောက်ပဲကွ...
အဲ့သည်လူကိုတော့ငါမသိဘူး...ငါကဖိုးတောကိုပဲသိတာကွ"
"ဖိုးတောအိမ်မှာဧည့်သည်တစ်ယောက်ကိုတွေ့တယ်...
ကြည့်ရတာအဲ့သည်လူပဲဖြစ်ရမယ်..."
ရွာသားတွေကလည်းသူတို့ထင်မြင်ချက်ကို
ဝိုင်းပြောကြသည်။
"ဒါဆိုဒီကောင်တွေတခြားထွက်သွားပုံရတယ်ကွ...
တောက်...ခွေးမသားတွေ..."
ရွာသူကြီးကမချိတင်ကဲလေသံဖြင့်ပြောလိုက်သည်။
မောင်တိုးက...
"သူကြီး...ဘွားကပြောတယ်ဗျ...
ဒီတောင်ဝှေးကသူ့ပိုင်ရှင်မဟုတ်ဘဲတခြားသူယူသွားရင်
သူ့အလိုလိုပိုင်ရှင်ဆီကိုပြန်လာမှာတဲ့ဗျ...
ဒီတော့ကျုပ်တို့စောင့်ကြည့်ရတော့မှာပေါ့ဗျာ..."
"အေးလေ...အဲ့သည်လိုပဲလုပ်ယုံပေါ့ကွာ..."
"ဒါဆိုဒီလူ့ကိုရောဘယ်လိုလုပ်ကြမလဲ..."
"ဒီခွေးမသားကိုတော့ထိပ်တုံးပေါ့ကွာ...
တောင်ဝှေးပြန်မရမခြင်းဒင်းထိပ်တုံးကမထွက်ရဘူး"
"ဗျာ...အမယ်လေးအမေရဲ့...
ကျုပ်ကိုညှာညှာတာတာလေးလုပ်ပါသူကြီးရာ...
ကျုပ်မှာမိန်းမနဲ့ကလေးတွေရှိသေးတယ်ဗျ...
ကျုပ်မရှိရင်သူတို့ငတ်သေကုန်မှာပေါ့ဗျာ..."
ဟု...ကိုရွှေဝင်းကအော်ကာငိုလေသည်။
"ဟဲ့မသာ...နင်လိုအကောင်ဒီထိပ်တုံးနဲ့ပဲတန်တယ်...
သူကြီးဒင်းကိုတစ်သက်လုံးသာခတ်ထားလိုက်စမ်းပါ...
မသာ မရှိမှကျုပ်လည်းအေးအေးနေရမှာ..."
လူအုပ်ကြားထဲမှ ဒေါ်ဘုမကထွက်လာပြီးပြောသည်။
"မသာမ..."
ကိုရွှေဝင်းကလည်း "မသာမ "ဟုသာဆဲပြီးငြိမ်နေတော့သည်။
မိုးချုပ်နေပြီမလို့အားလုံးလည်းအိမ်ပြန်ကုန်ကြသလို
ကိုရွှေဝင်းတစ်ယောက်သာ ထိပ်တုံး၌ကျန်နေရစ်ခဲ့တော့သည်။
အချိန်ကလည်းတဖြေးဖြေးနှင့်ညနက်လာခဲ့သည်။
"သူကြီး...ဗျို့..သူကြီးဦးနောင်ချို..."
ခြံပြင်မှအော်ဟစ်ခေါ်သံများကြောင့်
သူကြီးဦးနောင်ချိုနိုးလာခဲ့သည်။
ခြံပြင်ကိုထွက်ကြည့်တော့...
"ဟာ...သူကြီးဦးဖိုးမှန်တို့ပါလားဗျ...
ညကြီးအချိန်မတော်ဘာများအရေးကြီးနေတာလဲ"
သူကြီးဦးဖိုးမှန်နှင့်ရွာသားတွေကမီးတုတ်များဖြင့်
ရောက်လာခြင်းဖြစ်သည်။
လူသံများနှင့်ရုတ်ရုတ်သဲသဲဖြစ်နေသည်မလို့
မောင်တိုးတို့ပင်ရောက်လာခဲ့ကြသည်။
"ဒီလူနှစ်ယောက်ကိုခင်ဗျားသိလားကိုနောင်ချို"
သူကြီးဦးဖိုးမှန်ကကြိုးဖြင့်တုပ်ကာခေါ်လာသော
လူနှစ်ယောက်ကို လက်ညိုးထားကာပြရင်းမေးလိုက်သည်။
သူကြီးဦးနောင်ချိူကမီးတုတ်ဖြင့်ထိုးကာကြည့်ပြီး...
"ဟာ...ဒါ...ဖိုးတောပဲ...
ဒီဘေးကကောင်က သူ့ဧည့်သည်ပဲဖြစ်ရမယ်ဗျ...
ဘယ်လိုဖြစ်လာကြတာလဲ ကိုဖိုးမှန်"
"ဘယ်လိုဖြစ်ရမှာလဲ...ဒီကောင်တွေပေါ့ဗျာ...
ညကြီးမိုးချုပ် အော်ဟစ်ပြီးရွာထဲကို
ကယ်ပါယူပါအော်ပြီးဝင်ပြေးလာကြလို့ဗျ"
"ဗျာ..."
သူကြီးဦးနောင်ချိုက ကိုဖိုးတောကိုသေချာစိုက်ကြည့်သည်။
ကိုဖိုးတောကတော့သူကြီးတို့လူစုကိုပင်မကြည့်ဘဲ
တစ်ခုခုကိုအကြောက်ကြီးကြောက်နေပုံရ၏။
"ဟေ့ကောင်ဖိုးတော...မင်းယူသွားတဲ့
တောင်ဝှေးဘယ်မှာလဲ..."
"ဒါကိုပြောတာလားကိုနောင်ချို"
ကိုဖိုးတောကမည်သည့်စကားမှမဖြေပေ။
သို့သော်သူကြီးဦးဖိုးမှန်က ရွာသားတစ်ဦးလက်ထဲမှ
တောင်ဝှေးကိုယူပြီး သူကြီးဦးနောင်ချိုကိုပေးလိုက်၏။
သူကြီးဦးနောင်ချိူတို့လည်းတောင်ဝှေးကိုကြည့်ပြီး...
"ဟုတ်တာပေါ့ဗျာ...ဒါကဘွားရဲ့တောင်ဝှေးဗျ
ဒီတောင်ဝှေးအခိုးခံရလို့ကျူပ်တို့တစ်ရွာလုံး
အပူတွေဝင်နေရတာ..."
"ကျုပ်လည်းမြင်တာနဲ့ဘွားမယ်စိန်ရဲ့
တောင်ဝှေးမှန်းသိပါတယ်ဗျာ...
ဒါကြောင့်ဒီနှစ်ကောင်ကိုဖမ်းလာခဲ့တာပေါ့...
ကြည့်ရတာဒီကောင်တွေတစ်ခုခုကြောင့်
စိတ်လွှတ်သွားပုံရတယ်...
ဘာမှမေးမရနိုင်တော့ဘူးကိုနောင်ချို..."
"အင်းလေ...ဒင်းတို့မိုက်ပြစ် နဲ့ဒင်းတို့ပေါ့ဗျာ...
မယူသင့်တာကိုယူတော့အစောင့်အရှောက်တွေက
ဒင်းတို့ကိုအပြစ်ပေးတာထင်ပါရဲ့"
"ဟုတ်မှာပေါ့ဗျာ..."
ထိုသို့ဖြင့် သူကြီးဦးနောင်ချိုနှင့်သူကြီးဦးဖိုးမှန်တို့က
ဘွားမယ်စိန်အိမ်ဆီသို့သွား၍တောင်ဝှေးကိုပြန်အပ်ကြသည်။
ဘွားမယ်စိန်ကိုအကျိုးအကြောင်းရှင်းပြကြတော့...
"အင်း...ရွှေဝင်းကိုတော့လွှတ်ပေးလိုက်ပါကွယ်...
သူလည်းငွေရချင်လို့လုပ်ရှာတာပါ...
စိတ်ရင်းလေးကတော့ကောင်းရှာပါတယ်...
ဟိုနှစ်ကောင်ကိုလည်းမနက်မှဘွားလာပြီးကုပေးပါ့မယ်..."
"ဘွားကခွင့်လွှတ်ပေမယ့်ကျုပ်ကတော့ခွင့်မလွှတ်နိုင်သေးဘူးဗျာ...မှတ်လောက်အောင်တော့အပြစ်ပေးဦးမယ်..."
"ကဲ...မောင်နောင်ချို...ဘွားကိုယ်တိုင်ကသူတို့ကို
ခွင့်လွှတ်ပါတယ်ဆိုကွယ်...
မောင်ရင်တို့လည်းခွင့်လွှတ်ပေးမှပေါ့..."
"အင်းပါဗျာ...
ဘွားကခွင့်လွှတ်လိုက်ဆိုမှတော့ခွင့်လွှတ်ရတော့မှာပေါ့..."
"ရွှေဝင်းမှာကသားနဲ့သမီးနဲ့ လူကလည်းဆင်းရဲကြရှာတော့
ဘွားကသနားလို့ပါမောင်ရင်ရယ်..."
"ဟုတ်ကဲ့ပါဗျာ...ဘွားသဘောပါပဲ..."
သူကြီးဦးနောင်ချိုတို့လည်း
ဘွားမယ်စိန်အိမ်မှပြန်လာကြတော့သည်။
သူကြီးဦးဖိုးမှန်တို့ကလည်းရွာသို့
ညတွင်းချင်းပြန်သွားကြလေသည်။
မိုးလင်းတာနှင့်သူကြီးဦးနောင်ချို၏
အိမ်၌လူများဝိုင်းအုံနေကြပြီဖြစ်သည်။
ဘွားမယ်စိန်ကထန်းလက်ခုံ၌ထိုင်နေပြီး
ကိုရွှေဝင်းကတော့ဘွားမယ်စိန်၏အရှေ့၌လက်အုပ်လေးချီပြီးထိုင်နေရှာသည်။
"ကျုပ်အမှားလုပ်မိပါတယ်ဘွားရယ်...
ကျုပ်ကိုခွင့်လွှတ်ပါဗျာ..."
"ဟဲ့...ရွှေဝင်း"
"ဗျာ..."
"မောင်ရင့်ကိုခွင့်လွှတ်ပေးစေချင်လား"
"ဟုတ်ကဲ့...ခွင့်လွှတ်ပေးစေချင်ပါတယ်"
"အေး...ဒါဆိုရင်ဘွားပြောတာနားထောင်မှာလား"
"ဘာများလဲဗျ..."
"မောင်ရင့်ကိုခွင့်လွှတ်စေချင်ရင်မောင်ရင်ဘက်က
ကတိတစ်ခုဘွားကိုပေးရလိမ့်မယ်..."
"ဘာကတိများလဲဗျ..."
"အဲ့သည်ကတိက မောင်ရင်ဘယ်တော့မှအရက်သေစာ
မသောက်စားတော့ပါဘူးဆိုတဲ့ကတိပဲ...
ဘယ်လိုလဲပေးနိုင်ရဲ့လား"
"အဲ့...အဲ့တာက..."
ဘွားမယ်စိန်စကားကြောင့်ကိုရွှေဝင်းခေါင်းကုပ်နေသည်။
"ဟဲ့...ပေးနိုင်လားမပေးနိုင်ဘူးလား"
ဘွားမယ်စိန်ကလေသံမာမာဖြင့်မေးလိုက်လေတော့
ကိုရွှေဝင်းလည်းပြာပြာသလဲဖြင့်...
"ပေး...ပေးနိုင်ပါတယ်ဗျာ..."
"အေး...ကတိဆိုတာတည်မှနော်...
မတည်ရင်ဘေးတွေ့မယ်ဆိုတာမမေ့နဲ့"
"ဟုတ်...ဟုတ်ကဲ့ခင်ဗျ"
ကိုရွှေဝင်းက အထိတ်ထိတ်အလန့်လန့်ဖြစ်နေသော်လည်း
ဒေါ်ဘုမကတော့ဝမ်းသာနေရှာသည်။
ယခုလိုအစောကြီးကတည်းကဖြစ်ရင်ကောင်းမည်ဟုပင်
တွေးနေပုံရ၏။
"ကဲ...ဟိုကြိုးတုပ်ထားတဲ့နှစ်ယောက်ကိုခေါ်လာခဲ့"
စိတ်မမှန်၍ကြိုးဖြင့်တုပ်ထားခံရသော ကိုဖိုးတောနှင့်
ဧည့်သည်ကိုဘွားမယ်စိန်ကခေါ်လာစေသည်။
ထိုနှစ်ဦးခေါင်းများကိုလက်တစ်ဖက်စီဖြင့်ထိ၍
နှုတ်မှဂါထာများရွှတ်ဆိုသည်။
ပြီးနောက်ရေကိုမန်း၍ထိုသူတို့၏မျက်နှာကိုဖြန်းပတ်လိုက်ပြန်သည်။
ဘွားမယ်စိန်ထိုသို့လုပ်အပြီးမှာတင်
ကိုဖိုးတောတို့သတိဝင်လာကြသည်။
ဘွားမယ်စိန်နှင့်ရွာသူကြီးတို့လူစုကိုဟိုသည်ငေးကြည့်ရင်း...
"ကျုပ်တို့ဘယ်ကိုရောက်နေတာလဲ...
ဒါ...ဒါ...သောင်ထွန်းရွာလား"
ဟုကိုဖိုးတောကမေး၏။
"ခွေးမသားတွေ..."
"ဘုန်း...ဘုန်း"
"အ..."
စိတ်မရှည်သောရွာသူကြီးဦးနောင်ချိုမှကိုဖိုးတောနှင့်
ဧည့်သည်လူစိမ်းတို့၏ကျောကို
တဘုန်းဘုန်းမြည်အောင်လက်ဝါးဖြင့်အားပါပါရိုက်ချလိုက်သည်။
"မင်းတို့ကိုငါတို့ကမေးရမှာလေ...
မအေဘေးတွေ...ဘွားရဲ့တောင်ဝှေးကိုခိုးသွားပြီး
ရူးချင်ယောင်ဆောင်နေကြတယ်...
သေသွားချင်တာလားမင်းတို့..."
"အမလေး...နာလိုက်တာဗျာ..."
"အေး...မင်းတို့ဒီထက်မနာချင်ရင်ငါတို့မေးတာ​ဖြေ...
မင်းတို့ဘာကြောင့် ရွှေဝင်းကို
ဘွားရဲ့တောင်ဝှေးကိုခိုးခိုင်းရတာလဲ..."
ဟု..သူကြီးဦးနောင်ချိုကမေးတော့
ကိုဖိုးတောကမအီမသာမျက်နှာထားဖြင့်...
"ကျုပ်တို့ခိုင်းတယ်လို့ရွှေဝင်းကပြောတာလား"
"ဟဲ့...ပြောတာမဟုတ်ဘူးငါလင်လည်းနင်တို့ကြောင့်
ထိပ်တုံးစာမိနေပြီလေ မသာတွေရဲ့..."
ဟု...ဒေါ်ဘုမကလည်းအာကျယ်အာကျယ်ဖြင့်
ဝင်ပြောလိုက်သည်။
"အခုမှတော့မငြင်းတော့ပါဘူးဗျာ...
ဟုတ်ပါတယ်ခိုးခိုင်းမိပါတယ်"
ဟု...ကိုဖိုးတောကဝင်ခံလိုက်သည်။
"အေး...ခိုးတာဟုတ်ပါပြီ...
ဒီ​ကောင်ကရောဘယ်သူလဲ..."
"ဒါကျုပ်မြို့ကသူငယ်ချင်း
လင်းအောင်တဲ့..."
"မင်းတို့ဘာကြောင့်ဘွားရဲ့တောင်ဝှေးကိုခိုးရတာလဲ"
"အဲ့တာက...ပြန်...ပြန်ရောင်းစားချင်လို့ပါ..."
"ဘာကွ..."
"ဟုတ်ပါတယ်ဗျာ...ကျုပ်တို့မြို့မှာဆို
အခုလိုရှေးဟောင်းပစ္စည်းတွေ...
လက်ရာကောင်းတဲ့အရာတွေဆိုစျေးကောင်းပေးဝယ်ကြတော့
ပိုက်ဆံရချင်တာနဲ့ခိုးခိုင်းမိတာပါ..."
"အောင်မာ...အောင်မာ...
ငွေရဖို့ခိုးတယ်ဆိုပဲ...ဒါဖြင့်မင်းတို့ဘာလို့အင်တိုင်းရွာကို
ရောက်သွားကြတာလဲကွ..."
"အဲ့တာက...တကယ်တော့ကျုပ်တို့ကမြို့ကိုသွားမလို့ပါ...
မိုးချုပ်လာတော့ကျုပ်တို့အနောက်ကို
လိုက်လာတဲ့ခြေသံတွေကြားရတယ်ဗျ...
ပထမတော့ခြေသံတွေပဲကြားရတာပါ...
လူမပြောနဲ့အရိပ်တောင်မမြင်ဘူးဗျ...
အတော်လေးမှောင်လာတာနဲ့အမျှ ကျုပ်တို့အနောက်မှာ
တောက်ခေါက်သံတွေလည်းကြားရပြန်တယ်ဗျာ...
ဒါတွေကိုမမှုဘဲကျုပ်တို့ ဆက်လျှောက်လာကြတော့...
မြွေ...မြွေတွန်သံတွေကိုပါကြားလာရတယ်ခင်ဗျာ...
ကျုပ်တို့လည်းမြွေတွန်သံကြားရာကိုမီးတုတ်နဲ့ထိုးကြည့်တော့
အမယ်လေးဗျာ...အခုပြောအခုကြက်သီးထပါတယ်...
မြွေတွေခင်ဗျ...နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူး
အမှောင်ထဲမှာတောင်မျက်လုံးတွေကနီရဲနေတာပဲဗျာ...
အဲ့သည်မြွေတွေက ကျုပ်တို့ဆီကိုဒေါသတကြီးနဲ့
လိုက်လာကြတာကိုသိတော့
ကျုပ်တို့လည်းအကြောက်ကြီးကြောက်ပြီး
ပြေးမိပြေးရာပြေးကြတာပါ...
မြွေကြီးတွေက ကျုပ်တို့ကိုပေါက်ချဖို့မာန်ဖီနေကြတော့
ကျုပ်တို့မှာကြောက်လွန်းလို့ စိတ်တွေထိန်းမရဖြစ်ပြီး
အော်ချင်ရာအော်ပြီးပြေးကြတော့တာပါ...
အဲ့သည်နောက်တော့ကျုပ်တို့ဘာမှမသိတော့ပါဘူး
အခုလည်းဒီကိုဘယ်လိုများပြန်ရောက်လာတယ်ဆိုတာ
မမှတ်မိပါဘူးဗျာ..."
ဟု...ကိုလင်းအောင်က​ပြောတော့ ဘွားမယ်စိန်က
ခေါင်းညိတ်လေသည်။
ကျန်လူများကတော့အံ့သြသွားကြပြီး
ဘွားမယ်စိန်၏တောင်ဝှေးကိုသေချာကြည့်​နေကြ၏။
"ကဲ...နောက်ဆက်တွဲကိစ္စကိုတော့
သူကြီးလက်ထဲကိုအပ်ခဲ့ပြီကွယ်...
ဘွားလည်းပြန်လိုက်ပါဦးမယ်..."
ဘွားမယ်စိန်ကတောင်ဝှေးကိုထောက်၍
နေရာမှထ ထွက်သွားတော့သည်။
"သူခိုးသုံးကောင်...မင်းတို့ကိုဘွားခွင့်လွှတ်ပေမယ့်
ငါကခွင့်မလွှတ်ဘူးကွ...
ဟိုကောင် ဖိုးတောမင်းမိဘတွေက
မျက်နှာငယ်နဲ့လာတောင်းပန်ထားလို့သာ မင်းတို့ကို
ဒီတစ်ခါအပြစ်ပေးဖို့ပဲငါဆုံးဖြတ်ထားတယ်...
နောက်တစ်ခါဆိုတာတော့မရှိစေနဲ့...
ရှိလာခဲ့ရင်မင်းတို့အသေပဲ...
အခုတော့ သွား...တစ်ရွာလုံးမှာရှိတဲ့
အိမ်တွေမှာနွားချေးကျုံးကြ...
မောင်တိုးနဲ့မောင်အုန်း...မင်းတို့ကစောင့်ကြည့်ထား...
နောက်ရက်ဘယ်လိုအပြစ်ထပ်ပေးရမလဲဆိုတာ
ငါစဥျးစားဦးမယျ...
ဟိုမြို့သားကောင်လည်းအပြစ်မလွှတ်မချင်း
ရွာကထွက်ပြေးဖို့မစဥ်းစားလေနဲ့...
ငါတို့မသိဘဲထွက်ပြေးတာနဲ့ဟိုမြွေအုပ်နဲ့တိုးမယ်ဆိုတာမှတ်ထားကြကွ..."
"ဟုတ်ကဲ့ပါသူကြီး..."
ကိုဖိုးတောတို့ကိုရွှေဝင်းတို့မှာသူကြီးပေးသောအပြစ်ကို
ခံယူကြရတော့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်းသူတို့ကိုစောင့်ကြည့်ဖို့အတူလိုက်သွားကြတော့၏။
ထိုသိုဖြင့်စာမူလေးပြီးဆုံးသွားပါပြီ။
ယဥ်မင်း(ကန့်ဘလူ)

Comments